အင်တာနက်သုံးခြင်း ခေတ္တရပ်စေလို
၁၉၄ရခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ အချိန်ကာလဖြစ်ပါသည်။
မကြာမီအတွင်းမှာပင် အစိုးရအဖွဲ့ အစည်းအဝေးကျင်းပမည်ဖြစ်ကြောင်း အတည်ပြုသည့် တယ်လီဖုန်းသတင်းနှင့် သခင်နု လွှတ်တော်ရုံးတွင် မရှိဟူသော တယ်လီဖုန်းသတင်းကို ဦးစောရရှိသည်။ ခင်မောင်ရင်ထံမှ ဝန်ကြီးအဖွဲ့အစည်းအဝေးလုပ်ဖြစ်ကြောင်း တယ်လီဖုန်းရပြီးလျှင်ရပြီးခြင်း ဦးစောက “ကဲသွားကြမယ်၊ ထကြ၊ ပြင်ကြ´´ ဟုပြောသည်။ အချိန်က ၁ဝ နာရီခန့်။ မိုးအနည်းငယ်ရွာနေသည်။ ကားပေါ်တက်ရန် လှေကားမှအဆင်း ကင်းဗက်ဖိနပ်စီးထားသည့် ယာဉ်မောင်း သုခ ချော်လဲသွားသည်။ “ ဘယ်နှယ့်နေလဲ၊ ဘယ်နှယ့်နေလဲ´´ဟု ဦးစောကမေးသည်။ လဲရာမှထပြီး သုခက “ကိစ္စမရှိပါဘူး´´ဟုပြောကာ ဂျစ်ကားပေါ်တက်သည်၊
နံနက် ၁ဝ နာရီခွဲတွင်လူသတ်သမားများ၏ဂျစ်ကားသည် အတွင်းဝန်ရုံး ( ဝန်ကြီးများရုံး) အတွင်းသို့ရောက်ရှိလာသည်၊ ရုံးပေါ်သို့ မောင်စိုး၊ သက်နှင်း၊ စိန်ကြီးနှင့် ရန်ကြီးအောင်တို့ တက်သွားသည်၊ ထိုစဉ် ဗိုလ်ချုပ်အောင်ဆန်း၏ ရုံးခန်းတွင် ဗိုလ်ချုပ်က သဘာပတိအဖြစ် ဆောင်ရွက်သည့် ဝန်ကြီးအဖွဲ့ အစည်းအဝေးပြုလုပ်လျှက်ရှိသည်။ လူသတ်သမားများသည် အမှတ်(၁၂)အင်္ဂလိပ်တပ်မတော် ယူနီဖောင်းများ ဝတ်ဆင်ထားသော်လည်း သူတို့သည် စစ်ဖိနပ်မစီးကြဘဲ ကင်းဘတ်ဖိနပ်အညိုများ စီးထားသည်၊ မောင်စိုးနှင့် သက်နှင်းက ဦးဆောင်၍ ဗိုလ်ချုပ်အခန်းအတွင်းသို့ဝင်မည်ပြုလုပ်သောအခါ ဗိုလ်ချုပ်၏ရုံးအကူကလေးက အစည်းအဝေး လုပ်နေသည်ဟုပြောပြီးတားသည်၊ ကောင်ကလေးကို အတင်းတွန်းပြီး မောင်စိုးက ဦးဆောင်ဝင်သွားသောအခါ ဗိုလ်ချုပ်အောင်ဆန်းက “ဟေ့-ဟေ့´´ ဟု တစ်စုံတရာပြောမည်ပြုစဉ်မှာပင် မောင်စိုးကဦးဆောင်ပြီးပစ်သည်၊ “ပစ်-ပစ်´´ဟုလည်းပါးစပ်မှအော်သည်၊ ရန်ကြီးအောင်ကို ပစ်ခိုင်းခြင်းဖြစ်သည်၊ ရန်ကြီးအောင်က စတင်းဂန်းဖြင့်ပစ်သည်ဟုထင်သည်၊ ငုံ၍ဝပ်၍ပုန်းနေသူများကို ဒူးထောက်ပြီးပစ်ခတ်သည်၊ ဗိုလ်ချုပ်ထိုင်သည့်ကုလားထိုင်နောက်မှီအမြင့်၏ထိပ်မှ ကနေသော ဒေါင်းရုပ်ကလေးကိုလည်း ထိမှန်သွားသည်၊ ဗိုလ်ချုပ်တို့ကို ပစ်ခက်ပြီးထွက်လာသော လူသတ်သမားများအနက်မှ တစ်ဦးက ပစ်ခက်သံကြား၍ရောက်လာသော ဝန်ကြီးဆရာကြီးဦးရာဇာတ်၏ သက်တော်စောင့် ကိုထွေးကို ပစ်ခက်သွားခဲ့သည်၊ သူတို့သည် လှေခါးမကြီးအတိုင်း ခပ်သုတ်သုတ်အပြေးကလေး ပြန်ဆင်းလာကြသည်၊ လုပ်ကြံသတ်ဖြတ်ရန် အတွင်းဝန်ရုံး(ဝန်ကြီးမှားရုံး)ပေါ်တက်ခါနီးတွင် စိန်ကြီးက ကားမောင်းသူ သုခအား “ကားစက်မရပ်နဲ့´´ဟုမှာခဲ့သော်လည်း ဗိုလ်ချုပ်အောင်ဆန်းတို့ကိုပစ်ခက်နေစဉ်မှာပင် ကားကဗြုန်းစားကြီး စက်ရပ်သွားလို့ အားလုံးကားပေါ်ပြန်ရောက်ပြီး စိန်ကြီးက အတင်းနှိုးတော့မှရသည်၊ ကားကစိန်ကြီးမောင်းနေကျကား၊ သုခက ကားမောင်းလာသည်၊ ပစ်ခက်သူများ စိတ်လှုပ်ရှားနေကြသည်၊ မြန်မြန်မောင်းဖို့သာ အခါခါပြောကြသည်၊ နောက်ပိုင်း ဗဟန်းရောက်သောအခါ စိန်ကြီးက