အပိုင်းအစများ (၁)

toyoJuly 3, 20101min1341

လူသာကြီးလာတယ်….

ငယ်ငယ်တုန်းကတော့ ကလေးပေါ့၊ ကြီးတော့ လူကြီးလေ၊ လူကြီးလာတာလား၊ စိတ်ကြီးလာတာလား၊ လူကြီးလာတာ အသက်ကြီးလာတာကတော့ မဆန်းပါဘူး၊ အချိန်တွေကုန်ရင် အသက်ကလည်း သူ့အလိုလို ကြီးလာပြီး လူကြီးဖြစ်လာတာပါ၊ အင်း လူကြီးသလို စိတ်ကြီးဘို့လည်း အလွန်အရေးကြီးပ၊ လူကသာ ကြီးတာ၊ စိတ်က ကလေးစိတ်ဆိုတာကို တစ်ချို့အတော်များများက ကြိုက်နေကြတယ်၊ တကယ်စဉ်းစားကြည့်ရင် အဲဒါက ချီးကျူးတာမဟုတ်ဘူး၊ နိမ့်ချတာ၊ လူသာ ကြီးလာတာ ဘာမှမသိဘူး၊ ဘာမှမတတ်ဘူး၊ ဘာမှကို မဟုတ်ဘူး၊ အသုံးမကျဘူးလို့ပြောတာနဲ့ တူတူရယ်။

သင်ကောင်းလျှင်….

သိပ်လှတဲ့စကားမို့လားမသိဘူး၊ လ္ဘက်ရည်ဆိုင်၊ စတိုးဆိုင်၊ မုန့်ဆိုင် ဆိုင်အမျိုးမျိုးမှာ တွေ့ဘူးတယ်၊ ချိပ်ဆွဲထားကြတယ်၊ တစ်ချို့ဆို တကယ့်ကိုခမ်းခမ်းနားနားပါပဲ၊ သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ-တဲ့၊ အင်းသင်ကောင်းမှ ကျွန်ုပ်မဆိုးမှာနော၊ သင်မကောင်းရင် မင်းမကောင်းရင်တော့ ငါကလည်း မင်းလိုပဲ ဆိုးပစ်လိုက်မယ်ဆိုတဲ့သဘောပေါ့နော၊ အင်း ဒါဆိုရင်တော့ ဘာထူးမှာလဲ၊ ကိုယ်ကိုယ်တိုင်က လူကောင်းမှမဟုတ်တာ၊ ကိုယ်လည်း လူဆိုး၊ သူလည်း လူဆိုးပဲဟာ၊ သူကောင်းမှ ကောင်းမယ်၊ သူဆိုးရင် ဆိုးမယ်ဆိုမှတော့ ဘာမှချီးကျူးစရာမဟုတ်တော့ဘူးလေ၊ ထူးခြားမှုမှ မရှိတာကိုးနော။

သူများအပြစ် လုံးဝမပြောတဲ့သူ…

တက္ကသိုလ် မဟာတန်း တက်စဉ်ကာလက- ဗုဒ္ဓဒေသနာပြန့်ပွားရေး ဘာသာကို သင်ကြားပို့ချ ပေးတဲ့ ပိဋကတစ်ပုံဆောင်၊ ပါဠိပါရဂူ၊ ဓမ္မာစရိယ ဆရာတော် ဘဒ္ဒန္တရာဇိန္ဒက ပြောဘူးတယ်- သူများ အပြစ်များများ ပြောတဲ့သူဟာ သူ့မှာ အပြစ်တွေ အများကြီးရှိနေလို့တဲ့၊ နောက် သူများအပြစ် အလယ် အလတ်လောက်ပြောတဲ့သူဟာ သူ့မှာလည်း အပြစ်တွေ မယုတ်မလွန်ရှိနေလို့တဲ့၊ နောက်ဆုံး သူများ အပြစ် လုံးဝမပြောတဲ့သူမှာတော့ သူ့ကိုယ်တိုင်မှာ အပြစ်လုံးဝကင်းစင်နေလို့တဲ့၊ မှတ်သားစရာပါပဲ၊ အလွန်ကို လိုက်နာစရာကောင်းလှပါတယ်၊ ကိုယ်လည်း အတတ်နိုင်ဆုံးတော့ ရှောင်တာပါပဲ၊ တစ်ခါ တစ်ခါ ပြောမိတဲ့ခါများ ဆရာတော့်စကား ရင်ထဲရောက်လာတာနဲ့ ပြောတဲ့နေရာမှာတောင် ရပ်တန့်မိပါရဲ့။

