“အသွားမတူ အပြန်လည်းမတူခဲ့တဲ့ တူညီသောခရီးတစ်ခု”(အပိုင်းနှစ်) (ရှမ်းတောင်ရဲ့မြို့တော် တောင်ကြီးမြို့မှအပြန်)
“အသွားမတူ အပြန်လည်းမတူခဲ့တဲ့ တူညီသောခရီးတစ်ခု”(အပိုင်းနှစ်)
(ရှမ်းတောင်ရဲ့မြို့တော် တောင်ကြီးမြို့သို့)
ဒီတစ်ခေါက်ကတော့ စလာကတည်းက တောင်ကြီးမှာတစ်ညဘဲအိပ်မယ်လို့ရည်ရွယ်ထားခဲ့ကြပါတယ်။
မလာမဖြစ်လို့သာလာခဲ့ကြရတယ် မန်းလေးမှာလုပ်စရာတွေကအများကြီးကိုး။
ရောက်တဲ့နေ့မှာဘဲတွေ့စရာရှိတဲ့လူတွေလိုက်တွေ့ရပါတယ်။
နောက်နေ့တွေ့စရာရှိတဲ့ရုံးကိစ္စတွေကို ကြိုတင်လို့ချိတ်။
အကွက်ကိုစေ့နေအောင်လုပ်ရပါတယ်။
ကျနော်တို့ လုပ်ရမယ့်အလုပ်ကိစ္စက မနက်ပိုင်းတင်ပြီးမယ်ဆိုတာသိလိုက်ရပါတယ်။
အဲဒီမှာကျနော်ဆရာက ကားစင်းလုံးငှားပြီး ပြန်ရအောင်လို့ပြောပါတော့တယ်။
ဟုတ်တော့လဲဟုတ်ပါတယ် အိပ်စ်ပရက်ကားက ည ရှစ်နာရီမှာပြန်ထွက်မှာပါ။
မန်းလေးပြန်ရောက်ရင်မနက်လေးနာရီ။
လာကြိုဘို့လှမ်းခေါ်ရင်လဲ အိမ်ကလူအိပ်ရေးပျက်။
အငှားကားက လေးငါးခြောက်ထောင်ဆိုတော့ မတန်ရင်ကာ။
ဒီမှာကလဲ လည်စရာလဲမရှိ လုပ်စရာလဲမရှိ မိုးကလဲ တစ်ဖွဲဖွဲ။
တည်းခိုးခန်းကလည်း နေ့လည်ဆယ့်နှစ်နာရီမှာမထွက်ရင် တစ်ရက်စာထပ်ပေးရမယ်။
ညကားစီးမယ်ဆိုရင်လဲ မိုးတရွှဲရွှဲ မှောင်မဲမဲမှာအဆင်းလမ်းကပြန်ရမယ်။
နောက်ကားပေါ်က အိပ်ရတာအဆင်မပြေ။
ဒါနဲ့ဘဲကားစုံစမ်းရပါတယ်။
မိတ်ဆွေတစ်ယောက်နဲ့လက်ဖက်ရည်ဆိုင်ထိုင်ရင်းကားအကြောင်းပြောတော့သူက
ဖုန်းဆက်ပြီး သူ့မိတ်ဆွေကိုလှမ်းမေးပေးပါတယ်။
ဗင်ကား ခုနှစ်သောင်းခွဲနဲ့တည့်သွားပါတယ်။
အဲဒါနဲ့နက်ဖြန်မနက် 8နာရီခွဲမှာတည်းခိုးခန်းကိုလာကြိုဘို့မှာလိုက်ပါတယ်။
နောက်နေ့မနက်ရောက်တော့ 8နာရီကျော်ကျော်လောက်မှာ ကားရောက်လာပါတယ်။
အစကတော့တည်းခိုခန်းက တစ်ခါထဲထွက်ခဲ့။
ရုံးကိစ္စပြီးတာနဲ့တန်းပြန်ပေါ့။
