တိမ်ယံသစ္စာ အပိုင်း ( ၂ ၆ )
နောက်ဆုံးသော အသုဘရုှု ထွက်သွားပြီမို့ ဗလီထဲတွင် မိုက်ခရိုဖုန်းဖြုတ်
နေသော ဘာသာရေးဆရာမှလွဲ၍ လူသူမရှိ။ ဘာသာရေးဆရာသည် ကိုရန်ကျမ်းကို
အစိမ်းရောင်အဝတ်စဖြင့် ပတ်သည်။ နေစောင်းချိန်တွင် ဗိုလ်ချုပ်ကြီးနှင့်
ကျွန်တော် ဗလီမှထွက်၊ လှေကားထစ်များအတိုင်းဆင်း၍ ဟိုတစ်စုသည်တစ်စု
ဆေးလိပ် သောက်နေသော လူများကိုဖြတ်လာခဲ့ရာ ပြောနေကြသောစကားများ
တစ်စွန်းတစ်စ လွင့်လာသည်။ နောက်အပတ်ကစားမည့် ဘောလုံးပွဲ …
စန်တာကလာရာတွင် အသစ်ဖွင့်လိုက်သော အာဖဂန်စားသောက်ဆိုင် … ။ ဘဝသည်
ဘာဘာ့ကို ချန်ထားရစ်ကာ မနေမနား တသွားတည်းသွားလျက် ရှိနေပြီ။
…………………………………
……………………………………
___________________________
”နေကောင်းရဲ့လား” ဟု ဗိုလ်ချုပ်ကြီးမေးသည်။
တစ်နေ့လုံးခြိမ်းခြောက်နေသော မျက်ရည်များကို ကျွန်တော်အံကြိတ်ပြီး
သိမ်းဆည်းထားသည်။
”စိုးရာယာကို သွားရှာလိုက်ဦးမယ်”
ဗလီ၏ အမျိုးသမီးဘက်ဆီကို ကျွန်တော်သွားရာ လှေကားထစ်တွင် အမေနှင့်အတူ
မတ်တပ်ရပ်နေသော စိုးရာယာကိုတွေ့သည်။ မင်္ဂလာပွဲတုန်းက တွေ့ခဲ့ရသည့်
အမျိုးသမီးနှစ်ဦးသုံးဦးကိုမူ ကျွန်တော် ကောင်းကောင်းမမှတ်မိ။
စိုးရာယာသည် အမေကို တစ်ခုခုပြောပြီး ကျွန်တော့်ဆီလျှောက်လာသည်။
”လမ်းလျှောက်နိုင်မလား”
”လျှောက်မယ်” ဟုဆို၍ ကျွန်တော့်လက်ကို စိုးရာယာတွဲသည်။
ခြုံတန်းစည်းရိုးပုလေးများ နံဘေးသတ်ထားသော ကွေ့ကွေ့ကောက်ကောက်
ကျောက်ခင်းလမ်းအတိုင်း နှစ်ဦးသား တိတ်ဆိတ်စွာဆင်းလာပြီးမှ တန်းလျားတစ်ခု
ပေါ် ဝင်ထိုင်သည်။
”စိုးရာယာ”
”ပြော”
”ကိုယ်တော့ သိပ်အောက်မေ့ရတော့မှာ”
ကျွန်တော့်ပေါင်ပေါ် စိုးရာယာလက်တင်သည်။ စိုးရာယာ့လက်သူကြွယ် ပေါ်ဝယ်
ဘာဘာ့လက်ထပ်လက်စွပ်။ စိုးရာယာ နောက်ကျောဘက်တွင် ဘာဘာ့ အသုဘရှုများ
မစ်ရှင်အဝေးပြေးလမ်းအတိုင်း ကားမောင်းထွက်နေကြသည်။ မကြာခင်
ကျွန်တော်တို့လည်း သွားရတော့မည်။ ပထမဆုံးနှင့် နောင်အမြဲတမ်းအတွက်
ဘာဘာကတော့ တစ်ယောက်တည်း။
စိုးရာယာ ကျွန်တော့်ကို ဆွဲယူထွေးဖက်လိုက်တော့မှ တင်းထားသမျှ ပြိုကျလာခဲ့သည်။
——————————————————-
စိုးရာယာနှင့် ကျွန်တော်သည် စေ့စပ်ထားဆဲကာလမရှိခဲ့၍ တာဟီရီမိသားစု
အကြောင်းကို လက်ထပ်ပြီးမှ ကျွန်တော်သိရသည်။ ဗိုလ်ချုပ်ကြီးသည် တစ်လလျှင်
တစ်ကြိမ်၊ တစ်ကြိမ်လျှင်တစ်ပတ်ကြာအောင် ခေါင်းတစ်ခြမ်းကိုက်ဝေဒနာကို သေ
ကောင်ပေါင်းလဲ ခံစားရသည်။ ခေါင်းကိုက်ဝေဒနာ ထိုးနှက်သည်နှင့်
ဗိုလ်ချုပ်ကြီး သည် သူ့အခန်းထဲဝင်၊ အဝတ်အစားချွတ်၊ မီးပိတ်၊
အခန်းတံခါးသော့ခတ်ကာ ဝေဒနာလျော့ပါးမသွားမချင်း အခန်းပြင်ထွက်မလာတော့ချေ။
သူ့အခန်းထဲ မည်သူ့ ကိုမျှ အဝင်မခံ။ မည်သူ့ကိုမျှ တံခါးမခေါက်စေရ။
အချိန်တန်လျှင် မျက်လုံးများ နီရဲဖောင်းအစ်လျက် အညိုရောင်ဝတ်စုံဖြင့်
အခန်းထဲမှထွက်လာသည်။
စိုးရာယာ မှတ်မိသည့်အရွယ်မှစ၍ အဖေနှင့်အမေ အခန်းခွဲအိပ်ကြောင်း
စိုးရာယာပြောပြခဲ့သည်။ အဖေသည် သဘောထားလည်းသေးနိုင်သည်။ အမေ
လုပ်ပေးသောမုန့်ကို တစ်ကိုက်ကိုက်ပြီး သက်ပြင်းကြီးချကာ
တွန်းပစ်လိုက်သည်။ အမေ့ခမျာ ‘တခြားဟာ လုပ်ပေးမယ်နော်’ ဟုပြောရှာသော်လည်း
