တိမ်ယံသစ္စာ အပိုင်း ( ၁၂ )
”ဟက်ဆန်ရေ … ” ဟုကျွန်တော်အော်ခေါ်သည်။ ”ရအောင်ယူခဲ့နော်”
ဟက်ဆန် လမ်းချိုးကိုပင်ရောက်တော့မည်။ ရာဘာဖိနပ်က နှင်းတွေ ကန်ထုတ်နေသည်။ သူရပ်ပြီး လှည့်ကြည့်၊ ပါးစပ်နား လက်ဝါးနှစ်ဖက်ကာ၍ အော်လိုက်သောစကားမှာ
”မင်းအတွက်ဆိုရင် … အခေါက်ပေါင်း ထောင်ချီသွားပစေ”
ထို့နောက် ဟက်ဆန်သည် ဟက်ဆန့်အပြုံးကိုပြုံးပြပြီး လမ်းချိုးထဲ ကွေ့ဝင်သွားသည်။ ခက်ခက်ခဲခဲ အားထုတ်စရာမလိုသောအပြုံး … မရှက်တတ် သောအပြုံး …
ဤအပြုံးကို နောက်တစ်ကြိမ် ကျွန်တော်ပြန်မြင်ရချိန်သည်
_______________________________
ဤအပြုံးကို နောက်တစ်ကြိမ် ကျွန်တော်ပြန်မြင်ရချိန်သည်…………… နောင်နှစ်ဆယ့်ခြောက်နှစ်အကြာမှ မှုန်အက်နေသော ပိုလာရွိုက်ဓာတ်ပုံထဲတွင် ဖြစ်သည်။
လူတွေ ကျွန်တော့်ထံ အပြေးအလွှား ဝမ်းသာစကားလာပြောချိန်တွင် ကျွန်တော် စွန်ကိုပြန်သိမ်းသည်။ ကျွန်တော် လက်ဆွဲနှုတ်ဆက်သည်။ ကျေးဇူးတင် စကားပြောသည်။
ကျွန်တော့်ထက်ငယ်သော ကောင်လေးများက ကျွန်တော့်ကို အံဩတကြီး ကြည့်နေသည်။ ကျွန်တော်ကတော့ သူရဲကောင်းကြီးဖြစ်ပြီ။ လက်တွေက
ကျွန်တော့်ခေါင်းကိုဖွသည်။ ကျောကိုပုတ်သည်။ ကျွန်တော် ကြိုးကိုသိမ်းရင်း အပြုံးတွေကို တုံ့ပြန်ရင်း စိတ်ကတော့ အပြာရောင်စွန်ထံ ခရီးလွန်နေသည်။
နောက်ဆုံးတွင် ကျွန်တော့်စွန်ကို လက်ရောက်ပြန်ရသည်။ ကျွန်တော့် ခြေရင်းမှ မှန်စာကြိုးအပုံလိုက်ကို ရစ်လုံးနှင့်အတူ လုံးထွေးသိမ်း၊ နောက်ထပ်လက် ဆွဲနှုတ်ဆက်ကာ
အိမ်ကိုအမြန်ပြေးသည်။ သံပန်းဂိတ်တံခါးအရောက်တွင် အလီ အသင့်စောင့်နေသည်။ သံပန်းကြားမှ အလီ့လက်ကြီးထွက်လာကာ ”ဝမ်းသာလိုက်တာ အေမားရေ” ဟုဆို၍ ကျွန်တော်
သူ့ကိုစွန်နှင့်ရစ်လုံးထိုးပေးကာ လက်ဆွဲနှုတ် ဆက်သည်။
”ကျေးဇူးပဲ အလီ”
”အေမားအတွက် အလီ တချိန်လုံး ဆုတောင်းနေတာနော”
”ဒါဆို ဆက်ဆုတောင်းဦး။ မပြီးသေးဘူး”
ကျွန်တော် လမ်းဘက်ပြန်လှည့် သုတ်ခြေတင်သည်။ ဘာဘာ့အကြောင်း အလီ့ကို ကျွန်တော်မမေး။ လောလောဆယ် ဘာဘာ့ကို ကျွန်တော်မတွေ့ချင်သေး။ ကျွန်တော့်ခေါင်းထဲ
အားလုံးအစီအစဉ်ဆွဲပြီးသား။ ကျွန်တော် အိမ်အဝင်လှရမည်။ သွေးစွန်းလက်များဖြင့် အောင်ပွဲအမှတ်တရကို ကိုင်ဆောင်ဝင်လာသော သူရဲကောင်း ကြီးတစ်ဦး။ ခေါင်းတွေလှည့်လာကာ
မျက်လုံးတွေ အံသေသွားကြမည်။ ရိုစတမ်နှင့် စိုးရက်ပ် – သားအဖနှစ်ဦး တစ်ယောက်ကိုတစ်ယောက် ဆုပ်ကိုင်ဆွဲထူ – ပြဇာတ်ဆန်ဆန် ရုတ်ချည်းငြိမ်ကျသွားခြင်း – ထို့နောက်တွင်
ဝါရင့်သူရဲကောင်း ကြီးက ဝါနုသူသူရဲကောင်းလေးကို ပွေ့ဖက်၍ ထိုက်တန်လှပါကြောင်း ချီးမွမ်း စကားဆိုမည်။ သက်သေထူခြင်း၊ ကယ်မခြင်း၊ ပေးဆပ်ခြင်း။ ထို့နောက် ဘာလာဦးမည်နည်း။
အင်း … ပျော်ရွှင်စွာ နေထိုင်သွားကြလေသတည်း – ဆိုလျှင် ပြီးပြီ။ နောက်ထပ်ဘာရှိရဦးမည်နည်း။
ဝဇီရာအက္ခဘာခန်ရပ်ကွက်၏ လမ်းများသည် နံပါတ်အစဉ်အတိုင်း လေး ထောင့်ကွက်ချထားခြင်းဖြစ်သည်။ အသစ်ကျပ်ချွတ်ရပ်ကွက်မို့ ရှစ်ပေအမြင့် တံတိုင်း
ဝင်းအတွင်းဝယ် ဆောက်လက်စအိမ်များ၊ မြေကွက်လွတ်များ လမ်းတိုင်းတွင်ရှိသည်။ ကျွန်တော် တစ်လမ်းဝင်တမ်လမ်းထွက် ဟက်ဆန့်ကိုရှာသည်။ ရောက်လေရာနေရာ တိုင်း
