တိမ်ယံသစ္စာ အပိုင်း ( ဂ )

alinsettJune 11, 20121min1873

ဟက်ဆန် ပခုံးတွန့်ပြသည်။ သူစိမ်းတစ်ဦး၏အမြင်တွင် ဟက်ဆန် ကြောက်နေသည်ကို မြင်မည်မဟုတ်ပေ။ ဟက်ဆန့် မျက်နှာသည် ကျွန်တော်စောစီးစွာ

ရင်းနှီးခဲ့ရသောမျက်နှာ။ ထိုမျက်နှာပေါ်မှ သိမ်မွေ့မှုအားလုံး – ရိုးခနဲရိပ်ခနဲ ဖြတ်သန်းသွားမှု အလုံးစုံကို ကျွန်တော်သိသည်။ ဟက်ဆန့်အကြောက်တရားကို

ကျွန်တော်မြင်နေရပြီ။ ကြောက်သမှ နည်းနည်းနောနောမဟုတ်။

”မှန်တယ်။ ဒါပေမယ့် မင်းမမြင်ဘူးပေါ့၊ လောက်လေးကိုင်ထားတာကတော့ ငါတစ်ယောက်တည်း။ မင်းတစ်ချက်လှုပ်တာနဲ့ မင်းနာမည် ‘နားရွက်စားအာစွပ်’ ကနေ

ဘဝပြောင်းပြီး ‘တစ်ဖက်ကန်းအာစွပ်’ ဖြစ်သွားမယ်။ ငါ့လောက်လေးက မင်းရဲ့ဘယ်ဖက်မျက်လုံးကို တည့်တည့်ပဲကွ”

ထိုစကားကို ဟက်ဆန်က အင်မတန်မင်သေစွာပြောသဖြင့် ကျွန်တော် သိထားပြီးသော အကြောက်တရားကို သူ့စကားထဲမှ မနည်းကြီး အားစိုက်နားထောင်ရ သည်။

အာစွပ်၏ပါးစပ် လိမ်တွန့်သွားသည်။ အပြောင်းအလဲကို ဝေလီနှင့် ကာမဲတို့ ကြည့်နေကြသည်။ တစ်ယောက်ကတော့ သူတို့အရှင်သခင်ကြီးကို စိန်ခေါ်နေပြီ။ အရှက်ခွဲနေပြီ။

အဆိုးဆုံးက ထိုတစ်ယောက်သည် ပိန်တာရိုးဟာဇာရာ ဖြစ်နေခြင်းပင်။
…………………………………………………

……………………………………………………
______________________________________________

အာစွပ်သည် ကျောက်ခဲနှင့် ဟက်ဆန့်ကို တစ်လှည့်စီကြည့်သည်။ ဟက်ဆန့် မျက်နှာကို စူးစိုက်ရှာဖွေနေသည်။ ဟက်ဆန် အတည်ပြောခြင်းဖြစ်ကြောင်း တွေ့သွားပါလိမ့်မည်။ အာစွပ်သည် လက်သီးကိုချသည်။

”ငါ့အကြောင်း မင်းသိထားသင့်တယ်၊ ဟာဇာရာကောင်” ဟု အာစွပ် အပီပြောသည်။ ”ငါက သိပ်ကိုစိတ်ရှည်တဲ့လူစားကွ။ ဒီနေ့ကိစ္စ ဒီတင်မပြီးသေးဘူး၊ မှတ်ထား” ဟုဆိုကာ ကျွန်တော့်ဘက်လှည့်ပြီး

”မင်းအတွက်လည်း မပြီးသေးဘူး၊ အေမား။ တနေ့နေ့တော့ တစ်ပွဲတစ်လမ်းပေါ့” ဟုဆိုသည်။ နောက်ခြေတစ်လှမ်း ဆုတ်သည်။ နောက်တော်ပါများလည်း သူ့အတိုင်း တသဝေမတိမ်း။ ”မင်းရဲ့

