တိမ်ယံသစ္စာ အပိုင်း ( ၁ရ )

alinsettJune 25, 20121min2144

”သားအေမားလည်း ကာကာ့ကို ပြောချင်တာ အချိန်မရွေးပြောနိုင်တယ်။ သိတယ်နော်။ အချိန်မရွေးပဲ”

”သိပါတယ်” ဟု ကျွန်တော် မရေမရာဖြေလိုက်သည်။ သူ ကျွန်တော့်ကို ကြာမြင့်စွာ ကြည့်နေပုံသည် ကျွန်တော့်ထံမှ စကားအလာကို စောင့်နေသလိုဖြစ်သည်။

သူ၏နက်ရှိုင်းသော မျက်လုံးနက်နက်များက ကျွန်တော်တို့ကြားတွင် မြွက်ဟ မထားသော လျှို့ဝှက်ချက်ရှိကြောင်း အရိပ်အမြွက်ပြောနေသည်။ တစ်ခဏတော့

ကျွန်တော့်ဝေဒနာကို ထုတ်ဖော်ပြောမိတော့မလို ဖြစ်သွားသည်။ ပြောမိလျှင် သူ ကျွန်တော့်ကို ဘာထင်မည်နည်း။
………………………………………………………………………………………………

__________________________

တစ်ခဏတော့ ကျွန်တော့်ဝေဒနာကို ထုတ်ဖော်ပြောမိတော့မလို ဖြစ်သွားသည်။ ပြောမိလျှင် သူ ကျွန်တော့်ကို ဘာထင်မည်နည်း။ မုန်းရုံပဲရှိမည်။

”ဒီမှာ” ရာဟင်ခန် ကျွန်တော့်ကိုတစ်ခုခု ပေးနေသည်။ ”မေ့တော့မလို့၊ ဟက်ပီဘတ်ဒေး အေမား”

အညိုရောင်သားရေဖုံး မှတ်စုစာအုပ်ကလေးဖြစ်သည်။ ရွှေရေးအနားကွပ် ဘောင်ပေါ် ကျွန်တော့်လက်ချောင်းများ ဆွဲသပ်ကြည့်သည်။ သားရေရနံ့ရသည်။

”အေမားရေးတဲ့စာတွေအတွက်” ဟု ရာဟင်ခန်ဆိုသည်။ ကျွန်တော် ကျေးဇူးတင်စကား ပြောမည်အလုပ် ပေါက်ကွဲသံနှင့်အတူ ကောင်းကင်တစ်ခုလုံး လျှပ်စစ်တိမ်ပန်း လက်သလို

မီးပွင့်တွေဖြာထွက်သွားသည်။

”မီးပန်းတွေ”

နှစ်ယောက်သား အိမ်ဆီသုတ်ခြေတင်လာခဲ့ရာ ခြံထဲတွင် ဧည့်သည် တော်များ မတ်တတ်ရပ်၍ မိုးပေါ်မော့ကြည့်နေကြသည်။ ကလေးတွေ သံသေး သံကြောင်ဖြင့်အော်ကြသည်။

ရွှီးခနဲမြည်သံကြီး အလျင်ဦးစွာလာပြီးမှ မီးပန်းတွေ အဖြစ် ပေါက်ကွဲသွားသည့်အကြိမ်တိုင်း လက်ခုပ်လက်ဝါးတီးကာ ဩဘာပေးကြ သည်။ အနီအစိမ်းအဝါ မီးရောင်များ

စက္ကန့်ပိုင်းမျှ ခြား၍ခြား၍ ပေါ်ထွက်နေရာ ခြံနောက်ဘက်သည် လင်းချည်မှောင်ချည်ရှိနေသည်။

ထိုလင်းချည်မှောင်ချည်ကြားထဲ ကျွန်တော့်ဘဝတစ်ကွေ့ မေ့မရဖွယ် အဖြစ်အပျက်ကို ကျွန်တော်မြင်ခဲ့ရသည်။ အာစွပ်နှင့် ဝေလီတို့ကို ငွေလင်ပန်းဖြင့် စားပွဲထိုးနေသောဟက်ဆန်။

အလင်းရောင်တွေ မှိန်ကျသွားပြန်သည်။ ရွှီခနဲမြည်သံ … ပေါက်ကွဲသံ … ၎င်းတို့၏နောက်ဆက်တွဲ လိမ္မော်ရောင်လက်ရှသွားပြန်တော့ ဟက်ဆန့်ရင်ဘတ်ကို လက်သီးဖြင့်ထိုးနေသော

