ရှင်မုတ္ထီးဘုရား (ထားဝယ်)
ရှင်မုတ္ထီးဘုရားသည် ထားဝယ်မြို့ကနေ ငါးမိုင်ခန့်အကွာ ထားဝယ်-မြိတ်ကားလမ်းပေါ်တွင် တည်ရှိပါသည်။ လွန်ခဲ့တဲ့ ၁၄ နှစ်တုန်းကတစ်ကြိမ် ရောက်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက ထူးထူးခြားခြား ခေတ်မှီခဲ့တဲ့ ဘုရားတစ်ဆူအနေနဲ့ အမှတ်တရဖြစ်ကျန်ခဲ့ပါတယ်။ ယခုအချိန်မှာတော့ တခြားမြို့များမှ စေတီပုထိုးများလည်း အလွန်သပ္ပါယ်နေပြီမို့ သိပ်မကွာတော့ပါဘူး။ ဒါပေမယ့် လက်ရာတစ်မူထူးခြားတဲ့ ရှင်ကိုးရှင်ဘုရားထဲမှ တစ်ဆူဖြစ်တဲ့ ရှင်မုတ္ထီးဘုရားကို ဖူးမျှော်နိုင်အောင် တင်ပေးလိုက်ပါတယ်။
ဘုရားသမိုင်းကို သိရှိလိုသူများအတွက် စာရေးဆရာ ရွှေဝယ်ဧ ရေးသားသည့် ထားဝယ်ရာဇဝင်သမိုင်းစာအုပ်ထဲမှ ကူးယူဖော်ပြပေးလိုက်ပါတယ် ….
ရွှေမုတ္ထီး ဘုရားသမိုင်း
ကောဇာသက္ကရာဇ် ၉၃ဝ (တစ်စောင်သောရာဇဝင်၌ ၈၀ဝ ပြည့်နှစ်) လွန်၍ မင်း ၆၆-ဆက် ရောက်လတ်သောအခါ သိဟိုဋ္ဌ်ကျွန်းကို အစိုးရတော်မူသော “ မဟာနာမင်း ” လက်ထက် အရှင်မဟာအရဟံ ရဟန္တာထေရ်မြတ်ကြီးသည် ကြီးစွာသော ဓမ္မသံဝေဂ ဖြစ်တော်မူသည်မှာ –
“သုံးလောက ဘဂဝါ အစိန္တေယျာ၏ သာသနာတော် ငါးထောင်တည်သမျှ ကာလပတ်လုံး မည်သည့် တိုင်းပြည် မြို ့ရွာ၌ ဘုရားသာသနာ တည်ထွန်းပါအံ့နည်း ” ဟု ဆင်ခြင်တော်မူသည်ကို သိကြားမင်း သိတော်မူ၍ မဟာထေရ်ကြီးထံ ချဉ်းကပ်ပြီးလျှင် –
“ အရှင်ဘုရား အဘယ်ကြောင့် ဓမ္မသံဝေဂ ဖြစ်တော်မူပါသနည်း။ ”
“ သိကြားမင်း – မြတ်စွာဘုရား သာသနာတော် ငါးထောင်တည်သရွေ ့ ကာလပတ်လုံး ရှင်တော် ဗုဒ္ဓသာသနာတော်သည် ရှည်ကြာအမြဲတည်အံ့သော မြို ့ရွာဒေသကို သိလိုသောဆန္ဒ အားကြီးလှ၍ ဓမ္မသံဝေဂ ဖြစ်ပါသည်။ ”
“ အရှင်ဘုရား စိုးရိမ်တော်မမူပါနှင့်၊ ဟိမဝန္တာ၌ ပေါက်ရောက်သော သရက်ခံနှစ်ကို ဤဘဒ္ဒကမ္ဘာဝယ် ပွင့်တော်မူပြီးသော ကကုသံ၊ ကောဏာဂုံ၊ ကဿပ၊ ဂေါတမဘုရား ၄-ဆူ ရုပ်ပွားတော်နှင့် သဏ္ဌာန်အတူ ထုလုပ်တော်မူ၍ သရီရဓါတ်သွင်းတော်မူပြီး ကျောက်ကမ္ပည်းထုလုပ်လျက် မဟာဗောဓိပင်အစစ်မှ ၄-စေ့သော ဗောဓိစေ့ကို