ဝင်ပြုံးမြင့် မြန်မာပြန်တဲ့ တိမ်ယံသစ္စာ အပိုင်း ( ၃ဝ )
စိုးရက်ပ် လေးနှစ်သားအထိ စန်နိုဘားနေသွားတယ်။ တစ်မနက်မှာ စန်နိုဘား
အိပ်ပျော်ရင်းမနိုးတော့ဘူး။ သေသွားပုံ သိပ်ငြိမ်းချမ်းတယ်။ သေတာကို
မမှုတော့တဲ့ပုံမျိုး။ တောင်ကုန်းလေးပေါ်က သချႋုင်းမှာပဲ စန်နိုဘားကို
မြှုပ်လိုက် ကြတယ်။ တလည်းပင်ကြီးအောက်မှာပေါ့။ အမေသေတော့ ဟက်ဆန်တော်တော်
ခံစားရတယ်။ စိုးရက်ပ်က သာဆိုးသေး။ တစ်အိမ်လုံးပတ်ပြီး
သူ့အဖွားကိုရှာနေတာ။ ဒါပေမယ့် ကလေးဆိုတော့ ကလေးပီပီ
မေ့လွယ်ပျောက်လွယ်ပေါ့ကွယ်။
……………………_________________________________________
တစ်အိမ်လုံးပတ်ပြီး
သူ့အဖွားကိုရှာနေတာ။ ဒါပေမယ့် ကလေးဆိုတော့ ကလေးပီပီ
မေ့လွယ်ပျောက်လွယ်ပေါ့ကွယ်။
အဲဒါ ၁၉၉၅ ခုပေါ့။ ရှိုရာဝီတွေ စစ်ရှုံးပြီးပြေးတာကြာပြီ။ ကဘူးကို
မာဆွတ်ရယ်၊ ရာဘန်နီရယ်၊ မူဂျာဟစ်ဒင်တွေရယ် အပိုင်စီးထားတယ်။ အဲဒီ
အင်အားစုတွေ ခွက်စောင်းခုတ်ကြတာ သိပ်ကြောက်စရာကောင်းတယ်။ ပြီးပါဦးမလား
ဆိုတာတောင် ဘယ်သူမှမသိကြတော့ဘူး။ ဗုံးကြဲသံတွေ သေနတ်သံတွေဆိုတာ
ကာကာတို့နားယဉ်နေပြီ။ အပျက်အစီးပုံထဲက လူသေကောင် ဆွဲထုတ်တဲ့မြင်ကွင်း
ဆိုတာ ကာကာတို့ မျက်စိယဉ်နေပြီ။ အေမားရယ် … အဲဒီတုန်းက ကဘူးဆိုတာ
မျက်မြင်ဒိဋ္ဌမြင်နေရတဲ့ လောကငရဲပါပဲ။ ဒါပေမယ့်လည်း အလာဟ်အရှင်ရဲ့
ဂရုဏာကြောင့် ဝဇီရာအက္ခဘာခန်ရပ်ကွက်မှာ အတိုက်အခိုက်နည်းတယ်။ တခြားရပ်
ကွက်တွေလောက် မဆိုးဘူး။
ဒုံကျည်တွေလည်း မလာ၊ အပစ်အခတ်လည်း နည်းနည်းစဲပြီဆိုရင် ဟက်ဆန်က
သူ့သားကို တိရစ္ဆာန်ရုံခေါ်သွားပြီး ခြသေ့င်္ကြီးမာဂျန်ကိုပြတယ်။
ဒါမှမဟုတ်လည်း ရုပ်ရှင်သွားကြည့်ကြတယ်။ သူ့သားကို လောက်လေးပစ်လည်း
သင်ပေးတယ်။ စိုးရက်ပ် ရှစ်နှစ်သားမှာ လမ်းပေါ်ကနေ ခြံဝင်းအလယ်ကောင်
ရေပုံးပေါ်မှာတင်ထားတဲ့ ထင်းရှုးသီးကိုမှန်အောင် ပစ်နိုင်ပြီ။ ဟက်ဆန်က
