တိမ်ယံသစ္စာ အပိုင်း ( ၂၄ )
ဖိလစ်ပိုင်သား၏ ထိတ်လန့်တကြား ထအော်သံ။ ကျွန်တော် ချာခနဲ လှည့်ကြည့်လိုက်ရာ မြေပြင်ပေါ်လဲကျနေသော ဘာဘာ။ ခြေလက်များ အကြောဆွဲ နေသည်။
”ကယ်ကြပါဦး”
ကျွန်တော် အော်ဟစ်ပြီး ဘာဘာ့ထံပြေးသည်။ ဘာဘာ့ပါးစပ်မှ အမြှုပ် တစီစီထွက်နေသည်။ မျက်ဖြူလန်ကာ မုတ်ဆိတ်များလည်း စိုရွှဲနေပြီ။ ကျွန်တော်တို့ ထံ
လူတွေအပြေးအလွှား ရောက်လာကြသည်။ လေသင်တုန်းဖြတ်တာဟု ပြောသံ ကြားသည်။ ”၉၁၁ ကိုခေါ်” ဟု အော်သူကလည်းအော်ကြသည်။ ပြေးလွှားလာသော ခြေသံများ။
လူအုပ်ကြီးကြောင့် မှောင်ကျသွားသောကောင်းကင်။ …………………..
…………………………………
__________________________
လူအုပ်ကြီးကြောင့် မှောင်ကျသွားသောကောင်းကင်။
ဘာဘာ့တံတွေးများ နီစွေးလာသည်။ လျှာကိုကိုက်ထားသော ဘာဘာ့အနီး ကျွန်တော် ဒူးထောက်၍ ဘာဘာ့လက်မောင်းများကို ကိုင်ကာ ”ကျွန်တော်ရှိတယ် ဘာဘာ၊
ကျွန်တော်ရှိတယ်” ဟု အကြောဆွဲခြင်းများ ပြေပျောက်သွားလိုသွားငြား ကျွန်တော် သွေးရူးသွေးတမ်း ခေါ်နေမိသည်။ ကျွန်တော့်ဒူးများ ရွှဲနစ်သွားသည်။ ဘာဘာ့ဆီးအိမ်ပွင့်ကျသွားပြီမှန်း
သိလိုက်ရ၏။
္ထ
————————————-
မုတ်ဆိတ်မွေးများ ဖြူလွနေသော ဦးပြည်းပြောင်ပြောင် သမားတော်သည် ကျွန်တော့်အား အခန်းထဲမှ ခေါ်ထုတ်လာသည်။ ”စီအေတီစကင်အကြောင်း ပြောပြ
စရာရှိတယ်” ပြောပြောဆိုဆို
ခဲတံ၏ခဲဖျက်ပိုင်းနှင့် ဘာဘာ့ဦးနှောက်ဓာတ်မှန်ပုံပေါ် ထောက်ပြနေသော သမားတော်ကြီးသည် အသတ်ခံရသူ၏ မိသားစုဝင်အား မှုခင်းဓာတ်ပုံ ထုတ်ပြနေသော ပြည်သူ့ရဲကြီးနှင့်တူနေသည်။
ဘာဘာ့ဦးနှောက်သည် သစ်ကြားသီးကန့်လန့်ဖြတ်ပုံနှင့် ဆင်ဆင်တူသည်။ တင်းနစ်ဘောလုံးသဏ္ဍာန် အညိုလုံးများကြောင့် ဦးနှောက်ဆန်ကာပေါက်ဖြစ်နေသည်။
”ကင်ဆာက နေရာရွှေ့သွားပြီ။ ဒီတော့ လူနာဟာ ဦးနှောက်မရောင်အောင် ဆေးသောက်ရမယ်။ လေသင်တုန်းအတွက်လည်း ဆေးသောက်ရမယ်။ ရောဂါကို ဆွဲဆန့်ထားဖို့
ဓာတ်ကင်တာလည်း လုပ်စေချင်တယ်။ ဒီသဘောကို နားလည်လား”
