Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

တိမ်ယံသစ္စာ အပိုင်း ( ၆ )

alinsettJune 8, 20121min3717

”လူ့အန္ဓဆိုတာ”

”ဒီအဓိပ္ပါယ် မင်းမသိဘူးလား” ဟု ကျွန်တော်စပ်ဖြဲဖြဲမေးသည်။

”မသိဘူး အစ်ကိုအေမား”

”ဒီလောက်လူသုံးများတဲ့ စကားလုံးကို”

”ဒါပေမယ့်လည်း ငါမသိဘူး”

ကျွန်တော့် ထိုးနှက်ချက်ကို ဟက်ဆန်သိလျှင်သော်မှ သူ့အပြုံးမျက်နှာ လေးက ဖော်ပြမည်မဟုတ်ချေ။ ”ငါတို့ကျောင်းမှာ လူတိုင်းသိတယ်။ ဒီမှာကွာ လူ့အန္ဓဆိုတာ စမတ်ကျတယ်၊

ဉာဏ်ကောင်းတယ်လို့ပြောတာ။ မင်းအတွက် ဝါကျတစ်ကြောင်းဖွဲ့ပြမယ်။ ‘စာလုံးများနှင့်ပတ်သက်လျှင် ဟက်ဆန်သည် လူ့အန္ဓ ဖြစ်သည်’ ရပြီလား”

”အား” ဟုဆိုကာ သူခေါင်းညိတ်နေသည်။

နောက်ပိုင်းတွင် ထိုကိစ္စအတွက် ကျွန်တော့်ကိုယ်ကျွန်တော် အပြစ်ရှိသည်ဟု ခံစားရသည်။ ဤသို့ဖြင့် ဟက်ဆန့်အား ကျွန်တော်ဝတ်ပြီးသား ရှပ်အကျႌတစ်ထည် နှင့် ပျက်သွားသော

ကစားစရာတစ်ခုပေးခဲ့သည်။ ဥပဒ်ကင်းတဲ့အပြစ်အတွက် အလျော်ပေးတာဟု မိမိကိုယ်ကိုပြောရသည်။

_____________________________________________________

ထိုစဉ်က ဟက်ဆန်အကြိုက်ဆုံးစာအုပ်သည် ‘ရှာနာမာ’။ တစ်ဆယ်ရာစု ခေတ် ရှေးဟောင်းပါရှားသူရဲကောင်းတို့၏ မော်ကွန်းဖြစ်သည်။ အခန်းတိုင်းကို ဟက်ဆန်က အကြိုက်ကြီးကြိုက်သည်။ နှစ်ဦးစလုံးအကြိုက်တူသော

ဇာတ်လမ်းကမူ ‘ရိုစတမ်နှင့် စိုးရက်ပ်’။ စစ်သည်တော်ကြီး ရိုစတမ်၊ သူ၏လေးညှို့ပမာ အပြေးသန် သောမြင်းကြီး ရာရှား၊ ပြေးမလွတ်နိုင်တော့သော အကုသိုလ်ဝိပါက်အတွက် သတ္တိ ပြောင်သော စိုးရက်ပ်။ ရိုစတမ်သည်

တိုက်ပွဲတွင် စိုးရက်ပ်ကို သေလုမြောပါး ဒဏ်ရာရအောင်လုပ်ခဲ့ပြီးမှ စိုးရက်ပ်သည် ကြာမြင့်စွာ ပျောက်ဆုံးနေသော သူ့သားရင်း ဖြစ်မှန်း သိခဲ့ရသည်။ သား၏သက်ငင်စကားကို ရိုစတမ် ကြားနာခဲ့ရသည်။

”အရှင်ဟာ ကျွန်ုပ်ရဲ့ ဖခင်ရင်းမှန်တယ်ဆိုရင် အရှင့်သားရဲ့ အသက်သွေး ဟာ အရှင့်ဓားကိုပေစွန်းစေခဲ့ပြီ။ အရှင့်ရဲ့ခေါင်းမာခြင်းအတွက် ဒီလုပ်ရပ်ကို အရှင်လုပ်ခဲ့တယ်။ အကျွန်ုပ်ဟာ အရှင့်ရဲ့မေတ္တာအတွက်

တိုးလျှိုးတောင်းပန် ခဲ့ဖူးတယ်။ အကြောင်းကတော့ မိခင်ရဲ့အသေးစိတ် ပြောပြချက်များ အရှင့်ထံမှာ တွေ့ရနိုင်တယ်လို့ ထင်ခဲ့မိလို့သာ။ အရှင့်နှလုုံးသားကို အနူးအညွတ် မေတ္တာရပ်ခံ ခဲ့ပေမယ့်လည်း အလကားဖြစ်ခဲ့ရပြီ။