အာစွပ်နှင့် သူ၏ သွားဖြီးပြုံး။

ထို့နောက်တွင် ကံကောင်းထောက်မစွာ မှောင်ကျသွားပြန်သည်။
_________________________

အခန်း(၉)

နောက်တစ်နေ့မနက်တွင် ကျွန်တော်သည် အခန်းအလယ်ထိုင်ကာ အောတိုက်နေသော

လက်ဆောင်ထုပ်များကို ဖြဲရွဲဖောက်ကြည့်သည်။ လက်ဆောင်ကို ကျွန်တော်ဘာ

ကြောင့်များ အရေးလုပ်နေမိပါလိမ့်။ ထိုလက်ဆောင်များကို ကျွန်တော်ပဲ

အေးစက်စွာ တစ်ချက်ကြည့်ပြီး အခန်းထောင့်ပုံထားခဲ့သည် မဟုတ်ပါလော။

လက်ဆောင်ထုပ်ပုံ ကြီးတွင် ပိုလာရွိုက်ကင်မရာ၊ ထရန်စစ္စတာရေဒီယို၊

အမွမ်းအမံများသော လျှပ်စစ်သုံး မီးရထားကစားစရာအပြင် ငွေစက္ကူထည့်ထားသော

စာအိတ်ပေါင်းများစွာပါသည်။ ငွေကိုလည်း ကျွန်တော်သုံးဖြစ်မည် မဟုတ်၊

ရေဒီယိုလည်း နားထောင်ဖြစ်မည်မဟုတ်၊ လျှပ်စစ်သုံးမီးရထားကို

ကျွန်တော့်အခန်းထဲ ဆင်ဖို့ကတော့ ဝေလာဝေး။ ထိုအရာများ ဘာဆိုဘာမှ

ကျွန်တော်မလိုချင်။ ထိုအရာများအားလုံးသည် လူစတေးခ လျော်ကြေး

သာလျှင်ဖြစ်၏။ တံခွန်စိုက်စွန်ပြိုင်ပွဲတွင် ကျွန်တော်သာ

အောင်ပန်းမဆွတ်ခဲ့ပါက ဘာဘာသည် ကျွန်တော့်အတွက် ယခုလိုပါတီပွဲ

လုပ်ပေးမည်မဟုတ်ချေ။

ဘာဘာက ကျွန်တော့်အား လက်ဆောင်နှစ်ခုပေးသည်။ တစ်ခုသော လက်ဆောင်မှာ

ရပ်ကွက်ထဲက ကလေးတိုင်းမနာလိုဖြစ်ရတော့မည့် စက်ဘီးတို့၏ ဘုရင်

အသစ်ကျပ်ချွတ် စတင်ဂရေအမျိုးအစား စက်ဘီးတစ်စီးဖြစ်၏။ ကဘူးမြို့ တော်တွင်

ထိုစက်ဘီးမျိုး စီးနိုင်သောကလေးက လက်တစ်ဆုပ်မျှသာ။ ခုတော့ ကျွန်တော်လည်း

တစ်ယောက်အပါအဝင်ဖြစ်ပြီ။ အနက်ရောင်ရာဘာစွပ်ထားသော

စက်ဘီးလက်ကိုင်မြင့်မြင့်၊ နာမည်ကျော် ငှက်ပျောသီးထိုင်ခုံ၊

ရွှေရောင်စပုတ်တိုင်၊ ပန်းသီးကဲ့သို့ရဲရဲနီသော စတီးအစစ်ကိုယ်ထည် –

သွေးကဲ့သို့နီသည်ဟု ဆိုလည်း ရသည်။

အဘယ်ကလေးမဆို ထိုစက်ဘီးကိုမြင်မြင်ချင်း ချက်ချင်းတက်ထိုင်ကာ

တစ်ရပ်ကွက်လုံး ကျွမ်းပြန်အောင်စီးမည်မလွဲ။ လွန်ခဲ့သောလများကသာ

ထိုစက်ဘီးကို ရခဲ့လျှင် ကျွန်တော်လည်း ထိုကလေးများအတိုင်း

သောင်းကျန်းဖို့များသည်။

”ကြိုက်ရဲ့လား” ဟု ကျွန်တော့်အခန်းတံခါး အဝင်ဝကို မှီနေသော

ဘာဘာကမေးသည်။ ကျွန်တော် မလုံမလဲအပြုံးကလေးဖြင့် ”ကျေးဇူး ဘာဘာ” ဟု

သွက်သွက်ဖြေလိုက်သည်။

”ဘာဘာတို့ စက်ဘီးထွက်စီးနိုင်ပြီလေ” ဟု ဘာဘာပြောသည်။ ဖိတ်ခေါ်

ချက်တစ်ခုဖြစ်သော်လည်း ဟက်ဟက်ပက်ပက်တော့ မဟုတ်။

”နောက်မှပဲ။ ကျွန်တော် ပင်ပန်းနေတယ်”

