ဝင့်ပြုံးမြင့် မြန်မာပြန်တဲ့ တိမ်ယံသစ္စာ အပိုင်း ( ၃၈ )
လှည့်ထွက်ခါနီးတွင် တစ်ယောက်က စိုးရက်ပ်ကိုခေါ်သည်။
”သူနေပါစေ” ဟုအာစွပ်ပြောသည်။ အာစွပ်သွားဖြီးနေသည်။ ”သူကြည့် ပါစေ။
ကောင်လေးတွေအတွက် သင်ခန်းစာဟာ သိပ်ကောင်းတယ်”
အစောင့်များထွက်သွားကြပြီ။ အာစွပ်သည် စိပ်ပုတီးကိုလက်မှချလိုက် ပြီ။
အနက်ရောင်ခါးပြတ်အကျႌအိတ်ထဲ လက်နှိုက်၍ဆွဲထုတ်လိုက်သောအရာကို ကျွန်တော်
နည်းနည်းလေးမှ မအံ့ဩတော့ပါ။ စတီးအစစ်သံလက်သီး။
__________________________
သူ့ဆံပင်ဂျဲလ်လိမ်းထားသည်။ နှုတ်ခမ်းသားထူထူတို့၏အထက်မှ နှုတ် ခမ်းမွေးသည်
မင်းသားကြီးကလပ်ဂေဘဲလ်၏ နှုတ်ခမ်းမွေးမျိုး။ ညိုမှောင်နေသော
သူ့လည်ဂုတ်ပေါ်တွင် အလာဟ်ပုံရွှေချိန်းကြိုး။
ကျွန်တော့်ကိုစူးစူးဝါးဝါးကြည့်ကာ ဘာမှန်းမသိ တရစပ်ပြောသည်။
ကျွန်တော်နားမလည်။ အူရဒူဘာသာစကားဖြစ် နိုင်သည်။ မဆီမဆိုင်
သူ့အသက်ဘယ်လောက်ရှိပြီလဲ မေးချင်နေသည်။ သူ့ ကြည့်ရသည်က
ပြည်ပတီဗွီဇာတ်လမ်းတွဲထဲမှ ရုပ်ရှင်မင်းသားအတိုင်း သိပ်ကို
ငယ်ရွယ်နုပျိုနေသည်။ သို့သော် … ကျွန်တော့်နှုတ်မှပွင့်အံထွက်နေသည်က …
သူ့ကိုကျွန်တော် ကောင်းကောင်းတိုက်ခိုက်နိုင်ခဲ့ပြီထင်သည်။
အာစွပ်ကို ကျွန်တော်ကောင်းကောင်းပြန်တိုက်နိုင်ခဲ့သလား ကျွန်တော်မသိ။
တိုက်နိုင်သည်ဟုမထင်။ ဘယ့်နှယ့်လုပ် ကျွန်တော်တိုက်နိုင်ပါ့မည်နည်း။
လူတစ် ယောက်နှင့်တိုက်ခြင်းသည် ကျွန်တော့်အတွက်ယခုမှ ပထမဆုံးအကြိမ်။
ကျွန်တော့် ဘဝတစ်ခုလုံးတွင် လက်သီးပင်ကောင်းကောင်းမထိုးဖူးခဲ့။
ကျွန်တော်မှတ်မိသလောက် အာစွပ်နှင့်တိုက်ခိုက်ခဲ့ပုံသည် အံ့လောက်စရာ
အရောင်အသွေးစုံလင်သည့်စုတ်ချက်များဖြစ်နေသည်။ သံလက်သီးမစွပ်ခင် အာစွပ်
သီချင်းဖွင့်ပုံကို ကျွန်တော်မှတ်မိသည်။ တစ်ချီတွင်
နံရံပေါ်မှဆုတောင်းခင်းကော်ဇော ပြုတ်ကျလာပြီး
ကျွန်တော့်ခေါင်းပေါ်အုပ်နေသည်။ ကော်ဇောမှဖုန်မှုန့်များကြောင့်
ကျွန်တော်နှာချေရသေးသည်။ ကျွန်တော့်မျက်နှာကို အာစွပ်က စပျစ်သီးများနှင့်
ပေါက်သည်။ သွားကြီးများဝင်းခနဲနေသော အာစွပ်၏မာန်ဖီမှု … မျက်ထောင့်
ကြီးနီနေသော အာစွပ်၏တလည်လည်မျက်လုံးကြီးများ … တစ်ကြိမ်တွင် သူ့ဗောင်း
ထုပ်ပြေကျပြီး ဗောင်းထုပ်အောက်မှ ရွှေရောင်ဆံပင်များ ပခုံးပေါ်ဝဲနေသည်။
ကျွန်တော်အများဆုံးမှတ်မိသည်မှာ နေ့မွန်းလွဲအလင်းရောင်အောက်
ပြိုးပြက်နေသော သူ၏သံလက်သီးများ။ စဦးပိုင်းထိုးနှက်ချက်မှာပင်
အေးစက်နိုင်လွန်းသော၊ ကျွန် တော့်သွေးများကိုဆူဝေပွက်ထစေနိုင်စွမ်းသော
… ထိုသံလက်သီးများ။
တစ်ချီတွင် နံရံကိုကျွန်တော့်ကျောနှင့် ဝင်ဆောင့်မိရာ တချိန်ကဓာတ်ပုံ
ချိတ်ခဲ့ဟန်တူသော နံရံမှသံတစ်ချောင်းက ကျွန်တော့်ကျောထဲစိုက်ဝင်သွားသည်။
