နှင်းဆီနီနီသက်သေတည်လျက် (ဖတ်ကောင်းမယ်လို.ထင်ပါတယ ်.. )
ည ၁၂ နာရီ ၁ဝ မိနစ်။ မိုးရွာပြီးစ ပတ်ဝန်းကျင်သည် အေးမြလတ်ဆတ်လို့နေသည်။
တစ်ပြန့်တစ်ပြော ကွင်းပြင်ကျယ်တို့ဆီမှ ဖြတ်၍တိုက်ခတ်လာသော လေတဖြူးဖြူးကြောင့်
သစ်ခက်သစ်ရွက်များမှ မြက်ပင်များအဆုံး သံစဉ်တစ်ခုလို တညီတညာထုတ်လွှင့်ရင်း
ညီညာစွာယိမ်းနွဲ့သွားကြသည်။ တစ်ညလုံး သည်းသည်းမဲမဲ ရွာနေခဲ့သောမိုး
ယခုမှတိတ်စပြုသည်။ လကထိန်ထိန်သာနေသည်။ ဗညားတစ်ယောက် လမ်းသွယ်လေးနံဘေးရှိ
ကုက္ကိုလ်ပင်အောက်၌ မတ်တပ်ရပ်နေခဲ့သည်မှာ ၁ဝ မိနစ်ခန့်ရှိပြီဖြစ်သည်။
စက်ရပ်သွားသောကားကို တတ် သလောက်မှတ်သလောက်
စက်ဖုံးဖွင့်ဟိုကြည့်ဒီကြည့်လုပ်နေသည်မှာလည်း ၁ဝ မိနစ်ခန့်ရှိပြီ။
တုန်ရီစွာဖြင့် ကားထဲမှအပေါ်အကျႌကိုဆွဲယူလိုက်သည်။ ဘတ္ထရီမရှိတော့သော
လက်ကိုင်ဖုန်းကို စိတ်မရှည်စွာ စိုက်ကြည့်မိသည်။ တစ်လမ်းလုံး
ပျင်းပျင်းရှိဖုန်းချည်း လှိမ့်ပြောနေမိခဲ့သော
ကိုယ့်ကိုယ်ကိုလည်းဒေါသထွက်နေသည်။
ထိုစဉ် မျက်လုံးထောင့်နားမှ အသွင်ကွဲသောအရိပ်တစ်ခုကို
ဖျက်ခနဲမြင်လိုက်မိသလိုရှိသဖြင့် ခေါင်းကိုဆတ်ခနဲ
အလျင်အမြန်လှည့်ကြည့်လိုက်မိသည်။ ပန်းနုရောင်ထီးရှည်တစ်လက်ကိုလက်မှာ
ချိတ်ထားပြီး ဘယ်အချိန်ကတည်းက သူ့အနားရောက်နေသည်မသိသော မိန်းကလေးတစ်ယောက်ကို
ရုတ်တရက်တွေ့လိုက်ရသဖြင့် တွန့်ခနဲဖြစ်သွားသည်။
“မင်း.. ဘယ်သူလဲ။ ဒီအချိန်ကြီး ဒီနားကိုဘာလာလုပ်တာလဲ”
“ရှင်တော်တော်ချမ်းနေပြီထင်တယ်။ ကျွန်မက ဟိုးမှာမြင်နေရတဲ့အိမ်က။
အိမ်ပေါ်ကနေလမ်းဖက်ကိုကြည့်မိတုန်း မိုးသည်းကြီးထဲမှာ
ကားတစ်စီးဆိုက်တာမြင်လိုက်တယ်။ ခဏနေတော့ ရှင်ထွက်လာပြီးဟိုကြည့်ဒီကြည့်
ကားကိုဟိုလိုလုပ်ဒီလိုလုပ်နဲ့မြင်လို့ အခက်အခဲတစ်ခုခု
ဖြစ်နေမယ်ထင်တာနဲ့လာမေးတာပါ။ ကားပျက်သွားလို့လား”
“ဟုတ်တယ်။ ဒီနားမှာကားပြင်တဲ့ ဝပ်ရှော့တွေဘာတွေမရှိဘူးလား”
မိန်းကလေးက သိမ်မွေ့စွာတစ်ချက်ရယ်လိုက်သည်။
“ရှင့်နှယ်။ ဒီလိုနေရာကြီးမှာ ဝပ်ရှော့ရှိမလားရှင့်။ အနီးဆုံးမြို့က
ဓာတ်ဆီဆိုင်တောင် ဒီကနေ၁ဝမိုင်ကျော် မောင်းရဦးမှာ”
“ဟုတ်လား။ ဒုက္ခပဲကွာ။ ဒီနားကျမှ ကားကစက်ရပ်ရတယ်လို့။ တစ်လမ်းလုံးမောင်းလာတာ
အကောင်းကြီးကို”
“ဪ.. ရှင်ကလည်း စက်ပစ္စည်းပဲဟာ.. ပျက်ချင်ပျက်မှာပေါ့”
“ထားပါတော့။ မင်းအိမ်မှာတယ်လီဖုန်းရှိလား။
ကျွန်တော့်အိမ်ကိုအကြောင်းကြားချင်လို့။ သူငယ်ချင်းတွေလည်းစိတ်ပူနေလောက်ပြီ။
အခုထိမရောက်လာသေးရင် အိမ်ကလည်းသူတို့အိမ်ကို ဖုန်းတဂွမ်ဂွမ်ခေါ်နေမှာ”
“မရှိဘူးရှင့်။ ကျွန်မက ဒီမှာငယ်ငယ်လေးတည်းက အဒေါ်နဲ့နှစ်ယောက်တည်းနေလာတာ။
ဘယ်သူနဲ့မှလည်း အဆက်အသွယ်လုပ်ဖို့မရှိဘူး။ ဖုန်းပြောစရာလူလည်းမရှိဘူး”
