နားစည်ကိုထွင်း နှလုံးသားအတွင်းဝင် သွေးကြောထဲမှာလှည့်ပါတ် ဦးနှောက်မှာ ရပ်တန့်နေသော….(အပိုင်းငါး)

ကျနော်မြန်မာသီချင်းလေးတွေအကြောင်းစမပြောခင် ပြောပြဘို့ကျန်နေတာလေးတွေကတော့ကျနော်တို့လူတွေကြားမှာပြောစမှတ်ဖြစ်ကျန်တာလေးကတော့
လေပေါသူ အရမ်းကိုကြွယ်တဲ့သူ တွေကို အဲဒီတုန်းက “အာလူးပေးတယ်”လို့ဘန်းစကားလေးတွင်ခဲ့ဘူးပါတယ်။
သည်စာလုံးလေးတွေကိုလူသိအောင်ကြွေးကြော်ခဲ့သူကိုတော့ “ဇော်မင်းလေး “ဖြစ်ပါတယ်။
“ညာပြီးလာမလှိမ့်နဲ့ လေနည်းနည်းလျှော့ ၊အာလူးလာမပေးနဲ့လေနည်းနည်းလျှော့ “ဆိုတာက တစ်နိုင်ငံလုံးလူငယ်လူကြီးမရွေးသည်စာသားလေးကို အော်ခဲ့ ကြိုက်ခဲ့ ကြပါတယ်။
နောက်တစ်ယောက်ကတော့မန်းလေးတက္ကသိုလ်က ရဲအောင်ပါ “ရှမ်းရိုးမက အိုးစည်သံ “ဆိုတဲ့ရှမ်းအလိုက်သီချင်းလေးကလဲရေပန်းစားခဲ့ဘူးသလို၊
နောက်ခင်မောင်တိုးဆိုတဲ့ မန်းလေးသားလေးကလည်း “မျက်သွယ် ” တို့ “ချစ်ပြီးမှ မုန်းမေ့တတ်တဲ့မင်းကို “တို့နဲ့ မသိမသာဖမ်းစားဘူးသလို
ချင်းအမျိုးသား သွှအောင်နဲ့ဂျွန်သင်ဇမ်းဆိုတဲ့ တိုင်းရင်းသားအဆိုတော်နှစ်ယောက်ရဲ့ “မြိုင်နန်းစံပန်းတပွင့် “တို့ ” ဝေးလွင့်ခြင်းရဲ့နောက်ဆုံးခြေရာ “သီချင်းလေး
တွေကလည်း မန်းလေးတက္ကသိ်ုလ်ရဲ့အပျိုဆောင်များရှေ့မှာ အပျုးိသီချင်းလေး အပိုးသီချင်းအဖြစ်လွင့်ပျံခဲ့ဘူးပါတယ်။
နောက် တိုင်းရင်းသူအဆိုတော်မလေး ကေဂျာနူးရဲ့ ” ဒို့ရှမ်းပြည်ပွဲတော် “သီချင်းက ခေတ်စားဘူးသလို ထီးဆိုင်ရဲ့ အခွေထဲမှာတွဲပါလာတတ်တဲ့
ကေဇင်လတ်ရဲ့ သီချင်းများလည်း လူကြိုက်များခဲ့သလို ဂျမ်ဘိုဆိုတဲ့ အဆိုတော်လေးရဲ့ ” အရင်တစ်ခါနေလာခဲ့တဲ့ ဘဝကိုပြန်နေချင်သေးတယ်”ဆိုတဲ့သီချင်းလေးကိုလည်း
ကျနော်တို့အသံပြဲ ကြီးနဲ့အော်ဆိုခဲ့ဘူးပါသေးဗျာ။
နောက်ထီးဆိုင်နဲ့ တွဲလို့ ” တမာမြေကိုရောက်တဲ့ရှမ်းလေးကျောင်းမှာခင်ကြတာ “လို့ဆိုလိုက်တဲ့ ခုတော့အမေချိုဖြစ်နေတဲ့ချုိုပြုံးသီချင်းများကလဲ ဟစ်ဖြစ်ဘူးသလို