စိုးရက်ပ်အော်သံ … တာဘလာ၊ဟာမိုနီယမ်တို့၏အသံ … နံရံဆီကျွန်တော်
လွှဲပေါက်ခံလိုက်ရပြန်သည်။ သံလက်သီးများက ကျွန်တော့်မေးရိုးပေါ်တရစပ်။
ကိုယ့်သွားကိုယ်ပြန်နင်နေသည်။ သွားများကိုမျိုချရင်း
ကျွန်တော်ကောင်းကောင်း အနွှာခံနေရသည့်နာရီပေါင်းများစွာကို တွေးနေသည်။
နံရံဆီကျွန်တော်လွင့်သွားပြန်သည်။ ကြမ်းပေါ်လဲနေစဉ် ကွဲသွားသော
အပေါ်နှုတ်ခမ်းမှသွေးများ ဆုတောင်းခင်းကော်ဇောပေါ်ရွှဲနစ်သွားသည်။ ဝမ်းပြင်
ပေါ်မှ မချိမဆံ့နာကျင်ခြင်း … ကျွန်တော်ဘယ်အချိန်လောက်မှ အသက်ပြန်ရှူ
နိုင်ပါ့မည်နည်း။ သစ်ကိုင်းချိုးသံနှင့်တူသော နံရိုးကျိုးသံများ …
စိုးရက်ပ်အော် သံ … တီဗွီတင်သောစင်ထောင့်စွန်းနှင့်
ကျွန်တော့်မျက်နှာတစောင်းတိုက်မိသွား သည်။
သည်တစ်ကြိမ်ကျွန်တော့်ဘယ်ဖက်မျက်လုံးအောက်နားကလေးတင် … တေးသံ …
စိုးရက်ပ်အော်သံ။ ကျွန်တော့်ဆံပင်ကို လာဆုပ်ဆွဲသောလက်ချောင်း များ …
ကျွန်တော့်မျက်နှာကိုလှန်ကာ စတီးသံလက်သီးများ ဝင်းခနဲလက်သွားသည်။
လာကြပြန်ပြီ။ အရိုးကျိုးသံ … သည်တစ်ခါကျွန်တော့်နှာခေါင်း။
နာကျင်လွန်းစွာ ကိုက်ထားရင်းက ကျွန်တော့်သွားများ
အရင်လိုညီညီစီစီမဟုတ်တော့ဟု သတိပြု မိနေသည်။ အကန်ခံရပြန်သည်။
စိုးရက်ပ်အော်သံ …။
ဘယ်နှချီလောက်ကတည်းက ကျွန်တော်စပြီးရယ်နေမိသလဲမသိ။ ရယ်လျှင် နာသည်။
မေးရိုးများနာသည်။ နံရိုးများနာသည်။ လည်ချောင်းနာသည်။ သို့သော်
ကျွန်တော်ရယ်သည်။ ရယ်ပြီးရင်းရယ်သည်။ ကျွန်တော်တအားရယ်လေ … သူ
ကျွန်တော့်ကို ပိုပြင်းပြင်းကန်လေ။ ကျွန်တော်ရယ်လေ … သူနာအောင်ထိုးလေ။
”ဘာရယ်စရာရှိလို့လဲကွ”
ထိုးကြိတ်ရင်း အာစွပ်ဟိန်းသည်။ ကျွန်တော့်မျက်လုံးထဲ သူ့တံတွေးများ ဝင်သည်။
”ဘာရယ်စရာရှိလို့လဲကွ”
ဝမ်းခေါင်းသံကြီးဖြင့် အာစွပ်အော်သည်။ နောက်ထပ်နံရိုးတစ်ချောင်း
ကျိုးသွားပြန်သည်။ ဘာများရယ်စရာရှိသနည်း။ ၁၉၇၅ ခု၊ ဆောင်းတွင်းမှစ၍
ယနေ့သည် ကျွန်တော်ပထမဆုံးငြိမ်းချမ်းခဲ့သောနေ့။ ကျွန်တော်ရယ်သည်။ အဘယ်
ကြောင့်ဆိုသော် ဤအဖြစ်ကို ကျွန်တော့်မနောအိမ် ချောင်ကလေးတစ်နေရာမှ
မျှော်လင့်နေသည်ကို ကျွန်တော်မြင်တွေ့လိုက်ရပြီ။ တောင်ကုန်းပေါ်တွင်
ဟက်ဆန့်ကို ကျွန်တော် တလည်းသီးများဖြင့်ပစ်ပေါက်ပြီး ဆွခဲ့ဖူးသည်။
ဟက်ဆန်ကတော့ သူ့အကျႌတစ်ထည်လုံးနီရဲရွှဲနေသည်အထိ ဘာမှပြန်မလုပ်ခဲ့။
ထို့နောက်မှ တလည်း သီးတစ်လုံးကောက်ယူကာ နဖူးပေါ်ခွဲချလိုက်သည်။
မင်းကျေနပ်ပြီလား။ မင်းနေလို့ ကောင်းသွားပြီလား။ ထိုစဉ်ကတည်းက
ကျွန်တော်မပျော်နိုင်ခဲ့တော့။ နေလို့မကောင်း ခဲ့။ သို့သော်ယခုတော့
ကျွန်တော်ပျော်နိုင်ပြီ။ ကျွန်တော်နေသာသွားပြီ။ ခန္ဓာတစ် ကိုယ်လုံး