ပျိုးလိုက်၍ ၄-ဌာနဒေသ သာသနာတော်တည်ရာသို့ ကြွတော်မူပါဘုရားဟု အရှင်မြတ်နှင့်တကွ ရဟန္တာအပေါင်းတို့သည်လည်းကောင်း၊ ဘုရားတပည့်တော်တို့သည်လည်းကောင်း သစ္စာအဓိဌာန်ပြုတော်မူပြီး လွှတ်တော်မူပါလျှင် ထို့ကြောင့်ကြခြင်းသည် ကင်းပါမည်ဘုရား ” ဟု သိကြားမင်း လျှောက်လေ၏။
၁။ အရှင်မဟာအရဟံ ရဟန္တာအရှင်မြတ်သည်
ရုပ်ပွားတော်မြတ်လေးဆူတို့အား
ဓါတ်တော်သွင်းပြိး သစ္စာအဓိဌာန်ပြု၍ မျှောလွှတ်တော်မူခြင်း
အရှင်မဟာအရဟံ ရဟန္တာအရှင်မြတ်သည် အလွန်ဝမ်းမြောက်တော်မူ၍ သရီရဓါတ်တော် ၄-ဆူ ထုတ်ပေးပြီး သိကြားမင်းအား စီရင်စေ၏။
ယင်းအကြောင်းကို မဟာနာမမင်းကြီးအား ကြားစေလေလျှင် မင်းကြီးသည် မှူးမတ်ပြည်သူ လူထုအများ နှင့် စည်းဝေးတိုင်ပင်ပြီး သရက်ခံနှစ်ကို ရုပ်ပွားတော် ၄-ဆူ ထုလုပ်၍ “ သင်္ကန်းတုံး၊ ပိတောက်တုံး၊ လက်ပံတုံး၊ ပျဉ်းမတုံး ” များပေါ်တွင် ကျောက်စာကမ္ပည်း ရိုက်ကာ ထီးဖြူတစ်စင်းစီ စိုက်၍လည်းကောင်း၊ ရွှေဖျဉ်းအိုးငယ် တစ်လုံးစီတွင် ရွှေမြေထည့်၍လည်းကောင်း အသင့်ထားရှိလေ၏။
သိကြားမင်းသည် စတုမဟာရဇာ် နတ်မင်းကြီး ၄-ပါးတို့အား ရုပ်ပွားတော်တစ်ဆူစီ ကိုင်စေ၍ မိမိမှာမူကား မဟာဗောဓိစေ့ ၄-စေ့ တို့ကို ကိုင်၍ တူရိယာငါးပါးဖြင့် တီးမှုတ်လျက် နတ်သား၊ နတ်သမီးအပေါင်း ခြံရံ၍ သန်းခေါင် ကျော်အချိန်ဝယ် လာရောက်၍ မဟာထေရ်ကြီးထံ ခစားလျက် ရုပ်ပွားတော်များအတွင်း ဓါတ်တော်သွင်းပြီးလျှင် မဟာဗောဓိစေ့ ၄-စေ့တို့ကိုလည်း ရွှေဖျဉ်းအိုးတစ်လုံးစီတွင် စိုက်ပျိုးလိုက်သည်နှင့် တစ်ပြုင်နက် တစ်တောင်ခန့်မြင့် သည့် ဗောဓိပင်ကလေးများပေါက်လာလေ၏။ ယင်းရုပ်ပွားတော် ၄-ဆူ နှင့်တကွ ရွှေဖျဉ်းအိုးတစ်လုံးစီကိုပါ သင်္ကန်းတုံး၊ ပိတောက်တုံး၊ လက်ပံတုံး၊ ပျဉ်းမတုံးများပေါ်တွင် တင်ထားလေ၏။
ယင်းနောက် မဟာထေရ်ကြီးနှင့်တကွ ရဟန္တာအပေါင်းတို့သည် မဟာသုဒ္ဓ သင်္ဘောဆိပ်ကမ်း၌ ဆောက်လုပ်ထားသော မဏ္ဍပ်ကြီးအတွင်း မီးရှူးမီးတိုင်၊ နတ်အမွှေးတိုင်တို့ဖြင့် ထိန်လင်းစွာ ထွန်းညှိလျက် “ ခမ်းနား သပ္ပာယ်လှစွာ ပူဇော်ထားရှိလေ၏။ ”