သေ အေးရောကွာတဲ့…

တချို့တွေ ပြောတတ်ကြပါတယ်၊ ဘဝ-နာနေတဲ့အခါ၊ ဝေဒနာတွေ မချိမဆန့်ခံစားနေရတဲ့ အခါ၊ စိတ်ဝေဒနာ စိတ်ဒဏ်ရာ ကြီးကြီးကျယ်ကျယ် ရလာတဲ့အခါ အဲဒီလိုအခါမျိုးတွေမှာ သေ အေးရောကွာတဲ့၊ အင်း စဉ်းစားစရာပဲ၊ သေရင် အေးသွားရောလား၊ သံသရာဆိုတာကို ယုံကြည်သူ၊ အနာဂတ်ဆိုတာကို တမလွန်ဆိုတာကို ယုံကြည်လက်ခံသူအဖို့ကတော့ သေရင် မအေးပါဘူး၊ သေရင် အေးစရာအလုပ်တွေ မလုပ်ရသေးသ၍၊ လုပ်ငန်းကိစ္စ မပြီးဆုံးသေးသမျှ ကာလပတ်လုံး သေရင် မအေးသေးပါဘူး၊ မသေခင်၊ သေမင်းကို အတတ်နိုင်ဆုံးတွန်းလှန်ပြီး လုပ်စရာတွေ လုပ်ရဦးမှာပါ၊ အသက်ဆိုတာ ရှင်နေသေးသမျှ၊ အသက်ရှိနေသေးသမျှ ဘဝဟာ တန်ဘိုးတွေရှိနေပါသေးတယ်၊ သေရင် အေးတဲ့အလုပ်တွေကို လုပ်ပြီးတဲ့ အရဟတ္တဖိုလ်ပေါက် ရဟန္တာအရှင်သူမြတ်ကြီးတွေမှာ တောင် ပရိနိဗ္ဗာန်မစံသေးသမျှကာလကို အကျိုးရှိအောင် အသုံးချသွားကြပါသေးတယ်၊ တကယ်ဆိုရင် သူတို့အဖို့က သေရင်၊ ပရိနိဗ္ဗာန်ပြုပြီးရင် အေးငြိမ်းသွားပါပြီ၊ ဒို့လို ပုထုဇဉ်တွေအဖို့ကတော့ မသေ သေးသမျှကာလတွေဟာ တန်ဘိုးရှိနေပါသေးတယ်၊ သေရင်လည်း မအေးသေးပါဘူး၊ အလုပ်တွေ ဆက်လုပ်ရပါဦးမယ်၊ သေရင် အေးဘို့ပေါ့….

ဖြစ်ချင်တာလား၊ လုပ်ချင်တာလား…

ဘဝမှာ တစ်ခါတစ်ရံ အဆုံးဖြတ်တွေ မှားတတ်ပါတယ်၊ အဲဒီလို အဆုံးဖြတ်မှားသွားရင် ဘဝတစ်ခုလုံး ကိုယ့်နှလုံးသားနဲ့ကိုယ် ရန်ဖြစ်နေရတတ်ပါတယ်၊ ဦးနှောက်ကြောင့်ပဲ မှားမှား၊ နှလုံးသား ကြောင့်ပဲ မှားမှား၊ အဲဒီအမှားဟာ တစ်ခါတစ်ရံ ပြင်လို့မရတတ်တော့ပါဘူး၊ ဆိုပါတော့- ဖြစ်ချင်တာက ဆရာဝန်၊ လုပ်ချင်တာက အိမ်ဆောက် တိုက်ဆောက်၊ လမ်းတံတားဆောက်တဲ့ အင်ဂျင်နီယာအလုပ်၊ ဖြစ်သွားပါပြီတဲ့ ဖြစ်ချင်တဲ့ ဆရာဝန်၊ ဆေးမကုချင်ဘူး၊ ပြောခဲ့တဲ့ အိမ်ဆောက် တံတားဆောက် အဲဒါတွေကိုလုပ်ချင်တာ၊ မှားသွားပြီပေါ့ ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်၊ ဘယ်လိုပြင်ပ၊ အချိန်က လွန်သွားပြီ၊ ဆရာဝန်လက်မှတ်ကိုင်ပြီး ဆေးထိုးဘေးချ အိမ်ဆောက်မယ်ဆိုတော့ အင်ဂျင်နီယာရဲ့ တပည့် လက်အောက်ခံအခိုင်းစေပဲ ဖြစ်တော့မှာပေါ့၊ ဒီတော့ ဆုံးဖြတ်ချက် ချတဲ့ခါ ကိုယ့်ကိုယ်ကို အကြိမ်ကြိမ် ပြန်မေးပါ၊ ငါ ဆရာဝန် ဖြစ်ချင်တာလား၊ ဆရာဝန်လုပ်ချင်တာလား၊ အင်ဂျင်နီယာ ဖြစ်ချင်တာလား အင်ဂျင်နီယာ လုပ်ချင်တာလား၊ စစ်သားဖြစ်ချင်တာလား စစ်သားလုပ်ချင်တာလား… လား … လား၊ ပြီးမှ ဖြစ်ချင်တဲ့အလုပ်ထက် လုပ်ချင်တဲ့အလုပ်ကို ရွေးချယ်ပါ။