“မီရာနမ်းမ် ဂျိုကာ “ဆိုတဲ့ ကုလားကား ထဲကဇာတ်ဝင်တေးများကို မချိုနဲ့ ကျော်သူရတို့ ဆိုလိုက်တော့လဲ ကြိုက်လိုက်ကြတာ ဝက်ဝက်ကွဲပါ။
အကဲဆုံးသီချင်းလေးက တော့ “မင်းအသက်က သိပ်မငယ် ဘာများဖြစ်နေလဲ ဆယ်ခြောက်နှစ်ပြည့်မှာ တစ်ရက်ရော့နေတယ် “ဆိုတဲ့သီချင်းလေးပေါ့ဗျာ။

ကျနော်ဖောင်ကြီးသင်တန်းတက်ချိန်တုန်းက ထမင်းစားပြီးရင် ညတိုင်းစာကျက်ဆောင်ဝင်ရပါတယ်။
ည9နာရီကနေ 10နာရီထိကခဏအားလပ်ချိန်ရပါတယ်။10နာရီဆိုရင်တော့မီးပိတ်မအိပ်ချင်အိပ်ချင်အိပ်ပေါ့။
အဲဒီအားလပ်ချိန်လေးမှာ အဆောင်ထဲက အကိုကြီးတစ်ချို့က အသင့်ယူလာကြတဲ့ တစ်ယောတစ်လက်ရယ် ပုလွေတစ်ချောင်းရယ် မယ်ဒလင်တစ်လုံးရယ်နဲ့
အဆီအသားပါပါ လွမ်းစရာသီချင်းလေးတွေကို ဖန်တီးကြပါတော့တယ်။
အရင်က အမှတ်တမဲ့သာကျနော်နားထောင်ခဲ့ဘူးတဲ့ သီချင်းလေးတွေကို အခု အကိုကြီးတွေအရသာရှိရှိ ခံစားတတ်အောင် အဓိပ္ပါယ်ရှိရှိ လွမ်းတတ်အောင်နေ့စဉ်ဆိုလို့ ပြပါတယ်။
ကျောင်းပိတ်တဲ့စနေ တနင်္ဂနွေနေ့မျုးိမှာဆို တနေကုန်နီးပါး အားရပါးရဆိုကြတီးကြနားထောင်ကြပေါ့ဗျာ။
အဲဒီတုန်းက အကိုကြီးတယောက်က “ကိုပေါက် ရ ငါတို့မြန်မာသီချင်းဆို တာ ငြိမ့်ငြောင်းတဲ့သံစဉ်တေးသွားအလိုက်ထဲကို သာယာလှပတဲ့ စာသားလေးတွေနဲ့ နားထောင်နေသူရဲ့နှလုံးသားကို ဖမ်းစားတာကွ”လို့ပြောဘူးတာလေးကတော့ အခုထိမေ့မရပါ။
“လက်ခလည်လိုနေပါစေ အသက်ရယ်အိုရှည်ပါစေ “တို့
“ဘယ်သူတွေထောက်ထားမညှာလည်း…..ယောက်ျားမှာလဲအသဲနဲ့ဆိုတာ “တို့
“ချစ်တတ်ခဲ့သော တပြည့်တော်နှလုံးသား ………….အမုန်းခွန်အားပေးသနားရန်”တို့
“ချစ်တဲ့သူက ရက်စက်တဲ့ ဟန်ရေးပြကာ ပန်းနဲ့ပေါက်တာလဲ……….နာချင်တယ်”တို့ဆိုတဲ့ အဆွေးပလ္လင်မှတေးသခင် ကိုတင်လှိုင်ရဲ့သီချင်းတွေ

“ရွက်ဝါကြွေလူး နွေမူးမူးဝယ် ပုရစ်ဖူးဝေ၍ ဖူးငုံစီမြ ပွင့်သည့်လကိုမျှော်တလေသည့် ကိုယ့်အဖြစ်များ .. ”
