တိမ်ယံသစ္စာ အပိုင်း ( ၁၈ )

alinsettJune 27, 20121min2514

_ကျွန်တော်ဖန်တီးခဲ့သည့်ကိစ္စ၏ အတိမ်အနက်ကို ယခုမှ

ကျွန်တော်သဘောပေါက်တော့၏။ အလီ၏ မျက်နှာသေ ကြီးကပင် ဝမ်းနည်းနာကျင်မှုကို

ဖော်ပြနိုင်အောင် လူတိုင်းကို ဝမ်းနည်းပက် လက်ဖြစ်စေခဲ့ပြီ။

ကျွန်တော်အားတင်း၍ ဟက်ဆန့်ကိုကြည့်ရာ ဟက်ဆန်သည် ခေါင်းငိုက်စိုက်ကျနေသည်။

ပခုံးနှစ်ဖက်ပျော့တွဲလျက်။ လက်ချောင်းများက ရှပ်အကျႌချည်စကို ရစ်ပတ်လျက်။

ဘာဘာ တောင်းပန်နေပြီ။ ”ဘာကြောင့်လဲဆိုတာ ပြောပြပါကွာနော်။ ငါသိဖို့လိုလို့ပါ”

…………………………………

_______________________-

ဘာဘာ တောင်းပန်နေပြီ။ ”ဘာကြောင့်လဲဆိုတာ ပြောပြပါကွာနော်။ ငါသိဖို့လိုလို့ပါ”

အလီက ဘာာဘာ့ကို ဘာမျှမပြော။ ဟက်ဆန်က သူခိုးကြောင်းဝန်ခံစဉ်က အလီ

ဘာမျှဝင်မပြောခဲ့သလို ယခုလည်း ဘာမျှမပြော။ ဘာကြောင့်များလဲဆိုသည်ကို

ကျွန်တော် ယခုချိန်ထိနားမလည်။ သားအဖနှစ်ယောက်စလုံး မှောင်မိုက်သော

တဲကလေးထဲ ငိုခဲ့ကြမည်ကို ကျွန်တော်တွေးလို့ရသည်။ ကျွန်တော့်အတွက် ဟက်ဆန်

သူ့အဖေကိုတောင်းပန်ခဲ့လိမ့်မည်။ သို့ရာတွင် အလီ ဤမျှအထိ

သည်းခံခဲ့သည့်အပေါ် ကျွန်တော် စဉ်းစား၍မထွက်။

”ကားဂိတ်ကို လိုက်ပို့ပေးမယ်မဟုတ်လား၊ ဆပ်”

”မသွားရဘူး” ဟု ဘာဘာ အသံကွဲကြီးဖြင့်အော်သည်။

”အလီတို့ကို တားလို့မရပါဘူး၊ ဆပ်။ ဆပ်အတွက် အလုပ်လုပ်မပေး တော့ဘူး”

”ဘယ်သွားမှာလဲ” ဟုမေးသော ဘာဘာ့အသံ အက်ကွဲနေသည်။

”ဟာဇာရာစခန်း”

”အမျိုးတွေဆီလား”

”ဟုတ်တယ်။ ကားဂိတ်လိုက်ပို့ပေးမယ် မဟုတ်လား၊ ဆပ်”