စာကိုပဲ ပြိုင်ပါ…

ကလေးတို့ ကျောင်းတက်တဲ့ခါ စာကိုပဲပြိုင်ပါ၊ အလှမပြိုင်ပါနဲ့၊ ဓနမပြိုင်ပါနဲ့၊ မာန မပြိုင်ပါနဲ့၊ ကျောင်းသားတစ်ယောက်အတွက် အကောင်းဆုံးပြိုင်ပွဲက စာပြိုင်ပွဲပါ၊ စာမေးပွဲကို ဘယ်လို အဆင့်မြင့်မြင့်နဲ့ အောင်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စာကိုကြိုးစားပြီး ပြိုင်ပါ၊ တခြားဟာတွေ မပြိုင်မိ ကြပါစေနဲ့၊ ကျောင်းသားတစ်ယောက်အတွက် စာလှမှ ဘဝလှမှာပါ၊ နောက်ပြီး ထပ်ပြိုင်ချင်သေးရင် တော့ စိတ်ထားကောင်း မကောင်းပြိုင်ကြပါ၊ သည်းခံခွင့်လွတ်တတ်တဲ့အကျင့်ကို ကျင့်ပါ၊ အဓိကအနေ နဲ့ စာပြိုင်ပါ။

စိတ်ဓာတ်ပြိုင်ပါ…

အပြိုင်အဆိုင်တွေက သိပ်များတဲ့ခေတ်ကြီးပ၊ မာနတွေ ဂုဏ်တွေ ဓနတွေ ပြိုင်ပြီး ဘဝကို အဆုံးမသတ်ကြစေချင်ဘူး၊ စိတ်ဓာတ်တွေ ပြိုင်ပြီး အမြင့်ဆုံး စိတ်ဓာတ်ပိုင်ရှင်တွေ ဖြစ်ဘို့အရေးကြီး တယ်၊ စီးပွားပြိုင်တယ်၊ ကားပြိုင်တယ်၊ လှည်းပြိုင်တယ်၊ နွားပြိုင်တယ်၊ နိုင်ရင်ပြီးရော ဘယ်လိုစိတ် ဓာတ်နဲ့ပဲဖြစ်ဖြစ်ပေါ့၊ နည်းလမ်းပေါင်းစုံ၊ လိမ်နည်းမျိုးစုံ၊ ယုတ်မာနည်းမျိုးစုံ၊ ကောင်းကောင်းဆိုးဆိုး မရွေးဘဲ အနိုင်ရဘို့တစ်ခုတည်းနဲ့ ပြိုင်ကြတယ်၊ ဘယ်ကောင်းမလဲ၊ ယုတ်ညံ့တကာ ယုတ်ညံ့မှုတွေထဲ မှာ စိတ်ဓာတ်ယုတ်ညံ့မှုဟာ အဆိုးဆုံးပဲလေ၊ စိတ်ဓာတ်ယုတ်တဲ့သူဟာ အပြောရော အပြုမူရော ယုတ်ညံ့သွားပြီပေါ့၊ စိတ်ဓာတ်မကောင်းဘူးဆိုမှဖြင့် အပြုမူတွေ ကောင်းစရာမရှိတော့ပါဘူး၊ ဒါကြောင့် စိတ်ဓာတ်မြင့်မြတ်စေဘို့၊ စိတ်ကောင်းမွေးမြူနိုင်အောင် ကြိုးစားကြရမယ်ပေါ့၊ စိတ်ကောင်းရှိတဲ့သူဟာ နေရာတိုင်းမှာ ချီးကျူးစရာ လေးစားစရာ ဖြစ်ပါတယ်။