နားလည်ကြောင်း ကျွန်တော်ပြောပြလိုက်သည်။ ကင်ဆာဗဟုသုတတွေ ကျွန်တော်နှင့် လက်ပွန်းတတီးဖြစ်နေပြီ။
ထိုညက ဘာဘာ့ခုတင်ဘေးတွင်ကျွန်တော် ကုလားထိုင်ပေါ်မိုးလင်းခဲ့သည်။
နောက်တစ်နေ့မနက် ဆေးရုံဧည့်စောင့်ခန်းတွင် အာဖဂန်များ ပြည့်နေသည်။ ဘာဘာ မိဘမဲ့ဂေဟာဆောက်စဉ်က အတူဝိုင်းခဲ့သော အင်ဂျင်နီယာလည်းပါသည်။
သားသတ်သမားလည်းပါသည်။ ဘာဘာ့အခန်းထဲ အားလုံးတန်းစီဝင်ကာ လေးစားသမှုဖြင့် တီးတိုးသာပြောဆိုကြသည်။ ဘာဘာ ကျန်းမာစေကြောင်း ဆုတောင်းကြသည်။ ဘာဘာသည်
ဒယီးဒယိုင်ဖြစ်နေသည့်တိုင် နိုးကြားနေသည်။
နေတက်တွင် ဗိုလ်ချုပ်ကြီးတာဟီရီတို့မိသားစု လာတွေ့သည်။ စိုးရာယာနှင့် ကျွန်တော် တစ်ဦးကိုတစ်ဦးကြည့်ပြီးမှ မျက်နှာလွှဲကြသည်။
”နေကောင်းရဲ့လား မိတ်ဆွေကြီး” ဟုဆိုကာ ဗိုလ်ချုပ်ကြီးတာဟီရီသည် ဘာဘာ့လက်ကို အသာဆွဲယူသည်။ ဘာဘာသည် အပြုံးယဲ့ယဲ့ဖြင့် လက်မောင်းမှ ပိုက်တန်းလန်းကိုပြသည်။
”ကရိကထခံလို့ လာရသေးတယ်ကွာ”
ဘာဘာ့အသံ အက်ကွဲနေသည်။
”ကရိကထရယ်လို့ မဟုတ်ပါဘူး” ဟု တာဟီရီကတော် ဖြေသည်။
”ဘာကရိကထမှ မဟုတ်ဘူး။ အရေးကြီးတာက လိုအပ်တာများ ရှိသေးလား။ ဘာပဲဖြစ်ဖြစ်ပြောပါ။ ကျုပ်ကို ကိုယ့်ညီရင်းလို သဘောထားပြီးပြောပါ”
ပက်ရှ်ထန်များနှင့်ပတ်သက်ပြီး ဘာဘာပြောဖူးသမျှ ပြန်ပေါ်လာသည်။ ဒို့များ ပက်ရှ်ထန်ဆိုတာ ခေါင်းမာချင်မာမယ်။ မာနကလည်း အလွန်ကြီးတယ်။ ဒါပေမယ့် ငါပြောတာယုံ၊
အရေးကြီးတော့ သွေးနီးတာ … အရေးကြီးတော့ မင်းဘေးနားမှာ ရှိနေပေးမှာ ပက်ရှ်ထန်တစ်ယောက်ပါပဲ။
ဘာဘာခေါင်းခါသည်။ ”ခုလိုလာကြည့်တာပဲ ဝမ်းသာလှပါပြီ”
ဗိုလ်ချုပ်ကြီးသည် ဘာဘာ့လက်ကိုဖျစ်ကာ ကျွန်တော့်အား ”အေမားရော ဘယ့်နှယ့်လဲဟေ့။ ဘာလိုသေးလဲ”
ဗိုလ်ချုပ်ကြီး ကျွန်တော့်ကိုကြည့်နေပုံ … သူ့မျက်လုံးထဲမှ ကရုဏာတရား …
”နေပါစေ၊ ကျေးဇူးတင်ပါတယ် ဆပ်” ကျွန်တော့်လည်မျိုထဲ အလုံးကြီးဆို့ကာ မျက်ရည်တို့ ပျို့တက်လာသည်။ အခန်းထဲမှ တရှူးထိုးပြေးထွက်ပြီး ညတုန်းက ဓာတ်မှန်ပုံပေါ်