ဟာဇာရာကောင်ကတော့ အမှားကြီးကြီး လုပ်မိသွားပြီကွ” ဟုပြော၍ လှည့်ပြန် သွားသည်။ တောင်ကုန်းအတိုင်းဆင်းပြီး နံရံနောက်ပျောက်ကွယ်သွားသော သူတို့ တတွေကို ကျွန်တော်တို့ ရပ်ကြည့်ကျန်ခဲ့သည်။

ဟက်ဆန်သည် သူ့လောက်လေးကို ခါးကြားထဲ ကတုန်ကယင်ထိုးထည့် နေသည်။ သူ့ပါးစပ်ကွေးတက်သွားပုံကို စိတ်အေးသွားသောအပြုံးဟု ခေါ်ရမည်။ သူ့ခမျာ ဘောင်းဘီကြိုးကို

ငါးကြိမ်တိတိ ပြန်ချည်နေရသည်။ နှစ်ယောက်သား ကြောက်စိတ်ဖြင့် အိမ်ပြန်လာကြစဉ် ပြောစရာစကားများများ ရှာမတွေ့။ လမ်းထောင့်ကိုချိုးလိုက်တိုင်း အာစွပ်နှင့် သူ့အဖော်အလှော်တွေ အလစ်ချောင်း

တိုက်တော့မည်ဟု သေချာနေကြသည်။ အာစွပ်တို့ အလစ်ချောင်းမတိုက်သော်လည်း စိတ်သက်သာရာ ရသင့်သလောက် မရခဲ့ကြ။ လုံးလုံးမရခဲ့။
္ထ———————-

နောင်နှစ်နှစ်အကြာ။ ‘စီးပွားရေးဖွံ့ဖြိုးမှု’ နှင့် ‘ပြုပြင်ပြောင်းလဲရေး’ ဆိုသော စကားလုံးများ ကဘူးမြို့လူထု၏ နှုတ်ခမ်းဖျားတွင် ရေပန်းစားနေကြချိန်။ ဖွဲ့ စည်းပုံအခြေခံဥပဒေအရ သက်ဦးဆံပိုင်ဘုရင်စံနစ်ကို

ဖျက်သိမ်းလိုက်ကာ သမ္မတစံနစ် အစားထိုးဝင်ရောက်လာသည်။ အားသစ်လောင်းခြင်း၊ ရည်ရွယ်ချက်ထားခြင်း စသောအမြင်များ နယ်မြေတခွင်ကို လွှမ်းခြုံထားသည်။ အမျိုးသမီးအခွင့်အရေး၊ ခေတ်မီနည်းပညာ စသဖြင့်

လူတွေပြောစပြုလာသည်။

ကဘူးမြို့၏ တော်ဝင်နန်းတော်တွင် ခေါင်းဆောင်သစ် နေထိုင်နေ ပြီဖြစ်သည့်တိုင် လူများစု၏ဘဝ ခါတိုင်းလိုပင်။ စနေနေ့မှ ကြာသပတေးနေ့အထိ အလုပ်တက်ကြသည်။ သောကြာနေ့များဆိုလျှင် ပန်းခြံ၊

ပါမန်ဥယျာဉ်များနှင့် ဂါးခကန်ဘောင်ပေါ် ပျော်ပွဲစားထွက်ကြသည်။ ဘတ်စ်ကားရောင်စုံ၊ လော်ရီ ရောင်စုံများပေါ် ခရီးသည်တွေ ပြည့်နေသည်။ ကဘူးမြို့၏ လမ်းကျဉ်းလမ်းမြှောင် လမ်းအသွယ်သွယ်များထဲ

ကားတွေဥဒဟိုဖြတ်လျက်။ ကားနောက်မြီးပေါ် ထိုင်လိုက် လာသည့် စပယ်ယာ၏ လမ်းညွှန်အော်သံများ ညံလျက်။

