“ကောင်းမှုမြတ်နိုး၊ကောင်းအောင်ကြိုး၍၊ကောင်းကျိုးကိုယ်၌၊တည်စေမင်း”
(၁၀)တန်းအောင်စာရင်းတွေထွက်ပြီးတဲ့နောက်ပိုင်း ကျမရဲ ့ ဘာသာစကားသင်တန်းကလေး
ကို လာတက်သူတွေနည်းနည်းတိုးလာပါတယ်။ တစ်ချို ့ကတော့ (၁၀)တန်းဖြေထားပြီး
ကတည်းက တက်ထားနှင့်ကြတာပါ။
ဘာသာစကားသင်တန်းတွေဆိုတာလည်း တစ်မြို ့လုံး တအုန်းအုန်းဖွင့်နေပေသကိုး။ သတင်း
စာများဖတ်လိုက်ရင် သင်တန်းတစ်ခုနဲ့ တစ်ခု အားတွေပြိုင်နေလိုက်ကြတာများ ဖတ်ရတာ
အားရစရာကြီး၊ အခုချက်ချင်းကို ဒွတ်ဒက်ရွှတ်ရှက် ပြောနိုင်သွားမတတ်ကြော်ငြာကြပါတယ်။
နေ့တိုင်ကြော်ငြာနိုင်ကြပါတယ်။ ကြော်ငြာခတွေ သိပ်ကုန်မှာပဲနော်လို့ ပြောတော့ ဆရာလုပ်
နေပြီဖြစ်တဲ့ တပည့်တစ်ဦးကပြောပါတယ်။ “တီချာရေ အခုခေတ်က ကြော်ငြာအားကောင်းဖို့
လိုတာ” တဲ့။
ဒီလိုနဲ့ လူသိနည်းလှတဲ့ ကျမရဲ ့ ဘာသာစကားသင်တန်းလေးဟာ မြို ့ရဲ ့ ခပ်ချောင်ကျကျ
တစ်နေရာမှာ တိတ်တဆိတ်လေး ရပ်တည်နေခဲ့ပါတယ်။ အတန်းတက်ဖို့ လာရောက်စုံစမ်းသူ
တွေက တစ်ခါတစ်ရံမှာ ကျမကို စာသင်သူတီချာလို့ မထင်ကြလို့ “ဆရာမရှိလား၊ သွားခေါ်
လိုက်စမ်းပါ” လို့ ပြောတတ်ပါတယ်။
အဲဒီမှာ…ဒီဇာတ်လမ်းစတော့တာပါပဲ။ ဒီဇာတ်လမ်းဆိုတာ ဒီပို့စ်ရေးဖို့ အကြောင်းတရားပေါ်
လာတာကိုဆိုလိုတာပါ။
ဟိုတစ်နေ့ဆီကပေါ့။ ကလေးမလေးတစ်ယောက် အတန်းလာစုံစမ်းတယ်။ ရှင်းပြပေးလိုက်
တယ်။ သူ့ ညီမလေး (၄)ဘာသာဂုဏ်ထူးရှင်တက်ချင်လို့ပါတဲ့။ နောက် တစ်နာရီလောက်ကြာ
တော့ သူ့ညီမလေးကိုခေါ်လာပြီး တက်ဖို့ အတန်းထပ်ညှိပါတယ်။ ဒီလေးလုံးပိုင်ရှင်က အိမ်သန့်ရှင်းရေးလုပ်နေရင်းထ လာရှင်းပြတဲ့ ကျမ ကို အောက်ငုံ့ကြည့်ပုံပေါ်ပါတယ်။
(Look down on me.) အစ်မလုပ်သူကတော့ အားနာနေပုံရတယ်။ ကျမက ဒီစာအုပ်လေး
ဖိုတိုကော်ပီ ကူးထားပေးမယ်ဆိုတာပြောပြီး စာအုပ်လှမ်းပေးတော့ ဒီများပိုင်ရှင်က စာအုပ်ကို
ဖွင့်တောင်မကြည့်ပဲ စားပွဲပေါ်ကို ဘုတ်ခနဲ ပစ်ချပြီး “ စဉ်းစားဦးမယ်” လို့ ခပ်ထန်ထန်ပြန်ပြော
ပါတယ်။ ကျမ စိတ်ထဲမှာ ဒီကလေး စာတော်ပေမဲ့ စာမတတ်ပါလားလို့ စိတ်မကောင်းဖြစ်မိခဲ့
ပါတယ်။
ရှင်မဟာသီလဝံသ ဆုံးမစာမှာ
ရိုင်းစိုင်းနီးကပ်၊ မကိုင်းညွတ်ဘဲ၊ မတ်တတ်တိုး၍ မသွားနှင့်။
စားဖွယ်သောက်ဖွယ်၊ ကပ်သောခါလည်း၊ ချဉ်းလာနီးစေ၊
ခြေစုံနေ၍၊ ရိုသေကိုင်းညွတ်၊ ချဉ်း၍ကပ်။
အသက်ကြီးငယ်၊ ဝါကြီးငယ်ကို၊ လွှဲဖယ်နှိမ့်ချ၊ ရိုတုပ်ကွ။
ကြီးသူခေါ်က၊ ကြွကြွလည်းလာ၊ ဗျာဗျာကျွန်ုပ်၊ ပုဆစ်တုပ်လျက်၊
လက်အုပ်ချီကြွ၊ ပြုကြကုန်။
စသဖြင့် ပါရှိတာဖတ်ဖူးလေ့လာဖူးခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့…
