အွန်လိုင်း ၊ ပရဟိတ နှင့် ကျနော်…
ဒီနေ့ မော်နီတာဂျာနယ်မှာ ရေးထားတဲ့ စာလေးတစ်ပုဒ်ကို ဖတ်မိပြီး ဒီစာလေးကို ရေးချင်စိတ်ပေါ်လာတာပါ… ၂၉.၇.၂၀၁၂ ရက်နေ့ထုတ် မော်နီတာ ဂျာနယ်မှာ အွန်လိုင်း
ဖွန်လိုင်းဆိုပြီး စာလေးတစ်ပုဒ်ပါလာပါတယ်။ ရေးသူအမည်ကတော့ Zan ထင်တာပါပဲ ။ ဘယ်နေရာမဆို အကောင်းနဲ့ အဆိုးဒွန်တွဲနေတာပါ ။ မကောင်းတာလေးတစ်ခုတည်းနဲ့
အားလုံးကိုသိမ်းကျုံးပြီး မကောင်းဘူးလို့ပြောတာ လွန်တယ်လို့ ထင်မိလို့ပါ ။ ဒီလိုပြောကြကြေးဆိုရင် ဂျာနယ်လစ်တွေရဲ့ အကြောင်း အများကြီး ပြောစရာရှိပါတယ် ။ ဒါပေမယ့် ကျနော်
သူများမကောင်းကြောင်း မပြောချင်ပါဘူး။ ဒီအတွက်ကြောင့် အွန်လိုင်းသုံးတဲ့ သူတိုင်း ဖွန်လိုင်းမဟုတ်ဘူးဆိုတဲ့ အကြောင်းလေးကို ကျနော် စာလေးရေးလိုက်မိခြင်းပါ..။
@@@@@@@@@@@@@@@@@@@@@@@@@
ကျနော်တောသား အင်တာနက်ဆိုတာကြီးကို သုံးလာတာ သုံးနှစ်ကျော်ပါပြီ။ ကွန်ပျူတာလေးတစ်လုံးဝယ် (ဒါကလည်း သေသေချာချာ တတ်ကျွမ်းလို့ မဟုတ်ပါ…
အမှန်ပြောရရင်ဝယ်စက အဖွင့်အပိတ်ကို မတတ်ခဲ့ပါ..) ရွာက အစ်ကိုတော်တစ်ယောက်က မြောက်ပေးတာနဲ့ ဝယ်ဖြစ်ခဲ့ပြီး အင်တာနက်သုံးဖို့ကိုလည်း သူပဲလမ်းညွှန်ခဲ့တာပေါ့…
ကျနော်ကလည်း စပ်စပ်စုစု နိုင်လွန်းသူ တစ်ယောက်ဆိုတော့ နားမလည်တာတွေ မသိတာတွေကို သူ့ကိုမေး စာအုပ်တွေဖတ်နဲ့ဆိုတော့ … စာစီစာရိုက်လေးတော့
နည်းနည်းရလာပါတယ်… အင်တာနက်ဆိုကြီးကိုလည်း တောင်တောင်အီအီ လျှောက်ကလိတတ်လာတယ်ပေါ့ဗျာ… ကျနော် အင်တာနက် စစသုံးတတ်ခြင်းမှာပဲ
မာတီပလိုင်းကိုရောက်ပြီး ဆိုဒ်လေးတစ်ခုထောင်ဖြစ်တယ်။ ဆိုဒ်လေးတစ်ခု လုပ်မိတယ်လို့ ဒီအချိန်မှသာ ပြောတာ..အဲ့အချိန်က ဆိုဒ်တွေဘာတွေဆိုတာ ဘောင်းဘီဆိုဒ်
အကျင်္ီဆိုဒ်လောက်သာသိတာရယ်..။ ဒီလိုနဲ့ ကျနော်တောသား မာတီဆိုတဲ့ ဆိုဒ်ကြီးမှာ
ထင်မိထင်ရာစာလေးတွေရေးပါတော့တယ်…(အဲ့အချိန်ကရေးခဲ့တဲ့ စာလေးတွေကို ခုပြန်ပြန်ဖတ်ရင်း ရီမိပါတယ်..တော်တော်ပေါခဲ့တဲ့ ငါပါလားဆိုပြီးပေါ့..) ကိုယ်ရေးချင်တာတွေရေး
သူငယ်ချင်းတွေရေးထားတာတွေဝင်ဖတ်ပြီး မှတ်ချက်တွေပေးနဲ့ မိုးမမြင်လေမမြင်ပျော်နေခဲ့တာပေါ့ဗျာ…(ရေးနေရင်းနဲ့ပဲ.. အဲ့ အချိန်လေးတွေကို လွမ်းမိပါရဲ့..)