ဗိုလ်ချုပ်ကြီးက ဂရုမစိုက်။ မျက်နှာကြီးသုန်ကာ ပေါင်မုန့်ကို
ကြက်သွန်နှင့်စားသည်။ စိုးရာယာ ဒေါကန်သည်။ အမေက ငိုသည်။
စိုးရာယာတို့မိသားစုထဲရောက်ပြီးမှ ကျွန်တော်သိလာရသည်များက မနည်း။
ဗိုလ်ချုပ်ကြီးသည် အမေရိကန်ပြည်ထောင်စုတွင် အလုပ်မရှာဘဲ မိသားစုစ
ရိတ်အတွက် လူမှုဖူလုံရေးထောက်ပံ့ငွေကိုသာယူသည်။ အောက်ကျသိမ်ငယ်သော
အလုပ်များလုပ်၍ ဂုဏ်ပျက်ခံမည့်အစား အစိုးရထုတ်ပေးသော ချက်လက်မှတ်ကိုသာ
ယူမည်ဆိုသော အတွေးမျိုးဖြစ်၏။ လဟာပြင်ဈေးရောင်းထွက်ခြင်းကမူ အာဖဂန်
အသိုင်းအဝိုင်းနှင့် ရောနှောဆက်ဆံလိုသော ဝါသနာတစ်ရပ်သာလျှင်ဖြစ်သည်။
အာဖဂန်နစ္စတန်သည် အနှေးနှင့်အမြန်ဆိုသလို လွတ်လပ်တော့မည်၊ ဘုရင်စံနစ်
ပြန်ရောက်လာမည်။ သူ့တာဝန်များကိုလည်း ပြန်လည်ထမ်းဆောင်ရတော့မည်ဟု
ဗိုလ်ချုပ်ကြီး ခိုင်မာစွာယုံကြည်ထားသည်။ ဤသို့ဖြင့် နေ့တိုင်းနေ့တိုင်း
အညိုရောင်စစ်ဝတ်စစ်စားနှင့် အိတ်ဆောင်နာရီကိုဆင်မြန်း၍ ရောက်လာတော့မည့်
ထိုတစ်နေ့ကို စောင့်စားနေရှာသည်။
တာဟီရီကတော် – ကျွန်တော့်အခေါ် ခါလာဂျမီလာ – ဒေါ်ဒေါ်ဂျမီလာ ကမူ
တကယ့်အသံကောင်းအဆိုကောင်း။ သက်မွေးဝမ်းကျောင်းအတွက် သီချင်းမဆို သော်လည်း
ဆိုနိုင်သောအစွမ်းရှိသည်။ လက်ထပ်ပြီးကတည်းက ဗိုလ်ချုပ်ကြီးကြောင့်
လူရှေ့သူရှေ့တွင် သီချင်းဆိုခွင့်မရ။ ကျွန်တော်တို့မင်္ဂလာပွဲတုန်းက ခါလာက
တစ်ပုဒ်လောက် ဆိုချင်ပါလျက် ဗိုလ်ချုပ်ကြီး၏ စူးဝါးသောအကြည့်အောက်တွင်
လက်လျှော့လိုက်ရကြောင်း စိုးရာယာပြောပြသည်။ ခါလာဂျမီလာသည် တစ်ပတ် တစ်ခါ
ထီထိုးသည်။ ညတိုင်း ဂျွန်နီကာဆန်ကြည့်သည်။ ခြံထဲမှ နှင်းဆီ၊ ကြွေပန်း၊
အာလူးနှင့် သစ်ခွပင်များကို ဂရုစိုက်သည်။
ကျွန်တော် စိုးရာယာကို လက်ထပ်သောအခါ ပန်းများနှင့် ဂျွန်နီကာဆန်
နောက်တန်းရောက်သွားသည်။ ခါလာဂျမီလာ၏ဘဝတွင် ကျွန်တော်သည် မျက်ရှု
ကလေးဖြစ်နေသည်။ ကျွန်တော့်ကို မည်မျှချစ်ကြောင်း ခါလာက ဖုန်းကွယ်မနေ။
သူမ၏ရောဂါဘယပေါင်း သောင်းခြောက်ထောင်ကို ကျွန်တော် ဒိုင်ခံနားထောင်
ပေးခြင်းကြောင့်လည်းပါသည်။ ဗိုလ်ချုပ်ကြီးကတော့ စုံမှိတ်နားပိတ်ထားသည်။
လေဖြတ်ပြီးကတည်းက ခါလာသည် ရင်ကလေးဖိုသည်နှင့် နှလုံးရောဂါ ဖြစ်နေသည်။
အဆစ်ကလေးတစ်ခုကိုက်သည်နှင့် လေးဖက်နာဖြစ်နေသည်။ မျက်ခမ်း
ကလေးလှုပ်သည်နှင့် လေဖြတ်တော့မလို။ ခါလာဂျမီလာက သူ့ဇက်ပိုးတွင်
အလုံးရှိကြောင်းပြောသောအခါ ကျွန်တော်က မနက်ဖြန်ကျောင်းလစ်ပြီး ခါလာ့ကို
ဆရာဝန်သွားပြမည့်အကြောင်း ပြောသည်။ ထိုအခါ ဗိုလ်ချုပ်ကြီးပြုံးသည်။
”ဒါဆိုလည်း မင်းစာအုပ်တွေပါ စွန့်လိုက်တော့ကွာ”ဟု ဆိုသည်။
သို့သော် ခါလာ ကျွန်တော့်ကိုချစ်ခြင်းမှာ ဝေဒနာများ၏ ပရိသတ်ဖြစ်နေ
ခြင်းကြောင့်မဟုတ်။ ကျွန်တော် ရိုင်ဖယ်ဆွဲပြီး လူသတ်ထွက်လည်း ခါလာကတော့
ကျွန်တော့်ကို ချစ်နေဦးမည်သာ။ ခါလာ၏ အနက်ရှိုင်းဆုံးဝေဒနာကို
ဖယ်ရှားပေးသူမှာ ကျွန်တော်ပေပဲ။ အာဖဂန်မိခင်တိုင်း၏ အကြောက်တရားမှာ
သမီးကညာအခါမလင့်ခင် မိသားဖသားပီပီ တောင်းရမ်းသူရှိမလာမှာဖြစ်သည်။
ဗာဂျီးနီးယားတွင် စိုးရာယာဖြစ်ပျက်ခဲ့ပုံ အသေးစိတ်ကို စိုးရာယာထံမှ