ဘယ်လောက်ပင်ကျိုးပဲ့နေပါစေ၊ ကျွန်တော့်ရောဂါပျောက်သွားပြီ။ နောက်
ဆုံးမတော့ ကျွန်တော်ရောဂါပျောက်ပြီ။ ကျွန်တော်ရယ်သည်။
ကျွန်တော်ကြမ်းပေါ်လဲပြီး ရယ်နေသည်။ အာစွပ်က ကျွန်တော့်ရင်ဘတ် ပေါ်ခွထား၍
အားနေသောလက်တစ်ဖက်ဖြင့် ကျွန်တော့်လည်ပင်းကိုညှစ်ထားသည်။
သံလက်သီးစွပ်ထားသောလက်ကို မြင့်သည်ထက်မြင့်အောင် အားယူနေစဉ် …
”မလုပ်နဲ့”
အာစွပ်နှင့်ကျွန်တော် နှစ်ဦးလုံးလှည့်ကြည့်သည်။
”တော်ပါတော့”
မိဘမဲ့ဂေဟာ၏ဒါရိုက်တာကြီးပြောသောစကားကို ပြေးအမှတ်ရသည်။
သူနဲ့လောက်လေးခွဲမရဘူး။ ဘယ်သွားသွား လောက်လေးခါးကြားထိုးပြီးသွားတယ်။
”တော်ပါတော့”
အနက်ရောင်မျက်တောင်ခြယ်ဆေးများ မျက်ရည်နှင့်ရောကာ ပါးပြင်ပေါ်
တလိမ့်လိမ့်စီးကျနေ၍ ပါးနီများစွန်းကွက်ပျက်စီးကုန်သည်။ တုန်ရီနေသောအောက်
နှုတ်ခမ်းလေးများ။ စိမ့်ချွဲကျလာသောနှပ်များ။ ”ဟင့်အင်း” ဟူသောအသံ
အက်ကွဲ ထွက်လာသည်။
လောက်လေးကိုသားရေတင်းအားကုန်အောင် ဆွဲထားသည်။ သားရေပတ် ထဲတွင်
အဝါရောင်တောက်ပနေသော အရာတစ်ခု။ မျက်လုံးထဲမှသွေးများကို
ကျွန်တော်မျက်တောင်ပုတ်ခတ်လုပ်၍ ကြည့်လိုက်ရာ ခုံခြေထောက်မှ ကြေးဝါဘော
စေ့ဖြစ်နေသည်။ စိုးရက်ပ်၏လောက်လေးသည် အာစွပ်မျက်နှာကို တည့်တည့်ချိန်
ထားသည်။
”တော်ပါတော့ ဆပ်။ ထပ်မထိုးပါနဲ့တော့” ဟုပြောလိုက်သော စိုးရက်ပ်
အသံတုန်ယင်ကွဲရှနေသည်။
အာစွပ်၏ပါးစပ်များ အသံမထွက်ဘဲ ဟစိဟစိဖြစ်နေပြီးမှ ”မင်းဘာလုပ်
နေတယ်လို့ထင်လဲ” ဟုမေးသည်။
”တော်ပါတော့” စိုးရက်ပ်၏မျက်လုံးစိမ်းထဲ လတ်လတ်ဆတ်ဆတ်မျက်
ရည်များအိုင်ထွန်းလာသည်။
”ချထားစမ်း၊ ဟာဇာရာကောင် … မချလို့ကတော့ အခုငါသူ့ကိုလုပ် တာဟာ
မင်းကိုလုပ်မှာနဲ့ယှဉ်ရင် နားရွက်ဆွဲလိမ်တာလောက်ပဲရှိမယ်”
စိုးရက်ပ်၏မျက်ရည်များ ဒလဟောသွန်ကျလာသည်။ ခေါင်းရမ်းသည်။
”ဆပ် … တော်ပါတော့”
”လောက်လေးချထားစမ်း”
”သူ့ကိုထပ်မထိုးပါနဲ့တော့၊ ဆပ်”
”မင်းလောက်လေး ချထား”
”ဟင့်အင်း”
”လောက်လေးချထားစမ်း”
ကျွန်တော့်လည်ပင်းကို အာစွပ်လွှတ်ကာ စိုးရက်ပ်ဆီခုန်အုပ်သည်။
သားရေပတ်ကို စိုးရက်ပ်လွှတ်လိုက်ရာ ဝီခနဲနေသည်။ အာစွပ်အော်သည်။ စောစောက
ဘယ်ဖက်မျက်လုံးရှိသည့်နေရာကို လက်ဖြင့်အုပ်ထားရာ လက်ချောင်း
ကြားမှသွေးများစီးကျလာသည်။ သွေးနှင့်အခြားအရာ … အဖြူရောင်ပျစ်ချွဲချွဲ
ဂျဲလ်နှင့်တူသောအရာများ။ ကျွန်တော်သတိကောင်းကောင်းရှိနေသည်။ ထိုအရာများ
ကို မျက်သားအနှစ်ရည်ဟုခေါ်ကြောင်း ဖတ်ခဲ့ဖူးသည်။
ကော်ဇောပေါ် အာစွပ်လူးနေသည်။ ဘယ်လူးညာလှိမ့်နှင့် မချိမဆံ့သံကုန်
ဟစ်နေသည်။ သွေးလျှံနေသောမျက်တွင်းကို လက်ဖြင့်အုပ်ထားသည်။ ”ထုတ် …
ထုတ်ပေး” ဟု အာစွပ်အော်သည်။ အစောင့်တစ်ယောက် ပက်ရှ်ထန်ဘာသာ ဖြင့်