လူတွေအလုပ်ရှုပ်လျက်။ ကုလားထိုင်တွေ ခေါက်ကြသည်။ အစားအသောက် အသုံးအဆောင်တွေ ထုပ်ပိုးသိမ်းဆည်းကြသည်။ အချို့ကတော့ အိမ်ခေါင်မိုးပေါ်မှ မဆင်းတတ်ကြသေး။
ထိုလူတွေက ကျွန်တော့်ကိုတွေ့တော့ လှမ်းအော်ခေါ်ဝမ်းသာ စကားပြောသည်။
ကျွန်တော်တို့အိမ်နှင့် လေးလမ်းခြားတွင် ဘာဘာ့မိတ်ဆွေ အင်ဂျင်နီယာ၏ သား အိုမားကိုတွေ့သည်။ အိမ်ရှေ့မြက်ခင်းပေါ်တွင် သူတို့ညီအစ်ကိုနှစ်ဦး ဘောလုံး ကို
တို့ကာပုတ်ကာသယ်နေကြသည်။ လေးတန်းတုန်းက ကျွန်တော်နှင့် အတန်း ဖော်ဖြစ်ခဲ့သော အိုမားသည် သိပ်မဆိုး။ တစ်ခါတုန်းက ကျွန်တော့်ကို ဖောင်တိန် တစ်ချောင်း
လက်ဆောင်ပေးဖူးသည်။
”အေမားနိုင်တယ်လို့ ကြားတယ်၊ ဝမ်းသာပါတယ်ကွာ” ဟု အိုမားဆိုသည်။
”ကျေးဇူးပဲ။ ဟက်ဆန့်ကို တွေ့မိသေးလား”
”မင်းတို့ ဟာဇာရာလား”
ကျွန်တော် ခေါင်းညိတ်ပြလိုက်သည်။
အိုမားသည် သူ့ညီထံ ဘောလုံးခေါင်းတိုက်ပေးလိုက်ပြီး ”သူူက စွန်လိုက် အရမ်းတော်တယ်လို့ ငါကြားဖူးတယ်” ဟုဆိုသည်။ သူ့ညီက သူ့ထံဘောလုံးကို ပြန်ခေါင်းတိုက်ပေး၍ အိုမား
လှမ်းဖမ်းပြီးခတ်နေသည်။ ”သူစွန်လိုက်တော်တာ အံ့ဩစရာကြီးနော်။ ငါပြောတာက ဒီလိုကွ။ သူ့မျက်ပေါက်ကျဉ်းကျဉ်းလေးနဲ့ ဘယ်လိုမြင်အောင်ကြည့်လဲ”
အိုမားညီက ဟက်ခနဲရယ်သည်။ ဘောလုံးတောင်းသည်ကို အိုမားက မသိကျိုးကျွန်ပြုသည်။
”သူ့ကိုတွေ့မိလား”
အိုမားသည် နောက်ကျောဘက်ကို လက်မထောင်၍ ညွှန်ပြသည်။ ”စောစောတုန်းက ဈေးဘက်ပြေးသွားတာတွေ့တယ်”
”ကျေးဇူးပဲ”
ကျွန်တော် သုတ်သီးသုတ်ပြာပြေးလာခဲ့ရာ ဈေးကိုရောက်ချိန်တွင် နေနီလုံး ကြီးလည်း တောင်ကုန်းနောက် ပုန်းခိုစပြုပြီ။ ဆည်းဆာ၏ ပန်းခရမ်းရောင်စဉ်တန်းတို့ အာကာတပြင်ကို
ဆိုးဆေးတင်ပေးလျက်ရှိသည်။ တိုက်တန်းတချို့ကို ကျော်လာ ချိန်တွင် ဟာဂျီရာဟုဗလီမှ တရားဟောဆရာက ကော်ဇောခင်းကြပါရန်၊ အနောက် အရပ်ကို ဘုရားရှိခိုးကြပါရန်
ဝမ်းခေါင်းသံကြီးဖြင့် တိုက်တွန်းနှိုးဆော်နေသည်။
ဟက်ဆန်သည် တစ်နေ့ငါးကြိမ် ဘုရားရှိခိုးရန် ဘယ်တုန်းကမှ မပျက် ကွက်ခဲ့။ ကျွန်တော်တို့ အပြင်ထွက်ဆော့နေလျှင်ပင် အချိန်တန်သည်နှင့် သူကခွင့် တောင်း၊ ရေတွင်းထဲမှ ရေဆွဲ၊
ကိုယ်လက်ဆေးကြောသုတ်သင်ကာ တဲတွင်းဝင်သွားပြီး အတန်ကြာမှ ပြုံးရွှင်စွာ ပြန်ထွက်လာသည်။ ထိုအခါ နံရံကိုမှီထိုင်လိုထိုင်၊ မထိုင်ပါက သစ်ပင်ပေါ်ရောက်နေသော ကျွန်တော့်ကို
သူတွေ့ရမြဲ။ ယနေ့ညတော့ ဟက်ဆန် တစ်ယောက် ဘုရားရှိခိုးပျက်ကွက်ရတော့မည်။ ကျွန်တော့်ကြောင့် ပျက်ကွက်ရတော့ မည်။
ဈေးသည် အလျင်အမြန်သိမ်းနေသည်။ ကုန်သည်များ၏ ယနေ့အတွက် ဈေးဆစ်ခြင်းကိစ္စလည်း လက်စသိမ်းပြီ။ ပြွတ်ကျပ်သိပ်နေသော ဆိုင်တန်းများ၏ ကြားလမ်း ရွှံ့ဗွက်ထဲ
ကျွန်တော်ခြေလှမ်းသွက်သွက်လျှောက်သည်။ ထိုဆိုင်တန်းများမှာ ဆိုင်ခန်းတစ်ခန်းတွင် လောလောလတ်လတ်သတ်ထားသော ရစ်ငှက်တစ်ကောင် သင်ဝယ်ယူရနိုင်၍ ကပ်လျက်ဆိုင်ခန်းတွင်
ဂဏန်းပေါင်းစက် ဝယ်၍ရနိုင်သော ဆိုင်တန်းမျိုးဖြစ်သည်။ ပါးကျလာသောလူအုပ်ကြားထဲ ကျွန်တော် လမ်းထွင်လျှောက် သည်။ ခြေဆာနေသောသူတောင်းစားများ အဝတ်စုတ်အထပ်ထပ်