သုခကိုဖယ်ခိုင်းပြီး အမြန်ဆုံးမောင်းသည်၊ ဦးစောနေအိမ်ခြံဝင်းဝသို့ ဂျစ်ကားရောက်လာသောအခါ ခါတိုင်းကဲ့သို့ စောင့်မနေရဘဲ အသင့်စောင့်နေသူက ခြံတံခါးကို ဖွင့်ပေးသည်၊ ကားအိမ်ရှေ့ရောက်သည့်အခါတွင် ဦးစောမရှိ၊ အတော်လေးကြာမှ ကန်စောင်းမှတက်လာသည်၊ ထိုအခါ မောင်စိုးနှင့် သက်နှင်းတို့က လက်သီးဆုပ်မြှောက်ကာ “အောင်ပြီ၊အောင်ပြီ´´ ဟု လှမ်းအော်ကြွေးကြော်နှုတ်ဆက်သည်၊ ဦးစောမှာ မျက်နှာမကောင်း၊ ရောက်လာမည့်အန္တရာယ်ကို ကြိုတင်တွက်ဆထားမိဟန်တူသည်၊သို့ရာတွင် သူကလည်း “အောင်ပြီ၊အောင်ပြီ´´ ဟုပြန်လှန်ကြွေးကြော်သည်၊ အိမ်ထဲရောက်၍ထိုင်မိသောအခါ ပစ်ခတ်သူများက “ဘယ်လိုပစ်လိုက်တာပဲ၊ဘယ်လိုဖြစ်သွားတာပဲ´´စသည်ဖြင့် အလုအယက်ပြောကြသည်မှာ ဆူညံနေသည်၊ ထိုနောက် ဦးစောက အရက်တိုက်သည်၊ “ထမင်းစားကြ၊အပန်းဖြေကြ´´ဟု ဦးစောကပြောသည်။
ယင်းလုပ်ကြံမှုသည် နံနက် ၁ဝ နာရီ ၃ရ မိနစ်တွင် ဖြစ်ပွားခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း၊ ဆရာသခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဦးဘဝင်း(ဗိုလ်ချုပ်အကို)၊ မိုင်းပွန်စော်ဘွားစပ်စံထွန်း၊ ဦးရာဇာတ်၊ မန်းဘခိုင်၊ အတွင်းဝန်ဦးအုန်းမောင်(အိုင်စီအက်စ်)နှင့်သက်တော်စောင့် ကိုထွေးတို့ ကျဆုံးသွားခဲ့ရသည်၊ ဦးဘဂျမ်း၊ပျော်ဘွယ်ဦးမြ၊ ဦးအောင်ဇံဝေနှင့် အတွင်းဝန် ဦးရွှေဘော်တို့ ကံကောင်းထောက်မစွာ လွတ်မြောက်ခဲ့ပါသည်။
အင်းစိန်ထောင်တွင် နိုင်ငံတော်လုပ်ကြံမှု့ အထူးခုံရုံးဖြင့်စီစစ်ပြီး ဦးစောနှင့် အပေါင်းအပါများကို သေဒဏ်စီရင်ချက်ချမှတ်ခဲ့သော်လည်း ကျဆုံးသွားရရှာသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများကို အစားပြန်မရနိုင်တော့ပါ။ ( ကျွန်တော်ဖတ်ဖူးတဲ့ တိုလီမိုလီစာပေစုထဲက ကိုသန်း(ကြည့်မြင်တိုင်)၏ ကိုယ်တွေ့သိခဲ့ရသမျှ နိုင်ငံတော်လုပ်ကြွမှုကြီးစာအုပ်မှ ကောက်နုတ်တင်ပြပါသည်။)
ထိုကြောင့် မနက်ဖြန် ဇူလိုင်လ ၁၉ ရက်နေ့မနက်ပိုင်း အင်တာနက်အသုံးပြုသူများ မနက် ၁ဝ နာရီ ၃ရ မိနစ်မှ (၂)မိနစ်ခန့် အင်တာနက်သုံးခြင်း ခေတ္တရပ်လို့ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုပေးပါ ဒို့မြန်မာ။
ဖတ်ရှု့အားပေးသူအပေါင်း ကျေးဇူးပါ။
26 comments
snow white
July 18, 2012 at 12:55 pm
`ဟုတ်ကဲ့ပါ မနက်ဖြန် ၁ဝး၃ရ မိနစ်မှာ အင်တာနက်သုံးခြင်း၂မိနစ် ခန့်နားပါ့မယ်။။
ဘုဂလန့်
July 18, 2012 at 1:01 pm
အားပေးဘာဒယ်
ကျနုပ် မောင်ဘုဂလန့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုပါတယ်
Ma Ei
July 18, 2012 at 1:04 pm
ငယ်ငယ်က အဲ့အချိန်ဆို
လမ်းမှာရောက်နေရင်တောင်
မတ်တတ်ရပ်နေခဲ့ဘူးတယ်…
mamanoyar
July 18, 2012 at 2:34 pm
ဟုတ်ကဲ့အခုလိုဖော်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်
စိန်ဗိုက်ဗိုက်
July 18, 2012 at 2:36 pm
ကျနော် ကျောင်းသားဘဝကတော့ မနက်တိုင်း ကျောင်း လော်စပီကာ ကနေ အလေးပြုခဲ့တယ်ဗျ..
