တိမ်ယံသစ္စာ အပိုင်း ( ၁ဝ )

alinsettJune 15, 20121min1803

ဟိုမှာ ကျလာပြီ” ဟု ဟက်ဆန် မိုးပေါ်လက်ညှိုးထိုးပြသည်။ မတ်တပ်

ထရပ်ပြီး ဘယ်ဘက်ကို သုံးလေးလှမ်းသာလျှောက်ရသည်။ ကျွန်တော် မော့ကြည့်

လိုက်တော့ စွန်က ကျွန်တော်တို့ဆီ ဇောက်ထိုးစိုက်ဆင်းလာနေသည်။ တဆက်တည်း

မှာပင် စွန်လိုက်သူတစ်စု၏ ခြေသံအော်သံများ။ သူတို့ခမျာ အချိန်ကုန်ရုံသာ

အဖတ်တင်သည်။ ကျလာသည့်စွန်ကို ခံယူရန် ဟက်ဆန်သည် လက်နှစ်ဖက် ဆန့်ကား၍

ပြုံးပြုံးကြီးစောင့်နှင့်နေပြီ။

………………………………………

___________________________

၁၉၇၅ ခု ဆောင်းဥတုတွင် ဟက်ဆန်တစ်ယောက် နောက်ဆုံးအကြိမ် စွန်လိုက်သည်ကို

ကျွန်တော်ကြည့်ခဲ့ရသည်။

ပုံမှန်အားဖြင့် ရပ်ကွက်များသည် ကိုယ့်ရပ်ကွက်အတွင်း၌သာ စွန်တိုက်ပွဲ

ဆင်နွှဲကြသည်။ ထိုနှစ်ကတော့ ရပ်ကွက်ပေါင်းစုံ တံခွန်စိုက်စွန်တိုက်ပွဲကို

ကျွန်တော်တို့နေထိုင်သော ဝဇီရာအက္ခဘာခန်ရပ်ကွက်ထဲတွင် ကျင်းပသည်။

ကာတာချား၊ ကာတာပါဝမ်၊ မီခရိုရေယန်၊ ကိုတာရှန်ဂီ စသောမြို့နယ်များကို

ပြိုင်ပွဲဝင်ရန် ဖိတ်ကြားထားသည်။ ဘယ်နေရာသွားသွား၊

လာမည့်တံခွန်စိုက်ပြိုင်ပွဲ အကြောင်း မကြားရသောနေရာ မရှိ။ ပြောစကားများအရ

နှစ်ဆယ့်ငါးနှစ်အတွင်း ယခုအကြိမ် စွန်တိုက်ပွဲသည်

အကြီးဆုံးဖြစ်ကြောင်းသိရသည်။
္ထ—————–

ပြိုင်ပွဲနေ့မတိုင်မီ လေးရက်သာလိုတော့သော ဆောင်းတစ်ည၌ ဘာဘာနှင့်

ကျွန်တော် စာကြည့်ခန်းထဲရှိနေသည်။ တောက်လောင်နေသော မီးလင်းဖိုဘေး၊

သားရေကုလားထိုင်ပေါ် အစွေ့သားထိုင်ရင်း လက်ဖက်ရည်သောက် စကားကောင်း

နေကြသည်။ အလီက ညစာအာလူးနှင့် ပန်းဂေါ်ဖီထမင်းကို ခါတိုင်းထက်စော၍

ခူးးခပ်ပေးပြီး ညဘက်ဟက်ဆန်နှင့် အဖော်လုပ်ရန် စောစောအနားယူသည်။
ဘာဘာဆေးတံသိပ်သည်။ ကျွန်တော်က ဟိုဟာပြောပြပါ ဒီဟာပြောပြပါ ပူဆာသည်။

ဟာရက်တွင် ဆောင်းတွင်းကြီး တောင်ပေါ်မှ ဝံပုလွေများဆင်းလာ၍

လူတွေတစ်ပတ်တိတိ အိမ်ထဲအိမ်ပြင် မထွက်နိုင်ကြောင်း ထပ်မံကြားသိလိုသည်။

ဘာဘာက မီးခြစ်ဆံတစ်ချောင်းခြစ်လိုက်ပြီး ”ဒီနှစ်

တံခွန်စိုက်ပြိုင်ပွဲမှာ အေမားနိုင်မယ် ထင်တယ်နော်။ ဘယ်လိုထင်လဲ”