ကျနော် အင်တာနက်ကို ဘယ်လိုသုံးရလဲဆိုတော့ ကြိုးဖုန်းလေးကို ကွန်ပျူတာနဲ့တွဲပြီး ရတနာပုံတယ်လီပို့ကရောင်းတဲ့ ၁၅၊၃၀၊၆ဝ နာရီစာစတဲ့ACCESS(prepaid dial-up
kit) လေးတွေကို ဝယ်သုံးရတာပါ။ ကွန်နက်ရှင်တော့ သိပ်မကောင်းဘူးပေါ့…။ တစ်ခါတစ်ခါ ကွန်နက်ရှင်ကို
အားလုပ်ရတာ ဆောင်းတွင်းချမ်းချမ်းအေးအေးမှာတောင် ချွေးတွေပြန်လာတတ်ပါတယ်။ အဲ့လို..အဲ့လိုနဲ့ အင်တာနက်ကို ကျနော်သုံးနေခဲ့တာ တစ်နှစ်ကျော်လာလေသောအခါပေါ့…
ကျနော်တို့နိုင်ငံမှာလည်း ရွေးကောက်ပွဲတွေကျင်းပပြီးသကာလ စည်းကမ်းပြည့်ဝ၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကြီးကို ချီတက်မယ်
ဆိုပြီး ခြေလှမ်းတွေပြင်လာကြတဲ့ အချိန်…တစ်နိုင်ငံလုံးမှာလည်း ဆင်းရဲမွဲတေမှုပပျောက်ရေး(သို့) လျှော့ချရေး ဆိုတဲ့ အသံတွေ တော်တော်ကြီးကို ဆူညံလာပါတယ်..။ ဒါနဲ့
ကျနော်လည်း ခေတ်စားနေတဲ့ ဆင်းရဲမွဲတေမှုလျှော့ချရေး(သို့)ပပျောက်ရေးဆိုတဲ့ အသံတွေအပေါ် ကျနော့်အတွေး ယူဆချက်တွေကို ခံစားမိသလိုရေးဖွဲ့လိုက်ပါသည်ပေါ့..။
မာတီကသူငယ်ချင်းတွေ ဝင်ရောက်ဆွေးနွေးကြပြီး မှတ်ချက်(comment)ပေါင်း ကိုးဆယ်ကျော်သွားခဲ့သလို ရန်ပွဲနဲ့ အဆုံးသတ်သွားခဲ့တယ်ခင်ဗျ..။ နောက်ရက်မှာ ရန်ကုန်က
အစ်ကိုတော်က ကျနော်ရေးထားတဲ့ ပို့စ်လေးကို ဖတ်မိပြီး ကျနော့်ဆီကို ဖုန်းလှမ်းဆက်ပါတယ်။ ကျနော်နေတဲ့ ရွာလေးမှာ ဘာတွေလိုအပ်သလဲ
ဘာတွေကိုလုပ်ပေးနိုင်မလဲဆိုပြီးပေါ့…။ ကျနော်လည်းအပြေးအလွှားစဉ်းစာလိုက်တော့ ကျနော်တတ်နိုင်သလောက် လုပ်နေတဲ့ ပညာရေးဘက်ကို စဉ်းစားမိတာနဲ့
မူလတန်းကျောင်းလေးတွေကို စာရေးကိရိယာတွေလှူချင်တယ်ပြောတော့ အစ်ကိုတော်က… အိုကေဆိုပြီး ..ငွေသုံးသိန်းလွဲပေးမဲ့ အကြောင်းပြောပါတယ်..။ ကျနော်
အံ့ဩဝမ်းသာမဆုံး.. လေးစားမဆုံးပါပဲ..ခင်ဗျားတို့ပဲ တွေးကြည့် စဉ်းစားကြည့်ကြလေ.. အစ်ကိုတော်နဲ့ ကျနော်ဟာ တစ်ယောက်နဲ့ တစ်ယောက်မြင်ဘူးတွေ့ဘူးကြတာလဲ