ခုတော့..မပြောတတ်ဘူး…
မနက်ဖြန်တော့..
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်များကို လေးစားစွာ ရည်မှန်း ဂုဏ်ပြု အလေးပြုပါ့မယ်ခင်ဗျား…
မွန်မွန်
July 18, 2012 at 3:03 pm
မွန်မွန်ကတော့ တစ်ခါမှ အလေးမပြုဖူးသလို ဥဩသံဆိုတာလည်း မကြားဖူးခဲ့ပါဘူး။ အာဇာနည်နေ့အခမ်းအနားလည်း မကြုံခဲ့ဖူးဘူးဆိုတော့ ကိုယ်ကပဲ မသိခဲ့တာလား၊ တကယ်ပဲမရှိခဲ့တာလားဆိုတာ… 🙂
မနက်ဖြန်တော့ မနက် ၁ဝ နာရီ ၃ရ မိနစ်မှာ အလေးပြုပါမယ်။
myanmarcitizen
July 18, 2012 at 3:47 pm
အာဇာနည်ခေါင်းဆောင်တွေအကြောင်းမှေးမှိန်ခဲ့ရတာတွေဟာ စစ်အဆိုးရရဲ့ လုပ်ရပ်တွေပေါ့။ တကယ်ရှိခဲ့တာပေါ့ဗျာ အာဇာနည်နေ့အခမ်းအနားဆိုတာ (နိုင်ငံတော်အခမ်းအနား အနေနဲ့ကျင်းပခဲ့တာပါ)။ ဖြစ်နိုင်ရင် အုတ်ဂူရှေ့မှာ သွားပြီး ဦးညွှတ်အလေးပြုလိုက်စမ်းပါဗျာ။
Wow
July 18, 2012 at 3:19 pm
ငယ်ငယ်တုံးကတော့ ၁ဝနာရီ ၃ရ ဆို ရေဒီယိုက ဥဩဆွဲပြီး လမ်းသွားလမ်းလာတွေပါ ခေတ္တရပ်ပြီး အလေးပြုတာမြင်ဘူးတယ်….
မနက်ဖန် လေးစားစွာ အလေးပြုပါမယ်…
myanmarcitizen
July 18, 2012 at 3:40 pm
July 19, 10:37 am ဆိုရင် ဥဩဆွဲ အချက်ပေးသံကြားတာနဲ့ မြန်မာနိုင်ငံသားအားလုံးက ကျဆုံးသွားတဲ့ နိုင်ငံကောင်းဆောင်တွေကို သတိတရ လေးလေးစားစားနဲ့ ၃ မိနစ်လောက်ငြိမ်သက်ပြီး ဝမ်းနဲမှုကိုပြကြတယ်။ (အလွန်ကောင်းတဲ့ဓလေ့ပေါ့ဗျာ)။ ခုအစိုးရလက်ထက်မှာ အဲ့ ဓလေ့လေးပြန်လည် အသက်သွင်းပေးနိုင်ရင်ပိုကောင်းမယ်ဗျာ။ ကျေးဇူးရှင်ဆိုတာ မေ့ထားကောင်းတဲ့အရာမဟုတ်ဘူးလေ
manawphyulay
July 18, 2012 at 3:41 pm
အရင်တုန်းက လေဒီယိုက မနက်ဆို လာတယ်။ အဲလိုဆို ရောက်နေတဲ့နေရာကနေ ရပ်ပြီး အလေးပြုတယ်။ ပြီးတော့ စိတ်ထဲမှာ လှိုက်ခနဲ ဝမ်းနည်းမှုကိုလည်း ဖြစ်စေတယ်။ မီးရထားစက်ခေါင်းစက်ရုံက အဲလိုချိန်ဆို ဥဩဆွဲတယ်။ အင်တာနက်သုံးတာမှမဟုတ်ပါဘူး။ အဲလိုချိန်ဆို ဘာလုပ်လုပ်ဦးညွှတ်အလေးပြုသင့်ပါတယ်ရှင်။
etone
July 18, 2012 at 3:51 pm
ကို်ယ်တိုင်သွားရောက်ပြီး ဂါရဝပြုနိုင်တယ်လို့တော့ ကြော်ငြာထားတယ် … ။
ဒါပေမယ့် .. လမ်းကြောင်းတွေပေးထားတော့ … အများကြီးတန်းသွားရမယ် … ဒါလည်း ပြသနာတော့မဟုတ်ပါဘူး … ပြသနာက …ဖုန်းတွေ ၊ အိတ်တွေ ၊ ကင်မရာတွေ ၊ ယူခွင့်မရှိဘူး …. ။ ပိုက်ဆံတောင် လက်ထဲ ဆုပ်ထားရမလိုလေ … ။ အကျိုးကြောင်း ညီညွတ်လျှင် …အာဇာနည်ဂုံးထိသွားပြီး အလေးသွားပြုပါဦးမယ် … ။
pan pan
July 19, 2012 at 12:44 pm