ဘာမှန်းမသိပြောပြီး အခန်းထဲအပြေးဝင်သည်။ အာစွပ်အော်နေဆဲ။
ကျွန်တော့်လက်ကို စိုးရက်ပ်လာဆွဲသည်။ ”သွားမယ်”
စိုးရက်ပ်၏လက်ကလေးကိုကိုင်ပြီး ခန်းမထဲ ကျွန်တော်အလဲလဲအကွဲကွဲ
ရောက်လာသည်။ နောက်ဆုံးတစ်ကြိမ် ကျွန်တော်လှည့်ကြည့်လိုက်သော် အာစွပ် အနား
အစောင့်များအုံနေကာ အာစွပ်မျက်နှာကို တစ်ခုခုလုပ်နေကြသည်။ ထိုအခါမှ
ကျွန်တော်နားလည်သည်။ ကြေးဝါဘောစေ့သည် အာစွပ်၏မျက်တွင်းထဲမှ မထွက် သေး။
စိုးရက်ပ်လေးကိုမှီပြီး လှေကားထစ်များကို ကျွန်တော်ကျုံး၍ဆင်းသည်။
အရာအားလုံး ဂျွမ်းထိုးမှောက်ခုံ။ အပေါ်ထပ်မှ ဒဏ်ရာရသားရဲတိရစ္ဆာန်တစ်ကောင်
ဟစ်၍ဟစ်၍အော်ဆဲ။ ကျွန်တော်နှင့်စိုးရက်ပ် အိမ်ပြင်ထွက်လာနိုင်ခဲ့ကြသည်။
ကျွန်တော့်လက်များ စိုးရက်ပ်ပခုံးကိုသိုင်းဖက်လျက်။ ကျွန်တော်တို့ဆီ
ဖာရစ်ဒ် ပြေးလာနေသည်။
ကျွန်တော့်ကိုမြင်တော့ ဖာရစ်ဒ်မျက်လုံးကြီးပြူးထွက်လာသည်။ ကျွန်တော့်
လက်မောင်းကို သူ့ပခုံးပေါ်သိုင်းယူ၍ အပြေးအလွှားကားတွင်းသွင်းသည်။ ကျွန်
တော်အော်ဟစ်နေသည်ဟုထင်သည်။ ပလက်ဖောင်းပေါ် သူ့ခြေညှပ်ဖိနပ် တဖောင်း
ဖောင်းမြည်နေသည်။ ကျွန်တော် အသက်ရှူရနာလှသည်။ ထို့နောက်တွင် ကျွန်
တော်သည် လင်းခရူဆာကားခေါင်မိုးကိုကြည့်သည့် အနေအထားဖြစ်နေသည်။
တံခါးဖွင့်သည့်အချက်ပြအသံ တဒင်ဒင်ကိုကြားလိုက်ရပြီး တဆက်တည်း
ကားကိုပတ်ဝိုင်းလာသော ခြေသံများကြားလိုက်ရသည်။ ဖာရစ်ဒ်နှင့်စိုးရက်ပ် ခပ်
သွက်သွက်စကားပြောကြပြီး ကားတံခါးများဒိုင်းခနဲပိတ်ကာ ကားအင်ဂျင်သံ
ဟိန်းထွက်လာသည်။ ရှေ့ကိုကားတစ်ချက်ဆောင့်တိုးစဉ် သေးသေးကွေးကွေး
လက်ကလေးတစ်ဖက် ကျွန်တော့်နဖူးကိုလာစမ်းသည်။ လမ်းမပေါ်မှအော်သံဟစ်သံ
များကို ကျွန်တော်ကြားနေရပြီး တရိပ်ရိပ်ပြတ်ကျန်ခဲ့သောသစ်ပင်များကို ကား
ပြတင်းမှမြင်နေရသည်။ စိုးရက်ပ်ရှိုက်နေသည်။
ထိုအချိန်လောက်မှစပြီး ကျွန်တော်သတိလစ်သွားခဲ့သည်။
___________
အခန်း(၂၃)
မျက်နှာများ … မျက်နှာများ … ကျွန်တော့်ကိုငုံ့ကြည့်ကြ မေးခွန်းထုတ်သွားကြ သည်။ ကိုယ့်ကိုယ်ကိုယ်မှတ်မိသလား။ နာနေသေးလား။
ကျွန်တော့်ကိုယ်ကျွန် တော်သိသည်။ ခန္ဓာကိုယ်နေရာအနှံ့နာသည်။ သူတို့ကိုပြောပြချင်သော်လည်း စကားပြောခြင်းကနာသည်။
မျက်နှာများ … အားလုံးအစိမ်းရောင်ဦးထုပ်ဆောင်းထားသည်။ မြင်ကွင်း ထဲဝင်လာလိုက်၊ ပျောက်သွားလိုက်။ ကျွန်တော်နားမလည်သည့် စကားလုံးများကို
သွက်သွက်ကြီးပြောနေကြသည်။ ကျွန်တော့်ကိုငုံ့ကြည့်သည့်မျက်နှာများ များသည် ထက်များလာသည်။ တစ်ခုသောမျက်နှာမှလွဲ၍ ကျွန်တော်မှတ်မိသည့်မျက်နှာမရှိ။
ထိုမျက်နှာပိုင်ရှင်သည် ဆံပင်ဂျဲလ်လိမ်းထားသည်။ ကလပ်ဂေဘဲလ်၏နှုတ်ခမ်း မွေးမျိုးရှိသည်။ တီဗွီဇာတ်လမ်းတွဲထဲမှ မင်းသားမျက်နှာ … ရယ်စရာတော့ ကောင်းသည်။