“ရွှေပဒုံကြာအယပ်ကို လေအဟုန်လာဟပ်စဉ်က ကညာနတ်မယ်မွေးဖွားလေသလား ”
“နှစ်ဦးစလုံးရဲ့အသည်းများမှကွယ် တွယ်တာနှောင်တည်းကြသူချင်း…………..မို့ ခလေးဆံလွန်းသူ အမိုက်လေးကိုမှ ကျနော်ကချစ်မိပြန်ပါတယ်……. ”
“မပျယ်သောမေတ္တာများနဲ့ရယ်ချစ်ခဲ့တယ် ချစ်စကားဆိုပါရင်လဲကွယ် ရှက်သွေး………ပိုမျက်နှားပေးညို ညိုမှာစိုးလို့ရယ် “တို့ဆိုတဲ့
ကိုသန်းလှိုင်သီချင်းလေးတွေ

” အချစ်ဆိုတာပြန်တောင်းလို့လဲရကောင်းသောအရာ ဟုတ်ပါသလားလို့သက်လျှာဖြေစမ်းပါ “ဆိုပြီးမေးခွန်းတွေထုတ်သွားတဲ့ကိုမင်းနောင်
“ကိုယ့်ကိုယ်ဘယ်လိုဘဲ စိမ်းကားလို့နေပါစေ မမုန်းနိုင်မမေ့နိုင်အောင်ဘဲသူ့ကိုချစ်နေ “ဆိုတဲ့ ခွင့်လွှတ်တတ်သူ မောင်မောင်ကြီး
” တောမှာဆွေမျုးိသားချင်းလယ်ဆင်းကြတဲ့သူတွေပင် ကိုယ်မမေ့တာ ယုံစေချင် “ဆိုတဲ့ အလွမ်းတွေဝေနေတဲ့ စန္ဒယားထွန်းညွန့်
” အော် မေ့မေ့ မုန်းမုန်း မုန်းမုန်းမေ့မေ့ …………..မရွာသောမိုးကို မမျှော်ကိုးတော့ပြီမပွင့်သောပန်း မနမ်းလိုပြီ “ဆိုတဲ့ လက်လျှော့လိုက်တဲ့တင်လှထွန်း
” ရာသီကုမ် အကူး………ဝယ် စီစီရီဖူးကာပွင့်ကြရာဝယ် “ဆိုပြီး စိမ်းပြတဲ့ ကိုမြင့်ဆွေ
” အိပ်မပျော်လေတိုင်း ရှေးဖြစ်နောက်ကြောင်းများရယ် ……….ကိုယ့်အားနှိပ်စက်လေသည်မို့ကွယ် “ဆိုတဲ့ အိပ်မပျော်တဲ့ညပိုင်ရှင် စန္ဒယားလှထွတ်
” ဆောင်းဆိုသည်ကအေးမြခြင်းကု ိသရုပ်ဆောင်တယ် ငွေနှင်းမြူက သန့်စင်တယ်လို့ အဓိပ္ပါယ်ကိုယူတယ် “ဆိုတဲ့ တွံတေးသိန်းတန်
” မာလာငုံရယ် ဘယ်ဆီမှာပွင့်မှာလဲကွယ် တစ်ပွင့်ထဲ ပွင့်ဆဲ…….နည်းနည်းလဲလျှော့စေချင်ပါတယ် “ဆိုတဲ့ရေနံ့သာစိုးလှိုင်
” နေရောင်လေးခပ်မှိန်မှိန်မီးထွန်းချိန်ရောက်ပြန်တော့ ကျိတ်ခဲထားသမျှမတင်းတိမ် သွားရအုံ့းမကွဲ့ ထားနှမ…”လို့ ဆိုတဲ့ မီးထွန်းချိန်ကိုရောက်ရင်မနေနိုင်တဲ့ကိုမောင်မောင်
” စောင်းသံမပီတေးလဲမညီလေပြီ ရည်ရွယ်မှန်းလမ်းရှာသူ အဖြစ်များသည် ငယ်ချစ်ဟောင်းကိုအောင့်မေ့သတိရ “စောင်းအိုရှင်မောင်မျုးိတင့်
