Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

7 july အရေးတော်ပုံ

ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ

(ဓါတ်ပုံ .. ko Htoo facebook)

၁၉၆၂ မတ်လ(၂)ရက်နေ့တွင်
ဗိုလ်ချုပ်နေဝင်းခေါင်းဆောင်သော တော်လှန်ရေးကောင်စီအမည်ခံသည့် အာဏာသိမ်းမှုကို မတ်လ (၄) ရက်တွင် တကသ ၊ ရကသ ၊ဗကသ တို့က ကန့်ကွက်ကြောင်း ပူးတွဲကြေငြာချက် ထုတ်ပြန်ခဲ့ကြသည်။ သို့သော် မတ်လ (၆) ရက်နေ့တွင် ဗကသများအဖွဲ့ချုပ်ခေါင်းဆောင် ကိုခင်မောင်အုန်းက တော်လှန်ရေးကောင်စီကို ထောက်ခံကြောင်း လက်မှတ်ရေးထိုး ထုတ်ပြန်ကြေညာခဲ့သည်။ ထို့ကြောင့် ဗကသများအဖွဲ့ချုပ်က အမှုဆောင် အစည်းအဝေးခေါ်ယူ၍ ဥက္ကဌ ကိုခင်မောင်အုန်းကို ထုတ်ပယ်ကာ ဒု-ဥက္ကဌ ကိုသက်ကို ဥက္ကဌ တင်မြောက်လိုက်ကြသည်။ ထို့နောက် တော်လှန်ရေးကောင်စီကို ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ၁၉၆၂ မေလ(၉) ရက်နေ့တွင် ဒတ်ချ် သံရုံး ဆန္ဒပြမှုကြောင့် တပ်ဦးမှ ကိုမြသန်း၊ ကိုသက်၊ ကိုသာဘန်း၊ ကိုဇော်ဝင်း တို့ အဖမ်းခံခဲ့ရသည်။ ထိုနေ့တွင်ပင် တော်လှန်ရေးကောင်စီမှ ဥပဒေအမှတ် (၃) နှင့် (၄) ကို ထုတ်ပြန်၍ ရန်ကုန် နှင့် မန္တလေး တက္ကသိုလ် အက်ဥပဒေကို ရုပ်သိမ်းခဲ့သည်။ ထို ဥပဒေ (၃) နှင့် (၄) တွင် ရန်ကုန်နှင့် မန္တလေး မှလွဲ၍ အားလုံး အတူတူပင် ဖြစ်သည်။ ထို့အပြင် မေလ (၁၀) တွင် ဗိုလ်ချုပ်ကြီးနေဝင်း က တက္ကသိုလ်ကောင်စီဝင်များကို ဒဂုံရိပ်သာသို့ခေါ်၍ (၁) ဆရာများ အကျင့် ပျက်သည်။ (၂) ကျောင်းသားများကြား နိုင်ငံရေး ပယောဂများဝင်သည်ဟု စွပ်စွဲကာ အစိုးရ ကိုယ်စားလှယ်၊ စီးပွားရေးအဖွဲ့များမှ ကိုယ်စားလှယ်၊ တက္ကသိုလ် ဌာန အသီးသီး မှ ပါမောက္ခများ နှင့် ကျောင်းသား

သမဂ္ဂ ကိုယ်စားလှယ် အချို့ပါဝင်သော တက္ကသိုလ် အမှုဆောင်ကောင်စီကို ဖျက်သိမ်းခဲ့သည်။ ထိုလုပ်ရပ်အား တက္ကသိုလ် အုပ်ချုပ်ရေးအား တော်လှန်ရေးကောင်စီမှ ထပ်မံ အာဏာသိမ်းခြင်းဖြစ်ကြောင်း သမဂ္ဂမှ အပြင်းအထန်ဝေဖန်ခဲ့သည်။ မေလ (၁၁) ရက်နေ့တွင် တက္ကသိုလ် နှင့် ဥပစာ ကောလိပ်မှ ဥပစာ သိပ္ပံ (ခ) တန်းအောင် ကျောင်းသားကျောင်းသူများသည် သက်ဆိုင်ရာဘာသာရပ်များ တွင် အနည်းဆုံး ရမှတ် (၅၀) ရှိ၍ ဖြေဆိုသော ဘာသာရပ်အားလုံး၏ ပျမ်းမျှ အမှတ်သည် (၅၀%) ရမှုသာ ဆေးသိပ္ပံ၊ စိုက်ပျိုးရေးသိပ္ပံ၊ သစ်တောရေး မဟာဌာန တို့ ၌ဆက်လက် ပညာသင်ကြားခွင့် ရှိမည်ဖြစ်ကြောင်း တော်လှန်ရေးကောင်စီ ဥက္ကဌ ဗိုလ်နေဝင်းက ကြေညာခဲ့သည်။ ကျောင်းများပြန်ဖွင့်သော အခါတွင်လည်း အဆောင် စည်းကမ်းများကို ချမှတ်ဖို့ တက္ကသိုလ်ကောင်စီအား အမိန့်ပေးခဲ့သည်။ ထိုအခါ ပါမောက္ခချုပ် ဒေါက်တာသာလှက လက်မခံ၍ မေလ (၁၁)မှာပင် တောလှန်ရေးကောင်စီမှ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသာလှကို နုတ်ထွက် စေခဲ့သည်။ မြန်မာစာပါမောက္ခ ဦးအေးမောင် အငြိမ်းစားယူခဲ့သည်။ ဦးဝန်(မင်းသုဝဏ်)ဌာန ပြောင်းခဲ့သည်။ မေလ (၁၂) ရက်နေ့တွင်လည်းရန်ကုန်တက္ကသိုလ် အဆောင်မှူး အချို့နှင့် လက်ထောက် အဆောင်မှူး အချို့နှုတ်ထွက်ခဲ့သည်။