မဟုတ်..ကျနော်နေတဲ့နေရာကို အစ်ကိုတော်ရောက်ဘူးတာလဲ မဟုတ်ပဲ..ယုံယုံကြည်ကြည်နဲ့ ငွေပို့ပေးတဲ့ စိတ်ထားဟာ အလွန်ချီးကျူးဖို့ကောင်းတဲ့ စိတ်ဓာတ်..လေးစားဖို့ ကောင်းတဲ့
စိတ်ထားမဟုတ်လား…(ကျနော်ရန်ကုန်ရောက်တုန်းက ခဏပဲတွေ့ခဲ့ရပေမယ့် ..ဒီတစ်ခါဆုံကြရင်တော့ အေးအေးဆေးဆေး စကားတွေအများကြီးပြောချင်ပါသေးတယ်
အစ်ကိုရေ..)..
ဪ..အဲ့ စာလေးရဲ့ ခေါင်းစဉ်က “နည်းနည်းပြောမယ်တဲ့…”။ နည်းနည်းပြောမယ်ဆိုတဲ့ စာလေးဟာ မာတီရဲ့ နှစ်နှစ်ပြည့် မဂ္ဂဇင်းမှာလည်း ပါဝင်ခွင့်ရသွားခဲ့ပါတယ်….
အစ်ကိုတော် ပို့ပေးလိုက်တဲ့ ငွေသုံးသိန်းနဲ့ ကျနော်ရွာကသူငယ်ချင်းတွေစုပြီး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း အပါအဝင် မူလတန်းကျောင်းလေးတွေကို စာရေးကိရိယာတွေ
လှူခဲ့ပါတယ်။ မူလတန်းကျောင်းလေးတွေကို ကိုယ်တိုင်ရောက်တဲ့အခါမှ ထင်ထားတာထက်ပိုပြီးဆိုးတဲ့ အခြေအနေတွေကို တွေ့လာမြင်လာရတော့တာပါပဲ။ စာသင်ခုံတွေက
စာသင်ခုံနဲ့မတူတာတွေ မလုံလောက်တာတွေ ကျောင်းအမိုးအကာတွေက မလုံ၊ ကလေးတွေက စာအုပ်မဝယ်နိုင်လို့ စာရွက်လေးတွေပေါ်မှာ ရေးနေရတာမျိုးတွေက အစ မြင်ရတော့
ကျနော့်ရင်ထဲမှာ မွန်းကြပ်လှောင်ပိတ်ဆို့နင်စွာ ခံစားခဲ့ရပါတယ်… ကြည့်စမ်း…ကျနော်တို့နိုင်ငံရဲ့ အနာဂတ်ခေါင်းဆောင်လေးတွေ … မူလတန်းအဆင့်မှာပဲ စာအုပ်ဘိုး
ခဲတံဘိုးလေးပင် မတတ်နိုင်ဘူးဆိုရင်.. အလယ်တန်းအဆင့် အထက်တန်းအဆင့်ကို ဘယ်လိုရောက်လာနိုင်မလဲ…ပညာခေတ်ကြီးထဲမှာ ဒီလိုလူငယ်လေးတွေရဲ့ အနာဂတ်
ဘယ်လိုနည်းနဲ့ ကောင်းလာနိုင်ပါ့မလဲ..ဒီလိုလူငယ်တွေနဲ့ အဘယ်သို့သော ခေတ်မီဖွံ့ဖြိုးတက်သော နိုင်ငံတော်ကြီးကို တည်ဆောက်နိုင်ကြပါ့မလဲ… ဒီလိုအတွေးတွေနဲ့ ကျနော်
ကလေးတွေအပေါ် စာနာနားလည်လာမိပါတယ်… ဒါကြောင့် ကျနော် ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ပညာရေးအတွက် တတ်နိုင်တဲ့နေရာ စွမ်းနိုင်တဲ့နေရာကနေ လုပ်မယ်ဆိုပြီး