”ဟုတ်လား”

”ဘာဘာ”

”ဆို”

”မီးပန်းတွေအတွက် ကျေးဇူးပဲနော်” ကျေးဇူးတင်စကားတစ်ခွန်း ဖြစ်သော်

လည်း ဟက်ဟက်ပက်ပက်တော့ မဟုတ်။

”နားတော့” ဟု ဘာဘာဆိုကာ သူ့အခန်းဆီပြန်လျှောက်သွားသည်။

ဘာဘာပေးသော နောက်ထပ်လက်ဆောင်တစ်ခုမှာ လက်ပတ်နာရီတစ် လုံးဖြစ်၏။

ထိုလက်ဆောင်ကိုဖွင့်ပြီးသည်အထိ ဘာဘာစောင့်မနေ။ အပြာရောင်

နာရီဒိုင်ခွက်ပေါ်မှ ရွှေရောင်လက်တံလေးများသည် လျှပ်စီးပုံစံဖြစ်သည်။

ထိုနာရီကို ကျွန်တော် ပတ်ကြည့်မနေတော့ဘဲ အခန်းထောင့်ကစားစရာပုံပေါ်

ပစ်တင်လိုက်သည်။ ကျွန်တော်ပစ်မတင်သော တစ်ခုတည်းသောလက်ဆောင်မှာ ရာဟင်ခန်၏

သားရေဖုံး မှတ်စုစာအုပ်ကလေး – သို့မဟုတ် အလျော်အစားနှင့်မတူသော

တစ်ခုတည်းသော လက်ဆောင်။

ကျွန်တော် ခုတင်စွန်းတွင်ထိုင်ကာ မှတ်စုစာအုပ်ကလေးကို လှည့်ပတ်ကိုင်

ကြည့်ရင်း ရာဟင်ခန်ပြောပြခဲ့သော ဟိုမိုင်ရာအကြောင်း၊ ရာဟင်ခန့်ဖခင်က

ဟိုမိုင်ရာတို့မိသားစုကို ပထုတ်ခဲ့ခြင်းသည်သာ အကောင်းဆုံးဖြစ်ခဲ့ကြောင်း၊

စသည်တို့ကို စဉ်းစားခန်းထုတ်နေသည်။ ဟိုမိုင်ရာလည်း ခံစားခဲ့ရမှာပဲ ဟု

ရာဟင်ခန်ဆိုခဲ့သည်။ ကာကာဟိုမေရောင်၏ ရုပ်သေပြစက်ကြီးလို တစ်ခုသော

ဆလိုက်ပုံတွင်ကပ်နေပါက ကျွန်တော့်အာရုံထဲ ပုံရိပ်တစ်ခုထဲကိုသာ အဖန်ဖန်

အထပ်ထပ် မြင်နေရတော့မည်။ ခေါင်းငုံ့ချထားသော ဟက်ဆန်၊ အာစွပ်နှင့်

ဝေလီတို့ကို ဧည့်ဝတ်ပြုနေရသော ဟက်ဆန်။

ဘယ်ဘက်ကကြည့်ကြည့် ကျွန်တော်တို့နှစ်ယောက်ထဲမှ တစ်ယောက်က တော့

လွင့်မှဖြစ်တော့မည်။ ဤနည်းသည်သာလျှင် အကောင်းဆုံးဖြစ်မည်။ ဟက်ဆန့်

ဝေဒနာတွေကို လျော့ကျစေမည်။ ကျွန်တော့်ဝေဒနာလည်း ထို့အတူ။

—————-

နေ့လည်တွင် ကျွန်တော်သည် စက်ဘီးကို ပထမဆုံးနှင့်နောက်ဆုံး စီးခဲ့သည်။

ရပ်ကွက်ထဲ နှစ်ပတ်လောက်လျှောက်လိမ့်ပြီး အိမ်ပြန်၊ ခြံနောက်ဘက်ထိ

နင်းဝင်လာခဲ့ရာ ဟက်ဆန်နှင့်အလီတို့ ညတုန်းက ပါတီပွဲအရှုပ်အပွပုံကြီးကို