ကျွန်တော်ရယ်ချင်သော်လည်း ရယ်လျှင်နာသည်။
ကျွန်တော်သတိလစ်သွားသည်။
သူမအမည် ‘အေရှာ’ ဖြစ်ကြောင်းပြောသည်။ မွဲပြာပြာဆံပင်များကို အလယ်တည့် တည့်မှခွဲ၍ နောက်စေ့တွင်မြင်းမြီးပုံချည်ထားသည်။ တပ်ထားသောပါဝါနှစ်မျိုး
မျက်မှန်ကြောင့် မျက်လုံးကြီးများပြူးထွက်နေသောသူမသည် အစိမ်းရောင်ဝတ်စုံ နှင့် လက်အကိုင်အတွယ်နူးညံ့သည်။ ကျွန်တော်ကြည့်နေသည်ကိုမြင်တော့ ပြုံးပြ သည်။
အင်္ဂလိပ်လိုတစ်ခုခုပြောသည်။ ကျွန်တော့်ရင်အုံထဲ စူးခနဲဖြစ်ကာ ကျွန် တော်မျောလွင့်သွားသည်။
ကျွန်တော့်အိပ်ယာဘေးတွင် ရပ်နေသော ထိုအသားမည်းမည်း၊ ကလန် ကလား၊ မုတ်ဆိတ်ဖားလျားလူကို ကျွန်တော်သိသည်။ လွန်ခဲ့သောသုံးလေးနှစ်က ထိုလူ
ကျွန်တော့်ကိုကားမောင်းပို့ပေးခဲ့သည်။ ကျွန်တော့်ပါးစပ် တစ်ခုခုမှားယွင်း နေသည်။ ဗလုံပွက်သံကြားရသည်။
ကျွန်တော်လွင့်နေဆဲ။
ကျွန်တော့်ညာလက် နာလိုက်သည့်ဖြစ်ခြင်း။ ပါဝါနှစ်မျိုုးမျက်မှန်နှင့် အမျိုးသမီး ကျွန်တော့်လက်မောင်းကို ပလာစတာကိုင်ပေးနေသည်။ ”ပိုတက်စီယမ်” ဟုပြောသည်။
”ပျားတုပ်သလိုပဲနော်။ မဟုတ်ဘူးလား” ဟုမေးသည်။ ဟုတ်လိုက် လေ။ သူမနာမည် ဘယ်လိုခေါ်ပါလိမ့်။ ဆံပင်ကိုမြင်းမြီးပုံစုချည်ထားသော သူမကို
လွန်ခဲ့သောသုံးလေးနှစ်က ကျွန်တော်သိခဲ့သည်။ ခုတော့ ဆံထုံးထုံးထားသည်။ ထိုဆံထုံးမျိုး စိုးရာယာထုံးဖူးသည်။ ဘယ်တုန်းကပါလိမ့်။
ဪ … သူမအမည် အေရှာ။ ကျွန်တော့်ခံတွင်းတစ်ခုခုမှားယွင်းနေ သည်။ ရင်ဘတ်ထဲအောင့်သည်။ ကျွန်တော် သတိမရှိတော့ပြန်။
ဘော်လူချစ္စတန်မှ တောင်တန်းများပေါ် ကျွန်တော်တို့ရောက်နေသည်။
ဝက်ဝံမည်းကြီးတစ်ကောင်နှင့် နပန်းလုံးနေသောဘာဘာသည် ကျွန်တော့်ငယ်ဘဝက ဘာဘာ။ ပက်ရှ်ထန်တို့၏မျိုးဗီဇဖြင့် အရပ်ကြီးမိုးထိုးနေသောဘာဘာ။ မြက်ခင်း
စိမ်းစိမ်းပေါ် ဘာဘာနှင့်ဝက်ဝံကြီး လုံးထွေးသတ်ပုတ်နေသည်။ ဘာဘာ၏ဖရို ဖရဲလှိုင်းထဆံပင်ညိုများ လေထဲဝဲပျံနေသည်။ ဝက်ဝံကြီးဟိန်းသည်။ ဘာဘာ့ဟိန်း
သံလည်းဖြစ်နိုင်သည်။ လက်သည်းနှင့်လက် တိုက်ခိုက်မှုတွင် သွေးနှင့်သွားရည် များလည်းဝဲပျံနေသည်။ မြေပြင်ပေါ်ဘုံးခနဲကျသွားပြီး ဝက်ဝံကြီးရင်ဘတ်ပေါ်
ဘာဘာခွထားသည်။ ဝက်ဝံကြီး၏နှုတ်သီးကို ဘာဘာကုတ်ဆွဲထားသည်။ ဘာဘာ က ကျွန်တော့်ကိုမော့ကြည့်လိုက်တော့ ဘာဘာသည် ကျွန်တော်ပဲဖြစ်နေသည်။
ဝက်ဝံကြီးတစ်ကောင်နှင့် ကျွန်တော်နပန်းလုံးနေသည်။
ကျွန်တော်နိုးလာတော့ ကလန်ကလားအသားမည်းမည်းလူ ကျွန်တော့် အိပ်ယာဘေးပြန်ရောက်နေသည်။ ကျွန်တော်မှတ်မိပြီ။ သူ့အမည် ဖာရစ်ဒ်။
သူနှင့်အတူပါလာသော ကောင်လေးမျက်နှာကိုမြင်တော့ ခြူသံကိုသွားသတိရသည်။
ကျွန်တော်မေ့မျောသွားသည်။
ကျွန်တော့်မှာ သတိလည်လိုက် … မလည်လိုက်။