ထို့နောက်တွင် ကျွန်တော်ယခင်က တစ်ကြိမ်တစ်ခါမျှ မကြုံဖူးခဲ့သည့် ကိစ္စကို

ကြုံဖူးသွားသည်။ ဘာဘာငိုနေပြီ။ ယောကျင်္ားရင့်မာကြီးတစ်ယောက် ငိုသည်

ကိုမြင်တော့ ကျွန်တော်ကြောက်လာသည်။ ”မသွားပါနဲ့” ဟု ငိုယိုတောင်းပန်

နေသော်လည်း အလီက တံခါးဝရောက်သွားပြီ။ ဟက်ဆန် နောက်မှပါသွားသည်။

ဘာဘာဖြစ်ပျက်သွားပုံနှင့် ဘာဘာ့အသနားခံမှုထဲမှ ကြေကွဲကြောက်ရွံ့မှု …

ကျွန်တော် အသက်ခန္ဓာတည်သရွေ့ မေ့နိုင်တော့မည်မထင်။

——————

ကဘူးတွင် နွေရာသီ မိုးရွာခဲပါဘိခြင်း။

ဘဝဂ်တိုင်အောင် ပြာရောင်မှိုင်းသောကောင်းကင်။ ကျောပြင်နှင့်လည်

ဂုတ်သားကို သံပူတံဆိပ်ခတ်သလို ငြီးငြီးထိန် ရှိန်ရှိန်ကြွလျက်ရှိသော

နွေနေလုံး။ ဟက်ဆန်နှင့်ကျွန်တော် ခဲပစ်နေကျ စမ်းပေါက်ချောင်းငယ်လေးများ

ခန်းခြောက်သွား ချိန်။ လန်ချားတွေပြေးတိုင်း ဖုန်တွေတထောင်းထောင်းထလျက်။

မြို့နေလူထု ဆယ်နာရီဝတ်ပြုပွဲအတွက် ဗလီသို့သွားပြီး ဗလီမှအပြန်

တွေ့ကရာအရိပ်အောက် ခေါင်းထိုုးကာ အပူဒဏ်ရှောင် နေအေးချိန်စောင့်ရင်း

တရေးတမောအိပ်ကြရချိန်။

နွေရာသီဟူသည် ချွေးတလုံးလုံး ကျောင်းတက်ရသောနေ့များဟု အဓိပ္ပါယ် ရသည်။

လေဝင်လေထွက်မကောင်းသော စာသင်ခန်းများထဲ ကိုရန်ကျမ်းကို အာဂုံ

ဆောင်ကြရသည်။ လျှာခလုတ်တိုက်သော အာရေဗျဘာသာစကားကို အပတ်တကုတ်

ကြိုးစားကြရသည်။ ဆရာ၏ ပျင်းစရာစာသင်သံအောက်ဝယ် ယင်ကောင်များ

တဖတ်ဖတ်ရိုက်ကြရသည်။ လေပူအဝေ့တွင် ကျောင်းဝင်းအိမ်သာဆီမှ အနံ့အသက် များ

လွင့်လာတတ်သည်။ ခနော်ခနဲ့ ဘတ်စကက်ဘောတိုင်ရင်းတွင် ဖုန်လုံးကြီး

အလိပ်လိပ်ထနေတတ်သည်။

သို့သော် … အလီနှင့် ဟက်ဆန်ကို ဘာဘာ ကားဂိတ်လိုက်ပို့သော ထိုနွေနေ့ကမူ

မိုးမာန်ဖွဲ့ မိုးတွေရွာခဲ့သည်။ နွေလယ်ကြီး မိုးစည်ရိုက် မိုးသံကြွေးကာ

မိုးလုံးညို့သွားပြီးမှ မိုးတို့ဖြိုင်ဖြိုင်ရွာချလိုက်ရာ

ရှစ်ခွင်ညိုးညံနေသော မိုးသံသာ ကျွန်တော့် နားဝထဲ ငြီးစီနေခဲ့သည်။

ဘာဘာက အလီတို့အား ဘာမီယန်ရောက်သည်အထိ ကိုယ်တိုင်လိုက်ပို့

ချင်ကြောင်းပြောသော်လည်း အလီငြင်းသည်။ မိုးရေတို့ဖြင့် ဝေဝါးမှုန်သီနေသော

ကျွန်တော့်အိပ်ခန်းပြတင်းမှနေ၍ ဂိတ်ဝအပြင်ဘက် ဘာဘာ့ကားထဲ အလီ ပစ္စည်း

တင်သည်ကို ကျွန်တော်စောင့်ကြည့်သည်။ အလီသည် သူပိုင်ဆိုင်သမျှအကုန်ကို

လက်ဆွဲအိတ်တစ်လုံးထဲတွင် ထည့်ပြီး အိတ်ကိုကားပေါ်လွှဲတင်သည်။ ဟက်ဆန်သည်