ခုတော့လည်း သားအဖ ပြန်လည်ဆုံတွေ့ရမယ့် အချိန်ဟာ အခါလင့်သွားခဲ့ … ”

‘ပြန်ဖတ်ပြပါကွာ၊ နော် အစ်ကိုအေမား” ဟု ဟက်ဆန်ဆိုသည်။ တစ်ခါ တလေများ ထိုစာပုဒ်ကို ဖတ်ပြလျှင် ဟက်ဆန်တို့ မျက်ရည်ဝိုင်းနေတတ်သည်။ သူဘယ်သူ့အတွက် ငိုတာလဲ သိချင်စမ်းလှသည်။

ပရိဒေဝမီးတောက်နေသော အဖေ ရိုစတမ်အတွက်လား။ အဖေ့မေတ္တာကိုသာ တရှိုက်မက်မက် ငတ်မွတ်မျှော်လင့် နေခဲ့သော သားစိုးရက်ပ် အတွက်လား။ မိမိသဘောအရဆိုလျှင် ရိုစတမ်ကို ကြမ္မာ ငင်သည်ဟု

မမြင်မိပေ။ နောက်ဆုံးမတော့ အားလုံးသောအဖေတို့၏ လျှို့ဝှက်နှလုံး သားတစ်နေရာတွင် သားကို သတ်လိုစိတ် တပ်စွဲနေသည် မဟုတ်ပါလော။
္ထ

၁၉၇၃ ခု ဇူလိုင်လတစ်ရက်တွင် ကျွန်တော်သည် ဟက်ဆန့်ကို အသေးစား ပတ်တီးချခဲ့သည်။ ကျွန်တော် သူ့ကိုစာဖတ်ပြနေရင်း ကျွန်တော့်စိတ်က ဟိုရောက် သည်ရောက် ဖြစ်လာသည်။ စာအုပ်ထဲမှစာကို

ဖတ်နေဟန်ဆောင်ထားပြီး စာရွက် များကို မှန်မှန်ကြီးလှန်သွားကာ လျှာဦးတည့်ရာ ပြောချင်ရာပြောနေခဲ့သည်။ ဟက်ဆန် သတိမမူမိ။ သူ့အတွက်ကတော့ စာမျက်နှာပေါ်မှ စာလုံးများသည် အသိရခက် လှသည့်

ပဟေဠိများဖြစ်နေသည်။ စာလုံးဆိုသည်မှာ လျှို့ဝှက်အဝင်တံခါးများ။ သော့အားလုံးကို ကျွန်တော်ကိုင်ထားသည်။ ပြောချင်ရာပြောပြီး၍ ပုံပြင်ကိုကြိုက် သလားမေးကြည့်ရာ ရယ်ချင်စိတ်က လည်မျိုထဲ လှိမ့်တက်လာစဉ်

ဟက်ဆန် လက်ခုပ်လက်ဝါးတီးသည်။

”ဘာလုပ်တာလဲ”

”အစ်ကိုအေမား ဖတ်ခဲ့သမျှထဲမှာ ဒီပုံပြင်အကောင်းဆုံးပဲ” ဟုဆိုကာ လက်ခုပ်ဆက်တီးနေသည်။

ကျွန်တော် ရယ်သည်။ ”တကယ်လား”

”တကယ်ပေါ့”

”ငြိတယ်ဟေ့” ဟု ကျွန်တော်ရေရွတ်မိသည်။ တကယ်လည်း မထင်လောက် အောင်ကိုဖြစ်သည်။ ”သေချာလား ဟက်ဆန်” ဟုမေးရသေးသည်။

ဟက်ဆန် လက်ခုပ်ဆက်တီးနေဆဲ။ ”အရမ်းကောင်းတာပဲ၊ အစ်ကိုအေမား။ မနက်ဖြန်ကျရင် ဖတ်ပြဦးနော်”

”ငြိတယ်ကွာ” ဟု ကျွန်တော်ထပ်ဆိုသည်။ အသက်ရှူမမှန်ချင်။ အိမ်နောက် ဖေး မြေကွက်လပ်မှ ရွှေအိုးကြီးတူးမိသည့်လူလို ဝမ်းသာလုံးဆို့နေသည်။ တောင်ကမူ ပေါ်မှ ပြန်ဆင်းလာစဉ် ကျွန်တော့်ခေါင်းထဲ

စိတ်ကူးစိတ်သန်းတွေ မီးရှူးမီးပန်း လွှတ်သလို တဖွားဖွားပေါက်ကွဲနေသည်။ အစ်ကိုအေမား ဖတ်ပြခဲ့သမျှထဲမှာ ဒီပုံပြင် အကောင်းဆုံးဆိုပါကလား။ သူ့ကို ကျွန်တော်ဖတ်ပြခဲ့သည့် ပုံပြင်များ မနည်းလှ။ ဟက်ဆန်က