ဘာဆက်လုပ်ကြမလဲ။ ဘယ်သူ့ကိုအပြစ်တင်ချင်နေတာလဲ မိတ်ဆွေရေ။
ကျမတို့ လူမှုဆက်ဆံရေး၊ ယဉ်ကျေးမှုနယ်ပယ်မှာ ဆရာဝတ်၊တပည့်ဝတ်၊လင်ဝတ်၊
မယားဝတ်၊ စသဖြင့် ကျင့်ဝတ်တွေ မှေးမှိန်လာတယ်၊ ပျောက်ကွယ်မှာတောင်စိုးရပါတယ်။
ကျမအမြင်ကတော့ ဒီကျင့်ဝတ်တွေ နေ့ချင်းညချင်း အားနည်းလာတာတော့ မဟုတ်ပါ။
တဖြည်းဖြည်းနဲ့ မလိုက်နာလာကြတာပါ။
ဆိုတော့ ကိုယ်အမူအယာ၊နှုတ်အမူအရာယဉ်ကျေးမှုကျင့်စဉ်တွေဘယ်လိုစောင့်ရှောက်ကြ
ရမယ်ဆိုတာ၊ ဘယ်လိုနားလည်ကျင့်သုံးရမယ်ဆိုတာ၊အားလုံးဝိုင်းဝန်းပါဝင်
အားထုတ်ကြဖို့တော့ လိုအပ်ပြီ ဖြစ်ပါတယ်။ မိဘရော၊ ဆရာဆရာမရော၊
ဆွေမျိုးတွေရော၊ စာအုပ်စာပေကရော၊ ထုတ်လွှင့် ရုပ်သံ ရေဒီယိုမကျန်ပေါ့ရှင်။
ဒါနဲ့ ကျမ မြန်မာ့ယဉ်ကျေးမှုလေးတွေ ရှာရေးချင်စိတ် တောင်ပြို ကမ်းပြိုလာပြန်ရော။
စာအုပ်စင်မွှေနှောက်လိုက်တော့ ၁၃၃၄ခုနှစ် ၊ တပေါင်းလဆုပ် ၄ ရက်၊ ၁၉၇၃ ခု၊ မတ်လ
၂၂ ရက်နေ့ ကန်တော်ကလေး ပညာကြေးမုံ စာပေတိုက်ထုတ် ထူးယဉ်ရေးသားပြုစုတဲ့
မြန်မာ့ယဉ်ကျေးမှုဆိုတဲ့ စာအုပ်ကလေးရှာတွေ့လိုက်တယ်။ လွန်ခဲ့တဲ့ အနှစ်(၄၀)နီးပါးက
ရေးထားတဲ့ စာအုပ်လေးပေမဲ့ ယဉ်ကျေးမှု အတွေးအခေါ်ကောင်းတွေ အများကြီး သယ်
ဆောင်ထားတာတွေ့ရပါတယ်။ ဒီစာအုပ်လေးကို ကိုးကားပြီး ကျမ သိထားတဲ့ ဘဝကပေးတဲ့
ဗဟုသုတတွေ ပေါင်းရေးလိုက်ပါတယ်။
ဒီဆောင်းပါးထဲမှာပဲ စာရေးသူ ထူးယဉ် ( ဆရာလားဆရာမလားမသိပါ) ကို
ကျေးဇူးတင်စကား ဖော်ပြပါရစေ။
ကျမတို့ (၈)တန်း(၉)တန်းလောက်မှာ ရှင်မဟာရဋ္ဌသာရ ဆုံးမစာတို့၊ ကန်တော်မင်းကျောင်း
ဆရာတော်ဆုံးမစာတို့ တွေနဲ့ အတော်ရင်းနှီးနေခဲ့ကြပါပြီ။ဒီလို စာပေတွေထဲမှာပါရှိတဲ့
ဆုံးမစာတွေ၊ နီတိတွေ သိပ်ကို တန်ဖိုးရှိခဲ့ပါတယ်။
ကန်တော်မင်းကျောင်းဆရာတော်ရေးတဲ့ လောကသာရပျို ့ဆိုရင် အမျိုးလေးပါးဆုံးမခန်း၊
မင်းကိုဆုံးမခန်းနဲ့ ပုဏ္ဏားကိုဆုံးမခန်း (၃)ခန်းပါရှိပါတယ်။ အမျိုးလေးပါးဆုံးမခန်း ထဲမှာ
ကာယဗလ၊ဉာဏဗလ၊ စာရိတ္တဗလ၊ နဲ့ မိတ္တဗလတွေ ဖွံ့ဖြိုးဖို့ ဦးတည်ထားပါတယ်။
“ကြားပိမ့်သူမြတ်၊ အများမှတ်စိမ့်။
ဟိတတ္ထိက၊ဩဝါဒဖြင့်၊ ဆုံးမပေးထွေ၊ နားဝင်စေလော့။
နေသို့ထင်ရှား၊ ဘုရားတရားသံဃာ၊ ရတနာထွတ်ထား၊မြတ်သုံးပါးကို
ဦးဖျားထိပ်ထက်၊ အမြဲ ရွက်၍ ၊ စုံမက်သဒ္ဒါ၊ ကြည်စေမင်း။”
ဒီလင်္ကာ အပိုဒ်(၁) ကို ကျမတို့ ငယ်ငယ်က ပြေးရင်းလွှားရင်း နားလည်သလိုလို မလည်သလို
လိုနဲ့ တတွတ်တွတ်ရွတ်ခဲ့ ကြပါတယ်။ နောင်ကျတော့ ဒီဆုံးမစာများနဲ့ ကျမတို့ ယဉ်ပါးနား
လည်ကျွမ်းဝင်လာပြီးမြတ်နိုးရကောင်းမှန်းသိလာခဲ့ကြပါတယ်။
“အသက်ရှည်စွာ၊ အနာမဲ့ကြောင်း၊