မင်းသားကြီးကလပ်ဂေဘဲလ်နှုတ်ခမ်းမွေးနှင့်လူသည် ဒေါက်တာဖာရောက် ကီဖြစ်နေသည်။ ဇာတ်လမ်းတွဲမင်းသားတော့ မဟုတ်။ ဦးခေါင်းနှင့်လည်ပင်း
ခွဲစိတ်ကုသမားတော်ဖြစ်သည်။
ကျွန်တော်ဘယ်ရောက်နေလဲ မေးချင်လှသော်လည်း ပါးစပ်ဟမရ။ ကျွန် တော်မျက်မှောင်ကြီးကြုတ်ကာ တဂွီးဂွီးအသံပေး၍ ဒေါက်တာပြုံးပြသည်။ ဒေါက်တာ့ သွားများ
မျက်စိကျိန်းမတတ်ဖွေးတောက်နေသည်။
”မရသေးဘူး၊ အေမား။ ဒါပေမယ့်သိပ်မကြာခင် ပါးစပ်ဟလို့ရမှာပါ။ နန်းကြိုးတွေဖြုတ်ပြီးမှ” ဒေါက်တာ၏ အင်္ဂလိပ်စကားသည် အူရဒူသံဝဲကာပျစ် ချွဲနေသည်။
”ခင်ဗျားဘယ်ရောက်နေလဲ။ ဘာဖြစ်နေလဲ သိချင်မှာပဲ။ ဒီလိုဖြစ်တာ ပုံမှန်ပါပဲ။ ခွဲစိတ်ပြီးအခြေအနေမှာ အမြဲတမ်းမျက်စိလည်တယ်။ ဒီတော့ကျုပ်သိ
သမျှပြောပြပါမယ်”
မိမိကိုယ်ကိုအရေးပါသောအနေအထား မဆိုစလောက်ကလေးစွက်လျက် ဒေါက်တာသည် မျက်စတစ်ဖက်ကိုချီသည်။
”ပက်ရှဝါကဆေးရုံကို ခင်ဗျားရောက်နေတာ။ ဒီရောက်နေတာ နှစ်ရက်ရှိ ပြီ။ ဒဏ်ရာပြင်းတယ်။ ကျုပ်ပြောမယ် … ခင်ဗျားအသက်ရှင်တာ သိပ်ကံကောင်း
တယ် အေမား။ သရက်ရွက်ပေါက်ထွက်သွားတယ်။ ကံကောင်းတာက သရက်ရွက် ခပ်ဖြည်းဖြည်းကွဲထွက်လာတာ။ ကျုပ်တို့ခွဲစိတ်အဖွဲ့က ခင်ဗျားသရက်ရွက်ကို
အရေးပေါ်ခွဲစိတ်ပြီးပြီ။ သရက်ရွက်သာ စောစောကွဲထွက်လို့ကတော့ ခင်ဗျားသွေး သွန်ပြီးသေပြီ” ဟုဆိုကာ ဒေါက်တာသည် ကျွန်တော့်ပခုံးကိုပုတ်သည်။ ”ခင်ဗျား
နံရိုးလည်း ကျိုးသွားတယ်။ ခုနစ်ချောင်း။ တစ်ချောင်းကြောင့် အဆုတ်ပေါက်သွား တယ်” ဟု ဒေါက်တာရှင်းပြသည်။ ကျွန်တော့်ဘယ်ဖက်ခြမ်းမှ ပလတ်စတစ်ပိုက်
ကိုဆွဲပြ၍ ရင်အုပ်ထဲစူးခနဲနေသည်။ ”ပေါက်သွားတဲ့နေရာကို ဒီပိုက်နဲ့ပိတ်ထား တာ” ဟုဆိုသည်။ ပိုက်တစ်လျှောက် ကျွန်တော်စူးစမ်းကြည့်ရာ
ပိုက်အဆုံးတွင် ရေတစ်ဝက်ဖြည့်ထားသောခွက်။ ဗလုံပွက်သံ ထိုအထဲမှထွက်ပေါ်နေခြင်းဖြစ်သည်။
”တခြားစုတ်ပြတ်ဒဏ်ရာတွေလည်း အများကြီးပဲ။ အဆိုးဆုံးက ခင်ဗျား အပေါ်နှုတ်ခမ်း။ အပေါ်နှုတ်ခမ်း အလယ်တည့်တည့်ကနေ ဟက်တက်ကွဲသွားတာ အေမား။
ပူစရာတော့ မလိုပါဘူး။ ပလတ်စတစ်ဆာဂျရီတွေ ပြန်ချုပ်ပေး ထားတယ်။ ရလဒ်ကောင်းမယ်လို့ထင်ကြတာပဲ။ အမာရွတ်လေးတော့ကျန်မှာပေါ့”
”ဘယ်ဖက်မျက်ရိုးလည်း ကျိုးနေတယ်။ ဒါလည်းပြန်လုပ်ပြီးပါပြီ။ မေးရိုး ကနန်းကြိုးတွေ ခြောက်ပတ်အတွင်းဖြုတ်နိုင်မှာပါ။ အဲဒီအချိန်ထိတော့ ခင်ဗျား ပိန်ကျလာမယ်။
ဒါပေမယ့် ခင်ဗျား ဒီနေ့လုပ်စရာရှိတယ်နော်။ ဘာလဲသိလား”
ကျွန်တော်ခေါင်းရမ်းပြသည်။
”ဒီနေ့ခင်ဗျားလုပ်ရမှာက လေလည်ဖို့ပါပဲ။ လေလည်နိုင်ရင် ကျုပ်တို့ လည်း ခင်ဗျားကိုအရည်တိုက်နိုင်ပြီ” ဟုဆိုကာဒေါက်တာရယ်သည်။