သူ့သားကို စာရေးစာဖတ်လည်း သင်ပေးပါ့ဗျာ။ သူ့လိုပဲ စာမတတ်ပေမတတ်
မကြီးပြင်းစေရ ဘူးတဲ့။ ကာကာကိုယ်တိုင်လည်း စိုးရက်ပ်လေးကို
သံယောဇဉ်တွယ်မိတယ်။ စိုးရက်ပ်ကိုကြည့်ရင်း အေမားကိုသတိရတယ်။ အေမား
ငယ်ငယ်က စာသိပ်ဖတ်တာ။
ဆောင်းတွင်းဆိုရင် ဟက်ဆန်က သူ့သားခေါ်ပြီး စွန်လိုက်ကြပါပြီ။
အိမ်ပြင်မှာကြာကြာနေတာ ဘေးမကင်းတော့ ဟိုတုန်းကလောက်တော့ စွန်ပြိုင်ပွဲတွေ
ဘယ်ရှိတော့မလဲ။ ဒါပေမယ့် ခပ်ကြဲကြဲတော့ရှိနေတယ်။ ဟက်ဆန်က စိုးရက်ပ်ကို
ပခုံးပေါ်တင်ပြီး လမ်းတွေထဲ စွန်လိုက်တာပဲ။ စွန်ငြိနေတဲ့သစ်ပင်ပေါ်ကို
တက်တယ်။ ဟက်ဆန် စွန်လိုက်ဘယ်လောက်တော်တယ်ဆိုတာ မှတ်မိသေးတယ် မဟုတ်လား။
ဆောင်းကုန်ပြီဆိုမှ သူတို့သားအဖ တဆောင်းတွင်းလုံး
လိုက်လို့ရတဲ့စွန်တွေကို ခန်းမနံရံမှာချိတ်ကြတာလေ။ နံရံပေါ်မှာ
ဆေးခြယ်ထားတဲ့ပုံပေါ်အောင် ချိတ်ကြတာ။
၁၉၉၆ မှာတာလီဘန်တွေဝင်လာတော့ ကာကာတို့ကြိုဆိုတဲ့ပုံကို ပြောပြ
ပြီးပြီနော်။ အဲဒီညက ကာကာအိမ်ပြန်လာတော့ မီးဖိုထဲမှာ ဟက်ဆန် ရေဒီယို
နားထောင်နေတယ်။ ဟက်ဆန့်မျက်လုံးတွေ တစ်မျိုးပဲ။ ဘာဖြစ်လို့လဲမေးကြည့်တော့
ခေါင်းခါတယ်။ ”ဟာဇာရာတွေကို ဘုရားကယ်နေပါပြီ” တဲ့၊ ဒါပဲပြောတယ်။
”စစ်ပြီးသွားပြီ၊ ဟက်ဆန်။ ငြိမ်းချမ်းသွားပြီ။ ဒုံးကျည်တွေ မလာတော့ဘူး။
အသတ်အဖြတ်တွေ မရှိတော့ဘူး။ အသုဘမပို့ရတော့ဘူး” လို့ ကာကာ ပြောပြတယ်။
နှစ်ပတ်သုံးပတ်လောက်အကြာမှာ တာလီဘန်တွေက စွန်ပြိုင်ပွဲကိုတားမြစ်
လိုက်တယ်။ နောက်နှစ်နှစ်အကြာ ၁၉၉၈ မှာ ဟာဇာရာတွေကို အကြီးအကျယ်
သုတ်သင်တယ်။
__________________
အခန်း(၁၇)
တစ်ချက်လှုပ်ရုံနှင့် မချိမဆံ့နာကျင်ရသည့် လူတစ်ယောက်၏ အသည်းအသန်အား
ထုတ်မှုမျိုးဖြင့် ရာဟင်ခန်သည် ခြေကိုဖြည်းဖြည်းဆန့်ထုတ်ပြီး
နံရံကိုမှီသည်။ အပြင်ဘက်မှ မြည်းတစ်ကောင်ဟီသံနှင့် ကြိမ်းမောင်းနေသော
အူရဒူစကားသံကို ကြားရသည်။ နေဝင်တော့မည်။ ကချော်ကချွတ်အဆောက်အဦး၏