ကောင်းလှစေချင်၊ ပဲ့ပြင်နိစ္စ၊ ကွပ်ဆုံးမသား၊
မိဘဆရာ၊ စကားနာ၍ ၊ကျမ်းစာသိမြင်၊ တတ်အောင်သင်လော့။
ပေါ်လွင်မပြု၊ ကောင်းရာတုလျက်၊
ကောင်းမှုမြတ်နိုး၊ကောင်းအောင်ကြိုး၍ ၊
ကောင်းကျိုးကိုယ်၌၊တည်စေမင်း။”
ဒီလင်္ကာ အပိုဒ်(၂) ကို ကျမ အကြိုက်ဆုံးပါပဲ။ ကလေးတွေကို ဆုံးမပေးတိုင်း ကိုးကားပြော
နေရတာပါ။
(၉၆)ပါးသောရောဂါတို့မှ လွတ်ကင်း၍ အသက်ရှည်စေလိုသောကြောင့်၎င်း၊ ကောင်းစေချင်လို့ အစဉ်မပြတ် နှိပ်ကွပ် သွန်သင် ဆုံးမ သော အမိ အဖ ဆရာသမားတို့၏
စကားကိုနားထောင်ပါ။ စာပေကျမ်းဂန်များကို သိမြင်အောင် တတ်မြောက်အောင်သင်ပါလေ။
အပျော်အပါး၊ အမော်အကြွားများမလိုက်ဘဲ ကောင်းရာကောင်းကြောင်းတို့ကို အတုခိုးပါ၊ ကောင်းမှုပြုလုပ်ရန်နှစ်သက်ပါ၊ မိမိကိုယ်ကို ကောင်းအောင်ကြိုးစားကြခြင်းအားဖြင့်
ကောင်းကျိုးချမ်းသာတွေတည်ပါစေ… လို့ ဆုံမထားတာ တကယ့်ကို အနှစ်သာရရှိလှပါတယ်။
အကြိုက်ဆုံးစာသားလေးကတော့ (ကောင်းမှုမြတ်နိုး၊ကောင်းအောင်ကြိုး၍ ၊
ကောင်းကျိုးကိုယ်၌၊တည်စေမင်း) ဆိုတာလေးပါပဲ။
တစ်ယောက်ချင်းစီမှာ ဒီအသိစိတ်လေးတွေ ရှိထားကြမယ်ဆိုရင် အကျင့်သိက္ခာများကို
စောင့်ရှောက်လာကြမယ်၊ ကိုယ်ကျင့်တရားမျာကို သက်ဝင်လိုက်နာလာကြမယ်၊ မိမိနိုင်ငံ
မိမိလူမျိုးရဲ ့ ရိုးရာယဉ်ကျေးမှုအစဉ်အလာ များကို ထိန်းသိမ်း လာကြမှာမဟုတ်ပါလားရှင်။
31 comments
စိန်ဗိုက်ဗိုက်
June 24, 2012 at 3:33 pm
ဪ..
ဒီလေးလုံးရတာနဲ ့ မာန်တက်ပြီး ဒီလေးလုံးဂုဏ်မောက်သွားတာထင်ပါတယ်..
အတန်းပညာအနေနဲ ့ ဂုဏ်ထူးလေးဘာသာ ပိုင်ရှင်ဖြစ်လင့်ကစား..
တစ်ကယ့် လက်တွေ ့ဘဝမှာတော့ မူလတန်းအဆင့်ပဲရှိတယ်ဆိုတဲ့သဘောပေါ့နော..
သနားစရာပါပဲ..တီချယ်ရေ..
များများလေး ဆုံးမပေးပါဦး
ခုခေတ်ခလေးတွေက အတော်ဆိုးဆိုးလေးတွေပါဗျာ..
TTNU
June 24, 2012 at 7:52 pm
မောင်ဗိုက်လေးရေ…
ထုံးစံအတိုင်း ပထမဆုံးလာရောက်ဖတ်သွားသူအဖြစ်
ဂုဏ်ပြုမှတ်တမ်းတင်ပါရစေ။
ဟုတ်တယ်နော်။ကလေးတိုင်းတော့မဟုတ်ပါဘူး။
ဦးရေများသွားမှာကို တီချာတို့ စိတ်ပူတာပါ။
ဗိုက်လေးရေ … တစ်ခါတစ်လေကျတော့လည်း မြေစာပင်လေးတွေ
ဆိုပြီးသနားမိပါတယ်။ ဆက်တွေးတော့လည်း မြေစာပင်က အသိစိတ်မရှိ၊
ဒင်းတို့က အသိစိတ်ရှိပါရက်နဲ့မို့။ 😈
မဟာရာဇာ အံစာတုံး
June 24, 2012 at 3:57 pm
ဒီလေးလုံးပိုင်ရှင်ရဲ့ မာနကလည်း
ကြောက်စရာကြီးပါလား …
ပညာရှာ ပမာသူဖုန်းစား ဆိုတဲ့ စကားကို မသင်ခဲ့ဖူးဘူး ထင်ပါရဲ့ဗျာ …
တီချယ်ကြီးရေ ..
တီချယ်ကြီး ကြိုက်တယ်ဆိုတဲ့ လင်္ကာလေးကို ကျနော်လည်း ကြိုက်တယ်ဗျ ..
အဲ့လင်္ကာကို ငယ်ငယ်လေးတည်းက ရွတ်လို့ ကောင်းလို့ဆိုပြီး ..