ရစ်ပတ်လျက်။ လက်ပွေ့ဈေးသည်များ ပခုံးပေါ် ခြုံထည်များ ခင်းနှီးများတင်လျက်။ အထည်သည်နှင့် အသားသည်များ ယနေ့အတွက် ဆိုင်သိမ်းကြပြီ။ ဟက်ဆန့်အရိပ်အရောင်ကို
ကျွန်တော်ရှာမတွေ့သေး။
သစ်သီးခြောက်ရောင်းသောဆိုင်ရှေ့ ကျွန်တော်ရပ်သည်။ လားပေါ် ထင်းရှူးစေ့နှင့် စပျစ်သီးခြောက်သေတ္တာများ တင်နေသော ကုန်သည်အဖိုးအိုကို ကျွန်တော်က
ဟက်ဆန့်ပုံသဏ္ဍာန်ပြောပြသည်။ အပြာရောင်ဗောင်းထုပ်နှင့် အဖိုးကြီးသည် အဖြေမပေးမီ ကျွန်တော့်ကို ကြာမြင့်စွာကြည့်နေသည်။
”တွေ့မိတယ်ထင်တာပဲကွဲ့”
”သူဘယ်ဘက်ကို သွားလဲခင်ဗျ”
အဖိုးအိုက ကျွန်တော့်ကို ခြေဆုံးခေါင်းဆုံးကြည့်သည်။ ”မင်းလိုကောင် လေးက ဒီလိုအချိန်မျိုးမှာ ဒီနေရာလာပြီး ဟာဇာရာကိုများ ရှာရသေးလား” အဖိုးအို၏ အကြည့်က
ကျွန်တော့်သားရေကုတ်အကျႌနှင့် ဂျင်းပင် – ကျွန်တော်တို့အခေါ် နွားကျောင်းသားဘောင်းဘီပေါ် နှစ်လိုစွာကျလာသည်။ အာဖဂန်နစ္စတန်တွင် အမေရိကန်ပစ္စည်းတစ်ခုတစ်လေကို
ပိုင်ဆိုင်ရခြင်းသည် အထူးသဖြင့် တစ်ပတ်ရစ် ပစ္စည်းမဟုတ်ပါက ကြေးရတတ်ဖြစ်ကြောင်း သင်္ကေတပင်ဖြစ်၏။
”ကျွန်တော် ရှာဖို့လိုပါတယ်”
”ဘာတော်လို့လဲ”
အဖိုးအို၏မေးခွန်းထဲမှ ဆိုလိုရင်းကို ကျွန်တော်မမြင်။ သို့သော် ကျွန်တော် စိတ်မရှည်တိုင်း အဖိုးအိုက သွက်သွက်ဖြေပေးလိမ့်မည်မဟုတ်ကြောင်း ကျွန်တော့်ကိုယ် ကျွန်တော်
သတိပေးနေသည်။
”ကျွန်တော်တို့ အစေခံရဲ့သားပါ”
အဖိုးအိုသည် ပြာနှမ်းနှမ်းမျက်ခုံးများကို ပင့်သည်။ ”သူက၊ ဟုတ်လား။ ကံကောင်းတဲ့ ဟာဇာရာပဲ။ ဒီလိုပူတတ်တဲ့ သခင်ကို ရထားတယ်။ သူ့အဖေကတော့ မင်းခြေရင်းဒူးထောက်ပြီး
မျက်တောင်မွေးနဲ့တောင် ဖုန်ခါပေးသင့်ပြီ”
”ကျွန်တော့်ကို ပြောမှာလား၊ မပြောဘူးလား”
အဖိုးကြီးသည် လားကျောပေါ်လက်တစ်ဖက်တင်ပြီး တောင်ဘက်ကို လက်ညှိုးထိုးပြသည်။ ”မင်းပြောတဲ့ကောင်လေး ဒီလမ်းအတိုင်း ပြေးသွားတာ ငါမြင်လိုက်သလိုပဲ။ သူ့လက်ထဲမှာ
စွန်တစ်ကောင်ပါတယ်။ စွန်ကအပြာရောင်”
”သူ့မှာ စွန်ပါတယ် ဟုတ်လား”
မင်းအတွက်ဆိုရင်လေ … အခေါက်ပေါင်း ထောင်ချီသွားပစေ တဲ့။ သူကတိထားခဲ့သည်။ အင်မတန်ကောင်းသော ဟက်ဆန်ကြီး။ အားထားလောက်သော ဟက်ဆန်ကြီးပါပေ။
သူ့ကတိကို သူထိန်းသိမ်းသည်။ နောက်ဆုံးစွန်ကို ကျွန်တော့် အတွက် ရအောင် လိုက်ပေးခဲ့သည်။
”သိပ်ဟုတ်တာပေါ့။ ခုလောက်ဆို သူတို့မင်းကောင်လေးကို မိပြီထင်တယ်” ဟုပြောရင်း အဖိုးကြီးသည် လားကျောပေါ် နောက်ထပ်သေတ္တာတစ်လုံး တင်သည်။
”ဘယ်သူတွေ”
”တခြားကောင်လေးတွေလေ … မင်းကောင်လေး နောက်ကိုလိုက်နေတဲ့ ကောင်လေးတွေ။ ဝတ်ထားတာ မင်းလိုပုံပဲ” အဖိုးကြီးသည် မိုးပေါ်မော့ကြည့်ပြီး သက်ပြင်းချသည်။
”ကဲ၊ ပြေးတော့ကွာ။ ဘုရားရှိခိုးနောက်ကျတော့မယ်”
အဖိုးအို စကားမဆုံးခင် ကျွန်တော် လမ်းအတိုင်း အသော့နှင်ဆင်းသည်။ တဈေးလုံးကို ပိုက်စိပ်တိုက်ရှာရာ ဟက်ဆန့်ကို မတွေ့။ စွန်ပြာကိုတွေ့ခြင်းကလွဲ၍ အဖိုးကြီးအို
မျက်လုံးမှောက်မှားခြင်း ဖြစ်ပါလိမ့်မည်။ ထိုစွန်ကို ကျွန်တော့်လက်ဖြင့် ထိတွေ့ကိုင်တွယ်လိုသော အတွေး … လမ်းကြားတိုင်း ဆိုင်တိုင်းကို ကျွန်တော် ခေါင်းပြူကြည့်သည်။ ဟက်ဆန့်
အရိပ်အယောင်ကိုမတွေ့။