သန့်ရှင်းလများကုန်ဆုံး၍ အစ်နေ့ချိန်ခါရောက်ပြီဆိုလျှင် ပွဲတော်ရက် သုံးရက်စလုံး ကဘူးမြို့သားများ ဝတ်ကောင်းစားလှဆင်သကာ မိဘအိမ်ပြန်ကြသည်။ ပွေ့ကြဖက်ကြနမ်းရှုတ်ကြနှင့် နှုတ်ခွန်းဆက်ကြသည်။

”ပျော်ရွှင်စရာ အစ်နေ့ပါ” ဆေးဆိုးထားသော ကြက်ဥပြုတ် ဘဲဥပြုတ်များကား ကလေးတို့အဖို့ဆော့စရာ။ လက်ဆောင်ထုပ်များကား ဖောက်၍မကုန်။

ထိုနှစ် ၁၉၇၄ခု၏ ဆောင်းဝင်စတစ်ရက်တွင် ဟက်ဆန်နှင့် ကျွန်တော် ခြံထဲ နှင်းပုံရဲတိုက်ဆောက်နေကြစဉ် အလီက ဟက်ဆန့်ကို လှမ်းအော်ခေါ်သည်။ ”ဟက်ဆန်ရေ … ဆပ်က စကားပြောချင်လို့တဲ့” အလီသည်

အဖြူရောင်ဝတ်စုံနှင့် အိမ်ရှေ့တံခါးဝတွင် လက်ပိုက်ရပ်နေသည်။ ပါးစပ်မှ ပွစိပွစိ လေရှူသွင်းနေသည်။

ဟက်ဆန်နှင့် ကျွန်တော် အပြုံးချင်းဖလှယ်လိုက်သည်။ အလီ့အခေါ်ကို စောင့်နေရသည်က တစ်နေကုန်တစ်နေခန်း။ ယနေ့သည် ဟက်ဆန့်မွေးနေ့။ ”ဘာလဲဟင်၊ အဖေသိလား၊ ပြောပြပါလား” ဟုမေးသော

ဟက်ဆန့်မျက်လုံးများ ဝင်းဖိတ်နေသည်။ အလီ ပခုံးတွန့်ပြသည်။

”ဆပ်က အဖေ့ကို ဘာမှမပြောဘူး”

”ပြောပြပါ၊အလီရာ … နော်” ဟု ကျွန်တော် ဖိအားပေးသည်။ ”ပုံဆွဲစာအုပ်များလား။ သေနတ်အသစ်လားဟင်”

သူ့သား ဟက်ဆန်လိုပင် အဖေကြီးအလီသည် မညာတတ်။ နှစ်တိုင်း နှစ်တိုင်း ဟက်ဆန်နှင့်ကျွန်တော့်မွေးနေ့အတွက် ဘာဘာဝယ်လာသည့် လက်ဆောင် များကို အလီက မသိဟန်ဆောင်သည်။

အလီ့မျက်လုံးများကလည်း နှစ်စဉ်နှစ်တိုင်း မပျက်မကွက် သစ္စာဖောက်မြဲ။ ဤနည်းဖြင့် ကျွန်တော်တို့က အလီ့ကို နှူးကြခြင်း ဖြစ်သည်။ ယခုတစ်ကြိမ်တွင်လည်း အလီတစ်ယောက် အမှန်ပြောတော့မလိုရှိသည်။

ဟက်ဆန့်မွေးနေ့ကို ဘာဘာ ဘယ်တော့မှမမေ့။ ပထမတော့ ဟက်ဆန့် ကို ဘာလိုချင်သလဲမေးသေးသည်။ သို့သော် တည်တည်ကြည်ကြည်သမား ဟက် ဆန်က သူအမှန်တကယ်လိုချင်သည့် လက်ဆောင်ကို

ဣန္ဒြေသမ္ပတ္တိဖြင့် ဖွင့်ဟတော် မမူ၍ ဘာဘာလက်လျှော့ကာ စိတ်ကူးတည့်ရာ လက်ဆောင်တစ်ခုကိုသာ ဝယ်ပေး လိုက်မြဲ။ ဂျပန်ကားကစားစရာ ဝယ်ပေးဖူးသည်။ နောက်တစ်နှစ်တွင် လျှပ်စစ်သုံး

