“ဂန္ထဝင်စာပေ” ဟူသည် …


“စာပေ” ၏ ဝိသေသနဖြစ်သော “ဂန္ထဝင်” ဟူသော ဝေါဟာရကို အဘိဓာန်များတွင် မည်သို့ ဖွင့်ဆိုထားကြောင်း လေ့လာကြည့်သောအခါ “ဂန္ထဝင်” သည် ပါဠိ “ဂန္ထ + ဝံသ” မှ ဆင်းသက်ကြောင်း၊ “ဂန္ထ” သည် “ကျမ်းဂန်” ဟု အဓိပ္ပါယ်ရ၍ “ဝံသ” သည် “အစဉ်” ဟု အဓိပ္ပါယ်ရကြောင်း ရှင်းလင်းပြီး “ဂန္ထဝင်” ကို “စာပေသမိုင်း၊ ကျမ်းဂန်သမိုင်း၊ သမိုင်းဝင်စာပေ” ဟူ၍ ဖွင့်ဆိုကြသည်ကို တွေ့ရပါသည်။

တစ်ဖန် “ဂန္ထဝင်” ကို “Classic” ဟူသော အနောက်တိုင်း စာပေဝေါဟာရ နှင့်လည်း သဘောတူ အဓိပ္ပါယ်တူ သုံးနှုန်းတတ်ကြသည်ကို တွေ့ရပါသည်။ “Classic” ကို “ဂန္ထဝင်စာပေ” ဟူ၍ လည်းကောင်း၊ “ဂန္ထဝင်မြောက်စာပေ” ဟူ၍လည်းကောင်း ပြန်ဆို သုံးနှုန်း တတ်ကြပါသည်။

“Classic” သည် “Classicus” ဟူသော လက်တင်ဝေါဟာရမှ ဆင်းသက်ကြောင်း၊ ရှေးခေတ် ရောမနိုင်ငံတွင် ငွေကြေးဥစ္စာအလိုက် လူတန်းစာ ခွဲခြားရာ၌ အချမ်းသာဆုံး ထိပ်တန်း လူတန်းစားကို ထိုဝေါဟာရဖြင့် ခေါ်ဝေါ်သုံးနှုန်းကြောင်း၊ တစ်ဖန် “ထိပ်တန်းစာပေ ရေးသားသူ၊ ထိပ်တန်းစာဆို” ဟူသော အဓိပ္ပါယ်ဖြင့် ထိုဝေါဟာရကို သုံးနှုန်းပြန်ကြောင်း၊ ထိုမှတစ်ဖန် ထိုထိပ်တန်းစာဆိုတို့ ရေးဖွဲ့သော “ထိပ်တန်းစာပေ”၊ “စာကြီးပေကြီး” ဟူသော အဓိပ္ပါယ်ဖြင့် ထိုဝေါဟာရကို သုံးနှုန်းပြန်ကြောင်း ပညာရှင်များက ရှင်းလင်း ဖွင့်ဆိုကြပါသည်။

ထိုဖွင့်ဆိုချက်နှင့်အညီ Classic ကို “စံတင်လောက်သော စာပေ”၊ “စံတင်လောက်သည့် အနုပညာ လက်ရာ”၊ “စကားပြေပြစ်၍ ပုံသက်သေ မှတ်စရာ ကောင်းသောစာ”၊ “စာပေဩဇာကို အသိအမှတ်ပြုရသော စာပေ”၊ “ထင်ရှား ပေါ်လွင်ပြီး တည်တံသော အရည်အသွေးများကြောင့် အားလုံးက အသိအမှတ် ပြုရသော စာပေလက်ရာ”၊ “နှစ်ကာလများ၏ စမ်းသပ်မှုကို ကြံ့ကြံ့ခံနိုင်သော စာပေ”၊ “တစ်ခတ်လွန် တစ်ခတ်ကူးတွင် အဖက်တင်ခဲ့သော စာပေ” စသည်ဖြင့် အမျိုးမျိုး ဖွင့်ဆိုကြသည်ကို တွေ့ရပါသည်။

တစ်ဖန် “စာပေ” ဟူရာ၌ စိတ်ကူး ဉာဏ်ဖြင့် ဖန်တီးရေးဖွဲ့သော ဝတ္ထု၊ ကဗျာ၊ ပြဇာတ် စသည့် ရသစာပေကို အဓိက ဆိုလိုကြောင်း သတ်မှတ်ဖွင့်ဆိုချက် ရှိပါသည်။ ဤသို့ဆိုလျှင် မြန်မာ့ဂန္ထဝင်စာပေ ဟူရာ၌လည်း ဂန္ထဝင်စာပေတွင် ရှိအပ်သည့် အရည်အသွေးနှင့် ပြည့်စုံသော ဝတ္ထု၊ ကဗျာ၊ ပြဇာတ် စသည့် ရသစာပေတို့ကိုသာ စာရင်းသွင်းရမည်ကဲ့သို့ ရှိနေပါသည်။