ဒါပေမယ့်ပြန်စဉ်းစားလိုက်တော့ တည်းခိုးခန်းက 12ထိနေလို့ရသေးတယ်။
အထုပ်အပိုးတွေကားပေါ်တင်ပြီးလျှောက်သွားရမှာကလဲ သိပ်အဆင်မပြေ။
အဲဒါနဲ့ဘဲကားဆရာကို ကျနော်တို့သွားရမယ့်ရုံးကိုလိုက်ပို့ခို်င်းရပါတယ်။
ရုံးလုပ်ငန်းက နေ့လည်ဆယ်နှစ်နာရီမတိုင်ခင်ပြီးမယ်လို့ခန့်မှန်းထားပါတယ်။
ဖြစ်ချင်တော့ မနက်ဆယ်နာရီမှာ ကိစ္စအားလုံးပြီးသွားပါတယ်။
ဒါဆိုရင် ဆယ်တစ်နာရီတောင်ကြီးက စထွက်ဖြစ်ရင်လမ်းမှာ ရူ့ခင်းတွေလဲကြည့်
မန်းလေးလဲ ညနေစောစောရောက်မယ်ဆိုပြီး စိတ်ထဲမှာကျေနပ်။
ကားဆရာကို ဟိုတယ်ကိုအမြန်မောင်းခို်င်း။
ပစ္စည်းကမန်းကတန်းသိမ်း။
တောင်ကြီးမြို့ကစထွက်တော့ဆယ်နာရီခွဲ။
လမ်းမှာဒီဇယ်ဝင်ထည့်ပြီး ကားဆရာရယ် ကျနော်ဆရာရယ်က စကားတပြောပြော။
တောင်ကြီးလမ်းမှာ အိပ်စ်ပရက်တွေပေါ်လာတော့ လူစီးနည်းတဲ့အကြောင်း၊
လေးရက်မှာတစ်ခါဘဲမန်းလေးကို ဆင်းရတဲ့အကြောင်း၊
ဟိုရောက်တော့ပြန်တက်ဘို့အလှည့်စောင့်ရတော့ စားစရိတ်တည်းစရိတ်ထောင်းတဲ့အကြောင်း
ကားဈေးကျတဲ့အကြောင်းစုံနေတာပါဘဲ။
ကားကတောင်ကြီးအဆင်းလမ်းအတိုင်းဆင်းလာနေရင်း အေးသာယာ စပျစ်ခြံမရောက်ခင်လေးကားခဏရပ်လိုက်ပါတယ်။
ကားဆရာမေးတော့ ဘရိတ်မပြန်လို့ ဆိုပြီး ဟိုနုှိက်ဒီနုှိက်လုပ်။
တောင်ခြေရောက်မှ ဝပ်ရှော့ရှာမယ်ဆိုဆင်းလာခဲ့ပါတယ်။
အောက်အဆင်းမိုးလေးကတစ်ဖွဲဖွဲ။
လမ်းမှာကားဝပ်ရှော့မတွေ့ဘဲ ဆိုင်ကယ်ဝပ်ရှော့တွေဘဲတွေ့ရပါတယ်။
အဲဒါနဲ့ ဆိုင်ကယ်ဝပ်ရှော့က ညှပ်ပလာယာငှားပြီး ပြင်ပေမယ့်မ ရ။
ဟိုမေးဒီမေးနဲ့ဘဲလူတစ်ယောက်ညွန်လိုက်တော့ ဝပ်ရှော့တစ်ခုရောက်သွားပါတယ်။
ရှေ့ဘီးတွေဖြုတ် သူပြောသလိုလေချူ။
နာရီဝက်လောက်ကြာတော့ပြီးသွားပါတယ်။
ဆက်မောင်းလာရင်း ရွှေညောင်နားရောက်တော့ ထမင်းဆိုင်တစ်ခုနားမှာကားရပ်လိုက်ပါတယ်.။
စိတ်တိုင်းမကျသေးဘူး တစ်နာရီခွဲလောက်တော့ကြာမယ် ထမင်းစားနှင့်ဆိုပြီး ထွက်သွားပါတယ်။