မီးရထားနှင့်ရထားသံလမ်းကစားစရာ ဝယ်ပေးခဲ့သည်။ မနှစ်တုန်းကတော့ ဘာဘာ့ လက်ဆောင်ကြောင့် ဟက်ဆန်အံ့ဩသွားခဲ့သည်။ ‘လူကောင်းလူဆိုး လူအကျည်းတန်’ ဇာတ်ကားထဲမှ

မင်းသားကလင့်အိစ်ဝုဒ် ဆောင်းသော နွားကျောင်းသား ဦးထုပ်နှင့် တထေရာတည်းတူသော သားရေဦးထုပ်။ ထိုဇာတ်ကားသည် ကျွန်တော်တို့ တချိန်က အသည်းစွဲခဲ့ရသည့် ‘ခုနစ်ဦး ခုနစ်ဖော်’

ဇာတ်ကားကို ဖြုတ်ချခဲ့သောကားဖြစ်သည်။ ကျွန်တော်နှင့် ဟက်ဆန် နှင်းပုံတွေပေါ်တက်၊ နွားကျောင်းသား ဇာတ်ဝင်တေးကို တကြော်ကြော်ဟစ်ကာ အချင်းချင်းအသေပစ်ကြရင်း ဘာဘာ့လက်ဆောင် ဦးထုပ်ကို

သူဆောင်းကိုယ်ဆောင်း လက်မလည်အောင် ဆောင်းခဲ့ကြသည်မှာ ဆောင်းတွင်း တစ်တွင်းလုံး ကုန်သည်အထိပင်။

နှင်းတွေသိပ်နေသော လည်ရှည်ဖိနပ်နှင့် လက်အိတ်ကို တံခါးဝတွင် ချွတ်ကြသည်။ ခန်းမထဲ နှစ်ယောက်သား ဝင်လာကြရာ ဘာဘာ့ကို အိန္ဒိယလူမျိုး ဧည့်သည်တစ်ဦးနှင့်အတူ မီးလင်းဖိုဘေး ထိုင်နေသည်ကို တွေ့ရသည်။

ဂင်တိုတို၊ နဖူးပြောင်ပြောင် ဧည့်သည်သည် အညိုရောင်ဝတ်စုံနှင့် လည်စည်းနီစည်းထားသည်။

ဘာဘာသည် အပြောရခက်သလို နှုတ်ထွက်လေးနေသည်။

”ဟက်ဆန်၊ မွေးနေ့လက်ဆောင်လေ”

ဟက်ဆန်နှင့် ကျွန်တော် တစ်ယောက်မျက်နှာတစ်ယောက် ဘုမသိဘမသိ ကြည့်နေရသည်။ မွေးနေ့လက်ဆောင်သာဆိုသည်၊ မျက်စိရှေ့တွင် ထုပ်ပိုးထားသော လက်ဆောင်ထုပ်လည်းမတွေ့။ အိတ်လည်းမတွေ့။

ကစားစရာလည်းမတွေ့။ ကျွန်တော်တို့နောက်တွင် အလီကြီးသာ မိုးတိုးမတ်တပ်ရှိနေသည်။ ဘာဘာ့ဘေးတွင် သချင်္ာဆရာနှင့်တူသော အိန္ဒိယသွေးနှောသည့် ဧည့်သည်တစ်ဦး။ ဧည့်သည် ထလာပြီး ဟက်ဆန့်ကို

ပြုံးပြလက်ကမ်းပေးသည်။

”ဦးက ဒေါက်တာကူးမား။ သားနဲ့တွေ့ရတာ ဝမ်းသာပါတယ်ကွယ်” ဟု ဟိနီ္ဒသံဝဲသော ဖာစီဘာသာဖြင့် ပြောသည်။