သို့သော် မြန်မာ့စာပေသမိုင်းတွင် ရသစာပေ တို့ကိုသာမက အရေးအဖွဲ့ ကောင်းမွန်သော အခြားစာပေ ကျမ်းဂန် တို့ကိုလည်း စာပေအရာမြောက်သော စာကောင်းပေမွန်အဖြစ် ထည့်သွင်း အသိအမှတ်ပြုသည့် အစဉ်အလာ ရှိပါသည်။

“တရားစာများ၊ ဗေဒင်ကျမ်း၊ နက္ခတ်ကျမ်း၊ နီတိကျမ်းများ စသည့် ကျမ်းဂန်တို့ကို ရေးသားစီရင်ရာတွင် အလင်္ကာ ရသ မြောက်အောင်ရေးလျှင် စာပေမြောက်သည်ဟု ယူဆကြရပါသည်” ဟူသော ဆရာမောင်ထင်၏ အဆိုအမိန့်၊ “နရသုခိ၊ နရတန်ဆောင်၊ ဓာတုမင်္ဂလာ၊ ဒွါဒသိန် စသော ကျမ်းများမှာ ဆေးကျမ်း၊ ဓာတ်ကျမ်း၊ နက္ခတ်ကျမ်းများ ဖြစ်သော်လည်း အလင်္ကာ ဂုဏ်မြောက်အောင် ဖွဲ့ဆိုထားသဖြင့် ၎င်းတို့ကို ဖတ်ရှုစဉ်အတွင်း၌ ဆေးကျမ်း၊ ဓာတ်ကျမ်း၊ နက္ခတ်ကျမ်းများ ဖြစ်သည်ကိုပင် သတိမပြုမိတော့ဘဲ ရသ၏ ဆွဲဆောင်ရာကို ပါသွားသည် ဖြစ်သောကြောင့် ရသစာပေတွင် ပါဝင်ကြောင်း” ဟူသော ဆရာဇေယျ၏ အဆိုအမိန့်တို့သည် ထိုအစဉ်အလာကို ဖော်ညွှန်းလျက် ရှိပါသည်။

ဤသို့ဆိုလျှင် ဝတ္ထု၊ ကဗျာ၊ ပြဇာတ်တို့သာမက ဂုဏ်အလင်္ကာ ရသမြောက်အောင် ရေးဖွဲ့ထားသော အခြားစာပေ ကျမ်းဂန်တို့ကိုလည်း မြန်မာဂန္ထဝင်စာပေ အဖြစ် ထည့်သွင်း သတ်မှတ်ရမည့် သဘောရှိပါသည်။

အချုပ်ဆိုရလျှင် မြန်မာ့ဂန္ထဝင်စာပေ ဟူသည်မှာ ဂုဏ်အလင်္ကာ ရသမြောက်သော စာပေ၊ စံတင်လောက်သော စာပေ၊ စာပေဩဇာ သက်ရောက်မှုရှိသော စာပေအဖြစ် ခေတ်အဆက်ဆက် ကြံ့ကြံ့ခံ ရပ်တည်သော စာပေကျမ်းဂန် သမိုင်းဝင် စာကောင်း ပေမွန်တို့ပင် ဖြစ်သည်ဟု ဆိုနိုင်ဖွယ် ရှိပါသည်။

သို့ဖြစ်လျှင် စာပေတစ်ရပ်သည် ဂန္ထဝင်စာပေ ဖြစ်ထိုက် မဖြစ်ထိုက်၊ မည်သို့ သတ်မှတ် တိုင်းတာမည်နည်းဟူ၍ မေးစရာ ရှိပါသည်။ သတ်မှတ် တိုင်းတာရန် ကိစ္စကား လွယ်ကူသောကိစ္စ မဟုတ်ပါ။ သို့သော ရှေ့တွင် တင်ပြခဲ့သည့်အတိုင်း စာပေတစ်ရပ် ပေါ်ပေါက်ပြီးသည့် နောက်ပိုင်း ခေတ်ကာလများတွင် ထိုစာပေ၏ဂုဏ်ကို လေးစားစွာ အသိအမှတ်ပြုကာ ဖော်ညွှန်းမှုများ ပြုကြသည်ဆိုလျှင် ထိုစာပေသည် ရှေ့တွင်တင်ပြခဲ့သော ဂန္ထဝင်စာပေ ဖွင့်ဆို သတ်မှတ်ချက်များနှင့် တစ်နည်းမဟုတ် တစ်နည်း အကျုံးဝင်လိမ့်မည်ဟု ယေဘုယျအားဖြင့် မှတ်ယူရပါသည်။