ရှင်းနေ ကြသည်။ စက္ကူခွက်များ၊ လက်သုတ်ပုဝါများ၊ ဆိုဒါပုလင်းလွတ်များ

ခြံထဲပြန့် ကျဲနေသည်။ ခုံတွေခေါက်၍ နံရံတစ်လျှောက်စီချနေသော အလီက

ကျွန်တော့်ကို တွေ့တော့ လက်ဝှေ့ရမ်းပြသည်။

”မင်္ဂလာပါ အလီ” ဟု ကျွန်တော်လက်ပြန်ပြသည်။

အလီက လက်ညှိုးတစ်ချောင်းထောင်ပြသည်။ ကျွန်တော့်ကို ခဏစောင့်ဖို့ ပြောပြီး

သူ့တန်းလျားဆီသွားသည်။ တအောင့်ကြာမှ လက်ထဲတစ်ခုခုကိုင်ပြီး

ပြန်ထွက်လာသည်။ ”ဒီလက်ဆောင်ကို ညတုန်းကပေးဖို့ဟာ ဟက်ဆန်ရော အလီရော

အခွင့်အရေး မရခဲ့ဘူး” ဟုပြောပြီး ကျွန်တော့်ထံ ဘူးတစ်ခုကမ်းပေးသည်။

”လက်ဆောင်က တန်သင့်ရုံလေးဆိုတော့ အေမားနဲ့ မထိုက်တန်ဘူးနော။ ဒါပေမယ့်

အေမားကြိုက်မယ်လို့ အလီတို့ယုံတယ်။ ဟက်ပီဘတ်ဒေး အေမား”

ကျွန်တော့်လည်မျိုထဲ အလုံးကြီးလှိမ့်တက်လာသည်။ ”ကျေးဇူးတင်ပါတယ် အလီ”

ကျွန်တော့်အတွက် ဘာတစ်ခုမှ ဝယ်မလာပါစေနှင့်ဟု ဆုတောင်းသည်။

ဘူးကိုဖွင့်ကြည့်လိုက်ရာ ကတ္ထူအဖုံးနှင့် ‘ရှာနာမာ’ ဝတ္ထုအသစ်။

စာပုဒ်များအောက်တွင် ကြွေရောင်ထနေသော ရုပ်ပုံများ။ မွေးကာစသားကလေးကို

ကြည့်နေပုံ၊ ဓားကိုအောက်စိုက်လွှဲ၍ စစ်တပ်ကိုဦးစီးနေသော

မြင်းစီးစစ်သည်တော်ကြီးပုံ၊ သားရင်း စိုးရက်ပ်ကို သေစေလောက်အောင်

တိုက်ခိုက်နေမိသော ရိုစတမ်။ ”လှလိုက်တာ” ဟု ကျွန်တော် ပွင့်အံမိသည်။

”ဟက်ဆန်ပြောတော့ အေမားရဲ့စာအုပ်က ပြဲနေပြီတဲ့။ တချို့စာမျက်နှာတွေ

မရှိတော့ဘူးတဲ့။ ပုံတွေအကုန်လုံးက လက်နဲ့ဆွဲထားတာ” ဟု အလီက ဝံ့ကြွားစွာ

ပြောကာ သူရောသူ့သားပါ မဖတ်တတ်သည့်စာအုပ်ကို ကြည့်ရှုလေသည်။

”ချစ်စရာလေး” ဟု ကျွန်တော်ပြောသည်။ တကယ်လည်း ချစ်စရာကောင်း နေသည်။

ဈေးမကြီးဘူးဆိုသည့်အချက်ပေါ် ကျွန်တော်သံသယရှိသည်။ ထို့ပြင်

အလီ့ကိုပြောပြချင်သည်။ စာအုပ်က ကျွန်တော်နှင့် မထိုက်တန်ခြင်းမဟုတ်၊

ကျွန်တော်ကသာ စာအုပ်နှင့်မတန်ခြင်းဖြစ်သည်။ စက်ဘီးပေါ်ခုန်တက်ကာ

”ကျွန်တော့် အစား ဟက်ဆန့်ကို ကျေးဇူးတင်တယ်လို့ ပြောပေးပါ”