လူသတ်သမား၏မျက်နှာ မြင်ခဲ့ရသည့် ခန်းမထဲ မျက်ရည်သွန်ချသည်။
ဘာဘာ့အခန်းတံခါးပွင့်၍ စိုးရာယာထွက်လာကာ ကျွန်တော့်အနား လာရပ်သည်။ ဂျင်းပင်၊ ရှပ်အညို၊ ဖားလျားချထားသော ဆံပင် … သူမလက်မောင်း တွေကြားထဲ
ကျွန်တော် ဖြေသိမ့်ခွင့်ရချင်သည်။
”စိတ်မကောင်းပါဘူး၊ အေမား။ ပြဿနာရှိနေပြီမှန်းတော့ သိတယ်။ ဒီလိုမျိုး မထင်ခဲ့လို့”
ကျွန်တော် အကျႌလက်စဖြင့် မျက်ရည်သုတ်သည်။
”ဘာဘာက သူများကို မသိစေချင်ဘူး”
”လိုအပ်တာများ ရှိသလား”
”မရှိပါဘူး” ကျွန်တော် ကြိုးစားပြုံးပြသည်။ စိုးရာယာ ကျွန်တော့်လက်ကို ကိုင်သည်။ ကျွန်တော်တို့၏ ပထမဆုံးထိတွေ့မှု။ စိုးရာယာလက်ကိုယူပြီး ကျွန်တော့် မျက်လုံးများနှင့်
အပ်ထားပြီးမှ ပြန်လွှတ်ပေးလိုက်သည်။
”အထဲပြန်ဝင်တော့နော်။ တော်ကြာ စိုးရာယာအဖေ ထွက်လာဦးမယ်”
စိုးရာယာ ပြုံးပြီး ခေါင်းညိတ်ပြကာ လှည့်ထွက်သွားသည်။
”စိုးရာယာ”
”ရှင်”
”စိုးရာယာ လာတာ ဝမ်းသာတယ်ဗျာ။ မပြောပြတတ်အောင်ပါပဲ”
—————————-
နှစ်ရက်အကြာတွင် ဘာဘာ့ကို ဆေးရုံမှ ဆင်းခွင့်ပေးလိုက်သည်။ ပါရဂူတစ်ယောက် ဝင်လာပြီး ဘာဘာ့ကို ဓာတ်ကင်ဖို့ တိုက်တွန်းသည်။ ကျွန်တော့်ကို နားသွင်းခိုင်းသည်။
ဘာဘာ့မျက်နှာထားကို ကျွန်တော် မြင်ထားပြီးပြီမို့ စာရွက်ထဲ ဖြည့်စရာရှိဖြည့်ကာ ဘာဘာ့ကို ဖို့ဒ်ကားဖြင့် အိမ်ပြန်ခေါ်လာသည်။
ထိုညက ဘာဘာသည် ကွပ်ပျစ်ပေါ် သိုးမွေးစောင်ခြုံကာ လှဲနေသည်။ ကျွန်တော်က လက်ဖက်ရည်ပူပူလေးနှင့် မက်မွန်သီးယူလာပေးသည်။ ဘာဘာ့ကျော ပြင်ကို
သိုင်းဖက်ပြီးထူပေးတော့ ဘာဘာ့လက်ပြင်သည် ငှက်အတောင်ပံလေးနှယ် ကျွန်တော့်လက်ချောင်းတွေကြားထဲ ပေါ့ပါး၍နေသည်။ ဝါရော်ရော် အရိုးပြိုင်းပြိုင်း
ရင်အုပ်ပေါ် စောင်ကိုဆွဲခြုံပေးထားသည်။
”ဘာဘာ့အတွက် ကျွန်တော် ဘာလုပ်ပေးရမလဲ”
”ရတယ်”
ကျွန်တော် ဘာဘာ့နား ဝင်ထိုင်သည်။ ”ဒါဆိုလည်း ဘာဘာ သိပ်မပင်ပန်းဘူးဆိုရင် ကျွန်တော့်အတွက် လုပ်ပေးမလား”