ဘာလဲမသိ မေးနေပြန်သည်။

”ဘာလဲ ဟက်ဆန်”

”ငြိတယ်ဆိုတာ ဘာအဓိပ္ပါယ်လဲဟင်”

ကျွန်တော်ရယ်သည်။ သူ့ကိုသိုင်းဖက်ပြီး ပါးပြင်ကို မွှေးမွှေးပေးပစ် လိုက်သည်။

”ဘာအတွက်လဲ” ဟု သူကရှက်ကိုးရှက်ကန်း အလန့်တကြားမေးနေပြန် သည်။ ကျွန်တော် သူ့ကိုချစ်ခင်စွာ တွန်းထည့်လိုက်သည်။

”မင်းကတော့ မင်းသားလေးပါပဲကွာ။ ဟက်ဆန်ရေ … မင်းသားလေးကို ငါချစ်တယ်”

ထိုညနေမှာ ကျွန်တော်၏ ပထမဆုံးပုံဝတ္ထုကို ရေးခဲ့သည်။ နာရီဝက်သာ ကြာသည်။ မှော်ဝင်ခွက်ကလေးတစ်လုံးကို တွေ့ရှိသွားသော လူတစ်ယောက် အကြောင်း။ ထိုခွက်ကလေးထဲ ငိုချပါက မျက်ရည်များ

ပုလဲဖြစ်သွားသည်။ မှော်ခွက် ပိုင်ရှင်သည် လူဆင်းရဲသော်လည်း စိတ်မဆင်းရဲခဲ့သူ၊ ဘဝကိုပျော်ပိုက်သူ၊ ငိုခဲသူ။ ထို့ကြောင့် ငိုစရာဝမ်းနည်းစရာကိစ္စများ ရှာဖွေဖန်တီးရသည်။ သူ့အတွက်က ငိုနိုင်မှချမ်းသာမည်။ ပုလဲလုံးတွေ

ပုံလာလေ … သူ့လောဘဇောက အတောသတ် မရလေ။ ပုံပြင်လေးအဆုံးသတ်ပုံမှာ မှော်ခွက်ပိုင်ရှင်သည် ပုလဲပုံပေါ်ထိုင်လျက် လက်ထဲဓားကိုင်ထားသည်။ ချစ်မြတ်နိုးရသောဇနီး၏ သက်မဲ့ခန္ဓာကို လက်မောင်း

ကြားထဲ ပွေ့ထားရင်း မထူနိုင်လောက်အောင် မျက်ရည်တွေသွန်ချနေရသည်။ ပုလဲဖန်တီးပေးသော မှော်ဝင်ခွက်ထဲ မျက်ရည်တွေ ဒလဟောသွန်ချနေရသည်။

ပုံပြင်ရေးပြီးလျှင် ကျွန်တော်သည် လှေကားပေါ်တက်၊ ဘာဘာ့ ဆေးလိပ် သောက်ခန်းထဲ ဝင်သည်။ လက်ထဲတွင် ပဲပင်ပေါက်လက်ရေးစာမူနှစ်ရွက်။ ကျွန်တော် ဝင်လာတော့ ဘာဘာနှင့် ရာဟင်ခန် ဘရန်ဒီလေး

တမြမြနှင့် ဆေးတံခဲနေကြသည်။

”ဘာလဲ အေမား” ဟု ဇက်ပိုးပေါ် လက်များယှက်တင်ကာ ဆိုဖာပေါ် ကျောမှီလှဲချရင်း ဘာဘာမေးသည်။ မျက်နှာအနီး ဆေးတံငွေ့တို့ ပြာရီဝေ့လျက် ရှိသည်။ ဘာဘာ၏ စူးရဲသောအကြည့်ကြောင့် ကျွန်တော်

အာခေါင်ခြောက်လာသည်။ ကျွန်တော် ပုံဝတ္ထုရေးလာကြောင်း ပြောလိုက်သည်။ ဘာဘာခေါင်းညိတ်သည်။ ပြုံးယောင်ယောင်အပြုံးက စိတ်ဝင်စားမှုအတုထက် နည်းနည်းလေးပဲ ပိုသည်။

”အင်း … ကောင်းပါတယ်။ မဟုတ်ဘူးလား”ဟု တစ်ခွန်းထဲဆိုကာ ဘာသံမျှ ထွက်မလာတော့။ ဆေးတံငွေ့တွေကြားထဲမှ ကျွန်တော့်ကို ကသိုဏ်းရှူ နေသည်။

ထိုနေရာတွင် ကျွန်တော်ရပ်နေသည့်အချိန်က တစ်မိနစ်ပြည့်မည်မထင်။ သို့သော် ထိုနေ့ကတော့ ကျွန်တော့်ဘဝ၏ အကြာမြင့်ဆုံးမိနစ်များ ဖြစ်ခဲ့သည်။ စက္ကန့်များ ဖင့်နွှဲနိုင်လွန်းသည်။ စက္ကန့်တစ်ခုနှင့်တစ်ခုအကြား