အက်ကွဲကြောင်း များတွင် နီရောင်ပြေးနေသည်။
၁၉၇၅ ခု၊ ဆောင်းတွင်းနှင့်တဆက်တည်း နွေတုန်းက ကျူးလွန်ခဲ့သည့်
ကျွန်တော့်ပြစ်မှုပမာဏအတွက် ကျွန်တော်ခံစားရပြန်သည်။ ဟက်ဆန်၊ စိုးရက်ပ်၊
အလီ၊ ဖာဇာနာ၊ စန်နိုဘား … အမည်များ ကျွန်တော့်ဦးခေါင်းထဲ
ခေါင်းလောင်းထိုး နေသည်။ အလီ့အမည်ကို ရာဟင်ခန်ပြောတုန်းကဆိုလျှင်
လွန်ခဲ့သော နှစ်ပေါင်း များစွာက ပိတ်သိမ်းထားသော
သံစုံဘူးလေးဖွင့်ပြလိုက်သလို သံစဉ်သည် ရုတ်ချည်းပွင့်အံထွက်လာသည်။
”ဒီနေ့ဘယ်သူ့ကိုစားလဲ … ဘာဘာလူကြီးရေ … ခြောက်စောင်းကြီးရေ”
အလီ့မျက်နှာသေကြီး … အမှန်မှာ အလီ၏ ငြိမ်သက် နေသော မျက်လုံးများကို
မြင်နိုင်အောင် ကျွန်တော်ကြိုးစားပုုံဖော်ကြည့်သော်လည်း အချိန်ဟူသည်
ရံခါတော့လည်း လောဘကြီးလွန်းသောအရာ ဖြစ်နေခဲ့သည်။ အသေးစိတ်များအားလုံးကို
ခိုးယူသွားနိုင်သည်အထိ။
”အဲဒီအိမ်မှာ ဟက်ဆန် ခုထိရှိနေတုန်းပဲလား” ဟု ကျွန်တော်မေးကြည့်ရာ
ရာဟင်ခန် လက်ဖက်ရည်ပန်းကန်မ’သည်။ ရာဟင်ခန့်နှုတ်ခမ်းများ သွေ့ခြောက်နေ
သည်။ စွပ်ကျယ်အကျႌအိတ်ကပ်ထဲမှ စာအိတ်တစ်လုံးဆွဲထုတ်၍ ကျွန်တော့်ကို
ကမ်းသည်။
”အေမားအတွက်”
ချိတ်ပိတ်ထားသောစာအိတ်ကို ကျွန်တော်ဖောက်ကြည့်ရာ စာအိတ်ထဲတွင်
ပိုလာရွိုက်ဓာတ်ပုံတစ်ပုံနှင့် စာခေါက်တစ်ခု။ တစ်မိနစ်တင်းတင်းပြည့်အောင်
ဓာတ်ပုံကို ကျွန်တော်ကြည့်နေမိသည်။
သံပန်းဂိတ်တံခါးရှေ့တွင် ကလေးတစ်ဦးနှင့်အတူ ဗောင်းထုပ်အဖြူ၊
အစိမ်းကြားအကျႌနှင့် အရပ်မြင့်မြင့်လူတစ်ယောက်။
စွေစောင်းသောနေရောင်ကြောင့် မျက်နှာဝိုင်းဝိုင်းသည်
နေရောင်တစ်ကန့်နေရိပ်တစ်ကန့်။ ကင်မရာဘက်လှည့်ပြီး ပြုံးရယ်နေရာ
ရှေ့သွားအချို့မရှိ။ ခပ်ဝါးဝါးပိုလာရွိုက်ဓာတ်ပုံထဲမှာပင် ထိုလူ၏
မိမိကိုယ်ကိုသေချာမှု၊ သက်သက်သာသာရှိမှုတို့ကို အတိုင်းသား မြင်နေရသည်။
သူ့မူပိုင်စရိုက်အတိုင်း ခြေကိုမကြဲတကြဲခွဲကာ ရင်အုပ်ပေါ်လက်ပိုက်ထားသည်။