မနှစ်ကလည်းအဲ့လိုပါပဲ
ညီမတို့တော့ ရွှေဂုံတိုင်ရုံးချုပ်ရှေ့ကသွားကြတာပါ
အဖွဲ့လိုက်ပေါ့
ပါတဲ့ပစ္စည်းတွေ အထဲယူခွင့်မရှိတော့ အပြင်မှာနေခဲ့တဲ့ ကိုယ့်လူချင်းအပ်ထားခဲ့ကြတယ်
ရေသန့်ဘူးတောင်ယူလို့မရဘူးနော် မနှစ်ကတော့ 😕
ကိုပေါက်(မန္တလေး)
July 18, 2012 at 4:10 pm
ကျနော်ဒီအကြောင်းလေးမနှစ်က ပိုစ်တင်ဘူးတယ်။
အခုပြန်မန်းပေးမယ်ဗျာ ကိုခ ကြော်ငြာဝင်တယ်တော့ မထင်စေချင်ပါဘူး ။
မဖတ်လိုက်ရသူများအတွက်ပါ။
&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&
“မေ့ပျောက်ထား ၏……… မထား၏”(အာဇာနည်နေ့)
မန်းလေးမှာရှေးကတည်းက ရှိနေတဲ့
ရှေးဟောင်းအိမ်တွေ၊ပြိုပျက်နေတဲ့ရှေးဟောင်းကျောင်းတွေ
လူအများနေ့စဉ်ဖြတ်သန်းသွားလာနေပေမယ့် ရင်ထဲမှာတော့ ပျောက်နေရှာတဲ့
နေရာလေးတွေ
ကိုလက်ဆေ့ာထားတဲ့ကျနော်ဓါတ်ပုံတွေကို မြင်တဲ့မိတ်ဆွေတွေက
“ကိုပေါက်ရေကနောင်မင်းသားကြီးအုတ်ဂူကိုရော မှတ်တမ်းတင်မိသေးလား”လို့မေးကြပါတယ်။
အခုရက် မန်းလေးတောင်ပေါ်ကိုရောက်တဲ့အခါ
တောင်ခြေမှာရှိနေတဲ့စန္ဒာမုနိနဲ့ကုသိုလ်တော်ဘုရား
တွေကို အပြင်ကသာ လှည့်ပါတ်ဖူးမျှော်ခဲ့ လက်ဆော့ခဲ့ပေမယ့်
ဘုရားအတွင်းထဲကိုတော့ မရာက်ခဲ့ပါဘူး။
အဲတော့လဲ စန္ဒာမုနိ ဘုရားအတွင်းထဲမှာရှိတယ်ဆိုတဲ့ကနောင်မင်းသားရဲ့
အုဌ်ဂူကိုတော့ မှတ်တမ်းမတင်
ရသေးဘူးဖြစ်နေပါတယ်။
တစ်ရက်မှာတော့ အောင်ပင်လယ်မှာ ကနောင်မင်းသားကြီး
ရေမြုတ်ဗုံးစမ်းခဲ့တဲ့အောင်ပင်လယ်ကပုံကို
တင်ပေးပါလို့ ဆိုလာသူကလဲရှိပြန်ပါတယ်။
ရှေးက ရှေ့ဆောင်ခဲ့ဦးဆောင်ခဲ့သူတွေကို မမေ့နိုင်စရာဖြစ်လို့လာပါတယ်။
မနေ့ကမုန်တိုင်းရှိတော့ ဆောင်းတွင်းကြီး
တစိမ့်စိမ့်ရွာလို်က်တဲ့မိုးကဇူလိုင်လလို
မိုးတွင်းကြီးမှာရွာတာနဲ့တူနေပါတယ်။
မိုးတွေရွာတော့ ဟိုစဉ်းစား ဒီစဉ်းစားနဲ့ကနောင်မင်းသားကြီးအကြောင်းတွေးမိပါတယ်။
တိုင်းပြည်ကို တိုးတက်ခေတ်မီစေလိုတဲ့စိတ်နဲ့ ကြံဆောင်နေဆဲ
အလုပ်လုပ်လို့ကောင်းဆဲမှာအာဏာရူးသူရဲ့
လက်ချက်နဲ့ ကွယ်လွန်ခဲ့ရပါတယ်။
တကယ်လို့များ ကနောင်မင်းသားကြီးသား အခုလို မကွယ်လွန်ခဲ့ရင်လို့တွေးမိပြန်ပါတယ်။
အတွေးတွေဆက်သွားတော့ အခုလိုမိုးတွေ
တစိ်မ့်စိမ့်ရွာတတ်တဲ့ဇူလိုင်လရဲ့တစ်ရက်မှာ
မိုက်မဲသူလက်ချက်နဲ့ကွယ်လွန်ခဲ့ရသူဗိုလ်ချုပ်အောင်ဆန်းကိုသတိရမိပါတယ်။
“ဖေဖော်ဝါရီ ၁၃မှာ ဗိုလ်ချုပ်မွေးနေ့ပါ………………………..
ဇာတိနတ်မောက်မကွေးခရိုင်သိကြများခုတိုင်……………………….
၁၉၄ရပြောင်းကြွတမလွန်……………………….