အဲဒါနဲ့ဘဲထမင်းမှာစားကြပါတယ်။
လူကတော့ စိတ်လေနေပါပြီ။
ထမင်းစားသောက်ပြီးအတော်ကြာတော့ ပြန်ရောက်လာပါတယ်၊
အိုကေ ဆိုလို့ဝမ်းသာ နာရီကြည့်တော့ တစ်နာရီမတ်တင်း။
ဒါနဲ့ဘဲ ဆက်မောင်းလာရင်း အောင်ပန်းမဝင်ခင် နေပူခံကိုယ်တော်ကြီးနားအလွန်မှာလမ်းဘေးတစ်ခါထိုးရပ်ပြန်ပါတယ်။
ဘရိတ်ပြန်ကပ်သွားပြီတဲ့။
အဲဒါနဲ့ဘဲကားကို ဖြည်းဖြည်းဘဲမောင်းလာပါတယ်။
အောင်ပန်း ကချယ်ရီမြိုင်မှာ မုန့်နဲ့ရေသန့်ဘူးဝင်ဝယ်။
အောင်ပန်းလမ်းဆုံလဲရောက်ရော ကားက စိတ်မချတော့ဘူး ကားချိန်းပေးမယ်ပြောပါတယ်။
အောင်ပန်းက ကားကို စင်းလုံးငှားဘို့မေးကြည့်တော့ တစ်သိန်းခွဲတဲ့အပြန်လူမရတော့ အသွားအပြန်တွက်တောင်းတာပါတဲ့၊
တရားကျစရာဗျာ။
ဒါနဲ့ဘဲတောင်ကြီးဂိတ်ကိုလှမ်းဖုန်းဆက်တော့ နေ့လည် နှစ်နာရီမတ်တင်း။
နီးစပ်ရာလက်ဖက်ရည်ဆိုင်တစ်ခုမှာဝင်ထိုင် ဆိုင်မှချထားတဲ့ဂျာနယ်တွေဖတ်ရတော့တာပေါ့။
ကားဆရာကလဲ အဲဒီနားက သူ့မိတ်ဆွေကားဆရာတွေနဲ့ ကားဘီးတွေဖြုတ်ပြီး ပြင်ကြပါတော့တယ်။
တစ်နာရီကျော်လောက်ကြာတော့ ကားလုံးဝအိုကေပြီတဲ့။
သူလဲအနီးအပါးလှည့်ပါတ်မောင်းကြည့်ပေါ့။
တောင်ကြီးနဲ့အောင်ပန်းမိုင်လေးဆယ်ပါတ်ဝန်းကျင်။
တကယ်မောင်းရင်တစ်နာရီစွန်းစွန်း။
လေးနာရီမတ်တင်းထိ ကားရောက်မလာ။
သူနဲ့ဆက်သွားမယ်ပြောတော့ မရတော့ဘူးတဲ့ ဟိုကားလာအောင်စောင့်ရမယ်တဲ့။
အဲဒီအချိန်မှာ စိတ်ဓါတ်အတော်လေးကိုကျသွားပါတယ်။
လေးနာရီကျော်ကျော်မှာတော့ လှမ်းခေါ်ထားတဲ့ကားရောက်လာတာနဲ့
ပစ္စည်းတွေပြောင်းပြီး အမြန်ခရီးဆက်ရပါတယ်။
&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&
ကားစထွက်တော့ ကားခေါင်းက ကလောဘက်ကိုဦးမတည်ဘဲ ပင်းဒယသွားတဲ့ဘက်ကို ခေါင်းတည်လိုက်ပါတယ်။
မေးကြည့်တော့ ရွာငံလမ်းကနေသွားမယ်လို့ပြောပါတယ်။