ပြုံးရယ်နေကျပုံစံအတိုင်း ပြုံးရယ်နေသည်။
ရာဟင်ခန် မှန်ပါသည်။ လမ်းတွင် သူနှင့်ကျွန်တော်ဝင်တိုက်မိပါက ကျွန်တော်
သူ့ကိုမှတ်မိပါလိမ့်မည်။ ဘေးနားမှကလေးတွင် ဖိနပ်မပါ။ အဖေ့ပေါင်ကို
လက်တစ်ဖက်ဖြင့်ဖက်၍ ဂတုံးပြောင်ပြောင်လေး အဖေ့တင်ပါးပေါ်မှီနေသည်။
ထိုကလေးလည်း တအားရယ်နေသည်။
ကျွန်တော် စာခေါက်ဖွင့်သည်။ ဖာစီဘာသာဖြင့်ရေးထားသော စာထဲတွင်
ကလေးတစ်ယောက်၏ သပ်ရပ်တိကျမှုမျိုးဖြင့် သေးသေးတင်ကလေးကအစ အသတ် ကလေးကအစ
မေ့ကျန်မနေသော၊ စာလုံးများမသဲမကွဲဖြစ်မနေသော လက်ရေးကို တွေ့ရသည်။
သနားဂရုဏာတော်ကြီးမားသော အလာဟ်အရှင်ရဲ့နာမတော်အောက်မှာ …
အစ်ကိုအေမား …
ဖာဇာနာရယ်၊ သားလေးစိုးရက်ပ်ရယ်၊ ငါရယ်က အစ်ကိုအေမား ကျန်းမာ ပါစေကြောင်း
ဆုတောင်းလိုက်ပါတယ်။ ဒီစာကို ပေးပို့တဲ့ ဆပ်ရာဟင်ခန်ကိုလည်း
ကျေးဇူးတင်ကြောင်းပြောပေးပါခင်ဗျာ။ ဖာဇာနာနဲ့ စိုးရက်ပ်ကို ငယ်တုန်းက
အစ်ကိုအေမားနဲ့ အတူဆော့ခဲ့ကြတာတွေ၊ လမ်းတွေထဲ ပြေးခဲ့လွှားခဲ့ကြတာတွေ၊
ငါတို့ မနာလိုသဝန်တိုခဲ့ကြတာတွေ ပြောပြတော့ သူတို့ကရယ်ကြတယ်ခင်ဗျ။
အစ်ကိုအေမားရေ …
ငါတို့ငယ်ငယ်တုန်းက အာဖဂန်နစ္စတန်ဟာ သေဆုံးသွားတာကြာပြီ။
အသတ်အဖြတ်တွေဆိုတာ မရှောင်နိုင်ဘူး။ အချိန်ပြည့် သတ်နေဖြတ်နေကြတာပဲ။
ကဘူးမြို့ထဲမှာဆိုရင် လမ်းတွေထဲမှာ၊ အားကစားရုံထဲမှာ၊ ဈေးထဲမှာ၊
နေရာတိုင်းမှာ ကျီးလန့်စာစားနေရတာ ငါတို့ရဲ့ ဘဝတစ်စိတ်တပိုင်းတောင်
ဖြစ်နေပြီ။ ငါတို့ တိုင်းပြည်မှာ မင်းတက်လုပ်နေတဲ့အရိုင်းအစိုင်းတွေက
လူ့ယဉ်ကျေးမှုကို ဂရုမစိုက်ဘူး။
တနေ့က နံပြားနဲ့အာလူးဝယ်ဖို့ ဖာဇာနာ ဈေးသွားတော့ ငါလိုက်သွား တယ်။
ဈေးသည်ကို ဖာဇာနာက အာလူးဖိုး ဘယ်လောက်ပေးရမလဲမေးတော့ ဈေးသည်ကြီးက
မကြားဘူး။ နားမကြားဘူးလို့ ငါထင်တာပဲ။ ဒီတော့ ဖာဇာနာက
ကျယ်ကျယ်အော်ပြီးမေးတယ်။ တာလီဘန်တစ်ယောက် ချက်ချင်းရောက်လာပြီး
ဖာဇာနာရဲ့ခြေထောက်ကို သစ်သားချောင်းနဲ့ တအားရိုက်တာ ဖာဇာနာ နေရာတင်
