ခရီးသွားဟန်လွဲ
ခရီးသွားဟန်လွဲ
– သူရဿဝါ –
(၁)
မချစ်ဘူးလားဆိုတော့လည်း
ကိုယ်က လေတိုက်တိုင်းလှုပ်ခတ်တဲ့ သစ်ရွက်အရွယ်
မဟုတ်တော့တာကလွဲလို့ …
(၂)
ညီမလေး အဆာပြေစားပြီး
လွှင့်ပစ်လိုက်တဲ့ ချောကလက်မုန့်ထုပ်အခွံလေးဟာ
ကိုယ် ဖြစ်နေ ။
(၃)
မိန်းကလေးတစ်ယောက်ကြောင့် ပူပန်ရတာချင်းတော့အတူတူပဲ
ဒါပေမယ့် ကိုယ်က
ကြည်သာမောင်ကိုလည်းသနားတယ်
အောင်ဖြိုးဝေကိုလည်းသနားတယ်
(၄)
ကိုယ်နစ်နေတဲ့ရေက တိမ်တိမ်လေး
ဒါပေမယ့် အောက်စီဂျင်တစ်စက်မှပါမလာတဲ့
အခြေအနေ
(၅)
ခုတ်လိုက်တာလည်း ဒီနေရာပဲ
ရှသွားတာလည်း ဒီနေရာပဲ
ထိခိုက်ရလွန်းတော့ ဆံပင်ရော စိတ်ရော မဖြီးနိုင်မသင်နိုင်
ကိုယ့်မှာ ဖရိုဖရဲနဲ့
(၆)
ကိုယ် နာနာကျင်ကျင်လဲကျရတိုင်း
အပျင်းပြေညနေပဲလို့ ညီမလေးက ရယ်မောလေ့ရှိတယ်
အဆုံးမှာ
ဘယ်သူက ဘယ်လိုကွဲကြေသွားမလဲ
(၇)
စိုက်ပျိုးရမလား ရိတ်သိမ်းရမလား
သွေးမထားမိတဲ့ဓါးနဲ့
သံယောဇဉ်ခြုံနွယ်ပိတ်ပေါင်းနဲ့
ကော်ဖီခွက်ထဲက ညနက်နက်တွေ ။ ။
၂ဝ – ဇွန် – ၂၀၁၂
5 comments
maung khinmin
June 20, 2012 at 7:49 pm
အားပေးသွားပါ၏…….
အလင်းဆက်
June 20, 2012 at 8:15 pm
မိုက်တယ်…ဗျ ာ..
မောင်ပေ
June 20, 2012 at 9:25 pm
ကျုပ်အတွက်
ဘီယာခွက်ထဲက
ညနက်နက်တွေ
အချိန်မှန်ရင်
နွားပိန်ကန်သလို
ဖိတ်ခေါ်နေကြမြဲ…။
Zune Phyu
June 21, 2012 at 11:28 am
လွမ်းလို့ညနက်သွားတာလား
ညနက်လို့လွမ်းသွားတာလား
ဝေခွဲရခက်ခက်နဲ့
အလွမ်းနက်နက်တွေ
ကြာခဲ့ပေါ့
awra-cho
June 21, 2012 at 12:54 pm
ကြည်သာမောင်၊
အောင်ဖြိုးဝေ ဘယ်သူတွေ လဲငင်