ကျွန်တော်သိရသည်။
INS အတွက် အလုပ်လုပ်သော စိုးရာယာ၏ဦးလေး ရှာရဖ်သည် သားကို
အာဖဂန်မိန်းကလေးတစ်ဦးနှင့် ထိမ်းမြားပေးသည်။ မင်္ဂလာခန်းမမှာ လွန်ခဲ့သော
ခြောက်လက စိုးရာယာနှင့်ကျွန်တော် လက်ထပ်ခဲ့သောခန်းမပင်ဖြစ်သည်။ လက်ထပ်
လက်စွပ် လက်ခံနေသော သတို့သမီးကို လူအုပ်ထဲမှ ကျွန်တော်တို့ကြည့်နေစဉ်
သက်လတ်ပိုင်း အမျိုးသမီးနှစ်ဦး ပြောနေသည့်စကားကို ကြားခဲ့ရသည်။
”သတို့သမီးက ချစ်စရာလေး၊ ကြည့်လိုက်စမ်းပါဦး။ လမင်းကြီးလိုပဲ”
”ဟုတ်တယ်နော်။ ပြီးတော့ အပျိုစစ်စစ်၊ ရည်းစားသနာတောင် မရှိဘူး”
အိမ်အပြန်လမ်းတွင် စိုးရာယာ ပေါက်ကွဲသည်။ ဖို့ဒ်ကားကို ကျွန်တော်
လမ်းဘေးဆွဲချကာ ဖရီးမောင့်အဝေးပြေးလမ်း မီးရောင်အောက်
ကားထိုးရပ်လိုက်သည်။
”ဘာအရေးစိုက်စရာ ရှိလဲကွာ”
”တကယ် မတရားဘူး”
”မေ့ထားစမ်းပါ”
”သူတို့သားက နိုက်ကလပ်သွားပြီး အပျော်ရှာ၊ မိန်းကလေးတွေ လက်မ ထပ်ဘဲ
ကလေးရတော့ ဘယ်သူမှ မကောင်းမပြောဘူး။ ဪ … ယောက်ျားလေးပဲ၊
အပျော်အပါးတော့ ရှိမှာပေါ့တဲ့။ ကျွန်မကတော့ တစ်ခါကလေး မှားလိုက်တာနဲ့
သိက္ခာအကြောင်း ပြောပြီ”
မေးရိုးပေါ်မှ မျက်ရည်စများကို ကျွန်တော်လက်မဖြင့် သုတ်ပေးလိုက်သည်။
စိုးရာယာသည် မျက်ရည်တို့သုတ်ပြီး ”ကျွန်မ မပြောပြရသေးဘူး။ အဲဒီညကလေ …
အဖေက သေနတ်ပါယူလာတာ။ အဖေက သူ့ကိုပြောတယ်။ သေနတ်ထဲ
ကျည်နှစ်တောင့်ထည့်လာတယ်။ ကျွန်မ အိမ်ပြန်မလိုက်ရင် တစ်တောင့် က
မင်းအတွက်၊ တစ်တောင့်က ငါ့အတွက်တဲ့။ ကျွန်မက အသံကုန်အော်တယ်။ အဖေ့ကို
အစုံဆဲတယ်။ ကျွန်မကို တစ်သက်လုံး အခန်းတံခါးပိတ်ထားလို့ မရစေ ရဘူးလို့။
အဖေ့ကိုသေစေချင်တယ်” စိုးရာယာ၏ မျက်ခွံအောက် မျက်ရည်များ သီးလာပြန်သည်။
”အဖေ့ကို တကယ်သေစေချင်တာ။ ကျွန်မကို အိမ်ပြန်ခေါ်လာတော့ အမေက
ကျွန်မကိုဆီးဖက်ပြီး ပြောလည်းပြော၊ ငိုလည်းငို … ဒါပေမယ့် အမေပြောတာ
ကျွန်မ ဘာမှနားမလည်ဘူး။ စကားမပီတော့ဘူးလေ။ အဖေက ကျွန်မကို အပေါ်ထပ်
အခန်းထဲပို့ပြီး မှန်တင်ခုံရှေ့ထိုင်ခိုင်းတယ်။ ကက်ကြေးတစ်လက်ပေးပြီး
ကျွန်မ ဆံပင်တွေအကုန်ညှပ်တဲ့။ ကျွန်မလုပ်တာ ထိုင်ကြည့်နေတယ်။ အိမ်ထဲမှာ
အောင်းနေခဲ့ရတာ အကြာကြီးပဲ။ အိမ်ပြင်ထွက်တော့
အမနာပပြောကြဆိုကြတာတွေကြားတယ်။ အခု မိုင်သုံးထောင်ကျော် ဝေးတဲ့အရပ်ကို
ရောက်နေတာတောင် ကြားနေရတုန်းပဲ”
စိုးရာယာသည် ဝမ်းသာဝမ်းနည်းအသံဖြင့် ”နားဖောက်ပွဲ မတိုင်ခင်နေ့က
ဒီအကြောင်းဖုန်းထဲကနေ အေမားကို ပြောပြတော့ အေမား စိတ်ပြောင်းလိမ့်မယ်
ထင်ခဲ့တာ။ အေမားနဲ့ဆုံခဲ့ရတာ ကျွန်မ သိပ်ကံကောင်းတာပဲ။ အေမားကလေ …
ကျွန်မတွေ့ဖူးသမျှ အာဖဂန်ယောက်ျားလေးတွေနဲ့ လုံးလုံးမတူဘူး”
”ဒီအကြောင်း ဒီတင်ပဲ။ နောက်မပြောစို့နဲ့နော်”
”အိုကေ”
ဘာကြောင့်များ ကျွန်တော်က သူများနှင့်မတူ တစ်မူထူးခြားနေပါလိမ့်ဟု
ကားမောင်းရင်းတွေးလာသည်။ ကျွန်တော်က ယောက်ျားများကြားတွင် ကြီးပြင်း
လာခြင်းကြောင့် ဖြစ်နိုင်သည်။ ဘာဘာကိုယ်တိုင်က အခြားအာဖဂန်အဖေများနှင့်
မတူ၊ သမရိုးကျလမ်းစဉ်ကို မလိုက်ဘဲ ကိုယ့်ဥပဒေနှင့်ကိုယ် အတွေးအခေါ်
လွတ်လပ် နေခြင်းကြောင့်လည်းဖြစ်နိုင်သည်။