ကျက်ထားခဲ့တာ …
TTNU
June 24, 2012 at 7:56 pm
မောင်အံစာရေ…
ပညာရှာ ပမာသူဖုန်းစား ကသူတို့ကိုယ်သူတို့မမြင်ဘူးကွဲ့။
ငွေပေးသင်ရတဲ့ ဆရာဆရာမကို ဒီလိုမမြင်ရင် ကံကောင်းပါ့တော်။
ပညာကို ငွေနဲ့လဲလို့ရတယ်မြင်တာလေ။
ကောင်းမှုမြတ်နိုး..လင်္ကာလေးက အနှစ်သာရရှိတယ်နော်။
pooch
June 24, 2012 at 4:53 pm
ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ ရုပ်ဝတ္ထုတိုးတက်မှုနဲ့ ပြောင်းပြန်အချိုးကျတာ အထက်တန်းကျတဲ့ စိတ်ယဉ်ကျေးမှု ( moral intergrity) လို့ ပြောကြတယ် တီချယ်။
တခါတခါမှာ ယဉ်ကျေးမှုဆိုတိုင်း ဝါးလုံးရှည်နဲ့ရမ်းပြီး ခေတ်နောက်ပြန်ဆွဲတဲ့အထဲ ထည့်ပြီး ငြင်းလေ့ရှိကြတယ်။
သိပ်မကြာခင်က ဦးမိုးညိုတင်တဲ့ အေရှန်တွေရဲ့ စစ်တမ်းမှာ အရှေ့တိုင်းမိဘတွေရဲ့ လူနေမှု တအိမ်ထောင်စနစ်တွေ ၊ မိဘရဲ့ သွန်သင်ဆုံးမမှုကို အခရာကျတယ်လို့ အကောင်းဘက်က မြင်ခဲ့ကြပါတယ်။ အရှေ့တိုင်း ဓလေ့ယဉ်ကျေးမှုလွှမ်းမိုးတဲ့ အေရှန်တွေဟာ အဖြူတွေထက် ပိုမိုမြင့်မားတဲ့ ဝင်ငွေတွေ ရှိသလို ဘဝမှာလည်း အောင်မြင်ခဲ့ကြတယ်ဆိုတာ အဲ့ဒီစစ်တမ်းက သက်သေထူခဲ့ပါတယ်။
TTNU
June 24, 2012 at 8:11 pm
မPooch ရေ…
ရုပ်ရောနာမ်ရောမျှတစွာတိုးတက်ရင်တော့ကောင်းတာပေါ့ကွယ်။
ပြီးတော့ ဝါးလုံးရှည်နဲ့ရမ်းပြီး ခေတ်နောက်ပြန်ဆွဲတဲ့ လူတွေမှာ နဂိုကတည်းက
ယဉ်ကျေးမှုမရှိ၊ မသိကြတာဖြစ်မှာပါနော်။
ပြီးတော့လေ မPooch ပြောတဲ့ (မိဘရဲ့ သွန်သင်ဆုံးမမှုကို အခရာကျတယ်)ဆိုတာ
ငြင်းစရာမမြင်ပါဘူး။ ဒါပေမဲ့ မ Pooch ရောက်ဖူးတဲ့ စာသင်ခန်းတစ်ခုထဲက
Motto လေးတစ်ခု နဲ့ အနည်းငယ် ကွာဟမလားပဲ။ ဒီ Motto လေးကတော့
” အမေ ဘယ်လိုသိပ်သိပ် ကိုယ်အိပ်မှ ပျော်မယ်” တဲ့။ 😀
စိန်ဗိုက်ဗိုက်
June 24, 2012 at 8:16 pm
Tချယ်ကြီးခင်ည
” အမေ ဘယ်လိုသိပ်သိပ် ကိုယ်အိပ်မှ ပျော်မယ်” တဲ့။ ဆိုတာလေးကို ထောက်ခံသွားပါတယ်..
ဘယ်လိုမှ မအိပ်တဲ့ အုဗိုက်
😀
water-melon
June 24, 2012 at 5:03 pm
ဆရာမကြီးချင့်
ခုခေတ်က လူငယ်တွေက လူကြီးလည်းလူကြီးမှန်းသိတာမဟုတ်ဘူး
ငွေရှိတဲ့လူငယ်တွေပိုဆိုးတာပေါ့
မိဘက မြောက်ပေးတော် ဘဝလေဟပ်နေတာပါ
ယဉ်ကျေးမှုဆိုတာရေ သိမယ်မထင်ပါ
ဂုဏ်ငွေမာနတွေပကာသနတွေက…….
TTNU
June 24, 2012 at 8:25 pm
ဖရဲရေ..