ယင်းအချိန်ဝယ် မဟာနာမမင်းကြီးသည် ထိန်ဝင်းလှစွာသော မီးရှူးမီးတိုင်တို့ကို နန်းတော်လေသာ ပြတင်းမှ မိဖုရားကြီးနှင့်အတူ မြင်လတ်သော် တစ်ထောင်သော မြင်းတပ်တို့ကို စစ်သူကြီးအား အမြန်ပြင်ဆင်စေ၍ “ အသင်မိဖုရား နံနက် အာရုဏ်တက်အချိန်တွင် သံဃာတော်အရှင်မြတ်များအတွက် ဆွမ်းနှင့် ရောက်စေရမည် ” ဟု မှာကြားတော်မူခဲ့ပြီး မဟာသုဒ္ဓ သင်္ဘောဆိပ်သို့ သွားရောက်လျှင် သိကြားမင်း၊ နတ်မင်းတို့ စီမံထားသည့် မီးရှူးမီးတိုင်တို့နှင့်တကွ ရုပ်ပွား တော် ၄-ဆူနှင့် ရွှေဖျဉ်းအိုးတု့ိ၌ စိုက်ပျိုးထားသည့် မဟာဗောဓိပင်တို့ကိုမြင်၍ မင်းကြီးနှင့်တကွ စစ်သူရဲအပေါင်းတို့ပါ အလွန်အံ့ဩ ကြည်ညိုသောစိတ်ဖြင့် ဖူးမြော်နေကြသည်အခိုက် ရုပ်ပွားတော် ၄-ဆူတို့သည် ၄-ဖြာသော အဆင်းရူပကာ ယတော်နှင့် ရောင်ခြည်တော်ခြောက်သွယ် ထွက်တော်မူ၍ ထန်းနှစ်ဖျားခန့် အမြင့်မှ ကောင်းကင်ပေါ်ဝယ် စင်္ကြ ံကြွလူး ကွန့်မြူးတော်မူသည်ကို မင်း၊ မိဖုရားနှင့်တကွ ပြည်သူလူထုအပေါင်းတို့ ဖူးမြင်ကြရာ အံ့ချီးမကုန်ဖြစ်ကြလျက် ၄-ဆူသော ရုပ်ပွားတော်နှင့်တကွ တစ်သောင်း ငါးထောင်နှစ်ကျိပ်ငါးပါးသော သံဃာတော်တို့အား ဆွမ်း၊ သင်္ကန်း ပရိက္ခရာရှစ်ပါး တို့ကို ကျွေးမွေးဆပ်ကပ် လှူဒါန်းပြီးသောအခါ ရှင်အရဟံ ရဟန္တာထေရ်မြတ်ကြီးနှင့်တကွ ရဟန္တာအရှင်မြတ်များသည် မဟာသုဒ္ဓ သင်္ဘောဆိပ်သို့ ဆင်းကြွတော်မူ၍ မဟာနာမမင်းကြီးအပါးတော်၌ ထားပြီးလျှင် မဟာထေရ်ကြီးသည် ဤသို့ အဓိဌာန်ပြုတော်မူလေ၏။
“ ဤဘဒ္ဒကမ္ဘာဤ ၄-ဆူသော ဘုရားရှင်တို့ ပွင့်တော်မူလေကုန်ပြီး ယင်းမြတ်စွာဘုရား ရုပ်ပွားတော်တို့သည် ဤသီဟိုဠ်ကျွန်းမှ ဗုဒ္ဓသာသာငါးထောင်ပတ်လုံး တည်ရာဌာန တိုင်းပြည် မြို ့ရွာတို့သို့ ကြွရောက်တော်မူစေသတည်း ” ဟူ၍ အဓိဌာန်ပြုတော်မူလေ၏။
သိကြားမင်းကလည်း “ ဗုဒ္ဓသာသနာ ငါးထောင်တည်းသမျှ ကာလပတ်လုံး အကျွနုပ် စောင်မ ကြည့်ရှုနိုင် ပါစေသတည်း ” ဟု နတ်ပန်း၊ နတ်ဆီမီးတို့ဖြင့် ပူဇော်၍ အဓိဌာန်ပြုကာ ဆုတောင်းလေ၏။ ယင်းအချိန်ကား ကောဇာသက္ကရာဇ် ၉၃၈-ခုနှစ် တပေါင်းလပြည့်နေ့ ဖြစ်လေသည်။