အေရှာက ကျွန်တော့်ပိုက်များကိုလဲလှယ်ပေးပြီး ကျွန်တော်တောင်းဆိုသည့် အတိုင်း အိပ်ယာခေါင်းရင်းကို အနေအထားပြင်ပေးသည်။ ကျွန်တော်ဖြစ်ခဲ့သမျှ တွေကို
ကျွန်တော်ပြန်စဉ်းစားယူနေသည်။ သရက်ရွက်စုတ်ပြတ်ခြင်း၊ သွားကျိုးခြင်း၊ အဆုတ်ပေါက်ခြင်း၊ မျက်ရိုးကွဲခြင်း။ ထို့အပြင် …
ပြတင်းဘောင်ပေါ်ဝယ် ပေါင်မုန့်အကြေများလာစားနေသော ခိုကလေး များ။ ခိုကလေးများကိုငေးရင်း ဒေါက်တာပြောသွားသောစကားတစ်ခွန်းက
ကျွန် တော့်နားထဲမှမထွက်။ အပေါ်နှုတ်ခမ်းအလယ်တည့်တည့်ကနေ ဟက်တက်ကွဲသွား တာ အေမား။ ဤဒဏ်ရာသည် နှုတ်ခမ်းကွဲဒဏ်ရာ။
နောက်တစ်နေ့တွင် ဖာရစ်ဒ်နှင့်စိုးရက်ပ် ရောက်လာသည်။ ”ကျွန်တော့်ကို မှတ်မိလား” ဟု ဖာရစ်ဒ်ရယ်သလိုမောသလိုပြောသည်။ ကျွန်တော်ခေါင်းညိတ် ပြသည်။
”ကျေးဇူး ဖာရစ်ဒ်” ကျွန်တော့်မေးရိုးများ နန်းကြိုးနှင့်တွဲထားလျက်က ကျွန်တော်ပြောလိုက်ခြင်းဖြစ်သည်။ ဖာရစ်ဒ် နည်းနည်းရှက်ကာ ”ဟာ
… ကျေးဇူးတင်ဖို့မတန်ပါဘူးဗျာ” ဟုဆိုသည်။ ကျွန်တော် စိုးရက်ပ်ဘက်လှည့်သည်။ အနည်းငယ်ကြီးနေသော အညိုနုရောင်အကျႌ၊ အနက်ရောင်သံပုရာခွံဦးထုပ်နှင့်
စိုးရက်ပ်သည် မျက်လွှာချထားသည်။
”ကာကာတို့ ပုံမှန်မိတ်မဆက်ရသေးဘူးကွာ။ ကာကာ့နာမည် အေမား”
ကျွန်တော်ကမ်းပေးသောလက်ကို စိုးရက်ပ်ကြည့်ပြီး ”အဖေပြောတဲ့ ဆပ် အေမားလား” ဟုမေးသည်။
”ဟုတ်တယ်ကွ။ သားကိုလည်း ကာကာကျေးဇူးတင်ပါတယ်ကွာ။ ကာ ကာ့အသက်ကို သားကယ်ခဲ့တာ”
စိုးရက်ပ်စကားမပြန်။ ကျွန်တော်ကမ်းပေးသောလက်ကို စိုးရက်ပ်မဆွဲ ၍ ကျွန်တော်လက်ချလိုက်သည်။
”သားအကျႌလေးကို ကာကာကြိုက်တယ်ကွာ”
”ကျွန်တော့်သားအကျႌပါ” ဟုဖာရစ်ဒ်ဝင်ပြောသည်။ ”ကျွန်တော့်သားနဲ့ မတော်တော့ဘူး။ စိုးရက်ပ်နဲ့ကတော့ အနေတော်ပဲ” ဖာရစ်ဒ်သည်
စိုးရက်ပ်ကို လောလောဆယ် သူ့သားများနှင့်အတူထား၍ရကြောင်း ပြောနေသည်။ ”အိမ်မှာ အခန်းကတော့မများဘူး။ ဒါပေမယ့် ဘာတတ်နိုင်မှာလဲ။ သူ့ကိုလမ်းပေါ်မှာ
မထားနိုင်ဘူးလေ။ ပြီးတော့ကလေးတွေကလည်း သူ့ကိုခင်တယ်၊ ဟုတ်လား စိုးရက်ပ်”
စိုးရက်ပ်သည် ပိုက်များကိုလက်ချောင်းတွင်ရစ်၍ မျက်လွှာသာချထား သည်။ ဖာရစ်ဒ်သည် တွန့်ဆုတ်နေပြီးမှ ကျွန်တော့်အားမေးသည်။
”ဆပ်ကိုမေးရမှာ ကြောက်တယ်ဗျာ။ ဟိုအိမ်ထဲမှာ ဘာတွေဖြစ်ခဲ့သလဲဟင်။ ဆပ်နဲ့ ဟိုတာလီဘန် ဘာတွေဖြစ်ခဲ့သလဲ”
”နှစ်ယောက်စလုံး ကိုယ့်ထိုက်နဲ့ကိုယ့်ကံပါပဲ”
ဖာရစ်ဒ်ခေါင်းညိတ်သည်။ ထပ်မမေး။ ပက်ရှဝါမှ အာဖဂန်နစ္စတန်လာ သည့်လမ်းတွင် ဖာရစ်ဒ်နှင့်ကျွန်တော် မိတ်ဆွေဖြစ်ခဲ့ပြီဟူသော အတွေးဝင်လာသည်။
”ကျွန်တော်လည်း ခင်ဗျားကိုမေးရမှာကြောက်နေတယ် ဖာရစ်ဒ်”
”ဘာများလဲ”
ကျွန်တော်မမေးချင်။ အဖြေကြားရမှာ ကြောက်နေသည်။
”ရာဟင်ခန် …”
”သူသွားပြီ ဆပ်”
ကျွန်တော်နှလုံးခုန်မှားသွားသည်။
”သူ-”
……………………
………………………..