”ဆာလမ်” ဟု ဟက်ဆန် ယောင်တောင်ပေါင်တောင်နှုတ်ဆက်၍ ယဉ် ကျေးစွာ ဦးညွတ်ပြသော်လည်း မျက်လုံးများက သူ့နောက်မှ အဖေကိုရှာဖွေနေသည်။ အလီသည် ဟက်ဆန့်အနီးလျှောက်လာပြီး ပခုံးကို

လာဖက်သည်။ ဟက်ဆန်၏ ဇဝေဇဝါ စူးစူးစားစား မျက်လုံးများ ဘာဘာနှင့်တွေ့သောအခါ

”ဒေါက်တာကူးမားကို နယူးဒေလီကနေ ပင့်လာတာ၊ ဟက်ဆန်။ ဒေါက်တာက ခွဲစိတ်ဆရာဝန်ကြီး” ဟု ဘာဘာပြောပြသည်။

”အဲဒါ ဘာအဓိပ္ပါယ်လဲ၊ သိလားကွဲ့” ဟု ဒေါက်တာကူးမားမေးသည်။

ဟက်ဆန်ခေါင်းခါသည်။ ကျွန်တော့်အား အကူအညီတောင်းသည့် မျက်လုံး များဖြင့်ကြည့်နေ၍ ကျွန်တော်ပခုံးတွန့်ပြလိုက်သည်။ ကျွန်တော် သိသမျှအကုန်မှာ အူအတက်ပေါက်လျှင် ခွဲစိတ်ဆရာဝန်ဆီသွားရသည်။

မနှစ်တုန်းက ကျွန်တော့်အ တန်းဖော် ကလေးတစ်ယောက် အူအတက်ပေါက်၍ ဆုံးသွားခြင်းမှာ ခွဲစိတ်ဆရာဝန် ဆီပို့ရန် အချိန်သိပ်နှောင်းသွား၍ဖြစ်ကြောင်း ဆရာပြောပြခဲ့သည်။ ဟက်ဆန်နှင့် ကျွန်တော် အလီ့မျက်နှာသာ

ကြည့်မိတော့သည်။ အလီ့မျက်နှာကြည့်ရုံနှင့်တော့ ဘာမှသိလာမည်မဟုတ်။ အလီ့မျက်နှာသည် ခါတိုင်းလို မထုံတက်တေးနှင့် မျက်လုံးများကတော့ ဣန္ဒြေရသည်။

”ဒီလိုကွယ် … ဦးရဲ့အလုပ်က လူတွေရဲ့ ခန္ဓာကိုယ်ကို ပုံမှန်ဖြစ်အောင် လုပ်ပေးတယ်။ တစ်ခါတလေတော့လည်း မျက်နှာပေါ့”

”အား” ဟက်ဆန်သည် ဒေါက်တာကူးမားမှ ဘာဘာ၊ ဘာဘာမှ အလီ၊ တစ်လှည့်စီကြည့်သည်။ သူ့လက်များ အပေါ်နှုတ်ခမ်းကိုစမ်းကာ ”အား” ဟု ထပ်အော်ပြန်သည်။

”လက်ဆောင်က ခါတိုင်းလို မဟုတ်ဘူးနော်။ ဟက်ဆန့်စိတ်ထဲ ထင် ထားတာ မဟုတ်လောက်ဘူး။ ဒါပေမယ့် ဒီလက်ဆောင်က တသက်လုံးအတွက် ပေးတဲ့လက်ဆောင်” ဟု ဘာဘာပြောသည်။

ဟက်ဆန်သည် နှုတ်ခမ်းများကို လျှာဖြင့်သပ်သည်။ လည်ချောင်းရှင်းသည်။ ”အား … အဲဒါ … အဲဒါ”

”ဘာမှမဖြစ်ဘူးကွဲ့။ နည်းနည်းကလေးတောင် နာမှာမဟုတ်ဘူး။ ဒီလိုလေ … ဦးက သားကိုဆေးပေးမယ်။ ဒီဆေးသောက်ရင် ဘာမှမမှတ်မိတော့ဘူး” ဟု ဒေါက်တာကူးမားက ပြုံးပြုံးကြီးပြောသည်။