ကြိုးဖြင့်လိပ်ချည်ထားသော သူ့မွေ့ယာကို ကျောပေါ်တင်၍ ဒရွတ်ဆွဲယူလာသည်။

ကျွန်တော့်အခန်းထောင့်တွင် မွေးနေ့လက်ဆောင်များ ပုံထားသကဲ့သို့

သူ့ကစားစရာ များ တဲထောင့်တွင်ပုံထားသည်ကို နောက်တစ်နေ့

ကျွန်တော်သွားကြည့်မှ တွေ့သည်။

မြွေလိမ်မြွေကောက် မိုးရေစီးကြောင်းများ ပြတင်းကိုဆေးကြောချနေသည်။

ဘာဘာ့တစ်ကိုယ်လုံးရွှဲလျက် ကားနောက်ခန်းတံခါးကို ဒိုင်းခနဲပိတ်ပြီး

မောင်းသူထိုင်ခုံ ဆီလျှောက်သည်။ နောက်ဘက်ထိုင်ခုံမှ အလီ့ထံ

ကိုယ်ကြီးကိုင်းနေပြန်သည်။ အလီ စိတ်ပြောင်းသွားအောင်

နောက်ဆုံးသောကောက်ရိုးလေးတစ်မျှင်ကို ဆွဲနေဟန်တူ သည်။ ထိုပုံအတိုင်း

တအောင့်ကြာအောင် စကားပြောနေကြသည်။ လက်တစ်ဖက်က ကားခေါင်မိုးကိုကိုင်လျက်

ကိုယ်ကြီးကိုင်းထားသော ဘာဘာ့တစ်ကိုယ်လုံး စိုနစ်နေပြီ။ ဘာဘာ

ကိုယ်ကိုပြန်ဆန့်လိုက်ချိန်တွင် ကျွန်တော်မွေးကတည်းက သိထားသည့်ဘဝ – ထိုဘဝ

နိဂုံးချုပ်သွားပြီမှန်း ကျွန်တော်သိခဲ့ရပြီ။ ဘာဘာ ကားထဲဝင်သည်။

ကားရှေ့မီးကြီးများ လင်းလာပြီး မိုးရေထဲ ကတော့ပုံအလင်းတန်းကြီးနှစ်ခု

ဝင်းနေသည်။

ယခုအဖြစ်အပျက်သည် ဟက်ဆန်နှင့် ကျွန်တော်ကြည့်နေကျ ဟိန္ဒီရုပ်ရှင်

များထဲ၌သာဆိုလျှင် ကျွန်တော်သည် ဖိနပ်မပါခြေဗလာဖြင့် မိုးရေထဲ တရှူးထိုး

ပြေးထွက်ရမည့် အခန်းဖြစ်သည်။ ကားနောက်ကိုလိုက်ရမည်။ ကားရပ်ဖို့

ငယ်သံပါအောင်အော်၊ ကားနောက်ခုံမှ ဟက်ဆန့်ကိုဆွဲထုတ်ပြီး ကျွန်တော်မှားပါ

ကြောင်း ဝန်ခံစဉ် မျက်ရည်တွေမိုးရေနှင့် ရောနေလိမ့်မည်။ မိုးတွေက

သဲသဲမဲမဲ။ ကျွန်တော်တို့နှစ်ယောက် ဖက်လျက်သား။ သို့သော် ယခုအဖြစ်အပျက်သည်

ဟိန္ဒီရုပ်ရှင်မဟုတ်။

ကျွန်တော် ကြေကွဲနွမ်းရီနေသော်လည်း မငို။ ကားနောက်ပြေးမလိုက်။

ဘာဘာ့ကားထွက်သွားသည်ကို ငေးကျန်ခဲ့သည်။ ကားထဲတွင်ပါသွားသူကား

လူမမည်အကလေးဘဝအစတွင် ကျွန်တော့်အမည်ကို ဦးစွာခေါ်ဆိုတတ်ခဲ့သူ။

လမ်းချိုးကို ကားအကွေ့ ကားနောက်ဘက်ထိုင်ခုံတွင်

ခွေနုံးစွာထိုင်လိုက်သွားသော ဟက်ဆန့်ပုံရိပ်ကို ကျွန်တော်

နောက်ဆုံးတစ်ကြိမ် မြင်လိုက်ရသည်။ ထိုလမ်းချိုးသည် ကျွန်တော်တို့

အကြိမ်ပေါင်းများစွာ ကျောက်ဒိုးလှိမ့်ခဲ့ကြရာနေရာ။

ကျွန်တော် နောက်ဆုတ်သည်။ ကျွန်တော်မြင်သမျှအကုန်မှာ ပြတင်းမှန်ပေါ်

ငွေရည်လိုကျယိုနေသော မိုးမျက်ရည်များသာ …။

အခန်း(၁ဝ)