”ဘာလဲ”
”ဗိုလ်ချုပ်ကြီးတာဟီရီဆီမှာ သူ့သမီးတောင်းပေးပါလားဟင်”
ဘာဘာ၏ ခြောက်ကပ်သော နှုတ်ခမ်းများ ပြုံးသွားသည်။ ကြွေလုကြွေကာနီး ရော်ရွက်ကြင်ပေါ်မှ စိမ်းလတ်သော အစက်အပြောက်ကလေးတစ်ခု။
”သေချာပြီလား”
”ဟိုဘက်တောင်လွန်သေး”
”ဒါဆိုလည်း ဖုန်းပေး။ ငါ့မှတ်စုစာအုပ်ပါ ယူခဲ့”
ကျွန်တော် မျက်တောင်ပုတ်ရပြီ။ ”အခုလား”
”အခုမဟုတ်လို့ ဘယ်တော့လဲ”
”အိုကေ” ဖုန်းနံပါတ်မှတ်သော မှတ်စုစာအုပ်အနက်ကလေးနှင့် ဖုန်းယူပေး လိုက်ရာ ဘာဘာသည် တာဟီရီတို့နံပါတ်ကိုရှာသည်။ ကျွန်တော့်နှလုံးက ရင်ဘတ် ထဲ မွတ်မွတ်လည်နေပြီ။
”မင်္ဂလာပါ ဂျမီလာ” ”အများကြီး သက်သာသွားပါပြီ။ လာကြည့်ကြတာ ကျေးဇူးတင်ပါတယ်ဗျာ” တအောင့်နားထောင်ပြီး ခေါင်းညိတ်နေသည်။ ”မှတ်ထား ပါမယ်၊ ကျေးဇူးပါပဲ၊
ဗိုလ်ချုပ်ကြီး အိမ်မှာရှိသလား” ”ကျေးဇူးတင်ပါတယ်” ဘာဘာ ကျွန်တော့်ကို ဖျပ်ခနဲကြည့်သည်။ ကျွန်တော် ဟစ်ပြီးရယ်လိုက်ချင်သည်။ လက်ခုံကို ပါးစပ်ထဲထည့်ကိုက်ထားရ၏။
”မင်္ဂလာပါ ဗိုလ်ချုပ်ကြီး။ ဟုတ်ပါတယ် … အများကြီး သက်သာသွားပါပြီ။ မနက်ဖြန်မနက် ဗိုလ်ချုပ်ကြီးတို့အိမ် လာလို့ရ မလား မေးကြည့်တာပါ … မင်္ဂလာရှိတဲ့ ကိစ္စအတွက်ပါ …
ဟုတ်ပါတယ် … ဆယ့်တစ်နာရီဆို အတော်ပါပဲ … တွေ့ကြတာပေါ့ဗျာ … ကျန်းမာပါစေ …”
ဘာဘာ ဖုန်းခွက်ချလိုက်သည်။ ကျွန်တော်တို့သားအဖ တစ်ဦးမျက်နှာ တစ်ဦးကြည့်ပြီး ကျွန်တော် တခစ်ခစ်ရယ်နေရာ ဘာဘာပါလိုက်ရယ်တော့သည်။
—————————————
ဘာဘာသည် ဆံပင်ကို ဆီလိမ်းပြီး နောက်လှန်ဖြီးသည်။ ကျွန်တော်က အကျႌကူဝတ်ပေးသည်။ လည်စည်းစည်းပေးရင်း အကျႌကော်လာကြယ်သီးနှင့် ဘာဘာ ့လည်ပင်းကြား နှစ်လက်မ
လပ်ဟာနေသည်ကို သတိပြုမိနေသည်။ ဘာဘာ ထွက်ခွာသွားလျှင် လပ်ဟာသွားတော့မည့် နေရာများအကြောင်း ခေါင်းထဲရောက်လာရာ တခြားအကြောင်းဆွဲတွေးရသည်။ ဘာဘာ
အသက်ခန္ဓာတည်နေဆဲဖြစ်သည်။ ထို့ပြင် ယနေ့သည် မင်္ဂလာရှိသောအကြောင်းများကိုသာ တွေးထိုက်သောနေ့ဖြစ်သည်။