ဟုပြောရိုးပြောစဉ် ပြောလိုက်သည်။

ကျွန်တော် ဘယ်လိုမှမထင်တတ်။ ဘာပြောရမှန်းလည်း မသိ။ ထင်တာနဲ့ပဲ

ဖြစ်လာတော့မလား။ သော့ချက်ရဲ့သော့ကို ဘာဘာက ကျွန်တော့်ပေးလိုက်လို့လား။

ကျွန်တော်က စွန်လွှတ်စွန်ဖြတ်တွင် ခေသူမဟုတ်။ တကယ်ပြောရလျှင် စွန်တိုက်

တော်သူဟု ပြောရမည်။ ဆောင်းတွင်းတံခွန်စိုက်ပြိုင်ပွဲတွင် ကျွန်တော်

နိုင်တော့မလို ဖြစ်ခဲ့ဖူးသည်။ တစ်ခါတုန်းက နောက်ဆုံးစွန်သုံးကောင်ထဲ

ကျွန်တော်ပါဖူးသည်။ သို့သော် ‘နိုင်ခါနီး’ နှင့် ‘နိုင်ခြင်း’

တူနိုင်ပါ၏လော။ ဘာဘာကတော့ တစ်ခါမျှ နိုင်ခါနီး မဖြစ်ဖူးခဲ့။ ဘာဘာက

အမြဲနိုင်သည်။ အဘယ်ကြောင့်ဆိုသော် နိုင်သူများ နိုင်ကြသည်။ ကျန်လူများ

အိမ်ပြန်ကြရုံ။ ဘာဘာ အမြဲနိုင်ရခြင်းမှာ သူ့စိတ်ထဲ နိုင်မည်ဟု

သတ်မှတ်ထားခြင်းကြောင့်သာ။ ဘာဘာ့အနေဖြင့် သူ့သားထံမှ ဤသို့ အနိုင်မျိုး

မျှော်လင့်ခွင့်မရှိဘူးလော။ အကယ်၍များသာ ကျွန်တော်နိုင်ခဲ့ပါက …

ဘာဘာသည် ဆေးတံဖွာရင်း စကားတွင်တွင်ပြောနေသည်။ ကျွန်တော်က

နားထောင်ချင်ဟန်ဆောင်နေသည်။ တကယ်တမ်းမှာ ကျွန်တော် ဆက်နားထောင်နိုင်

စွမ်း မရှိတော့။ ဘာဘာ ပြောရိုးပြောစဉ်ပြောလိုက်သော စကားက

ကျွန်တော့်ခေါင်းထဲ မျိုးစေ့ချလိုက်ပြီ။ ယခုနှစ်

ဆောင်းတွင်းတံခွန်စိုက်ပြိုင်ပွဲတွင် ကျွန်တော်နိုင်ရမည် ဟူသော

သံဓိဋ္ဌာန်မျိုးစေ့ဖြစ်၏။ အလားအလာတွေ မဟုတ်၊ နိုင်ကိုနိုင်ရမည်။

နောက်ဆုံးပြတ်ကျသည့်စွန်ကို ရအောင်လိုက်ပြီး အိမ်ယူလာ၊ ဘာဘာ့ကိုပြမည်။

တစ်ကြိမ်တစ်ခါတည်းနှင့် သူ့သား ကျွန်တော် တန်ဖိုးရှိကြောင်း

ပြသနိုင်တော့မည်။ ထိုအခါ ဤအိမ်အတွင်းမှ ကျွန်တော့်ဘဝ – သရဲနှင့်တူသောဘဝ

ထာဝရဆုံးခန်း တိုင်သွားပေတော့မည်။ ကျွန်တော် အိပ်မက်တွေ

ဆက်မက်ပစ်လိုက်သည်။

ညစာဝိုင်းသည် ငွေထည်ထိခတ်သံနှင့် အခါအခွင့်သင့်မှ ပေါ်ထွက်လာ

သောအသံများမှအပ တိတ်ဆိတ်အေးစက်နေခဲ့မြဲ။ နောင်ဆိုလျှင် ညစာဝိုင်းသည်

စကားသံရယ်သံတို့ ကျွက်ကျွက်ညံနေပေလိမ့်။ သောကြာနေ့များဆိုလျှင် ဘာဘာ့

ကားကြီးနှင့် ပါမင်သို့ အလည်လိုက်မည်။ ဂါးခရေကန်တွင် တအောင့်တနားရပ်ပြီး

ငါးကြော်အာလူးကြော်များစားမည်။ ခြသေ့င်္ကြီးမာဂျန်ကိုကြည့်ဖို့ တိရစ္ဆာန်ရုံ