မျက်ရည်ဖြိုင်လို့ ဘဝင်ညိုှး…………………………….
ဇူလိုင်တစ်ဆယ့်ကိုး” ဆိုတဲ့ ငယ်ငယ်က အတန်းထဲမှအော်ဆိုခဲ့ရတဲ့ကဗျာလေးကိုလဲ
တစ်ပိုင်းတစ်စ သတိရမိပါတယ်။
အခုခေတ်စာစောင်တွေမှာ အင်တာနက်သတင်းတွေမှာ
“ဖေဖော်ဝါရီ၁၄ ဗယ်လင်တိုင်းနေ့မှာချောကလက်ပေးဘို့သတိရကြ
လူငယ်အားလုံးဒီနေ့ကိုသိနေကြပေမယ့်
ပြည်ထောင်စုနေ့ ဖေဖော်ဝါရီ ၁၂ရက်နဲ့
ဗိုလ်ချုုပ်မွေးနေ့ဖေဖော်ဝါရီ၁၃ကိုတော့ မသိကြတော့ဘူး”ဆိုပြီးလူငယ်
တွေကို အပြစ်တင်တဲ့ လေသံတွေ ကျယ်လောင်ခဲ့ဘူးပါတယ်။
ကျနော်တို့ရဲ့အဖိုးအဖွားတွေ ဒေါ်ကြီးဒေါ်လေးတွေ ကအိပ်ယာဝင်ပုံပြင်လို ပြောပြခဲ့ကြသလို
ကျနော်တို့ရဲ့အဖေအမေတွေက ကျနော်တို့ကို ပုံပြောသလို ပြောပြခဲ့ကြသလို
ကျနော်တို့ရဲ့ဆရာဆရာမတွေက စာသင်ချိန်တွေမှာ အားလပ်တဲ့အချိန်တွေမှာ ဗဟုသုတရအောင်
စိတ်ထဲစွဲနေအောင်ပြောပြခဲ့ကြသလို………………
ကျနော်တို့လို့အဖိုးအဖွားတွေ………………………..
ကလေးတွေရဲ့ အဒေါ်တွေ ဦးလေးတွေ………………………
မိခင်ဖခင်ဘဝကိုရောက်နေပြီဖြစ်တဲ့ ကျနော်တို့ရဲ့သားသမီးတွေ…………………
စာသင်ကျောင်းကဆရာဆရာမတွေ…………………….
အားလုံးက ကျနော်တို့ရဲ့မြေးဘဝရောက်နေတဲ့အခုခေတ်ကလေးတွေကို
ဂုဏ်ယူစရာလေးစားစရာကောင်းတဲ့ မြန်မာ့ လူစွမ်းကောင်းတွေ မြန်မာ့ရှေ့ဆောင်လူတွေ
အကြောင်းကိုရော ပြောပြခဲ့ကြပါသလားလို့တွေးမိပြန်တော့ ရလာတဲ့
အဖြေကတော့ “ဟင့်အင်း” ပါဘဲ။
အဖိုးအဖွား ဒေါ်ဒေါ်ဦးဦး ဖေဖေမေမေ ကိုကိုညီညီအားလုံးကတော့
ဝမ်းတစ်ထွာကို ခက်ခဲပင်ပန်းစွာရှာဖွေစားသောက်ရတာကိုအကြောင်းပြရင်း
သင်လို့မကုန်မဆုံးနိုင်တဲ့ပညာတွေနောက်လိုက်ရင်း………………
လိုက်မမီနိုင်အောင်အပြောင်းအလဲမြန်ဆန်လွန်းလှတဲ့ခေတ်မီပစ္စည်းတွေ
ခံစားစရာတွေနောက်လိုက်ရင်း ကိုယ့်နံဘေးမှာရှိတဲ့ ကလေးတွေကို သိကောင်းစရာတွေ
ပေးဝေဘို့ မေ့နေခဲ့ကြပါတယ်။
ကျနော်တို့ငယ်စဉ်ကာလများမှာ နေ့စဉ်သုံးစွဲရတဲ့ပိုက်ဆံက
ဗိုလ်ချုပ်အောင်ဆန်းရဲ့ပုံရိပ်တွေ။
တစ်ပြားငါးပြား က အစပြုလို့ တစ်ကျပ် ငါးကျပ် တစ်ဆယ် ကျပ်နေ့စဉ်သုံးသမျှပိုက်ဆံက
ဗိုလ်ချုပ်အောင်ဆန်းပုံတွေနဲ့ဆိုတော့ မေ့စရာလုံးဝမရှိပါ။
အိမ်နံရံ၊ကျောင်းနံရံ ၊ရှိသမျှနံရံတွေမှာ
ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့လွတ်ကင်းခဲ့သောနေရာမရှိ။
ပြောင်းမရတဲ့ကျနော်တို့ ခေါင်းက ဆံပင်ပုံစံတောင် ရှေ့တစ်လက်မနောက်ပြောင်”
ဗိုလ်အောင်ဆန်းကေ”နဲ့
ကလေးဘဝက နေခဲ့ရပါတယ်။
မူလတန်း အလယ်တန်း အထက်တန်း ကျောင်းသားဘဝ တစ်လျှောက်လုံး
တနင်္လာနေ့မနက် စုဝေးချိန်မှာ ကျောင်းသားခေါင်းဆောင်ရဲ့