မောင်ရင်ကတော့ လိမ္မာမယ်ဆိုတာ ကျုပ် အပွေးမြင် အပင်သိလိုက်ပါတယ်။
ဂုဏ်၊ငွေ၊ပကာသန တွေကြောင့် ကလေးတွေ ရမ်းကားကုန်ကြတာ စာမဖတ်ကြလို့
ထင်ပါရဲ ့ကွယ်။
သားဦး၊မြေးဦး
June 24, 2012 at 5:29 pm
တီချယ်နုေကောင်းလေလို စိတ်နေစိတ်ထားက ဘာသာစုံဂုဏ်ထူးထွက်ရင်
တယ်မလွယ်တော့ဘူးဗျာ။ဘာမှ မဟုတ်တဲ့ ဘဝတစ်ဆစ်ချိုးရလဒ်လေး
အပေါ် သာယာ မောက်မာနေတာပါ။
တီချယ်ရေ ဒီနှစ် တော့ ကျနော့်တပည့်လေးတွေ ထဲက ဂုဏ်ထူးရှင်တွေ တော်
တော်ထွက်ပါတယ်။(၆)ခု တစ်ယောက်၊(၄)ခုတစ်ယောက်၊(၃)ခုတစ်ယောက်ပါ။
ကျနော့်တပည့်တွေ အကြောင်း ကပ်ကြွားခွင့်ပြုပါနော်။
တီချယ်နုကို လေးစားလျှက်
သန်းထွဋ်ဦး
TTNU
June 24, 2012 at 8:32 pm
ကိုသန်းထွဋ်ဦးရေ…
စာသင်တာလား။
ဒါဆို ဆရာ သန်းထွဋ်ဦးလို့ခေါ်ရမှာပေါ့။
ဂုဏ်ထူးရှင်များရဲ ့ဆရာကို Congratulations! ပါနော။
သားဦး၊မြေးဦး
June 24, 2012 at 10:00 pm
တီချယ်နုရေ ကျေးဇူးပါခင်များ။တီချယ့်ပို ့စ်အတွက်(၅)ချောင်းမြောက်လက်မလေး
ထောင်သွားပါ၏။
MaMa
June 24, 2012 at 7:10 pm
တီချယ်ရေ-
ဆရာ/မ ဆိုတာ ကိုယ့်ကို ပညာသင်ပေးတာမို့ အနန္တော အနန္တ ငါးပါးထဲထည့်ပြီး ရိုရိုသေသေ လေးလေးစားစား ဆက်ဆံခဲ့ကြတယ်။
ခုခေတ်မှာတော့ ကလေးတွေက ဆရာ/မ တွေကို ငွေပေးပြီး သင်တယ်ဆိုတဲ့ စိတ်နဲ့ ရိုသေလေးစားမှုတွေ ပျောက်နေကြတယ်။
အံ့ဩစရာ ကောင်းလောက်အောင် ခေတ်ကြီးက ပြောင်းလဲသွားတယ်။
ငယ်ငယ်က ဆရာမဖြစ်ချင်ခဲ့တဲ့ ဘဝအိမ်မက်က ခုခေတ်ကြီးမှာတော့ ကြက်ပျောက်ငှက်ပျောက် ဖြစ်သွားပြီ။ 🙁
TTNU
June 24, 2012 at 8:39 pm
မမရေ…
တီချာတို့ မဆုံကြတာကြာပြီလိုပဲနော်။
မမရေ ယဉ်ကျေးမှုရှိနေသေးတဲ့ ကလေးတွေကတော့
ချစ်စရာကောင်းနေဆဲပါ။
မ တစ်ထောင်သားသမီးတွေဆိုတော့လည်း
စိတ်အထွေထွေပေါ့ကွယ်။
တီချာလည်းတစ်ခါတစ်လေ စာသင်တာနားချင်ပြီလိုလိုပဲ။
စာမသင်ရင်လည်းအထီးကျန်သလိုဖြစ်နေမှာစိုးတာနဲ့။
အခုတော့ အတန်းတွေတော့ လျှော့ထားပါပြီ။တရားပိုထိုင်ဖြစ်အောင်ပါ။
ခက်တာကလည်း သိထားတာလေးတွေပြောပြနေချင်သေးတဲ့
စွဲမက်နေသေးတဲ့စိတ်ပေါ့နော။ “ချင်” တွေပေါ့။ 🙂
Mလုလင်
June 24, 2012 at 7:16 pm
“မပြည့်တဲ့အိုး” လို့သာ နံမည် တပ်ချင်ပါတယ် မာမီကြီးရေ။ ဒီလေးလုံး ကလေးမ ကို တက္ကသိုလ်ဝင်တန်း ကို ဒဂုံ ၁ မှာထားလိုက်ရင် .. ခုနေဆို .. ၄ လုံးထဲ (ထဲ) .. ဆိုပြီး ဖြစ်နေမှာပါ။ “မာန်” ဆိုတာလေး ဖြစ်သွားတာပေါ့။ တောက်တဲ့ကို ဒင်္ဂါး ဆင်လိုက်သလိုပါပဲ။ ဘယ်လောက် ထောင်လွှား၊ထောင်လွှား ..အမြဲတမ်း မထောင်လွှား၊ မမောက်ကြွား နိုင်ဘူး ဆိုတဲ့ လောကဓံ တရားနဲ့ တွေ့ရင် ပြုံး နေနိုင်ပါစေ လို့ ဒီကလေးမ အတွက် ဆုတောင်း ပေးပါတယ်။ မာမီ ကြီးရေ။
လောကဓံ နဲ့ နပန်းလုံးနေရသူ
Mလုလင်
TTNU
June 24, 2012 at 8:50 pm
မောင်လုလင်ရေ…
လောကဓံတရား ဤရှစ်ပါး
ဘုရားသော်မှ ငြင်းမရ
မင်းကဘာမို့လို့လဲ … လို့ ဆရာကြီးဦးသုခ ရေးတာဖတ်ဖူးတယ်သားရေ။
မောင်ရင်က လောကဓံ နဲ့ နပန်းလုံးနေရသူ ဆိုသလား။
တီချာတို့ဖြင့် နပန်းရော၊ ဂျူဒိုရော၊ ကရာတေးရော၊
ဆူမိုရော အကုန်ကိုင်ရတာပါတော့။ ကြာတော့ လောကဓံကပြောတယ်။
နေဦး ဘွားတော်၊ ငါလေ့ကျင့်လိုက်ဦးမယ်တဲ့။ 😛
MaMa
June 25, 2012 at 8:24 am
တီချာ့ ကွန်မန့်ကို သဘောကျလို့ တီချာကြီးကို လောကဓံကို အနိုင်ယူသူ လို့ နာမည်ပေးချင်မိသွားတယ်။ 🙂
မောင်ပေ
June 24, 2012 at 7:19 pm
ဆရာမကြီး ခင်ဗျ
ဒါတောင် အင်တာနေရှင်နယ်စကူးတွေကနေ ပြီးလာတဲ့ ကလေး မဟုတ်သေးဘူးနော…
အခုခေတ် အင်တာနေရှင်နယ် စကူးတက်နေတဲ့ ကလေးတွေဆို ၊ ဘယ်လောက် ယဉ်ကျေးသိမ်မွေ ့လိုက်မလဲ ၊ စဉ်းစားသာကြည့်တော့…
ဟူး… ရင်မောလိုက်တာဗျာ
TTNU
June 24, 2012 at 8:53 pm
မောင်ပေရေ…
ရင်မောစရာပါကွယ်။
သားသမီးတွေများများမွေးပြီး အဲလို ဂျစ်သိုးတွေဆိုရင်
သေပြီဆရာ။
Moe Z
June 25, 2012 at 10:22 am
ကိုပေရေ မိဘအပေါ်မှာအများဆုံးမူတည်ပါတယ်ရှင်..