ယင်းသို့ သစ္စာအဓိဌာန်ပြုပြီး မျှောလိုက်သည်နှင့် တစ်ပြိုက်နက် ၄-ဆူသော ရုပ်ပွားတော်မြတ်သည် စက်ယန္တရား ခုတ်လုပ်သွားသကဲ့သို့ လျင်ဆောစွာ ကြွသွားတော်မူကြလေ၏။
၂။ လေးဆူသော ရုပ်ပွားတော်များ ရောက်ရှိသည့်ဒေသများ
ယင်း ၄-ဆူသော ရုပ်ပွားတော်များ ရောက်ရှိသည့်ဒေသတို့ ဘုရားသမိုင်းများ၌ ကွဲပြားလျက်ရှိကြသည်မှာ-
တစ်စောင်သော သမိုင်းတွင်
ယင်း ၄-ဆူအနက် တစ်ဆူသည် ပုသိမ်မြို ့သို့ ရောက်ရှိပြီး “ ရွှေမုဌောဘုရား ” ဟူ၍ လည်းကောင်း
တစ်ဆူသည် ကျိုက်ပေါလောမြို ့သို့ ရောက်ရှိပြီး “ ကျိုက်ပေါလောဘုရား ” ဟူ၍ လည်းကောင်း
တစ်ဆူသည် ကျိုက္ခမီမြို ့သို့ ရောက်ရှိပြီး “ ကျိုက္ခမီရေလည်ဘုရား ” ဟူ၍ လည်းကောင်း
ကျန်တစ်ဆူသည် ထားဝယ်မြို ့သို့ ရောက်ရှိပြီး “ ရှင်မုတ္ထီးဘုရား ” ဟူ၍ လည်းကောင်း ရေးသားထားရှိ လေသည်။
တစ်စောင်သော သမိုင်းတွင်
တစ်ဆူသည် “ သံတွဲမြို ့ ” ၌ လည်းကောင်း ၊ တစ်ဆူကား ယောနကတိုင်း “ လောမြို ့ ” ၌ လည်းကောင်း ၊ တစ်ဆူကား “ ဘီလင်းမြို ့ ” ၌ လည်းကောင်း ၊ ကျန်တစ်ဆူကား “ ထားဝယ်မြို ့ ” ၌ လည်းကောင်း ဟူ၍ ရေးသား ထားရှိလေသည်။
တစ်စောင်သော သမိုင်းတွင်
တစ်ဆူ “ ရွှေမုတ္ထီး ” ၊ တစ်ဆူ “ သံတွဲ ” ၊ တစ်ဆူ “ ကျိုက္ခမီ ” ၊ တစ်ဆူ “ စိန့်ပြည် ” ဟူ၍ ရေးသားထားရှိလေသည်။
၃။ တစ်ဆူသော ရုပ်ပွားတော်သည် ထားဝယ်ချောင်းသို့ မျောဝင်ကြွရောက်လာခြင်း
မည်သို့ပင်ဖြစ်စေ “ နတ်တို့ချီ၍၊ ကူညီပင့်ဆောင်၊ ရွှေညောင်တူစွ၊ ထားဝယ်ဝတွင်၊ သင်္ကန်းပင်နှင့် မျောဝင် ကြွလာ၊ ကျောက်ပြင်သာထက်၊ ထိုင်ရက်ထက်ဝယ်၊ ကောင်းကင်လယ်က၊ ငှက်ငယ်များစွာ၊ တောင်ယှက်ကာ၊ ရေမှာလျှင်ငါး၊ ရေများမှုတ်တင်၊ ပေါက်ပေါက်သွင်သို့၊ ကြဲဖျင်ဖျော်ဖျော်၊ ရေပူဇော်လျက်၊ ဖောင်တော်မျောလာ၊ တံငါလှေသွား၊ မြင်သောအားကြောင့်၊ မင်းနားလျောက်တင်၊ ဝေတီသခင်သည်၊ ကြည်ရွှင်သဒ္ဓါ၊ ဗိုလ်ပါဗိုလ်ခြေ၊ ထွေထွေမငြီး၊ ရွှေလှေစီးလျက်၊ သီးသီးခြွေရံ၊ စည်သံဗုံမောင်း၊ မြစ်လုံးညောင်းမျှ၊ အဲကောင်းသံချီ၊ တီးမှုတ်သီ၍ အောင်သံနိမိတ်၊ အောင်အတိတ်ဖြင့်၊ အောင်ဟိတ်သဘင်၊ ဆင်ယင်ဝဲချီး၊ မုတ္ထီးဆိပ်မှာ ” စသည်ဖြင့် ရှေးသူဟောင်း “ ဖွားသက်မ ” (အဖွားအို)များ ယနေ့တိုင် ရှိခိုးနေကြသည့် သမိုင်းဟောင်းတစ်စောင်လာ ဘုရားရှိခိုး စာတမ်းတွင် ရေးသားဖော်ပြထားရှိသည့်အတိုင်း –
၄။ ဝေတီ (ဝေဒီ) မင်းကြီး စောသီလသည် ရုပ်ပွားတော်မြတ်အား
ပင့်ဆောင်သော်လည်း မပါပဲရှိခြင်း
ကောဇာသက္ကရာဇ် ၇၀၀-ကျော်မှ ၈၀၀-အတွင်း ဝေတီမြို ့ (ယခု ထားဝယ်မြို ့မှ အနောက်ဘက်ကမ်း ၃-မိုင်ခန့်အကွာ မြစ်တစ်ဘက်ကမ်းရှီ ဝေတီရွာ) ကို အုပ်စိုးသည့် ရှင်ဇံ (နန္ဒိယ) မင်း နှင့် မိဖုရား စောမြဒေဝီ၏ သားတော် ဗလဒေဝစောရန်နိုင်ခေါ် “ စောသီလမင်း ” လက်ထက် ထားဝယ်မြစ်အတွင်းသို့ ဗောဓိညောင်ပင် တစ်ပင်နှင့် အောက်ခံသင်္ကနက်သားနှင့် ကျောက်ပြားပေါ်တါင် ရုပ်ပွားတော်တစ်ဆူ ပါရှိသည့် ဖောင်တော်တစ်ခု မျောဝင်ကာ သောင်ပြင်ဥိးတစ်ခု၌ ဆိုက်ကပ်နေကြောင်း တံငါလှေသွား လုလင်များထံမှတစ်ဆင့် မင်းစောသီလ ကြားသိတော်မူလတ်သော်-
မင်းကြီးအမိန့်တော်အရ ဝေတီကင်းရွာသူကြီး “ လက်ျာပျံချီဦးမှုံ ” က လူပေါင်းတစ်ရာကျော်ခန့် လှေကြီး၊ လှေငယ် အသွယ်သွယ်တို့နှင့် ကမ်းဆိပ်သို့ ပင့်ယူပါသော်လည်း မပါရှိနေခြင်းကြောင့် မင်းစောသီလသည် ချက်ချင်းပင် ရွှေလှေရွှေလောင်းတို့နှင့် ထက်ကြပ်မကွာ လိုက်ပါ၍ ပင့်သော်လည်း “ ရုပ်ပွားတော်ဖောင်သည် စော်ချောင်း (ယခု ရွှေဂူတောင်ခြေရင်းရှိ စော်ဝချောင်း) အတွင်းသို့ ဝင်သွားလေသဖြင့် မမီ၍ ပြန်လည်လာခဲ့ရလေ၏။ ”
၅။ ညောင်စင်ရွာ
ရုပ်ပွားတော်ဖောင်သည် မြို ့ဆိုးရွာသို့ ရောက်သွားသဖြင့် ယင်းရွာမှ တံငါလုလင်အပေါင်းတို့သည်လည်း အလွယ်တကူနှင့် ပင့်ယူ၍ မရသောကြောင့် သင်္ကန်းတုံးတွင် ကြိုးနှင့်ချည်ပြီး ကြိုးတစ်စကို စော်ချောင်းကမ်းပါးရှိ ညောင်ပင်တစ်ပင်မှ ညောင်ကိုင်းတွင် ချည်လျက် ဆွဲကြရာ ညောင်ကိုင်းပြတ်ကျ လွင့်စင်သွားလေ၏။ ယင်းနေရာကို ညောင်စင်ရွာ ဟူ၍ပင် ရှေးအခေါမပျက်ပဲ ယနေ့တိုင် စည်ကားသော ရွာကြီးတစ်ရွာ ဖြစ်ရှိ ထင်ရှားနေလေသည်။
