စပယ်ယာ(ယာဉ်နောက်လိုက်)များ ကွာခြားပုံ
မြို့ကြီး(၂)မြို့ဖြစ်တဲ့ ရန်ကုန်မြို့နဲ့မန္တလေးမြို့ရဲ့ ဘတ်စ်ကားလိုင်းတွေရဲ့ ယာဉ်နောက်လိုက်လို့ ခေါ်တဲ့ စပယ်ယာများ လုပ်ဆောင်ပုံ ဓလေ့စရိုက်များ ကွာခြားပုံလေးကို ရေးမလို့ပါ။
ကျွန်တော်ရန်ကုန်မှာနေခဲ့စဉ် တလျှောက်လုံး လိုချင်တဲ့နေရာကိုရောက်ဖို့ ဘတ်စ်ကား(လိုင်းကား)ကိုဘဲ အားထားသွားလာခဲ့တဲ့ထဲက မြင်ကွင်းတစ်ခုလောက်ကိုဘဲ နမူနာပြောပါရစေ။ တစ်နေ့အလုပ်ကိစ္စရှိလို့ ရန်ကုန်မြို့ထဲ ဆူးလေးဘက်သွားမလို့ အင်းစိန်-ဆူးလေပြေးဆွဲတဲ့ ဘတ်စ်ကားတစ်စီး မှတ်တိုင်ကိုရောက်လာလို့ တိုးဝှေ့တက်ကြရင်း ဘတ်စ်ကားပေါ်ကျွန်တော်ရောက်သွားပြီး ထိုင်စရာနေရာလွတ်မရှိလို့ အဆင်ပြေရာမှာ မတ်တပ်ရပ်လိုက်တာပေါ့။ အဲဒီမှာ စပယ်ယာ အသံကြားရပါပြီ ဇာတ်ကလို့ ရအောင်ရပ်မထားနဲ့ ချောင်ချောင်ချိချိစီးချင်ရင် Taxi ဌားစီးသွား–တဲ့။ အဲဒီအချိန်မှာဘဲ ကားကထွက်ဖို့အရှိန်ယူနေတုံး ကလေးမလေး တစ်ယောက်နဲ့ အသက်ကြီးကြီးအမျိုးသမီးတစ်ယောက် ကားရှေ့မျက်နှာမူက ပြေးလာတာတွေ့လို့ ကားကဘရိတ်မှေးပြီးရပ်စောင့်နေလိုက်တယ်။ ကလေးမလေးက ငယ်ရွယ်သူမို့ ဘတ်စ်ကားစီအရင်ရောက်တော့ စပယ်ယာက တက်တက်ကလေးဆိုပြီး လက်မောင်းလေးဆွဲပြီးတင်လို့ ကလေးမလေးကားပေါ်ရောက်တုံး ခုနက အသက်ကြီးကြီးအမျိုးသမီးက တံခါးဝအရောက် တက်မယ်ဟန်ပြင်တော့ စပယ်ယာက အမေကြီးနောက်ကားနဲ့မှလိုက်တော့ မရတော့ဘူးလို့ပြောပြီး တံခါးဆွဲပိတ်တယ်၊ပြီးတော့ မောင်းဆရာရေတဲ့။အဲဒီမှာ စပယ်ယာကတဆက်တည်းပြောပါသေးတယ် အဲဒီအမေကြီးတင်လိုက်ရင် အဆင်းအတက် တင်တစ်ဝါဆိုသွားမယ်-–တဲ့။
အခုကျွန်တော်မန္တလေးမှာနေဖြစ်တော့ ဟိုတလောက မန္တလေးရဲ့ဈေးချိုမှာ လိုတဲ့ပစ္စည်းလေးတွေ ဆိုင်ကယ်နဲ့သွားဝယ်ပြီး အပြန်မှာ စီးလာတဲ့ဆိုင်ကယ်က နိုးမရတော့တာမို့ အနီးနားကဆိုင်ကယ်ပြင်ဆိုင်မှာ အပ်ထားခဲ့ရလို့ ဘတ်စ်ကား(လိုင်းကား)နဲ့ဘဲ ပြန်မယ်ဆိုပြီး ဈေးချိုနားက (၈၄လမ်းနဲ့၃၁လမ်းထောင့်)မှတ်တိုင်မှာ စီးရမယ့်ဘတ်စ်ကား စောင့်နေတုံး မှတ်တိုင်ကို