အသူတရာပမာ။ ဝန်းကျင်လေထု လေးလံစိုထိုင်းကာ အတုံးအခဲဖြစ်သွားသည်။ ကျွန်တော် ရှူသွင်းနေ သည်က အုတ်ခဲများ။ ဘာဘာသည် ကျွန်တော့်ထံမှ စာရွက်မတောင်းဘဲ အထင်သေး စွာ ကြည့်မြဲကြည့်နေသည်။

အခါတိုင်းလိုပင် ကျွန်တော့်ကို လာကယ်သူမှာ ရာဟင်ခန်။ စာရွက်များ လက်ဆန့်တောင်းနေသည်။ မျက်နှာပေါ်မှ အပြုံးသည် အတုမဟုတ်။ ”ကာကာ ဖတ်ကြည့်ရမလား အေမား။ ကာကာ့ကို ပေးဖတ်နော်”

ဘာဘာ ပခုံးတွန့်ပြီး ထရပ်သည်။ ဘာဘာ့ကြည့်ရသည်မှာ ပေါ့ပါးသွားပုံ ရသည်။ ဧကန္တ ရာဟင်ခန်ကယ်သည့်အထဲ ဘာဘာလည်းပါပုံရသည်။ ”ဟုတ်တယ်၊ ကာကာ့ကိုပေးဖတ်လိုက်၊ ဘာဘာ လုပ်စရာတွေ

ရှိသေးတယ်” ဟူသောစကားဖြင့် အခန်းကို ကျောခိုင်းသွားသည်။ ယခင်တုန်းကဆိုလျှင် ဘာဘာ့ကို ကျွန်တော် ကိုးကွယ်သည်။ ဘုရားနှင့် တစ်ဂိုဏ်းတည်းထားခဲ့သည်။ ယခုတော့ ကျွန်တော့် ကိုယ်ထဲမှ

ဘာဘာ့သွေးပုပ်သွေးမည်းတွေ ဖောက်ထုတ်ပစ်လိုက်ချင်သည်။

နောက်တစ်နာရီအကြာ၊ အမှောင်ထုစိုးမိုးလာချိန်၌ ဘာဘာနှင့် ရာဟင်ခန် ပါတီပွဲတက်ရန် အိမ်မှကားဖြင့်ထွက်သည်။ ကားအထွက်တွင် ရာဟင်ခန်က

ကျွန်တော့်အား စောစောကစာမူနှစ်ရွက် ပြန်ပေးသည်။ နောက်ထပ်စာခေါက်လေးတစ်ခု ပေးသည်။ ကျွန်တော့်အား ပြုံးပြ၊ မျက်စိမှိတ်ပြသွားသည်။ ”အေမားအတွက်။ နောက်မှဖတ်”။ ထို့နောက် တအောင့်ရပ်ကာ

တစ်ခွန်းတည်းသော စကားကိုပြောသည်။ ထိုစကားသည် စာရေးခြင်းနောက်သို့ တစိုက်မတ်မတ်လိုက်စေရန် နောင်သော် အယ်ဒီတာတို့၏ ချီးမွမ်းစကားပေါင်းမျိုးစုံထက် ကျွန်တော့်အား တိုက်တွန်းနိုင်ခဲ့သည်။

ထိုတစ်ခွန်းတည်းသောစကား တာသွားခဲ့သည်။ ထိုစကားမှာ ”ကောင်းတယ်ဟေ့”။

ဘာဘာတို့ထွက်သွားကြတော့ ကျွန်တော် အိပ်ယာထဲထိုင်ကာ ကျွန်တော့် အဖေ ရာဟင်ခန် ဖြစ်လျှင်သိပ်ကောင်းမှာပဲ တောင့်တမိသည်။ ဘာဘာ့အကြောင်း တွေးမိပြန်သည်။ ဘာဘာ၏ ပြန့်ကားသောရင်အုပ်၊

ကျွန်တော့်အား ချီထားပါက ဘယ်လောက်တောင် နေလို့ကောင်းပုံ၊ ဘာဘာ့ကိုယ်နံ့၊ ကျွန်တော့်မျက်နှာကို ယားကျိကျိကလိသော ဘာဘာ့မုတ်ဆိတ်မွေး။ ကျွန်တော်သည် မဟုတ်တရုတ် အတွေးအတွက်