“မဟုတ်သေးဘူးလေ။ မိန်းမသားနှစ်ယောက်တည်းနေတာ ဒီလိုနေရာကြီးမှာ
တစ်စုံတစ်ခုအန္တရာယ်တွေဘာ တွဖြစ်ရင် ဘယ်လိုလုပ်မလဲ။ အရေးပေါ်ဆို ရဲစခန်းတို့၊
ဆေးရုံတို့ ဘာတို့လောက်တော့ ဆက်သွယ်ရမယ်မဟုတ်ဘူးလား”
“ဟင့်အင်း။ ဒါတွေမလိုပါဘူး။ ဘယ်သူမှလည်း
ကျွန်မတို့ကိုနှောင့်ယှက်ကြမှာမဟုတ်သလို ကျွန်မတို့လည်း ဘာမှဖြစ်မှာမဟုတ်ဘူးလေ။
နေထိုင်မကောင်းဖြစ်လည်း အိမ်မှာဘိုးဘွားတွေထားခဲ့တဲ့
ဆေးမျိုးစုံအဆင်သင့်ရှိပြီးသား”
“မင်းတို့ကတစ်မျိုးပါလား။ ဒီလိုခေတ်ကြီး ဒီလိုနေရာမှာနေနိုင်တာအံ့ဩပါရဲ့ဗျာ”
“ဒါတွေထားပါတော့။ ရှင်ကဘယ်ကိုသွားမလို့လဲ။ ပြီးတော့ ကားလမ်းမကြီးပေါ်ကမမောင်းဘဲ
ဒီဖြတ်လမ်းကဘာလို့လာရတာလဲ။ ရှင်လမ်းသိလို့လား”
“အင်း ရန်ကုန်သွားမလို့။ ဒီလမ်းကိုအရင်တစ်ခေါက်လာတုန်းကမောင်းဖူးတယ်။
ဒီလိုညဘက်ကြီးပဲ။ အရေးကြီးကိစ္စရှိလို့သူငယ်ချင်းတစ်ယောက်နဲ့အတူလာတာ။
အဲဒီတုန်းကတော့ ဖြောင့်ဖြောင့်ဖြူးဖြူးပါပဲ”
“ဪ.. ဖြစ်မှတော့မတတ်နိုင်ဘူးလေရှင်။ ဒါဆို ရှင်ဒီညဘယ်လိုလုပ်မှာလဲ။
မနက်မှလမ်းမဘက်ထွက်ပြီး ကားတစ်စီးစီးတားကြည့်ပေါ့။ ဒီအချိန်ကြီးကတော့
ကားတွေရှိမယ်မထင်ဘူး။ ရှိရင်တောင်ရပ်ပေးမှာမဟုတ်ဘူး။ ရှင်ဒီတစ်ညတည်းဖို့တော့
ကျွန်မအိမ်မှာခွင့်ပြုနိုင်ပါတယ်။ ရှင်တည်းချင်ရင်ပေါ့”
“ဟာ.. အတိုင်းထက်အလွန်ပေါ့။ ဘယ်နှယ့်မတည်းချင်ရမလဲဗျာ။ မင်းကရုပ်ကလေးလှသလောက်
သဘောကလည်းအကောင်းသားကိုး”
“တော်ပါရှင်။ ကဲ.. လာလာ ကားထဲမှာရှင်ယူစရာရှိတာယူပြီးသာ ကျွန်မနောက်ကလိုက်ခဲ့။
အိမ်ဘက်သွားတဲ့လမ်းကတော့ နည်းနည်းရွှံ့ထူတယ်နော်။ ရှင်သတိထားပြီးလျှောက်”
“ရပါတယ်။ မင်းတောင်ဒီရောက်အောင်လာနိုင်သေးတာ။
ကျွန်တော်ကဘာလို့မလျှောက်နိုင်ရမှာလဲ”
တိတ်ဆိတ်မှောင်မိုက်သောလယ်ကွင်းပြင်များကြား၌ ဖားအော်သံ၊ လေတိုက်သံတို့မှအပ
ကန်သင်းသာသာ လမ်းကျဉ်းလေးပေါ်၌ သူတစ်ဦးတည်း၏ လမ်းလျှောက်သံတစ်သံတည်း
ထွက်နေသလားဟု ဗညားစိတ်ထဲထင်နေမိသည်။ ဂျင်းဘောင်းဘီရှည်ကိုခေါက်ထားလျက်မှပင်
ရွှံ့ပေမှာစိုးသဖြင့် လက်တစ်ဖက်နှင့်မ၍ လက်တစ်ဖက်ကခရီးဆောင်အိတ်ကိုကိုင်ကာ
ရှေ့မှလက်ဆွဲမီးအိမ်တစ်လုံးဖြင့် တည်ငြိမ်စွာသွားနေသော
မိန်းကလေးနောက်သို့လိုက်ခဲ့လေတော့သည်။ လရောင်ကြောင့်
ပတ်ဝန်းကျင်ရှိလယ်ကွင်းများကို ဗညားကောင်းစွာမြင်နိုင်သည်။ အနီးအနားတွင်
တောအုပ်ခပ်သေးသေးနှင့် လယ်ကွင်းများမှတစ်ပါး လူနေအိမ်များရှိဟန်မတူ။
အိမ်နားရောက်မှလရောင်ကိုမှီပြီးသေချာကြည့်မိတော့သည်။ ခမ်းနားလိုက်သည့်အိမ်။
ခြံနှင့်ဝန်းနှင့်ဟုမဆိုသာသော်လည်း အတန်ကျယ်ကျယ် အိမ်ပတ်လည်၌
တံတိုင်းမြင့်မြင့်ဝင်းခတ်ထားသဖြင့် တော်ရုံလူစိမ်းဖြစ်စေ၊
တိရစ္ဆန်တစ်ကောင်တစ်လေဖြစ်စေ အထဲသို့ဘယ်နီးနှင့်မျှမဝင်သာချေ။