တက္ကသိုလ်ကောင်စီ …

၁၉၆၂ မေလ(၁၄) ရက်တွင် တော်လှန်ရေးကောင်စီ အမိန့် အမှတ်(၃၈)အားထုတ်ပြန်၍ တက္ကသိုလ်ကောင်စီကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ ထို တက္ကသိုလ်ကောင်စီတွင် အဓိပတိ အဖြစ် ဗိုလ်မှူးချုပ် သန်းဖေ၊ အဖွဲ့ဝင်အဖြစ် ဗိုလ်မှူးချုပ် စန်းယု၊ ဗိုလ်မှူးကြီး တင်စိုး၊ ဗိုလ်မှူးကြီး သိန်းစိန် တို့ ပါဝင်ပါသည်။ ၎င်းတို့ အလိုကျ တင်းကြပ်သော အဆောင် စည်းကမ်းများ ကို ထုတ်ပြန်ပေးမည့် ၅၈ခု အိမ်စောင့်အစိုးရခေတ် ပညာရေးဝန်ကြီးဟောင်း ဦးကာကို ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် အဖြစ် ခန့်အပ်ခဲ့သည်။ မေလ (၂၂) ရက်နေ့တွင် ဗိုလ်မှူးချုပ်သန်းဖေ နှလုံးရောဂါ နှင့် ကွယ်လွန်၍ ၎င်းနေရာအား ဗိုလ်လှဟန်တက်လာသည်။ ဇွန်လ (၁၇) ရက်နေ့ ဒဂုံရိပ်သာတွင် တက္ကသိုလ်ကောင်စီအစည်းအဝေးပွဲ ကျင်းပခဲ့သည်။ ထို့နောက် ဇွန်လ (၁၈) ရက်တွင် ကျောင်းဆောင်နေ ကျောင်းသားများကို မတရားချုပ်ချယ်သော ကျောင်းဆောင် စည်းကမ်း (၂၂) ချက်ကို ထုတ်ပြန်ခဲ့သည်။ ထို စည်းကမ်း (၂၂) ချက်တွင် ပါဝင်သော အချက်များမှာ- ကျောင်းဝင်ခွင့် နှင့် အဆောင်နေခွင့်ရရေးတို့အတွက် လုံခြုံရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ထောက်ခံချက်နှင့် လျှောက်ရမည်။ မိဘအုပ်ထိန်းသူ၏ ဝန်ခံကတိပေးချက်နှင့် ကျောင်းအပ်ရမည်။ သက်သက်လွတ်စားသူများ အား တစ်ရက် နှစ်ရက် မဟုတ်ဘဲ၊ တစ်နှစ်ပတ်လုံးစားမှသာ ခွင့်ပြုမည်။ အဆောင်နေကျောင်းသားများ အနေဖြင့် မနက်စာကို မနက် (၇) နာရီ မှ (၁၀) နာရီ သတ်မှတ်ထား၍ မနက်စာအား မဖြစ်မနေ စားရမည် ဟု စည်းကမ်းသတ်မှတ်ထားသည်။ ထို့ပြင် ည (၈) နာရီထိုးလျှင် အဆောင်အတွင်း၌ ရှိနေရန်၊ သုံးကြိမ်ပျက်ကွက်ပါက အဆောင်မှ ထုတ်ရန်၊ အဆောင်မှူး၊ (သို့) လက်ထောက်အဆောင်မှူး စစ်ဆေးချိန်တွင် မိမိအခန်းတွင်းရှိရန်၊ မရှိပါက အရေးယူရန် စသည့် ကျောင်းနှင့် မအပ်စပ်သော စည်းကမ်းများကို ချမှတ်လာသည်။ ထို့ကြောင်းကျောင်းသားထုများကြား မကျေနပ်မှုများ တစ်စစ တိုးပွားလာခဲ့သည်။

စတင်ဖြစ်ပွားပုံ …

ထို့ကြောင့် ဇူလိုင်လဆန်းမှစ၍ အဆောင် အချို့တွင် သဟာယနှင့် စာဖတ်အသင်း အမှုဆောင်သစ် ရွေးပွဲများနှင့် တွဲကာ ကျောင်းသားထု အစည်းအဝေးပွဲများ ကျင်းပခဲ့ကြသည်။ ကျင်းပခဲ့သော ကျောင်းသားထု အစည်းအဝေးတိုင်းတွင်လည်း ဖိနှိပ်ချုပ်ချယ်သော စည်းကမ်းများအား ကန့်ကွက်ကြောင်း တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်။ ၁၉၆၂ ခု ဇူလိုင်လ (၃) ရက်တွင် ရန်ကုန်ခရိုင် ကျောင်းသားသမဂ္ဂ (ရကသ) ကြီးမှူးပြီး သမဂ္ဂ ခန်မတွင် ကျောင်းသားထု အစည်းအဝေးတစ်ရပ် ကျင်းပကာ ကမောက်ကမ ပညာရေးစနစ်ဖျက်သိမ်းပေးရေး နှင့် မတရား အဆောင်စည်းကမ်းများအား ရုပ်သိမ်းပေးရန် တောင်းဆို ဆန္ဒပြခဲ့ကြသည်။ ထိုဆန္ဒပြပွဲတွင် ရကသဥက္ကဌ ကိုဖိုးထင်က သဘာပတိအဖြစ် အဟန့်အတားများကြားမှ ဆန္ဒပြပွဲ ကျင်းပရခြင်း အကြောင်း မိန့်ခွန်းပြောကြားသွားပြီး၊ ဗကသများ အဖွဲ့ချုပ် ဥက္ကဌ ကိုသက် နှင့် တကသခေါင်းဆောင် ကိုဗဆွေလေး တို့က ဆန္ဒပြပွဲကို ထောက်ခံကြောင်း မိန့်ခွန်းပြောကြားခဲ့သည်။ ဇူလိုင်လ (၅) ရက်နေ့တွင် သမဂ္ဂကြီး (၃) ခုမှ ကြီးမှူး၍ ဒတ်ချ် သံရုံးရှေ့ဆန္ဒပြပွဲကျင်းပသော အခါ ပုဂ္ဂိုလ်ရေးအရ အရေးယူခဲ့သည်။ ထိုလုပ်ရပ်သည် သမဂ္ဂကို သေးသိမ်အောင် လုပ်သည် ဟု သမဂ္ဂမှယူဆခဲ့သည်။ ထို့ကြောင့် ကျောင်းသားများက ကန့်ကွက်ကြပြန်သည်။ ဇူလိုင်လ (၆) ရက်နေ့တွင် တော်လှန်ရေးကောင်စီက တက္ကသိုလ် ဆီးနိတ်နှင့် ကျောင်းဆောင်ကော်မတီကို သူတို့စိတ်တိုင်းကျ ပြင်ဆင် ဖွဲ့စည်းခဲ့ကြပြန်သည်။ ဇူလိုင်လ (၆) ရက်နေ့ ရွှေဘုိုဆောင် အစည်းအဝေးတွင် ကန့်ကွက်သည်ဟု ဆုံးဖြတ်ရုံမကတော့ဘဲ ကြွေးကြော်သံများအော်ဟစ်၍ အဆောင် အပြင်ထွက် လှည့်လည် ဆန္ဒ ပြပါတော့သည်။ ထိုအခါ အနီးအနားရှိ အဆောင်များမှ ကျောင်းသားများပါ ထွက်လာကြပြီး လာရောက်ပူးပေါင်းကြသဖြင့် ဆန္ဒပြလူအုပ်ကြီးသည် ကြီးမားလာလေသည်။ ညအချိန်တွင် မကြေနပ်မှုများနှင့် တက်ကြွနေကြသော ကျောင်းသားထုကြီးသည် အဆောင်များအား ကာရံထားသော အကာအရံ နှင့် သံတံခါးများအား စတိ အဖြစ် ရိုက်ချိုးလိုက်ကြသည်။ ထိုလူအုပ်ကြီးသည် ပြည်၊ ပုဂံ၊ တကောင်း အဆောင်များအထိ လှည့်လည်ဆန္ဒပြခဲ့ကြသည်။ ထိုညတွင် မိန်းခလေးဆောင် များမှလွဲ၍ ကျန်အဆောင်များအားလုံးပါဝင်ခဲ့ကြသည်။ ထို့နောက် မကျေမနပ်ဖြစ်နေသော ကျောင်းသားများ စုပေါင်း၍ တက္ကသိုလ် အုပ်ချုပ်ရေးမှူး ဦးယုခင် အိမ် နှင့် ပါမောက္ခ ဦးကာ အိမ်တို့ကို ဝိုင်းကာဆန္ဒပြ ဟစ်ကြွေးခဲ့ကြသည်။ ထိုဆန္ဒပြပွဲသည် နောက်တနေ့တွင် တကသမှ ကျင်းပမည့် ကျောင်းသားထု ဆန္ဒပြပွဲအတွက် လှုံ့ဆော်ပေးသကဲ့သို့ဖြစ်သွားပါတော့သည်။


(ဓါတ်ပုံ ဖေ့ ဘွတ်ခ် စာမျက်နှာ)

အခင်းဖြစ်ပွားရသည့် အဓိကကြောင်းအရင်း ….