သွားကြမည်။ ဘာဘာတစ်ယောက် တဝါးဝါးသမ်းကာ နာရီတကြည့်ကြည့် မလုပ်ပါ စေနှင့်

ဆုတောင်းရသည်။ ဘာဘာက ကျွန်တော့်ပုံဝတ္တု တစ်ပုဒ်တစ်လေ ဖတ်ချင်

ဖတ်နိုင်သေးသည်။ ဘာဘာ တစ်ပုဒ်လောက်ဖတ်ရုံနှင့် ကျွန်တော်က အပုဒ်တစ်ရာ

လောက် ရေးပစ်လိုက်မည်။ ရာဟင်ခန်က ကျွန်တော့်ကို ‘အေမား သားရေ’ ဟုခေါ်သလို

ဘာဘာကလည်း လိုက်ခေါ်နိုင်သည်။ နောက်ဆုံး ကုန်ကုန်ပြောလျှင်

ကျွန်တော့်ကြောင့် မေမေသေရခြင်းကိုပင် ဘာဘာခွင့်လွှတ်ပေးလိမ့်မည်။

ဘာဘာသည် တစ်ရက်တည်း စွန်တစ်ဆယ့်လေးကောင် ဖြတ်ချခဲ့ဖူးကြောင်း ပြောနေသည်။

ကျွန်တော် ပြုံးပြသည်၊ ခေါင်းညိတ်ပြသည်၊ ရယ်ရမည့်နေရာတွင် ရယ်သည်။

သို့သော် ကျွန်တော် တစ်လုံးမှမကြား။ ကျွန်တော့်တွင် အထူးတာဝန်ရှိနေ ပြီ။

ဘာဘာ့ကို စိတ်မပျက်စေရ။ သည်တစ်ခါ စိတ်မပျက်စေရ။
္ထ——————–

တံခွန်စိုက်စွန်တိုက်ပွဲ အကြိုညတွင် နှင်းဖြိုးဖြိုးသွန်ခဲ့သည်။

သစ်ကိုင်းခက်နွယ်များ လေအသော့တွင်လှုပ်ဆော့ကာ ပြတင်းမှန်ကို

တတက်တက်ရိုက်ခတ်နေစဉ် ဟက်ဆန်နှင့် ကျွန်တော် ‘ကာစီ’ အောက်ထိုင်ကာ

ဖဲရိုက်ကြသည်။ အလီ့ကို ကာစီလုပ်ပေးရန် စောစောကတည်းက ကျွန်တော်ပြော

ထားခဲ့သည်။ ကာစီဆိုသည်မှာ အခြေခံအားဖြင့် လျှပ်စစ်အပူပေးကိရိယာကို စားပွဲ

နိမ့်နိမ့်အောက်တွင်ထားပြီး အပေါ်မှ ဂွမ်းစောင်ထူကြီး အုပ်ထားခြင်းကို

ဆိုလိုသည်။ စားပွဲပတ်ပတ်လည်ကို အလီက မွေ့ယာများ ဖုံများ အလျှံပယ်

ပတ်ဝိုင်းထားပေး၍ လူအယောက်နှစ်ဆယ် ကောင်းကောင်းထိုင်နိုင်သည်။

မွေ့ယာအောက် ခြေထောက်များ သွင်းထားနိုင်သည်။ ဟက်ဆန်နှင့် ကျွန်တော်သည်

တစ်ဆောင်းတွင်းလုံး ကာစီ အောက်ထိုင်ကာ စစ်တုရင်ထိုးသည်၊ ဖဲကစားသည်။

ဟက်ဆန့် ချွန်းဖဲတစ်ချပ်ကို ကျွန်တော်သတ်လိုက်သည်။ တစ်ဖက်ခန်း

ဘာဘာ့စာကြည့်ခန်းထဲဝယ် ဘာဘာနှင့် ရာဟင်ခန်တို့ အခြားဧည့်သည်

နှစ်ဦးသုံးဦး နှင့်အတူ စီးပွားရေးဆွေးနွေးနေကြသည်။ ထိုအထဲမှ

အာစွပ်အဖေကို ကျွန်တော်မှတ်မိ သည်။ ရေဒီယိုကဘူးမှ သံသေးသံညောင်များ

နံရံကိုဖြတ်၍ ကျွန်တော်တို့ထံရောက် လာသည်။ ရေဒီယိုမှ

ပြည်ပရင်းနှီးမြှုပ်နှံမှုအကြောင်း ဒါဝတ် အသံလွှင့်နေသည်။

”သူပြောတာက တစ်နေ့ကျရင် ငါတို့လည်း ကဘူးမှာ တီဗွီရတော့မယ်တဲ့”