မင်းကို တစ်နေ့မှ မေ့လို့မရဘူးတဲ့…

ရုပ်ရှင်ဇာတ်ကားတွေ ကြည့်ဘူးတယ်၊ ဝတ္ထုစာအုပ်တွေထဲမှာ ဖတ်ဘူးတယ်၊ မင်းကို တစ်နေ့မှ မေ့လို့မရဘူးတဲ့၊ မင်းသမီးကပဲဖြစ်ဖြစ်၊ မင်းသားကပဲဖြစ်ဖြစ်၊ ချစ်ဦးသူရည်းစားနဲ့ကွဲ၊ မိဘက ပေးစားလို့၊ ဒါမှမဟုတ် အကြောင်းတစ်ခုခုကြောင့် တစ်စုံတစ်ယောက်ကို လက်ထပ်လိုက်ကြရတယ်၊ အဲဒီအခါ ရည်းစားဟောင်းနဲ့တွေ့၊ သူ့ကို လက်ထပ်လိုက်ရပေမယ့် မင်းကို ကိုယ်လေ တစ်နေ့မှ မေ့လို့မရပါဘူး-တဲ့၊ အဲဒီစကားလုံးတွေကို အတော်များများ ကြားဘူးတယ်၊ ဇာတ်လမ်းတွေမှာ အတော်များများကို မြင်ဘူးတယ်၊ ကောင်းသလား၊ ဆိုးသလား အင်း ကိုယ်အမြင်ပြောရရင် မကောင်းဘူးလို့ပဲ၊ ဒါမျိုးက ဇာတ်လမ်းအတွက် သိပ်ကောင်းတာပဲဆိုပြီး သရုပ်ဖော်နေကြတယ်၊ ရေးသားနေကြတယ်၊ တစ်ချို့က လည်း ဒါကိုအတုယူတတ်ကြတယ်၊ လက်ရှိဘဝမှာ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ်၊ ကိုယ်တည် ထောင်ပြီးသား မိသားစု အိမ်ထောင်ရေးကို တည်တည်ငြိမ်ငြိမ်နဲ့ ကြိုးစားပြီး နေသင့်တယ်ထင်တာပဲ၊ ကိုယ့်ကိုယ်ကို မယုံကြည်ရင် အစဦးထဲက ဘာအကြောင်းကြောင့် ဖြစ်စေ၊ မလုပ်ချင်တဲ့အလုပ်ကို ဘယ်သူ့ကြောင့်ဖြစ်ဖြစ် မလုပ်နဲ့ပေါ့၊ လုပ်ပြီးပြီ၊ စပြီးပြီဆိုမှတော့ အကောင်းဆုံးဖြစ်အောင်လုပ်လေ၊ ပြောခဲ့တဲ့စကားကို လက်ရှိ ကိုယ်အိမ်ထောင်ဘက် မိန်းကလေးဘက်ကဖြစ်ဖြစ်၊ ယောကျားလေးဘက် က ဖြစ်ဖြစ်၊ ဘသူကမှ ကြိုက်မည်မဟုတ်၊ ဒီစကားလုံးတွေဟာ အဲဒီအချိန်မှာ ပြောဘို့မလိုအပ်တော့ ဘူးလို့ ကိုယ်တော့ထင်တယ်လေ၊ မသုံးကြစေချင်ပါဘူး၊ လက်ရှိဘဝကို အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်ကြ ပုံဖော်ကြစေချင်ပါတယ်။

ရှေ့ကသွားတဲ့သူနဲ့….

ဟော ကြည့်လိုက်ပါဦး၊ လမ်းလျှောက်တာကိုက ဆောင့်ကြွားကြွားနဲ့၊ ဟော တစ်ယောက် လမ်းလျှောက်တာကြီးက ဘဲကားကြီး၊ အဲ တစ်ဦး ဟာကွာ ဘယ်လိုလူတုန်းဟ လမ်းလျှောက်နေလိုက် တာ တစ်လမ်းလုံးပြည့်လို့၊ ကြည့်စမ်းကွာ ဒီလူကြီး လမ်းလျှောက်တာကလည်း ယိုင်တိ ယိုင်နွဲ့နဲ့……..