သို့ရာတွင် စိုးရာယာ၏အတိတ်ကို ကျွန်တော် ဂရုမစိုက်ခဲ့သော အဓိက
အကြောင်းရင်းမှာ ကျွန်တော်ကိုယ်တိုင်လည်း အတိတ်အရိပ်မည်းရှိနေခဲ့ခြင်း
ကြောင့်သာ။ နောင်တ၏ အလုံးစုံကို ကျွန်တော် ကောင်းကောင်းသိထားသည်။
————————————-
ဘာဘာဆုံးပြီး သိပ်မကြာခင် စိုးရာယာနှင့် ကျွန်တော်သည် ယောက္ခမ အိမ်နှင့်
တိုက်တန်းအနည်းငယ်သာခြားသော ဖရီးမောင့်ရှိ အိပ်ခန်းတစ်ခန်းပါ အခန်းဆီ
အိမ်ပြောင်းလာခဲ့သည်။ စိုးရာယာမိဘများက ကျွန်တော်တို့အား
အိမ်တက်မင်္ဂလာလက်ဆောင်အဖြစ် အညိုရောင်သားရေဖုံးကွပ်ပျစ်နှင့် မီကာဆာ
အိုးခွက်ပန်းကန်အစုံလိုက် ဝယ်ပေးသည်။ ဗိုလ်ချုပ်ကြီးက ကျွန်တော့်အား
အသစ်စက်စက် IBM လက်နှိပ်စက်တစ်လုံး အပိုထပ်ဆောင်းပေးသည်။ ဘူးထဲတွင်
ဖာစီဘာသာဖြင့် ဗိုလ်ချုပ်ကြီး ရေးထားသော စာတိုလေးတစ်ရွက်။
သားအေမား –
ဒီခလုတ်တွေကနေ ဇာတ်လမ်းတွေတစ်ပုံကြီး ရှာဖွေတွေ့ရှိမယ်လို့ မျှော်လင့်တယ်။
ဗိုလ်ချုပ်ကြီးတာဟီရီ
ဘာဘာ့ ဗောက်စ်ဝက်ဂွန်ဘတ်စ်ကားကြီးကို ကျွန်တော်ရောင်းထုတ်ပြီး
ထိုနေ့မှစ၍ ကျွန်တော် လဟာပြင်ဈေးမသွားတော့ဘဲ သောကြာနေ့တိုင်း ဘာဘာ့ကို
မြှုပ်နှံထားသော သုသာန်ဆီသွားသည်။ တစ်ခါတရံ ဘာဘာ့မြေပုံ
ခေါင်းရင်းမှတ်တိုင် တွင် လတ်လတ်ဆတ်ဆတ် ပန်းစည်းချထားသည်ကို တွေ့ရတတ်၍
စိုးရာယာ လာသွားမှန်း ကျွန်တော်သိရသည်။
ထိုနှစ်နွေတွင် ဆန်ဟိုဇေးပြည်နယ်ကျောင်း၌ ကျွန်တော် အင်္ဂလိပ်စာအဓိက ဖြင့်
ကျောင်းဝင်ခွင့်ရသည်။ စန်နီဗေးလ်မှ ပရိဘောဂဂိုဒေါင်တွင် ကျွန်တော်
လုံခြုံရေးအလုပ်ဝင်သည်။ အလွန်ပျင်းစရာကောင်းသောအလုပ်။ သို့သော် အခြား
ကောင်းကွက်ရှိနေသည်။ ညနေခြောက်နာရီ လူတိုင်းအိမ်ပြန်သွားကြချိန်တွင်
ကျွန်တော်စာအုပ်ထုတ်ပြီး လေ့လာသည်။ ကျွန်တော့် ပထမဆုံးဝတ္ထုကို ထိုပရိဘောဂ
ဂိုဒေါင်တွင် စတင်ခဲ့ခြင်းဖြစ်သည်။
နောက်တစ်နှစ်တွင် ကျွန်တော့်ဇနီးသည် ဖခင်၏အမျက်ကိုအံတုပြီး
သင်ကြားရေးလမ်းကြောင်းကိုလိုက်ဖို့ ကျွန်တော်တက်နေသော ဆန်ဟိုဇေးကျောင်း၌
စာရင်းသွင်းသည်။
တစ်ရက်တွင် ညစာစားရင်း ဗိုလ်ချုပ်ကြီးဆူသည်။
”ကိုယ့်အရည်အသွေးကို ဖြုန်းတီးပစ်တာ ဘာကြောင့်လဲ။ အထက်တန်း
ကျောင်းတုန်းက အေအဆင့်နဲ့အောင်ခဲ့ပြီး တစ်ပြားမှမရတာ အေမားသိလား။ သမီးလို
ဉာဏ်ကောင်းတဲ့မိန်းကလေးဟာ ရှေ့နေဖြစ်လာနိုင်တယ်။ နိုင်ငံရေးသိပ္ပံ ပညာရှင်
ဖြစ်လာနိုင်တယ်။ ပြီးတော့ ဘုရားသခင်အလိုတော်အရ အာဖဂန်နစ္စတန်
လွတ်လပ်သွားပြီဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ရေးတဲ့အခါ
ဝင်ကူညီနိုင်တယ်။ သမီးတို့လို ထက်ထက်မြက်မြက် အာဖဂန်လူငယ်တွေ
လိုအပ်လာတော့မှာ။ သမီးကို ဝန်ကြီးဌာနမှာတောင် ရာထူးပေးလာနိုင်တယ်”
မျက်နှာမာတောင်နေသော စိုးရာယာကို ကျွန်တော်မြင်ရသည်။
”သမီးက မိန်းကလေး မဟုတ်တော့ဘူး၊ အဖေ။ အိမ်ထောင်သည်ဖြစ်နေပြီ။ ပြီးတော့
အာဖဂန်နစ္စတန်ဟာ ဆရာမတွေလည်းလိုအပ်မှာပါ”
”ဘယ်သူမဆို စာသင်နိုင်တာပဲ”
”ထမင်းရှိသေးလား အမေ”
ဟေးဝပ်မှ မိတ်ဆွေကို သွားတွေ့ရန် ဗိုလ်ချုပ်ကြီး သူ့ဖာသာခွင့်တောင်းပြီး
ထွက်သွားမှ ခါလာဂျမီလာက သမီးကိုချော့သည်။
”သူက အကောင်းပြောတာပါ။ သမီးကို အောင်မြင်စေချင်ရုံပါပဲ”