(ရာဇဝင်တစ်စောင်၌ကား “ ဗောဓိညောင်ကိုင်းကို ကြိုးနှင့်ချည်ဆွဲကြပြန်သော်လည်း ရေညာကိုသာ ဆန်၍တက်လေသဖြင့် ညောင်ကိုင်းပြတ်ကျသောကြောင့် ” ဟူ၍ ရေးသားထားရှိလေသည်။ ယင်းကို ဝေဖန်ရလျင် မဟာနာမမင်းနှင့် သိကြားမင်းတို့ အဓိဌာန်ပြု၍ ရုပ်ပွားတော်များကို မျှောလိုက်စဉ်အခါက ဗောဓိ ပင်မှာ အမြင့်တစ်တောင်ခန့်သာရှိသည်ဟု ဆိုထားသဖြင့် ထိုမျှသာ မြင့်သေးသည့် ဗောဓိညောင်ကိုင်း ကလေး၌ ကြိုးချည်၍ မဖြစ်နိုင်ချေ။ ကမ်းပါးရှိ ညောင်ပင်ကြီးသာ ဖြစ်သင့်သည်ဟု ယူဆရပေသည်။)
၆။ ဖွားသီလရှင် အမှူးပြု၍ မုတ္ထီးမြို ့သူမြို ့သားများသည်
ရုပ်ပွားတော်မြတ်အား ပင့်ဆောင်တော်မူခြင်း
ယင်းနောက် ပေါက်တိုင်းချောင်းသို့ ဝင်ရောက်အပူဇော်ခံပြီး ရေစီးရာ ချောင်းဝဘက်မှ ပြန်ကြွထွက်လာသည်ကို လှေသွားလုလင်တို့နှင့် တွေ့ပြန်၍ ဝေတီမင်းကြီးထံ လျှောက်တင်ကြပြန်လေ၏။ ဝေတီမင်းကြီးစောသီလလည်း ရွှေလှေရွှေလောင်း ပြည်သူအပေါင်းနှင့် ရုပ်ပွားတော်ကို ပင့်ရန် ကြိုးများဖြင့် ဆွဲယူကြပြန်သော်လည်း မပါမရှိဖြစ်နေစဉ် ဝေတီမြို ့မှ မြစ်အရှေ ့ဘက်ကမ်းရှီ အင်းဝဘုရင်မင်းခေါင်၏သား မင်းတရား ထီးနန်းစိုက်၍ အုပ်စိုးခဲ့ဖူးသည့် “ မုတ္တသု ခနဂရမြို ့” (ယခု ရှင်မုတ္ထီးရွာ) နေ သီလရှင် အဖွားအို “ မယ်ဧသီ ” (လူအမည် မယ်မင်းမွှေး) က ညဉ့်အိပ်မက်အရ “ ချည်ပင် ၇-ပင်ကို သင်္ကန်းတုံး၌ ချည်လျက် မယ်သီလနှင့် မြို ့သူမြို ့သားများ ဆုတောင်းပြီး အဓိဌာန်ပြု၍ ဆွဲကြရာ ” မင်းသီလဘက်သို့ မပါပဲ မယ်သီလရှင်ဘက်သို့ ပါလေသဖြင့် မုတ္တသုခနဂရမြို ့ မင်းတရား နန်းကုန်းတော်ပေါ်သို့ မြို ့သူ မြို ့သားများ ထမ်းဆောင်ချီပင့်လျက် “ ကောဇာသက္ကရာဇ် ၈၀၀-ပြည့်နှစ် တန်ဆောင်မုန်းလပြည့်ကျော် ၅-ရက်နေ့တွင် တည်ထားကိုးကွယ် ပူဇော်ကြလေ၏။ ”
16 comments
တညင်သား
June 26, 2012 at 11:32 pm
ရာဇဝင်လေးပါ ဖတ်ရတော့ ပိုပြီး ဗဟုသုတ ရပါတယ်ဗျာ…..