အဖြူအစိမ်းနဲ့ စီးကရက်လက်ကြားညှပ်ပြီး ဆရာ/မတွေကိုထီမထင်သလိုကြည့်တတ်တဲ့ကလေးတွေရှိသလို ..
ရှူးဖိနပ်စီး ဘောင်းဘီဝတ်ပေမယ့် ဆရာ/မတွေရှေ့ကဖြတ်ရင် ခေါင်းလေးငုံ့သွားတဲ့ကလေးတွေလည်းရှိပါတယ်
တီချာရေ လက်မလေးထောင်သွားပါတယ်
ဟိတ်ဟန်အပြည့်နဲ့မနေတတ်ပေမယ့် ပညာပြည့်ဝတဲ့၊
တပည့်တွေကို ဆရာစားမချန် မေတ္တာစေတနာအပြည့်နဲ့ သင်ပေးခဲ့တဲ့
ဆရာ/မတွေကို ရိုသေလေးစားလျက် …
ရွာစားကျော်
June 24, 2012 at 9:06 pm
ကျနော်တို့ တိုင်းပြည်ရဲ့ အနာဂတ်လေးတွေ…
ဆယ်ယောက်မှာ အဲဒီကလေးလို တစ်ယောက်မရှိတတ်ပေမယ့်
ရင်တော့ အလေးသားးးး…
TTNU
June 24, 2012 at 9:24 pm
အခုတော့အတည်ပေါက်။ဟိုဖက်မှာတော့
(နင်ဟာ အရှုံးတွေထဲမှာ မျောနေခဲ့သူ ငါ့ကို (တစ်)ဆယ် (ပေး)ရင်း..
မျှော်လင့်ခြင်း(သူကြီးဆီက တသိန်း)ကို ငါ့ရင်ဘတ်မှာ တံဆိပ်လိုကပ်ရင်း..) 😆
စတာပါကိုရွာစားကျော်ရေ။
ဟုတ်တယ်နော်၊ ရင်လေးပေမဲ့ ကိုယ်လုပ်နိုင်တာ အားစိုက်ကြည့်ကြရမှာ
တီချာတို့ အားလုံးရဲ ့ တာဝန်မဟုတ်လားကွယ်။
kotun winlatt
June 24, 2012 at 10:05 pm
လူငယ်တွေ ယဉ်ကျေးလာဘို့ရာ..ဘယ်သူတွေမှာတာဝန်ရှိနေသလဲ..
ဆရာညီမင်းညိုကတော့ ရသစာပေကျဆုံးခြင်းကြောင့်
လူငယ်တွေဟာ ရိုင်းမှန်းမသိအောင်ကို ရိုင်းနေကြတယ်လို့ပြောပါတယ်..
တာဝန်အရှိဆုံးကတော့ မိဘတွေပါတဲ့ခင်ဗျားး
ဖိုးထောင်
June 24, 2012 at 10:06 pm
သာဓုပါတော်
အရီး Khin Latt
June 25, 2012 at 2:36 am
တီချယ်ကြီးရှင့်
တန်ဖိုး ရှိတဲ့ သတိပေး ဆုံးမစကား လေးတွေ အတွက် ကျေးဇူးတင်ပါတယ်။
ကိုယ်က သားသမီး ဘဝ မှာ ရော၊ မိဘ ဘဝ မှာပါ နေရတာမို့ သားသမီး နဲ့ မိဘ စိတ်ဓာတ် ရေးရာ အပြန်အလှန် ရောင်ပြန်ဟပ်တာ မျိုး ကိုလဲ ကြုံဘူးပါတယ်။
တစ်ခါတစ်ခါ မိဘ ဆုံးမ နေတဲ့ ကြားက သူငယ်ချင်း ပါတ်ဝန်းကျင် အရောင် နဲ့ ပြောင်းသွားတတ် တာလဲ ကြုံဘူးပါတယ်။
တီချယ် ပြောတဲ့ Motto လေး ကို သဘောကျမိတယ်။
“အမေ ဘယ်လိုသိပ်သိပ် ကိုယ်အိပ်မှ ပျော်မယ်” ဆိုတာ။
တီချယ်ကြီး
တစ်ချို့ အမေ တွေ က ကလေးတွေ အလွယ် အိပ်အောင် နို့ထဲ ကို ဘာမီတွန် ထည့်တိုက် တဲ့ ဇာတ်လမ်းတွေ လဲ ကြားဘူးတယ်။ 😀
“ကောင်းမှုမြတ်နိုး၊ကောင်းအောင်ကြိုး၍ ၊ ကောင်းကျိုးကိုယ်၌၊တည်စေမင်း” စကားစု လေးကို ပြန်နွေး ပြီး ရင်ထဲ ထည့်သွားပါတယ် ရှင့်။ 🙂
ရဲစည်
June 25, 2012 at 9:37 am
လူငယ်တွေတော်တော်များများက ရုပ်ဝတ္ထုဆိုင်ရာ လွှမ်းမိုးမှုများတဲ့ အတွက် အမြင်နဲ့ခဏ ဆုံးဖြတ်တတ်ကြပါတယ်။အသက်လဲငယ် ဘဝအတွေ့အကြုံလဲ နုနယ်သမို့ ဒီလိုမျိုးဖြစ်တယ်လို့ဘဲ ပြောပါရစေ နောက်တခုက သူရဲ့ပတ်ဝင်းကျင်မှာက အင်္ဂလိပ်စာသင်တဲ့ကျောင်းဆိုတာ သူထင်ထားတဲ့ ပုံစုံနဲ့ ကွာဟနေလို့များလား တွေးမိပါတယ်။ ဒါပေမဲ့ အဆုံးသတ် မှတ်ချက်ပေးရရင် ဒီကလေးမလေး(မိန်းကလေး) ဖြစ်လို့ ရိုင်းတယ်လို့ဘဲ ပြောရမှာပါ။ သူ့အမလုပ်သူကလဲ ကောင်းစွာရှင်းပြ သင့်ပါတယ်။