ဆုံးဖြတ်မိခဲ့တာပါ..။ ကျနော့်ဆန္ဒတွေကို ရွာကအချို့သော သူငယ်ချင်းတွေကို ပြောပြစည်းရုံးတော့ ဒီလောက်ငွေလေးနဲ့ ဘာတွေလုပ်နိုင်မှာလဲ.. ဘယ်လောက်လုပ်နိုင်မှာလဲ
ဆိုပြီးပြောကြတာပေါ့ ။ သူတို့ကို ကျနော် ပြန်ပြောမိတာက ဘာလုပ်နိုင်မယ်.. ဘယ်လောက်လုပ်နိုင်မယ်ဆိုတာထက် ကိုယ့်လုပ်တဲ့အလုပ် ကိုယ့်ရဲ့စိတ်ထား..ခံယူချက်တွေ အပေါ်မှာ
အဓိကကျမယ်လို့လေ… ရိုးရိုးသားသားနဲ့ မှန်မှန်ကန်ကန်လုပ်သွားရင် ကူညီမဲ့လူတွေပေါ်လာမှာပါလို့ ပြောမိပါတယ်… နောက်ဆုံးလှူမဲ့သူမပေါ်လာလည်း တတ်နိုင်သလောက်
အိတ်ထဲကစိုက်ပြီး လုပ်မယ်ပေါ့..တကယ်လည်း စိုက်ထုတ်လုပ်ခဲ့ပါတယ်…။ ဒီလိုရေးလို ကိုယ်ရည်သွေးတယ်လို့ မထင်စေချင်ပါ။ ဆန္ဒတွေ ထက်သန်နေရင်
အလုပ်တွေပြီးမြောက်နိုင်တယ်ဆိုတဲ့အကြောင်းလေး ပြောချင်လို့ပါ…။ မနှစ်က ပွင့်လင်းမှုရဲ့ အစဖြစ်သလို ကြောက်စိတ်တွေကလည်း လွန်ကဲနေကြသေးတာမို့ တစ်ချို့ဆို
ကျနော့်ကို ထောင်ထဲရောက်မဲ့ကောင်ဆိုပြီး ကင်ပွန်းတပ်ကြပါတယ်…။ ကျနော်ကလည်း ပရဟိတလုပ်လို့ ထောင်ကျမယ်ဆိုရင် ဆယ်ခါပြန်အကျခံလိုက်မယ်လို့
ခံယူထားလိုက်ပါတယ်…။ အဆိုးဆုံးကတော့ ကျနော်နဲ့ အတူ စပ်တူ ဘော်ဒါဆောင်လုပ်တဲ့ သူငယ်ချင်းပါ.. ကျနော်လုပ်တာတွေကို နိုင်ငံရေးလုပ်တယ်လို့စွပ်စွဲပြီး
ကလေးတွေရှေ့မှာ နိုင်ငံရေးလုပ်တဲ့ လူတွေဟာ အရူးတွေဆိုတဲ့ စကားနဲ့ စွပ်စွဲပြောတော့တာပါပဲ..။
ကျနော်ခံပြင်းပေမယ့် သူ့ကို ဘာမှပြန်မချေပခဲ့ပါ..ဒါပေမယ့် ကျနော့်စိတ်ထဲမှာ ဒီလိုသူငယ်ချင်းနဲ့ အလုပ်ဆက်ပြီးတွဲလုပ်လိုစိတ်ကုန်ခန်း သွားရပါတယ်…။ ဒါနဲ့
စာသင်နှစ်ကုန်တော့ နောက်နှစ်ကို ဆက်မလုပ်တော့ဘူးလို့ ပြောလိုက်သလို တစ်ဝက်စီပိုင်တဲ့ အဆောင်ကိုလည်း ဝေစုမခွဲပဲ သူ့ကိုပဲပေးလိုက်ပါတယ်…။ ကျနော့်ခေါင်းထဲမှာတော့
ငါဒီထက် ပရဟိတ အလုပ်တွေကို လုပ်နိုင်ရမယ်ဆိုပြီး အားခဲထားခဲ့ပါတယ်..။ ကျနော်တို့ သွားပြီး စာရေးကိရိယာလှူဖြစ်တဲ့ ကရင်ရွာက ရွာသားတွေက သူတို့ ဆောက်လုပ်ထားပြီး