” နံ့သာယပ်တောင် ပိုးယပ်တောင် ပန်းယပ်တောင် လက်ဆောင်တွေကြား စိတ်အားငယ်သယောင် “ဝါးယပ်တောင်ပိုင်ရှင်ကိုသန်းဆွေ
” သည်တေးသံကြား ……..ငိုသံလေးလားကွယ်………..ချစ်သူ့ခြေသံလေလား “လို့ခွဲခြားမရတဲ့ ပန်းတမာလားချစ်သူလားဝေခွဲမရသူ တက္ကသိုလ် ခင်မောင်ကြီး
“ရေမြေတောတောင် သမုဒ္ဒရာခြားစေကွယ် ……….. “ဆိုတဲ့ကျိတ်မနိုင်ခဲမရတဲ့ အုံ့ပုန်းချစ်ကလေး မောင်ကိုကို
” ရွက်ကြွေတောဝယ် လျှောက်လာသောခဏ အပန်းဖြေရာ စမ်းရေအိုင်နားမှာ ထိုုင်ကာအပန်းဖြေ “လေသူ ကျနော်တင်တဲ့ရွှေမင်းသမီး ရဲ့ဆရာ မောင်မောင်ညွန့်
စတဲ့အဆွေးသီချင်းများကို နေ့စဉ်နားဆင်နေရင်းက မြန်မာမိုနိုသီချင်းများက နားထောင်ရသူရင်ထဲမှာမောလျသွားအောင် စွမ်းဆောင်နိုင်တဲ့ တစ်စထက်တစ်စနေရာယူလာပါတော့တယ်။
ဒီလိုနဲ့ဘဲ အချိန်တန်လို့ကျောင်းဆင်းပြီးအိမ်ပြန်ကြရမဲ့နောက်ဆုံးနုတ်ဆက်ကြတဲ့ ဒင်နာညမှာ အားလုံးတစ်ညီတစ်ညာထည်း ဟိန်းထွက်သွားအောင်ဆိုဖြစ်လိုက်တဲ့
သီချင်းလေးက တော့ “အမှတ်တမဲ့နဲ့တွေ့ရှိ ရီးစားဟောင်းလေးကို ပွမ်ပွမ်မြည်တဲ့အသဲလေး ရီးစားအသစ်နဲ့ဟေ့ “ဆိုတဲ့သီချင်းလေးပါ။

လူရှိုင်းအမျုးိသားအဆိုတော် ဘိုဘိုဟန် ဆိုတဲ့သူ မြူးြွကတဲ့ သီချင်းလေးတွေနဲ့ ဂီတလောက မှာဟိုအရင်ကတည်းက ကြိုးစားနေရာကနေ မြန်မာ့ဂီတလောကမှာနေရာလေးတစ်ခုပိုင်ပိုင်နိုင်နိုင်ရသွားပါလေရော။
ဖြစ်ချင်တော့ဖောင်ကြီးက ပြန်လာလို့မကြာခင်မှာဘဲ ကျနော်အစိုးရဝန်ထမ်းဘဝကနေ နုတ်ထွက်လို အပြင်လောက ကိုရောက်လာပါတယ်။
ကျနော်ရွေးချယ်လိုက်တဲ့အလုပ်အသစ်ကတော့ တေးသံသွင်းလုပ်ငန်းမှာ သီချင်းကူးသူအဖြစ်လုပ်ကိုင်ပါတယ်။
အဲဒီအချိန်ကစလို့ ကျနော်နှစ်သက်သော သီချင်းတောထဲမှာ အရင်က ဝါသနာအရနားထောင်နေရာကနေ အလုပ်သဘောအရ မဖြစ်မနေနားထောင်ရတဲ့အခါ
ဝါသနာနဲ့ဝမ်းရေး ပေါင်းစပ်မိတဲ့ ကျနော်ဟာ…………………………………