တောင်ကြီး-မန်းလေး ပုံမှန်လမ်းက မိုင်200ကျော်ကျော်။
အိပ်စ်ပရက်ကားတွေဘဲအသွားများပါသတဲ့။
အခုရွာငံလမ်းက တော့ ပင်းဒယဘက်လမ်းခွဲကနေသွားရင်
တောင်ကြီး မန်းလေး မိုင်170လောက်ဘဲရှိတော့ အချိန်တိုပါသတဲ့။
ဒီလမ်းက ကျောက်ဆည် ဟန်မြင့်မိုရ်ရွာအရောက်မှာ လမ်းမကြီးနဲ့ပြန်ဆုံမှာပါ။
အခုနောက်ပိုင်းကိုယ်ပိုင်ကားလေးတွေက ဒီရွာငံလမ်းကဘဲအသွားများပါသတဲ့။
လမ်းကျဉ်းပြီးတစ်ချို့နေရာမှာ လမ်းကြမ်းမယ် ။
လမ်းသိပ်မကောင်းတာ မိုင်70လောက်ဘဲရှိမယ်ပြောပါတယ်။
ဒါပေမယ့် သာယာတယ်လို့ပြောပါတယ်။
ဆယ်နှစ်လောက်ဒီလမ်းပေါ်မှာမောင်းလာတဲ့ ကားဆရာကြီးက စိတ်ရှည်လက်ရှည်ရှင်းပြပါတယ်။
သူပြောသလိုပါဘဲလမ်းမြင်ကွင်းလေးတွေကလှပပါတယ်။
မိုးရာသီဖြစ်နေတော့ မြင်လေရာကြည့်လေရာမှာ စိမ်းစိမ်းစိုစို။
မကြာခဏတွေ့ရတာကတော့ မုံလာထုပ်လို့ခေါ်တဲ့ ဂေါ်ဖီထုပ် အခင်းတွေပါဘဲ။
လမ်းမှာ ဆယ်နှစ်ဘီးကားတွေနဲ့ မုံလာထုပ်တွေအပြည့်တင်တာမြင်ရ။
လမ်းနံဘေးက လယ်ကွက်တွေမှာလည်း လှည်းနဲ့အပြည့်တင်ထားတာမြင်ရတာအားရပါးရ။
မခူးဆွတ်ရသေးတဲ့အခင်းတွေကလှည်းအများကြီး။
လမ်းဘေးမှာပုံထားတာတွေက လည်း တထောကြီး၊
“ဈေးကောင်းမှ ရကြပါလေစ စိုက်စရိတ် ပင်ပန်းစရိတ်မှကြေပါလေစ”
လို့မေးခွန်းကတော့ ရင်ထဲမှာပဲ့တင်ထပ်လာပါတယ်။
မိုးရွာထားတော့ လမ်းက စိုစွတ်စွတ် ။
ဒီဒေသခံလူတွေက တော့ ထော်လာဂျီတွေနဲ့ လုပ်ထားတဲ့ ကားနဲ့ဘဲအသွားများကြပါတယ်။
ကားတိုင်းကားတိုင်းမှာပြည့်သိပ်ညှပ်ဖြစ်သလိုစီးပေါ့။
ညနေလေးနာရီလောက်မှာတော့ ကျောင်းသူကျောင်းသားအုပ်စုလေးတွေ စာသင်ပြန်လာတာကိုတွေ့ရ။
တစ်ချို့ရွာတွေက ဆိုရင်အတော်ဝေးဝေးလမ်းလျောက်ရတယ်လို့ သိရပါတယ်။
ဒီလိုကလေးများမြင်ပြန်တော့ မိဘက အဆင်သင့်ဖန်တီးပေးထားတာတောင် ပညာကောင်းကောင်းမသင်ချင်တဲ့
မြို့ပေါ်က ကလေးတွေနဲ့ နေရာချင်းလဲပေးချင်စိတ်တောာင်ပေါ်လာမိပါတယ်။
