မြင်သား ကြားသား

Mg OggaJuly 3, 20101min1170

ဖွံဖြိုးရေးလုပ်သားတွေ ရွာထဲဝင်ရင် ကျင်ကြံရမည့် စည်းကမ်းများစွာရှိပါတယ် ရွာသားတွေကို မျှော်လင့်ချက် မပေးရ၊ ရွာသားတွေ မျက်စီနောက်အောင်မနေရ၊ရွာသားတွေနဲ့ တစ်သားထဲ နေရမယ်၊လူထုဆီသွား၊ လူထုနဲ့ နေ၊ လူထုဆီက သင်ယူ၊ လူထုဆီက ရှိတာနဲ့ စ ပြီးတော့ လူထုမှာရှိတဲ့ အရာနဲ့ပဲ တည်ဆောက်ပါ စသဖြင့်ပေါ့ ဒါတွေဟာ လူမှုဖွံဖြိုးရေးလုပ်သားတိုင်း နားလည်ထားတဲ့ ကျင့်ဝတ်တွေပါ။ ဒါပေမယ့် ဒီအတိုင်ကျင့်ကြံတဲ့ သူရှားပါတယ်။ ဆရာကြီးလို့ ခေါ်ခံရတဲ့ ဖွံဖြိုးရေးဘိုးအေကြီးအချို့ တောင် ဒီလိုမလုပ်ကြပါဘူး ထားပါတော့လေ။

အရင်က ရွာတွေသွားရင် ရွာသားတွေ ကျွေးတာ ကျွန်တော်တို့တွေ စားခွင့်ရှိပါတယ်။ နောက်ပိုင်း ကျေးရွာကို အကူအညီလာပေးတဲ့ သူတွေကြောင့် ကျေးရွာမှာ ဝန်ထုတ်ဝန်ပိုးတွေ ဖြစ်လာလို့ ကျေးရွာက ကျွေးတဲ့ ဟာကို မစားရဘူးလို့ စည်းကမ်းလုပ်လိုက်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ မစားတော့ ကျေးရွာက လူတွေက ဒီလူတွေ သွေးကြီးတယ် ငါတို့ စေတနာနဲ့ ကျွေးတာကို မစားဘူးလို့ ထင်ကြပြန်ရော မခက်ဘူးလား။ နောက်မှ ရွာသားတွေ ကျွေးတာကိုစား ဒါပေမယ့် ထမင်းစရိတ်ပေးခဲ့ ဆိုပြီး စည်းကမ်း ထပ်ထုတ်လိုက်ပါတယ်။ ဒီနည်းကတော့ အဆင်ပြေပါတယ်။

တစ်နေ့ ကျွန်တော် ကယားပြည်နယ် ဒီးမော့ဆို မြို့နယ်က ရွာလေးတစ်ရွာကိုစစ်တမ်းကောက်ခဲ့စဉ်ကပေါ့ဗျာ။ ရွာလေး နာမည်က ဝါပန်းပလို တဲ့ ဝါးပင်ပေါက်တဲ့ တောင်ကုန်းလေးလို့ အဓိပ္ပာယ်ရတယ်။ တစ်ရွာလုံးနှစ်ခြင်း ခရစ်ယာန် ဘာသာဝင်တွေ ချည်းပဲ။ ဒီးမော့ဆိုမြို့တောင် အတော်ခေါင်တာ အဲဒီက ရွာဆိုရင်ပြောမနေနဲ့ တော့ ငါးရက်မှ တစ်ဈေးရှိတာ အဲဒီမှ သားငါးဝယ်စားလို့ ရတာ ကျန်ရက်တွေကို အိမ်မှာရှိတဲ့ ဟင်းသီးဟင်းရွက် လေး ကြက်ကလေး ငှက်ကလေးတွေကို စားရတာ။ နောက် အမဲလိုက် ပြီးဟင်းစားရှာကြတယ်။ အခုခေတ်ကတော့ အရင်ကလို သားကောင်းမပေါတော့ သိပ်အလုပ်မဖြစ်ဘူးဗျ။