ဟက်ဆန်သည် စိတ်အေးသွားသလို ပြန်ပြုံးပြသည်။ တကယ်တော့ စိတ်အေးခြင်းက မဆိုစလောက်သာ။”ကျွန်တော် မကြောက်ပါဘူး။ ကျွန်တော်-”

ဟက်ဆန်သာ ရူးချင်ရူးမည်၊ ကျွန်တော်ကတော့ မရူးသေး။ မနာပါဘူး ဘာညာ ဆရာဝန်ကပြောပြီဆိုလျှင် ခံရမှသိမည်။ မနှစ်တုန်းက ကျွန်တော့်အင်္ဂါထိပ် အရေပြားဖြတ်ခြင်းကို မှတ်မိသေးတော့။ ဆရာဝန်က ကျွန်တော့်ကို

မနာစေရဘူး၊ လုံးဝမနာဘူး စသဖြင့် ယခုဒေါက်တာပြောသည့် လေအတိုင်းပြောသည်။ သို့သော် ထုံဆေးသည် နောက်တစ်နေ့ပင်မကူးဘဲ ညတွင်းချင်း ပြယ်သွားသည်နှင့် ကျွန်တော့်ပေါင်ခြံထဲ မီးကျီးအုံးသည့်နှယ်

ခံလိုက်ရသည့်ဖြစ်ခြင်း။ ထိုကိစ္စအတွက် ကျွန်တော် ဆယ်နှစ်သားရောက်သည်အထိစောင့်ခဲ့သော ဘာဘာ့ကို ကျွန်တော် ခွင့်မလွှတ်။ ဘယ်တော့မှ ခွင့်မလွှတ်။

သို့သော်ကျွန်တော်လည်း ဘာဘာ့အကြင်နာတွေ လိုချင်သည်။ အမာရွတ် တစ်ခုခုလောက်ရှိရင်ကောင်းမှာပဲ တောင့်တမိသည်။ တရားတော့မတရား။ ဟက်ဆန် က ဘာမှမပေးဆပ်ရဘဲ မွေးကတည်းက

ထိုစိတ်ပျက်စရာ နှုတ်ခမ်းကွဲကြီး ပါလာခြင်းဖြစ်သည်။

ခွဲစိတ်ကုသခြင်း အဆင်ချောပါသည်။ ပတ်တီးဖြေစဉ်က အားလုံး ထိတ်ခနဲနေသည်။ သို့သော်အားလုံးက ဒေါက်တာကူးမား သင်ပေးထားသည့်အတိုင်း မျက်နှာမပျက်ဘဲ ပြုံးလက်စနှင့် ဆက်ပြုံးနေကြသည်။

လွယ်တော့မလွယ်။ ဟက်ဆန့် အပေါ်နှုတ်ခမ်းသည် အရုပ်ဆိုးစွာ အသားနီလန်ရောင်အမ်းနေသည်။ သူနာပြုက ဟက်ဆန့်ကို ကြည့်မှန်ပေးသည်။ ဟက်ဆန် ကြောက်လန့်တကြား ငိုချတော့မလား ကျွန်တော်

ထင်မိလိုက်သေးသည်။ ဟက်ဆန်သည် မှန်ထဲတွေးတွေးဆဆ ကြာမြင့် စွာကြည့်ပြီး ဘာမှန်းမသိ မပီမသပြောရာ ကျွန်တော်က သူ့ပါးစပ်နား ငုံ့နားထောင် တော့မှ သူနောက်တစ်ခါထပ်ပြောသည်။

”ကျေးဇူးတင်ပါတယ်”