ပုံလဲတာပဲ။ မိန်းမတွေ စကားကျယ်ကျယ်ပြောခွင့် မရှိဘူးတဲ့။ ခြေထောက်မှာ
အညိုအမည်းစွဲနေတဲ့ ဒဏ်ရာကြီးဟာ တော်တော်နဲ့မပျောက်ဘူး။
ငါ့မိန်းမအရိုက်ခံရတဲ့အချိန်မှာ ငါရပ်ကြည့်နေရုံကလွဲလို့ ဘာမှမတတ်နိုင်
ဘူး။ ငါကပြန်ချရင် သူကအားရဝမ်းသာနဲ့ ငါ့ကိုယ်ထဲ ကျည်တစ်တောင့်သွင်း
လိုက်မှာပေါ့။ ဒါဆို သားကလေးစိုးရက်ပ် ဘယ်ဘဝရောက်သွားမလဲ။ လမ်းထဲမှာ
ငတ်နေတဲ့ မိဘမဲ့ကလေးတွေပြည့်လို့။ ငါခုထိ အသက်ရှင်နေသေးတာပဲ အလာဟ်ကို
ကျေးဇူးတင်မိတော့တယ်။ သေရမှာကြောက်လို့တော့ မဟုတ်ဘူး။ ငါ့မိန်းမ မုဆိုးမ
ဖြစ်မှာရယ်၊ သားကလေး ဖတဆိုးဖြစ်မှာရယ်ကို ကြောက်တာပါပဲ။
သားကလေး စိုးရက်ပ်ကို မြင်စေ့ချင်တယ်။ သိပ်လိမ္မာတဲ့ကလေး။ ဆပ်ရာဟင်နဲ့ငါက
စာရေးစာဖတ်သင်ထားတော့ သူ့အဖေလို ငမိုက်တုံးလေးအဖြစ်
ကြီးပြင်းမလာတော့ဘူးပေါ့။ လောက်လေးပစ်လည်း ဘာတော်သလဲမမေးနဲ့။ တစ်ခါတလေ
စိုးရက်ပ်ကို ကဘူးမြို့ထဲခေါ်ပြီး သကြားချောင်းဝယ်ကျွေးဖြစ်တယ်။
ရှာရီနောရပ်ကွက်မှာ ခုထိမျောက်လူကြီးရှိသေးတယ်။ သားကလေးကြည့်ဖို့ ပိုက်ဆံ
ပေးပြီး မျောက်က က’ခိုင်းရတယ်။
ငါတို့သားအဖ တောင်ကုန်းလေးပေါ်က သုဿန်ကိုလည်း သွားကြတယ်။
တလည်းပင်ကြီးအောက်မှာ အစ်ကိုအေမားနဲ့ ငါတို့ ရှာနာမာ ဖတ်ခဲ့ကြတာ မှတ်မိ
သေးလား။ မိုးခေါင်လို့တောင်ကုန်းတစ်ခုလုံး ခြောက်နေတာပဲ။ တလည်းပင်
ကြီးလည်း မသီးတာနှစ်တွေမနည်းတော့ဘူး။ ဒါပေမယ့် တို့သားအဖ သစ်ပင်
ကြီးအောက်ထိုင်ပြီး ရှာနာမာကို ငါကဖတ်ပြတယ်။ သားကလေး အကြိုက်ဆုံး
အခန်းကိုတော့ ပြောပြစရာမလိုပါဘူးနော်။ သူ့နာမည်ပါတဲ့ ရိုစတမ်နဲ့စိုးရက်ပ်
အခန်းလေ။ မကြာခင်မှာ သားကလေး ဒီစာအုပ်ကို ဖတ်နိုင်တော့မှာပါ။
သားကလေးအတွက် ငါသိပ်ဂုဏ်ယူတယ်။ ငါကတော့ ကံကောင်းတဲ့အဖေပဲဟေ့။
အစ်ကိုအေမားရေ …
ဆပ်ရာဟင် တော်တော်မမာဘူး။ တစ်နေ့လုံး ချောင်းတွေဆိုးတယ်။ ပါးစပ်ကို