ဇူလိုင်လ(၇)ရက်နေ့ နေ့လည် တစ်နာရီတွင် သမဂ္ဂအစည်းအဝေးခန်း၌ ကျောင်းသားထု အစည်းအဝေးကျင်းပသည်။ ကိုဗဆွေလေးက ဥက္ကဌ အဖြစ်တာဝန်ယူသည်။ ထို အစည်းအဝေးမှ ကျောင်းသား များကိုဖိနှိပ်ချုပ်ချယ်သော စည်းကမ်းအမျိုးမျိုးကို ကန့်ကွက်ကြောင်း တခဲနက် ဆုံးဖြတ်ခဲ့ကြသည်။ တက္ကသိုလ် အက်ဥပဒေများ ရုတ်သိမ်းခဲ့ခြင်းကိုလဲ ကန့်ကွက်ခဲ့ကြသည်။ ထို့နောက် အစည်းအဝေးအပြီးတွင် သမဂ္ဂရှေ့မှ စတင်၍ ကျောင်းဝင်းအတွင်း၌ပင် ကြွေးကြော်သံများ ကြွေးကြော်ကာ လှည့်လည် ဆန္ဒပြခဲ့ကြသည်။ ဘွဲ့နှင်းသဘင်ရှေ့၌ ငြိမ်းငြိမ်းချမ်းချမ်းပင် လူစုခွဲလိုက်ကြသည်။ ထိုသို့လူစုခွဲပြီးနောက် နေ့လည် (၂) နာရီခွဲ အချိန်လောက်တွင် ရဲကား (၂)စီး တကသထဲသို့ ဝင်လာလေသည်။ ထို့နောက် ရဲတပ်ဖွဲ့ဝင်တွေက တကသ ဥက္ကဌ ကိုဗဆွေကလေး၊ ဗကသ ဥက္ကဌ ကိုသက်၊ ရကသ အတွင်းရေးမှူး ကိုဉာဏ်ဝင်း အပါအဝင် ကျောင်းသားခေါင်းဆောင် များကို ဖမ်းဆီးလိုက်ပါသည်။ ကျောင်းသားများလည်း ကြောင်ကြည့်နေကြရာမှ ရဲကားဆီသို့ အတင်း ပြေးလိုက်ကြသည်။ သို့သော် ရဲကားသည် ချက်ချင်းပင်ပြန်လည်ထွက်ခွာသွားသည်ဖြစ်၍ ကျောင်းသားခေါင်းဆောင်များ ပါသွားသည်။ ကျန်ရဲအချို့သည် တကသကို ဝင်စီးလိုက်ပြီး တချို့က တကသနှင့်ကပ်နေသော ဦးကာအိမ်သို့ ပြေးဝင်နေရာယူလိုက်ကြသည်။ ထိုအချိန်တွင် ကျောင်းသားတို့က အော်ရင်းဟစ်ရင်း လူစုမိသွားသည်။ ကျောင်းသားများသည် အဓိပတိလမ်း တံခါးကြီးကို ပိတ်ပစ်သည်။ ကျောင်းသားတစ်ချို့ကသထုံဆောင် ဂိတ်တံခါးကို သော့ခတ်ပြီး ပိတ်လိုက်သည်။ ထို့နောက် ကျောင်းသားများသည် တကသဝင်းထဲဝင်ရန် ကြိုးစားကြသည်။ ဒိုင်းကိုယ်စီ ကိုင်ထားသော ရဲများက တန်းစီပိတ်ဆို့ပြီး ကျောင်းသားများကို နံပတ်တုတ်နှင့် ရိုက်သူကရိုက်၊ မျက်ရည်ယိုဗုံးသေနတ် ကိုင်သောရဲများက မျက်ရည်ယိုဗုံးများနှင့် ပစ်ခတ်ခဲ့သည်။ ကျောင်းသားတစ်ချို့၏ ရင်ဘတ်သို့ထိမှန်ခဲ့၍ လဲသူလဲ ကွဲသူကွဲဖြစ်ကုန်လေသည်။ ကျောင်းသားတွေက လဲကျသူတစ်ချို့ကို မချီသွားပြီး၊ ကျန်ကျောင်းသားထုက ရဲများကိုဖိတိုက်လေတော့သည်။ ခဲများ၊ ပုလင်းများ၊ တုတ်များ စသည့် ရရာလက်နက်များနှင့် ရဲများကို ပစ်ခတ်တိုက်ခိုက်ကြတော့သည်။ ကျောင်းသားအင်အားထု များလာသဖြင့် ရဲများ၏တိုက်ခိုက်မှုကို မမှုတော့ဘဲ တိုး၍တိုး၍ တိုက်ခိုက်ကြလေတော့သည်။ ရဲများလည်း အထိနာလာလေသည်။ ကျောင်းသားများလည်း သွေးရဲရဲ သံရဲရဲဖြစ်လာလေသည်။

ပစ်ခတ်မှုမဖြစ်ခင်အချိန် ….