လိုင်းကားဒိုင်နာတစ်စီးရပ်လာတယ၊် ကားရပ်ပြီဆိုတာနဲ့ စပယ်ယာက မှတ်တိုင်မှာရပ်နေတဲ့ သူတွေကို လိုက်မေးပါလေရော စစ်ကိုင်းလား၊ဘယ်သွားမလဲ စစ်ကိုင်းသွားမယ့်သူများလည်း သူကားပေါ်တက်တော့ အထုပ်တွေပစ္စည်းတွေဝိုင်းကူသယ် နေရာချပေးပေါ့။ ပြီးတော့ကျွန်တော့ဆီလာမေးပါရော အကိုဘယ်သွားမလဲ၊စစ်ကိုင်းလား ရွှေကြက်ယက်လား၊ ကျွန်တော်လည်း မဟုတ်ပါဘူးလို့ဖြေပေါ့။အဲ နောက်တစ်စီးရောက်လာ ပြန်တော့လည်း စပယ်ယာက ကားပေါ်ကဆင်ပြီး ခုနလိုဘဲ ရပ်နေတဲ့သူတွေလိုက်မေးပြန်ရော၊ ကျွန်တော့ဆီလည်းလာမေးတာပေါ့ အကိုဘယ်သွားမလဲ၊စက်မှုလား။ ကျွန်တော်လည်း မဟုတ်ပါဘူးပေါ့။အဲဒီလိုဘဲ နောက်ထပ်(၃)စီးလောက်ပြိုင်ရောက်တော့ စပယ်ယာတွေ အပြေးအလွှား ဆင်းလာပြီးရပ်နေတဲ့သူတွေလိုက်မေးကြတာပေါ့။ ကျွန်တော့ကိုလည်းအဲဒီထဲက စပယ်ယာတစ်ယောက်ကမေးတယ် အကိုဘယ်သွားမလဲ၊မြစ်ငယ်လား၊ ကျောက်ဆည်လား၊ ကျွန်တော်လည်း မဟုတ်ဘူးပေါ့။ အဲဒီမှာ စပယ်ယာလေးက ထပ်မေးတယ် အကိုက ဘယ်သွားချင်တာလဲ–တဲ့၊ ကျွန်တော်ကစိတ်ထဲဒီစပယ်ယာ အတော်လျှာရှည်တဲ့သူလို့တွေးပြီး မြို့သစ်ကိုသွားချင်တာကွာ–လို့လည်းဆိုရော၊အဲဒီစပယ်ယာလေးက အကိုကလည်း မြို့သစ်ကားက ဟိုနောက်ဆုံးကကား စီးရင်ရောက်တယ်လာအကိုု ဆိုပြီးကျွန်တော့်ဘေးက ပစ္စည်းအိတ်ကို ပြောပြောဆိုဆိုနဲ့ထမ်းပြေးသွားလို့ ကျွန်တော်လည်းမနည်းအပြေး လိုက်ရပါရော။ ပစ္စည်းထမ်းပြေးရင်း မြို့သစ်သွားမယ့်လိုင်းကားရဲ့ စပယ်ယာကိုလည်း လှမ်းအော် ပြောသေးတယ် ဒီမှာခရီးသည်တစ်ယောက်လိုက်အုံးမယ်။ မြို့သစ်လိုင်းကားစပယ်ယာက ပစ္စည်းထုပ်ကိုလက်လွှဲယူပြီး ကျွန်တော်ကိုလည်း တက်အကိုအထဲမှာနေရာတွေရှိတယ် ဆိုပြီးပစ္စည်းကိုနေရာချပေးပေါ့။လိုက်ပို့ပေးတဲ့ စပယ်ယာလေးကတော့ နောက်ထပ်မှတ်တိုင် ရောက်လာတဲ့သူတွေကို ဘယ်သွားမလဲလိုက်မေး နေလေရဲ့။ဒါနဲ့ကျွန်တော်စီးတဲ့ ဘတ်စ်ကားမောင်းလာရင်း ဘုရားကြီးမှတ်တိုင်ရပ်တော့ မှတ်တိုင်နားက ကွမ်းယာဆိုင်မှာ ကွမ်းဝယ်နေတဲ့ အဖိုးတစ်ယောက်ကလှမ်းပြီး ငါလိုက်အုံးမယ်ဟေ့၊ ခဏလေးကွမ်း ထုပ်နေလို့ ပြောတော့၊ စပယ်ယာက ရတယ်၊ရတယ် ဆိုပြီးကားခဏရပ်စောင့်ခဲ့သေးဗျာ။
