ပထမနှစ်မှာ ကျွန်တော်တို့ ခင်းထားတဲ့ လမ်းလေးက နောက်ကြာတော့ မြေကြီးထဲမြုပ်ကုန်တယ်။ နောက်ပြီး ချောင်းကလည်း ပိတ်ပြီး ပိုပြီး ရေကြီးလာတယ်။ တစ်ခါတစ်လေ သွားမရတော့ဘူး။ အဲ့ဒါနဲ့ပဲ ….. နောက်တစ်ခါခင်းမယ်ဆိုပြီး ကြံပါတယ်။ ဒါပေမဲ့ အုတ်က မရတော့ဘူးလေ။ နောက်ပြီး ချောင်းကူတဲ့ တံတားလေး တစ်ခု လုပ်ချင်တာ။ အဲ့ဒါနဲ့ ကျောက်စိမ်းမှာ အုတ်ကျိုးတွေ သွားပြီး ဈေးစုံစမ်းတယ်။ ဗိုလ်ကျောက်စိမ်းကလည်း လမ်းခင်းမယ်ဆိုတာလည်း သိရော …. အုတ်ကျိုးရှိသလောက် အကုန်သာသယ် … ထော်လာဂျီတစ်စီးဖိုးပဲပေးလို့ပြောပါတယ်။ နောက်ပြီး ထော်လာဂျီလိုက်ငှားပြီး ထော်လာဂျီသမားကို ပြောထားရတယ်။ ခင်ဗျား ကျွန်တော်တို့ အချက်မပြမချင်း ဆေးရုံထဲမဝင်လာနဲ့လို့လေ။ အခုတစ်ခါကတော့ ဆေးရုံအုပ်ကြီးကို ခွင့်တောင်းမှ ရတော့မှာကိုး။ အဲ့ဒါတွေအကုန်လုံးကျွန်တော်တစ်ယောက်တည်း ပါတ်လှုပ်ရှားနေရတာ။ အဆောင်ကကောင်တွေက စိတ်မဝင်စားဘူးဗျ။ နဂါးနိုင်ဓါးလား ကြည့်နေကြတာနဲ့လေ။ အုတ်နဲ့ ထော်လာဂျီကို ပိုက်ဆံပေးပြီးတဲ့အခါကျတော့ ပိုက်ဆံက မကျန်တော့ဘူး။ အဲ့ဒါနဲ့ calculator လေး သွားပေါင် …. ဖွားနီဆီမှာ ၁၀၀၀ဝ နဲ့။ နောက်ပြီး ကျွန်တော့်သူငယ်ချင်း ဝေလင်းရဲ့ သစ်စက်မှာ သစ်သွားဝယ်။ အဲ ….. သစ်တွေ သယ်ဖို့ကျတော့ ပိုက်ဆံက မလောက်ပြန်ဘူး။ သစ်ကလည်းမလောက်သေးဘူး။ အဲ့ဒါနဲ့ မရရအောင်သယ်မယ်ဆိုပြီး ဆိုင်ကယ်နဲ့ တစ်ချောင်းချင်းစီ အဆောင်ကို သယ်ပါတယ် … ဝေလင်းနဲ့ပေါ့။ နောက်ပြီးသံတွေသွားဝယ်။ထုံးစံအတိုင်း workshop က တူတွေ လွှတွေသွားငှား။ ညကျရင် တစ်ခါတည်းပြီးအောင်လုပ်ဖို့အတွက် …. သစ်တွေကို တိုင်းပြီးဖြတ်။ နောက်ပြီး သံမရိုက်သေးဘဲ ဒီအတိုင်းထားထားလိုက်တယ်။ တံတားရိုက်ထားရင် အလေးကြီးဖြစ်နေမှာလေ ။ ဘယ်သယ်နိုင်မတုန်း။ အဲ့ဒါနဲ့ ညနေ ၄ နာရီလောက်ကျတော့ အဆင်သင့်ဖြစ်နေပါပြီ။ အဲ ….. သစ်လိုတာကိုတော့ ရပ်ကွက်ထဲမှာ ဟိုအိမ်ဝင် ဒီအိမ်ထွက်နဲ့ သစ်တို သစ်စ လေးတွေ လိုက်တောင်းတာပေါ့ …. ဟီး … ဟီး။