”ဒီတော့မှ သူ့သမီးရှေ့နေမလေးအကြောင်း အပေါင်းအသင်းတွေကို ကြွား မယ်လေ။
ဗိုလ်ချုပ်ကြီးရဲ့ နောက်ထပ်ဆုတံဆိပ်ပေါ့”
”ပေါက်တတ်ကရ”
”အောင်မြင်တယ် ဟုတ်လား။ အနည်းဆုံးတော့ ကျွန်မကအဖေ့လို မဟုတ် ဘူး။
သူများတွေ ရှိုရာဝီတွေကို တိုက်နေတဲ့အချိန်မှာ အဖေတို့ကဘေးထိုင်ကြည့်။
ဖုန်ထရပ်သွားတော့မှ အစိုးရဆီက ရာထူးလေးပြန်တောင်း။ စာသင်တယ်ဆိုတာ
အသပြာမရပေမယ့် ကျွန်မ လုပ်ချင်တဲ့အလုပ်၊ ကျွန်မ မြတ်နိုးတဲ့အလုပ်။
စကားမစပ် ပြောရရင် စာသင်တာဟာ လူမှုဖူလုံရေးထောက်ပံ့ငွေ လိုက်စုတာထက်
ပိုကောင်းတယ်”
ခါလာဂျမီလာသည် လျှာကိုသာ နာနာကိုက်ထားတော့သည်။ ”သမီးအဖေ သာ
ကြားလို့ကတော့ သမီးနဲ့စကားပြောတော့မှာ မဟုတ်ဘူး” ဟုဆိုသည်။
စိုးရာယာသည် ပန်းကန်ပြားထဲ လက်သုတ်ပုဝါပစ်ချရင်း ”မပူပါနဲ့။ အဖေ့ရဲ့
တန်ကြေးကြီးအတ္တထိခိုက်သွားအောင် ကျွန်မ မလုပ်ပါဘူး” ဟု ပက်ခနဲ
ပြန်ပြောလေသည်။
—————————————–
၁၉၈၈ခု၊ နွေကာလ၊ အာဖဂန်နစ္စတန်မှ ဆိုဗီယက်တပ်များ မဆုတ်ခွာမီ
ခြောက်လအလိုတွင် ကျွန်တော့်ပထမဆုံးဝတ္ထု ရေးပြီးသွားခဲ့သည်။ ကဘူးကို
အခြေပြုထားသော သားအဖဇာတ်။ အေဂျင်စီပေါင်းဒါဇင်ချီ၍ ကျွန်တော် စုံစမ်း
မေးမြန်းကြည့်ရာ ဩဂုတ်လတစ်ရက်တွင် အိမ်စာတိုက်ဘုံးထဲ
နယူးယော့ခ်အေဂျင်စီမှ ကျွန်တော့်စာမူအပြည့်အစုံကို တောင်းခံထားသော
စာတစ်စောင်ရောက်နေ၍ ကျွန်တော် အံ့အားသင့်သွားခဲ့ရသည်။ နောက်တစ်နေ့တွင်
စာမူကို စာတိုက်မှပို့သည်။ အသေအချာ ထုပ်ပိုးထားသော စာမူကို ခါလာဂျမီလာက
ကိုရန်ကျမ်းအောက်မှ ဖြတ်ပြီးယူသွားခိုုင်းသည်။ ကျွန်တော့်ဝတ္ထုကိုလက်ခံပါက
ကျွန်တော့်အတွက် သိုးတစ် ကောင်သတ်ပြီး မရှိဆင်းရဲသားများအား
အသားဝေမည့်အကြောင်းပြောသည်။
”နေပါစေ ခါလာ။ လိုအပ်တဲ့လူကို ငွေပဲပေးပါ။ ဟုတ်ပြီနော်။ ဘာသိုးမှ မသတ်ပါနဲ့”
ခြောက်ပတ်အကြာတွင် နယူးယော့ခ်မှ မာတင်ဂရင်းဝေါ့တ် ဟုအမည် ရသော လူတစ်ဦး
ဖုန်းခေါ်လာသည်။ ထိုအကြောင်း ကျွန်တော် စိုးရာယာတစ်ဦးတည်း ကိုသာ
ပြောပြသည်။ ”အေးဂျင့်တစ်ယောက်ရတာနဲ့ စာအုပ်ထုတ်ဝေနိုင်မယ်လို့
ဆိုလိုတာမဟုတ်ဘူး။ မာတင်က ဝတ္ထုကိုရောင်းပြီဆိုမှ
ကိုယ်တို့အောင်ပွဲခံမယ်နော်”
တစ်လအကြာတွင် ကျွန်တော့်စာအုပ်ကို ထုတ်ဝေမည့်အကြောင်း မာတင်
ဖုန်းဆက်သည်။ စိုးရာယာကို ကျွန်တော်ပြောပြလိုက်တော့ စိုးရာယာထအော်သည်။
ထိုညက စိုးရာယာမိဘတွေနှင့်အတူ အောင်ပွဲခံညစာစားကြသည်။ ခါလာဂျမီလာက
ထမင်းဖြူနှင့် အသားလုံးချက်ပေးသည်။ မျက်လုံးထဲ မျက်ရည်လည်နေသော
ဗိုလ်ချုပ် ကြီးသည် ကျွန်တော့်အတွက် သူဂုဏ်ယူကြောင်းပြောပြသည်။
မိဘတွေထွက်ခွာ သွားမှ စိုးရာယာနှင့်ကျွန်တော် အရက်သောက်သည်။
အမျိုးသမီးများ အရက်သောက် ခြင်းကို ဗိုလ်ချုပ်ကြီးသဘောမကျချေ။
ထို့ကြောင့် စိုးရာယာကလည်း အဖေ့ရှေ့ဆိုလျှင် မသောက်။
”အေမားအတွက် သိပ်ဂုဏ်ယူတာပဲ။ ကာကာသာရှိရင် ဂုဏ်ယူမှာ” ဟု စိုးရာယာက
ခွက်ချင်းတိုက်ပြီးပြောသည်။
ဘာဘာ့ကိုလွမ်းဆွတ်ရသည်။ ဘာဘာ ကျွန်တော့်ကို မြင်တွေ့စေချင်သည်။
ထိုညက ညဉ့်နက်မှ ကျွန်တော် လေသာခန်းထွက်ပြီး နွေည၏ချမ်းမြသော လေကို