အကျႌလက်နဲ့သုတ်တဲ့အခါ သွေးစငါတွေ့တယ်။ လူက ပိန်ကျသွားတယ်။
ဖာဇာနာချက်ပေးတဲ့ ထမင်းနဲ့ဟင်းကို နည်းနည်းလောက်ပိုစားစေချင်လိုက်တာကွာ။
သူကတော့ တစ်လုပ်နှစ်လုပ်ပဲ။ ဒါတောင် ဖာဇာနာကိုအားနာလို့။ သုံးလေးရက်နေရင်
ပါကစ္စတန်ကိုသွားပြီး ဆရာဝန်နဲ့တွေ့မယ်တဲ့။ သတင်းကောင်းကြားရပါစေ
ဆုတောင်းတယ်။ ဒါပေမယ့် ငါ့စိတ်ထဲမှာကြောက်နေတယ်။ ဆပ်နေပြန်ကောင်း
မှာပါလို့ သားလေးကိုတောင် ပြောထားရတယ်။ ခုမှဆယ်နှစ်ပဲရှိသေးတဲ့ သား လေးက
ဆပ်ကိုသိပ်ချစ်တာလေ။
ခုတလော ငါအိပ်မက်တွေမက်တယ်ကွာ။ တစ်ချို့က အိပ်မက်ဆိုးတွေ။
ဘောလုံးကွင်းထဲမှာ ပုပ်အဲ့နေတဲ့လူသေကောင်တွေ။ မြက်တွေက သွေးတွေရဲလို့။
ငါဇောချွေးတွေပျံပြီး အိပ်ယာကနိုးလာရပေါင်းများပြီ။ အိပ်မက်ကောင်းတွေ
မက်တာ ကတော့ ပိုများပါတယ်။ ဆပ်နေပြန်ကောင်းလာမယ်လို့ မက်တယ်။ သားကလေး
လူကောင်းသူကောင်းအဖြစ် ကြီးလာမယ်လို့မက်တယ်။ ကဘူးက လမ်းတွေထဲ
လော်လာပန်းတွေ ပြန်ပွင့်လာလိမ့်မယ်၊ သီချင်းသံတွေကြားရတော့မယ်၊ တစ်နေ့နေ့
ကျရင် အစ်ကိုအေမား ကဘူးကိုပြန်လာလိမ့်မယ်လို့ မက်တယ်။ တကယ်လို့သာ
ပြန်လာရင် အစ်ကိုအေမားကိုစောင့်မျှော်နေတဲ့ သစ္စာရှိတဲ့သူငယ်ချင်းကို
တွေ့ရမှာပါ။
အလာဟ်အရှင် အစ်ကိုအေမားနဲ့အတူ ရှိပါစေ။
ဟက်ဆန်
စာကို ကျွန်တော်နှစ်ခေါက်ဖတ်သည်။ ဓာတ်ပုံကို နောက်တစ်မိနစ်
ကြာအောင်ကြည့်မိပြန်သည်။ စာခေါက်နှင့်ဓာတ်ပုံကို အိတ်ထဲပြန်ထည့်ပြီး
”သူနေကောင်းရဲ့လား” ဟု မေးကြည့်လိုက်ရာ …
”အဲဒီစာက လွန်ခဲ့တဲ့ခြောက်လတုန်းက ရေးခဲ့တဲ့စာ။ ပက်ရှဝါကို ကာကာ
ထွက်မလာခင်ကလေးတင် ရေးထားတဲ့စာ။ ပိုလာရွိုက်ဓာတ်ပုံကလည်း ကာကာ
ထွက်မလာခင်နေ့က ရိုက်ပေးခဲ့တာ။ ပက်ရှဝါကိုရောက်ပြီး တစ်လကြာတော့ ကဘူးက
အိမ်နီးချင်းတစ်ယောက် ဖုန်းဆက်တယ်။ သူပြောပြလို့သိရတဲ့ဇာတ်လမ်းက ကာကာ
ခရီးထွက်လာပြီး သိပ်မကြာခင်မှာပဲ ဝဇီရာအက္ခဘာခန် ရပ်ကွက်ထဲက
အိမ်ကြီးတစ်လုံးမှာ ဟာဇာရာမိသားစုနေတယ်ဆိုတဲ့ သတင်းပျံ့သွားသတဲ့။ တာလီဘန်