ကျနော် ငယ်ငယ်က အတွေ့အကြုံလေးပါ ကျနော် ကိုးတန်းတက်တော့ အင်္ဂလိပ်စာ စပီးကျူရှင် သဘောမျိုးယူပါတယ်။ ကျနော် သွားသင်တဲ့ ဆရာက ကွမ်းအလွန်စားပါတယ် လူလတ်ပိုင်းပါဘဲ ဘာမှဟိတ်ဟန်လဲ မရှိပါဘူး နောက်ကျောင်းစာကိုဘဲ အဓိက ထားသင်တဲ့ သူမဟုတ်ပါဘူး ဆိုတော့ ကျနော့်သူငယ်ချင်းတွေနဲ့ ကျနော့်ပတ်ဝင်းကျင်က ဝေဖန်ပါတယ် အမျိုးမျိုးပေါ့ ကြာတော့ ကျနော်မခံနိူင်လို့ ဆရာကို တိုက်ရိုက်မေးပါတယ် ( ကွမ်းစားတဲ့ကိစ္စ၊ ကျောင်းစာကို နှုတ်တိုက်မသင်တဲ့ကိစ္စ ) ဆရာက တခွန်းဘဲ ပြန်ပြောပါတယ် နောက်တလလောက် သည်းခံပီး တက်ပါ ပြီးရင် သေချာပြန်စဉ်းစားပါတဲ့ ကိုယ့်ဆုံးဖြတ်ချက်အတိုင်း သင့်တော်ရာ ရွေးပါတဲ့…..
ကျနော် ၁လ မက သုံးနှစ် (ဆယ်တန်းဖြေပီးတဲ့) ဆက်တိုက် တက်ဖြစ်ခဲ့ပါတယ်။ အဲဒီနှစ်က အင်္ဂလိပ်စာ ဂုဏ်ထူးလဲ ရခဲ့ပါတယ်
ဒီနေ့အထိ သူ့ရဲ့ သင်ပြမှုတွေ ဘာသာရပ်အပေါ် ချဉ်းကပ်မှု လမ်းကြောင်းတွေက ကျနော့် အတွက် အသုံးဝင်ခဲ့ပါတယ် ကျေးဇူးလဲ မမေ့ခဲ့ပါဘူး။ ခုတော့ ဆရာက မလေးရှားရောက်နေလို့ တွေ့ခွင့် မကြုံတာ ကြာပါပီ……………………………………
ဆိုတော့..
ခုခေတ် လူငယ်တွေ အတွ့အကြုံ မရင့်ကျက် နုနယ်သေးတယ် ဆိုရင်တောင် ပညာရှာတဲ့ အပိုင်းမှာ အတွေးအမြင်နဲ့ ရွေးချယ်မှု မှန်ကန်ပါစေလို့ ဆုတောင်းပါတယ်
TTNU
June 25, 2012 at 9:30 pm
ကိုရဲစည်ရေ…
စိတ်ဝင်တစားနဲ့ ကိုယ်ပိုင်အတွေ့အကြုံလေးတင်ပြဆွေးနွေးသွားတဲ့အတွက်
ကျေးဇူးတင်ပါတယ်ရှင်။
ဆရာတစ်ယောက်ယောက်ကို ပုဂ္ဂိုလ်ခင်သွားရင်လည်းတရားမင်တတ်တာ
ကျမတို့ တွေ့ကြုံရတတ်ပါတယ်။
ကိုရဲစည်ပြောသလို လူငယ်တွေ အတွ့အကြုံ မရင့်ကျက် နုနယ်သေးတယ် ဆိုရင်တောင် ပညာရှာတဲ့ အပိုင်းမှာ အတွေးအမြင်နဲ့ ရွေးချယ်မှု မှန်ကန်ကြဖို့ ကျမတို့ ဆရာ/မ၊မိဘ၊
စာပေ၊မီဒီယာ၊ စသဖြင့် ကဝိုင်းဝန်းလွန်းမကဝိုင်းဝန်းပေးနိုင်မှ တော်ရုံကျမှာပါရှင်။
အော်စကားမစပ်၊ ကိုရဲစည်ရဲ ့ ဆီလျော်တဲ့ ဝေဖန်ဆွေးနွေးမှုလေးအတွက် အကောင်းဆုံး
ဝေဖန်ချက်အနေနဲ့ ရွေးချယ်ပါရစေ။
မေတ္တာဖြင့်
တီချာနု
weiwei
June 25, 2012 at 9:53 am
တီချာကြီးပို့စ်ဖတ်ပြီး အမျိုးမျိုးတွေးနေမိပါတယ် …
လောလောဆယ် ကျွန်မလဲ ဆရာမလုပ်ဖြစ်နေတယ် … ရင်ထဲမှာ စေတနာတွေအများကြီးထားပြီး ဖြစ်စေချင် တတ်စေချင်တဲ့ဆန္ဒတွေ လွန်လွန်ကဲကဲနဲ့ပေါ့ … ဒါပေမယ့် ခေတ်ကာလအခြေအနေက အခု တီချယ်ကြီးပို့စ်ထဲမှာလိုပဲဖြစ်နေပါတယ် ….