”ဘယ်သူပြောတာလဲ” ဟု ဟက်ဆန်မေးသည်။

”ဒါဝတ် လေကွာ၊ မင်းတော့မြည်းပဲ။ သမ္မတကိုပြောတာကွ”

ဟက်ဆန် တခစ်ခစ်ရယ်သည်။ ”ငါကြားဖူးတာက အီရန်မှာ အဲဒါ ရနေပြီတဲ့”

ကျွန်တော် သက်ပြင်းချသည်။ ”အီရန်လူမျိုးဆိုတာက …” မြောက်မြား

လှစွာသော ဟာဇာရာလူမျိုးများအတွက် အီရန်သည် ခိုလှုံရာဘေးမဲ့နယ်မြေ၊ ဝတ္တု

ကံမြေဖြစ်သည်။ ကျွန်တော် မှန်းကြည့်ရသလောက် အကြောင်းရင်းမှာ အီရန်တို့သည်

ဟာဇာရာတို့ကဲ့သို့ပင် ရှီယာမွတ်စလင်များဖြစ်သည်။ သို့သော် နွေတုန်းက

ကျွန်တော့် ဆရာအပြောကို မှတ်မိသေးသည်။ အီရန်တို့သည် ရွှန်းရွှန်းဝေ

အပြောကောင်းသ လောက် လက်တစ်ဖက်က သင့်ကျောကိုပုတ်ပြီး နောက်တစ်ဖက်က

သင့်အိတ်ထဲ နှိုက်နေလိမ့်မည်။ ဘာဘာ့ကို ကျွန်တော် ပြန်မေးကြည့်ရာ

ကျွန်တော့်ဆရာသည် အဘိဇ္ဈာများသော အာဖဂန်ဖြစ်ကြောင်း၊ အကြောင်းမှာ

အီရန်တို့သည် အာရှတွင် တန်ခိုးထွားသလောက် အာဖဂန်နစ္စတန်ကိုမူ ကမ္ဘာပေါ်မှ

လူအတော်များများ မြေပုံပေါ်တွင် မရှာတတ်ကြောင်းပြောပြသည်။ ”ဒီလိုပြောရတာ

ခါးသီးတာပေါ့။ ဒါပေမယ့်အလိမ်အညာတွေနဲ့ စိတ်ချမ်းသာရတာထက်

အမှန်တရားကြောင့် ခါးသီး တာက တော်သေးတယ်” ဟု ဘာဘာပြောဖူးသည်။

ဟက်ဆန့်အား ”တစ်နေ့နေ့ကျရင် မင်းကိုငါ တီဗွီတစ်လုံးဝယ်ပေးမယ် ကွာ”

ဟုကျွန်တော်ပြောလိုက်သည်။

ဟက်ဆန့်မျက်နှာဝင်းသွားသည်။ ”တီဗွီလား၊ တကယ်”

”တကယ်ပေါ့။ အဖြူအမည်း မဟုတ်ဘူးနော်။ အဲဒီအချိန်လောက်ဆိုရင် ငါတို့လည်း

ကြီးလာကြပြီ။ နှစ်လုံးဝယ်မယ်ကွာ။ မင်းတစ်လုံး၊ ငါတစ်လုံး”