အရာရှိနှစ်ယောက်ရောက်လာပြီး အိမ်ကိုလာရှာ၊ ဟက်ဆန့်ကို စစ်ဆေးတယ်။ ဟက်ဆန်က
သူတို့မိသားစုဟာ ကာကာနဲ့အတူနေတာပါလို့ ရှင်းပြတယ်။ အိမ်နီး ချင်းတွေ
အကုန်လုံး – ကာကာ့ကို ဖုန်းဆက်တဲ့လူအပါအဝင် အားလုံးက
ဟက်ဆန်ပြောတာမှန်တဲ့အကြောင်း ထောက်ခံတယ်။
ဒါနဲ့တောင် တာလီဘန်အရာရှိက ဟက်ဆန့်ကို လူလိမ်လို့စွပ်စွဲတယ်။
ဟာဇာရာမှန်သမျှ လူလိမ်သူခိုးချည်းမို့ သူလည်းလူလိမ်သူခိုးတဲ့။ နေမဝင်မီ
အိမ်ထဲကနေ တစ်မိသားစုလုံးထွက်ကြတဲ့။ ဟက်ဆန်က အာခံတယ်။ ဒါပေမယ့်
ဖုန်းဆက်ပြောတဲ့လူက ကာကာ့ကို ဖုန်းထဲမှာဘယ်လိုပြောတယ်မှတ်သလဲ။
အိမ်ကြီးကို ကြည့်နေတဲ့ တာလီဘန်တွေဟာ သိုးအုပ်ကြီးကိုကြည့်နေတဲ့
ဝံပုလွေတွေနဲ့ တစ်ပုံ တည်းပဲတဲ့။ တာလီဘန်တွေက ဟက်ဆန့်ကိုဘာပြောလဲဆိုတော့
ကာကာပြန်ရောက် ချိန်ထိ အိမ်ကိုသူတို့ထိန်းသိမ်းပေးထားမယ်တဲ့။ ဒီတစ်ခါလည်း
ဟက်ဆန်က ကန့်ကွက်ပြန်ရော။ ဒီတော့ တာလီဘန်တွေ ဟက်ဆန့်ကို
လမ်းပေါ်ဆွဲထုတ်-”
”ဟင့်အင်း” ကျွန်တော် အသက်ရှူမှားလာသည်။
”ပြီးတော့ ဒူးထောက်ခိုင်းတယ်-”
”ဟာ … မဟုတ်ဘူး”
”ဟက်ဆန့်ကို နောက်စေ့ကနေ သေနတ်နဲ့ပစ်ချလိုက်တယ်ကွယ် -”
”ဟာ”
”ဖာဇာနာ အော်ပြီး အတင်းဝင်လုံးတော့ -”
”ဟာ”
”ဖာဇာနာကိုပါ ပစ်ချလိုက်တယ်။ မိမိကိုယ်ကို ကာကွယ်တာတဲ့။
နောက် တော့မှ
သူတို့ပြောတာ -”
”ဟာ … ဟာ … ဟာ”
……………………
……………………..
………………………
_____________________________
ဆက်ပါဦးမည်..။
____________________________
မူရင်းစာအုပ်အမည်…..THE KITE RUNNER
မူရင်းစာရေးဆရာ…….KHALED HOSSEINI
______________________________
မြန်မာပြန်ဆိုသူ …… ဝင့်ပြုံးမြင့်
မြန်မာပြန် စာအုပ်အမည်……..တိမ်ယံသစ္စာ
2009 / ဇွန် ၊ ပထမ အကြီမ် ။
စာမျက်နှာ စုစုပေါင်း…350
13 x 21 စင်တီဆိုဒ်
စာအုပ်တန်ဖိုး … 3000 ကျပ်
______________________________
လေးစားစွာဖြင့်..