အကွေ့အဝိုက်များလှတဲ့လမ်းကလေးမှာ မိုးကလဲ တိတ်လိုက်ရွာလိုက်။
ကျနော်ကလည်းဟိုငေး ဒီငေး ဟိုရိုက်ဒီရိုက်။
ဟိုးအဝေးက တောင်စိမ်းညို့ညိုမှာ တောင်ခိုးတွေဝေနေပုံကလှပ။
သွားနေရင်းက လွင်ပြင်ကျယ်အဝေးမှာ ထီးထီးကြီးရှိနေတဲ့တောင်နှစ်လုံးပေါ်မှာ စေတီတွေ။
ကားဆရာကြီးကို မေးကြည့်တော့ “မိန်းမရဲ သခင်မတောင် “လို့ဖြေပါတယ်။
ဒါနဲ့ ကားရပ်ခိုင်းပြီးဓါတ်ပုံရိုက်ပါတယ်။
ဆက်ထွက်လာတော့ တောင်ဘက် ခြမ်းမှာ ဒီတောင်ကို ဝင်တဲ့ မုဒ်ဦးအဝကိုတွေ့ရပါတယ်။
နာရီကြည့်လိုက်တော့ ညနေငါးနာရီစွန်းစွန်း။
ဒါပေမယ့်လဲ အလင်းရောက်ကတော့ ပျောက်ချင်ချင်။
ကျနော်တို့အပြန်လမ်းမှာတော့ လုပ်ငန်းခွင်က သိမ်းလာတဲ့ လယ်သူမတွေကို တွေ့ရပါတယ်။
ကျွဲတွေနွားတွေဆွဲလာကြတာရယ် နည်းနည်းလည်းမှောင်စပြုလာတော့ ကားကိုဂရုစိုက်မောင်းလာရပါတယ်။
အမှောင်လွှမ်းတာရယ် ကားကလဲ အမြန်မောင်းတာရယ်ကြောင့် ပုံလှလှမရ ဝါးနေပါတယ်။
ဒီလိုဘဲသွားရင်းနဲ့ တိုက်နယ်ဆေးရုံတွေ စာသင်ကျောင်းတွေရှိနေတဲ့ ရွာကလေးကိုဖြတ်လာခဲ့ပါတယ်။
“ မြိုင် “ ပါတဲ့။
အဲဒီကနေဆက်သွားလို့မကြာခင်မှာဘဲ ထမင်းဆိုင်လေးတစ်ဆိုင်ရှေ့ကားရပ်လိုက်တော့ ညနေခြောက်နာရီ။
ထမင်းဆိုင်လေးရှိတဲ့အရပ်ကတော့ “ရွာငံ” ဆိုင်နာမယ်ကတော့ မြမိသားစု ပါတဲ့။
အဲဒီမှာထမင်းစား နာရီဝက်လောက်နားပြီး ခရီးဆက်ထွက်။
လမ်းကမှောင်သွားတော့ ဓါတ်ပုံရိုက်လို့မရတော့ပါဘူး။
ညနေခင်းခြောက်နာရီပေမယ့် တောရိပ်တောင်ရိပ်ကြောင့် မှောင်သထက်မှောင်လာပါတယ်။
နောက်တော့ကားမီးရောင်ကလွဲလို့ဘာမှမမြင်ရ။
ဒါပေမယ့်ကားကြီးတွေတက်လာတာနဲ့ဆုံရင်တော့ ခဏရပ်စောင့်ပေးရပါတယ်။
ကားဆရာကြီးက ရွာနားနီးရင်သတိထားရပါသတဲ့။
အခုခေတ်မှာဆိုင်ကယ်က လူတိုင်းလောက်ရှိနေပါသတဲ့။
ရွာလမ်းကနေ ထွက်ချင်သလိုထွက်လာ။.