စာအုပ်ကို အခန်းထောင့် လက်ဆောင်ထုပ်ပုံကြီးပေါ် ပစ်တင်လိုက်သည်။

သို့ရာတွင် ကျွန်တော့်မျက်လုံးများက စာအုပ်ဆီသာဝဲနေ၍ စာအုပ်ကို လက်ဆောင်

ထုပ်အောက်ထဲ ထိုးထည့်လိုက်သည်။ ထိုညက အိပ်ယာမဝင်ခင် ဘာဘာ့အား

ကျွန်တော့်နာရီအသစ်ကလေး တွေ့မိသေးလားဟု မေးထားသည်။

——————-

နောက်တစ်နေ့မနက်။ အောက်ထပ်မီးဖိုချောင်ထဲ အလီ စားပွဲရှင်း၊ ပန်းကန် ဆေး၊

ကောင်တာသုတ်သည်ကို ကျွန်တော် အခန်းထဲမှထိုင်စောင့်သည်။ အလီနှင့် ဟက်ဆန်

လက်တွန်းလှည်းလေးတွန်းကာ ဈေးဝယ်ထွက်သည်ကို ကျွန်တော့်အိပ်ခန်း ပြတင်းမှ

ထိုင်စောင့်ကြည့်သည်။

လက်ဆောင်ထုပ်ပုံပေါ်မှ ငွေစက္ကူပါသော စာအိတ်သုံးလေးအိတ်နှင့်

ဘာဘာ့လက်ဆောင် လက်ပတ်နာရီကိုယူကာ ကျွန်တော် ခြေဖျားထောက်ထွက်လာ သည်။

ဘာဘာ့စာကြည့်ခန်းအနီးရောက်လျှင် ခဏရပ်ပြီး နားစွင့်သည်။ ဘာဘာ တစ်မနက်လုံး

စာကြည့်ခန်းထဲထိုင်ကာ ဖုန်းခေါ်နေရသည်။ နောက်အပတ် သင်္ဘော တင်လာမည့်

ကော်ဇောများကိစ္စ ဖုန်းထဲပြောနေသည်။ ကျွန်တော်အောက်ဆင်း၊ ခြံကိုဖြတ်ပြီး

အလီနှင့်ဟက်ဆန်တို့ နေထိုင်သော နှင်းသီးပင်အောက်မှ တဲလေးထဲ ဝင်လာခဲ့သည်။

ဟက်ဆန့်မွေ့ယာကို မ’ပြီး နာရီနှင့်ငွေထည့်သည်။

ကျွန်တော် နောက်ထပ်မိနစ်သုံးဆယ်စောင့်သည်။ ပြီးမှ ဘာဘာ့အခန်းတံခါး

ကိုခေါက်ပြီး ရှက်စရာ အလိမ်အညာ ခရီးရှည်ကြီး၏ နောက်ဆုံးပိတ် အလိမ်အညာကို

ကျွန်တော်ကျူးလွန်သည်။

—————————-
ကျွန်တော့် အခန်းပြတင်းမှနေ၍ အလီနှင့်ဟက်ဆန် လက်တွန်းလှည်းလေး

တွန်းဝင်လာသည်ကို ကျွန်တော်စောင့်ကြည့်သည်။ လှည်းထဲတွင် အသား၊ မုန့်၊

သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ။ အိမ်ထဲမှ ဘာဘာထွက်လာပြီး အလီ့ထံ

သွားသည်။ လှုပ်ရှားနေသော သူတို့ပါးစပ်မှ စကားလုံးများကို ကျွန်တော်မကြားရ။

ဘာဘာက အိမ်ဘက်လက်ညှိုးထိုးပြတော့ အလီခေါင်းညိတ်သည်။ သူတို့ လူချင်း

ခွဲကြသည်။ ဘာဘာက အိမ်ဘက်ပြန်လာသည်။ အလီက ဟက်ဆန့်နောက်

သူတို့တဲဆီလိုက်သွားသည်။

အတန်ကြာသော် ကျွန်တော့်အခန်းတံခါးကို ဘာဘာလာခေါက်သည်။

”ဘာဘာ့ရုံးခန်းထဲလာခဲ့။ ဒီကိစ္စ ဘာဘာတို့ ထိုင်ဆွေးနွေးကြမယ်”

ဘာဘာ့စာကြည့် ခန်းထဲ ကျွန်တော်သွားပြီး သားရေဆိုဖာတစ်လုံးပေါ်ဝင်ထိုင်သည်။

နောက်ထပ် နာရီဝက်၊ သို့မဟုတ် နာရီဝက်သာသာရှိမှ အလီနှင့်ဟက်ဆန် ဝင်လာသည်။

သားအဖနှစ်ယောက်စလုံး မျက်လုံးများနီရဲဖောင်းအစ်နေ၍ သူတို့ငိုခဲ့ကြမှန်း

ကျွန်တော်သိသည်။ နှစ်ယောက်သား လက်ချင်းတွဲ၍ ဘာဘာ့ရှေ့မတ်တပ်ရပ်နေသည်။

သည်လိုဒဏ်ရာမျိုး သည်လိုနာကျင်မှုမျိုးကို ကျွန်တော် ဘယ့်နှယ့်လုပ်များ

လုပ်နိုင်ခဲ့မိပါလိမ့်ဟု ကျွန်တော့်ဖာသာ အံ့ဩမဆုံးခဲ့။

ဘာဘာက တည့်တိုးမေးသည်။ ”ဟက်ဆန်၊ ဒီငွေတွေ ခိုးထားသလား။ အေမားရဲ့

နာရီကို ခိုးထားသလား”