ရှူသွင်းသည်။ ဝိုင်တန်ခိုးကြောင့် စိုးရာယာအိပ်ပြီ။ ကျွန်တော့် ပထမဆုံး
ပုံပြင်လေးကိုဖတ်ရှုပြီး စာတိုလေးဖြင့် တိုက်တွန်းအားပေးခဲ့သူ ရာဟင်ခန်ကို
ကျွန်တော် အောက်မေ့လာသည်။ တဆက်တည်း ဟက်ဆန်ကိုပါသတိရသည်။ တနေ့ကျရင်
အစ်ကိုအေမားတော့ စာရေးဆရာကြီးဖြစ်လာမှာ၊ ကမ္ဘာပေါ်က လူတွေအားလုံး
မင်းရဲ့ဝတ္ထုကို ဖတ်ကြမှာ။ ကျွန်တော်သည် ဘဝတွင် ကံကောင်းခြင်းများစွာ၊
ပျော်ရွှင်ခြင်းများစွာ ရရှိခဲ့သူ။ ထိုအရာများ ကျွန်တော်နှင့်
ထိုက်တန်ပါရဲ့လား အံ့ဩစရာ။
၁၉၈၉ နွေရာသီတွင် ဝတ္ထုကိုထုတ်ဝေနိုင်ခဲ့ပြီး ထုတ်ဝေသူက ကျွန်တော့် အား
ငါးနိုင်ငံစာအုပ်ခရီးစဉ်လွှတ်သည်။ ကျွန်တော်သည် အာဖဂန်အသိုင်းအဝိုင်း တွင်
နာမည်နည်းနည်းရလာသည်။ ရှိုရာဝီတို့ အာဖဂန်နစ္စတန်မှ ဆုတ်ခွာသွား
သောနှစ်ထဲမှာပင်ဖြစ်၏။ အာဖဂန်တို့အောင်ပွဲခံချိန် ဖြစ်သင့်ပါလျှက်
ဖြစ်မလာဘဲ စစ်သည် ခြိမ်းခြောက်လာသည်။ သည်တစ်ကြိမ် မူဂျာဟစ်ဒင်များနှင့်
ဆိုဗီယက် ကျောထောက်နောက်ခံ နာဂျီဘူလာရုပ်သေးအစိုးရတို့ဖြစ်၏။
အာဖဂန်ဒုက္ခသည်များ ပါကစ္စတန်တွင်ပြုံခဲနေတော့သည်။ ထိုနှစ်သည် စစ်အေးကာလ
အဆုံးသတ်သွားသော နှစ်။ ဘာလင်တံတိုင်းဖြိုသောနှစ်။
ရင်ပြင်နီအရေးအခင်းနှစ်။ ထိုအရာတို့အလယ်တွင် အာဖဂန်နစ္စတန်သည်
အမေ့လျော့ခံလိုက်ရသည်။
ဆိုဗီယက်တို့ ဆုတ်ခွာသောအခါ ကျွန်တော့်ယောက္ခမ ဗိုလ်ချုပ်ကြီး တာဟီရီသည်
မျှော်လင့်ချက်တို့ နိုးထလာပြန်ကာ အိတ်ဆောင်နာရီကြိုးကိုသာ တသသလုပ်နေသည်။
ထိုနှစ်သည် စိုးရာယာနှင့်ကျွန်တော် သားသမီးရအောင် ကြိုးပမ်းခဲ့သောနှစ်ဟု
ဆိုလည်းမမှား။
——————————————
ဖခင်ဘဝဟူသော စိတ်ကူးစိတ်သန်းက ကျွန်တော့်စိတ်ထဲ လွှမ်းမိုးလျက် ရှိရာ
တစ်ချိန်တည်းမှာ ကြောက်စရာလည်းကောင်း တက်ကြွစရာလည်းကောင်းနေ သော
စိတ်ခံစားချက်မျိုးဖြစ်၏။ ကျွန်တော် ဘယ်လိုအဖေမျိုးလုပ်ရပါ့။ ဘာဘာ့လို
အဖေမျိုးလည်း ဖြစ်ချင်သည်။ ဘာဘာနှင့် လုံးဝဥဿုံခြားနားသော အဖေမျိုးလည်း
ဖြစ်ချင်သည်။
သို့သော် တစ်နှစ်တာကုန်လွန်သွားသည်။ ထူးခြားလက္ခဏာမပြ။ ဓမ္မတာ ကာလများသည်
စိုးရာယာအတွက် စိတ်ဓာတ်ကျစရာ၊ စိတ်မရှည်နိုင်စရာ၊ ဒေါသ ထွက်စရာဖြစ်နေသည်။
ခါလာဂျမီလာ၏ သွေးတိုးစမ်းစကားများကလည်း ပို၍ဗြောင် ကျလာသည်။
”မြေးလေးအတွက် ဘယ်တော့များမှ သီချင်းဆိုရပါ့မလဲနော်”
ထာဝရပက်ရှ်ထန် ဗိုလ်ချုပ်ကြီးကမူ ဘာဆိုဘာမျှ ရိပ်ဖမ်းသံဖမ်းမလုပ်။
သို့သော် ခါလာဂျမီလာက ကျွန်တော်တို့ကိုစလျှင်
ဗိုလ်ချုပ်ကြီး၏မျက်လုံးများ အသက်ဝင်လာသည်။
တစ်ညတော့ စိုးရာယာကို ကျွန်တော်ပြောသည်။
”တစ်ခါတလေတော့ နည်းနည်းကြာမှာပေါ့ကွာ”
”တစ်နှစ်ဆိုတာ နည်းသလား။ တစ်ခုခုမှားနေပြီ။ ကျွန်မသိတယ်”
ပြတ်တောင်းသောအသံသည် စိုးရာယာမှ ဟုတ်ပါလေစ။
”ဒါဆိုလည်း ဆရာဝန်ပြမယ်”
———————————————————
ဒေါက်တာရိုစန်၏ ဝမ်းဗိုက်သည် အိုးစရည်းပမာ လုံးဝန်းလျက်ရှိသည်။
မျက်နှာအစ်အစ်ထဲမှ သွားသေးသေးလေးများကား စကားပြောလျှင် အရှေ့ဥရောပအသံ
ဝဲနေသည်။ ဒေါက်တာရိုစန်သည် မီးရထားကိုရူးသွပ်သူ။
မီးရထားလမ်းသမိုင်းကြောင်း စာအုပ်များ၊ မီးရထားပုံစံငယ်များ၊