ရှေ့ဆီတွင် အသံဗလံများကြားလာရ၍ ဟက်ဆန့်ကို ရှာမတွေ့မီ မိုးချုပ် သွားမည်စိုးသည်။ ကျွန်တော်သည် ချောင်ကျသော ရွှံ့ထူလမ်းထဲရောက်နေသည်။
ထိုလမ်းသည် ဈေးကိုထက်ဝက်ပိုင်းထားသော ပင်မလမ်းမကြီး၏ အဆုံးတွင် ကန့်လန့်ဖြတ်တည်ရှိသည်။ လှည်းပန်းတောင်းထနေသော လမ်းပေါ်တက်ပြီး စော စောက
အသံဗလံများနောက်ကို ကျွန်တော်လိုက်သည်။ ကျွန်တော့်လည်ရှည်ဖိနပ်က လှမ်းလိုက်တိုင်း ဗွက်နစ်ကာ ရှူထုတ်လိုက်သောလေများက ကျွန်တော့်မျက်နှာရှေ့
အဖြူငွေ့များအဖြစ် ဝေ့သွားသည်။
လမ်းကျဉ်းသည် လျှိုမြောင်နှင့် မျဉ်းပြိုင်သဖွယ် တည်ရှိသည်။ ရေခဲနေသော လျှိုမြောင်သည် နွေဦးရောက်လျှင် ရေယဉ်တသွင်သွင်စီးသည့် ရိုးချောင်းလေး ဖြစ်သွားမြဲ။
ကျွန်တော့်ဘေးဘက်တွင်မူ လက်ကြားလမ်းကျဉ်းလေးများဖြင့် ပိုင်းခြားထားသည့် နှင်းဒဏ်ပိထင်းရှူးတောတန်း။ ခေါင်မိုးပြား ရွှံ့အိမ်များကြား ထင်းရှူးပင်တို့ အပြည့်အပိတ်နေရာယူထားသည်။
အိမ်သာဆိုသည်၊ တကယ်က တဲကုပ်တဲနုပ် များချည်းသာ။
အသံများကြားရပြန်သည်။ သည်တစ်ခါ ပိုကျယ်လာသည်။ လက်ကြား လမ်းလေးတစ်လမ်းမှ ထွက်လာသော အသံများဖြစ်သည်။ လမ်းဝရောက်အောင် ကျွန်တော် အသာတွား၍
ချဉ်းကပ်သည်။ အသက်အောင့်ပြီး လမ်းထောင့်ကို ချောင်း ကြည့်လိုက်ရာ …
ထိပ်တစ်ဖက်ပိတ်ထားသော လက်ကြားလမ်းအဆုံးတွင် လက်သီးများဆုပ်၊ ခြေကိုကား၍ မားမားရပ်နေသော ဟက်ဆန်။ အာခံသည့် အနေအထား။ ဟက်ဆန့်နောက်ဘက်
အုတ်ကျိုးအုတ်ပဲ့နှင့် သံတိုသံစများ ပုံထားသောအုတ်ပုံပေါ်တွင် အပြာရောင်စွန်။ သို့မဟုတ် ဘာဘာ့နှလုံးသားကို ဖွင့်ဖို့ ကျွန်တော့်သော့တံ။
ဟက်ဆန့်ကို လမ်းပိတ်ရပ်နေသူ ကောင်လေးသုံးယောက်ကား ယခင် တစ်ခါ ဒါဝတ် အာဏာသိမ်းပြီး နောက်တစ်နေ့ တောင်ကုန်းလေးဆီ ကျွန်တော် တို့အသွား လမ်းတွင်တွေ့ခဲ့ရသော
သုုံးယောက်ပင်ဖြစ်သည်။ ထိုစဉ်က ဟက်ဆန် သည် ကျွန်တော့်ကို လောက်လေးသုံးပြီး ကယ်ခဲ့သည်။
ဝေလီနှင့် ကာမဲ တစ်ဖက်တစ်ချက်တွင် ရပ်လျက်ရှိသည်။ အလယ်လူက တော့ အာစွပ်။ ကျွန်တော့်တစ်ကိုယ်လုံး ကျုံ့ဝင်သွားသလို ကျောရိုးတစ်လျှောက် စိမ့်ခနဲနေသည်။
အာစွပ်ပုံစံကတော့ အေးအေးဆေးဆေး။ သူ့ကိုယ်သူ ယုံသည့်ပုံ။ သံလက်သီးများကို ချာလည်လှည့်နေသည်။ အခြားနှစ်ယောက်ကတော့ အာစွပ်နှင့် ဟက်ဆန်ကို တစ်လှည့်စီကြည့်ကာ
ရိုးတိုးရွတ။ သားရိုင်းတိရစ္ဆာန်တစ်ကောင်ကို ချောင်ပိတ်ဖမ်းမိထားသည့်နှယ်။ ထိုတိရစ္ဆာန်ကို အာစွပ်တစ်ဦးတည်းကသာ ယဉ်ပါးအောင် တတ်နိုင်မည့်နှယ်။
”လောက်လေး ဘယ်ရောက်သွားလဲ ဟာဇာရာကောင်” ဟု အာစွပ်မေးပြီး လက်ထဲမှ သံလက်သီးကို ကြည့်သည်။ ”မင်းပြောခဲ့တာ ဘာပါလိမ့်။ တစ်ဖက်ကန်း
အာစွပ်လို့ ခေါ်ကြလိမ့်မယ် – ဟုတ်လား။ တစ်ဖက်ကန်းအာစွပ်၊မှန်တယ်။ ဉာဏ် ကတော့ ကောင်းသားပဲ။ လက်ထဲမှာ လက်နက်ပါမှတော့ ဉာဏ်ကောင်းတယ်ဆိုတာ လွယ်ပါတယ်ကွာ”
ပင့်ထားသော သက်မကို မချရသေးမှန်း ကျွန်တော်သတိရကာ ဖြည်းဖြည်း နှေးနှေးနှင့် အသံမထွက်စေရအောင် လေကိုရှူထုတ်သည်။ ကျွန်တော့် တစ်ကိုယ်လုံး သွက်ချာပါဒလိုက်သလို။
ကျွန်တော်နှင့်အတူတူ ကြီးပြင်းလာသည့် ကောင်လေးကို မမှိတ်မသုန် ကြည့်နေမိသည်။ ထိုနှုတ်ခမ်းကွဲမျက်နှာလေးသည် ကျွန်တော့်ဘဝ၏ ကနဦးအကျဆုံး မှတ်ဉာဏ်။