ကျွန်တော် အထက်တန်းကျောင်း အောင်လက်မှတ်ယူစဉ်က ဝတ်သည့် အညိုရောင်ဝတ်စုံကို ဘာဘာ ဝတ်ရပြန်သည်။ ချုံးချုံးကျနေသော ဘာဘာ့အတွက် ဝတ်စုံသည် ကြီးလွန်းနေသည်။
လက်များကို လိပ်ပေးထားရသည်။ ကျွန်တော် ကုန်းပြီး ဘာဘာ့ရှူးဖိနပ်ကြိုး ချည်ပေးသည်။
အာဖဂန်အများစုနေထိုင်သော ဖရီးမောင့်လူနေရပ်ကွက်မှ တာဟီရီတို့၏ အိမ်သည် ဆောင်ထုတ်ပြတင်း၊ အမိုးစောက်တို့ပါသော တစ်ထပ်အိမ်ပုလေးတစ်လုံး ဖြစ်သည်။
ဆင်ဝင်အပိတ်တွင် ကြွေပန်းလေးများ ပန်းအိုးထဲထည့်စိုက်ထားသည်ကို တွေ့ရသည်။ အဝင်လမ်းတွင် ဗိုလ်ချုပ်ကြီး၏ အညိုရောင်ဗင်ကား ရပ်ထားသည်။
ဖို့ဒ်ကားထဲမှ ဘာဘာထွက်နိုင်အောင် ကျွန်တော်ကူပြီး ကားရှေ့ခန်းထဲ ကျွန်တော်ပြန်ထိုင်သည်။ ဘာဘာသည် ကားပြတင်းမှနေ၍ ”အိမ်ပြန် အေမား၊ တစ်နာရီအတွင်း ငါဖုန်းဆက်မယ်”
ဟုမှာသည်။
ကျွန်တော် ကားမောင်းထွက်လာသည်။ တာဟီရီတို့ အိမ်အဝင်လမ်းအတိုင်း တလှုပ်လှုပ်တက်သွားသော၊ မိဘတို့ဝတ္တရားကို နောက်ဆုံးတစ်ကြိမ် ထမ်းဆောင်တော့ မည့် ဘာဘာ့ကို
ကားနောက်ကြည့်မှန်မှတဆင့် မြင်နေခဲ့ရသည်။
အိမ်ပြန်ရောက်ပြီး အခန်းထဲ ကျွန်တော်လမ်းလျှောက်သည်။ အလျား ခြေဆယ့်ငါးလှမ်းစာ၊ အနံ ခြေဆယ်လှမ်းခွဲစာ။ ဗိုလ်ချုပ်ကြီး ငြင်းလွှတ်လေမလား။ သူ ကျွန်တော့်ကို မုန်းများနေမလား။
ကျွန်တော့်မှာ မီးဖိုချောင်ကိုလည်း ခဏခဏ ပြေးပြီး နာရီကြည့်ရသည်။
မွန်းတည့် ဆယ့်နှစ်နာရီ မထိုးခင်ကလေးတွင် ဖုန်းမြည်လာသည်။
”ဗိုလ်ချုပ်ကြီး လက်ခံလိုက်ပြီ”
ကျွန်တော် လေပူကြီးတစ်ချက် မှုတ်ထုတ်လိုက်သည်။ လက်များက ကတုန်ကယင်။
”တကယ်လား”
”တကယ်ပေါ့ကွ။ ဒါပေမယ့် စိုးရာယာက သူ့အခန်းထဲမှာ။ သူက မင်းနဲ့ စကားပြောချင်လို့တဲ့”
”အိုကေ”
ဘာဘာ့ထံမှ နှစ်ချက်နှိပ်သံ ကြားရပြီး ဘာဘာဖုန်းချသွားသည်။
”အေမား”
”ဆာလမ်”
”ကျွန်မအဖေကတော့ သဘောတူလိုက်ပြီ”
”ကျွန်တော် ပျော်လွန်းလို့ ဘာပြောရမယ်မှန်းတောင် မသိတော့ဘူး”