ရှေ့က သွားတဲ့သူကို နောက်ကနေလိုက်နေတဲ့သူက သူ့မှာ အခွင့်အရေး အပြည့်ရှိတယ်ဆိုတဲ့ လက်နက်နဲ့ အပြတ်ကို ဝေဘန်နေကြတော့တာပါပဲ၊ ရှေ့ကလူရဲ့ အခြေနေ အရပ်ရပ်ကိုဖြင့် ဘာမှလည်း သိတာမဟုတ်ဘူး၊ ရှေ့ကလူလုပ်တဲ့အလုပ်နဲ့စပ်ပြီးလည်း ဘာမှသိတာမဟုတ်ဘူး၊ သိရင် လည်း မကောင်းတဲ့အပြစ်ရှာပြီး ဝေဘန်ဘို့နောက်ကနေ ကပ်လိုက်နေသလိုမျိုးတွေက များတယ်၊ မြန်မာလူမျိုးတွေဟာ တခြားလူမျိုးတွေထက် သူများအပြစ်ကိုရှာတတ်ကြတယ်လို့ ထင်တယ်၊ ဟုတ်ချင်မှလည်း ဟုတ်မှာပါ၊ ကိုယ့်အမြင်ပြောတာပါ၊ ဘာလို့တုန်း၊ တကယ်သေချာကြည့်တော့ အလုပ် မရှိလို့လို့ ပြောရမလားပဲ၊ သူများနိုင်ငံတွေမှာ အလုပ်နဲ့လက်နဲ့ ပြတ်လို့ကို မရဘူး၊ အချိန်နဲ့တပြေးညီ ပြေးလွှားပြီး အလုပ်တွေ သိမ်းကြုံးလုပ်နေကြရတာ၊ သူတို့အလုပ်တွေကလည်း အားလုံးဟာအချိန်ပေါ်မှာ တည်မှီနေတာကိုး၊ အတင်းပြောတယ်ဆိုတာ အချိန်အားတဲ့သူတွေ အများဆုံး လုပ်တဲ့အလုပ်ပါပဲ၊ အချိန်မအားတဲ့သူတွေမှာတော့ အဲဒီလိုသူများအကြောင်း မပြောနိုင်ကြပါ ဘူး၊ ရှေ့ကလည်း မသွားချင်၊ နောက်ကနေတော့လည်း ကောင်းကောင်းမလိုက်ချင်၊ ဘေးကနေကြ ပြန်တော့လည်း ဘုကလန့်လုပ်ချင်၊ အင်း ရှေ့ကမသွားချင်ရင် နောက်က ကောင်းကောင်းလိုက်၊ နောက် မလိုက်ချင်ရင် ရှေ့က သွားတတ်အောင်ကြိုးစားကြယုံပ။

နောင်တ…

မရတာထက်စာရင်တော့ နောင်တ-ဆိုတာဟာ ဘယ်တော့မှ နောက်ကျတယ် မရှိဘူး ပြောရမှာပါပဲ၊ အသိတစ်ခုရရှိသွားတဲ့အချိန်ကို နောင်တ-ရသွားပြီလို့ ပြောရမလားပဲ၊ နောက်ကျရင် တော့လည်း နောက်ကျသလောက် ခံစားရပေမပေါ့၊ အဇာတသတ် အဖသတ်ပြီး နောင်တတွေရ၊ ဘုရားတရားတွေနာရ၊ နောက်ဆုံးတော့ ဘဝသံသရာတစ်ခုလုံးအတွက် အဆုံးသတ်လက်မှတ် ရရှိသွားခဲ့တာပါပဲ၊ ဒေဝဒတ်ကြီးလည်း နောင်တ-တွေ တပုံတပင်နဲ့ ဘုရားရှင်ဆီအသွား မြေမျိုခံရ၊ ဘုရားရှင်ကို သူ့အပြစ်ဝန်ချတောင်းပန်သွား၊ အဲဒီတော့လည်း သူ့သံသရာအတွက် နောက်ဆုံး လက်မှတ်ကို ရရှိသွားခဲ့တာပါပဲ၊ ဒို့များဘဝထဲမှာ အဇာတသတ်လို အဖ-သတ်ခဲ့တဲ့အပြစ်၊ ဒေဝဒတ်လို ဘုရားရှင်ကို အမျိုးမျိုးအဖုံဖုံ ကျူးကျော်စော်ကားခဲ့တဲ့သူ၊ တစ်စုံတစ်ယောက်မှ မရှိသေးဘူး ထင်ပါရဲ့၊ ဒီတော့ နောင်တလို့ပဲဆိုဆို၊ အသိလို့ပဲပြောပြော၊ ရလာကြပြီဆိုရင်ဖြင့် ရလာတဲ့အချိန်ဟာ မနှောင်းသေးပါဘူး၊ ဆက်လက်ကြိုးစားကြယုံပနော။

22. 01. 2010

One comment

  • etone

    July 3, 2010 at 4:31 am

    ရေးထားတာလေးကောင်းတယ် ဒါပေမဲ့ တစ်ခုသဘောမကျတာ .. ဝေဒနာခံစားရလို့ သေရင်အေးရောလို့ ငြီးတွားနေတဲ့လူကို သေရင်မအေးဘူး … သံသယာမှာ ဘာညာတွေသွားရှင်းပြနေရင် ပိုပြီးစိတ်တိုသွားလိမ့်မယ် ။ ကိုယ်တိုင်ခံစားဖူးလို့ပြောတာ 😀

Leave a Reply