”ဒီနေ့ကတော့ မင်းအတွက် လာဘ်ကောင်းတဲ့နေ့ပဲ ဟာဇာရာကောင်”
အာစွပ်သည် ကျွန်တော့်ကို ကျောပေးထားသော်လည်း သူသွားဖြီးနေမည်ကို ကျွန်တော်လောင်းရဲသည်။ ”ငါက မင်းကို ခွင့်လွှတ်ပေးတော့မှာ။ ဘယ်လို သဘောရ လဲ ဟေ့ကောင်တွေ”
”ရက်ရောနေတာပေါ့။ အထူးသဖြင့် ဒီကောင်ငါတို့အပေါ် မိုက်ရိုင်းပြီးမှ ခွင့်လွှတ်ပေးတယ်ဆိုတော့” ဟု ကာမဲဝင်ပြောသည်။
ကာမဲသည် အာစွပ်နှင့် တစ်လေတည်းတစ်သံတည်း ထွက်နိုင်အောင် ကြိုးပမ်းနေသည်။ ချွင်းချက်ကတော့ ကာမဲ အသံတုန်နေသည်။ သည်တော့မှ ကျွန်တော် သဘောပေါက်သည်။
ကာမဲသည် ဟက်ဆန့်ကိုကြောက်မနေ။ သူကြောက် နေသည်က အာစွပ်စိတ်ထဲ ဘာရှိမှန်းမသိ၍ ကြောက်နေခြင်းသာ။
အာစွပ်သည် ပယ်ချသောလက်ဟန်ကို ပြသည်။ ”ခွင့်လွှတ်လိုက်ပြီကွ” အာစွပ်အသံ မဆိုစလောက်တိုးသွားကာ ”သေချာတယ်။ လောကကြီးမှာ ဘာမှ အလကားမရဘူး။ ဒီလိုပဲ
ငါ့ရဲ့ခွင့်လွှတ်မှုဆိုတာကလည်း ဆုကလေးနဲ့လာတာ”
”ဒါတရားတယ်” ဟု ကာမဲဝင်ပြောသည်။
”ဘာမှ အလကားမရဘူး” ဝေလီ သံယောင်လိုက်သည်။
”မင်းကတော့ ကံကောင်းတဲ့ ဟာဇာရာပဲ” ဟု ပြောရင်းဆိုရင်း အာစွပ် ရှေ့ခြေတစ်လှမ်းတိုးကာ ”ဘာဖြစ်လို့လဲဆိုတော့ မင်းဘက်က ဒီစွန်တစ်ကောင်ပဲ ကုန်မှာလေ။ တရားတယ်
မဟုတ်လား ငါ့ကောင်တွေ”
”တရားတာထက်တောင် ပိုသေး” ဟု ကာမဲစကားထောက်သည်။
ဟက်ဆန့်မျက်လုံးထဲ အကြောက်တရားတို့ ဒီရေတက်လာသည်ကို ကျွန်တော် ရပ်နေသည့်နေရာမှပင် မြင်ရသည်။ သို့တိုင် ဟက်ဆန်ခေါင်းခါသည်။ ”အစ်ကိုအေမားက
ပြိုင်ပွဲမှာနိုင်တယ်။ ငါက သူ့အတွက် စွန်လိုက်ပေးတယ်။ စွန်ကို တရားမျှမျှတတ ငါလိုက်ခဲ့တာ။ ဒါသူ့စွန်”
”သစ္စာရှိတဲ့ ဟာဇာရာကြီးပေါ့လေ။ သစ္စာရှိတာမှ ခွေးလိုပါပဲ” ဟု အာစွပ် ကလိရာ ကာမဲ ကျီခနဲရယ်သည်။
”ဟုတ်ပြီလေ။ ဒါပေမယ့် မင်းကိုယ်မင်း သူ့အတွက် မစတေးမီ ပြန်စဉ်း စားစမ်းပါဦး။ သူ့ဘက်ကရော အတူတူပဲလား။ သူ့မှာဧည့်သည်ရှိရင် မင်းကို ဘယ်တုန်းကများ
အတူဝင်ကစားဖို့ခေါ်ဖူးလဲ။ သူ့ဘေးနားမှာ အဖေါ်မရှိမှ မင်းနဲ့ ကစားတာ ဘာကြောင့်လဲ။ ဘာကြောင့်လဲဆိုတာ ငါပြောမယ် ဟာဇာရာကောင်။ ဘာကြောင့်လဲဆိုတော့ မင်းဟာ သူ့အတွက်
အရုပ်ဆိုးဆိုးခွေးတစ်ကောင်ထက် မပိုဘူး။ အရုပ်ဆိုးဆိုးကြောင်တစ်ကောင်ထက် မပိုဘူး။ သူ့အတွက်ကတော့ ပျင်းရင်ကစားဖို့။ စိတ်ဆိုးရင် ပိတ်ကန်ဖို့။ မင်းကိုယ်မင်း ဒါ့ထက်ပိုတယ်
မှတ်မနေနဲ့”
”အစ်ကိုအေမားနဲ့ ငါက သူငယ်ချင်းတွေ” ဟု ဟက်ဆန်ပြောသည်။ ဟက်ဆန့်ကြည့်ရသည်မှာ မျက်နှာရှက်သွေးဖြန်းသွားပုံရသည်။
”သူငယ်ချင်းတွေလား” အာစွပ်ဟားသည်။ ”ဪ … ရင်နင့်စရာ ကောင်းလှချည့် … အရူးကလေးရယ်။ တနေ့နေ့ကျရင်တော့ မင်းရဲ့စိတ်ကူးယဉ် အိပ်မက်ထဲကနေ နိုးရဦးမှာပေါ့။
ဒီတော့မှ မင်းရဲ့သူငယ်ချင်းကြီး မင်းပေါ် ဘယ် လောက်ကောင်းလဲ သိသွားလိမ့်မယ်။ ကဲ၊ တော်လောက်ပြီ။ ငါ့တို့ကို စွန်ပေးစမ်း”
ဟက်ဆန် ကျောက်ခဲတစ်လုံး ကုန်းကောက်သည်။
အာစွပ်တွန့်သွားသည်။ နောက်ခြေတစ်လှမ်းဆုတ် ရပ်သည်။
”နောက်ဆုံးအခွင့်အရေးပဲ၊ ဟာဇာရာ”
ဟက်ဆန့်အဖြေမှာ ကျောက်ခဲကိုင်ထားသောလက်ကို ဆတ်ခနဲ လွှဲလိုက်ခြင်းဖြစ်သည်။