”ကျွန်မလည်း ပျော်ပါတယ်။ ယုံတောင် မယုံနိုင်ဘူး”
ကျွန်တော် ရယ်သည်။ ”သိပါတယ်”
”နားထောင်ဦး၊ အေမားကို ပြောစရာရှိတယ်။ စောစောစီးစီး မလွန်ခင် သိထားရအောင်”
”ဘာကြီးဖြစ်နေနေ ဂရုမစိုက်ပါဘူး”
”အေမား သိထားဖို့လိုတယ်။ အချင်းချင်း လျှို့ဝှက်ချက်တွေနဲ့ မစတင် ချင်ဘူး။ ပြီးတော့ ဒီစကားကို ကျွန်မဆီက အရင်သိတာပဲလိုချင်တယ်”
”ပြောထုတ်မှ နေသာမယ်ဆိုလည်း ပြောဗျာ။ ဒါပေမယ့် ဘာမှပြောင်းလဲ လာမှာ မဟုတ်ဘူး”
တခြားဘက်တွင် ကြာမြင့်စွာတိတ်နေပြီးမှ
”ဗာဂျီးနီးယားမှာနေတုန်းက ကျွန်မ အာဖဂန်တစ်ယောက်နဲ့ လိုက်ပြေးဖူး တယ်။ အဲဒီတုန်းက ကျွန်မအသက် ဆယ့်ရှစ်နှစ်။ တကယ့်ကို မိုက်ရူးရဲ … သူကတော့ ဆေးသမား။
ကျွန်မတို့နှစ်ယောက် တစ်လလောက် အတူနေခဲ့ကြတယ်။ ဗာဂျီးနီးယားက အာဖဂန်တွေ တစ်ယောက်မကျန် ဒီအကြောင်းကဲ့ရဲ့တယ်။ အဖေက ကျွန်မတို့ကို ရှာတွေ့သွားတော့ ကျွန်မကို
လာခေါ်တယ်လေ။ ကျွန်မက သွက်သွက် လည်နေချိန်ဆိုတော့ အဖေ့ကိုမုန်းတယ် ဘာညာကျုံးအော်ခဲ့တာ။ ဒီလိုနဲ့ ကျွန်မ အိမ်ပြန်ရောက်လာတော့ … ” ထိုနေရာတွင် စိုးရာယာငိုနေပြီ။
”ခဏကိုင်ထားဦးနော်” ဖုန်းခွက်ချပြီး နှပ်ညှစ်သံကျွန်တော်ကြားသည်။ ”ဆောရီး” စိုးရာယာအသံ အက်ရှနေ သည်။ ”ကျွန်မ အိမ်ပြန်ရောက်တော့မှ အမေလေဖြတ်ထားတာကို မြင်တယ်။
ညာဖက်ခြမ်း လေဖြတ်သွားတာ။ ကျွန်မ အပြစ်ပါပဲ။ ကျွန်မကြောင့် အမေ မခံသင့်ဘဲ ခံရတာ။ သိပ်မကြာဘူး၊ ကျွန်မတို့ ကာလီဖိုးနီးယားကို ပြောင်းလာခဲ့တယ်”
”အခုကော စိုးရာယာတို့ သားအဖ အခြေအနေ ဘယ်လိုရှိလဲ”
”အဖေနဲ့ ကျွန်မ မတူတာကတော့ ခုချိန်ထိပါပဲ။ ဒါပေမယ့် ကျွန်မကို လာခေါ်တဲ့အတွက် အဖေ့ကျေးဇူးရှိတယ်။ ကျွန်မကို ကယ်ခဲ့တာ သေချာတယ်လို့ ယုံတယ်။ ဒီတော့
အခုကျွန်မ ပြောပြတဲ့ကိစ္စကြောင့် အေမား စိတ်ကွက်သွားပြီလား”
”နည်းနည်း” ဟု ကျွန်တော်ဖြေလိုက်သည်။ ကျွန်တော် မိန်းမတစ် ယောက်ကို အိပ်ယာထဲမခေါ်ဖူးခဲ့။ စိုးရာယာကတော့ ယောက်ျားတစ်ယောက်နှင့် အတူနေခဲ့ဖူးပြီ။ ကျွန်တော့်မာန