ရန်ကုန်က ဘတ်စ်ကားစီးလူဦးရေများပြီး၊ ဘတ်စ်ကားလိုင်းတွေရော ဘတ်စ်ကားရော ပေါများကြလို့ အလုအယက် အပြိုင်အဆိုင် မောင်းကြ၊ လူခေါ်တင်ကြ၊ အတက်အဆင်းလည်း ကသုတ်ကယက် သွက်သွက်လုပ်ကြရတာ ဆိုတာကိုတော့ နားလည်ပါတယ်။မန္တလေးကတော့ စက်ဘီး၊ဆိုင်ကယ်နဲ့ သွားလာကြတာများပြီး ဘတ်စ်ကားလိုင်းလည်း ရန်ကုန်လောက် မများသလို စီတဲ့ဦးရေကလည်း ရန်ကုန်နဲ့ယှဉ်ရင် များစွာနည်းပါတယ်ဆိုပေမယ့် ရန်ကုန်က ဘတ်စ်ကားစပယ်ယာတွေရဲ့ အပြောအဆို၊ ကူညီစိတ်တွေကိုတော့ မန္တလေးကစပယ်ယာတွေ ဆီမှာလာလေ့လာသင်ယူဖို့ လုပ်ခိုင်းရမလိုဖြစ်နေပါရောလို့ တွေးမိပါတယ်ဗျာ။
ဖတ်ပြီးအားပေးခြင်းအတွက်ကျေးဇူးပါ။
19 comments
မမ အညာသူ
June 29, 2012 at 11:19 am
တကယ်အမှန်တွေပါပဲ
ဖိုးထောင်
June 29, 2012 at 11:53 am
အဲဒါ ငါတို့ မန်းသားတွေကွ ဟားဟားဟား
mayjuly
June 29, 2012 at 12:52 pm
အဲဒီ့ မန်းသားတွေကို ရန်ကုန်မှာ စပယ်ယာလာလုပ်ခိုင်းကြည့်လိုက်ပါလားးး
သင်စရာမလိုပဲ အော်တို တတ်မှာကွ…အဟတ်ဟတ်
မောင်ပေ
July 1, 2012 at 10:08 am
စပယ်ယာတော့ လုပ်ဝူး
မေလေးရဲ့ဘော်ဒီကပ်ဘဲ လုပ်မှာ:)
King of Secrets (Bo Min)
June 29, 2012 at 12:08 pm
အော် စပယ်ယာ စပယ်ယာ၊ အင်း လောကမှာ လူ အမျိုးမျိုးပါဘဲ၊ ကွာတာပေါ့။
mamanoyar
June 29, 2012 at 12:22 pm
ဟုတ်တယ်နော်
မှန်ပါတယ်
pan pan
June 29, 2012 at 1:05 pm
ဟုတ်ပ့ါ…ကိုခင်ခရယ်
ဒီမှာတော့ ကသောကမျောပြေးတက် ပြေးဆင်း
မြန်ချင်တော့လည်း သူတို့ ၊ ကြာချင်တော့လည်း သူတို့
ရုံးတက်ချိန်ကြီးလည်း ရုံးဝန်ထမ်းတွေပါမှန်းသိသိနဲ့ ကျောက်ချချင်ချနေတတ်တာ
တခါတလေကျတော့လည်း ဆင်းဖို့ရာ တွန်းချခံရလို့ အောက်ကိုလေးဖက်ထောက်မကျတာ ကံကောင်း
တခါသားကျတော့ ပန်ပန်ကို စပယ်ယာက အတင်းဆွဲတင်တာ
သူ့လက်တစ်ဖက်ထဲမှာ မြောက်ပြီးပါသွားတာ 👿
အပေါ်ကို ဘယ်လိုရောက်သွားမှန်းတောင်မသိလိုက်ဘူး
အ်ိမ်မှာပြန်ပြောပြတော့ ရယ်လိုက်ကြတာ ဟွန့် 😡
amatmin
June 29, 2012 at 4:59 pm
စပယ်ယာက..