၁၉၉၂ ခုနှစ်ထုတ် “ဂန္ထဝင်စာပေ စာတမ်းများ (ဒုတိယတွဲ)”
မောင်ခင်မင် (ဓနုဖြူ) တင်သွင်းသော ရှေးခေတ်မြန်မာ့ ဂန္ထဝင်စာပေ စာတမ်းမှ
ကောက်နုတ်တင်ပြခြင်း ဖြစ်ပါကြောင်း ………………………………………. ။

ဤတွင် ပြီး၏ ……………………………………. ။

16 comments

  • မောင်ပေ

    June 29, 2012 at 12:02 pm

    ဟုတ်ကဲ့ မှတ်သားစရာပါဘဲ ။ မှတ်သားသွားပါတယ်

    • မစ္စတာ တောက်တဲ့

      June 29, 2012 at 1:24 pm

      ပထမဆုံး ကွန်မန့်လေးအတွက်
      ကျေးဇူးပါနော် ..

  • Khaing Khaing

    June 29, 2012 at 1:19 pm

    စာကြောင်းပေကြောင်းတော့ နားမလည်လို့မဆွေးနွေးတော့ဘူး ကိုတောက်တဲ့ ………

    • မစ္စတာ တောက်တဲ့

      June 29, 2012 at 1:40 pm

      ဟုတ်ကဲ့ ..
      ဗဟုသုတအဖြစ် ဖတ်မှတ်သွားတယ်ဆိုရင်ပဲ
      ကျေနပ်လှပါပြီ ဆိုသည့်အကြောင်း …

      • မောင်ပေ

        June 29, 2012 at 7:37 pm

        နောက်တစ်ခါကြရင်
        ဂန္တဝင်မောင်ပေ့အကြောင်းလေးလဲ
        ရေးပေးဘာအုန်းနော
        မစ်ချတာဂျာဂျာ

  • mamanoyar

    June 29, 2012 at 2:24 pm

    ဖတ်ရတာ ဗဟုသုတ ရပါတယ်ရှင်

  • kyeemite

    June 29, 2012 at 3:36 pm

    ကိုတောက်တဲ့ရေ..သွားလာသတိအစဉ်ရှိပါနော်..
    တော်ကြာအဖမ်းခံနေရမှာစိုးလို့ပါ..
    တောက်တဲ့တွေဈေးကောင်းနေတယ်မဟုတ်လား…ဟီး..
    ဖတ်မှတ်သွားပါဂျောင်း..

  • mocho

    June 29, 2012 at 4:05 pm

    နံမည် ကလည်း ပြောင်းပြန်ပြီ။ အသစ် အများကြီး ကို မနည်းလိုက်မှတ် နေရတဲ့ ကြားထဲမှာတော်…ညဉ်းတို့ ကလည်း ..ပြောင်း..ပြောင်းနိုင်လွန်း။
    အသစ် မှတ် လို့ …ဒီအသစ် က တော် လှချည်လို့ တွေးလိုက်မိတာ….နောက် က ပိုစ့်တွေ ပြန် ကြည့် မှသိတော့ တယ်။
    အမက နဲနဲ ပိန်း တယ် ဟဲ့ နံမည် ပြောင်း ထား ရင် ဘယ်သူမှန်း ချက်ချင်း မသိဘူး။

  • အရီး Khin Latt

    June 29, 2012 at 4:23 pm

    စာကြီးပေကြီး တွေ ဆိုတာ ငယ်တုန်းက အတော်ပျင်းဖို့ ကောင်းတဲ့ စာတွေ လို သတ်မှတ်ခဲ့တာ။
    တကယ်မှာ အနှစ်သာရ ပေး နိုင်တာ အဲဒီ စာတွေကမှ။

    ဒါ့ထက်
    တောက်တဲ့ ဆိုတာ တစ်ချိန်က ဂန္ဓဝင် ထဲ မှာတော့ သူများ လက်ထဲ မှာ လှိမ့်ခံ နေရတာ ဆိုဘဲ၊ 😉

  • မစ္စတာ တောက်တဲ့

    June 29, 2012 at 9:41 pm

    ဟုတ်ကဲ့ ..
    ယခုကဲ့သို့ ကျွန်ုပ်၏ စာ .. အဲ .. သူများစာတွေကို ပြန်ရေးပြီးတင်ထားတဲ့ …
    ကျွန်ုပ်၏ ပို့စ်အား ဖတ်ရှု၍ မန့်သွားကြပါကုန်သော အရပ်ကတို့အား
    ကျွန်ုပ် မစ်ချတာ တောက်တဲ့မှ အထူးကျေးဇူး အလွန်အမင်း တင်ရှိတော်မူပါဂျောင်း …..