ဟက်ဆန့်အဖြေသည် တစ်လုံးတည်းသောစကား။ အာခေါင်ကိုခြစ်၍ ပါးလျစွာထွက်လာသောအသံ။

”ဟုတ်ကဲ့”

ကျွန်တော် ပါးရိုက်ခံလိုက်ရသည့်နှယ်။ ကျွန်တော့် ရင်ထဲနင့်ခနဲနေသည်။

ကျွန်တော် ဘာဘာညာညာ ချင့်ချိန်မနေတော့ဘဲ အမှန်ကို ဖွင့်ချမိတော့မလို

ဖြစ်သွားသည်။ ထို့နောက်မှ ကျွန်တော်နားလည်လာရသည်က ဟက်ဆန်သည်

ကျွန်တော့်အတွက် သူ့ကိုယ်သူ နောက်ဆုံးစတေးခဲ့သည်။ အကယ်၍သာ ဟက်ဆန်က

မခိုးပါဆိုလျှင် ဘာဘာသည် ဟက်ဆန့်စကားကို သေချာပေါက်ယုံမည်။ ဟက်ဆန်

မလိမ်တတ်မှန်း တစ်အိမ်လုံးသိသည်။ ဘာဘာက ဟက်ဆန့်စကားကိုယုံပြီဆိုမှတော့

တရားခံသည် ကျွန်တော်ပဲဖြစ်လာလိမ့်မည်။ ကျွန်တော့်ပယောဂအတွက် ဖြေရှင်းချက်

ထုတ်ရတော့မည်။ ကျွန်တော် ဘာကောင်မှန်းလူသိတော့မည်။ ဘာဘာသည် ကျွန်

တော့်ကို ဘယ်သောခါမှ ခွင့်လွှတ်တော့မည်မဟုတ်။

ဤဖြစ်ရပ်မှတဆင့်တက်၍ ကျွန်တော်သဘောပေါက်ခဲ့ရသည်။ ဟက်ဆန်

အလုံးစုံသိခဲ့သည်။ လက်ကြားလမ်းထဲ ဖြစ်ပျက်ခဲ့သောကိစ္စ၊ ကျွန်တော် အသာ

ရပ်ကြည့် လက်ရှောင်တာဝန်မဲ့ခဲ့သည့်ကိစ္စ။ ကျွန်တော်

သူ့ကိုသစ္စာဖောက်ခဲ့မှန်း သူသိလျက် ယခုတစ်ကြိမ် ကျွန်တော့်ကိုကယ်ပြန်သည်။

သည်တစ်ခါ နောက်ဆုံး အကြိမ်ဖြစ်နိုင်သည်။

ထိုအခိုက်အတန့်မှာပင် ကျွန်တော် သူ့ကို ချစ်ခင်ခဲ့မိပြီ။ ဘယ်သူနှင့်မှ

မတူအောင် ချစ်ခင်တွယ်တာခဲ့မိပြီ။ အားလုံးကို ပြောပြလိုက်ချင်သည်။

ကျွန်တော်သာ လျှင် မြက်ကြားထဲမှမြွေ၊ ကန်ထဲမှမိစ္ဆာ။ ယခုလို

ကိုယ်စားခံစတေးပေးမှုမျိုးက ကျွန်တော်လိုကောင်စားနှင့်

လားလားမျှမထိုက်တန်။ ကျွန်တော်သာလျှင် လူလိမ်၊ လူမသမာ၊

ခွေးသူခိုးဖြစ်သည်။

ကျွန်တော် ပြောပြစရာတော့ရှိသေးသည်။ ကျွန်တော့်ကိုယ်ထဲမှ တစ်စိတ်

တစ်ပိုင်းကမူ ဝမ်းသာနှစ်သိမ့်နေသည်။ မကြာခင် အားလုံးပြီးဆုံးသွားတော့မည်။

ဘာဘာက သူတို့ကိုနှင်ထုတ်တော့မည်။ နာကျင်စရာများရှိသော်လည်း ဘဝကို

သည်လိုပဲဖြတ်သန်းသွားရစမြဲသာ။ ဤပုံအတိုင်း ဆက်သွားမည်။ မေ့ပစ်လိုက်မည်။

ကျောက်သင်ပုန်းအသစ်ကလေးဖြင့် ဘဝသစ်စတင်မည်။ ကျွန်တော် အသက်ရှူချောင်

ချင်လှပါသည်။

သို့ရာတွင် ဘာဘာ့စကားကြောင့် ကျွန်တော့်မှာ မူးမေ့သတိလစ်သွားတော့ မတတ်ပင်။

”ငါခွင့်လွှတ်တယ်”