ပန်ပန်ကိုယ်လုံးကိုတောင် ဆွဲတင်နိုင်တယ်လားး.
အတော်.အားစိုက်ရမှာပဲနော်. 🙂
TNA
June 29, 2012 at 10:07 pm
တူလိုက်တာပန်ပန်ရယ်။ အမတုန်းကမှတ်တိုင်မှာရပ်နေတာ။ ၄၂ လိုင်းကားကစပယ်ရာကဆွဲမ သွားတာ။ ကားပေါ်ကိုဘယ်လိုရောက်သွားမှန်းမသိဘူး။ စိတ်တိုလိုက်တာဆိုတာ။ ရှက်ကလဲ ရှက်ပေ့ါ။ ကိုယ်စီးမဲ့ကား ကအဲကားလဲမဟုတ်ဘူး။ အဲတုန်းကလဲ ကိုယ်က ပေါင် ၇ဝ လောက်ပဲ ရှိတာဆိုတော့ သူဂျိုင်း က နေမသွားတာ။ နောက်တခါကျတော့ ၈ မိုင်ကိုမရောက်ပဲနဲ့ရောက် တယ်ဆိုညာတင်လာပြီး မီးပွိုင့်ရောက်မှ မှေးထားဆရာဆိုပြီး ဟော်တယ်ရှေ့မှာတွန်းချခဲ့တာ။ ကံကောင်းလို့ပလက်ဖောင်းနဲ့မျက်နှာမိတ်မဆက်တယ်။
ဇောက် ထိုး
June 29, 2012 at 3:22 pm
ဟိုလိုလေးရော စဉ်းစားကြည့်ရရင်….
မန္တလေးက စပါယ်ယာတွေ ရန်ကုန်ရောက်သွားရင်ကော…ဘယ်လိုဖြစ်လာနိုင်မလဲ…
နွားကျောင်းတဲ့ ကလေးက ဆဲတတ်သွားတယ်တဲ့။
ဟိုနွား…ဘယ်သွားတာလဲ… ဒီနွားသေတော့မယ်။
ငါ ……မနွားတွေ.. စသဖြင့်….
စဉ်းစားကြည့်မိတာပါ။
ster
June 29, 2012 at 4:10 pm
ရန်ကုန်က ဒရိုင်ဘာ၊ စပယ်ယာ တွေက အလုပ်မဝင်ခင် အရိုင်းအစိုင်းသင်တန်း အရင်တက်ရတယ် ထင်တယ်၊ မဟုတ်တဲ.လမ်းကနေ လမ်းမှန်ထဲ ပြန်ဝင်ချင်ရင်တော. အရမ်းယဉ်ကျေးတာနော်။
etone
June 29, 2012 at 4:35 pm
ကိုခင်ခရေ .. ရန်ကုန်က စပယ်ယာ အများစု အရမ်းကို မိုက်ရိုင်းကြပါတယ် …. ။
လူကြီးဆိုလည်း လူကြီးမှန်း မသိ .. တွန်းချတာမျိုး လုပ်တတ်တယ် …. ။ တစ်ခါတစ်လေ ယာဉ်လိုင်းတူအချင်းချင်း တွေ့တဲ့အခါ .. လှမ်းပြီး စကြနောက်ကြတာကအစ .. မကြားဝံ့မနာသာတွေပါ … ။
စုတ်စုတ်ပြတ်ပြတ်တွေဆို .. ဟိန်းလိုက် ဟောက်လိုက်တာများလွန်ရောပဲ …. ။ ကောင်မလေးတွေဆိုလျှင်တော့ မစားရ အညှော်ခံလေ … လက်လေးမတင်ရတာနဲ့ … ဟိုဘက်တိုးခိုင်း ဒီဘက်တိုးခိုင်းနဲ့ ….. ။ ကျွန်မနဲ့ တစ်ခါ ငြိဖူးပါတယ် … ။ ကျွန်မကို … ကောင်မလေး ပိစိလေးဆိုပြီး … သူဖြဲဟောက်တိုင်းကြောက်မယ် အထင်နဲ့ … ဟိုဘက်လှည့် ဒီဘက်လှည့် ၊ အရှေ့မတိုးဘူးဘာဘူး လာလုပ်ခဲ့သေးတာ … ။ ရုံးနောက်ကျလို့ … လိုင်းကားစီးမိပါတယ် … အဲ့ဒီပြသနာနဲ့ကြုံတော့တာပဲ … ။