………………………….
……………………
……………………..
………………………
_____________________________
ဆက်ပါဦးမည်..။
____________________________
မူရင်းစာအုပ်အမည်…..THE KITE RUNNER
မူရင်းစာရေးဆရာ…….KHALED HOSSEINI
______________________________
မြန်မာပြန်ဆိုသူ …… ဝင့်ပြုံးမြင့်
မြန်မာပြန် စာအုပ်အမည်……..တိမ်ယံသစ္စာ
2009 / ဇွန် ၊ ပထမ အကြီမ် ။
စာမျက်နှာ စုစုပေါင်း…350
13 x 21 စင်တီဆိုဒ်
စာအုပ်တန်ဖိုး … 3000 ကျပ်
______________________________
လေးစားစွာဖြင့်..
……………………………
7 comments
အလင်းဆက်
August 1, 2012 at 6:13 pm
အေမားနဲ ့အာစွပ် ..တိုက်ခိုက် ကြတာကို ဖတ်ပြီး…
ကျွန်တော်..လည်း..အတော်..ပင်ပန်း သွားပါတယ် ။
ကိုယ်တိုင်…ဝင် တိုက်ခိုက်လိုက်ရသလို…ပါပဲ.။ မူရင်းစာရေးသူ…က ကျွန်တော့်ကို စကားလုံးတွေက တဆင့်..
တိုက်ပွဲ ထဲ..ဆွဲခေါ်သွားတာပါ ။
တိုက်ပွဲ အပြီးမှာ…
စိုးရက်ပ်လေးရဲ ့…. ပုံစံကို…. တွေ့ရပြန်တော့…
ရင်နာရပြန်ပါတယ် ။
ကလေးက… စိတ်မှာ..ဒဏ်ရာ…ရနေပုံပါပဲ.. ။
နောက်ပိုင်းမှာ..စိုးရက်ပ်လေး..ရဲ ့….
ရင်နာစရာ… စကားသံတွေ..ကိုကြားရမယ်..။
ရင်နာစရာ..သနားစရာ… အဖြစ်အပျက်တွေ…ကို မြင်ရမယ်….
စိုးရက်ပ်လေးက…
ကျွန်တော်တို ့..အားလုံး… ရင်နင့်..ပူဆွေးသွားစေမယ့်..
စကားတစ်ခွန်းကို..ပြောဦးမယ်….။
စောင့်မျှော်ဖတ်ရှုပေးကြပါဦး….
စာချစ်သူများ..ခင်ဗျား…
လေးစားစွာ..ခင်မင်…ကျေးဇူးတင်လျက်…
kotun winlatt
August 1, 2012 at 6:22 pm
ဟုတ်ကဲ့ပါ..ကိုအလင်းဆက်ရေ..
အပင်ပန်းခံပီး တင်ပေးတာ ကျေးဇူးပါ..
ဖတ်ရင်း..ဖတ်ရင်းနဲ့ တော်တော်ကို ဆွဲဆောင်နိုင်တာပဲဗျ..
မြို့ရောက်ရင်တော့ စာအုပ်ဆိုင်မှာ ရှာပီးဝယ်ဦးမယ်ဗျာ….
အလင်းဆက်
August 1, 2012 at 6:40 pm
ကိုထွန်းရေ….
အဲဒီ စာအုပ်က..ရှာရတာ ခက်နေပြိ..လို ့ပြောတယ်..ဗျ ။
ဝယ်တော့ သိမ်းသင့်တဲ ့စာအုပ်ပါ ။
မမမနော…ဆီမှာတော့ ငှား ဖတ်လို့်ရနိုင်မယ်..ထင်တယ်..ခည ။
ကျွန်တော် တင်ပေးသမျှ ကို….အားပေး ဖတ်ရှု..ကြသူများ..အားလုံးကို.ကျေးဇူးပါ…လို ့
မောင်ပေ
August 1, 2012 at 8:34 pm
စိုးရပ်လေးက လက်တည့်ချက်ကတော့ ဘမျိုးဘိုးတူလေးပေါ့ဗျာ
ဒါပေမယ့် အဲဒီဒဏ်ရာနဲ ့တင် ရာဟင်ခန် ရှောသွားတာကတော့ အံ့ဩစရာပါဘဲ
ဇါတ်ဆုံးတော့မယ် ထင်တယ် ။
သကြားလုုံးကြော်
August 2, 2012 at 5:17 pm
“ထိုစဉ်ကတည်းက ကျွန်တော်မပျော်နိုင်ခဲ့တော့။ နေလို့မကောင်း ခဲ့။ သို့သော်ယခုတော့ ကျွန်တော်ပျော်နိုင်ပြီ။ ကျွန်တော်နေသာသွားပြီ။ ”
အေမား အာဖဂန် ကိုုပြန်ဖြစ်တာသူ့အတွက်ကောင်းတယ်ထင်တာပဲ။ ဒီလိုုမှမဟုုတ်ရင် သူ့အပြစ်က တသက်လုုံး ခြောက်လှန့်နေမှာ
အလင်းဆက်
August 2, 2012 at 6:49 pm
အားပေး..ဖတ်ရှုကြ လို့ကျေးဖူးပါနော် ။
ဦးပေ..ရေ..
ဇာတ်က ဆုံးတော့မှာပါ ။
ကြောင်ကြီး
August 3, 2012 at 10:23 am
စိုးရက်ပ်
မိုးစက်
ဖြိုးနှပ်
တိုးဖက်
ဟိုးရပ်
ခိုးဇာတ်
နှိုးတတ်
ပျိုးပြက်..။