မီးရထားပန်းချီကားများ သူ့ရုံးခန်းထဲ ပွထနေသည်။ စာရေးခုံအထက်ရှိ
ဆိုင်းဘုတ်ပေါ်တွင်
”ဘဝဟူသည် ရထားတစ်စင်း။ တက်ကြလော့”
ကျွန်တော်တို့အတွက် ဒေါက်တာရိုစန် အစီအစဉ်ဆွဲပေးသည်။ ကျွန်တော့် ကို
ပထမစမ်းသပ်မည်။ ”ယောက်ျားတွေကလွယ်တယ်။ ယောက်ျားတွေရဲ့ ပိုက် ဆက်ဟာ
သူ့စိတ်လိုပဲ။ ရိုးရှင်းတယ်။ အံ့ဩစရာ မရှိဘူး။ အမျိုးသမီးတွေကတော့ဗျာ
… အင်း … ဘုရားက အမျိုးသမီး ဖန်ဆင်းတဲ့နေရာမှာ
အများကြီးစဉ်းစားခဲ့ပုံပဲ”
ဒေါက်တာသည် သူစမ်းသပ်ခဲ့သမျှ စုံတွဲများအား ပိုက်ဆက်ဟူသော အခေါ်အဝေါ်
သုံးခဲ့လေသလား။
”ကျွန်မတို့ ကံကောင်းတာပေါ့” ဟု စိုးရာယာဖြေသည်။
ဒေါက်တာရယ်သည်။ ကျွန်တော့်အား ဓာတ်ခွဲခန်းစာရွက်နှင့် ပလတ်စတစ်
မတ်ခွက်ပေးသည်။ စိုးရာယာအား ဓမ္မတာစမ်းသပ်ရန် လျှောက်လွှာစာရွက် လက်
ကမ်းသည်။ ကျွန်တော်တို့ လက်ဆွဲနှုတ်ဆက်ကြသည်။ ”ရထားပေါ်ကနေ ကြိုဆို
ပါတယ်ဗျာ” ဟုဒေါက်တာက ကျွန်တော်တို့အား တံခါးဝလိုက်ပို့ရင်း ပြောသည်။
——————————————–
ကျွန်တော် ရာနှုန်းပြည့်အောင်မှတ်ရသည်။
စိုးရာယာကိုမူ ပြတ်ပြတ်သားသား မခွဲခြားနိုင်။ ခန္ဓာအပူချိန်၊ ဆီး၊ သွေး၊
ဟိုမုန်း၊ သားအိမ်ခေါင်းအချွဲအကျိ စသောစမ်းသပ်မှုများအပြင် အာထရာ
ဆောင်းရိုက်သည်။ သွေးစစ်ရပြန်သည်။ ဆီးစစ်ရပြန်သည်။ ဒေါက်တာရိုစန်သည်
စိုးရာယာ၏သားအိမ်ထဲ မှန်ပြောင်းထည့်၍စစ်ဆေးသည်။ ဘာမှမတွေ့။ ရာဘာ
လက်အိတ်ဆွဲချွတ်ပြီး ”ပိုက်ဆက်ကတော့ ရှင်းနေတာပဲ” ဟုကြေငြာသည်။
ဒေါက်တာ့ အား ဤအခေါ်အဝေါ်ကို ရပ်စေချင်ပြီ။ ကျွန်တော်တို့သည်
ရေချိုးခန်းမဟုတ်။
စမ်းသပ်မှုများပြီးသောအခါ ကျွန်တော်တို့စုံတွဲ အဘယ်ကြောင့် သားသမီး
မရသည်ကို သူရှင်းမပြတတ်ကြောင်း ဖြေလေသည်။ ကြည့်ရသည်မှာ သိပ်ပြီးပုံမမှန်
ဖြစ်ခြင်းမျိုးတော့မဟုတ်။ ဤပြဿနာကို ‘ဖြေရှင်းပြ၍မရသော သန္ဓေမအောင်ခြင်း’
ဟုခေါ်ဆိုသည်။ ………………………………… ……………………………………
…………………………………………………….
_____________________________
ဆက်ပါဦးမည်..။
____________________________
မူရင်းစာအုပ်အမည်…..THE KITE RUNNER
မူရင်းစာရေးဆရာ…….KHALED HOSSEINI
______________________________
မြန်မာပြန်ဆိုသူ …… ဝင့်ပြုံးမြင့်
မြန်မာပြန် စာအုပ်အမည်……..တိမ်ယံသစ္စာ
2009 / ဇွန် ၊ ပထမ အကြီမ် ။
စာမျက်နှာ စုစုပေါင်း…350
13 x 21 စင်တီဆိုဒ်
စာအုပ်တန်ဖိုး … 3000 ကျပ်
______________________________
လေးစားစွာဖြင့်..
……………………………
9 comments
shwe kyi
July 12, 2012 at 12:15 pm
အေမားကို ဟက်ဆန်နဲ့ပြန်တွေ့စေချင်တယ်။ အေမားစာအုပ်ထုတ်ရတာသိရင်ဝမ်းသာရှာမှာ။
အလင်းဆက်
July 12, 2012 at 12:23 pm
ဟုတ်ကဲ ့ ။ မေားနဲ ့ ဟက်ဆန် ရဲ ့နောက်ဆက်တွဲ..ပြဿနာတွေ မကြာခင် လာမှာပါ ။
နောက်ပိုင်းမှာ..သူတို ့ဘဝ ပြောင်းလဲ.သွားပုံတွေက ရင်နာစရာ လည်းကောင်းတယ်..ဗျ ။ ပြီးတော့..
ကျွန်တော်…ရှေ ့မှာပြောခဲ့သလိုပဲ…. ဝတ္ထု တစ်ပုဒ် မှာ ပါ မယ် လို ့ ထင်မထားတဲ ့အရာတွေ….တွေ ့ရမယ် ။
ပြီးတော့…ဒီ စာအုပ်မှာက.. ဖြစ်သင့်တာ ထက် …ဘာမှ ပို ဖြစ်မသွားဘူး….ဆိုတဲ ့စကားလေးလည်း…ကျွန်တော်.သုံးခဲ့ဖူးပါတယ် ။
ပြီးတော့ ..