လိပ်ပြာမသန့်ဖြစ်ကာ ရေချိုးခန်းထဲ တရှူးထိုးဝင်ပြီး လက်ဆေး ဇလုံထဲ အန်ချမိတော့၏။

အိပ်ယာထဲကွေးရင်း ရာဟင်ခန်၏စာလေးကို ထပ်ခါထပ်ခါဖတ်၍ မဝချင်။ စာမှာ –

သားအေမား

အေမားရဲ့ ပုံပြင်ကို ကာကာတအားကြိုက်တယ်။ ဘုရားသခင်က အေမားကို အထူးဉာဏ်ရည် ပေးထားတာကိုးကွ။ ဒီဉာဏ်ရည်ကို သွေးပေးရမှာ အေမားရဲ့ အထူးတာဝန်နော်။

ဘုရားပေးတဲ့ဉာဏ်ရည်ကို ဖြုန်းတီးတဲ့လူဟာ မြည်းကွဲ့။ အေမားရဲ့ပုံပြင်က သဒ္ဒါမှန်တယ်။ စိတ်ဝင်စားစရာကောင်းအောင် ရေးထားတယ်။ ဒါပေမယ့် အဓိကအကျဆုံးအပိုင်းကတော့ ပုံပြင်မှာ လှည့်ကွက်ပါနေတယ်။ ဒီစကား

လုံးရဲ့ အဓိပ္ပါယ်ကို အေမားကိုယ်တိုင်တောင် သိဦးမှာမဟုတ်ဘူး။ တစ်နေ့နေ့တော့ သိလာမှာပါ။ တချို့စာရေးဆရာတွေများ တသက်လုံး ကံကြမ္မာလှည့်ကွက် ရေး တတ်အောင် ကြိုးစားခဲ့ပေမယ့် မရဘူး။ အေမားကတော့

ပထမဆုံးပုံဝတ္ထုလေးမှာတင် ရနေပြီ။

အေမားအတွက် ကာကာ တံခါးအမြဲဖွင့်ထားတယ်။ အေမားရေးသမျှ ဝတ္ထုတွေအတွက် ကာကာအသင့်ရှိနေတယ်။ ကောင်းတယ်ဟေ့။

အေမားရဲ့မိတ်ဆွေကြီး

ရာဟင်

ရာဟင်ခန်၏စာကြောင့် ကျွန်တော် မြောက်ကြွမြောက်ကြြွဖစ်ကာ စာမူ နှစ်ရွက်ဆွဲပြီး အောက်ထပ်ကို ဒရောသောပါးဆင်းသည်။ အောက်ထပ်ခန်းမထဲတွင် အလီနှင့်

ဟက်ဆန်တို့သားအဖ မွေ့ယာတစ်ခုထဲတွင်အိပ်သည်။ ဘာဘာအပြင်သွား၍ ကျွန်တော့်ကိုကြည့်ရန် အိမ်ထဲတွင် ထိုအချိန်သာ သူတို့အိပ်ကြသည်။ ကျွန်တော်က ဟက်ဆန့်ကိုလှုပ်နှိုးပြီး ပုံပြင်နားထောင်မလားမေးကြည့်ရာ

သူက အိပ်ချင်မူးတူူး မျက်လုံးကို ပွတ်ပြီးပျင်းကြောဆန့်သည်။

”အခုလား။ ဘယ်အချိန်ရှိပြီလဲ”

”ဘယ်အချိန်ဖြစ်ဖြစ် ကိစ္စမရှိဘူး။ ပုံပြင်က အထူးပုံပြင်ကွ။ ငါ့ဖာသာ ရေးထားတာ”ဟုအလီမကြားအောင်တိုးတိုးပြောသည်။ ဟက်ဆန့်မျက်နှာဝင်းလာသည်။

”ဒါဆိုနားထောင်မယ်လေ” ဟု ဟက်ဆန်သည် ပြောပြောဆိုဆို စောင်ကိုပင် ဆွဲခွာပြီးနေပြီ။

ဧည့်ခန်းထဲ ကျောက်သလင်းမီးလင်းဖိုနားထိုင်ကာ ဟက်ဆန့်ကို စာဖတ် ပြသည်။ သည်တစ်ခါတော့ စာလုံးတွေ ဟိုဟိုသည်သည်ချော်ထွက်မသွား။ ကျွန်တော့် ဝတ္ထုပေကိုး။ ဟက်ဆန်သည် နည်းလမ်းပေါင်းစုံ၏

အကောင်းဆုံးပရိသတ် ဖြစ် နေသည်။ ပုံပြင်ထဲ နစ်မျောနေသည်။ ပုံပြင်၏အတက်အကျတိုင်းတွင် မျက်နှာ မူယာပြောင်းသွားသည်။ နောက်ဆုံးစာကြောင်းကို ကျွန်တော်ဖတ်ပြီးချိန်တွင် သူက လက်ခုပ်ကို

ခပ်အုပ်အုပ်တီးသည်။ ဟက်ဆန့်မျက်နှာ ဝင်းပနေသည်။

”သိပ်ကောင်းတာပဲကွာ”