ပြန်မပြောလောက်ဘူးထင်ပြီး သူက အသံပြဲကြီးနဲ့ … လာပြောတော့ … လူလည်း ဒေါသအရမ်းထွက်သွားတယ် … သူ့အသံထက်ပိုကျယ်တဲ့နှုန်းနဲ့ …. ပါးစပ် သေနတ်ပစ်လိုက်တာ … ဘာမှ ပြန်မပြောနိုင်တော့ပဲ နင်သွားတယ် … ။ ဆင်းတော့မှ ရှိသမျှ အားကုန်သုံးပြီး အပေါက်ဝရပ်နေတဲ့ သူ့ကို တွန်းတိုက်ဆင်းလာခဲ့တယ် .. အဲ့ဒါလေး မှတ်မှတ်ရရပါပဲ … ။
ရန်ကုန်မှာ .. စပယ်ယာတိုင်းတော့ ဒီလိုချည်းမဟုတ်ပါဘူး ။ တစ်ချို့စပယ်ယာတွေဆို … ဘုန်းကြီးတွေ ကြွလျှင် ၊သီလရှင်တွေကြွလျှင်တောင် ပိုက်ဆံမယူဘူး … ။ သက်ကြီးရွယ်အိုတွေကိုလည်း ဒီအတိုင်း စီးသွားခိုင်းတာမျိုး လုပ်တယ် … ။ တွဲ ချ တွဲခေါ် လုပ်တာတွေလည်း ရှိတယ် .. ။ စပယ်ယာဆိုပေမယ့် … ဆိုးတဲ့လူရှိသလိုကောင်းတဲ့ လူလည်း ရှိပါတယ် .. ။
မန်းလေးတော့မရောက်ဖူးလို့ မပြောတတ်ဘူး .. ဒီမှာတော့ … လူဦးရေနဲ့ယာဉ်လိုင်း မမျှတလို့ကို… ဒီလို ပြသနာတွေ ဖြစ်နေတာလို့ ထင်မိပါတယ် … ။စပယ်ယာတွေ မိုက်ရိုင်းလို့ တိုင်ဦးတော့ အရေးမယူတာကလည်း များတယ်လေ … ။ 🙄
ma haw
June 30, 2012 at 1:43 pm
Right … သူတို့ကိုတိုင်ဖို့ပေးထားတဲ့နံပတ်ကတော့ အတည်လား နောက်ထားတာလား မသိဘူး
ကျွန်တော့်အထင်တော့ သူတို့ ကားကအနာအဆာတွေတွေ့မှာစိုးလို့ စတစ်ကာကပ်ထားတယ်ထင်တာပဲ
ပြီးတော ့ စာတွေထဲမှာလဲဖတ်ဖူးတယ်
ဘာတဲ့
ခုံအပြည့်သာတင်ပါသည် နားလည်မှုပါပေးပါ ဆိုလား ဘာဆိုလား
အဲဒီစာလေးတွေပေါ့
ဒီက လိုင်းကားတွေမှာရှိတဲ့ မလုပ်ဆိုတာအားလုံးက သူတို့အားလုံးကို
ပျော်ပျော်ကြီးသာလုပ်လိုက်ကြတော့ဟေ့လို့ပြောထားသလိုပါပဲ
အကုန်လုံးမဆိုလိုဘူုးနော်
ကောင်းတဲ့လူတွေ ယဉ်ကျေးတဲ့လူတွေလဲ တွေ့ဖူူူူးပါတယ်
Shwe Tike Soe
June 29, 2012 at 4:46 pm
ဟုတ်ပဗျာ…မန်းလေးမှာ စပယ်ယာက ဟောက်လားဘာလားမရှိဘူးဗျို… ခရီးသည်ကပဲ စပယ်ယာကို ဟောက်တာပဲရှိတာ………
အဲဒါ ရန်ကုန်နဲ. မန်းလေး ဘာကွာလို.လဲ မသိဘူးနော်…..