ကိုယ်ကလဲအရှိန်ပါရင် တိုက်မိတော့ လျော်ရတယ်ပြောပါတယ်။
အဲတော့ရွာနားနီးရင် ဟွန်းအကျယ်ကြီးတီးရပါသတဲ့။
ကျနော်တို့လဲမှောင်ကြီးမဲမဲဆက်လာလိုက်တာ တစ်နေရာရောက်တော့
ကားဆရာကြီးကပြောပါတယ် “ဒီနေရာလေးဆိုသိပ်လှတာ ဖော်ရင်းနာပါရင်ရပ်ပေးရတယ်”
အဝေးမှာတောင်ကုန်းတွေကို မပီမသ နေရောင်ကြားက မြင်နေရပါတယ်။
အခုတော့မှောင်မဲမဲပါ။
ဒါနဲ့ဘဲဆက်ထွက်လာလိုက်တာ ကားတွေတစ်သီကြီးတန်းစီရပ်နေတာမြင်ရလို့မေးတော့
“စောင့်ရမှာ ကုန်ကားတစ်စီးလမ်းချော်နေတာ လုပ်နေတာကြာပြီ ပြီးတော့မှာပါ”လို့
အရင်ရောက်သူတစ်ယောက်ကဖြေပါတယ်။
ညမှောင်မဲမဲ ကားတစ်စီးလဲမလိုပြိုမလိုဖြစ်နေတဲ့နားသွားစပ်စုတော့
ရှိသမျှ ကားသမားတွေက ဝိုင်းပြီးကူညီနေတာတွေ့ရပါတယ်။
လဲနေတဲ့ကားကို အောက်ကျမသွားအောင် တောင်ပေါ်ကသစ်ပင်ကို ကြိုးချည် ကားနဲ့တွဲထား။
နံဘေးနားမှာကားတစ်စီးယှဉ်ရပ်ပြီးသံကြိုးနဲ့တွဲလို့ထားပါတယ်။
ကျန်တဲ့သူတွေကတော့ ကားအောက်ချိုင့်ထဲခုရအောင် ခဲလုံးကြီးတွေရှာသူရှာ။
မြေတူူးသူတူး ကားကိုမြှင့်ရအောင်ဂျိုက်ထောက်သူထောက်နဲ့ တက်ညီလက်ညီ။
ခဏအကြာမှာကားကကြွတက်အလာ ညာသံပေးပြီးဝိုင်းတွန်းလိုက်တော့ ကားလဲလမ်းပေါ်ရောက်လာပါတယ်။
အဲဒီမှာနာရီဝက်လောက်တော့ ကြပါတယ်.
ပြန်ထွက်ချိန်ကြည့်တော့ ညရှစ်နာရီခွဲ။
အဲဒီကနေတောင်ဆင်းလမ်း ခပ်ကြမ်းကြမ်း မှောင်မဲမဲထဲမှာအသားကုန်ဆွဲလာလိုက်တာ
ကိုးနာရီကျော်ကျော်မှာ ဟန်မြင့်မိုရ်အဝကိုရောက်ပါတယ်။
အဲဒီကနေဆက်ထွက်လာလိုက်တာ ညဆယ်တစ်နာရီကျော်ကျော်မှာအိမ်ပြန်ရောက်ပါတော့တယ်။
မြင်ချင်မှနှေးဆိုတဲ့ခရီး ပါဘဲ။
နောင်ခရီးထွက်မယ် ကားစင်းလုံးငှားစီးမယ်ဆိုရင်တော့
ကားကောင်းမကောင်းအရင်မေးရမယ်ဆိုတာ ခေါင်းထဲစွဲနေအောင်မှတ်ထားလိုက်ပါ၏။
ကိုပေါက်လမ်းသလားနေသည်
(2-8-2012)
13 comments
cherry nwe
August 8, 2012 at 10:26 am
ဘဘဦးပေါက် ပုံလေးတွေကအရမ်းလှတယ်ဒါပေသိစိတ်မောစရာကြီး
လင်းဝေ
August 8, 2012 at 12:00 pm