”ငါပုံဆွဲတဲ့စားပွဲပေါ်မှာ တင်ထားမယ်” ဟု ဟက်ဆန်ဆိုသည်။

သူ့စကားကြောင့် ကျွန်တော်စိတ်မကောင်း။ သူ့ဘဝ၊ သူနေထိုင်ရမည့် အိမ်အတွက်

စိတ်မကောင်း။ သူသည်လည်း သူ့အဖေလို ထိုရွှံ့တဲလေးတွင် တစ်ဘဝ လုံး

ဇာတ်မြှုပ်နေထိုင်သွားရမည့်အဖြစ်ကို သူလက်ခံလိုက်ပြီ။ နောက်ဆုံးဖဲချပ်ကို

ကျွန်တော်ဆွဲထုတ်သည်။ ဘုရင်မတစ်တွဲနှင့် ဆယ်ပွင့်ဖဲ။

ဟက်ဆန်က ဘုရင်မဖဲချပ်များကောက်ယူရင်း ”မနက်ဖြန်ကျရင် ဆပ်တော့

အစ်ကိုအေမားအတွက် ဂုဏ်ယူရတော့မယ်လို့ထင်တယ်”

”မင်းဒီလိုထင်လား”

”ဘုရားသခင် အလိုတော်အတိုင်းပဲ”

”ဘုရားသခင် အလိုတော်” ဟုကျွန်တော် ပဲ့တင်ထပ်ရွတ်ဆိုလိုက်သော် လည်း

ထိုအထူးပြုပုဒ်သည် ကျွန်တော့်နှုတ်ခမ်းဖျားမှ ထွက်စဉ်ကလောက် ဖြူစင်

ရိုးသားမှု သိပ်မရှိချင်။ ဟက်ဆန်သည် ထိုသို့သောဟက်ဆန်ဖြစ်သည်။ ပကတိ

ဖြူစင်သူ အရိုးခံစစ်စစ်မို့ သူ့နားရောက်လျှင် ကိုယ်တိုင်က မတည်ကြည်သလို

ခံစားရမြဲ။

သူ့ဘုရင်ကို ကျွန်တော်စားပြီး ပွဲသိမ်းဖဲကိုထုတ်သည်။ သူကောက်ယူရတော့ သည်။

ကျွန်တော်နိုင်ပြီ။ သို့သော် ဖဲချပ်များ ကုလားဖန်ထိုးရင်း ကျွန်တော်သံသယ

ဝင်လာသည်။ ဟက်ဆန်က ကျွန်တော့်ကို တမင်အနိုင်များပေးလိုက်လေသလား။

”အစ်ကိုအေမား”

”ဘာလဲ”

”မင်းသိပါတယ်၊ ငါက ငါနေတဲ့နေရာကိုပဲ ကြိုက်တယ်”

ဟက်ဆန့်အချိုးပင်ဖြစ်သည်။ ကျွန်တော့်စိတ်ကို သူဖတ်နေသည်။

”ငါနေတဲ့နေရာဟာ ငါ့နေအိမ်ပဲကွာ”

”ဘာဖြစ်ဖြစ် ထပ်ရှုံးဖို့ပြင်ထား” ဟုကျွန်တော် ပြောလိုက်သည်။
______________________________________________

အခန်း( ရ )

နောက်တစ်နေ့မနက်တွင် ဟက်ဆန်သည် ကျွန်တော့်အတွက် မနက်စာ လက်ဖက် ရည်ဖျော်ပေးရင်း သူအိပ်မက်မက်ကြောင်းပြောသည်။ ”ငါတို့က ဂါးခရေကန်မှာ။

မင်းရယ် ငါရယ် အဖေရယ် ဆပ်ရယ် ရာဟင်ခန်ရယ် … ပြီးတော့ လူတွေမှ ထောင်ချီနေတယ်ကွာ။ နေလည်းသာတယ်၊ နွေးလည်းနွေးတယ်၊ ရေတွေကြည်စိမ့်

နေတာမှန်သားလိုပဲ။ ဒါတောင် ဘယ်သူမှရေဆင်းမကူးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရေထဲမှာ မိစ္ဆာကြီး ရှိလို့တဲ့။ အဲဒီသတ္တဝါကြီးက ကန်အောက်ခြေမှာစောင့်နေတယ်တဲ့”

လက်ဖက်ရည်ကို ပန်းကန်လုံးထဲလောင်းထည့်၊ သကြားထပ်ထည့်၊ မှုတ်ပြီး ကျွန်တော့်ရှေ့ချပေးသည်။ ”ဒီတော့ လူတွေအကုန်လုံး ရေထဲဆင်းရမှာ ကြောက်နေကြ

တယ်။ အဲဒါ အစ်ကိုအေမားက တခါတည်း ဖိနပ်ကန်ချွတ်၊ ရှပ်အကျႌပါချွတ်ပြီး ‘ဘာမိစ္ဆာမှ မရှိဘူး။ ငါသက်သေပြမယ်ဟေ့’ ဆိုပြီး ဘယ်သူမှတောင် မတားလိုက်နိုင် ဘူး။