၄ နာရီခွဲလောက်ကျတော့ သူူငယ်ချင်းတွေက မင်းဘာလုပ်နေတာတုန်းမေးကြတယ်။ ငါ လမ်းခင်းမယ် တံတားထိုးမယ်ပြောတော့ … သူတို့က တစ်ကယ်မလုပ်ဖူးထင်နေတာတဲ့။ တစ်ကယ်ဆို ငါတို့လည်းလိုက်မယ်ဆိုပြီး …. ၄ ၊ ၅ ယောက်လောက် စုမိသွားပါတယ်။ ၆ နာရီလောက်ကျတော့ ထော်လာဂျီကလည်း အုတ်တွေ တင်ပြီးပြီ။ နည်းနည်းလည်းမှောင်ပြီဆိုပြီး သစ်တွေထမ်းကြမယ် ၊ သွားကြမယ်လို့ စီစဉ်ပါတယ်။ အဲ ….. ကောင်းတာ လုပ်မှာမို့လားမသိဘူး ၊ထူးထူးဆန်းဆန်းပဲ …. အားလုံးပေါင်း ဘော်ဒါ ၁၅ ယောက်လောက် ထပ်ရောက်လာတယ်ဗျ။ အဲ့ဒါနဲ့ ရ နာရီကျော်ကျော်လောက်ကျတော့ သစ်တွေထမ်းပြီး ဆေးရုံကို ချီတက်ကြပါတယ်။ ဆေးရုံကိုရောက်တော့ …… ကျွန်တော်က ကျွန်တော်သူငယ်ချင်း နှစ်ယောက်ကို … ဟေ့ရောင်တွေ မင်းတို့ ဆေးရုံအုပ်ကို ပြောပေးကွာဆိုပြီး အကူအညီတောင်းပါတယ်။ ဒါနဲ့ပဲ သုံးယောက်သား ဆေးရုံအုပ်ကြီးအိမ်ထဲကို ဝင်တွေ့ကြပါတယ်။ အိမ်ကိုရောက်တော့ ဘုရားရှိခိုးနေတာကို အကြာကြီး ထိုင်စောင့်ကြရသေးတယ်။ ဘုရားရှိခိုးပြီးတဲ့အခါကျတော့ အိမ်ရှေ့ကို ထွက်လာတယ်။ ကျွန်တော့်ကို တွေ့တော့ တန်းပြီး မှတ်မိတယ် ။ အေး … ဘာကိစ္စတုန်းဆိုပြီး မေးတော့ ….. ဟိုနှစ်ကောင်က အသံမထွက်တော့ဘူး။ အဲ့ဒါနဲ့ မထူးပါဘူးဆိုပြီး ကိုယ်တိုင်ပဲ ပြောရပါတော့တယ်။ ကျွန်တော်တို့ လမ်းလေးပျက်တာ ပြင်ချင်လို့ပါလို့။ဆေးရုံအုပ်ကြီးက …… မရဘူး …..မင်းတို့ အရင်နှစ်က လုပ်တုန်းက လုပ်ပြီးသွားပြီမို့ ပေးလိုက်တာ ဘာညာပေါ့။ကျွန်တော်ကလည်း ခွင့်ပြုပါဆရာရယ် ဘာညာနဲ့တောင်းပန်။ ဆေးရုံအုပ်ကြီးမှာ ဒေါသတွေလည်း ထွက်လို့။ နောက်ဆုံးတော့ …… သူက မင်းတို့ ပြန်တော့ ….ဆိုပြီး နှင်ထုတ်ရင်း တံခါးထဖွင့်ပါတယ်။ အဲ …. အဲ့မှာပိုဆိုးတာ .. အပြင်မှာ စောင့်နေတဲ့ လူတွေ အများကြီးမြင်တော့ လန့်သွားပြီး …… မင်းတို့က ငါ့ကို ကျောင်းသားတွေဆိုပြီး အကြပ်ကိုင်တာလားဆိုပြီး ထပ်ကြမ်းပါလေရော ။