“ကျဆုံးလေပြီးသောအာဇာနည်ခေါင်းဆောင်ကြီးများကို………………………………………ကိုအလေးပြု”ဆိုတဲ့အသံကို
နာခံရင်းငြိမ်သက်စွာ ခေါင်းငုံ့လို့ အလေးပြုနေချိန်များကလဲ
မမေ့သင့်သူလို့ သတိပေးနေသလို။
အထူးသဖြင့်ဗိုလ်ချုပ်ကျဆုံးခဲ့တဲ့ ဇူလိုင်၁၉ရက် အာဇာနည်နေ့မှာ…………………………….။
ကျနော်သိတတ်စ ကျောင်းနေစအရွယ် တစ်ရက် မနက်ခင်းလေးမှာ ဟင်းချက်လက်စတွေကို
ခဏထား အဖွားကကျနော့်လက်ကို ဆွဲလို့ခြံဝင်းကနေအပြင်ထွက် ၂၆ဘီလမ်း လမ်း၈၀
ကျုံးဒေါင့်ဘက်ကို ခေါ်သွားခဲ့ပါတယ်။
ကျနော်တို့ကျုံးဘေးရောက်တော့ ခါတိုင်းထက်လူပိုစည်နေတာတွေ့ရသလို
တစ်စုံတစ်ရာကိုအားလုံးကစောင့်စားနေသလိုပါဘဲ။
ခဏနေတော့ရဲဝါယာလက်ကားတွေရယ် မီးသတ်ကားတွေရယ်ရောက်လာပြီး ကျုံးဒေါင့်
လေးဘက်လေးတန်မှာနေရာယူထားကြပါတယ်။
သိပ်မကြာခင် “ေ-ဝါ်…………………………”ဆိုတဲ့ဝါယာလက်သံ၊ ဥဩဆွဲသံတွေထွက်ပေါ်လာချိန်မှာ
လမ်းပေါ်မှာလှုပ်ယှားသွားလာနေသမျှသက်ရှိလူ
သက်မဲ့ယာဉ်ရှိရှိသမျှအားလုံးတစ်ပြိုင်ထဲရပ်။
သက်ငြိမ်ပန်းချီကားတစ်ချပ်လို။
ဥဩသံတွေငြိမ်သက်မှာ အားလုံးပုံမှန်အတိုင်းလုှူပ်ယှား။
အဖွားရှင်းပြမှသိရတဲ့ “ဒီအချိန်မှာ ငါတို့ရဲ့ ဗိုလ်ချုပ်က
မသာမာသူလုပ်ကြံခံရတဲ့အချိန်လေငါ့မြေးရဲ့၊
သူတို့အာဇာနည်တွေရဲ့ ကျေးဇူးကို သိတတ်တယ်အောင့်မေ့တယ်ဆိုတဲ့သဘောကိုု ပြရတာပေါ့ကွယ်”
လို့ရှင်းပြတဲ့အခါ သိပ်နားမလည်ပေမယ့် ဒီနေ့ ဒီအချိန်ရောက်လို့
ဥဩသံကြားရင် ခေတ္တငြိမ်သက်ရမယ်ဆိုတဲ့
အသိကတော့ရင်ထဲမှာစွဲမြဲခဲ့ပါတယ်။
မူလတန်း လွန်မြောက်အလယ်တန်းကျောင်းသားဘဝမှာတော့
“အာဇာနည်နေ့တို့မမေ့”ဆိုတဲ့ဆောင်ပုဒ်ကလေး က ဇူလိုင်လရောက်ရင်
ပိုမိုအသက်ဝင်လို့လာတတ်ပါတယ်။
စာစီစာကုံးပြုင်ပွဲတွေ ဟောပြောပွဲတွေ ကရပ်ကွက်ထဲ ကျောင်းထဲမှာ ကျင်းပကြ
အာဇာနည်နေ့ည ရှစ်နာရီသတင်းပြီးရင် ကျန်တဲ့အစီအစဉ်တွေရပ် ဗိုလ်ချုပ်အောင်ဆန်းရဲ့
(အခုနားထောင်ရင်တောင် ခေတ်နဲ့ညီ ခေတ်မှီနေသေးတဲ့)
ရဲရဲတောက်မိန့်ခွန်းတွေကို နားဆင်ရ။
ရုပ်ရှင်ရုံမှာ ကျောင်းတွေမှာ ဗဟိုသတင်းစဉ်ကရိုက်ကူးထားတဲ့
ဗိုလ်ချုုပ်တို့လုပ်ကြံခံရတဲ့
မှတ်တမ်းသတင်းကို ပြတော့ ပြန်ကြည့်ရဆိုပြန်တော့
အငွေ့သေစရေနွေးအိုးကို ပြန်လည်မီးထိုးပေးသလို မေ့လျော့စပြုနေတဲ့
အာဇာနည်တွေကို ချစ်ခင်စိတ်တွေက ပြန်လည်နိုးထလို့လာပြန်ပါတယ်။
နှစ်ပေါင်းအတော်ကြာတဲ့အထိ ဒီအချိန်ရောက်တိုင်း ဥဩဆွဲသံကြားရရင်
သက်ငြိမ်ပန်းချီကားတစ်ချပ်လို ရောက်တဲ့နေရာမှာရပ်တန့်ခဲ့ရပါတယ်။
ဒီလုပ်ရပ်က မြန်မာတပြည်လုံးတချိန်ထဲတစ်ပြိုင်နက်ထဲလုပ်တယ်လို့ ထင်မိပါတယ်။
အခုနောက်ပိုင်းမှာတော့ ဒီလိုသက်ငြိမ်ပန်းချီကားလေးတွေကို