ကျွန်တော်တို့နှင့် မျက်နှာချင်းဆိုင်တွင် ငယ်ငယ်ရွယ်ရွယ်

အမျိုးသမီးတစ်ဦး ထိုင်နေသည်။ သံလွင်စိမ်းရောင်ဝတ်ထားသော

ထိုအမျိုးသမီးသည် ည၏အအေး ဒဏ်ကို အံတုရန် ခြုံစောင်အနက်ဖြင့် မျက်နှာကို

တင်းတင်းရင်းရင်း ပတ်ထားသည်။ ကားဆောင့်တိုင်း အမျိုးသမီးက ဘုရားတသည်။

သူမ၏ခင်ပွန်း လူထွားကြီးသည် ပွရောင်းရောင်းဘောင်းဘီ၊

မိုးပြာရောင်ဗောင်းထုပ်တို့ဖြင့် လက်မောင်းတစ်ဖက်ထဲ ကလေးကိုထွေးကာ

ကျန်အားနေသောလက်ဖြင့် ပုတီးစိပ်သည်။ အသံမထွက်ဘဲ ဘုရားစာရွတ်သည်။

ဖျင်မိုးထားသော ရုရှားကုန်တင်ကားဟောင်းထဲတွင် ဘာဘာနှင့် ကျွန်တော်အပါအဝင်

စုစုပေါင်း လူတစ်ဆယ့်နှစ်ဦးပါသည်။ ကျွန်တော်တို့မှာ လက်ဆွဲအိတ်

ခြေထောက်နှစ်ဖက်ကြားထဲ ညှပ်ပြီး လူစိမ်းတွေကြားထဲ ညပ်နေသည်။

ယနေ့မနက်လင်းအားကြီး နှစ်ချက်တီးတွင် ကဘူးမြို့မှ ခွာလာစဉ် ကတည်းက

ကျွန်တော့်ကိုယ်တွင်း ကလီစာတွေ ဗြောင်းဆန်နေသည်။ ကျွန်တော်

ကားမူးနေပြီမှန်း ဘာဘာသိလျက် မေးဖော်မရ။ ကားမူးခြင်းသည် ယခုချိန်ထိ

ကျွန်တော့်အားနည်းချက်တစ်ခု ဖြစ်နေဆဲ။ အစာအိမ် ဂျွမ်းထိုးမှောက်လန်

အခံရဆိုးတိုင်း ဖွင့်ဟညည်းမိသည့်အပေါ် ဘာဘာ လှည့်ကြည့်သည့်အကြည့်က

ကျွန်တော့်အတွက် သူကပဲ ရှက်သလိုလို။ ပုတီးသမားလူထွားကြီးက ကျွန်တော့်အား

ကားမူးနေပြီလားမေးသည်။ ဘာဘာ အကြည့်လွှဲသည်။ ပုတီးသမားလူထွားကြီးသည်

ဖျင်စကိုလှပ်ပြီး ယာဉ်မောင်း၏ ကားမှန်ပြတင်းကိုပုတ်၍ ကားရပ်ပေးဖို့ပြောရာ

ယာဉ်မောင်း ‘ကာရင်’ ခေါင်းခါပြသည်။ ကာရင်သည် အသားမည်းမည်း ပိန်ညှော်ညှော်

အရိုးငေါငေါနှင့် နှုတ်ခမ်းမွှေး ခဲတံလုံးလောက်ရှိသည်။

”ကဘူးနဲ့ ဘာမှ မဝေးသေးဘူးကွ။ တောင့်ထားဖို့ပြောလိုက်” ဟု ကာရင်က

ပက်ခနဲပြန်ပြောလေသည်။

ဘာဘာ လေသံဖြင့် ရေရွတ်သည်။ ကျွန်တော် အားနာကြောင်းပြောပြချင် သော်လည်း

ဗြုန်းစားဒိုင်းစားကြီး လည်မျိုထဲခါး၍ ခံတွင်းထဲ တံတွေးတွေပြည့်လာ သည်။

ကျွန်တော် ဖျင်စလှပ်ပြီးအန်ချရသည်။ အတူပါလာသော ခရီးသည်များကို ဘာဘာ

တောင်းပန်သည်။ ကားမူးသည်ကပဲ ရာဇဝတ်မှုကြီးကျူးလွန်ရာကျသလို။

အသက်တစ်ဆယ့်ရှစ်နှစ်ပြည့်သည်နှင့်ပဲ ကားမမူးရဟု ပညတ်ထားသလို။ နောက်ထပ်

နှစ်ကြိမ်တိတိအန်ပြီးမှ ယာဉ်မောင်းကာရင်က ကားရပ်ပေးဖို့ သဘောတူသည်။

သူ့အသက်မွေးဝမ်းကျေုာင်း ကိရိယာကြီး ကျွန်တော့်အံဖတ်တွေနှင့် ချဉ်တူးသွား

မည်စိုးခြင်းက အဓိကဖြစ်သည်။

ကာရင်သည် လူမှောင်ခိုကူးပေးသူဖြစ်သည်။ ရှိုရာဝီတို့ သိမ်းပိုက်ထားသော

ကဘူးမြို့တော်မှ ပါကစ္စတန်သို့ လူပို့ပေးရသော ဤအလုပ်သည် အမြတ်အစွန်း

များသည်။ ကျွန်တော်တို့အား ကဘူးနှင့် ကီလိုမီတာ ၁၇ဝ ဝေးသော ဂျာလာလာဘက်

သို့ ကာရင်က ပို့ပေးမည်။ ဂျာလာလာဘက် မှတဆင့် ကာရင်၏ညီ ‘တိုး’က

ကားကြီးဖြင့် ကိုင်ဘာတောင်ကြားကိုဖြတ်၍ ပက်ရှဝါသို့ ပို့ပေးမည်။

ကာရင် ကားရပ်ပေးသောနေရာသည် မာဟီပါရေတံခွန်၏ အနောက်ဘက်၊ ရေတံခွန်နှင့်

သိပ်မဝေးလှသော လမ်းဘေးတစ်နေရာဖြစ်သည်။ မာဟီပါသည် ငါးပျံဟု အဓိပ္ပါယ်ရသည်။

မြင့်သွန်းမတ်စောက်လှသော ဤရေတံခွန်ကို ၁၉၆ရခုတွင် ဂျာမန်တို့က

အာဖဂန်နစ္စတန်အား ပြန်လည်တည်ဆောက်ပေးခဲ့သည်။ ဂျာလာလာဘက် သွားတိုင်း

ဘာဘာနှင့် ကျွန်တော် အခေါက်ပေါင်း မရေမတွက်နိုင်အောင်

တောင်ထိပ်ပေါ်တက်ခဲ့ကြဖူးသည်။ ဂျာလာလာဘက်သည် ကျောက်ထင်းရှူးမြို့တော်၊

ကြံစိုက်ခင်းမြို့တော်၊ အာဖဂန်တို့ ဆောင်းခိုသောမြို့ဟု ဆိုလည်းမမှား။

ကျွန်တော် ကုန်တင်ကားပေါ်မှ ခုန်ဆင်းပြီး ဖုန်ထူထူလမ်းပခုံးပေါ် ဟပ်ထိုး