”ကြိုက်တယ်ပေါ့” ဟူသော မေးခွန်းဖြင့် ဒုတိယမြောက် ဖရဏာပီတိကို ကျွန်တော်ခံယူသည်။ အို … ကြားရနားစိမ့်လိုက်လေ။

”တစ်နေ့ကျရင် အစ်ကိုအေမားတော့ စာရေးဆရာကြီး ဖြစ်လာမှာ။ ကမ္ဘာပေါ်ကလူတွေအားလုံး မင်းရဲ့ဝတ္ထုကိုဖတ်ကြမှာ” ဟု ဟက်ဆန်ဆိုသည်။

”ပိုလိုက်တာကွာ”

”မပိုဘူး။ မင်းတော့ နာမည်တအားကြီးမှာ”

ထို့နောက် ဟက်ဆန်တုံ့နေသည်။ တစ်ခုခုထပ်ပြောလိုဟန်ရှိသည်။ သူ့စကားလုံးတွေကို ချိန်ဆနေဟန်ဖြင့် လည်ချောင်းရှင်းသည်။ ”ဒီပုံပြင်နဲ့ပတ်သက်ပြီး ငါမေးခွန်းတစ်ခု မေးလို့ရမလား” ဟု ရှက်ရွံ့စွာပြောလာသည်။

”ရတာပေါ့”

”အင်း … ဒီလိုလေ”

”ပြောသာပြော ဟက်ဆန်” ကျွန်တော်ပြုံးနေသော်လည်း ကျွန်တော့်ကိုယ် ထဲက မိမိကိုယ်ကို ယုံကြည်မှုနည်းသည့် စာရေးဆရာလေးက သိပ်နားထောင်ချင်ပုံမရ။

”ဒီလိုလေ၊ ပြောမယ်နော်။ အဲဒီမှော်ခွက်ပိုင်ရှင်က သူ့ဇနီးကို ဘာလို့ သတ်နေတော့မလဲ။ တကယ်တော့ မျက်ရည်ဆိုတာ ဝမ်းနည်းမှ စိတ်မကောင်းဖြစ်မှ ကျမလား။ ကြက်သွန်နီဥ ရှူရင်ကော မကျဘူးလား”

ကျွန်တော် ကြက်သေသေသွားသည်။ ဤမျှအဓိကကျသော အချက်သည် ကျွန်တော့်ခေါင်းထဲ ဝင်မလာ။ ထိုပုံပြင် လုံးလုံးသုံးမရသည်က သိသာနေပြီ။ ကျွန်တော့်နှုတ်ခမ်းများ အသံမဲ့လှုပ်ရှားနေသည်။

ထိုတစ်ညတည်းမှာပင် စာရေးခြင်း၏ ဓမ္မဓိဌာန်ကျသောကိစ္စ၊ ကံကြမ္မာလှည့်ကွက်ကို ကျွန်တော်သင်ကြားခဲ့ရသလို သားရဲတွင်းကိုလည်း သိရှိခဲ့ရသည်။ ဟက်ဆန်သင်ကြားပေးခဲ့သော ဇာတ်ကွက်

အကျိုးအပေါက်တွင်းနက်ကြီးပင်။ တစ်သက်လုံးနေလို့ စာတစ်လုံးမရေးဖူးခဲ့သူ ဟက်ဆန်၊ ထိုဟက်ဆန်က ကျွန်တော့်ကို သင်ကြားပေးခဲ့သည်။ အေးစက်သော အသံတစ်သံက ကျွန်တော့်နားဝဆီ တီးတိုးလာပြောနေသည်။

”ဒီကောင်က ဘာသိလို့လဲ။ စာမတတ်ပေမတတ် ဟာဇာရာကောင်ကများ။ ထမင်းချက်ကလွဲလို့ ဘာမှဖြစ်မလာမယ့်ကောင်ကများ။ မင်းကိုဝေဖန်ရအောင် ဒီကောင် ရဲတင်းလှချည်လား”

”ဒါကတော့ … ”

ကျွန်တော်သည် ထိုစကားကို ပြီးဆုံးအောင်မပြောနိုင်ခဲ့။ အကြောင်းမှာ အာဖဂန်နစ္စတန်သည် ဆိုင်းမဆင့် ဗုံမပါ ထာဝရပြောင်းလဲသွားခဲ့ပြီ။

…………………………..

…………………………..
………………………………။။

_____________________________

ဆက်ပါဦးမည် ။
_____________________________
မူရင်းစာအုပ်အမည်…..THE KITE RUNNER

မူရင်းစာရေးဆရာ…….KHALED HOSSEINI
______________________________–
မြန်မာပြန်ဆိုသူ …… ဝင့်ပြုံးမြင့်

မြန်မာပြန် စာအုပ်အမည်……..တိမ်ယံသစ္စာ..