”မင်းသဘောအတိုင်းပေါ့” ဟု အာစွပ်ပြောပြီး ဆောင်းတွင်းဝတ်ကုတ်အကျႌ ကို ကြယ်သီးဖြုတ်သည်။ အကျႌချွတ်ပြီး သေသေချာချာခေါက်၊ နံရံနား ချထား လိုက်၏။
ကျွန်တော် ပါးစပ်ဟပြီး တစ်ခုခုပြောမည်ကြံသည်။ ပြောတော့မလိုဖြစ်ပြီး မပြောဖြစ်။ ပြောသာပြောဖြစ်ခဲ့ပါက ကျန်ကျွန်တော့် ဘဝတစ်ခုလုံး
လုံးလုံးလျားလျား ပြောင်းလဲသွားမည်မှာ သေချာသည်။ သို့ရာတွင်ကျွန်တော် စကားမဆိုခဲ့။ ကြည့်ရုံသာ ကြည့်နေသည်။ သွက်ချာပါဒလိုက်နေခဲ့သည်။
အာစွပ်က လက်ရိပ်ပြလိုက်သော် နောက်လိုက်နှစ်ကောင် လူချင်းခွဲပြီး ဟက်ဆန့်ကို စက်ဝိုင်းခြမ်းသဏ္ဍာန် ချောင်ပိတ်ထားလိုက်သည်။
”ငါစိတ်ပြောင်းသွားပြီကွ။ အဲဒီစွန်ကို မင်းပဲယူထား။ အဲဒီစွန် မင်းကိုပေး ထားမယ်။ ဒါမှ ငါအခုလုပ်မယ့်ဟာကို မင်းတစ်သက်စာ သတိရနေအောင်”
ထို့နောက် အာစွပ်ရှေ့တက်သည်။ ဟက်ဆန်က ကျောက်ခဲနှင့်ပေါက်၍ အာစွပ်နဖူးထိသည်။ အာစွပ်သည် ဟက်ဆန့်ထံ ခုန်အုပ်ရင်း အော်ဟစ်ကာ
ဟက်ဆန့်ကို မြေပြင်ပေါ်ဆွဲလှဲချသည်။ ဝေလီနှင့် ကာမဲ ဆက်တိုက်ရောက်လာသည်။
ကျွန်တော် ကိုယ့်လက်သီးကိုယ်ပြန်ကိုက်သည်။ မျက်လုံးစုံမှိတ်ထားသည်။
—————————–
မှတ်သိဉာဏ်။
”အေမားနဲ့ ဟက်ဆန်တို့ဟာ နို့တစ်လုံးတည်းကို အတူစို့ခဲ့ကြတာ။ ဒါဘာအဓိပ္ပါယ်လဲ၊ သိရဲ့လား အေမား။ ဆာကီနာတဲ့။ မင်းတို့ရဲ့ နို့တိုက် မေမေနာမည်။ ဘာမီယန်က လာခဲ့တာ။
မျက်လုံးပြာပြာနဲ့ ဟာဇာရာတိုင်းရင်းသူကွ။ သိပ်ယဉ်တာပဲ။ မင်းတို့ကို ရှေးဟောင်းမင်္ဂလာတေးတွေဆိုပြီး ချော့ခဲ့တာ။ ဆိုရိုးစကား ရှိတယ်။ နို့တစ်လုံးကို အတူစို့ခဲ့တဲ့လူတွေဟာ
ညီအစ်ကိုတော်တယ်တဲ့။ သိရဲ့လား အေမား”
အတိတ်အမှတ်တရ။
”ကလေးတွေ … တစ်ယောက်ကို တစ်ရူပီး။ တစ်ယောက်မှ တစ်ရူပီးထဲနော်။ ဒါဆိုရင် သစ္စာတရားလိုက်ကာကို ဖွင့်ပြမယ်”
ဗေဒင်ဆရာအဖိုးကြီးသည် ရွှံ့နံရံကို မှီထိုင်နေသည်။ အဖိုးကြီး၏ အမြင်အာရုံမရှိသော မျက်လုံးများသည် အမွှာမီးတောင်ဝထဲ ငွေရည်များ သိပ်ထည့် ထားသလိုဖြစ်သည်။
တုတ်ကောက်လေးကို အားပြုပြီး ဇရာထောင်းလက်များဖြင့် သူ၏ ပါးပြင်ဟောက်ပက်ကို စမ်းသည်။ ကျွန်တော်တို့ရှေ့ လက်ခုပ်နှစ်ဖက် ခံလာသည်။ ”အမှန်တရားကိုသိဖို့
တစ်ယောက်မှတစ်ရူပီး၊ မများဘူး။ ဟုတ်တယ်နော်” သားရေချပ်နှင့်တူသော လက်ဖဝါးထဲ ဟက်ဆန်က ရူပီးတစ်စေ့ထည့်သည်။ ကျွန်တော် လည်း တစ်စေ့ထည့်သည်။
”သနားကရုဏာတော်ကြီးမားတဲ့ အလာဟ်အရှင်မြတ်ရဲ့ နာမတော်အောက်မှာ … ” ရှေ့ဖြစ်ဟောအဖိုးကြီး တတွတ်တွတ် ရွတ်နေသည်။ ဟက်ဆန့်လက်ကို ဦးစွာဆွဲယူ၊ လက်ဖဝါးပေါ်
လက်သည်းနှင့်ခြစ်၍ ဝိုင်းနေသည်။ အဖိုးကြီး၏လက်သည်းများ ဦးချိုကြီးနှယ်။ အဖိုးကြီး၏လက် တဖြည်းဖြည်းနှင့် ဟက်ဆန့်မျက်နှာဆီ ဝဲတက်လာသည်။ ဟက်ဆန့်ပါးပြင်များ၊
နားရွက်ကောက် ကြောင်းများဆီ လက်သည်းဖြင့် တဂျစ်ဂျစ်ခြစ်သွားသည်။ အဖိုးကြီး၏ အသားမာ တက်နေသော လက်ချောင်းကြီးများ ဟက်ဆန့်မျက်လုံးပေါ် ဆွဲသပ်သွားပြီး ထိုနေရာ
တွင် လက်များတန့်နေသည်။ လေးကန်နေသည်။ အဖိုးကြီး၏မျက်နှာ မည်းခနဲဖြစ် သွားသည်။ ဟက်ဆန်နှင့်ကျွန်တော် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်သည်။ အဖိုးကြီးသည်
