ပုံေပြောသူများဆိုသည်မှာ
ဒီ Mandalay Gazette မှာ ကျွန်တော်တို့ ပုံပြောသူများအဖွဲ့ ကိုစိတ်ဝင်စားသူများ ရှိကြလို့ ဝမ်းသာပါတယ် အခု ပုံပြောသူများအဖွဲ့ရဲ့ စိတ်နေစိတ်ထားနဲ့ အခြေအနေလေးကို ကျွန်တော်တို့ ပုံပြောသူများ အဖွဲ့မှ မချမ်းငြိမ်းဖြူ က ခံစားရေးသားထားတာကို တင်ပြလိုက်ပါတယ်
လမ်းမှာပေါ်မှာ လူငယ် ၁ဝ ယောက်လောက် လမ်းလျှောက်နေကြသည်။ အဝေးမှ ကြည့်လျင် တော်တော် ဆော့တဲ့ အဖွဲ့လို့ ထင်လိမ့်မည်။ သူတို့ အဖွဲ့ သည် ပူပြင်းလှသည် မတ်လနေရောင် အောက်မှာ အပြုံးမပျက် လမ်းလျှောက်နေကြသည်။ သူတို့ အဖွဲ့တွင့် လမ်းပေါ်တွေသမျှကို ခြေထောက်ဖြင့် လိုက်ကန်နေတဲ့သူပါသည်။ ဂစ်တာကြီးကို ကို့ရို့ကားယား လွယ်ပြီး လမ်းလျှောက်ရင်း ဂီတာတီးသူပါမည်။ ထိုသူတီးသမျှကို အပေါက်လမ်း မတည့် လိုက်ဆိုသူ နှစ်ယောက်လောက် ပါမည်။လွယ်အိတ်စုတ်ကြီး လွယ်ထားသူနှင့် အားရပါးရ ရယ်တတ်သူ လည်းပါမည်။ အဖွဲ့မှာ ၁ဝယောက်လောက် ရှိလျှင် ၉ ယောက်လောက်မှာ မျက်မှန် တစ်ဝင်းဝင်းနှင့် ဖြစ်သည်။ သူတို့သည် တူညီသော ပန်းတိုင်တစ်ခုကို အတူလျှောက်လှမ်းနေသော လျှောက်လှမ်း နေကြသော ရဲဘော်ရဲဘက်များ ဖြစ်ကြသည်။
အနာဂတ်အတွက် သူတို့၏လုပ်ရပ်များသည် မည်မျှအထိအကျိုး ရှိမည်ကို သူတို့ကိုယ်တိုင် ဝေးဝေးလံလံ စဉ်းစားမိချင်မှ စဉ်းစားမိမည်။ သို့ရာတွင် သူတို့၏ တန်ဖိုးရှိသော အချိန်ကို တန်ဖိုးရှိစွာဖြင့်ပင် ကုန်ဆုံးနေကြသည် ကိုမူ သူတို့ကောင်းကောင်းကြီးနားလည် သဘောပေါက်ကြလေသည်။
သူတို့၏ ခြေထောက်များသည် လိုင်းကားတိုးစီးလိုက်၊ ခြေကျင်လျှောက်လိုက်ဖြင့် ဖုန်အလိမ်းလိမ်းရှိသည်။ သူတို့၏ အစာအိမ်များသည် မုန့်ဟင်းခါးတစ်ပွဲကို နှစ်ယောက်ဝေစား ရသည်အထိ သဘောကောင်းကြသည်။ သူတို့၏ ပိုက်ဆံအိတ်များသည် အကြွေများသာရှိနေသည်ကို မညီးမညူ လက်ခံပေးသည်။ သူတို့၏ နှလုံးသား သည် တစ်ပါးသူအတွက် အမြဲဖြူစင်သန့်ရှင်းနေကြသည်။ဘယ်လိုပဲ အခက်အခဲ စိန်ခေါ်မှုတွေရှိရှိ သူတို့သည် အပြုံးမပျက် စည်းလုံးစွာဖြင့် သူတို့၏ လမ်းခရီးကို လျှောက်လှမ်းနေကြ ဦးမည် ဖြစ်သည်။ရည်မှန်းချက်ပန်းတိုင်ကို အတူလျှောက်လှမ်းခြင်းဖြင့် လူငယ်ဘဝကို အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းနေသော ထိုအဖွဲ့ကို ပုံပြောသူများဟုခေါ်ပါသည်။
ပုံပြောသူများ အဖွဲ့ဝင် ချမ်းငြိမ်း(ခ)ဂျစ်တူး(ခ)အရိုး ရေးသားသည်။