အပြီးမသတ်နိုင်တဲ့ စာသင်ဆောင်လေးကို ပြင်ဆင်နိုင်ရင် ပြင်ဆင်ပေးဖို့ရာ ကျနော့်ကို တောင်းဆိုလာပါတယ်..။ ကျနော်တို့ အဖွဲ့ အင်အားနဲ့ ဘယ်လိုမှ မတတ်နိုင်တာ
အသေအချာပေါ့..။ ကံကောင်းချင်တော့ ကျနော် စိတ်ဓာတ်တွေကျ စိတ်တွေညစ်ညူးချိန်တိုင်း သွားရောက်ခိုနားနေလေ့ရှိတဲ့ ဝေဘူဝေဘာတောရကျောင်းလေးက ဆရာတော်
ဦးအာဒိစ္စနဲ့ စကားစပ်မိပြီး ဆရာတော်က တာဝန်ယူပြင်ဆင်ပေးမယ်ပြောလာတော့ ဝမ်းသာအားရပဲ ကိုယ်တိုင်လည်းလှူ အွန်လိုင်းက သူငယ်ချင်းတွေဆီမှာလည်း အလှူ ခံပေါ့..
မလုပ်ခင်ကသာ ငွေရေးကြေးရေးပူပင်ရပေမယ့် တကယ်လုပ်တဲ့အခါ အလှူရှင်တွေထပ်ပေါ်လာပြီး စာသင်ဆောင်လေးကို ပြင်ဆင်နိုင်ခဲ့တဲ့ အပြင် စာသင်ခုံတွေ
သင်ပုန်းတွေကအစ ပြည့်ပြည့်စုံစုံဖြစ်သွားခဲ့တယ်..ဆရာတော်ရဲ့ ငွေအား လုပ်အား အစွမ်းကြောင့်ပါ… ကျနော်ကတော့ ဘေးကနေပဲ
ကူပေးနိုင်ခဲ့တာပါ..ဘယ်လိုပဲဖြစ်ဖြစ် အောင်မြင်သွားခဲ့တယ်ပေါ့..စာသင်ဆောင်လွဲအပ်ပွဲလေးကိုလည်း စည်စည်ကားကားလေးလုပ်ပေးနိုင်ခဲ့ပါတယ်.. ရွာသူ ရွာသားတွေ
ကလေးတွေရဲ့ ပျော်နေတဲ့ ပြုံးနေတဲ့ မျက်နှာလေးတွေက ကျနော်ကြိုးစားပေးခဲ့ရတာထက် ပိုပြီးကျေနပ်မိ ဝမ်းသာပီတိဖြစ်မိတယ်…
@@@@@@@@@@@@@@@@@@@@@
ဒီလို အများအကျိုးလေးတွေကို ပိုပြီး လုပ်ဆောင်နိုင်အောင် အဖွဲ့လေးဖွဲ့ကြရင် ပိုကောင်းမယ်ဆိုတဲ့ အကြံနဲ့ ကျနော်နဲ့ သူငယ်ချင်းတစ်စု အဖွဲ့လေးဖွဲ့ပြီး နာမည်လေးပေးဖို့
ဝိုင်းပြီးတိုင်ပင်ကြတော့ သူငယ်ချင်းတစ်ယောက်က ဆရာတော်အရှင်ဇဝန(မေတ္တာရှင်)ရဲ့ စာအုပ်လေးတစ်အုပ်ယူလာပြီး စာသားလေးတစ်ခုက ပြပါတယ်။ စာသားလေးက
“မှောင်မိုက်လိုက်တာလို့ ငြီးငြူနေမဲ့ အစားသင်ကိုယ်တိုင် ဖယောင်းတိုင်လေးတစ်တိုင်ကို ထွန်းညှိလိုက်ပါလား”တဲ့…။ ဒီစာသားလေးကိုမြင်တော့ ဦးဘုန်း(ဓာတု)ရဲ့ စာအုပ်လေးထဲက
ဖယောင်းတိုင်းငါးတိုင်ထဲမှာ နောက်ဆုံးကျန်တဲ့ ဖယောင်းတိုင်လေးတစ်တိုင်ရဲ့ အမည်ကို သတိရမိသွားတယ်ခင်ဗျ..။ နောက်ဆုံးမီးမငြိမ်းပဲကျန်နေတဲ့ ဖယောင်းတိုင်လေးရဲ့ အမည်က