နှစ်ထပ်အိမ်ဆိုသော်ငြား အခန်းများစွာ ပါဝင်ဟန်မတူဘဲ
ပြတင်းတံခါးများလည်းသိပ်မရှိချေ။ ရှေးဆန်ဆန်အိမ်ပုံစံဖြစ်ပြီး ဆောက်ထားသည်မှာ
အတော်ကြာနေပြီဖြစ်ကြောင်းလည်း ကြည့်ရုံနှင့်သိနိုင်သည်။ အပေါ်ထပ်က
အခန်းတစ်ခန်းနှင့် အောက်ထပ်တို့မှ ခပ်မှိန်မှိန်မီးရောင်လဲ့လဲ့တို့သာ
လရောင်ဖွေးဖွေးအောက်၌ မှုန်တရီလှမ်းမြင်လိုက်သည်။ ဒီလိုနေရာမျိုး၌
ဤမျှလှပရှေးဆန်သော အိမ်ကြီးအိမ်ကောင်းတစ်လုံးရှိနေလိမ့်မည်ဟု
ဗညားတစ်ခါမှမထင်ခဲ့။ တောအုပ်အစပ် လယ်ကွင်းပြင်၌
အိမ်ကောင်းကောင်းတစ်လုံးဆောက်၍တသီးတခြားနေထိုင်သည်မှာ အတော်ထူးခြားသောအချက်လည်း
ဖြစ် သည်။
အိမ်၏ဧည့်ခန်းနံရံ၌ အဖိုးတန်ပန်းချီကားများ၊ ရှေးအဘိုးအဘွားတို့ဖြစ်ဟန်တူသော
ပုံတူပန်းချီများချိတ်ဆွဲထားသည်။ အောက်လင်းဓာတ်မီးအရွယ်
မီးအိမ်ခပ်ငယ်ငယ်တစ်လုံးသာ ဧည့်ခန်း၌ထွန်းထားသည်။ လျှပ်စစ်မီးရှိပုံမပေါ်သဖြင့်
လက်ကိုင်ဖုန်းကိုအားသွင်းရန် ဗညားမေးမနေတော့ချေ။
ပန်းကနုတ်တို့ဖြင့်ပုံဖော်ထားသောစားပွဲ၊ ကုလားထိုင်၊ သစ်သားပန်းအိုး၊
တံခါးဘောင်၊ လှေကားလက်ရမ်းကအစ အရာရာအသစ်အဆန်းများသဖွယ်
ဗညားတစ်အိမ်လုံးနေရာအနှံ့လိုက်ကြည့်နေမိသည်။ ရုတ်တရက်
ပန်းအိုးဆီကိုဟာခနဲပြန်ကြည့်မိသည်။ ရဲလိုက်တဲ့နှင်းဆီတွေ။
အနီရောင်နှင်းဆီအများအပြား ဗညားတွေ့ခဲ့ဖူးသည်။ ဤမျှလောက်တော့ရဲရဲတောက်မနေ။
မှုန်ပျပျအလင်းရောင်၌ပင် နှင်းဆီတို့၏အရောင်မှာ ရဲတောက်ထင်ရှားလွန်းလှသည်။
နှင်းဆီအစစ် မဟုတ်သလိုပင်.. ။
“ကဲ.. ကိုဘယ်သူ..”
“ဗညားပါ.. မင်းက..”
“ပန်းအိလို့ခေါ်နိုင်ပါတယ်.. ရှင့်အတွက် အခန်းအဆင်သင့်ဖြစ်ပြီ။
ရှင်ထမင်းစားပြီးပြီလား။ ဗိုက်ဆာနေရင် ဒေါ်ကြီးကို
ကျွန်မတစ်ခုခုစီစဉ်ခိုင်းလိုက်မယ်”
“ဟာ.. နေပါစေ။ ရပါတယ် မစားတော့ပါဘူး”
“မစားတော့ပါဘူးဆိုတည်းက ရှင်ဗိုက်ဆာနေတာသေချာပြီ။ ဒေါ်ကြီးရေ.. ဧည့်သည်အတွက်
ညလယ်စာလေး တစ်ခုခုလုပ်ပေးပါဦး”
“ဒါနဲ့ မပန်းအိတို့က ဒီအိမ်ကြီးမှာ တကယ်နှစ်ယောက်တည်းနေတာလား။
တခြားအိမ်သားတွေမရှိဘူးလား။ ဆွေမျိုးတွေကရော ဒီနားမှာပဲနေကြတာလား”
“ရှင်တော်တော်စပ်စုတာပဲနော်။ ဪ.. တစ်လက်စတည်း ရှင့်ကိုမှာထားရဦးမယ်။
ညဘက်ကို အိပ်မပျော်လို့ ဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် လသာတယ်ဆိုပြီး
အိမ်ထဲကအိမ်ပြင်မထွက်နဲ့နော်”
“ဘာဖြစ်လို့လဲမပန်းအိ”
“ဪ.. ရှင်က ဒီနေရာလည်း သွားတတ်လာတတ်တာမဟုတ်ဘဲနဲ့ ။ မြွေပါးကင်းပါးနဲ့လေ”
“ခြံထဲတောင် လမ်းဆင်းလျှောက်လို့မရဘူးလားဗျာ”
“အင်း.. ဖြစ်နိုင်ရင် ထွက်မလျှောက်ပါနဲ့လား။ အခန်းထဲမှာပဲ အဝတ်အစားလဲပြီး
အေးအေးသက်သာနားပါရှင်”
“ကျွန်တော်တော့ ဘာမှနားမလည်နိုင်တော့ဘူးဗျာ.. မပန်းအိတို့ကတစ်မျိုးပဲနော်။
ဒါနဲ့ ..”