ကျသည်။ ခံတွင်းထဲ တံတွေးတွေပြည့်လာပြန်သည်။ အန်တော့မည်ဟု အချက်ပေး နေပြီ။

အမှောင်ထုလွှမ်းပတ်ထားသော မြောင်နက်ကြီး၏ ကမ်းပါးစွန်းတွင် ကျွန်တော့် မှာ

အလဲလဲအပြိုပြို။ ဒူးခေါင်းပေါ်လက်တင်ကာ ကုန်းကုန်းကွကွနှင့် ပျို့တက်အလာ

ကိုစောင့်သည်။ တစ်နေရာရာမှ သစ်ကိုင်းကျိုးသံ၊ ဂီးခနဲ ဇီးကွက်အော်သံ။

သစ်ခက် သစ်လက်များ လေပြည်အပျိုးတွင် ဖျိုးဖျိုးဖျစ်ဖျစ်မြည်သွားပြန်ကာ

တောင်စောင်း တစ်လျှောက် ခပ်ကြဲကြဲပေါက်နေသော ခြုံပင်များလည်း လေအသုတ်တွင်

သောသော ရုတ်ရုတ် ရုန်းထိုးသွားသည်။ အောက်ဘက်မှ ရေတံခွန်ရေကျသံကား

သဲ့သဲ့မျှသာ။

လမ်းပခုံးပေါ်ရပ်နေစဉ် အိမ်ကိုစွန့်ခွာလာခဲ့ပုံသည် ကျွန်တော့်အတွေးထဲ

ချင်းနင်းလာသည်။ ကျွန်တော့်တစ်ဘဝလုံး နေထိုင်ခဲ့သောအိမ်ကို

စွန့်ခွာခဲ့ရပြီ။ မီးဖိုချောင်လက်ဆေးဇလုံထဲ မဆေးရသေးသော

ပန်းကန်တွေအပုံလိုက်။ ခန်းမထဲမှ ကြိမ်ခြင်းထဲတွင် အဝတ်များ။ အိပ်ယာလည်း

မသိမ်းရသေး။ ဗီရိုထဲတွင် ဘာဘာ့ ရုံးတက်ဝတ်စုံ ချိတ်လျက်သားရှိသေးသည်။

ဧည့်ခန်းထဲတွင် ဂုန္တာန်ထိုးထည်များ သည်အတိုင်း။ ဘာဘာ့စာကြည့်ခန်းထဲ

ကျွန်တော့်မေမေ၏ စာအုပ်များ စင်ပေါ် အပြည့်ကျန်နေခဲ့သည်။

ကျွန်တော်တို့သားအဖ ထွက်ပြေးလာခဲ့ပုံကလေးကသင်းသည်။ ကျွန်တော့်

မိဘနှစ်ပါး မင်္ဂလာဆောင်စဉ်က ရိုက်ထားသောဓာတ်ပုံ မရှိတော့။ သမင်ဦးခေါင်း

အထက်မှ ကျွန်တော့်အဖိုးနှင့် ဘုရင် ‘နာဒါရှား’ တွဲရိုက်ထားသော မှုန်အက်နေ

သည့်ဓာတ်ပုံလည်း ပျောက်သွားသည်။ ဗီရိုထဲမှ အဝတ်အစားအချို့လျော့နေသည်။

လွန်ခဲ့သောငါးနှစ်က ရာဟင်ခန် လက်ဆောင်ပေးခဲ့သည့် မှတ်စုစာအုပ်လေးပါ

မရှိတော့။

မနက်မိုးလင်းလျှင် ကျွန်တော်တို့အိမ်၏အစေခံ ဂျာလာလူဒင်သည်

ကျွန်တော်တို့သားအဖ လမ်းလျှောက်ထွက်သည်ဟု ထင်လိမ့်မည်။ မဟုတ်ပါက

ကားလျှောက်မောင်းသည်ဟု ထင်လိမ့်မည်။ ဂျာလာလူဒင်သည် ငါးနှစ်အတွင်း

ခုနစ်ဦးမြောက်အစေခံဖြစ်၏။ ဂျာလာလူဒင်ကို ကျွန်တော်တို့ ဘာမှမပြောခဲ့။

ကဘူးတွင် ဘယ်သူ့ဘယ်သူမှမယုံရ။ ငွေကြေးကြောင့်လည်းကောင်း၊ ခြိမ်းခြောက်ခံရ

မှုကြောင့်လည်းကောင်း၊ ရပ်ကွက်သူရပ်ကွက်သားအချင်းချင်း၊ တစ်အူတုံ့ဆင်း

ညီရင်းအစ်ကိုအချင်းချင်း၊ အစေခံနှင့် အရှင်သခင်၊ မိတ်ဆွေအချင်းချင်းသာမက

သားသမီးကပါ မိဘပေါ်ဒလန်လုပ်နေကြသည်။

ကျွန်တော် အသက်တစ်ဆယ့်သုံးနှစ်မွေးနေ့ပွဲတွင် အကော်ဒီယံတီးပြီး

သီချင်းဆိုခဲ့သော အဆိုတော်အာမက်ဇာဟာ၏ အဖြစ်ကိုတွေးမိသေးတော့။ အပေါင်း

အသင်းတချို့နှင့် ကားမောင်းထွက်သွားသော အာမက်ဇာဟာကို နောင်ကြာမှ

လမ်းဘေးတစ်နေရာတွင် တွေ့ခဲ့ကြသည်။ အာမက်သည် နောက်စေ့တွင် သေနတ်ဒဏ်

ရာနှင့် အသက်ပျောက်နေပြီ။ တမြို့လုံး ပါတီဝင်များ ခြေချင်းလိမ်နေကြသည်။

၎င်းတို့ကြောင့် မြို့တော်ကဘူးသည် ချောင်းမြောင်းနားထောင်သူနှင့်

နားမထောင် သူဟူ၍ အုပ်စုနှစ်စုကွဲသွားခဲ့ရသည်။ ကလိမ်အကျဆုံးအပိုင်းမှာ

ဘယ်သူက ဘယ်သူ့အတွက် သူလျှိုလုပ်နေမှန်း မသိရခြင်းဖြစ်၏။

အပ်ချုပ်သမ ကိုယ်တိုင်းယူစဉ် သာမန်အလ္လာပသလ္လာပ စကားလေး များကလည်း သင့်ကို

ပိုလာချာကီမြေအောက်အကျဉ်းတိုက်ထဲ ပို့ဆောင်ပေးနိုင်သည်။ အသားသည်ကို

ကာဖျူးအမိန့်အကြောင်း သင်ညည်းပြမိလျှင် သံတိုင်နောက် ရောက်သွားပြီး

သေနတ်ပြောင်းဝကို သင်မျက်နှာမူရတော့မည်။ ပုဂ္ဂလိကလွတ် လပ်မှုရှိရမည့်

ကိုယ့်အိမ်ကိုယ့်ဝင်းထဲမှာပင် ညစာစားရင်း သတိဝီရိယဖြင့်

ပြောဆိုဆက်ဆံကြရသည်။ ပါတီဝင်များ စာသင်ခန်းထဲထိ ကျူးကျော်နေကြပေပြီ။