“နားလည်မှု၊ စာနာမှု ဖယောင်းတိုင်” တဲ့ ။ သို့သော် ကျနော်တို့ အဖွဲ့ဟာ ငွေကြေးအင်အား အဖွဲ့ဝင်အင်အား အစစ အရာရာ အားနည်းတဲ့ အဖွဲ့လေးမို့ ဖယောင်းတိုင်တစ်တိုင်စာ
အလင်းလောက်တော့ ပေးနိုင်မှာပါဆိုပြီး one candle ဆိုတဲ့ နာမည်လေးကို ပေးခဲ့တာပါ..( ဖယောင်းတိုင်ဆိုတဲ့ နာမည်ဟာ ရန်ကုန် မန္တလေးစတဲ့မြို့တွေမှာ လျှပ်စစ်မီးပုံမှန်မရလို့
ဖယောင်းတိုင်ထွန်းပြီး ဆန္ဒထုတ်ဖော်ကြတာကို အားကျပြီး ပေးထားတဲ့ အမည်မဟုတ်သလို ဆန္ဒထုတ်ဖော်ပွဲ မတိုင်မှီကတည်းက ကျနော်တို့ အဖွဲ့လေးရဲ့ အမည်ကို one candle
လို့ ပေးခဲ့ပြီးသား ဖြစ်ကြောင်းပါ…)၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှာလည်း ရန်ကုန်က အစ်ကိုတော်ကပဲ ကျနော်တို့ အဖွဲ့လေးအတွက် မတည်ငွေ ငါးသိန်းကျပ်
ထည့်ဝင်လှူဒါန်းပေးခဲ့ပြန်ပါတယ်။ ဒီနှစ်မှာတော့ မနှစ်ကထက် ပိုပြီးလှူဒါန်းနိုင်ခဲ့တာပေါ့။ မနှစ်က မူလတန်းကျောင်း(၆)ကျောင်းကို (၉)ကြိမ်သာ သွားရောက်လှူဒါန်းနိုင်ခဲ့ပေမယ့်
ဒီနှစ်မှာတော့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှစ်ကျောင်းအပါအဝင် မူလတန်းကျောင်း(၁၅)ကျောင်းကို လှူဒါန်းနိုင်ခဲ့ပြီးပါပြီ။ ဝေးလံတဲ့ ရွာလေးတွေအထိ
သွားရောက်လှူဒါန်းခဲ့ကြတာပေါ့..။ လမ်းတွေကမကောင်း အခက်အခဲတွေကရှိနေပေမယ့် အားလုံး ပျော်ပျော်ရွှင်ရွှင် သွားရောက်ခဲ့ကြတာပါ…
ဒါ့ပြင် ခေါင်တုန့်စည်ရွာလေးက ဆောက်လုပ်ဆဲ ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်းလေးအတွက် မန္တလေးဂေဇက် (mandalay gazette)အွန်လိုင်းသုံးစွဲသူများလှူဒါန်းပေးတဲ့
ပစ္စည်းတွေနဲ့ ကျနော်တို့ အဖွဲ့လေးကလည်း တတ်နိုင်တဲ့အလှူပစ္စည်းလေးတွေ ထည့်ဝင်လှူဒါန်းပေးနိုင်ခဲ့ပါတယ်။ကျနော်ပြောချင်တာက
ကျနော့်လို တောမှာနေတဲ့ တောသားတစ်ယောက်တောင် ခပ်စုပ်စုပ်ကွန်နက်ရှင်လေးကို သုံးပြီး တတ်နိုင်သလောက် ပရဟိတလေးတွေလုပ်နိုင်တယ်ဆိုရင် မြို့မှာနေတဲ့
အင်တာနက်သုံးတဲ့လူတွေက ပိုပြီးလုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။