တောင်ငူဆောင်၊ ဒဂုံဆောင်၊ မန္တလေးဆောင်၊ ရွှေဘိုဆောင် တို့က ကျောင်းသားများမှ တောင်ငူဆောင်နှင့် ဒဂုံဆောင် လမ်းကြားအတိုင်း ထွက်လာသောအခါ ပါမောက္ခ ဦးကာ၏ အိမ်ရှေ့မှ ရဲများကို ဒုတိယစစ်မျက်နှာ ဖွင့်၍တိုက်သည့်သဖွယ် ဖြစ်သွားသဖြင့် ရဲများ ပိုအရေးနိမ့်လာပြီး တကသရှိ ရဲများဆီသို့ သွားပေါင်းကာ ပြန်တိုက်ကြသည်။ ဒဏ်ရာ အပြင်းအထန် ရသော ကျောင်းသားများကို အဆောင်များဆီသို့ ပြန်၍သယ်ယူခဲ့ကြသည်။ ၎င်းတို့ကိုမြင်ရသောအခါ ကျောင်းသားများ စိတ်ပိုမို လှုပ်ရှားခံပြင်းလာခဲ့ကြသည်။ ကျောင်းသားထုကလည်း များသထက်များ လာလေသည်။ ရဲများက မျက်ရည်ယိုဗုံးများ ပေါပေါများများသုံးကာ ကျောင်းသားထုကို ဖြိုခွင်း ပါသော်ငြားလည်း ဘဝတူ ကျောင်းသားများ၏ သွေးကို မြင်ကြသောအခါ မိမိ ထိခိုက်ဒဏ်ရာ ရမည်ကို မမှုတော့ချေ။ ကျောင်းသားများ၏ စိတ်ဓါတ်ကို ချိုးနှိမ်မရသည့်အဆုံးတွင် ရဲများသည် အဓိပတိ လမ်းဂိတ်ဘေး လူဝင် လူထွက်တံခါးကို ဖွင့်၍ တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ တကသ အဝိုင်းလေးနားသို့ ထွက်သွားကြတော့သည်။ ထို့နောက် အသင့်လာကြိုနေသော ကားများနှင့် ထွက်ခွါသွားကြတော့သည်။ ထိုအခါတွင် ကျောင်းသားများက အောင်ပွဲခံကာ ဝမ်းသာအားရ အော်ဟစ်ကြပါတော့တယ်။ နေ့လည် (၄) နာရီခန့်တွင်မူကား မည်သည့်နေရာမှ စောင့်ဆိုင်းသည်မှန်း မသိရသည့် တပ်ရင်း(၄) မှ စစ်သားအပြည့်တင်လာသော စစ်ကား (၂) စီး တက္ကသိုလ်ရိပ်သာလမ်းပေါ် ရောက်လာပြီး ဆေးရုံရှေ့မှစ၍ ဓမ္မာရုံထိတိုင်အောင် တပ်ဖြန့်ကာ တက္ကသိုလ် ဝင်းကျင် တခုလုံးကို ပိတ်ဆို့ထားလိုက်လေသည်။ ၎င်းစစ်သားများသည် စစ်မြေပြင်တွင် မည်သည့်အခါကမျှ အသုံးမပြုရသေးသည့် ဂျီ သရီး မောင်းပြန် ရိုင်ဖယ်များကို ကိုင်ဆောင်ထားသည်။ တပ်ရင် (၄) သည် ဗိုလ်နေဝင်း၏ ကိုယ်ရံတော် အထူးတပ်ဖြစ်သည်။ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး လှမြင့် နှင့် နာမည်ကျော် သားသတ်သမား ဒုဗိုလ်မှူးကြီး စိန်လွင် တို့ပါ ရောက်ရှိလာကြသည်။ ကျောင်းသားတွေကလည်း ဓမ္မာရုံတည့်တည့် အမရဆောင် ရှေ့မှတံခါးကို ပိတ်လိုက်လေသည်။ တို့ကြောင့် ကျောင်းသား နှင့် စစ်တပ်ကြားတွင် အောက်ခြေ နှစ်ပေ ခန့် အုတ်မြစ်ပေါ်တွင် အုတ်တိုင် နှင့် သံတိုင်စိုက် ဝင်းထရံသာ ခြားနေတော့သည်။ ထိုအချိန်တွင် အခြေအနေမှာ ငြိမ်သက်သွား၍ ကျောင်းသားများက တက္ကသိုလ် မြက်ခင်းပြင်ပေါ်တွင် ဝိုင်းဖွဲ့ စကားပြောသူကပြော၊ ထိုင်သူကထိုင်၊ ဝရန်တာရှေ့ ထွက်ကြည့်သူကကြည့်နှင့် ပုံသဏ္ဍာန်အမျိုးမျိုးရှိနေကြသည်။ ထို့နောက် တကသအဆောက်အဦး ရှေ့တွင် ဟောပြောပွဲများ ကျင်းပကြပါတော့သည်။ စကားပြောသူပြော၊ လှဲသူ ကလှဲနေကြသည်။ စစ်သားများလည်း အေးအေးဆေးဆေး ဖြစ်သွားသည်။ ထိုသို့ ငြိမ်သက်နေချိန်တွင် နိုင်ငံတော် ကောင်စီဝင် ဗိုလ်မှူးကြီး သိန်းစိန်ကားရောက်လာပြီး တံခါးဝတွင် ဒုဗိုလ်မှူးကြီး လှမြင့်၊ ဒုဗိုလ်မှူးကြီး စိန်လွင် တို့နှင့် ရပ် စကားပြောနေသည်ကို မြင်ကြရသည်။(၁၀) မိနစ်ခန့် အကြာတွင် ဗိုလ်မှူးကြီး သိန်းစိန် ကားနှင့် ပြန်လည်ထွက်ခွာသွားလေသည်။ ဗိုလ်မှူးကြီး သိန်းစိန်ထွက်ခွာသွားပြီး မကြာမီ တွင်ပင် ဗိုလ်မှူးကြီး မင်းသိန်း ဂျစ်ကား နှင့်ရောက်လာလေ ကာ စိန်လွင် လက်ထဲသို့စာရွက်တစ်ရွက် ထည့်ပေးကာ ထွက်ခွာသွားလေသည်။ လှမြင့် နှင့် စိန်လွင် သည် ထိုနေရာရှိ တပ်မှူး များအား ခေါ်၍ ခေါင်းချင်း ရိုက်တိုင်ပင်လေသည်။ ထို့နောက် တပ်မှူးများက လက်ကို ဝုင်း၍ သုံးကြိမ် ဝှေ့ရမ်းပြသောအခါတွင် ကား အသင့်နေရာယူထားသော စစ်သားများသည် စစ်မြေပြင်မှ ရန်သူကို ချေမှုန်းသည့်ပမာ မောင်းပြန်ရိုင်ဖယ်များနှင့် မန္တလေးဆောင်၊ ရာမညဆောင် နှင့် အဓိပတိ လမ်းမတစလျှောက်ရှိ ကျောင်းသားထုထဲသို့ အလစပ် ပစ်ခတ်ကြလေသည်။


(ပုံ .. ဖေ့ဘွတ်ခ် မှ )

ပစ်ခတ်မှု ….