ကျွန်တော်ထင်တယ်… မန်းလေးက ဘက်စ်ကားစီးတဲ့သူနည်းတော့..ဂရုစိုက်တာပေါ့နော်..ရန်ကုန်ကတော့ အကုန်နီးပါး ဘတ်စ်ကားပဲ အားကိုးနေရတော့ ဒီလူတွေ မစီးလို.မရဘူးဆိုပြီး အချိုးမပြေကြတာပေါ့…
အဲဒါ မြန်မာ စိတ်ဓာတ်လေ… ဟေဟေဟေ… 😀
mayjuly
June 29, 2012 at 5:01 pm
ဟမလေး မိတိုက်ရယ် ပေါရက်လိုက်တာ မြန်မာတွေကို သိမ်းကျုံးပီးတော့ …
အကောင်းနဲ့အဆိုးက ဒွန်တွဲ နေတတ်တာပါအေ .. အဲလိုကြီးတော့ ပစ်ပစ် ခါ ခါ ကျောပါနဲ့ လို့
လူမျိုးပေါင် ၁၀၁ ပါးနဲ့ နေ့စဉ် ဆက်ဆံ ရတဲ့ ယဉ်နောက်လိုက်တွေ ဘဝကို လဲ စာနာပါအုံးကွယ်ရို့ …. 😛
သားဦး၊မြေးဦး
June 30, 2012 at 1:21 pm
မန္တလေး ကတော့ အမှတ်ပြည့်ရပီပေါ့။
ဝမ်းသာပါ၏။
ma haw
June 30, 2012 at 1:38 pm
ရန်ကုန်က စပယ်ယာတွေကိုမန်းလေးက စပယ်ယာတွေဆီမှာ သင်တန်းယူခိုင်းလိုက်မယ်လေ
အထူးသဖြင့် ပါရမီနဲ့ မထသ
လောက်ဆိုအဆင်ပြေမလား
အကုန်တော့မပေးနိုင်ဘူးနော် တော်ကြာ စီးစရာကားမရှိတော့ရင်ဘယ်လိုလုပ်မလဲ:O
ဖိုးထောင်
June 30, 2012 at 5:17 pm
ဟဲ့ဟဲ့ TNA က ပေါင် ၇ဝ တောင်ရှိတယ်ဆိုပဲ အမငီး ကြောက်စရာ
ဟဲ့ဟဲ့ အန်တီအီးတုံးက လူကသေးပေမယ့် အသံအကျယ်ကြီးနဲ့ အော်တတ်တယ်တဲ့ အမငီး ကြောက်စရာ
ဟဲ့ဟဲ့ ပန်ပန်ကိုစပယ်ယာက တွန်းချတယ်တဲ့ အမငီး ကြောက်စရာ
ဦးဦးပါလေရာ
June 30, 2012 at 8:33 pm
အင်း… မနေသာတော့ပါဘူး…
ဘတ်စ်ကားတွေ စပယ်ယာတွေ အကြောင်း ကြားရတာများနေပြီ..
ကျုပ်သူငယ်ချင်းရဲဘော်ဟောင်းက ဘတ်စ်အစုတ်၂ စီး ပိုင်ရှင်
အခုလို စီအင်ဂျီခေတ်မတိုင်ခင် တယောက် နှစ်ဆယ် ခေတ်ကတည်းက…
အခုတော့ သူ့စီးပွားလဲ သူ့ဘတ်စ်ကားတွေလို ရေရေလည်လည် ရွဲနေပြီ..
သူ့ကို ပိုစ့်ရေးဘို့ တိုက်တွန်းလိုက်ဦးမယ်..။
နောက်လအလည်မှ သူမရေးရင် ကျုပ်ရေးမယ်…။
လောလောဆယ်တော့ အဖြေလေးပြောပြပါရစေကွယ်…
မန္တလေးက စပါယ်ယာအများစု နဲ့ ရန်ကုန်က စပါယ်ယာ အများစု မှာ ကွာတာက
“ သူတို့ ဘယ်လို စပါယ်ယာ ဖြစ်လာတယ် ”…. ဆိုတာကြောင့် ပါ့ပဲ…။