ကလေးသူငယ်များအား မိဘတို့စကားပြောလျှင် ဘာကိုနားထောင်ပြီး ဘယ်သူ့ကို

ပြန်ပြောရမည်ကအစ သင်ပေးကြသည်။ ကိုယ့်မိဘကိုယ် ဒလန်လုပ်ခိုင်းခြင်းပင်။

အင်း … ညကြီးသန်းကောင် လမ်းမပေါ် ကျွန်တော်ဘာတွေများ လုပ်နေမိ ပါလိမ့်။

အိပ်ယာပေါ်ရှိရမည့်အချိန်၊ အနားလိပ်နေသောစာအုပ် ဘေးချကာ စောင်ထဲ

ကွေးနေရမည့်အချိန်။ ခုများဖြင့် အိပ်မက်တစ်ခုလို။ အိပ်မက်သာ

ဖြစ်လိုက်စမ်း ပါတော့။ မနက်မိုးလင်းလျှင် ကျွန်တော်အိပ်ယာထမည်။

ပြတင်းမှကြည့်လိုက်လျှင် ကျက်သရေတုံးသည့် ရုရှားစစ်သားများ

လမ်းဘေးပလက်ဖောင်းပေါ် ကင်းလှည့်မနေ။ မြို့တွင်းလမ်းတွေထဲ တင့်ကားတွေ

ထက်အောက်စုန်ဆန်လမ်းသလားမနေ။ လူတကာ ကို လက်ညှိုးထိုးစွပ်စွဲသလို

တင့်ကားအမြှောက်တင် ဆုံလည်ကြီးများ လည်နေပုံကို လည်း မမြင်ရတော့။

တားမြစ်မိန့်လည်းမရှိ။ အုတ်ကျိုးအုတ်ပဲ့များလည်း ရှင်းလင်း လျက်။

ရုရှားစစ်တပ်မှ ဝန်ထမ်းများ ဈေးထဲ ခေါက်တုံ့လူးလာ လွန်းထိုးနေခြင်းလည်း

ရပ်ဆိုင်းသွားပြီ။

ထိုစဉ် ကျွန်တော့်နောက်ကျောမှ ဘာဘာနှင့် ယာဉ်မောင်းကာရင်တို့

ဆေးတံဖွာရင်း ဆွေးနွေးနေသံကိုကြားလိုက်ရသည်။ ကာရင်က သူ့ညီတွင် ပထမ

တန်းစားအရည်အသွေး ကုန်တင်ကားတစ်စီးရှိကြောင်း၊ ထို့ကြောင့်

ပက်ရှဝါခရီးသည် ပုံမှန်ဖြစ်ကြောင်း၊ အာမဘန္တေခံနေသည်။ ”ပက်ရှဝါကို

မျက်စိမှိတ်ပြီးတောင် ပို့ပေးလို့ရတယ်”ဟု ကာရင်ကဆိုသည်။ သူနှင့်သူ့ညီသည်

စစ်ဆေးရေးဂိတ်မှ ရုရှားနှင့်အာဖဂန်စစ်သားများကို မိတ်ဆွေဖွဲ့ထားပုံ၊

နှစ်ဦးနှစ်ဖက်အကျိုးအတွက် စီစဉ်ထားပုံ၊ စသဖြင့် အာရိုက်နေသည်။

အိပ်မက်မဟုတ်။ ထိုစဉ် ကျွန်တော်တို့ အထက်မှ လေယာဉ်သံကြီး

ချိန်းထားသလိုမြည်ဟိန်းလာသည်။ ကာရင်သည် စီးကရက်ကိုတောက်ပစ်ပြီး ခါးကြားမှ

သေနတ်ဆွဲထုတ်၊ မိုးပေါ်ထောင်ပစ်တော့မလို ဟန်ရေးပြကာ တံတွေးထွေးဆဲရေးနေ၏။

ဟက်ဆန်တစ်ယောက် ဘယ်တွေပေါက်လို့ ဘယ်တွေရောက်နေပါလိမ့်။ အစိုးမရသောကိစ္စ

ပေါ်ပေါက်လာပြန်သည်။ ပေါင်းပင်အရှုပ်အထွေးပေါ် ကျွန်တော်အန် ချသည်။

ကျွန်တော့်အော့အန်သံနှင့် ညည်းသံသည် နားပွင့်မတတ်မြည်ဟိန်းနေသော

လေယာဉ်သံအောက်ဝယ် စုပ်စမြုပ်စပျောက်ရှသွားတော့၏။
——————
နောက်မိနစ်နှစ်ဆယ်အကြာတွင် မာဟီပါစစ်ဆေးရေးဂိတ်၌ ကားရပ်သည်။

ယာဉ်မောင်းကာရင်သည် ထရပ်ကားကို သည်အတိုင်း ထားခဲ့ပြီး နီးကပ်လာသော

အသံဗလံများဆီ နှုတ်ဆက်ဖို့အရေး သွက်သွက်ကလေးဆင်းသွားသည်။ ကျောက်ခင်း

လမ်းပေါ် ခြေထောက်များ ဖိကြိတ်ကြသည်။ ဖလှယ်နေသော စကားလုံးများက

တိုတိုတုတ်တုတ်။ ပြောနေပုံသည် တိုးတိုးတိတ်တိတ်။ မီးခြစ်မီးတစ်ပွင့်

လက်ခနဲ။
နောက်ထပ်မီးခြစ်မီးတစ်ပွင့် လက်သွားပြီးနောက် တစ်ယောက်ကရယ်သည်။

မနှစ်မြို့စရာ စူးရှသောရယ်သံကြောင့် ကျွန်တော် နေရာမှခုန်ထမိသည်အထိ။

ဘာဘာ့ လက်က ကျွန်တော့်ပေါင်ကို ဆွဲဖိချသည်။ ရယ်သံသည်

သီချင်းသံဆီကူးသွားသည်။ ရှေးဟောင်း အာဖဂန်မင်္ဂလာတေးသည် ထူပျစ်သော

ရုရှားလေသံကြောင့် ကီးမကိုက်။

”ဖိုးလမင်းကြီးရယ် xxx ပုန်းခိုလှည့်ကွယ်”

ကတ္တရာလမ်းပေါ်မှ ဖိနပ်ခွာသံကြားရသည်။ ကုန်တင်ကားနောက်ဘက်ကို

မိုးထားသောရွက်ဖျင်စကို ဆွဲလှပ်လိုက်ကြပြီး ဦးခေါင်းသုံးလုံးပြူလာကြသည်။

ကာရင်၊ အာဖဂန်စစ်သား၊ သွားဖြီးနေသော ခွေးဘီလူးမျက်နှာပိုင်ရှင်

ရုရှားစစ်သား။ နှုတ်ခမ်းထောင့်ကို တွဲလောင်းခိုနေသော စီးကရက်တစ်လိပ်။

နောက်ဘက်တွင် မိုးလယ်ခေါင်ကို တွဲလောင်းခိုနေသော မှိန်ပျပျငွေလ။

ကာရင်နှင့် အာဖဂန်စစ်သားတို့ ပက်ရှ်ထန်ဘာသာဖြင့် ပြောကြရာ သူ့ညီ ‘တိုး’