မကြုံတွေ့ခဲ့ရတာနှစ်များစွာကြာခဲ့တာတော့ အမှန်ပါဘဲ။
တင်းမာသူနဲ့ခက်ထန်သူအကြား၊
အကြောင်းရှာသူနဲ့အကြောင်းပြသူကြား
မေ့ဖျောက်သူနဲ့မေ့ပျောက်သူ တို့အကြား မြေဇာပင်ပမာ ပျောက်ကွယ်သွားခဲ့ရသူ
ကတော့ မြန်မာ့သူရဲကောင်း ဗိုလ်မင်းရောင် ၊ဦးဖာ ဒေါ်စုုတို့ရဲမျုးိဆက်
မသမာသူလက်ချက်နဲ့ ကျဆုံးခဲ့ရသူ ဗိုလ်ချုပ်အောင်ဆန်းပါဘဲ။
နေ့စဉ်သုံးစွဲနေတဲ့ငွေစက္ကူတွေပေါ်မှာ၊
နံရံတွေပေါ်မှာ တစစနဲ့ပျောက်ကွယ်သွားခဲ့ပါတယ်။
မေ့ဖျောက်ခံရတော့လည်း တစ်စ ထက်တစ်စ မေ့ပျောက်သွားတာ မဆန်းဘူးလို့ပြောနိုင်ပါတယ်။
အခုချိန်မှာတော့ တင်းမာမူတွေလဲပြေလျော့လို့သွားပါပြီ။
အရင်က မရှိခဲ့ဘူးသော ကောင်းသောအပြောင်းအလဲများကိုလည်း
လောလောဆယ်မြင်တွေ့နေရပါပြီ။
ဒီတော့ အဲဒီရက် အဲဒီအချိန်မှာ ကျနော်မြေးကလေးကိုလက်ဆွဲ ကျုံးဒေါင့်ကိုသွား
ဥဩသံတွေနာခံရင်း သက်ငြိမ်ပန်းချီကားတစ်ချပ်ထဲမှာကိုယ်လဲပါဝင်။
ပြန်လည်လို့ အသက်ဝင်လာချိန်မှာတော့ ကျနော့်မြေးလေးကို
“ဟုးိလွန်ခဲ့တဲ့…………………နှစ်က ဒီအချိန်မှာပေါ့………..”လို့အစချီပြီး
ကျနော့်အဖွားကျနော်ကိုပြောပြခဲ့သလို့ ကျနော့်မြေးလေးကိုလဲ လက်ဆင့်ကမ်းလို့
ပြောပြခွင့်ရချင်စမ်းပါဘိတယ်…………………………………………
ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး
ကိုပေါက်(မန္တလေး)
TTNU
July 18, 2012 at 6:46 pm
အစိမ်းရောင်ခြယ်ပေးရမဲ့ Comment လေးပါ။
Post တစ်ခုတင်ရင်တောင်ရပါတယ်။
(“ဟုးိလွန်ခဲ့တဲ့…………………နှစ်က ဒီအချိန်မှာပေါ့………..”လို့အစချီပြီး
ကျနော့်အဖွားကျနော်ကိုပြောပြခဲ့သလို့ ကျနော့်မြေးလေးကိုလဲ လက်ဆင့်ကမ်းလို့
ပြောပြခွင့်ရချင်စမ်းပါဘိတယ်) { ပြည့်စေ}…..
TTNU
July 18, 2012 at 6:57 pm
Post တင်ပြီးသားမှန်းသိပါတယ်။
ဝင်္ကဝုတ္တိ လုပ်တာပါ ကိုပေါက်ရေ။ 😀
မာမီ။
ကိုခင်ခရေ…
အဲဒီအချိန် တီချာတို့ အဖွဲ့ကတော့ Phone Alarm တွေ on ထားဖို့
တိုင်ပင်ထားကြတယ်။ 🙂
နှင်းဆီ ငုံ
July 18, 2012 at 4:26 pm
တခြားအချိန်တွေမှာ သတိမထားမိပေမယ့် ဒီလိုအချိန် ဒီလိုစာတွေဖတ်ရတာ ဖတ်နေရင်းတောင် ကြက်သီးတွေထမိပါတယ်ရှင် … ကိုခင်ခရော ကိုပေါက်ရော ကျေးဇူးပါ … မနက်ဖန် အလေးပြုဖြစ်အောင် ပြုပါ့မယ် …
ko khin kha
July 18, 2012 at 4:44 pm
ပြန်တင်ပေးလို့ ဖတ်ရတဲ့အတွက် ကျေးဇူးပါကိုပေါက်။
အကျိုးကြောင်း ညီညွတ်လျှင် …အာဇာနည်ဂုံးထိသွားပြီး အလေးသွားပြုပါဦးမယ် … ။ဆိုတဲ့ မအိတုံရေ ရန်ကုန်မှာနေသူတွေအတွက် တပန်းသာတယ်ဆိုပေမယ့် အဲဒီနေ့လူများတာရယ် ဟိုလိုသတ်မှတ် ဒီလိုသတ်မှတ်ချက်တွေက အမျိုးမျိုးရယ်ကြောင့် စိတ်ရှုပ်နေရအုံးမယ်နော်။