ပစ်ခတ်မည်ဟု မထင်မှတ်ထားသော ကျောင်းသားတော်တော်များများ သည် မင်သက်လျ်က် နေရာမှာပင် အသက်ပျောက်ခဲ့ရလေသည်။ အချို့ မှာလည်း ပြေးရင်းလွှားရင်း ထိမှန်ကုန်ကြသည်။ ကျောင်းသား အချို့ကလည်း နီးစပ်ရာ အဆောင်များပေါ်သို့ တက်ပြေးကြလေသည်။ ထိုသို့တက်ပြေးသူများအား စစ်သားများက ဒူးထောက်၍ မလွတ်တမ်း ပစ်ခတ်သောကြောင့် မန္တလေးဆောင် လှေကားရင်းတွင် အလောင်းချင်းထပ်ခဲ့ရပေသည်။ ဘေးဘက်ရှိ စာကြည့်တိုက် ဝင်းထဲ မှ ရပ်ကြည့်သူများကိုပါ ပစ်ခတ်ခဲ့သောကြောင့် စာကြည့်တိုက်ဝင်းပင်တွင် သေဆုံး ဒဏ်ရာရသူ (၄၀) မျှရှိသည်။ မောင်းပြန် သေနတ်များ နှင့် ၃-၄ မိနစ် ခန့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ အချို့မှာ သမဂ္ဂ အဆောက်အဦး အတွင်းထဲသို့ ခိုဝင်ကြသည်။ ပြီးနောက် ဒဏ်ရာရကျောင်းသားများကိုပါ သမဂ္ဂ အဆောက်အဦးအတွင်းသို့ ရွှေ့ပြောင်းလာကြသည်။ တကသ ရင်ပြင် ရှေ့ရှိ ဆန္ဒပြ ကျောင်းသားများကို ပစ်ခတ်ခြေမှုန်းပြီးနောက် ကျောင်းဆောင် အခန်းများကို တစ်ခန်းခြင်း ဝင်ရောက် ရှင်းကြပြန်သည်။ သို့သော် သမဂ္ဂအဆောက်အဦး ကိုမူကား ဒဏ်ရာရ ကျောင်းသားများ ကို သယ်ပြီးလျှင် ပြတင်းပေါက်များအားလုံးကို အလုံ ပိတ်လိုက် တာကြောင့် ဝင်မရှင်းနိုင်ဘဲ ဝိုင်းရုံသာဝိုင်းထားလိုက်ကြရသည်။ ထိုဆန္ဒပြပွဲကြီးကို နှိမ်နင်း ဖြိုခွဲရန်အတွက် “လုံခြုံရေး ကော်မတီ“ ကို ဗိုလ်နေဝင်းက ဇွဲ့ပေးခဲ့ခြင်းဖြစ်သည်။ ထိုကော်မတီကို ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးကြီး လှဟန်၊ ဗိုလ်မှူးကြီး စောမြင့်၊ ဗိုလ်မှူးကြီး သန်းစိန် နှင့် ဒု-ရဲချုပ် ဘအေး တို့ပါဝင်ခဲ့သည်။ ထို ကော်မတီအဖွဲ့ဝင်များသည် အသံလွှင့်ရုံတွင် ရုံးထိုင်ပြီး အနီးကပ် ကွပ်ကဲခဲ့ကြသည်။ ညပိုင်းတွင် ကျောင်းသားများကို ပစ်ခတ်နှိမ်နင်းခဲ့သော စစ်ဗိုလ်ကြီးများသည် နန်ကင်းဟော်တယ် က အစားအသောက်များ မှာယူ၍ အောင်ပွဲခံ စားပွဲသောက်ပွဲ များကျင်းပခဲ့ကြသည်။ ထိုသို စားသောက်အပြီး၌ ဗိုလ်လှဟန် နှင့် ဗိုလ်အောင်ကြီးတို့သည် ဗိုလ်နေဝင်းထံ သတင်းပို့ရန် ထွက် လာခဲ့ကြသည်။ လမ်း၌ အင်းယားကန်ဟော်တယ်အဝင်ဝရှိ ပါမောက္ခဦးကာ အိမ်သို့ဝင်၍ ဦးကာနှင့် ကျောင်းသားဆန္ဒပြမှု အခြေအနေများကို စုံစမ်း၊ဆွေးနွေးတိုင်ပင် စကားစမြည် ပြောခဲ့ကြသည်။ ထိုအခါ ဗိုလ်လှဟန်က သမဂ္ဂကိုခွဲရန်သူတို့အမိန့်ရထားကြောင်းပြောသည်။ ထိုအခါ ဗိုလ်အောင်ကြီးက “ဟာ_ခင်ဗျားတို့ ခွဲဖို့ အမိန့်မပေးလိုက်နဲ့ဦး၊ ကျနော် ဥက္ကဌကြီး ကို ပြောအုန်းမယ်“ ဟု ပြန်ပြောခဲ့သည်။ ထို့နောက်ဗိုလ်နေဝင်းထံသို့ ဆက်သွားခဲ့ကြသည်။ ဗိုလ်နေဝင်းထံသို့ရောက်သောအခါ ဗိုလ်လှဟန်က အခြေအနေအရပ်ရပ်ကို အစီရင်ခံသည်။ ဗိုလ်အောင်ကြီးကတော့ ဘာမှမပြောဘဲပြန်သွားခဲ့ကြသည်။ အသံလွှင့်ရုံရောက်သောအခါ ဥက္ကဌကြီးက “OK“ ဟုပြောလိုက်ကြောင်း ဗိုလ်အောင်ကြီးက ပြောခဲ့သည်။ အမှန်မှာ ကျောင်းသားများ ကျောင်းသားသမဂ္ဂ အဆောက်အဦးထဲသို့ ဝင်ခိုသွားကြောင်း သတင်းပို့ပြီးသားဖြစ်သည်။ ထိုအချိန်သည် ကွန်မြူနစ်များက ကျောင်းသားများ အတွက်လက်နက်များပို့ပေးထားကြောင်း ကွန်မြူနစ်များ၏ မြေပေါ်ဌာနချုပ်သည် သမဂ္ဂအဆောက်အဦးဖြစ်ကြောင်း သတင်းများ ထွက်နေခဲ့သည်။ ထိုအခြေအနေအား ဗိုလ်အောင်ကြီးက ၈-၇-၉၈ VOA နှင့် တွေ့ဆုံမေးမြန်းခန်းတွင် သမဂ္ဂတွင် ကျောင်းသားများ လက်နက်ကိုင်သူရှိကြောင်း၊ လူနာများအထဲဆွဲသွင်းကာ တံခါးပိတ်သွားသည် ဆိုသောကြောင့် ညနေစောင်း၍ အပေါ်က ပစ်ခတ်ပါက မိမိတို့လူသေမည် ဖြစ်သောကြောင့် အသေမခံဘဲ ရက္ခိုင်းလက် ဂန်းနှင့် သမဂ္ဂကို ဥက္ကဌကြီးက ပစ်ခိုင်းကြောင်း ပြောကြားခဲ့သည်။

ကျောင်းသား သမဂ္ဂ အဆောက်အဦး အား မိုင်းဖြင့်ခွဲခြင်း ….

ဤအကြောင်းပြချက်မှာ တော်လှန်ရေးကောင်စီ၏ ကုလားဖန်တစ်ခုသာဖြစ်သည်။ အမှန်မှာ သမဂ္ဂအဆောက်အဦးအား ရက္ခိုင်းနှင့် ပစ်ရန် ဗိုလ်နေဝင်းက တော်လှန်ရေးကောင်စီအား အမိန့်ပေးခြင်းသာဖြစ်သည်။ သို့သော် ရက္ခိုုင်းလက် ဂန်းကျဉ် ရှာမရသောကြောင့် ဒိုင်းနမိုက် နှင့် ကပ်ခွဲရန် ဒိုင်းနမိုက် ရှာကြပြန်သည်။ ညသန်းခေါင်းကျော်တွင် သမဂ္ဂအားဖေါက်ခွဲမည့် ဒိုင်းနမိုက်များအား ထောက်ကြံ့ပင်မ ခဲယမ်း သိုလှောင်ရုံမှ အမြောက်အမြား ရရှိခဲ့သည်။ သမဂ္ဂ အဆောက်အဦးကို စိတ်ကြိုက် ဒိုင်းနမိုက်ပ်ဆင် ဖောက်ခွဲခဲ့သူမှာ အင်ဂျင်နီယာတပ်မှ ထားဝယ်သား ဗိုလ်မှူး ထွန်းရီ ဖြစ်သည်။ ဖောက်ခွဲရာတွင်လဲ လိုအပ်သော ပမာဏ ထက် အဆပေါင်းများစွာ ပို၍သုံးခဲ့သည်။ ဒိုင်းနမကိုက်အား ရန်ကုန်မြို့ကဲ့သို့နေရာမျိုးတွင် ဖောက်ခွဲရန် အနည်းဆုံး ဗိုလ်မှူးကြီး အဆင့် တစ်ဦး လက်မှတ်ထိုးထားသည့် ဖောက်ခွဲမှု စာချွန်လွှာ ပေးမှသာ တရားဝင်သည်။ သို့သော် ဗိုလ်နေဝင်း မှ ဗိုလ်ကျော်စိုးဆီသို့ ဖောက်ခွဲဖို့ နုတ်မိန့်ပေးခဲ့သည်။ တဖန် ဗိုလ်ကျော်စိုးမှ ဗိုလ်ထွန်းရီကို နုတ်မိန့်ပေးပြန်သည်။ ထို အခါ ဗိုလ်ထွန်းရီသည် ဒိုင်းနမိုက်များ တပ်ဆင်ပြီးသော်လည်း တရားဝင် အမိန့်ပေးသော စာချွန်လွှာမရှိသည့် အတွက် အခက်တွေ့လျက်ရှိသည်။ ထိုအချိန်တွင် တပ်မတော် စစ်မင်းကြီး ဘဦး(ခ) မင်းသိမ်း မှ (မနက်စောစော လမ်းလျှောက်လာရင်း ဗိုလ်ထွန်းရီက လက်မှတ်ထိုးပေးရန် ပြောသဖြင့်) ဖောက်ခွဲမှု စာချွန်လွှာကို လက်မှတ်ဝင်ထိုးပေးခဲ့သည်။ ထိုအခါမှ ဗိုလ်ထွန်းရီသည် သမဂ္ဂ အဆောက်အဦးတွင် အသင့် တပ်ဆင်ထားသော ဒိုင်းနမိုက်များကို ဇူလိုင် (၈) ရက် မနက် (၃) နာရီခွဲ (၄) နာရီ ခန့်တွင် ဖောက်ခွဲလိုက်လေသည်။