နှင့် ကံခေခြင်းအကြောင်း ကျွန်တော် အနည်းအကျဉ်းဖမ်းမိလိုက်သည်။

ရုရှားစစ်သားသည် ကုန်တင်ကားနောက်ပိုင်းကို ခေါင်းသွင်း၍ကြည့်သည်။ မင်္ဂလာ

တေးလေးတညည်းညည်းနှင့် ကားနောက်မြီးကို လက်ချောင်းများဖြင့် ခေါက်နေသည်။

လရောင်ဖျော့ဖျော့အောက်၌ပင် ခရီးသည်များကို တစ်ဦးချင်းစီကြည့်နေသော

ထိုစစ်သား၏ တောက်ပြောင်နေသော မျက်လုံးအစုံကို ကျွန်တော်မြင်ရသည်။

အအေးဓာတ်လွန်ကဲနေပါလျက် နဖူးပေါ် ချွေးသီးနေသော ထိုစစ်သား၏မျက်လုံးများ

ခြုံစောင်အနက်နှင့်အမျိုးသမီးပေါ် စိုက်ကျသွားသည်။ အမျိုးသမီးထံမှ

မျက်လုံးမခွာဘဲ ကာရင့်အား ရုရှားဘာသာဖြင့် လှမ်းပြောသည်။ ကာရင်က

မာဆတ်စွာဖြေသည်။ ထိုအခါ စစ်သား၏တုံ့ပြန်သံက ကာရင့်ထက်ပင်

ပိုမာကြွပ်သေးသည်။ အာဖဂန် စစ်သား အသံတိမ်တိမ်ဖြင့် ကြားဝင်ဖြန်ဖြေသည်။

သို့သော်ရုရှားစစ်သားက ပိတ်ဟောက်ပစ်လိုက်ရာ နှစ်ဦးလုံးကုပ်သွားကြ၏။

ကျွန်တော့်ဘေးမှ ဘာဘာ ကိုယ်ကြီးတောင့်လာမှန်း ကျွန်တော်သိနေသည်။ ကာရင်

လည်ချောင်းရှင်းကာ ခေါင်းငိုက်စိုက်ကျသွားသည်။ ရုရှားစစ်သားသည်

‘အမျိုးသမီးနှင့် ကုန်တင်ကားနောက်တွင်နာရီဝက်’ ဟုတောင်းဆိုနေကြောင်း

ကာရင် ပြောပြသည်။ အမျိုးသမီးသည် ခြုံစောင်ကိုခေါင်းမြီးဆွဲခြုံကာ

ကျူကျူပါအောင် ငိုတော့သည်။ ခင်ပွန်းသည်ပုတီးသမား လူထွားကြီး၏ ရင်ခွင်ထဲမှ

မတ်တတ်ပြေးစ ကလေးပေါက်စနကပါ အမေငိုတော့လိုက်ငိုသည်။

လူထွားကြီး၏မျက်နှာသည် ကောင်းကင်ထက်မှ လမင်းလိုဖျော့သထက်ဖျော့လာသည်။

ကာရင့်အား အသနားခံရန် ပြောသည်။ နှမချင်း၊ မိခင်ချင်း စာနာပေးပါရန်၊

သို့မဟုတ် ဇနီးရှိပါက ဇနီးသည်ချင်း စာနာပေးပါရန် အသနားခံသည်။

ရုရှားစစ်သားသည် ကာရင့်စကားကိုနားထောင်ပြီး မိုးမွှန်အောင်ကလော်တော့သည်။

”ကျွန်တော်တို့ ဒီဂိတ်ကထွက်ဖို့ ဒါသူ့ဘက်ကတောင်းတဲ့ ဈေးနှုန်းတဲ့” ဟု

ကာရင်စကားပြန်သည်။ ပုတီးသမားလူထွားကြီး၏ မျက်နှာကို ကာရင် စေ့စေ့

မကြည့်ရဲ။

”ဒါပေမယ့် ကျုပ်တို့ဘက်က ငွေပေးပြီးပြီလေ။ သူ့ကိုငွေကောင်းကောင်း ပေးထားတာပဲ”

ကာရင်နှင့် ရုရှားစစ်သား အချေအတင်ပြောကြပြန်သည်။

”သူက … သူပြောတာက ဈေးနှုန်းတိုင်းမှာ အခွန်ရှိတယ်တဲ့”

ထိုအပြောတွင် ဘာဘာထရပ်ပါပြီ။ ဘာဘာ့ပေါင်ကို ဆွဲဖိချဖို့ရာ သည်တစ်ခါ

ကျွန်တော့်အလှည့်ဖြစ်လာသည်။ ဘာဘာရုန်းသည်။ ဘာဘာ

မတ်တပ်ထရပ်လိုက်နိုင်ချိန်တွင် လရောင်ကွယ်သွားသည်။

”ဒီမယ် … သူ့ကိုကျုပ်မေးချင်တာ ရှိတယ်။ မေးလိုက်စမ်းပါ။ သူ့အရှက်က

ဘယ်နားမှာရှိသလဲ” ဟု ဘာဘာက ရုရှားစစ်သားကို တည့်တည့်ကြီးကြည့်၍

ကာရင့်အားပြောသည်။

သူတို့အချင်းချင်းပြောကြပြန်သည်။ ”သူကပြောတယ်၊ ဒါစစ်တဲ့။ စစ်မှာ

အရှက်ဆိုတာမရှိဘူးတဲ့”

”သူမှားနေပြီဆိုတာ ပြောစမ်း။ စစ်ဟာ လူမှုကျင့်ဝတ်ကို မကန့်ကွက်ဘူး။ စစ်က

အဲဒါကိုတောင်းဆိုတာ။ ငြိမ်းချမ်းရေးထက် စစ်က လူမှုကျင့်ဝတ်ကို ပိုတောင်း

ဆိုတယ်”

အမြဲတစေ သူရဲကောင်းလုပ်ရန် လိုအပ်သလော။ ကျွန်တော့်ရင် တဇတ်ဇတ်

ခုန်နေပြီထင်သည်။ တစ်ခါလောက် မသိကျိုးကျွန်ပြု၍ မရဘူးလော။ သို့ရာတွင်

ဘာဘာ ထိုသို့မလုပ်နိုင်ကြောင်း ကျွန်တော်သိသည်။ ထိုလုပ်ရပ်မျိုးမှာ ဘာဘာ့

အကျင့်စာဂ၊ ဘာဘာ့စရိုက်မဟုတ်။ ပြဿနာမှာ ဘာဘာ့အကျင့်သည် ကျွန်တော်တို့

အားလုံးကို အသက်နှင့်ခန္ဓာ အိုးစားကွဲသွားစေနိုင်သည်။

ရုရှားစစ်သားက ကာရင့်ကို ဘာမှန်းမသိပြောစဉ် မထိတထိအပြုံးက နှုတ်ခမ်းပေါ်

တရွေ့ရွေ့တွားတက်လာသည်။

”ဆပ်၊ သူတို့ရုရှားတွေက ကျွန်တော်တို့လူမျိုးတွေလို မဟုတ်ဘူး။ လေးစား

သမှုနဲ့ ဂုဏ်သိက္ခာဆိုတာကို နားမလည်ကြဘူး”

”သူ ဘာပြောတာလဲ၊ ကာရင်”