ဆူးထိုးခံလိုက်ရသည်။ ကျွန်တော် ဘာမှမဖြစ်ဟု မညာနိုင်။ ထိုကိစ္စကို ကျွန်တော်စိတ်ကွက်ခဲ့သည်။ သို့သော် ဘာဘာ့ကို သွားမ တောင်းခိုင်းခင်ကတည်းက ရက်သတ္တပတ်ပေါင်းများစွာ
တအုံနွေးနွေး စဉ်းစားပြီးတိုင်း တစ်ခုတည်းသောမေးခွန်းက ကျွန်တော့်ဆီပြန်ရောက်လာမြဲ။ လူသားတိုင်း ဘယ်သူ့ကို မဆို အတိတ်ပြစ်မှုအတွက် ကျွန်တော်
ဘယ့်နှယ့်လုပ်များ ဝေဖန်ပြစ်တင်နိုင် ပါ့မည်နည်း။
”ဒီကိစ္စကြောင့် စိတ်ပြောင်းသွားပြီလား”
”ဟင့်အင်း။ နည်းနည်းလေးတောင် မပြောင်းပါဘူး။ စိုးရာယာ ဘာပြောပြော ဘာမှပြောင်းလဲသွားမှာ မဟုတ်ဘူး။ ကျွန်တော်တို့ လက်ထပ်ချင်ပြီ”
စိုုးရာယာ ချုံးပွဲချငိုသည်။
သူမကို ကျွန်တော် မနာလိုဖြစ်မိသည်။ သူမကတော့ လျှို့ဝှက်ချက်ကို ပြောထုတ်လိုက်နိုင်ပြီ။ ကိုင်တွယ်ဖြေရှင်းလိုက်နိုင်ပြီ။ ဟက်ဆန့်ကို ကျွန်တော်လိမ်ခဲ့ပုံ၊ သစ္စာဖောက်ခဲ့ပုံ၊ နှင်ထုတ်ခဲ့ပုံ၊
ဘာဘာနှင့် အလီတို့၏ နှစ်လေးဆယ်သံယောဇဉ်ကို ဖျက်ဆီးခဲ့ပုံ … ကျွန်တော် စိုးရာယာကို ဖွင့်ပြောမိတော့မလိုဖြစ်ပြီးမှ ပြောမထွက်ခဲ့။ စိုးရာယာတာဟီရီသည် နည်းလမ်းပေါင်းများစွာဖြင့်
ကျွန်တော့်ထက် ပိုပြီး လူပီသ နေမလား ကျွန်တော် သံသယရှိသည်။ ထိုအထဲတွင် ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ သတ္တိသည်လည်း တစ်ခုအပါအဝင် ဖြစ်၏။
…………………………………
……………………………………
_____________________________
ဆက်ပါဦးမည်..။
____________________________
မူရင်းစာအုပ်အမည်…..THE KITE RUNNER
မူရင်းစာရေးဆရာ…….KHALED HOSSEINI
______________________________
မြန်မာပြန်ဆိုသူ …… ဝင့်ပြုံးမြင့်
မြန်မာပြန် စာအုပ်အမည်……..တိမ်ယံသစ္စာ
2009 / ဇွန် ၊ ပထမ အကြီမ် ။
စာမျက်နှာ စုစုပေါင်း…350
13 x 21 စင်တီဆိုဒ်
စာအုပ်တန်ဖိုး … 3000 ကျပ်
______________________________
လေးစားစွာဖြင့်..