“ဒေါ်ကြီးရေ.. အဆင်သင့်ဖြစ်ပြီလား”
ဒေါ်ကြီးဆိုသူထံမှ ဘာသံမျှထွက်မလာ။ ခေါင်းသာဆတ်ခနဲညိတ်ပြလေသည်။
“ကဲ.. ကိုဗညား.. ထမင်းစားခန်းထဲကြွပါနော်”
“ဟုတ်ကဲ့ ဟုတ်ကဲ့”
ဗညားတစ်ယောက် အတွေးပေါင်းမြောက်များစွာနှင့် ထမင်းစားခန်းရှိရာထသွားသည်။
မပန်းအိကတော့ ဧည့်ခန်းထဲမှာသူ့ကိုပြုံးပြရင်းကျန်ရစ်ခဲ့သည်။
ထမင်းစားပွဲအနီးတွင် ဖယောင်းတိုင်များ အနှံ့ထွန်းထားသည်။
သီတင်းကျွတ်ရောက်သဖြင့် မီးထွန်းထားသည့်နှယ်ပင်။ နေရာအနှံ့တွင်ဖြစ်သည်။
ဒေါ်ကြီးဆိုသူမှာ အသက်အတော်ကြီးပုံမပေါ်သေး။ ၄ဝကျော်၊ ၅၀
နီးပါးမျှသာရှိဦးမည်ထင်သည်။ ဗညားထမင်းစားပွဲတွင်ထိုင်လိုက်သည်နှင့်
ဒေါ်ကြီးအခန်းထဲမှထွက်သွားသည်။ ဧည့်ခန်းတွင်ထိုင်နေသောမပန်းအိ
ဒေါ်ကြီးနှင့်စကားတိုးတိုးပြောနေသည်ဟု ဗညားထင်မိသည်။ သူများအရေးကိစ္စမို့
ရိုင်းရာကျမည်စိုးသဖြင့် လှည့်မကြည့်ဖြစ်ပေ။
ချမ်း၍ကတစ်ကြောင်း၊ ဗိုက်အတော်ဆာနေသည်ကတစ်ကြောင်း စားပွဲပေါ်၌ချထားသော ထမင်း၊
ဟင်းများကို ဗညားအားပါးတရစားပစ်လိုက်သည်။ ထမင်း၊ ဟင်းများမှာ အံ့ဩဖွယ်ရာ
အငွေ့တထောင်းထောင်းထနေ၍ စားလို့အလွန်ကောင်းလှသည်။ ဧည့်သည်လာမည်သိ၍
ကြိုတင်စီစဉ်ချက်ပြုတ်ထားသလားပင်ထင်ရသည်။ ဟင်းအမယ်များမှာလည်း
ချက်ချင်းစီစဉ်လိုက်ရဟန်မတူဘဲ အဖွယ်မျိုးစုံလင်လှသည်။ စားကောင်းကောင်းဖြင့်
အားမနာတမ်းစားမိပြီးမှ အနောက်သို့လှည့်ကြည့်မိသည်။ ဒေါ်ကြီးဆိုသူမှာ
အခန်းထောင့်တွင်မတ်တပ်ရပ်လျက် သူ့ကို ခပ်စူးစူးစိုက်ကြည့်နေသည်။
ဗညားထိတ်ခနဲဖြစ်သွားသည်။
သူ့အနားရောက်လာ၍ စားပြီးသားပန်းကန်များကိုသိမ်းဆည်းသည်။
စကားတစ်ခွန်းမျှမပြောပေ။ အားနာသဖြင့် ပန်းကန်ဝင်ဆေးပေးရန်လုပ်တော့
သူ့ဟာသူလုပ်မည်ဟု လက်ဟန်အမူအရာနှင့်ပြောတော့မှ စကားပြောတတ်ဟန်မတူမှန်း
ဗညားသိလိုက်သည်။ သို့ဖြင့် မပန်းအိရှိရာဧည့်ခန်းသို့သပြန်ထွက်လာခဲ့တော့သည်။
မပန်းအိက ဖယောင်းတိုင်တစ်တိုင် အနားမှာထား၍ ဇာပန်းထိုးနေသည်။
သူထိုင်ပြီးအတော်ကြာသည့်တိုင် အရာရာတိတ်ဆိတ်လွန်းနေသဖြင့်
ဗညားစိတ်ထဲတစ်မျိုးဖြစ်နေသည်။ တစ်ခုခုလောကွတ်စကားပြောရန် စကားအစလိုက်ရှာသည်။
ထိုစဉ်မှာပင် မျက်လုံးကိုအပေါ်ပင့်၍ ကျနော့်ကိုပြုံးပြရင်း မပန်းအိကစကားဆိုသည်။
“ရှင်အိပ်ချင်နေပြီလား ကိုဗညား။ ထမင်းစားခန်းဘေးကပ်လျက်က ဟိုအခန်းပဲ။
ရှင်နားချင်သွားနားတော့လေ။ အဝတ်အစားလေးဘာလေးသွားလဲပေါ့။ အအေးပတ်နေဦးမယ်”
ဆက်ထိုင်နေရန်မသင့်တော့၍ “ဟုတ်ကဲ့ မပန်းအိ” ဟုဆိုကာ အခန်းထဲဝင်သွားလိုက်သည်။
အခန်းမှာ အတော်အသင့်ကျယ်၍ သက်တောင့်သက်သာရှိသည်။ ခုတင်၊ စားပွဲတစ်လုံး၊
ကုလားထိုင်တစ်လုံး၊ အဝတ်ဗီရိုတစ်ခု၊ စာအုပ်စင်တစ်ခု၊ စာအုပ်အနည်းငယ်လည်းရှိသည်။
တစ်ယောက်ယောက် ဤအခန်း၌နေခဲ့ဖူးဟန်တူသည်။ စားပွဲပေါ်၌
နှင်းဆီရဲရဲသုံးပွင့်ထိုးထားသော ပန်းအိုးတစ်လုံးနှင့်
မီးအိမ်တစ်လုံးလည်းရှိသည်။ အဝတ်အစားလဲပြီးနောက် အိပ်ချင်စိတ်မရှိသေးသည်နှင့်
စာအုပ်စင်မှ စာအုပ်တစ်အုပ်အုပ်ယူဖတ်ရန်စိတ်ကူးမိသဖြင့်
စာအုပ်များကိုကြည့်မိသည်။ အလွန်ရှားပါးလှသောဆေးကျမ်းများ၊
အရှေ့တိုင်းဘာသာနှင့်ပတ်သက်သောစာအုပ်များ၊ နိုင်ငံခြားစာအုပ်အတော်များများနှင့်
ဒိုင်ယာရီသဖွယ် အင်္ဂလိပ်ဘာသာဖြင့်မှတ်စုရေးထားသော စာအုပ်အချို့ကိုတွေ့ရသည်။