လွတ်မြောက်သူများ ….

သမဂ္ဂ အဆောက်အဦးကြီးတွင် ဘကြီးကံသိန်း၏ သမဂ္ဂ ဆံပင်ညှပ်ဆိုင် နှင့် စားသောက်ဆိုင်ရှိပါသည်။ ဘကြီးကံသိန်း ဆိုသူသည် ဝန်ကြီးချုပ်ဟောင်း ဦးနု၊ ဗိုလ်ချုပ် အောင်ဆန်း တို့ သမဂ္ဂခေတ်များမှတိုင် ရှိနေသူဖြစ်သည်။ ထိုအချိန်တွင် သမဂ္ဂ စားသောက်ဆိုင် တင်ဒါရ၍ ဖွင့်နေသူမှာ ပန်းချီ ဦးနန်းဝေဖြစ်သည်။ ၎င်းတို့မိသားစုများပါ သမဂ္ဂတွင် နေထိုင်ကြသည်။ ထိုဇူလိုင်လ (၇) ရက်နေ့ည (၁၁) နာရီ ခန့်တွင် စစ်တပ်မှ စစ်ဗိုလ်များက ဦးကံသိန်း နှင့် ဦးနန်းဝေတို့၏ အမည်များကို လက်ကိုင် အသံချဲ့စက်များနှင့် အော်ခေါ်ကြသည်။ ထို့နောက် သမဂ္ဂ အဆောက်အဦးမှ မိသားစုများနှင့် အတူထွက်ပေးရန်ပြောသည်။ ဦးကံသိန်း နှင့် ဦးနန်းဝေ တို့မှ “ညကြီးသန်းခေါင် ကားရှာမရမည် စိုး၍ မနက်မှ ထွက်ပါရစေ” ဟု တောင်းပန်သော်လည်း လက်မခံဘဲ “ညတွင်းချင်း လူချဉ်းသာထွက်ရမည်၊ မိသားစု ဟုတ် မဟုတ်ပါ လူစာရင်းကိုလည်း စစ်ဆေးမည်” ”ယူနီယံထဲတွင် မသမာသူများ ခိုအောင်း နေနိုင်၍ အပြတ်ရှင်းမည်” ဟုပြောခဲ့သည်။ ထိုအခါ ဦးကံသိန်းတို့လည်း မိသားစုနှင့် ခြေလွတ်လက်လွတ် ညတွင်းချင်းထွက်ခဲ့ရလေသည်။ မကြာမီ ဇူလိုင်လ (၈) ရက် နေ့ လင်းအားကြီးတွင် ကျောင်းသားထု ပိုင်ဆိုင်သော ယူနီယံကြီးကို မိုင်းခွဲ ဖျက်ဆီးပစ်လိုက်လေတော့သည်။

စိန်ခေါ်မှု ….

ထိုနေ့ည (၇) နာရီအချိန် မြန်မာ့အသံ ရေဒီယို မှ အသံလွှင့်သောအခါ ဗိုလ်နေဝင်းက ”၎င်း တိုင်းပြည်ကို တာဝန်ယူသည့် အချိန်တွင် တက္ကသိုလ်ကျောင်းသားများ စည်းမဲ့ကမ်းမဲ့ ဘဝကို ပြုပြင်ရမည့် တာဝန်ပါကျရောက်နေသောကြောင့် တပ်မတော်၏ အင်အားတစိတ်တဒေသကို သုံး၍ဖြေရှင်းလိုက်သည်” ဟုပြောကြားခဲ့သည်။ ထို့အပြင်“ယခုဖြစ်ပျက်သောကိစ္စသည် ကျောင်းသားကိစ္စတစ်ခုတည်းသာမက နိုင်ငံရေး အမှောင့် ပယောဂများ ဖမ်းစားသည်ကိုရိပ်စားမိကြောင်း၊ ၎င်းတို့၏အလုပ်အား ပျက်ကွက်ရန် တမင် လုပ်နေကြလျှင် ၎င်းအနေဖြင့် နောက်ထပ် မည်သည်ကိုမျှထပ်မပြောလိုကြောင်း၊ ဓါးကို ဓါးခြင်း လှံကိုလှံခြင်း ဆိုင် ရန်သာရှိတော့ကြောင်း”ထပ်မံ စိန်ခေါ်ခဲ့လေသည်။ ထို ဖြစ်ရပ်နှင့် ပတ်သက်၍ အစိုးရမှ သတင်းထုတ်ပြန်ရာတွင်လည်း ကျောင်းသား (၁၇) ဦးသာသေဆုံးကြောင်း ကြေညာခဲ့သည်။ အမှန်မှာ မန္တလေးဆောင် တစ်ခုထဲတွင်ပင် စာရင်းအရ (၁၇) နှစ်ဦးသေဆုံးခဲ့သည်။ မြောင်းမြ မှ ကျောင်းသား ကိုကျော်ဝင်းမှ ၎င်း၏ ခန္ဒာကိုယ်မှ သွေးနှင့် မန္တလေးဆောင် နံရံတွင် “၇-၇-၆၂ မမေ့ကြနဲ့”ဟုရေးသွားခဲ့သည်။