……………………………
6 comments
မောင်ပေ
July 19, 2012 at 7:02 pm
ဆိုးပဗျာ.. ယောက်ျားကော မိန်းမပါ ပစ်ခံရတယ်ဆိုတော့ ၊ စိုးရက်ပ် ကလေး ရော လွတ်ပမလား…
အလင်းဆက်
July 19, 2012 at 7:07 pm
ကိုပေ..ရေ..ဒီအခန်းဖတ်ပြီးတော့..ကျွန်တော်လည်း..ဟာ..ဟာ…ဟာ..လို့ အော်မိတဲ ့အထိပဲ…။
စိုးရက်ပ်လေး… လွတ်..မလွတ်တော့..ပြောသေးဘူး…ဂျ ။
မကြာမီ..လာမည်…မျှော်…ပေါ့နော် ။
အဟိ ။
သကြားလုုံးကြော်
July 20, 2012 at 3:31 am
ပြန်တွေ့ ရခါနီး တဲတဲလေးလိုုတော့မှပဲ သေနတ်နဲ့ ပစ်ခံရတယ်လိုု့ ။ ဇာတ်ဆင်တဲ့သူတွေက တကယ်တတ်နိုုင်တယ်။
သူတိုု့ဆီမှာ အသက်တစ်ချောင်း တန်ဖိုုးနည်းလိုုက်တာ တွေ့ရတော့ လုုံလုုံခြုံခြုံ လက်ရှိဘဝမှာမွေးလာတာ ကျမတိုု့ အတော်ကံကောင်းတာပဲ လိုု့။ အရင်ဘဝပေး အကျိုးကံတွေကွာတယ်ဆိုုတာ ဒါမျိုးထင်ပါရဲ့ ။
shwe kyi
July 20, 2012 at 12:16 pm
ကိုအလင်းဆက်ရေ အခုမှနှစ်ပိုင်းစလုံးပေါင်းဖတ်ဖြစ်တော့တယ်။
စိတ်မကောင်းဖြစ်သွားတယ်။ အေမားခမျာ ဟက်ဆန်သတင်းကိုကြားမဲ့ကြားရတော့ သတင်းဆိုး။
သစ္စာရှိလွန်းတဲ့ဟက်ဆန် ယောက်ျားကိုရှင်ဘုရင်လိုအားကိုးတဲ့သူ့ဇနီး ငယ်ရွယ်သေးတဲ့ သူတို့ကလေး
သနားစရာကောင်းလိုက်တာ။ ဟက်ဆန်သူ့အမေနဲ့ပြန်တွေ့သွားရတာဖတ်ရတော့တမျိုးကျေနပ်မိတယ်။
ဆက်ပါဦးရှင်။
ကြောင်ကြီး
July 21, 2012 at 10:14 am
သဂျီးတို့အမျိုး တာလီဘန်တွေ ဆိုးပုံကတော့ ေဩာချလောက်ပါပေတယ်။ ဒါနဲ့များ သဂျီးက ငွေငါးသိန်းပေးရင် နိုင်ငံသားကတ်ဒ် ထုတ်ပေးအုံးမတဲ့လေ။ သူနွားကင်စားနိုင်ဖို့ ကျုပ်တို့တိုင်းပြည် အပျက်ခံပေးရမဒဲ့ဗျာ….။ 😥
အလင်းဆက်
July 21, 2012 at 6:22 pm
သကြားလူု့းကြော်ရေ..
အမှန်ပဲ..ပေါ့နော် ။ ကံ အကျိုးပေးတွေ..ကွာကြပါတယ် ။
ရွှေကြည်ရေ…နောက် အပိုင်းမှာ..စိတ်ဝင်စားစရာ..လျှို ့ဝှက်ချက်..ကြီး..လာမယ်..နော် ။
ဦးကြောင်..။ .. သူကြိး..ခညာ…..တနားပါတယ်..။ နော်..။