အတန်ကြာ ဟိုလှန်ဒီလှောလျှောက်ကြည့်ပြီးမှ အိပ်ချင်လာသဖြင့်
ခုတင်ပေါ်မှာလှဲချလိုက်သည်။
သင်းပျံ့ပျံ့ရနံ့တစ်ခုက နှာခေါင်းထဲဝင်လာသည်။ စူးရှရှမျိုးမဟုတ်ဘဲ
သင်းရုံသာသင်းသောရနံ့။ နှင်းဆီပန်းများဆီမှထင်သဖြင့်
လှမ်း၍နှင်းဆီပန်းများကိုနမ်းကြည့်သည်။ မဟုတ်သေးချေ။ ဤနှင်းဆီများ၌
ရနံ့ရောရှိရဲ့လားဟုထင်ရအောင်ပင် ဘာနံ့မျှမထွက်ပေ။
အနံ့မရှိသောနှင်းဆီနီနီများကို အတန်ကြာ ဗညားစိုက်ကြည့်နေမိသည်။
သူနေထိုင်ကျင်လည်ခဲ့သော ပတ်ဝန်းကျင်ဘဝနဲ့ အကွာကြီးကွာခြားနေသလိုခံစားမိသည်။
တစ်ခြားကမ္ဘာတစ်ခုသို့ ရောက်နေသလိုပင်။
ထိုသင်းပျံ့ပျံ့ရနံ့ကို ဗညားစိတ်ဝင်စားသည်။ မည်သည့်နေရာမှထွက်လာသည်ကို
သိချင်လာသည်။ ရှူလိုက်လေ ပိုသင်းပျံ့လာလေဖြစ်သဖြင့် အိပ်ချင်စိတ်ပင်မရှိတော့။
အပြင်ဘက်မှထင်သဖြင့် ပြတင်းပေါက်လည်းမရှိဘဲ
ဘယ်ကဘယ်လိုဝင်လာသည့်အနံ့ပါလိမ့်ဟုလည်း တွေဝေနေသည်။ မတ်တပ်ရပ်လိုက်ပြီး
အခန်းအပြင်ထွက်ရန်စဉ်းစားမိသည်။ မပန်းအိတို့အိပ်ကြပြီလားမသိပေ။
အခန်းတံခါးကိုအသာဟကြည့်တော့ ဧည့်ခန်း၌မည်သူမျှရှိဟန်မတူတော့။
မှောင်မည်းတိတ်ဆိတ်နေသည်။ အိမ်ရှေ့တံခါးမကြီး ဘယ်နားမှာရှိမှန်းလည်းမသိချေ။
အခန်းထဲမှ မီးအိမ်လေးကိုယူကာ ဗညားအခန်းပြင်ထွက်လိုက်သည်။ မည်သူမျှမရှိ။
အပေါ်ထပ်တွင် မပန်းအိတို့တက်အိပ်နေကြပြီထင်သည်။ ဧည့်သည်သူစိမ်းသက်သက်ဖြစ်၍
ဟိုသည်လျှောက်ကြည့်ရန်မှာလည်း သင့်မှသင့်တော်ပါ့မလားဟုတွေးမိသည်။
သင်းပျံ့ပျံ့ရနံ့က ပို၍ပင်နီးကပ်လာသလိုလို။ ပန်းနံ့လည်းမဟုတ်။ တီးတိုးသံလိုလို၊
လေတိုက်သံလိုလို နားထဲ၌ကြားမိသည်။ ခြံထဲမှ တစ်စုံတစ်ခုဆီကဖြစ်လိမ့်မည်ဟု
ဗညားယုံကြည်လိုက်သည်။ ဖြစ်ချင်ရာဖြစ်သဘောထား၍ တံခါးမကြီး၏
မင်းတုံးနှင့်အပေါ်တံခါးချက်ကို အသံမမြည်အောင်ဖွင့်လိုက်သည်။
လွတ်လပ်စွာ ရုတ်တရက်အဟုန်ဖြင့်တိုးဝှေ့လာသော လေတစ်ချက်ကြောင့်
ဗညားကြက်သီးများပင်ထသွားသည်။ ခြံထဲဘက်သို့ခေါင်းပြူကြည့်တော့ သစ်ပင်၊
ပန်းပင်အချို့ကိုလရောင်အောက်၌ အတိုင်းသားမြင်ရသည်။ ခြံထဲသို့ဗညားဆင်းခဲ့သည်။
တံခါးဝကို အသာခပ်ဟဟထားခဲ့သည်။ ခြံမှာသိပ်မကျယ်လှပေ။ သူဝင်လာစဉ်က
သေချာမကြည့်မိခဲ့။ အိမ်၏တောင်ဘက်၌ (အကြော်ပင်ဟုတချို့ခေါ်ကြသည့်)
တရုတ်စကားပင်ကြီးတစ်ပင်ရှိသည်။ ကြီးမားလွန်းလှသဖြင့် မော့ကြည့်၍ပင်
သစ်ရွက်အုပ်အုပ်များကိုဖြတ်၍ လရောင်ကိုမမြင်နိုင်။ ဖွေးဖွေးလှုပ်နေသော
စကားပန်းများမှ ရနံ့သင်းသင်းတို့က ဗညား၏စိတ်ကိုလန်းဆန်းစေသည်။ သစ်ပင်အောက်တွင်
ခဏထိုင်မည်ရှိသေး စောစောကရသောအနံ့မှာ စကားပန်းနံ့မဟုတ်မှန်း သတိရလိုက်သဖြင့်
ထိုအနံ့ထွက်ရာနေရာကို ခြံထဲတွင်လိုက်ရှာမိသည်။
ရွက်လှပင်၊ သနပ်ခါးပင်၊ ဆိတ်ဖလူးပင်၊ ရွက်ကျပင်ပေါက်နှင့်
တမင်ပျိုးယူထားဟန်တူသော မြက်ပင်များ…။ ပန်းနံ့တို့ရောထွေးနေ၍
လိုက်ရှာနေသောအနံ့ကိုပင်မမှတ်မိတော့။ ယခင်ကလောက်လည်း အနံ့ကနီးကပ်မလာတော့။
အနံသိပ်မကျယ်လှသော ခြံဝင်းဖြစ်သဖြင့် အိမ်၏တောင်ဘက်ခြံထောင့်နားထိပင်
ဗညားရောက်သွားသည်။ သင်းပျံ့ပျံ့ရနံ့ထွက်ရာနေရာကိုရှာမတွေ့သေး။ ထို့နောက်
ခြံလည်းဆုံးနေပြီဖြစ်သဖြင့် အိမ်ဘက်သို့ပြန်လျှောက်ဖို့အလုပ်
စောစောကစကားပင်ကြီး၏အနောက်ဘက်တွင် တစ်စုံတစ်ခုဖောင်းကြွနေသည်ကို
မြင်လိုက်မိသည်။ မြေများဖောင်းကြွနေခြင်းမျိုးဖြစ်သည်။ ခုန