ဟက်ဆန့်လက်ကိုဆွဲယူပြီး တစ်ရူပီး ပြန်ထည့်ပေးလိုက်သည်။
ထို့နောက် ကျွန်တော့်ဘက်လှည့်ကာ ”ဒီက သူငယ်ကော” ဟုမေးသည်။ နံရံ၏ ဟိုမှာဘက်တွင် တောကျီးကန်းကြီး၏အော်သံ။ အဖိုးကြီးက ကျွန်တော့်လက်ကို ဆွဲအယူတွင်
ကျွန်တော်လက်ရုတ်လိုက်သည်။
အိပ်မက်တစ်စ။
နှင်းမုန်တိုင်းထဲ လမ်းပျောက်နေသော ကျွန်တော်။ တရွှီရွှီတိုက်လေအေးများ … မျက်လုံးထဲ ကျိန်းစပ်သွားသော အချပ်အလွှာ နှင်းငွေဇာများ … နှင်းပွင့်ခြူးနွယ်
အလှယ်လှယ်တွေကြား ကျွန်တော့်မှာ ယမ်းဖယ်ယိမ်းထိုးလျက်။ ကယ်ပါယူပါ ဟစ်ကာအော်လည်း တိုက်လေကြားထဲ ကျွန်တော့်အသံလေး တိမ်ဝင်မြုပ်လျက်။
ကျွန်တော်လဲကျပြီး နှင်းတွေပေါ် အမောဆို့နေသည်။ အဖြူရောင်တွေကြားထဲ ကိုယ်တိုင်ပျောက်ဆုံးသွားတော့ နားဝတွင် တိုက်လေသာ အော်မြည်ညည်း
လျက်ရှိသည်။ လောလောလတ်လတ် ကျွန်တော့် ခြေရာတွေကို နှင်းတွေလက်စ ဖျောက်ပစ်လိုက်ပြီမို့ ခုတော့ ကျွန်တော်က သရဲတစ်ကောင်။ ခြေရာမထင်သော သရဲတစ်ကောင်။
ကျွန်တော် ထပ်မံအော်ဟစ်ကြည့်ပြန်တော့ မျှော်လင့်ချက်တွေလည်း စောစောကခြေရာတွေလို မှေးမှိန်ပြယ်ပျောက်သွားသည်။ သို့သော် သည်တစ်ကြိမ် မသဲမကွဲတုံ့ပြန်သံ ထွက်လာသည်။
ကျွန်တော်မျက်လုံးများကာပြီး ရအောင်ထထိုင် သည်။ လွှာချင်းထပ် နှင်းကြာချည်တွေကြား ကိုယ်ထင်ပြလာသော လှုပ်ရှားမှုတစ်ခု။ ရိုးရိုးရိပ်ရိပ်အရောင်။ ရင်းနှီးပြီးသားသဏ္ဍာန်။ ကျွန်တော့်ကို
လှမ်းလင့်နေသော လက်တစ်ဖက်။ လက်ဖဝါးပေါ်ဝယ် မျဉ်းပြိုင်သဖွယ် ဟက်တက်ကွဲလက်ရှဒဏ်ရာများ။ ဒဏ်ရာမှ သွေးတစက်စက်ကျကာ နှင်းတွေသွေးစွန်းကုန်သည်။ ဒဏ်ရာရလက်ကို
ကျွန်တော်ဆွဲယူ ထူလိုက်တော့ ဗြုန်းဆို နှင်းတွေမရှိတော့။ ပန်းသီးစိမ်းလို မြမြ စိမ်းသော မြမြက်ခင်းပေါ်ဝယ် နှစ်ဦးတည်း မတ်တပ်ရပ်လျက်သား။ ကောင်းကင် တခိုဝယ်
တိမ်မျှင်လေးများက ကပိုကရို။ မိုးပေါ်မော့ကြည့်လိုက်တော့ အာကာတပြင် လုံး စွန်ရောင်စုံတွေဖုံးလျက်။ အနီအစိမ်းလိမ္မော်အဝါ အလှတွေက ရောင်စုံဖြာသည်။
——————————————
လမ်းမြှောင်တစ်ခုလုံး အုတ်ကျိုးအုတ်ပဲ့ သံတိုမယ်နတွေ ပွစာကျဲနေသည်။ စက်ဘီးတာယာဟောင်းများ၊ ပုလင်းပတ်ကွာနေသော ပုလင်းများ၊ စုတ်ပြတ်မဂ္ဂဇင်း စာစောင်နှင့်
အထိတ်တလန့် ပြူးတူးပြဲတဲ သတင်းစာများ၊ အားလုံးဗြဲလရမ်း ပျံ့ကျဲနေသည့်အလယ်တွင် အုတ်နှင့်အင်္ဂတေပြားအပုံကြီး။ သံချေးကိုက် သံကြွပ် မီးလင်းဖိုတစ်လုံး နံရံကိုမှီလျက်ရှိသည်။
အစုတ်ပလုတ်ပုံကြီးထဲမှ ကျွန်တော်မကြည့်ဘဲ မနေနိုင်သော အရာနှစ်ခုမှာ ……………………………………
………………………………………………………….
……………………………………………………………
_________________________________________________________
ဆက်ပါဦးမည် .။
_____________________________
မူရင်းစာအုပ်အမည်…..THE KITE RUNNER
မူရင်းစာရေးဆရာ…….KHALED HOSSEINI
______________________________–
မြန်မာပြန်ဆိုသူ …… ဝင့်ပြုံးမြင့်
မြန်မာပြန် စာအုပ်အမည်……..တိမ်ယံသစ္စာ..
2009 / ဇွန် ၊ ပထမ အကြီမ် ။
စာမျက်နှာ စုစုပေါင်း…350
13 x 21 စင်တီဆိုဒ်
စာအုပ်တန်ဖိုး … 3000 ကျပ်
______________________________
လေးစားစွာဖြင့်..