ဘာကြောင့် ပရဟိတကိုလုပ်စေချင်သလဲလို့မေးရင် ကျနော်တို့နိုင်ငံမှာ လိုအပ်ချက်တွေ များနေသေးတာကြောင့်လို့ပဲ ပြောပါရစေ ။ အဓိကထားလုပ်စေချင်တာကတော့ ကျန်းမာရေးနဲ့
ပညာရေးအပိုင်းကိုပါ ။ ကျနော်တို့ လူမျိုးဗုဒ္ဓဘာသာတွေက ကျောင်းကန်ဘုရားတွေကို လှူမှ ကုသိုလ်ရတယ်လို့ မြင်နေကြတယ်လို့ ထင်မိပါတယ်။ လိုအပ်နေတဲ့ ဘယ်နေရာမဆို
လှူဒါန်းရင် ကုသိုလ်ဆိုတာ ရတာပါပဲ… ကုသိုလ်ဆိုတာ လောဘ၊ ဒေါသ၊ မောဟ မပါတဲ့ အလုပ်တဲ့ခင်ဗျ…ဆရာ ဦးအောင်သင်းရဲ့ စကားလေးကိုလည်း ဖော်ပြပါရစေ..
ဘုရားကိုရွှေမချနဲ့ လူငယ်တွေကို ရွှေချကြပါတဲ့..ဒါဟာ ဘာသာတရားကို မကိုင်းရှိုင်းလို့ သဒ္ဓါတရားမရှိလို့ မဟုတ်ပါဘူး။ ကျနော်တို့နိုင်ငံရဲ့ အနာဂတ်အတွက်
တကယ်ကိုလိုအပ်နေလို့ပါ ။ ပြီးတော့ ဆရာမဂျူးရေးတဲ့ စာသားလေး တစ်ခုကိုလည်း ကြိုက်မိရဲ့ ..“ မျိုးဆက်တိုင်းဟာ ပိုကောင်းတဲ့အနာဂတ်ကို ဖန်တီးနိုင်စွမ်းရှိရမယ်”တဲ့ခင်ဗျ..။
ကျနော်တို့တစ်တွေဟာ ကျနော်တို့ မျိုးဆက်သစ်တွေအတွက် ပိုကောင်းတဲ့ အနာဂတ်ကို ဖန်တီးပေးထားသင့်ကြတယ်မဟုတ်လား။ ပြီးတော့ ဘဝခရီးကို အတ္တဆိုတဲ့ ကိုယ်ကျိုး
တစ်ခုထဲနဲ့ ဖြတ်ကျော်သွားကြမှာလား။ လောကမှာ လူလေးမျိုးရှိတယ်လို့ ဘုရားရှင်ကဟောကြားတော်မူခဲ့ပါတယ်။ ဘယ်လိုလူတွေလည်းဆိုတော့ ၁။ကိုယ်ကျိုးလည်း မလုပ် အများ
အကျိုးလည်း မလုပ်သူ။ ၂။ ကိုယ်ကျိုးသာလုပ်ပြီး အများအကျိုးမလုပ်သူ။ ၃။အများအကျိုးသာလုပ်ပြီး ကိုယ်ကျိုးမလုပ်သူ။ ၄။ ကိုယ်ကျိုးရော အများအကျိုးကိုရော
လုပ်ကိုင်သူဆိုပြီး လေးမျိုးရှိပါတယ်တဲ့… ထိုလူလေးမျိုးထဲကမှ နံပါတ်လေး ကိုယ်ကျိုးရော အများအကျိုးပါလုပ်တဲ့ လူကို ဆီဦးထောပတ်နဲ့တူတယ်လို့ ဥပမာပေးပြီး
ကျန်တဲ့လူတွေကိုတော့ ထင်းတုံးနဲ့ တူတယ်လို့ ဟောကြားတော်မူခဲ့ပါတယ်..။ထင်းတုံးဆိုတာကတော့ အစွန်းနှစ်ဘက် ချေးတွေလူးနေတဲ့ ထင်းတုံးပါတဲ့ ခင်ဗျာ..။ ကျနော်တို့တွေဟာ