အပင်အောက်တွင်ထိုင်မည်လုပ်ပြီးမှ ပြန်ထလာခဲ့သဖြင့် အပင်နောက်ကိုမကြည့်မိပေ။
စကားပင်၏အနောက်ဘက်သို့ ဗညားအတင်းတိုးဝင်လိုက်သည်။ ဖောင်းကြွနေသည်မှာအခြားမဟုတ်။
သစ်ရွက်ခြောက်အပုံကြီးဖြစ်သည်။ ခြံတွင်းရှိသစ်ရွက်များကိုလှဲကျင်း၍ ဤနေရာ၌
လာစုထားပုံရသည်။ သို့သော် ခြံနှင့်မလိုက်ဖက်စွာ သစ်ရွက်ခြောက်ပုံကြီးက
ကြီးမားလွန်းနေသည်ဟုထင်မိသည်။ လိုက်ရှာနေသောအနံ့မှာ
ထိုနားတစ်ဝိုက်မှဖြစ်ကြောင်း ဗညားစိတ်ထဲ အလိုလိုသိနေသည်။
အနီးမှသစ်ကိုင်းခြောက်တစ်ချောင်းကိုကောက်၍ သစ်ရွက်ခြောက်ပုံတစ်ဝိုက်သို့
မွှေနှောက်ကြည့်သည်။ အပင်တစ်ပင်ပင်ဆီကအနံ့များလား။
သစ်ရွက်ခြောက်များအတော်အသင့်ရှင်းလင်းသွားသောအခါ ဖောင်းကြွနေသည်မှာ
သစ်ရွက်ပုံမျှသာမဟုတ်ဘဲ ၎င်းတို့အောက်၌ မြေပုံလိုလို၊ တောင်ပို့လိုလို
တစ်ခုခုရှိနေကြောင်းတွေ့သဖြင့် ရှိသမျှသစ်ရွက်ခြောက်များအား
ချွေးများရွှဲလာသည်အထိ လက်ဖြင့်ယက်၍ ဗညားရှင်းလင်းလိုက်သည်။
မြေအပုံလိုက်ကိုတွေ့သည်။ တစ်ခုတည်းပင်မဟုတ်။ နှစ်ခု။ မှတ်တိုင်လိုလို၊
ကမ္ဗည်းလိုလိုနှင့် စာရေးထားသည်ကိုမြင်မိသဖြင့် မီးအိမ်ဖြင့် အနားကပ်ကြည့်သည်။
“မပန်းအိ (အသက် ၂၄ နှစ်)၊ ဒေါ်ရွှေတင် (အသက် ၅၁ နှစ်)” .. လက်ထဲမှမီးအိမ်
ခွမ်းခနဲကျကွဲသွားသည်။ အသားများတဆတ်ဆတ်တုန်လာကာ ဗညားယောင်၍ပင်အော်လိုက်မိသည်။
ဤနေရာမှ အမြန်ဆုံးထွက်သွားရန်ဆုံးဖြတ်လိုက်သည်။
ဇောချွေးများပြန်ကာမောပန်းနေသည်။ စကားပင်နောက်မှပြေးထွက်၍ ခြေလှမ်းများကို
ခြံဝဆီသို့ဦးတည်လိုက်သည်။ ခြံဝသို့မရောက်မီ တစ်ကိုယ်လုံးရှိ
သွေးများပင်ထခုန်လုမတတ် ဗညားလန့်ဖျတ်သွားသည်။ ဒေါ်ကြီးဆိုသူမှာ
ခြံဝတွင်မတ်တပ်ရပ်လျက်သား။ သူ့ကိုစူးစူးစိုက်စိုက်ကြည့်နေသည်မှာ
တစ်ခုခုရန်လိုမုန်းထားရှိနေသယောင်။ ဗညား
ဦးခေါင်းကိုတွင်တွင်သာခါရမ်းပစ်လိုက်သည်။
“မဟုတ်ဘူး.. မဖြစ်နိုင်ဘူး။ မလုပ်ပါနဲ့။ အဲ့လိုမလုပ်ကြပါနဲ့။
ကျနော်ဘာအမှားလုပ်မိလို့လဲ။ ကျနော့်မှာ ဘာအပြစ်ရှိလို့လဲ။ ဘာလို့
ကျနော့်ကိုကျမှလဲ.. မဟုတ်ဘူး.. မဟုတ်ပါဘူး”
သူရူးတစ်ယောက်နှယ် ဗညားအော်ဟစ်နေသည်။ ဒေါ်ကြီးဆိုသူက ခပ်အေးအေးပင်
သူ့ဘက်သို့လျှောက်လာသည်။ ဗညားအဖို့ပြေးစရာမြေမရှိတော့။ အိမ်ထဲတွင်
မပန်းအိဆိုသူရှိနေမည်။ ခြံဝမှာတစ်ယောက်ကစောင့်ဖမ်းသည်။ အတွေးဖြင့်ပင်
ဗညားတစ်ကိုယ်လုံးတုန်နေသည်။ နောက်သို့တဖြည်းဖြည်းဆုတ်ရင်း
ရသမျှဘုရားစာကိုအကုန်ရွတ်သည်။ ရွတ်လိုက်၊ အော်လိုက်။
“ကျွန်တော့်ဆီ မလာနဲ့နော်။ ရှေ့ထပ်တိုးရင် ခင်ဗျားကိုသတ်ပစ်မှာနော်..။
ကျွန်တော့်ကိုမလုပ်ရဲဘူးမထင်နဲ့။ မလာနဲ့။ အာ…. မလာနဲ့လို့ပြောနေတယ်လေ.. ”
နောက်သို့ဆုတ်စရာမရှိ။ အိမ်ထဲသို့သာ ဗညားအော်ဟစ်၍ပြေးဝင်လိုက်သည်။
ထင်သည့်အတိုင်းပင် မပန်းအိက ဧည့်ခန်းမှာအဆင်သင့်ထိုင်စောင့်နေသည်။
ထုံးစံအတိုင်းပြုံးလျက်..။ သွေးပျက်နေသောဗညားအဖို့ ရွေးချယ်စရာလမ်းမရှိတော့၍
ဧည့်ခန်းကြမ်းပြင်ပေါ်တွင် ဒူးထောက်ပစ်လှဲချလိုက်တော့သည်။ ပါးစပ်မှလည်း
တောင်းပန်တိုလျိုးသံ၊ ညည်းသံ၊ အပြစ်တင်သံတို့ဖြင့် အစုံရေရွတ်နေသည်။
ဒေါ်ကြီးက တံခါးဝတွင်ပင်ရပ်နေသည်။ ရှေ့ဆက်တိုးမလာ။ မပန်းအိတစ်ယောက်သာ
ဗညားအနီးသို့ ရောက်လာပြီး ဒူးတုပ်ထိုင်လိုက်သည်။ ဗညားကို
ကရုဏာသက်စွာကြည့်လျက်..