Mလုလင်
June 27, 2012 at 1:55 am
ရာဇဝင် နဲ့ တွဲတင် တဲ့ Idea အတွက် လက်မ တစ်ချောင်းပါ တီတီ ဝေ ရေ ….။
marblecommet
June 27, 2012 at 5:00 am
အန်တီဝေကို မုန်းတယ်…..
ခင်ဗျားကြီး ခရီးက သွားပဲသွားနိုင်လွန်း……
………..
သားက ခရီးသွားခရေစီပါဗျာ…….
အတတ်ပညာမရှိလို့ ခရီးမသွားရတိုင်း
အန်တီတို့ကို အမြင်ကတ်နေတာပါ ခွင့်လွှတ်ပါခင်ဗျ……
MaMa
June 27, 2012 at 6:59 am
ရေး၊ မြိတ်၊ ထားဝယ် ဘက်ကို တခါမှ မရောက်ဖူးသေးဘူး။
နာမည်ကြီး ရှင်မုတ္ထီးဘုရား သမိုင်းကြောင်းကလည်း ထူးဆန်းတယ်နော်။
သမိုင်းထဲက သဘာဝလွန်ဖြစ်ရပ်ကို သဂျီးဆိုရင် ဘယ်လိုများ ပြောမလဲ သိချင်သား။ 😀
pooch
June 27, 2012 at 2:53 pm
အတူတူပဲ မမရေ ထားဝယ်ဘက်ကို မရောက်ဖူးသေးဘူး ။ သမိုင်းကြောင်းကလည်း ဆန်းပါတယ်။
မိုးပြာမွတ်ဆလင် ဖြစ်ဖူးတဲ့ သူကြီးမင်းတရား ဘယ်လိုမိန့်မလဲဆိုတာလည်း စိတ်ဝင်စားပါကြောင်း။ 😀
မဝေတို့ လေးပေါက်တို့ကိုတော့ အားကျတယ် ။ ခရီးတွေ သွားနိုင်လွန်းလို့။
mamanoyar
June 27, 2012 at 10:10 am
မရောက်ဖူးလို့ အရမ်းကျေးဇူးတင်ပါတယ်
kyeemite
June 27, 2012 at 10:36 am
မမလိုဘဲ ကျုပ်လည်းရေး၊ မြိတ်၊ ထားဝယ် ဘက်ကို တခါမှ မရောက်ဖူးသေးဘူး။
ရှေးဘုရားကိုဖူးခွင့်ရလို့ ကျေးဇူးတင်ပါဂျောင်း။
မောင်ပေ
June 27, 2012 at 11:01 am
သာဓု သာဓု သာဓု ပါ ခင်ဗျား
ကြည်ဆောင်း
June 27, 2012 at 12:50 pm
ရေစက်ပါ ၊ ရှေးကုသိုလ် ရှိမှ တန်ခိုးကြီးဘုရားတွေဖူူးနိုင်တာတဲ့။ လူကြီးတွေပြောတာကြားဖူးတယ်။
မဝေ ကုသိုလ်ကောင်းလိုက်တာလို့ အားကျရင်း ဘုရားဖူးသွားပါတယ်။
Ma Ei
June 27, 2012 at 1:53 pm
ဝေဝေရေ…
ရွှေမုတ္ထီး ဘုရားသမိုင်းကို
စိတ်ဝင်စားစွာ ဖတ်ရှုလေ့လာသွားပါတယ်…
ဓါတ်ပုံထဲက ဓါတ်ပုံဆရာပုံ Idea လေး လှတယ်နော်…