ထို့နောက် ဟက်ဆန့်နှုတ်ခမ်းများ တွန့်ကွေးသွားသည်။ ဤတစ်ကြိမ် လည်း ဟက်ဆန့်မျက်နှာကို ကျွန်တော်ဖတ်တတ်သည်။ ပြုံးနေခြင်းပင်။ အမေ့ဝမ်းမှ ကျွတ်ကတည်းက လောကကြီးထဲ ပြုံးပြုံးလေးဝင်လာသော

ဟက်ဆန်။

အချိန်နှင့်အမျှ နှုတ်ခမ်းဒဏ်ရာ အရောင်ကျလာသည်။ မကြာခင်မှာပင် နှုတ်ခမ်းအပေါ်ဘက်၌ ပန်းနုရောင် ချုပ်ရိုးကြောင်းလေး ကောက်ကောက်ကွေးကွေး ပေါ်လာသည်။ သည်လိုနှင့် ဆောင်းဝင်လာချိန်၊

ဟက်ဆန့်ဒဏ်ရာကလေးလည်း ရေးရေးမျှသာ ကျန်တော့ချိန်၊ အထင်နှင့်အမြင် ပါစင်အောင်လွဲခဲ့ရသည်။ အဘယ် ကြောင့်ဆိုသော် ထိုနှစ်ဆောင်းရာသီတွင် ဟက်ဆန်တစ်ယောက် အရယ်အပြုံး နားသွားခဲ့သည်။
……………………………………………..
……………………………………………..

_______________________________________-
ဆက်ပါဦးမည် .။

_____________________________
မူရင်းစာအုပ်အမည်…..THE KITE RUNNER

မူရင်းစာရေးဆရာ…….KHALED HOSSEINI
______________________________–
မြန်မာပြန်ဆိုသူ …… ဝင့်ပြုံးမြင့်

မြန်မာပြန် စာအုပ်အမည်……..တိမ်ယံသစ္စာ..

2009 / ဇွန် ၊ ပထမ အကြီမ် ။

စာမျက်နှာ စုစုပေါင်း…350

13 x 21 စင်တီဆိုဒ်

စာအုပ်တန်ဖိုး … 3000 ကျပ်
______________________________

လေးစားစွာဖြင့်..
…………………..

3 comments

  • မောင်ပေ

    June 11, 2012 at 9:29 pm

    ဒီအပိုင်းကို ကူးပြီးတဲ့သကာလ
    ဒီလိုလေး ရေးချင်မိသွားတယ်
    “ တိမ်ယံသစ်စာ
    နွားပိန်မဟန် လစ်ကွာ
    အချိန်တန် ညှစ်မှာ ”
    အားပေးပါတယ် ။ နောက်အပိုင်းများကို မျှော်နေအိ ။

  • shwe kyi

    June 12, 2012 at 9:53 am

    အေမားရဲ့ အဖေက အတော်ကြင်နာတတ်တာပဲနော်။ အစေခံဆိုပြီး နှိမ်ချတာမျိုးမရှိဘူး။
    နမူနာယူစရာပါပဲ။ တသက်တာလက်ဆောင်တဲ့ သိပ်ကာင်းတဲ့ လက်ဆောင်ပဲနော်။

  • အလင်းဆက်

    June 12, 2012 at 8:12 pm

    ကို်.မောင်ပေ.ရေ…
    ကာရန်လေး အတွက် ကျေးဇူးပါ ။
    တိမ်ယံ..ကို မပြတ်.အောင် တင်ပေးနေမယ်နော် ။ စောင့်မျှော် ဖတ်ရှု..ပေးပါ.လို ့။

    shwe kyi ..ရေ..
    အပိုင်းတိုင်းကို စောင့်မျှော် ဖတ်ရှုလာတယ်နော် ။
    ကျေးဇူးပါ ။ ဖတ်ရှုရတာ တန်မယ့် စာအုပ် ဖြစ်မှာပါ ။

    ဆက်လက် စောင့်မျှော် ဖတ်ရှုပေးကြပါဦးနော် ။

    ခင်မင်လေးစားစွာ..
    alinsett.art@gamil.com

Leave a Reply