2009 / ဇွန် ၊ ပထမ အကြီမ် ။

စာမျက်နှာ စုစုပေါင်း…350

13 x 21 စင်တီဆိုဒ်

ပုဂံစာအုပ်တိုက်
_____________

လေးစားစွာ.ဖြင့်

…………………………………………

7 comments

  • shwe kyi

    June 8, 2012 at 6:54 pm

    (ဘာဘာ ပခုံးတွန့်ပြီး ထရပ်သည်။ ဘာဘာ့ကြည့်ရသည်မှာ ပေါ့ပါးသွားပုံ ရသည်။ ဧကန္တ ရာဟင်ခန်ကယ်သည့်အထဲ ဘာဘာလည်းပါပုံရသည်။)

    အဲဒီစာသားအရမ်းကြိုုက်တယ်။ အခြေအနေကိုပေါ်လွင်သွားစေတယ်လို့ခံစားရတယ်။
    ဆက်ဖတ်ပါဦးမည်။

  • ဝင့်ပြုံးမြင့်

    June 8, 2012 at 7:41 pm

    ရခိုင် နဲ့ မွတ်စလင်ဘာသာဝင်များ ပဋိပက္ခ ဖြစ်တဲ့ဒီအချိန်မှာ ဒီဝတ္ထုကိုမှ တင်မိလိုက်တဲ့အတွက် တစ်စုံတစ်ရာ ထိပါးသလိုများ ဖြစ်ခဲ့ရင် တိုက်ဆိုင်မှု သက်သက်သာဖြစ်တယ်လို့ ရှင်းပြပါရစေ။ ပြုံးရဲ့ သူငယ်ချင်း တစ်ယောက်ကဆိုရင် တိမ်ယံသစ္စာဟာ မွတ်စလင်ဘာသာဝင်တွေ အကြောင်းရေးထားတယ်လို့လည်း ပြောလိုက်ရော စာအုပ်ကို ဘုတ်ခနဲပစ်ချခဲ့တယ်။ ယဉ်ကျေးမှု အမွေအနှစ်တွေနဲ့ အင်မတန် ကြွယ်ဝချမ်းသာခဲ့တဲ့ အစ္စလာမ်တိုင်းပြည် အာဖဂန်နစ္စတန်ဟာ အက္ခရာစဉ် အတိုင်း စဉ်လိုက်ရင် ကမာ္ဘ့တိုင်းပြည်တွေရဲ့ အပေါ်ဆုံးမှာရှိနေပေမယ့် ဆွန်နီမွတ်စလင် ရှီယာမွတ်စလင် စသဖြင့် ဘာသာရေး လူမျိုးရေး အစွန်းရောက်မှုတွေကြောင့် ကမာ္ဘ့ အဆင်းရဲဆုံးထဲက အဆင်းရဲဆုံး တိုင်းပြည်ဖြစ်ခဲ့ရတဲ့ အရှိတရားဟာ ခါးသီးစရာကောင်းလှပါတယ်။ တိမ်ယံသစ္စာဟာ ရှားပါးတဲ့ညီအစ်ကိုဖွဲ့ ဝတ္ထုဖြစ်ပေမယ့် အစ္စလာမ်နိုင်ငံရဲ့ အတွင်းသားကို ခြုံငုံနိုင်ခဲ့တယ်။ တိမ်ယံသစ္စာဟာ မွတ်စလင်ဘာသာဝင်တွေအကြောင်း ရေးထားတာဖြစ်ပေမယ့် မြန်မာ ဗုဒ္ဓဘာသာဝင်တွေလည်း ဖတ်ရှုပြီးတဲ့အခါ အစ္စလာမ်တွေရဲ့ ချစ်စရာ ကောင်းတဲ့ ဓလေ့ထုံးတမ်းတွေ ရိုးရာအစဉ်အလာတွေ၊ စိတ်နေကြီးမြင့်မှုတွေကို နားလည်ပြီး မေတ္တာသက်ဝင်လာပါစေ ဆုတောင်းပါတယ်။ တိမ်ယံသစ္စာကို ဖတ်ရှုမိတဲ့ မွတ်စလင်ဘာသာဝင်တွေလည်း ပြုံးအပေါ် အထင်တော်မလွဲမိစေဖို့ ကြိ်ုတင် မေတ္တာရပ်ခံလိုက်ပါတယ်ရှင်။

  • အလင်းဆက်

    June 9, 2012 at 7:09 pm

    အချိန်အခါကတော့..ဒီဝတ္ထု တင်လိုက်ရခြင်းအတွက် မျက်နှာ နည်းနည်းပူစရာပါ ။
    ဒါပေမယ့်..ဒီဝတ္ထုဟာ..ရသစာပေလက်ရာ တစ်ခု အနေနဲ ့ ထူးခြားတာသာ ဖြစ်ပြီး.
    လူမျိုးရေး မုန်းတီးမှု တွေ.၊ အသားအရောင် ခွဲခြားမှုတွေ.၊ လူမျိုးရေးပဋိပက္ခတွေ..ဆီ.ဦးတည် ရွေ့လျားနေတာ မဟုတ်ပါဘူး။.