5 comments
shwe kyi
June 18, 2012 at 6:39 pm
မအားလို့ အခုမှ အပိုင်း (၁၁) ရော (၁၂) ပါဖတ်ရတယ်။
အချိန်ပေးဖတ်မှကောင်းတာကိုး။
ဆက်ပါဦးရှင်။
မောင်ပေ
June 18, 2012 at 7:32 pm
နံပါတ်မှာ၁၂
ပြန်ဖတ်မှာ၁၁ ။
အဲ့လို အဲ့လို အချိန်တွေပေါနေတာ ။
စိတ်ရှည်လက်ရှည်နဲ ့တိုက်ပင်းရိုက်သူ ကိုအလင်းဆက် နှင့် ဘာသာပြန်သူ မဝင်းပြုံးမြင့် တို ့အား ကျေးကျေး။
ဝင့်ပြုံးမြင့်
June 18, 2012 at 10:34 pm
ဒီဝတ္ထု တစ်အုပ်လုံးထဲမှာ ပြုံး မုအဝင်ဆုံး စိတ်အထိခိုက်ရဆုံး စာပုဒ်လေးကို မူရင်း အင်္ဂလိပ်စာနဲ့ တွဲပြီး အမှတ်တရ ရေးပေးလိုက်ပါတယ်။ ဝတ္ထု တစ်အုပ်လုံးကို ဘာသာစကားကျွမ်းကျင်မှုဆိုတဲ့ အတတ်ပညာအားကိုး နဲ့ ပြန်ခဲ့တာ မဟုတ်ရပါဘူးရှင်။ တကယ့်ကို ရင်နဲ့ရေးခဲ့တဲ့ စာတစ်အုပ်ပါ။ မျက်ရည်နဲ့ရေးခဲ့တယ် ဆိုရင် ပိုမှန်မလားပဲ။ ရသဘာသာပြန်ဆိုပြီး မတိကျနိုင်ဘူးလို့ မထင်ကြပါနဲ့ရှင်။ တိတိကျကျကို ပြန်တာပါ။ ပြုံးစိတ်ထဲမှာ ကျေးဇူးရှင် မူရင်းစာရေးဆရာအပေါ် ကိုယ့်နည်းကိုယ့်ဟန်နဲ့ သစ္စာရှိရမယ်လို့ထင်တဲ့အတွက် သူ့စာလုံးတွေကို ဘယ်နည်းနဲ့မှ မဖျက်စီးပါဘူး။
————-
အိပ်မက်တစ်စ။
နှင်းမုန်တိုင်းထဲ လမ်းပျောက်နေသော ကျွန်တော်။ တရွှီရွှီတိုက်လေအေးများ … မျက်လုံးထဲ ကျိန်းစပ်သွားသော အချပ်အလွှာ နှင်းငွေဇာများ … နှင်းပွင့်ခြူးနွယ်
အလှယ်လှယ်တွေကြား ကျွန်တော့်မှာ ယမ်းဖယ်ယိမ်းထိုးလျက်။ ကယ်ပါယူပါ ဟစ်ကာအော်လည်း တိုက်လေကြားထဲ ကျွန်တော့်အသံလေး တိမ်ဝင်မြုပ်လျက်။
ကျွန်တော်လဲကျပြီး နှင်းတွေပေါ် အမောဆို့နေသည်။ အဖြူရောင်တွေကြားထဲ ကိုယ်တိုင်ပျောက်ဆုံးသွားတော့ နားဝတွင် တိုက်လေသာ အော်မြည်ညည်း
လျက်ရှိသည်။ လောလောလတ်လတ် ကျွန်တော့် ခြေရာတွေကို နှင်းတွေလက်စ ဖျောက်ပစ်လိုက်ပြီမို့ ခုတော့ ကျွန်တော်က သရဲတစ်ကောင်။ ခြေရာမထင်သော သရဲတစ်ကောင်။
ကျွန်တော် ထပ်မံအော်ဟစ်ကြည့်ပြန်တော့ မျှော်လင့်ချက်တွေလည်း စောစောကခြေရာတွေလို မှေးမှိန်ပြယ်ပျောက်သွားသည်။ သို့သော် သည်တစ်ကြိမ် မသဲမကွဲတုံ့ပြန်သံ ထွက်လာသည်။
ကျွန်တော်မျက်လုံးများကာပြီး ရအောင်ထထိုင် သည်။ လွှာချင်းထပ် နှင်းကြာချည်တွေကြား ကိုယ်ထင်ပြလာသော လှုပ်ရှားမှုတစ်ခု။ ရိုးရိုးရိပ်ရိပ်အရောင်။ ရင်းနှီးပြီးသားသဏ္ဍာန်။ ကျွန်တော့်ကို
လှမ်းလင့်နေသော လက်တစ်ဖက်။ လက်ဖဝါးပေါ်ဝယ် မျဉ်းပြိုင်သဖွယ် ဟက်တက်ကွဲလက်ရှဒဏ်ရာများ။ ဒဏ်ရာမှ သွေးတစက်စက်ကျကာ နှင်းတွေသွေးစွန်းကုန်သည်။ ဒဏ်ရာရလက်ကို
ကျွန်တော်ဆွဲယူ ထူလိုက်တော့ ဗြုန်းဆို နှင်းတွေမရှိတော့။ ပန်းသီးစိမ်းလို မြမြ စိမ်းသော မြမြက်ခင်းပေါ်ဝယ် နှစ်ဦးတည်း မတ်တပ်ရပ်လျက်သား။ ကောင်းကင် တခိုဝယ်
တိမ်မျှင်လေးများက ကပိုကရို။ မိုးပေါ်မော့ကြည့်လိုက်တော့ အာကာတပြင် လုံး စွန်ရောင်စုံတွေဖုံးလျက်။ အနီအစိမ်းလိမ္မော်အဝါ အလှတွေက ရောင်စုံဖြာသည်။
I am lost in a snowstorm. The wind shrieks, blow stinging sheets of snow into my eyes. I stagger through layers of shifting white. I call for help but the wind drowns my cries. I fall and lie panting on the snow, lost in the white, the wind wailing in my ears. I watch the snow erase my fresh footprints. I’m a ghost now, I think , a ghost of with no footprints.I cry out again, hope fading like my footprints. But this time, a muffled reply. I shield my eyes and manage to sit up. Out of the swaying curtains of snow, I catch a glimpse of movement , a flurry of color. A familiar shape materializes. A hand reach out for me. I see deep, parallel gashes across the palms, blood dripping, staining the snow. I take the hand and suddenly the snow is gone. We’re standing in a field of apple green grass with soft wisps of cloud drifting above. I look up and see the clear sky is filled with kites, green, yellow, red, orange. They shimmer in the afternoon light.
အလင်းဆက်
June 19, 2012 at 9:01 pm
မူရင်းစာသားနဲ ့ ဘာသာပြန် စာသားတွေကို ထပ်ဆင့် တင်ပြပေးတဲ ့ဆရာမ ကို ကျေးဇူးပါ ။
ရွှေကြည်နဲ ့..ကိုကြီးမောင်ပေ…
တင်ပေးသမျှ အပိုင်းတွေကို အဆက်မပြတ် စောင့်မျှော် ဖတ်ရှု ပေးကြလို လည်းကျေးဇူးပါ ။
အခြား စာဖတ်သူများကိုလည်း..ခင်မင်လေးစားစွာ……
ကြောင်ကြီး
June 22, 2012 at 10:45 am
ဒီနေရာကနေ အတပ်ဟောလိုက်မယ်.. ဟာဆန်တယောက် တာလီဘန်ဖြစ်ရင်ဖြစ် မဖြစ်ရင် အယ်ကိုင်းဒါးဖြစ်သွားရမယ်..။