ခွင့်လွှတ်သည်တဲ့။ သို့ရာတွင် ခိုးခြင်းသည် ခွင့်လွှတ်၍မရသော ဒုစရိုက်မှု၊

ဒုစရိုက်မှုအားလုံး၏ ခေါင်ချုပ်ဖြစ်သည်။ လူတစ်ယောက်ကို သတ်တယ်ဆိုရင်

အသက်တစ်ချောင်းကို ခိုးယူလိုက်တာပဲ။ ဇနီးသည်တစ်ယောက်ရဲ့ လင်ယောက်ျားကို

ခိုးယူလိုက်တာ။ ကလေးတွေရဲ့အဖေကို ဓားပြတိုက်ယူလိုက်တာ။ မုသာဝါဒဟာလည်း

တစ်ယောက်ယောက်ရဲ့ အမှန်တရားကို ခိုးယူလိုက်တာ။ သူများကို အနိုင်ကျင့်

တာဟာလည်း တရားမျှတမှု အခွင့်အရေးကို ခိုးယူလိုက်တာပဲ။ ခိုးတာလောက်

ဆိုးဝါးတာ ဘာမှမရှိဘူး။ ဘာဘာက ကျွန်တော့်ကို သူ့ပေါင်ပေါ်တင်ပြီး ထိုစကား

များပြောခဲ့သည် မဟုတ်ပါလော။ ခုတော့ ဘာဘာက ဘယ်လိုများခွင့်လွှတ်လိုက်ပါ

လိမ့်။ ဤကိစ္စကိုခွင့်လွှတ်နိုင်လျှင် ကျွန်တော့်ကိုရော … ကျွန်တော်က

သူလိုချင် သော သားမျိုးမဟုတ်ခဲ့သည့်အပေါ် ဘာကြောင့်ခွင့်မလွှတ်နိုင်ရသနည်း။

အဘယ် ကြောင့်နည်း။

”အလီတို့သွားတော့မယ်၊ ဆပ်” ဟု အလီပြောသည်။

”ဘာ” ဘာဘာ့မျက်နှာ သွေးခန်းဆုတ်သွားသည်။

”အလီတို့ ဒီအိမ်မှာ ဆက်မနေနိုင်တော့ဘူး” ဟု အလီဖြေသည်။

”ဒါပေမယ့် ငါခွင့်လွှတ်တယ်လေ၊ အလီ။ မကြားဘူးလား”

”အလီတို့အတွက် ဒီမှာဆက်နေဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး၊ ဆပ်။

သွားတော့မယ်” ဟု အလီပြောပြီး သူ့သားလေး ဟက်ဆန့်ကို အနီးဆွဲခေါ်ကာ

ပခုံးကို သိုင်းဖက်ထားသည်။ သားကို ကာကွယ်သောပုံရိပ်တစ်ခု။ ဘယ်သူ့ရန်က

ကာကွယ်သလဲ ကျွန်တော်သိပါသည်။ အလီသည် ကျွန်တော့်ဘက်စောင်းငဲ့ကြည့် သည်။

အေးစက်သော ခွင့်မလွှတ်နိုင်သောအကြည့်။ ဟက်ဆန်က သူ့အဖေကြီးကို

ပြောပြပြီးပြီမှန်း ကျွန်တော်သိလိုက်သည်။ အလုံးစုံပြောပြလိုက်ပြီ။

အာစွပ်နှင့် အာစွပ်၏ဘော်ဒါများ ဟက်ဆန့်ပေါ် ပြုမူခဲ့ပုံ၊ စွန်ကိစ္စ၊

ကျွန်တော့်ကိစ္စ။ ကျွန်တော် ဘာကောင်မှန်း တစ်ယောက်ယောက်သိသွားပြီ

ဆိုတော့လည်း ထူးထူးဆန်းဆန်း ကျွန်တော် ဝမ်းသာမိသည်။ ဟန်ဆောင်ရသည်မှာ

မောလှပြီ။

”လက်ပတ်နာရီကော၊ ပိုက်ဆံကော ဘာမှအရေးမကြီးဘူး” ဟု ဘာဘာ သည်

လက်ဝါးနှစ်ဖက်ထောင်ပြီးပြောသည်။ ”ဘာဖြစ်လို့ ဒီလိုလုပ်သလဲ ငါနားမ

လည်ဘူး။ ‘မဖြစ်နိုင်ဘူး’ ဆိုတာ ဘာကိုပြောတာလဲ”