မှတ်ချက် ။။ ။။

၁၉၆၃ ဇူလိုင်လ ကျောင်းများပြန်အဖွင့်တွင် သမဂ္ဂအဆောက်အဦး နေရာ၌ ယာယီတဲဖြင့် သမဂ္ဂကို ပြန်လည် တည်ထောင်ကြသည်။ ဗိုလ်အောင်ကျော် ကျောက်တိုင်နှင့်အတူ အလျား (၇၇) လက်မ၊ အနံ (၆၂) လက်မ ရှိ ကျောက်တိုင် တခု ပြုလုပ်၍ ၇-၇-၇၂ တွင် ကျဆုံးခဲ့သောကျောင်းသား ရာကျော်အတွက် ရည်စူးကာ “ရာကျော်ကျောက်တိုင်” ဟု အမည်တွင်စေခဲ့သည်။ ထို “ရာကျော်ကျောက်တိုင်“ ဖွင့်ပွဲတွင် ဆရာကြီး သခင်ကိုယ်တော်မှိုင်းမှ “ဒီအဆောက်အဦးကိုသာ ဖြိုလို့ရမယ်၊ အမောင်တို့ရင်ထဲက သမဂ္ဂစိတ်ဓါတ်ကို တော့ ဘယ်သူမှဖြိုလို့ မရပါဘူး” ဟုမိန့်ကြားခဲ့သည်။ သို့သော် ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး ဆန္ဒပြပွဲ များ ဖြစ်ပေါ်၍ ကျောင်းများ ပြန်ပိတ်သောအခါ ရာကျော်ကျောက်တိုင် နှင့် အတူ သမဂ္ဂ ယာယီတဲ အဆောက်အဦးလည်း ထပ်မံဖျက်ဆီးခံခဲ့ရသည်။

By .. M.O.Encyclopedia ။

17 comments

  • blackchaw

    July 6, 2012 at 1:00 pm

    အဲဒီ ဆဲဗင်းဂျူလိုင်ကြီးက သဘက်ခါ ဆိုရောက်ပြီနော့…။
    ဦးသိန်းစိန် အစိုးရလက်ထက်မှာ
    ပုံစံအသစ်နဲ့ ကျင်းပခွင့်ရမယ့်
    ဆဲဗင်းဂျူလိုင်အသစ်ကို
    ရင်ခုန်စွာနဲ့ စောင့်မျှော်နေပါတယ် ဆိုတဲ့အကြောင်း…။

  • Nyein Nyein

    July 6, 2012 at 1:25 pm

    ဖတ်ရင်းနဲ့ ကြက်သီးထမိပါတယ်။ အဲဒီ့တုန်းက ကျောင်းသားတွေကိုလည်းအရမ်းလေးစားပါတယ်။ အခုလိုစုံစုံလင်လင်ပြောပြပေးတဲ့အတွက် ကျေးဇူးပါနော်။

  • Wow

    July 6, 2012 at 1:29 pm

    အစပိုင်းပဲဖတ်ပြီး ဆက်မဖတ်ရဲတော့လို့ အဆုံးအထိမဖတ်တော့ပါဘူး….
    ဖြစ်နိုင်ရင်တော့ အဲလိုအကြောင်းတွေ မရေးပါနဲ့တော့လားဟင်… ဘာတွေ အကျိုးရှိလာမှာမို့လို့လဲ…

  • မောင်ပေ

    July 6, 2012 at 1:58 pm

    ကြေးမုံဦးသောင်းရဲ ့“ဘီလူးတို ့ရွာ” ဘုတ်အုပ်ထဲမှာ ဖတ်ခဲ့ဖူးတယ်ဗျို ့။
    စက်သေနတ်အသစ်တွေ ကို ထုတ်သုံးသွားခဲ့တာတဲ့
    တစ်ချို ့ကျောင်းသားတွေဆိုရင် သုံးထပ်ဝရံတာမှာ သွားတိုက်နေရင်းတန်းလန်းနဲ ့အပစ်ခံပြီးပြီး ၊ သွားတိုက်တံလေးနဲ ့ပြုတ်ကျတာတဲ့ ။ အသေးစိတ်ကို ပြန်ဖတ်ပြီးမှ လာမန် ့ဦးမယ်ဗျာ

  • ရာဇဝင်လူဆိုး

    July 6, 2012 at 2:17 pm

    သမိုင်းမှာ တကယ်ကို ယုတ်မာလွန်းခဲ့တဲ့ အစိုးရတရပ်အဖြစ် ဦးနေဝင်းအစိုးရကို မှတ်ချက်ပေးခံခဲ့ရတယ် ။ ဘာပဲဖြစ်ဖြစ် ဒီလိုသမိုင်းတွေကို ဒီဘက်ခေတ်လူတွေအောင် များများရေးသင့်ပါကြောင်း….Thanks..

  • ရာဇဝင်လူဆိုး

    July 6, 2012 at 2:21 pm

    သမိုင်းမှာ တကယ်ကို ယုတ်မာလွန်းခဲ့တဲ့ အစိုးရတရပ်အဖြစ် ဦးနေဝင်းအစိုးရကို မှတ်ချက်ပေးခံခဲ့ရတယ် ။ ဘာပဲဖြစ်ဖြစ် ဒီလိုသမိုင်းတွေကို ဒီဘက်ခေတ်လူတွေသိအောင် များများရေးသင့်ပါကြောင်း….Thanks…/ အခုလဲ ကျောင်းသားသမဂ္ဂ ပြန်ဖွဲ့ဖို့ ကြိုးစားလုပ်ဆောင်နေကြပါပြီ.။

  • ဇောက် ထိုး

    July 6, 2012 at 3:28 pm

    လေးလေးနက်နက် သေသေချာချာ ဖတ်ပြီး အကြောင်းအရာတွေကို ထည့်သွားခဲ့ပါတယ်။

  • Shwe Tike Soe

    July 6, 2012 at 3:44 pm

    ဖတ်သွားပါတယ်ဗျာ..အဲဒီတုန်းက ကျောင်းသားတွေ တော် တော် သတိ္တရှိတာပဲနော်…သူတို.တွေရဲ. စိတ်ဓာတ်တွေကို အခု စာဖတ်ရင်းနဲ.ကို ခံစားလာရတယ်ဗျာ…
    အခုလိုလေး history ပြန်လှန်ပေးတာ ကျေးဇူးဗျို…
    ဇူလိုင် ၁၉ ကလည်းရောက်ခံနီးပြီလေ…………………..

  • Kyi Lwin

    July 6, 2012 at 4:42 pm

    အဲဒီအချိန်က ပါလီမန်အုပ်ချုပ်ရေးခေတ်နဲ့ အလှမ်းမကွာတော့ လူတွေဟာ ကိုယ်ဘာလုပ်လို့ရတဲ့အခွင့်အရေးဆိုတာလည်းသိတယ်။ လုပ်လည်း လုပ်ရဲတယ် ။လုပ်ရမယ့်တာဝန်နဲ့ သတ္တိလည်းရှိတယ်။ ခု ကာလ လို နှစ်ပေါင်းများစွာ ကွာလှမ်းခဲ့တော့ ကိုယ့်အခွင့်အရေးကို ကိုယ်ကိုယ်တို်င်ပြောဖို့တောင် နောက်တွန့်ကြောက်လန့် နေကြတယ်။ အဲလို ဖြစ်အောင်လည်း တော်လှန်ရေးအစိုးရတက်ပြီးကတည်းက အာဏာရှင်နည်းစနစ်တွေနဲ့ တပည့်မွေး ဆရာမွေး အာဏာနဲ့ လက်နက်နဲ့ အုပ်ချုပ်ခဲ့တဲ့နှစ်တွေက နည်း မှတ်လို့။

  • ဝမ်းတွင်းရူး

    July 6, 2012 at 6:55 pm

    ဆရာသခင်ကိုယ်တော်မှိုင်း စကားအတိုင်းဘဲ ဘယ်တော့မှ
    ပြိုလဲမသွားဘူးဆိုတာ ယုံကြည်ပါ၏။