“ကိုဗညား.. ကျွန်မရှင့်ကို အစတည်းကမှာခဲ့သားပဲ။ ဘယ်မှမသွားဘဲ အခန်းထဲမှာပဲ
အေးအေးသက်သာအိပ်နေပါလို့..။ အခုတော့ ရှင်ပဲအခုလိုသွေးပျက်နေရပြီ”
ဖျော့တော့စွာဖြင့် အသံပင်မထွက်နိုင်တော့သောဗညား မပန်းအိကို သေချာစိုက်ကြည့်ပြီး
ဖြေးဖြေးချင်းမေးလိုက သည်။
“မပန်းအိ.. မင်းတို့ဘာလိုချင်လို့လဲဟင်။ ကျွန်တော်ဘာလုပ်ပေးရမလဲ..။ ကျွန်တော်
မင်းတို့အပေါ် ဘာများလုပ်မိလို့လဲဗျာ။ ကျွန်တော့်ကိုလွှတ်ပေးပါ..။
ကျွန်တော့်ကိုအိမ်ပြန်ပို့ပေးပါ။ ကျွန်တော့်ကို ဒီကနေ
ထွက်သွားခွင့်ပြုပါနော်..”
“ကိုဗညားရယ်.. ရှင်အခုထိနားမလည်သေးပါလား။ ဒီနေရာကို သာမန်လူစင်စစ်တစ်ဦး
ဘယ်လိုမှမမြင်နိုင်သလို ဘယ်လိုမှလည်း ရောက်လာနိုင်စရာအကြောင်းမရှိပါဘူး။
ကျွန်မတို့ကလည်း ဘယ်သူ့ကိုမှဘာမှမလုပ်သလို အပြစ်မဲ့သူကိုလည်း
လိုက်ပြီးမနှောင့်ယှက်ကြပါဘူးရှင်။ ရှင်အကူအညီလိုနေလို့
ကျွန်မကသက်သက်ကူညီရုံပါ။ ဒါကြောင့် ရှင့်ကို မိုးရေထဲဒုက္ခရောက်နေတာထက်စာရင်
အိမ်ထဲမှာအေးအေးသက်သာနားရအောင် ကျွန်မက စေတနာနဲ့လာခေါ်တာပါ။ မဟုတ်ရင်
ရှင်အဲ့ဒီကုက္ကိုလ်ပင်အောက်မှာပဲ တစ်သက်လုံးနေသွားရလိမ့်မယ်”
“ဗျာ.. မပန်းအိဘာပြောတာလဲ။ ကျွန်တော်နားမလည်ဘူး။ ကျွန်တော်က ဘာလို့နေရမှာလဲ..
မနက်မိုးလင်းလို့ အဝေးပြေးလမ်းမပေါ်မှာကားသွားတားရင် ပြန်ရမယ့်ဥစ္စာကို။
မဟုတ်ဘူးလား”
“မဟုတ်ဘူး.. ရှင်ခုထိလက်မခံနိုင်သေးပဲကိုး။ ရှင့်ကိုယ်ရှင်
လူတစ်ယောက်လို့ရှင်ထင်နေသေးတာလား။ ရှင်သေချာပြန်စဉ်းစားပါဦး။ ညက မိုးရွာကြီးထဲ
ရှင်မူးမူးနဲ့ ကုက္ကိုလ်ပင်ကိုကားနဲ့ဝင်တိုက်လို့ ရှင်သေသွားပြီလေ”
“ဟားဟားဟား… မပန်းအိရယ်။ ကျွန်တော့်ကိုမနောက်ပါနဲ့။ ကျွန်တော်မရူးသေးပါဘူး။
လန့်သွားရုံပါ။ အခုကျွန်တော်မလန့်တော့ဘူး။ မပန်းအိတို့ကိုလည်း
ကျွန်တော်မကြောက်တော့ပါဘူး။ နော် .. ကျွန်တော့်ကိုအိမ်ပြန်ပို့ပေးပါ”
“ခက်တော့တာကိုးရှင်.. ရှင်သေချာပြန်စဉ်းစားပါ။ ဒီညကပဲ ရှင်ကားမောင်းရင်း
အရက်တွေသောက်လာတယ်မှတ်လား”
“ဟုတ်တယ်။ ကျွန်တော်သောက်လာတယ်”
“အင်း.. ကျွန်မရှေ့တင်ပဲ ရှင်ကားနဲ့ အဲ့ဒီကုကိ္ကုလ်ပင်ကိုဝင်တိုက်ပြီး
ပွဲချင်းပြီးသေသွားခဲ့တာ။ ဖြစ်ပြီးပြီးချင်း ကားထဲကနေ ရှင်ထွက်လာတာပဲ။
ကျွန်မအားလုံးကို အတိုင်းသားမြင်နေရတယ်။ ကျွန်မတို့လို
ဘဝတူတစ်ယောက်တိုးလာပြန်ပြီလို့”
“ကျွန်တော် ဒါတွေကိုအယုံအကြည်မရှိဘူး မပန်းအိ။ ဖြစ်လည်းမဖြစ်နိုင်ဘူး။
ဖြစ်လာစရာအကြောင်းမှမရှိတာ”
“အခုတကယ်ဖြစ်နေပြီပဲ.. ရှင်မယုံသေးဘူးလား။ ကောင်းပြီလေ။ မယုံရင် ရှင်ကိုယ်တိုင်
ရှင့်အလောင်းကို ကားထဲမှာသွားကြည့်နိုင်ပါတယ်။ ကျွန်မ မတားပါဘူး။ ဒါပေမယ့်
ရှင်အဲ့ဒီနေရာကိုသွားပြီးရင် ကျွန်မတို့ဆီ
ဘယ်တော့မှပြန်လာနိုင်မှာမဟုတ်တော့ဘူး။ အဲ့ဒီမှာပဲ ရှင်အမြဲနေရလိမ့်မယ်။
မိုးရွာရွာ၊ နေပူပူ အဲ့ဒီအပင်ကနေ ရှင်ခွာခွင့်ရှိမှာမဟုတ်ဘူး။ နောက်ထပ်