စာအုပ်ထဲ..ကို နစ်နစ် ဝင်ဝင်..ရောက်လာလေလေ… ဘာသာပြန်သူ ရဲ ့ ဘာသာပြန်ပုံကို ချိီးကျူးမိလေ..ပါပဲ.။
ရွှေကြည်..ရေ. အဆက် မပြတ် ဖတ်ရှု လာတဲ ့အတွက် ကျေးဇူးပါ ။
စာချစ်သုူများ ကို ခင်မင်လေးစားလျက်
မောင်ပေ
July 12, 2012 at 12:35 pm
ဒီနေရာမှာတော့ ၊ ကျုပ်တို ့ဂေဇက်မှာ မေဖလားဝါးရေးနေတဲ့ လူခြောက်ဇါတ်လမ်း ပို ့စ်
(http://myanmargazette.net/137230/creative-writing)
လဲ ဖတ်ပြီးချိန် ဖြစ်နေတော့ ၊ စိုးရာယာ သာ လူခြောက်ကလေးမွေးခဲ့ရင် ဇါတ်က တော်တော်ရှုပ်သွားမှာပါကလား လို ့တွေးရီမိတယ်ဗျား ။
shwe kyi
July 12, 2012 at 1:30 pm
အူးပေကလေ ကြံကြံဖန်ဖန်ကိုတွေးတတ်ပါ့။
Khaing Khaing
July 12, 2012 at 2:05 pm
ဒီမနက်အန်တီပြုံးပို့စ်ကိုဖတ်အပြီး အရီးလတ်ပြောတာကို အခုဒီပို့စ်လေးထဲ ဝင်ကြည့်ပီးမှ အန်တီပြုံးကဘာသာပြန်ပြီး ကိုအလင်းဆက်ကတင်ပြပေးထားတာကို ….. အခုမှ အားလုံးဆက်စပ်မိပြီး ဇာတ်ရည်လည်တော့တယ် …..
manawphyulay
July 12, 2012 at 2:38 pm
ဒါမှ ပြည့်စုံမှာ အလင်းဆက်ရဲ့
စာအုပ်အမည် – တိမ်ယံသစ္စာ
စာရေးသူ – ဝင့်ပြုံးမြင့်(မြန်မာပြန်)
မူရင်းစာအုပ်အမည် – The Kite Runner by Khaled Hosseini
အကြောင်းအရာ – စာအုပ်ဖတ်ရသောအခါ အပိုင်းနှစ်ပိုင်း ခွဲခြားထားတာကို တွေ့ရှိရပါတယ်။ ရဲတိုက်ကြီးဝတ္ထု ဂျာမန်ဘာသာဖြင့် ပထမအကြိမ်ပုံနှိပ်ထားပြီးနောက် ဂျာမန်ဘာသာမှ အင်္ဂလိပ်ဘာသာသို့ ဝီလာနှင့် အက်ဒွင်မြူယာတို့ ပြန်ဆိုသည်။ ယခုဆက်လက်ဖော်ပြထားသည်မှာ ပထမအကြိမ် ပုံနှိပ်ပြီးနောက် ကပ်ဖကာ၏ စာရွတ်စာတမ်းများထဲတွင် တွေ့ရှိရသော မူကွဲများ၊ အပိုင်းအစများ၊ စာရေးသူက ချန်ထားခဲ့သော စာပိုဒ်များကို အယ်ဒီတာ မက်ဗရော့က တည်းဖြတ်ထည့်သွင်း ဖော်ပြထားခြင်း ဖြစ်သည်။ အင်္ဂလိပ်ဘာသာသို့ အိုက်သင်ဝီလကင်နှင့် အားနက်ကိုင်ဆာတို့က ပြန်ဆိုသည်။
ထုတ်ဝေသည့်တိုက် – ပုဂံစာအုပ်တိုက်။
ထုတ်ဝေသည့်နှစ် – ပထမအကြိမ်၊ ၂၀၀၉၊ မတ်။
အလင်းဆက်
July 13, 2012 at 8:20 pm
အူးပေ ကတော့ ရှာရှာဖွေဖွေ..တွေ ့မိတယ် .။ လူခြောက် သာ..မွေးလာရင်..ဟုတ်တယ်.ေ.နာ် ။
ဇာတ်က တော်တော် နာ သွားမှာ…။ အဟိ ။
ခိုင်ခိုင်..ရေ… အားပေးလ ို ့ကျေးဇူးပါပဲ.ဗျ ။
မနောရေ… အကြံပေး ဖြည့်စွက်ပေးလို ့ကျေးဇူးပါပဲဗျာ..။
ကျွန်တော်က မနောလောက်…ဝါရင့် သဘာရင့်မဟုတ်လို ့…
ပြည့်စုံအောင် မရေးတတ်ပါဘူး။ ရေးတတ်သလောက်…
သိ သလောက်လေး နဲ ့…တင်ပြ နေတာပါနော် ။
လူ ဆိုတာ သိထားတာ ထက် ပိုပြောရင်… ကိုယ် ့ ထက် သိတဲ ့သူနဲ ့တွေ ့တဲ ့အခါ..ဘာနဲ ့မှ မတူအောင်ရှက်စရာကောင်းတယ်..တဲ ့။ ကျွန်တော့်.ကျေးဇူးရှင်..ဆရာဇော်ဇော်အောင်…ပြောတဲ့စကားလေးပါ ။
အခု လည်း..ကျွန်တော့် ထက် တတ်သိတဲ့ မနောက အကြံပေးလာပါပြီ။
( တော်သေးတယ်..ကျွန်တော်က ကျွန်တော် သိထားသလောက် ထက် ဘာမှ ပို မရေးထား/ မပြောထားလို ့.။ သိတာထက် များ ပိုရေးထားမိရင် ကျွန်တော် အရှက်ကွဲမှာ..)
ကျွန်တော် သိသလောက် အချက်အလက်များကိုသာ.. တင်ပြထားပါကြောင်…..
ကျွန်တော့် ထက် တတ် / သိ သူများ…. အကြံကောင်းများ.ပေးကြစေလိုပါကြောင်း..
စာချစ်သူများ..အားလုံးကို ခင်မင်လေးစားလျက်
amatmin
July 13, 2012 at 8:32 pm
ကိုအလင်းဆက်ရေ..
သိသမျှလောက်ကို စေတနာပါသော
တင်ပြပေးမှုတိုင်းကို
မလွတ်တမ်းအားပေးနေပါကြောင်း..
အခန်းဆက်ပို့စ်တိုင်း မမန့်ဖြစ်ပေမဲ့
မပြတ်တမ်း အားပေးနေပါ၏.။
အလင်းဆက်
July 13, 2012 at 9:01 pm
အမတ်မင်းကြီး..ရေ…
မလွတ်တမ်းအားဖေး ဖတ်ရှု.နေတယ်..ဆိုတာ သိရတော့ တင်ပေးရကျိုး နပ် ပါတယ်ဗျာ ။
ဆက်လက် ဖတ်ရှု..ခံစား ပေးပါဦး..ဗျာ..။
ခင်မင်လေးစားစွာ…