တစ်လောကပဲ ကျနော်လည်း နေပြည်တော်ကနေပြီး ကလော အောင်ပန်း တောင်ကြီး ဘက်တက်ဖြစ်သေးတယ်။ ကားတွေကတော့ မြန်မာပြည်မှာ အိုမင်းနေပြီမို့ တောင်တက်ဆင်းလမ်းမှာ ဘရိတ်မကောင်းရင် လုံးဝ မသုံးသင့်ပါဘူး။ ကားဟောင်းတွေက ဘရိတ်မကောင်းရင် ဘယ်လောက်စိတ်ညစ်ရတယ်ဆိုတာ သိတော့ ကိုယ်ချင်းစာမိပါတယ်။ ခရီးသွားရင် မြန်ချင်တဲ့စိတ်ရှိတဲ့အတွက် လမ်းမှာ ကိုယ်သာ ဒီလိုကြုံရမယ်ဆိုရင် ဘယ်လောက်စိတ်ပျက်မိမလဲမသိပါဘူး။ စောင့်ရတာပျင်းပျင်းနဲ့ သောက်မိရင်လည်း မူးနေတာနဲ့ ကျန်းမာရေးရပ်ရတာနဲ့ ပိုဆိုးတော့မှာပဲ။ ရွာငံလမ်းကို သိသွားလို့ ကျေးဇူးပါ။
အတိသဌ္ဇနာဂရ
August 8, 2012 at 1:41 pm
ကိုပေါက်ရေ ကြိုးတံတားပုံလေးရော မရိုက်ခဲ့ပါလားးးးးး
ကိုပေါက်(မန္တလေး)
August 8, 2012 at 10:13 pm
ကြိုးတံတားကို ကျနော်မတွေ့ခဲ့ရဘူးဗျ တွေ့ရင်ရိုက်မှာသေချာပါတယ်
အတိသဉ္ဖာ နာဂရချစ်သူ
August 12, 2012 at 7:48 pm
လေးပေါက်ရေတောင်ကြီး ကနေ ဆင်းတော့ ကြိုးတံတားအောက်ကနေ ဘဲဖြတ်ရတာလေနော့။
အမှတ်တမဲ့ မေ့သွားသလားလို ့ပါ။
eipu
August 8, 2012 at 2:35 pm
တောင်ကြီးမြို့ကိုမရောက်ဘူးတဲ့အတွက် ကျေးဇူးပါ။ ု့လေးတွေကတဆင့် ခံစားသွားပါတယ်
ချစ်တိုးလေး
August 8, 2012 at 3:22 pm
ဘပေါက်ရဲ ့ပုံလေးတွေကြည့်ပြိံး တောင်ကြိံးကိုသွားလည်ချင်စိတ်တွေပေါက်လာပါတယ်။ပုံလေးတွေကြည့်ရုံနဲ ့ကို စိတ်ထဲအေးလိုက်တာနော်
Ma Ei
August 8, 2012 at 3:39 pm
10..မိန်းမရဲ သခင်မတောင်
11..လမ်းမှာတွေ့တဲ့ရေတံခွန်
လှလိုက်တာ…
ခရီးသွားရင်း ကားပျက်ရင်
စိတ်ညစ်ရတာအသေချာမို့
ကိုယ်ချင်းစာ မိပါတယ် …
မောင်ပေ
August 8, 2012 at 9:02 pm
ရွာငံလမ်းမှာ
ရှာကြံမန်းလို ့
မောင်ဖုန်း
ရောက်အောင် လာပါ့မယ်
ကိုပေါက်(မန္တလေး)
August 8, 2012 at 10:20 pm
ရောက်အောင်လာ မောင်ဖုန်း
သွားကြရအောင်ကွာ တောင်ပြုန်း
မွန်မွန်
August 8, 2012 at 11:06 pm
ီဒီတစ်ခါ နံပါတ် (၈) ဗျို့ လေးပေါက်…
ပုံလေးတွေခံစားပြီးမှ လေးပေါက်ရဲ့ ခရီးစဉ်ကို ဖတ်လိုက်ရပြီး မောသွားတယ်..
ဖိုးထောင်
August 9, 2012 at 11:23 pm
အော်လေးပေါက်လေးပေါက် နောက်တစ်ခါဒီလောက်လှတဲ့ခရီးကို သွားရင် လမ်းမှာကားခနခနပျက်ပါစေ ဒါ့ပုံကောင်းကောင်းတွေများများကြည့်ရအောင်လို့ ညွှတ်ညွှတ်ညွှတ် (စတာနော်)
ကိုပေါက်(မန္တလေး)
August 12, 2012 at 6:34 pm
ကိုဖိုးထောင် ကားမပျက်မှ ပုံကောင်းရတာလေဗျာ