”ခုနကတောင်းဆိုမှုအစား ဆပ်ကိုယ်ထဲ ကျည်တစ်တောင့်သွင်းရမယ် ဆိုရင်လည်း

အတူတူပါပဲတဲ့” ပြောနေသော ကာရင့်အသံ အဖျားဆွတ်တိမ်ဝင် သွားသည်။

ရုရှားစစ်သားသည် စီးကရက်ကိုတောက်ပစ်ပြီး ပစ္စတိုကို အိတ်ထဲမှ ထုတ်သည်။

ဘာဘာ သေရတော့မည်။ ကျောင်းတုန်းကသင်ခဲ့သော ဘုရားစာကို

ကျွန်တော်အသံတိတ်ရွတ်သည်။

”ဒီကောင့်ကိုပြောလိုက်စမ်း။ ဒီလိုမတော်မတရားကိစ္စကို ငါခွင့်မပြုခင်

ငါ့ကိုယ်ထဲ ကျည်အတောင့်ထောင်ချီပြီး သွင်းစမ်းပါဦး” ဟု ဘာဘာပြောသည်။

ကျွန်တော့်စိတ်အာရုံသည် လွန်ခဲ့သောခြောက်နှစ်က ဆောင်းတစ်ရက်ဆီ

ဖျပ်ခနဲရောက်သွားသည်။ လက်ကြားလမ်းထောင့်တွင် ချောင်းနေသောကျွန်တော်။

ဟက်ဆန့်ကို ဆွဲမှောက်၍ချုပ်ထားသော ဝေလီနှင့်ကာမဲ။ အာစွပ်၏ လှုပ်ရှားနေသော

တင်သားများ။ စွန်ကိစ္စဇောကပ်နေခဲ့သော ကျွန်တော်သည် သူရဲကောင်းတစ်မျိုးတော့

ဖြစ်ခဲ့ဖူးပါသည်။ ရံခါတော့လည်း ကိုယ်တိုင်က ဘာဘာ့သားအရင်းမှ ဟုတ်ပါလေ စဟု

သံသယဝင်ခဲ့ဖူးသည်။

ခွေးဘီလူးမျက်နှာပိုင်ရှင် ရုရှားစစ်သား သေနတ်ကိုမြှောက်သည်။

”ဘာဘာ ထိုင်ပါနော်။ သူတကယ်ပြောတာလား မသိဘူး” ဟု ကျွန်တော်

ပြောပြောဆိုဆို ဘာဘာ့အကျႌလက်စကို ဆွဲချသည်။ ဘာဘာက ကျွန်တော့်လက်ကို

ရိုက်ချသည်။ ”ငါမင်းကို ဘာသင်ထားလဲ” ဟု ဘုဆတ်ဆတ်ဖြေပြီး သွားဖြဲနေသော

စစ်သားဘက်လှည့်ကာ ”ကာရင်၊ ဒီကောင့်ကိုပြောလိုက်စမ်း။ ငါ့ကို

တစ်ချက်ထဲနဲ့ သေအောင်ပစ်နိုင်ရင် ကံကောင်းတယ်မှတ်။ တစ်ချက်ထဲနဲ့

ငါကိစ္စမချောလို့ကတော့ ဒီကောင်စိစိမွမွကြေမယ်”

ကာရင်ဘာသာပြန်ပြနေစဉ် ရုရှားစစ်သား၏ မခိုးမခန့်အပြုံး နည်းနည်း လေးမှ

လျော့ကျမသွား။ ထို့နောက် သေနတ်ကိုမောင်းတင်ကာ ဘာဘာ့ကိုချိန်သည်။

ကျွန်တော့်လည်မျိုထဲဝယ် နှလုံးခုန်သံကြီးထစ်ချုန်းလျက်။ မျက်နှာကို

လက်ဝါးဖြင့်အုပ် မိသည်။

သေနတ်သံမြည်ဟိန်းသွားသည်။

ပြီးပြီ။ သွားပြီ။ ကျွန်တော့်အသက် တစ်ဆယ့်ရှစ်နှစ်။ လောကကြီးထဲ

တစ်ကောင်ကြွက်တစ်မျက်နှာ။ ဘာဘာကွယ်လွန်ပြီ။ ဘာဘာ့သက်မဲ့ခန္ဓာကို မြှုပ်

ရတော့မည်။ ဘယ်မှာများသွားမြှုပ်ရပါ့။ ပြီးလျှင် ကျွန်တော်က

ဘယ်စခန်းမြန်းရပါ့။

မျက်ခွံကို ကယောင်ချောက်ခြားဖွင့်ကြည့်ရာ………………………….

…………………………………………………..

……………………………………………………
________________________________

ဆက်ပါဦးမည် .။

_____________________________
မူရင်းစာအုပ်အမည်…..THE KITE RUNNER

မူရင်းစာရေးဆရာ…….KHALED HOSSEINI
______________________________–
မြန်မာပြန်ဆိုသူ …… ဝင့်ပြုံးမြင့်

မြန်မာပြန် စာအုပ်အမည်……..တိမ်ယံသစ္စာ..

2009 / ဇွန် ၊ ပထမ အကြီမ် ။

စာမျက်နှာ စုစုပေါင်း…350

13 x 21 စင်တီဆိုဒ်

စာအုပ်တန်ဖိုး … 3000 ကျပ်
______________________________

လေးစားစွာဖြင့်..
……………………

4 comments

  • မောင်ပေ

    June 27, 2012 at 8:56 pm

    ဘုရားဘုရား
    ဇါတ်ကတော်တော်ဆိုးတာကလား
    ကိုယ့်ရှေ ့မှာ ကိုယ့်အဖေ သေနတ်နဲ ့အပစ်ခံရမှာလားဆိုတာ
    နောက်အပိုင်းကိုမျှော်ရပြီပေါ့ဗျာ ။

  • mamanoyar

    June 28, 2012 at 9:23 am

    အားပေးသွားပါတယ် ကို အလင်းဆက်ရေ

  • shwe kyi

    June 28, 2012 at 12:34 pm

    စိတ်ဝင်စားစရာပဲ ဟက်ဆန်တို့နဲ့ပြန်မဆုံတော့ဘူးလားမသိ။

  • အလင်းဆက်

    June 28, 2012 at 7:08 pm

    ကိုကြီး.မောင်ပေ..ဘုရား.. တ…လိုက်သလိူ..ကျွန်တော်လည်း..ဘုရား.တခဲ့ရတယ်ဗျ ။

    အဲဒီ အခန်း အရောက်မှာ…စာ ဖတ်နေရင်း မီး..ပျက်သွားလို့ ့လေ….။

    အဲဒါ..နဲ ့ပဲ….

    ကျွန်တော်..လည်း..ဒီလို..နေရာလေးမှာ… တစ်ပိုင်း ဖြတ်ကြည့်လိုက်ပါတယ်..။
    အဟဲ….။…မျှော်ရလို ့..တော့ စိတ် ချိုးပါနဲ ့ဂျာ.။ .နော့ ။

    မမနိုရာ..နဲ ့ ရွှေကြည်ရေ…. အားပေး ဖတ်ရှု..လို့ကျေးဇူးနော် ။

    ရွှေကြည်ရေ….

    ဟက်ဆန်တို ့..ပြန် ဆုံ ….မဆုံ…..မျှော်…..

    လေးစား ခင်မင်စွာ…

Leave a Reply