အဲ ……. အဆိုးဆုံးဖြစ်သွားတာက ကျွန်တော်တို့ကလည်း အတင်းပြော …. သူကလည်း တအား ဒေါသထွက်နေတဲ့အချိန် မှာ….. ဒုန်း ဒုန်း ဒိုင်း ဒိုင်း နဲ့ အုတ်တင်ထားတဲ့ ထော်လာဂျီကြီးဝင်ချလာပါလေရော။ သူလည်းကြောင်ပြီး ကြည့်နေသေးတယ်။နောက်ပြီးကျတော့ ထော်လာဂျီက ခပ်တည်တည်နဲ့ သူ့ဆေးရုံရှေ့မှာ အုတ်တွေလှန်ချပလိုက်ပါလေရော။ အားပါးပါး …… စိတ်ဆိုးတာမှ စာအုပ်တွေနဲ့လည်း ပစ်ပေါက်လို့ …. ဟီး ဟီး ….။ နောက်ပြီး မကျေနပ်ချက်တွေအကုန်ပေါက်ကွဲတော့တာပါပဲ။ မင်းတို့ကျောင်းသားတွေ ငါဆေးရုံဝင်းထဲက မာလကာပင်ပေါ်တက်၊ အကုန်ခူးတယ်၊ တယုတယစိုက်ထားတဲ့ ဆေးပင်တွေ လက်ဆော့ပြီး ဆိတ်ဆိတ်သွားတယ်။ မိန်းကလေးတွေက ပန်းတွေခူးတယ်။ အပင်တွေရေလောင်းဖို့ လုပ်ထားတဲ့ စည်ပိုင်းတွေမှာ ခြေထောက်ဆေးတယ်။ ရွံတွေကို ငါ့ ဆေးရုံလှေကားမှာ လာလာခွာတယ်။ ……. အား ….. စုံစေ့နေတာပဲ။ ကျွန်တော်လည်း တောင်းပန်ရတာပေါ့။ ..ဆရာကြီး ………. ကျောင်းသားတွေကို ကျွန်တော် တတ်နိုင်သလောက်ပြောပါ့မယ် ပေါ့။ ပန်းတွေး မခူးစေရဘူး ၊ခြေလည်းမဆေးစေရဘူး ၊ မာလကာသီးလည်း မခူးစေရဘူး၊ အကုန်ဘာမှမဖြစ်စေရတော့ဘူးပေါ့။
နောက်ဆုံးကျတော့ သူလည်း ဘယ်လိုမှ တားမရတော့မှန်းသိသွားတယ်ထင်တယ် …. အေး … မင်းအဲ့ဒါဆို တစ်ခုလုပ်ပေးရမယ်တဲ့။ အဲ့ဒီနားတစ်ဝိုက်က ခြုံထူတယ်( ဟုတ်တယ် ရိုးတံရှည်ကိုင်းပင်တွေ ၈ ပေလောက်ကို မြင့်တယ်) အဲ့ဒါတွေကို လုံးဝ အပြောင်ရှင်းရမယ်တဲ့ ဆေးရုံက လှမ်းကြည့်ရင် အားလုံးကို မြင်နေရအောင် ရှင်းရမယ်တဲ့။ ကျွန်တော်လည်း ဟုတ်ကဲ့ပါပေါ့ … ဆရာ ကျွန်တော် ရှင်းပေးပါမယ် ကတိပေးပြီး ခွင့်ပြုချက်ရသွားပါတယ်။ နောက်ပြီး ပြဿနာတစ်ခုခုဖြစ်လာရင် ကျွန်တော်နဲ့ပဲ အကုန်ပါတ်သတ်ပါတယ် သူနဲ့ မသက်ဆိုင်ပါဘူး ဆိုတာကို လက်မှတ်ထိုးပေးရတယ်။ အဲ့ဒါနဲ့ပဲ ဆေးရုံအုပ်ကြီးကို ကန်တော့ပြီး လမ်းခင်းဖို့ထွက်လာပါတယ်။ ဆရာ ထော်လာဂျီသမားကလည်း ညနက်မှာစိုးလို့ ဝင်လာလိုက်တာပါတဲ့ …….. ကဲ …… ။အဲ့ဒါနဲ့ အုတ်ပုံကြီးကို အားလုံးလက်ဆင့်ကမ်း ရွှေ့ပြီးတော့ လမ်းခင်းပါတယ်။ လူကများတော့ ၁ နာရီလောက်ပဲကြာတယ် ခင်းပြီးသွားရော။ နောက်ပြီးကျတော့ တံတားစလုပ်ပါတယ်။ အဲ့ဒါလည်း တူတစ်ယောက်တစ်ချက်နဲ့ ပြီးသွားပါတယ်။လှေကားလည်း အဲ့အတိုင်းပဲ မြန်တယ်။ နောက်ပြီးကျတော့ အားလုံး ကိုဇော်ဆိုင်မှာ အောင်ပွဲဆိုပြီး လက်ဖက်ရည်သောက် ၊ အဆောင်ပြန် ၊ ရေချိုးကြ ၊အိပ်ကြ နဲ့ တစ်ညကုန်သွားပါတယ်။ နောက်နေ့ကျတော့ အဆောင်မှူးဦးလေးကို ခြုံရှင်းဖို့အလုပ်သမား ကူရှာခိုင်းရတယ်။ အလုပ်သမားက ရတယ်။ ပိုက်ဆံကမရှိဘူး ….