    တိမ်ယံသစ္စာကို ရေးရခြင်းရည်ရွယ်ချက်နဲ ့…ပြန်လည် တင်ပြရခြင်းရည်ရွယ်ချက်တွေမှာလည်း..
    လူမျိုးရေး မပြေလည်မှုတွေဆီ.သွားနေဖို ့ မရည်ရွယ်ပါဘူး။

    လူမျိုးရေးရာ မပြေလည်မှုတွေကို သပ်သပ်..၊
    တိမ်ယံသစ္စာရဲ ့ရသ စာပေလက်ရာတင်ပြမှု ကို သပ်သပ်..မြင်ရင်
    ဘာမှ ပူညံပူညံတွေ ဖြစ်မှာ မဟုတ်ပါဘူးနော် ။

    ကျွန်တော်တို ့ကသာ စိုးရိမ်စိတ်ကလေးနဲ ့ပြောနေတာ.။
    အားလုံ့းကတော့..တိမ်ယံသစ္စာနဲ ့…လူမျိုးရေး.မပြေလည်မှု ပြဿနာတွေကို..ခွဲခြားပြီး..
    ခံစားနိုင်မှာ သေချာနေသားပဲ ။

    ကျွန်တော်ကိုယ်တိုင်ကလည်း. လူမျိုးရေး မုန်းတီးမှုတွေကြောင့်ရလာမယ့်..
    ဘယ်လို အကျိုးရလဒ်မျိုးကိုမဆို… မလိုချင်ပါဘူး။
    အမုန်းကြောင့် ဖြစ်လာမယ့် ပဋိပက္ခတွေကို ကျွန်တော် မမြင်မကြားချင်ပါဘူး။

    ကမ္ဘာမြေကြိီးတစ်ခုလုံး..ငြိမ်းချမ်းသာယာ နေစေချင်တဲ ့
    …………………………………………

  • မောင်ပေ

    June 9, 2012 at 7:12 pm

    ထုံးစံအတိုင်းဘဲ ၊ ဒီအပိုင်းနဲ ့ဆို ကျုပ် ဂျီမေး ဒရပ်ဖ် ထဲမှာ ဆေ့ လုပ်တာ ၆ ခါ ရှိပြီ ။ အေးဆေးမှ ဖတ်တော့မယ် ။ အပေါ်က ကွန်မင့်ပိုင်ရှင်က “မြန်မာပြန်ဆိုသူ …… ဝင့်ပြုံးမြင့်” ကိုယ်တိုင် လားဗျ ။

  • အလင်းဆက်

    June 9, 2012 at 7:22 pm

    ကိုပေရေ..အဲဒါ..မြန်မာပြန်ဆိုသူ ဝင့်ပြုံးမြင့်ကိုယ်တိုင်ပါပဲ.။
    ရေမရောတဲ ့ဝင့်ပြုံးမြင့်ပါ.။

    အပိုင်းတွေ အလိုက် သိမ်းဆည်းပြီး.ကျကျနန ခံစားမယ့် ကိုပေ.ကို တကယ် ကျေးဇူးတင်ပါတယ်နော် ။

  • ကြောင်ကြီး

    June 10, 2012 at 12:06 pm

    ”ဒီလိုလေ၊ ပြောမယ်နော်။ အဲဒီမှော်ခွက်ပိုင်ရှင်က သူ့ဇနီးကို ဘာလို့ သတ်နေတော့မလဲ။ တကယ်တော့ မျက်ရည်ဆိုတာ ဝမ်းနည်းမှ စိတ်မကောင်းဖြစ်မှ ကျမလား။ ကြက်သွန်နီဥ ရှူရင်ကော မကျဘူးလား”
    ကျုပ်တို့သဂျီးလည်း အရက်နဲ့မြည်းဖို့ ကိုဘေးနွားကင် စားရမှဖြစ်သလား… ပဲကြီးလှော်ဝါးရင်ကော မရဘူးလား.. အခုတော့ သူမောဟဖုံးဖို့ နွားကြီးခမျာ သေပေးရဒယ်…။

  • အလင်းဆက်

    June 10, 2012 at 6:19 pm

    အလို..ကိုကြီးကြောင်ကတော့..လုပ်ချလိုက်ပြန်ပြီ။
    သူကြီး..လည်း…ဦးကြောင်ပြောမှ ပဲ…အရက်သမားကြီး.လုံးလုံးကို..ဖြစ်လို ့။
    သူကြီးရေ..အရက်သမားလို ပြောခံရမှတော့ မထူးဘူးဗျို ့…ကစ်သာ ကစ်.။

Leave a Reply