”စိတ်မကောင်းပါဘူး၊ ဆပ်။ ဒါပေမယ့် အလီတို့ အထုပ်အပိုးပြင်ပြီးပြီ။

ဆုံးဖြတ်ပြီးပြီ”

ဘာဘာ မတ်တတ်ထရပ်သည်။ မျက်နှာပေါ် ဝမ်းနည်းရိပ်တို့လက်လက်ထ နေသည်။

”အလီ၊ ငါမင်းကို ကောင်းကောင်းမထားခဲ့လို့များလား။ မင်းနဲ့ ဟက် ဆန်ပေါ်

ငါမကောင်းခဲ့လို့များလား။ မင်းဟာ အစားထိုးမရတဲ့ငါ့ညီပါ။ မင်းလည်း သိသားပဲ

အလီ။ ဒီလို မလုပ်ပါနဲ့ကွာ”

”ဒီထက်ပိုခက်ခဲအောင် မလုပ်ပါနဲ့တော့၊ ဆပ်”

အလီ့မျက်နှာ လိမ်ရွဲ့သွားသည်။ ထိုစဉ်ခဏမှာပင် အလီ့မျက်နှာပေါ်မှ

နာကျင်မှုကို ကျွန်တော်ဖမ်းမိလိုက်သည် ထင်သည်။

ကျွန်တော်ဖန်တီးခဲ့သည့်ကိစ္စ၏ အတိမ်အနက်ကို ယခုမှ

ကျွန်တော်သဘောပေါက်တော့၏။ အလီ၏ မျက်နှာသေ ကြီးကပင် ဝမ်းနည်းနာကျင်မှုကို

ဖော်ပြနိုင်အောင် လူတိုင်းကို ဝမ်းနည်းပက် လက်ဖြစ်စေခဲ့ပြီ။

ကျွန်တော်အားတင်း၍ ဟက်ဆန့်ကိုကြည့်ရာ ဟက်ဆန်သည် ခေါင်းငိုက်စိုက်ကျနေသည်။

ပခုံးနှစ်ဖက်ပျော့တွဲလျက်။ လက်ချောင်းများက ရှပ်အကျႌချည်စကို ရစ်ပတ်လျက်။

ဘာဘာ တောင်းပန်နေပြီ။ ”ဘာကြောင့်လဲဆိုတာ ပြောပြပါကွာနော်။ ငါသိဖို့လိုလို့ပါ”

…………………………………

………………………………
_________________________________

ဆက်ပါဦးမည် .။

_____________________________
မူရင်းစာအုပ်အမည်…..THE KITE RUNNER

မူရင်းစာရေးဆရာ…….KHALED HOSSEINI
______________________________–
မြန်မာပြန်ဆိုသူ …… ဝင့်ပြုံးမြင့်

မြန်မာပြန် စာအုပ်အမည်……..တိမ်ယံသစ္စာ..

2009 / ဇွန် ၊ ပထမ အကြီမ် ။

စာမျက်နှာ စုစုပေါင်း…350

13 x 21 စင်တီဆိုဒ်

စာအုပ်တန်ဖိုး … 3000 ကျပ်
______________________________

လေးစားစွာဖြင့်..
……………………

4 comments

  • မောင်ပေ

    June 25, 2012 at 8:31 pm

    အခုမှဘဲ ဇါတ်လမ်းက ပိုကောင်းလာသလို ဖတ်ရတယ်ဗျာ …
    ထုံးစံအတိုင်းဘဲဗျို ့။

  • အလင်းဆက်

    June 25, 2012 at 8:36 pm

    ဟုတ်… ကျေးဇူးပါ..ကိုကြီးမောင်ပေ….ဟေ ဟေ.. ဟေ.. .. ဟေ.. . .ရေ…..

  • shwe kyi

    June 26, 2012 at 12:06 pm

    ဟက်ဆန်ခမျာ အားလုံးကိုပေးဆပ်ခဲ့တာတောင် ဂုဏ်သိက္ခာကိုပါပေးစေချင်နေတာလား အေမားရယ်။
    ဟက်ဆန်တို့သားအဖကို သနားလွန်းလို့ အေမားကိုအပြင်မှာတွေ့ရင်အော်ငေါက်ပစ်လိုက်ချင်တယ်။

  • အလင်းဆက်

    June 26, 2012 at 7:59 pm

    ရွှေကြည်ရေ..
    အေမားက ကြံရာမရ..ဖြစ်နေတာ ။
    အေမား..နောင်တ က အေမားကို ပြန်နှိပ်စက်နေတာလေ..

    ဖတ်ရှု ကြသူ အားလုံးကို ခင်မင်လေးစားစွာ…

Leave a Reply