ရေထဲဒိုင်ဗင်ထိုးချ ရေကူးရောတဲ့။ ငါကလည်း မင်းနောက်လိုက်ခုန်ဆင်းပြီး နှစ်ယောက်စလုံး ရေကူးနေတယ်တဲ့”

”မင်းမှ ရေမကူးတတ်တာ၊ ဟက်ဆန်”

ဟက်ဆန်ရယ်သည်။ ”အိပ်မက်ပါဆိုမှ၊ အစ်ကိုအေမားရာ … အိပ်မက်ထဲ ကြိုက်တာလုပ်နိုင်တာပေါ့။ အဲဒါထားဦး။ ငါတို့ရေဆင်းကူးတော့ ‘ပြန်တက်၊ ပြန်တက်’

ဆိုပြီး လူတွေအော်ကြတာ ဝက်ဝက်ကွဲပဲ။ ငါတို့ကတော့ ဆက်ကူး၊ ကန်အလယ်ကိုတောင် ရောက်နေပြီ။ ရေတွေကလည်း အေးလို့။ ကမ်းဘက်က လူတွေကိုလက်ပြတော့

လူတွေကသေးသေးလေး။ပုရွက်ဆိတ်လေးတွေလိုပဲ။ ဒါပေမယ့် လက်ခုပ်သံကိုတော့ အကျယ်ကြီးကြားရတယ်။ ရေထဲမှာ ဘာမိစ္ဆာမှမရှိဘူး၊ ရေပဲရှိ တယ်ဆိုတာ

လူတွေသိသွားကြရောတဲ့။ နောက်တော့ ရေကန်ကို နာမည်ပြောင်း လိုက်တယ်။ ကဘူးမြို့ရဲ့ ပသီဘုရင်များ – အေမားနဲ့ဟက်ဆန်ရဲ့ကန် တဲ့။ လူတွေ

ကန်ထဲရေဆင်းကူးရင် ငါတို့ကို ပိုက်ဆံပေးရတယ်တဲ့”

”ဒီအိပ်မက်က ဘာအဓိပ္ပါယ်လဲ”

…………………..

…………………..

………………….

______________________________________
ဆက်ပါဦးမည် .။

_____________________________
မူရင်းစာအုပ်အမည်…..THE KITE RUNNER

မူရင်းစာရေးဆရာ…….KHALED HOSSEINI
______________________________–
မြန်မာပြန်ဆိုသူ …… ဝင့်ပြုံးမြင့်

မြန်မာပြန် စာအုပ်အမည်……..တိမ်ယံသစ္စာ..

2009 / ဇွန် ၊ ပထမ အကြီမ် ။

စာမျက်နှာ စုစုပေါင်း…350

13 x 21 စင်တီဆိုဒ်

စာအုပ်တန်ဖိုး … 3000 ကျပ်
______________________________

လေးစားစွာဖြင့်..
………………….

3 comments

  • မောင်ပေ

    June 15, 2012 at 7:12 pm

    ဒါနဲ ့ဆို အပိုင်း၁ဝ ။ တစ်ရက်က စာအုပ်ဆိုင်ရောက်လို ့မေးကြည့်တော့ ကုန်နေတယ်တဲ့ ။
    ပြန်လည်ဝေမျှပေးလို ့ရှဲရှဲ ။

  • ရွာစားကျော်

    June 15, 2012 at 7:46 pm

    တိမ်ယံသစ္စာတောင် အပိုင်း ၁ဝ ရောက်သွားဘီ
    သေချာကိုမဖတ်ရသေးဝူး…
    အပိုင်းတွေတော့ ကူးထားပါမယ်…
    သေချာဖတ်ပြီးတော့မှ အားရပါးရ မန့်တော့မယ်.. ကိုအလင်းဆက်ရေ

  • shwe kyi

    June 16, 2012 at 10:50 am

    (ပကတိဖြူစင်သူ အရိုးခံစစ်စစ်မို့ သူ့နားရောက်လျှင် ကိုယ်တိုင်က မတည်ကြည်သလိုခံစားရမြဲ။)

    အရမ်းကိုကြိုက်မိတဲ့ စာကြောင်းလေးပါပဲ။

Leave a Reply