  • Aoewaimaungkoyu

    July 7, 2012 at 12:02 am

    သမိုင်းခေတ်အဆက်ဆက် တိုင်းပြည်နဲ့လူမျိုးအတွက် အသက်သွေးချွေးကိုစွန့်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းအမှုုးပြု ကျောင်းသားထုတရပ်လုံးကို ဂုဏ်ပြုဦးညွှတ်ပါ၏။
    သမိုင်းဆိုတာထိုင်ပြောနေရုံမပြီး အတိတ်သမိုင်းကိုသင်ခဏ်းစာယူပြီး နောင်သမိုင်းကိုပြောင်မြောက်စွာရေးထိုးနိုင်ရန် ဆက်ခံသူကျောင်းသားလူငယ်ထုတို့ သတိမူစေချင်ပါသည်။
    ခွပ်ဒေါင်းတို့ရဲ့သွေး ကမ္ဘာတည်သရွေ့ မကျဲစေပါနဲ့

  • အရီးခင်လတ်

    July 7, 2012 at 3:19 am

    အနှစ် ၅ဝ တောင် ရှိခဲ့ပြီ။
    ကျွန်မ ကောင်းကောင်း မသိခဲ့တဲ့ အချက်အလက် တစ်ချို့ အတွက် ကျေးဇူးပါရှင်။

    အဲဒီ အရေးအခင်းဖြစ်ပြီး ကျောင်းတွေ ပြန်ဖွင့်ပြီး ဦးလေး နဲ့ အဒေါ်တွေ ခေတ် မှာ ကျောင်းထဲ မှာ “ကျောပေါက်ကြီး ဇာတ်လမ်း တွေ” ပေါ်ခဲ့သေးတယ်။
    အပြစ်မဲ့ ကျောင်းသား၊ ကျောင်းသူ တွေ အားလုံး ကောင်းရာသုဂတိလား ခဲ့ကြပါစေ။

    အခုအချိန်မှာတော့ အာဃာတ တွေ၊ အမုန်းတရား တွေ အားလုံးကို သမိုင်း စာမျက်နှာ အဖြစ်ဘဲ ထားခဲ့ စေချင်တော့တာပါဘဲ။
    မဟုတ်ရင် ကြားမှာ မြေဇာပင် တွေ အများကြီး။
    အမုန်းတွေ နဲ့ ဘဝ သစ် ကို ကောင်းအောင်လုပ်လို့ ရမယ်မထင်ပါဘူး။
    အဲဒါတွေကို ထားခဲ့ပြီး ကိုယ့်တိုင်းပြည် အနာဂါတ်အသစ် အတွက် ဘဲ ကောင်းမွန် တိုးတက်အောင် ဦးတည် လုပ်ကြဖို့ သင့်ပါတယ်။

    မြန်မာပြည် က ကလေး တွေ ကို တက္ကသိုလ်ကျောင်း ဆိုတာ ရဲ့ အရသာ အလုံးစုံကို ပြန်ပေးဖို့ အချိန်တန်ပါပြီ။

    ဒါထက် ရန်ကုန်တက္ကသိုလ် နှစ်လည် မျက်နှာဖုံး တစ်ချို့ ရဲ့ ပန်းချီ တွေ ကြားထဲ မှာ လျှို့ဝှက် သင်္ကေတတွေ အများကြီး ပါခဲ့တယ်။
    နောက် အဲဒီ စာအုပ်တွေကို ပြန်သိမ်းသွားခဲ့တယ်။
    ကျွန်မ ဦးလေး ဆီမှာ ရှိခဲ့တယ်။
    အခု တင်ထားတဲ့ မျက်မှာဖုံးမှာ အဲဒါတွေ ရော ပါလား မသိဘူး။

  • kai

    July 7, 2012 at 3:31 am

    အခုသတင်းတွေအရတော့… ဗကသခေါင်းဆောင်တွေအကုန် လိုက်ဖမ်းနေတာပဲ.. 👿

    အရင်ကတည်းက.. အစိုးရကိုတိုက်တွန်းခဲ့တာ.. ထပ်ပြောမယ်..
    ကျောင်းသားသမဂ္ဂအဆောက်အဦးကို.. အရင်နေရာမှာ ပြန်ဆောက်ပါ..။
    အစိုးရနဲ့..ကျောင်းသား.. အတူတူအုပ်မြစ်ချပါ..
    သင်ပုန်းချေပါ..

    ရာသီဥတု သာယာနေချိန်ဖြစ်ပါတယ်..
    အချိန်ကောင်းဖြစ်ပါကြောင်း..

    • မိုက်ကယ်ဂျော်နီအောင်ပု

      July 7, 2012 at 2:05 pm

      စာမျက်နှာဟောင်းဘဲပြန်လှန်ရမှာဘဲ
      ဟိုးးးးးးးးးးးးးး ထိပ်ပြောင်တို့အဖွဲ့
      အကြံအဖန်လုပ်ပြီး ရွေးကောက်ပွဲ အကောင်ထည်ဖော်ကတည်းက
      သဂျီးမင်းကိုယ်ဒိုင်ဘဲ
      အဲ့သည်ရွေးကောက်ပွဲကိုထောက်ခံဘာဆိုဆိုဆိုုဆိုဆိုုဆိုဆိုဆိုုဆိုုဆိုဆိုဆိုဆိုဆို
      အဲ့သည်တုန်းက မထောက်ခံခဲ့လို့ ယိုင်းအဘေခံခဲ့ရဘူးတဲ့
      ကိုယ့်ဘဝကို ခုမှပိုသနားမိသလို
      ကိုယ့်ကိုယ်ကိုယ် ပိုပြီးတောင်အထင်ကြီးမိသေးတယ် ကွိကွိ
      ( မြန်မာ့ဒီမိုကရေစီဆိုတဲ့ လမ်းကြောင်းကြီးဟာ လူတစ်စုရဲ့
      လှည့်ကွက်ထဲမှာ ရှိနေပါသေးတယ်ဆိုတာကိုထပ်ပြောပါတယ် )

      • အမုန်း လုလင်

        July 13, 2012 at 8:42 pm

        ( မြန်မာ့ဒီမိုကရေစီဆိုတဲ့ လမ်းကြောင်းကြီးဟာ လူတစ်စုရဲ့
        လှည့်ကွက်ထဲမှာ ရှိနေပါသေးတယ်ဆိုတာကိုထပ်ပြောပါတယ် )

  • ကြောင်ကြီး

    July 7, 2012 at 10:53 am

    ကမာ္ဘမကြေဘူး…..

    • မိုက်ကယ်ဂျော်နီအောင်ပု

      July 7, 2012 at 2:10 pm

      ဆယာကြောင်ဂျီး
      ခန္ဓာနောက်က တဏှာ မာန ဒိဋ္ဌိ မလိုက်စေနဲ့
      ငါဆိုတာကိုဖြုတ်လိုက်
      ငါဆိုတာမရှိတဲ့အတွက် ငါ့နိုင်ငံဆိုတာလည်းမရှိတော့ဘူး
      မကြေနပ်တာကို မကြေနပ်ဘူးလို့သိလိုက်
      မကျော်သွားစေနဲ့
      ကွိကွိ

Leave a Reply