။ အဟဲ …. ခပ်တည်တည်ပဲ … အဆောင်မှူးဦးလေးကို ဦးလေးစိုက်ထားပေးဆိုပြီး ဖြေရှင်းလိုက်တယ်။ လကုန်တော့ ပြန်ဆပ်ရတာပေါ့။အဲဒါတွေဖြစ်ပြီး နောက်ပိုင်းမှာ ကျောင်းကိုသွားတိုင်း ဆေးရုံအုပ်ကြီးရဲ့ ဘုရှိုးရှိုးတာကို ခဏခဏ ခံရပါတယ်။ ဒါကလည်း အမှတ်တရပေါ့ …..
Post Views: 274
8 comments
သန်းထွဋ်ဦး
July 20, 2012 at 10:14 pm
အားပေးသွားပါတယ်ဗျာ။စာလုံးတွေ ပူးနေလို ့ဗျ။
မောင်ပေ
July 21, 2012 at 1:56 am
ရိုးရိုးပုံမှန် အရင်အခါတွေလိုပဲ တင်ရင် ဖတ်ရတာ ပိုရှင်းပါမည် ဟု
ခင်မင်စွာဖြင့်
မောင်ပေ
ဇောက် ထိုး
July 21, 2012 at 6:37 am
ကျွန်တော့်မျက်လုံးတွေကို ပိုပြီး အလုပ်လုပ်စေတဲ့အတွက်… မျက်လုံးကျန်းမာရေးကို ပိုပြီးကောင်းစေပါသည်။ ကျေးဇူးတင်ပါသည်။
ဟီးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ကိုရင်မောင်
July 21, 2012 at 9:28 am
yuiio ရဲ့..ကျောင်းသားဘဝ အမှတ်တရ
ဖတ်လို့ကောင်းတယ်ဗျို့ ဆက်ရေးပါ
အားပေးနေပါတယ်…
ဘယ်လိုရေးပြီးတင်တာတုန်း
စာလုံးတွေပူးနေလို့…..
mamanoyar
July 21, 2012 at 9:44 am
ဖတ်လို့ကောင်းပါတယ်
အားပေးသွားပါတယ်နော်
yuiio
July 21, 2012 at 11:40 am
ဘယ်လိုဖစ်သွားဒုန်းမသိ ……… မက်စိတွေလည်ကုန်ဘီ ………
snow white
July 22, 2012 at 12:38 pm
ဖြစ်တက်ပါတယ်နော် နောက်တစ်ခေါက် အဲ့လိုမဖြစ်အောင်ဂရုစိုက်ပေါ့ အားပေးနေတယ် ဆက်လက်ပို့စ်များများတင်နိုင်ပါစေနော်။။
snow white
July 22, 2012 at 12:36 pm
ဒေါ်ဦးလမ်း(၂)ဖတ်ပြီးမျက်စိစပ်လို့ မျက်ရည်တောင်ဝဲတယ် ပြီးအောင်တော့ဖတ်သွားတယ် နော် ဖတ်လို့ကောင်းပါတယ် ဆက်လက်ရေးသားနိုင်ပါစေ နော်။။ နောက်တစ်ခေါက်ရေးရင်တော့ မျက်စိစပ်မယ့် စာလုံးတွေမပူးပါစေနဲ့နော် အလုပ်အားတုန်းလေး ဝင်ဖတ်တာ ရောဂါတော့ မယူချင်ဘူး မျက်စိစပ်တယ်။။။