ဆယ်တန်းမှာ all D လောက်ထွက်ခဲ့တဲ့ကလေးတွေက သူတို့ပဲ ပိုတတ်တယ်လို့ ထင်နေကြတယ် …
တီချယ်ကြီးကို ထောက်ခံရင်း အတွေးနယ်ချဲ့နေမိပါကြောင်း ….
ကြောင်ကြီး
June 25, 2012 at 10:59 am
အဲလိုဟာမျိုးလေးတွေ ရလာမှာစိုးလို့ကို အိမ်ထောင်မပြုဗဲနေဒါ….။ ပုရှ်ဂလေးနဲ့ မိုးစက်လေးတို့ ဆိုရင်တော့ တမျိုးပေါ့လေ.. ရွာသူား အချင်းချင်းဗဲဟာ…သူတို့ဂျင်း ကျေနပ်ရင်ပီးရော။ အခြားဟာတွေဂိုဒေါ့ ကန်တော့ပွဲနဲ့ လာပေးတောင် ယူဗူး..ဂယ်ပျောဒါ။ 🙄
kyeemite
June 25, 2012 at 3:30 pm
ဆရာမကြီးအဖြစ်အပျက်ကိုကြားရတော့
ငယ်ငယ်ကဖတ်ဖူးတဲ့..ဦးဖိုးကျားရဲ့
အခမဲ့ကူလီထမ်းခြင်းအကျိုး ထဲကကောလိပ်ကျောင်းသားကို
သွားသတိရမိပါတယ်…လေးစားပါတယ်ခင်ဗျား…
TTNU
June 25, 2012 at 9:18 pm
တာဝန်အရှိဆုံးကတော့ မိဘတွေပါတဲ့ခင်ဗျားဆိုတဲ့ကိုထွန်းဝင်းလတ်ရေ…
ဟုတ်ကဲ့၊ မှန်ပေမဲ့ တကယ်တန်း ငပေလေးတွေမွေးမိရင် အဲဒီ မိဘ
သက်ငင်ပြတ်ပြီမှတ်ပေတော့။
တာဝန်တွေဘယ်လောက်ရှိရှိ၊ ဘယ်လောက်ကျေကျေ၊ အဆင်မပြေတာမို့ ရင်စီးခံကြရပါတယ်။
ဒါပေမဲ့ ကိုထွန်းဝင်းလတ်ရေ… သတင်းစာထဲမှာ အမွေပြတ်ကြော်ငြာပါလာရင် ကျမ သိပ်
စိတ်ဆိုးမိတယ်။
မိုးစက်ရေ…
ဘယ်ကျောင်းကဖြစ်ဖြစ် လိမ္မာချင်တဲ့ ကလေးက လိမ္မာတာပါပဲနော်။
မလတ်ရေ…
(တစ်ချို့ အမေ တွေ က ကလေးတွေ အလွယ် အိပ်အောင် နို့ထဲ ကို ဘာမီတွန် ထည့်တိုက် တဲ့ ဇာတ်လမ်းတွေ လဲ ကြားဘူးတယ်) ဆိုလို့ တစ်ခုသွားသတိရမိတယ်။ ငယ်ငယ်တုန်းက ကြီးဒေါ်
တစ်ယောက်ပြောဖူးတာပါ။ဟိုခေတ်ကဘိန်းမည်းပေါတာလေ။ သူတို့အရပ်ထဲက ဘိန်းစားမိန်းမက
လုပ်စားရတာအဆင်မပြေ၊ ကလေးကငို၊ သေးကစိုဖြစ်နေတော့ စိတ်ရှုပ်ပြီး သူ့ယောင်္ကျားစားတဲ့
ဘိန်းနည်းနည်းယူခွံထားလိုက်တာတဲ့၊ ကလေးမှာ ဘိန်းစွဲသွားပါရောတဲ့။ ရိုက်ချင်လိုက်တာနော်။
ဝေရေ…
အဲဒီလို ငါသာငါထက်မာန်တက်တဲ့ လူငယ်တွေနဲ့တွေ့ရင် စိတ်မချမ်းသာသလောက် သိပ်ချစ်စရာ
ကောင်းပြီး ကြိုးစားအားထုတ်လိမ္မာတဲ့ ကလေးတွေတွေ့ ပြန်တော့လည်း တီချာတို့မှာ
အမောပြေရပြန်ရောနော။
ကိုကြီးကြောင်…
တကယ့်ကိုအပြင်မှာ လူလွတ်ဆိုရင်တော့ ချိုသောအကြံပေးပါရစေ။ ဘဝကို ဘာမှ မကြောက်ဘဲ
ရဲရဲရင်ဆိုင်ပါ။ ကန်တော့ပွဲအထိစောင့်မနေပါနဲ့။ 😛
ကိုကြီးမိုက်ရေ…
အခမဲ့ကူလီထမ်းခြင်းအကျိုးထဲက ကောလိပ်ကျောင်းသားကို ငယ်ငယ်တုန်းက
သိပ်မုန်းတာတော့။ ကဲလိုက်တာဆိုပြီးတော့လေ။ အခုခေတ်မှာတော့ အားလုံးနီးပါး
ကဲနေကြတာပါလေ။