    ပုံ/
    မစ္စတာ တောက်တဲ့

  • ချစ်ရင်ထူးနှစ်

    June 30, 2012 at 12:02 am

    မစ္စတာ အမြှီး ဖြုတ်ဦးမှ ထင်တယ် တောက်တဲ့ရေ … ချဉ်ပေါင်ရွက် လိုက်ခူးလိုက်ဦးမယ် ..

  • pooch

    June 30, 2012 at 1:09 am

    အရင်ကတော့ ဖတ်ဖူးပါတယ်။ ခုတော့ စာအုပ်ထူရင် သိပ်မကိုင်ချင်တော့သလို စာဖတ်နည်းတာလည်း အတော်ကြာနေပြီ။ အရင်လောက်မဖတ်ဖြစ်တော့ဘူး။ စာဖတ်ချိန်တွေ အွန်လိုင်းပေါ်ရောက်နေတတ်လို့။ စာဖတ်ဖို့ ပြန်အကျင့်လုပ်နေရတယ်။

    နောက် အဲ့ဒီလိုပဲ ဂန္တဝင် ( classic ) လို့ အမည်ရတဲ့ ဒရာမာကားတကား ကြည့်ဖူးတယ်။ နာမည်နဲ့လိုက်အောင် ရိုက်ထားတာ။ နောက်ပိုင်း အလွမ်းဇာတ် ကြည့်ပြီး မျက်ရည်တောင်ကျတယ်။

    မြင်မိသလောက်လဲ အဲ့ဒီလို စာပေတွေက ဟိုးအရင်ခေတ်ကရေးခဲ့တဲ့စာတွေ များတယ်။ ခုခေတ် အဲ့လိုကောင်းတဲ့ စာ မတွေ့မိတော့ဘူး။ ကိုယ်ကပဲ မမြင်တာလား မသိဘူး။

    • မစ္စတာ တောက်တဲ့

      June 30, 2012 at 1:57 pm

      အမပုချ်ရေ ..
      ကျနော့် အထင်တော့ ဂန္ထဝင် စာရင်းဝင်သွားတဲ့ စာပေတွေက
      ခေတ်ဟောင်းက စာတွေပဲ များပါတယ် …
      ဂန္ထဝင် စာပေ ရေးသားသူ အများစုဟာလည်း သေလွန်ပြီးနောက်မှာမှ
      ဂန္ထဝင်ဆိုတဲ့ အမည်ကို လက်ခံရရှိကြတာ များကြောင်းလို့ ထင်မြင်မိကြောင်းပါ ..
      ခုလို လာရောက် အားပေးဖတ်ရှုသွားတာ ကျေးဇူးပါလို့ …

      _________

      ဟို အောက်က လူဂျီးကိုလည်း
      ကျေးဇူးပါနော့ ..
      ဒါနဲ့ အနော်က စနေသား ဟုတ်ဘူးရယ် ..
      ဟိုဟာသားဂျ … 😀

  • သားဦး၊မြေးဦး

    June 30, 2012 at 1:23 pm

    မှတ်သားသွားပါ၏ ကိုစနေသားရေ။

    သို့ဖြစ်လျှင် စာပေတစ်ရပ်သည် ဂန္ထဝင်စာပေ ဖြစ်ထိုက် မဖြစ်ထိုက်၊ မည်သို့ သတ်မှတ် တိုင်းတာမည်နည်းဟူ၍ မေးစရာ ရှိပါသည်။ သတ်မှတ် တိုင်းတာရန် ကိစ္စကား လွယ်ကူသောကိစ္စ မဟုတ်ပါ။ သို့သော ရှေ့တွင် တင်ပြခဲ့သည့်အတိုင်း စာပေတစ်ရပ် ပေါ်ပေါက်ပြီးသည့် နောက်ပိုင်း ခေတ်ကာလများတွင် ထိုစာပေ၏ဂုဏ်ကို လေးစားစွာ အသိအမှတ်ပြုကာ ဖော်ညွှန်းမှုများ ပြုကြသည်ဆိုလျှင် ထိုစာပေသည် ရှေ့တွင်တင်ပြခဲ့သော ဂန္ထဝင်စာပေ ဖွင့်ဆို သတ်မှတ်ချက်များနှင့် တစ်နည်းမဟုတ် တစ်နည်း အကျုံးဝင်လိမ့်မည်ဟု ယေဘုယျအားဖြင့် မှတ်ယူရပါသည်။

  • ကြောင်ကြီး

    July 2, 2012 at 9:22 am

    ဂန္တဝင်ဆိုတာ ဟိုမော်ဒယ်ဂဲ မင်းသမီးကို ပြောတာဟုတ်ဖူးလား။ ဇော်ပိုင်ရဲ့ မြို့အဝင်ည ဗွီစီဒီထဲမှာ ပါဒယ်လေ။ ဂန္တဝင်စာပေဆိုတော့ အဲဒီမင်းသမီး စာအုပ်ဆိုင်ဖွင့်ထားလို့များလား…

Leave a Reply