ရူးရူးမိုက်မိုက် ရှင့်ဆီတိုးဝင်လာမယ့်သူကို ရှင်တစ်သက်လုံးမျှော်နေပေတော့။
ဒီတော့ ရှင်ကြိုက်တာရှင်ရွေးချယ်။ ရှင့်လွတ်လပ်ခွင့်နဲ့ရှင်ပါ။ အခွင့်အရေးဆိုတာ
အမြဲတမ်းနှစ်ခါမလာတတ်ဘူးဆိုတာတော့ ရှင်သိသင့်တယ် ကိုဗညား”
ဗညားတစ်ယောက် တွန့်ဆုတ်တွေဝေသွားသည်။ သူတကယ်ပင် သေသူဖြစ်သွားပြီလား။ သူတကယ်
ကားနဲ့တိုက်ခဲ့မိသလား။ ဒါဆို အခုသူကဘာလဲ။ သူဘာဖြစ်နေပြီလဲ။ ဝိဉာဉ်လား၊ တစ္ဆေလား၊
ဘယ်ဘုံဘဝမှာလဲ။ ထွက်သွားပြီးကြည့်ရင် သူဘာဖြစ်မလဲ။ ဒီမှာပဲ မပန်းအိပြောသလို
နေသွားတော့မလား။ ဒီနေရာကရောဘာလဲ။ သေချာတာကတော့ မပန်းအိပြောတာ
အမှန်တရားဟုတ်မဟုတ် သူ့ကားဆီသူပြန်သွားကြည့်ရင် သိရမှာပဲ။
အမှန်တရားရှိရာသွားမလား။ ဒီတိုင်းပဲဖြစ်ချင်ရာဖြစ်တစ်သက်လုံး
ဒီမှာနေသွားရတော့မလား။ အနည်းဆုံးတော့ အမှန်တရားတစ်ခုကိုသိမြင်ခွင့်ရမယ့်အပြင်
ကံကြမ္မာစီမံသလို သူနဲ့ထိုက်တန်တဲ့ နေရာမှန်ကိုသာ အမှန်ဧကန် သူရရှိမှာပဲ။
ကြမ္မာဖန်လာရင် ဘယ်အရာမဆို တမင်ဖန်တီးယူထားလို့မရမှန်း ဗညားသိသည်။
မေးခွန်းပေါင်းမြောက်များစွာနှင့် မောပန်းလွန်းနေသောမိမိကိုယ်ကိုထိန်းရင်း
မည်သည့်စကားမျှမဆိုဖြစ်ခဲ့တော့။
ကျယ်ပြန့်သောလယ်ကွင်းပြင်တို့ဆီမှ အဆီးအတားမရှိသောလေအဟုန်တို့ သူ့ခန္ဓာကိုယ်ကို
အတိုင်းသားဖြတ်တိုက်နေသည်။ စပါးပင်တို့ ယိမ်းနွဲ့ကခုန်နေကြသည်။ ဖားအော်သံ၊
ပုဇဉ်းရင်ကွဲအော်သံတို့ လွင့်ပျံ့နေသည်မှာ စည်းချက်ကိုက်ထားသည့်အလား။ လရောင်က
ဝေဝါးစွာဖြင့် တိမ်တွေနောက်ကွယ်သို့ ပျောက်ကွယ်ပုန်းလျှိုသွားပြီ။
မှောင်အတိတော့ကျမနေပါ။ အာရုံ၏အလင်းသဲ့သဲ့တို့က မနက်ခင်းငှက်တို့အော်သံများကို
ဖြန့်ကျက်အလှဆင်ပေးနေသည်။ လယ်ကန်သင်းတစ်လျှောက် အထစ်အငေါ့၊ အယိုင်အလဲမရှိ
ဗညားလမ်းလျှောက်လာနေသည်။ လက်တစ်ဖက်က ဘောင်းဘီကိုမ၍ လက်တစ်ဖက်က
ခရီးဆောင်အိတ်ကိုဆွဲလို့။ ဆုံးရှုံးမှု၊ တွေဝေမှု၊
ကြောက်ရွံ့မှုများကိုနောက်ကွယ်ပြုလျက် လွတ်လပ်စွာလျှောက်လာနေသည်မှာ
ပကတိပျော်ရွှင်ကြည်နူးမှုနှင့်။ သူဦးတည်နေသည်က အမှန်တရားတစ်ခုရှိရာသို့သာ….။
ပင်ပန်းကြီးစွာ လိုက်လံရှာဖွေနေခဲ့သော ထူးဆန်းသောရနံ့မှာ သူ၏ခန္ဓာကိုယ်
ကိုယ်တိုင်မှဆိုသည်နှင့် ရဲရဲတောက်နှင်းဆီနီနီတို့
အမှန်တကယ်ပင်တည်ရှိနေခဲ့သလားဆိုသည်ကိုတော့ ဗညားတစ်ယောက် ဘယ်တော့မှ
မသိရှိနိုင်တော့ပါချေ။ ။
CARTON(MYMC) မှ တစ်ဆင်.ကူးယူဖော်ပြပါသည်။
3 comments
yannaingech
June 29, 2010 at 8:25 am
Hmm… nice. The trick at the end is remarkable. The idea of ‘ leaving the house to seek truth’ can give a massage.
thihayarzar
June 29, 2010 at 4:29 pm
gooooooooooooooooooooooooooooood ………………………….
chitlay
June 30, 2010 at 2:31 am
စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းလေးပါပဲ ။