……………………………
6 comments
အလင်းဆက်
July 9, 2012 at 6:48 pm
ကိုကြီးမောင်ပေ..နဲ ့ရွှေကြည်..ကို မျှော်နေမိပြီ…။
ဇာတ်ရှိန်လေးက မြင့်လာပြီ..ဗျ ။
ကျွန်တော်…ဒီ အပိုင်းမှာ..အမေးချင်ဆုံးက…
အေမား…အဲင်္ဒီ မိန်းကလေးကို လက်ထပ် သင့်ရဲ ့လား…လို ့ ။
အေမားက….အတိတ်က နောင်တ…တစ်ခု ရှိတာက လွဲလို ့.ဖြူစင်ပါတယ် ။
ကောင်မလေးက……………
ဒါပေမယ့်…ဝတ္ထုက….နောက်ပိုင်းမှာ ဖြစ်သင့်တာ..ထက် ပို မဖြစ်သွားတာမို ့.ရေးသူကို .ကျေးဇူးတင်ရပါတယ် ။
ဖတ်ရှုကြသူများ..ကို လည်း..အထုူးပဲ.ကျေးဇူးတင်မိကြောင်းပါ..။
မောင်ပေ
July 9, 2012 at 8:47 pm
လက်ထပ်ရမှာပေါ့ဗျာ…
လက်ထပ်ရမှာပါ ။ ဝတ္ထုထဲက “စိုးရာယာ” ရဲ ့သူ ့ခိုးရာလိုက်ပြေးဖူးတဲ့ နောက်ကြောင်းကို ၊ သူ ့ကို လက်ထပ်မယ့် အမျိုးသားကို ပြောရတဲ့ သတ္တိကိုတော့ လေးစားသွားပြီဗျာ … ။ အေမား ရဲ ့ကောင်မလေးအပေါ် ချစ်တဲ့စိတ်ကို လဲ မြင်ရပါတယ် ။
ကဲ ဂိုးအွန် နိတ်စ် တစ်ပိုင်း..။
shwe kyi
July 10, 2012 at 10:51 am
ဘယ်လိုပြောရမယ်မှန်းတောင်မသိတော့ပါဘူး။ ရွှေကြည်မောင်ဆိုရင်တော့သဘောမတူနိုင်လောက်ဘူးထင်တယ်။ ဒါပေမယ့်လည်း စိုးရာယာရဲ့စိတ်ဓါတ်လေးကောင်းတယ်။ မိန်းကလေးတွေသတိထားသင့်တယ် ငယ်ရွယ်စဉ် စိတ်အလိုလိုက်မှုဟာဘဝအတွက်အမည်းစက်တစ်ခုဖြစ်သွားရော။ ကျန်တာတွေဘယ်လောက်ကောင်းအောင်နေနေ အဲဒီလိုအပြစ်ကလူပြောစရာဖြစ်နေရော။
အေမားကကြည်ဖြူနိုင်တယ်ဆိုရင် လက်ထပ်သင့်ပါတယ်လေ။ မေတ္တာမှန်ရင်အားလုံးကိုခွင့်လွှတ်နိုင်မှာပါ။
ဇာတ်လမ်းကတော့ တော်တော်အရှိန်ရနေပြီ။ ဆက်ပါဦးကိုအလင်းဆက်ရေ။
အလင်းဆက်
July 10, 2012 at 8:00 pm
အူးပေ..နဲ ့ ရွှေကြည်…ရေ…
နောက်တစ်ပိုင်း…ကို ဆက်လက် မျှော်လင့်ကြတဲ ့အတွက်..ကျေးကျေးပါ ။
ကဲ…ဆက်လက် ချီ တက်ကြစို ့….
အားပေး.ဖတ်ရှုကြသူများ..ကို ကျေးဇူး မမေ့ပါဘူးနော် ။
ခင်မင်လေးစားလျက်…
ကြောင်ကြီး
July 13, 2012 at 11:08 am
အေးမား
ဈေးကစား
ကြွေးမလား
မေးထား
သူဌေးသား
ဂျေးများ
ဘေးစဂါး
ဝေးသွား…။
အလင်းဆက်
July 13, 2012 at 8:26 pm
အူကြောင်တို ့က…ကာရန် နဲ့.. ဘာနဲ ့…ညာနဲ ့….
ကျွန်တော်တော့ အူးကြောင် လို ကာရန်တွေ…နဲ ့ပြန်ပြောချင်တာ ..ပြောလို ့မရတော့ဘူး။
အရှုံးပေးလိုက်ပါပြီ ခင်ညာ…
အဟိ ။