အဲဒီရွာလေးက ကျေးရွာလူကြီး(အတွင်းရေးမှုး)ရဲ့ အိမ်မှာ ကျွန်တော်တို့တည်းခိုခွင့်ရပါတယ်။ ဒီဒေသက ကျေးရွာလူကြီး ရွှေးပုံက အဆန်းဗျ။ ရပ်မိရပ်ဖ လူကြီးတွေ ကို မဲနှိုက်ခိုင်း ကံဆိုးတဲ့ သူမဲပေါက် ရင် ရယက အဖွဲ့ဝင်လုပ်ရသဗျ။ ကျွန်တော်တို့ အောက်ပြည်အောက်ရွာမှာတော့ ရယက လူကြီးလုပ်ချင်သူတွေ ပေါ ဒီမှာတော့ ဘယ်သူမှ မလုပ်ချင်ကြဘူး။ ဘာဖြစ်လို့လဲလို့မေးတော့ ရွာလူကြီးလုပ်ရတာ အားကြီး အလုပ်ရှုပ်တယ်တဲ့။ ဒါကြောင့် ဘယ်သူမှ မလုပ်တာတဲ့ ထူးဆန်းပါ့ပေ့ ဝါပန်းပလို့ ရယ်။

ဒီရွာရဲ့ တောင်ဘက်မှာ လွယ်နန်းဖ တောင်ကြီးရှိတယ်။ ကယားပြည်နယ်ရဲ့ အလှပဆုံး တောင်ကြီးပေါ့ဗျာ။ တကယ်လည်း လှသဗျ။

ရွာလူကြီးက သူတို့ရွာက မီးမရကြောင်း ခေတ်မမီကြောင်း ဧည်ဝတ်မကျေမှာ အားနာကြောင်း ပြောလေရဲ့ ဒီရွာလေးက မီးမရ ခေတ်မမှီဘူးဆိုပေမဲ့ ခေတ်မှီတဲ့ မြို့ကြီးတွေမှာ မရှိတဲ့ ရိုးသားမှု ဖော်ရွှေမှု နဲ့ သဘာဝရဲ့ အလှအပ အငွေ့အသက်တွေ ရှိနေတယ်လို့ ပြောလိုက်တော့မှ ရွာလူကြီး မျက်လုံးလေးတွေ တောက်ပသွားတာ ကြည့်မိသေးသဗျ။

နောက်ကျွန်တော်တို့တွေ နားနေတဲ့ အချိန် ခြံထဲမှာ ကြက်အော်သံကြားမိတယ်။ ရွာလူကြီးရဲ့ သားက သူအိမ်ခြံထဲ က ကြက်ကို လေးခွနဲ့ လိုက်ထုနေတာတွေသဗျ။ တွေ့တွေချင်း ဒီကြက်ဟာ ကျွန်တော်တို့ အတွက် သတ်ဖို့ လုပ်နေတာ ကိုနားလည်လို်က်တယ်။ သိသိချင်းအိမ်အောက်ကိုပြေးဆင်းပြီး ကြက်ကိုမသတ်ဖို့ ဆင်းတားတယ်။ဒါပေမယ့် နောက်ကျသွားတယ်။ ကျွန်တော်က ဒေါကြီးမောကြီးနဲ့ ကျွန်တော်တို့ အတွက် ဘာကြက်မှ သတ်စရာမလိုဘူး ခင်ဗျားတို့ စားတဲ့ ဟာနဲ့ပဲ ကျွန်တော်တို့ စားမယ် ကျွန်တော်တို့ အတွက် ထွေထွေထူးထူးပြင်စရာမလို့ဘူး ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး ဒေါသတကြီး ပြောမိတယ်။ နောက်မှ လေသံကိုပြန်လျော့မိတယ်။ သူက တစ်ခွန်းပဲ ပြန်ပြောတယ် အဲဒီ စကားတစ်ခွန်းက ကျွန်တော် ဝဲဘက်ရင်အုံမှာ ရှိတဲ့ နှလုံးသားကို လှုပ်ခါသွားစေတယ်။ အဲဒီစကားတစ်ခွန်းက တော့ “ဆရာလေးတို့ လာမှ ကလေးတွေ အသားဟင်းစားရတာတဲ့” ကျွန်တော်အနောက်မှာ ရွာလူကြီးရဲ့ မြေးလေး ၃ယောက် နဲ့ သူ့ချွေးမက မျက်လုံးလေး အဝိုင်းသားနဲ့ ကြည်နေလေရဲ့။

အဲဒီည ကျွန်တော်တို့ ကို ကြက်သားဟင်းနဲ့ ကျွေးပါတယ်။ ကျွန်တော်စားမဝင်ပါ သူတို့ ကလေးတွေ အတွက် မကျန်မှာ စိုးလို့ပါ။