mayjuly
June 27, 2012 at 1:59 pm
မရောက်ဖူးပေမယ့် အခုလို ဘုရားပုံလေးတွေရော ဘုရားသမိုင်းကို ပါ ဖတ်ခွင့်ရတဲ့အတွက်…
တကယ်ကို ကျေးဖူးတင်ပါတယ် အမ ရေ …
mocho
June 27, 2012 at 3:30 pm
မဝေ
ဓါတ်ပုံလေးတွေ အပြင် ဘုရားသမိုင်းကို ပါ စိတ်ရှည် လက် ရှည် တင်ပေးတဲ့ အတွက် ကျေးဇူးပါ။ ဘုရားတွေ ရဲ့ သမိုင်းတွေ က မူကွဲ တွေ အမျိုးမျိုး ရှိတတ် တယ်နော်။ ရှေးလူတွေ က ကိုယ့် ဒေသက ဘုရားကို ကြည် ညိုလွန်းရာ ကနေ ကိုယ့် ဒေသ အနီး နား ကဘုရားတွေ ရဲ့ သမိုင်းတွေ နဲ့ ဆက်စပ် လိုက် ကြ လို့ ဒီလို မူကွဲ တွေ ဖြစ်လာပုံ ရတယ်။ မုနိ လေးဆူ ဆိုလည်း မူကွဲ တွေ ရှိ တာပဲ။
ဘယ် လို ပဲဖြစ်ဖြစ် ဗုဓ္ဒဘယသာဝင် တွေ အတွက် ကတော့ ဘုရားရိပ် ၊တရားရိပ်ဟာ စိတ် ကြည်နူး အေးချမ်း မှု ကို ပေးစွမ်း တာပါပဲ။
မဂွတ် ထော်
June 27, 2012 at 4:11 pm
ရောက်ဘူးချင်လိုက်တာ
weiwei
June 28, 2012 at 10:47 am
သမိုင်းကြောင်းတွေက ပါးစပ်ရာဇဝင်တွေလိုပဲ ယုံရခက်တွေပါပဲ …
ထားဝယ်ရာဇဝင်သမိုင်းကို ဖတ်ကြည့်လိုက်တော့ အားလုံးကတော့ သူ့ဟာသူ အဆက်အစပ်မိမိနဲ့ ရေးထားတာတွေ့ရပါတယ် … စိတ်ဝင်စားစရာတော့ကောင်းတယ် …
နောက်ထပ် ဘုရားတွေနဲ့ သမိုင်းပါတွဲပြီး တင်ပေးပါအုန်းမယ် …
စာအုပ်ထဲကစာကို ပြန်ကူးရိုက်ရတာ ပျင်းတာနဲ့ပဲ အခုလို ကြာနေခြင်းဖြစ်ပါတယ် …
blackchaw
June 28, 2012 at 12:09 pm
အားပေးသွားပါတယ် အန်တီဝေရေ။
ကျွန်တော်ကတော့ ထားဝယ်ကို ၃ ခေါက်လောက်ရောက်ဖူးပါတယ်။
မိုက်ကောင်းတုန်းအရွယ်ဆိုတော့ အဲဒီတုန်းက ဘုရားတွေဘက်မရောက်ဘူးပေါ့ဗျာ.။
အခုမှ ဖူး ရတဲ့အတွက်ကျေးဇူးအထူးပါ။
ဟိန်း ဝင်း (ထားဝယ်သား)
June 29, 2012 at 11:07 am
ရောက်တော့ရောက်ဖူးတယ် … ဘုရားသမိုင်းကတော့ မဝေပြောမှပဲသိတယ် … ဟီး … 😛