မနောရေ ဥဩသံကတော့ မကြားရ ဝေးခဲ့တာကြာရောပေါ့၊ ငယ်ငယ်ကရန်ကုန်မှာ ကျွန်တော်နေခဲ့စဉ်ကတော့ အဲဒီအချိန်ဆိုဥဩသံကြားရပြီး ရေဒီယိုကလည်း မေလှမြိုင်ဆိုထားတဲ့ အလေးပြုပါတယ်သီချင်း အမြဲလွှင့်ခဲ့တာကို သတိရလွမ်းမိပါရဲ့။
မောင်ပေ
July 18, 2012 at 8:29 pm
နက်ဖန်ကတော့
ကျဆုံးလေပြီးသော
ဗိုလ်ချုပ်အောင်ဆန်းနဲ ့အာဇာနည်များအတွက်
နှစ်စဉ် အလေးပြု ခဲ့တဲ့ ၊ အလေးပြုရမယ့် ၊ အလေးပြုဦးမယ့်
နေ ့လေးတစ်နေ ့ပါ…
စကားမစပ်
ကဆုန်မှာတုန်းကတောင် မိုးမရွာခဲ့တဲ့ မန်းတလေး
ဂျူလိုင်၁၉ မှာတော့ ရွာကောင်းလောက်ပါရဲ ့
ဖိုးထောင်
July 19, 2012 at 12:10 am
အလံတိုင်တစ်ဝက် လွှင့်ထူ ဘဝင်ဆူလို့ ဒီဇဗ`ဗူတခွင်မှာတော့ တို့အတွက် အနှိုင်းမဲ့သခင်
ဦးဦးပါလေရာ
July 19, 2012 at 8:34 am
ဒီလိုနေ့ အဲဒီအချိန်တိုင်း မှာ လုပ်လက်စတွေရပ်ပြီး အလေးပြုခဲ့တာ နှစ်စဉ်ပါပဲ..။
တချို့ကတော့ ဥဩသံနဲ့ သတိမပေးတာကြာရင် မေ့သွားလိမ့်မယ် ထင်ကြမလားပဲ…။
ဘယ်သူမှ ဥဩသံနဲ့ သတိမပေးလဲ ကိုယ့်တိုင်ပဲ သတိရနေပါတယ်…။
MaMa
July 19, 2012 at 12:01 pm
ဒီနှစ်မှာ အာဇာနည်နေ့အခမ်းအနားကို နိုင်ငံတော်အခမ်းအနားအနေနဲ့ လုပ်ပေမယ့် ဥဩဆွဲသံ မကြားလိုက်ဘူးနော်။
Solid_Sn@ke
July 19, 2012 at 12:18 pm
သူတို့ မဆွဲလည်း ကိုယ့်ဟာကိုယ် မဆွဲကြဝူးလားဟင်င်င်င်
ဘာတဲ့ ရန်ကုန်မှာ ကား ဟွန်းတီးရင် ခွင်နှရာ ကျပ် ဆိုလား …
ကိုယ့်ဟာကိုယ် ဘဲဥကို ၇၀ဝပေးပီး ကားဟွန်းတွေ ဆွဲလိုက်ကြပါတော့လားဗျာ…
တစ်နိုင်ငံလုံး ကားဖြင့်ကား ဆိုင်ကယ်ဖြင့်ဆိုင်ကယ် အဲ့သည့်အချိန်မှာ တပြိုင်နက် တီးပြီး
ဂီးနစ်စ်မှာ တောင် စံချိန်ဝင်အောင်လုပ်ပြီး .. ကမာ္ဘကပါ မမေ့အောင် …အသိအမှတ်ပြုအောင် လုပ်သင့်ရဲ့
(အတည်ပြောတာပါဗျာ..မနောက်ပါဘူး)
kai
July 19, 2012 at 1:15 pm
တော်တော်ကောင်းတဲ့.. အိုင်ဒီယာ…
ဒီနှစ်မမှီတော့တာမို့.. နောက်နှစ်.. ၁လလောက်ကြိုပြီး.. ကြေညာ.. စုလုပ်ကြရင်ကောင်းမယ်..။
MaMa
July 19, 2012 at 12:18 pm
ဒီနှစ်မှာ အာဇာနည်နေ့အခမ်းအနားကို နိုင်ငံတော်အခမ်းအနားအနေနဲ့ လုပ်ပေမယ့် ဥဩဆွဲသံ မကြားလိုက်ဘူးနော်။
ပြောလက်စနဲ့ အာဇာနည်နေ့နဲ့ ဗိုလ်ချုပ်အောင်ဆန်းအတွက် သီချင်းတစ်ပုဒ်လောက် လားရှိုးသိန်းအောင်ကို စပ်ခိုင်းချင်တယ်။
ဒေါ်အောင်ဆန်းစုကြည်အတွက် သူစပ်ပေးတဲ့ သီချင်းကို သဘောကျလို့။
eipu
July 19, 2012 at 6:12 pm
ဟုတ်ကဲ့။
အင်တာနက်သုံးခြင်းကို ရပ်ထားပါ့မယ်……..
သားဦးမြေးဦး၊ ဝမ်းတွင်းရူး
July 19, 2012 at 9:02 pm
အင် တနေ ့လုံးကို မသုံးဘဲ ခုမှ စသုံးပါ၏။