ရခဲလှတဲ့ လူဘဝကို ရလာကြတဲ့ အချိန်မှာ အများအကျိုးကို တတ်နိုင်တဲ့ဘက်က လုပ်ဆောင်ကြရအောင်လားဗျာ..ဘယ်ဘာသာတရားမှာမဆို အများအကျိုးလုပ်ဖို့ရာ
ပါလိမ့်မယ်ထင်ပါတယ်…။ ဒီတော့ အများအကျိုးကို အများကြီး မလုပ်ဆောင်နိုင်ဘူးဆိုရင်လည်း ကျနော်တို့ အဖွဲ့လေးလို ဖယောင်းတိုင်တစ်တိုင်စာ
အလင်းလေးပဲ ပေးနိုင်ပေးနိုင်..အိုဗျာ…နောက်ဆုံး ဆရာမ ဒေါ်သန်းမြင့်အောင်ပြောသလို စကားလေးတစ်ခွန်းနဲ့ပဲ လုပ်နိုင်လုပ်နိုင် ပရဟိလေးတွေကို ဆောင်ရွက်ကြပါ..ဒါမှသာ
ကျနော်တို့နိုင်ငံဟာ တိုးတက်သော ဖွံ့ဖြိုးသောနိုင်ငံဖြစ်လာပြီး ကျနော်တို့ဟာလည်း ဆရာဗန်းမော်တင်အောင် ပြောခဲ့သလို့ တန်ဘိုးရှိတဲ့လူတွေဖြစ်လာကြမယ် မဟုတ်လား…
“ သမိုင်းက ကိုယ့်ပခုံးပေါ်တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်သလား မထမ်းဆောင်ဘူးလားဆိုတာပေါ်မှာ လူတစ်ယောက်ရဲ့ တန်ဘိုး တည်ရှိတယ်…”
ဗန်းမော်တင်အောင်
အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ…..
( T.W.L )
@@@@@@@@@@@@@@@@@@@@@@@@@@
26 comments
marblecommet
August 5, 2012 at 2:20 pm
ကိုထွန်းရေ့…..
ခင်ဗျားပို့(စ်)လေးကို ဖတ်ပြီး
ပီတိသောမနဖြစ်ရပွားရပါတယ်…
အခက်အခဲကြားက ထက်သန်တဲ့
ပရိဟိတစိတ်ကိုလည်း လေးစားပါတယ်..
ဆထက်တပိုးလှူတန်းကူညီနိုင်ခဲ့တဲ့ အလှူဒါန
အတွက်လည်း မုဒိတာပွားပါတယ်
လှူဒါးန်းပြီးစီးခဲ့တဲ့ကျေးရွာစာသင်ဆောင်များ
အတွက်လည်း ကြည်နူးဝမ်းမြောက်ရပါတယ်……
one candle
အဖွဲ့ကို အားကျလေးစားဂုဏ်ယူလျက်ပါဗျား
ခင်တဲ့
မောင်ကမ်း….
kotun winlatt
August 5, 2012 at 3:45 pm
ကျေးဇူးပါ..ကိုကမ်းရေ…
တတ်နိုင်သလောက်တတ်နိုင်တဲ့ဘက်ကနေနေပြီး အွန်လိုင်းသုံးသူတွေဟာ ပရဟိတလုပ်နေကြတယ်လို့ ပြောချင်လို့ပါဗျာ…
အွန်လိုင်း ဖွန်လိုင်းလို့ ရေးလာတော့ တော်တော်လေး စိတ်ထိခိုက်မိသွားလို့ပါ..
အဲ့အကြောင်းရေးတဲ့သူကို ကျနော်တို့တတွေဟာ..သူထင်သလို ဖွန်လိုင်းမဟုတ်ဘူးဆိုတာ သိစေချင်လိုက်တာ….။ လာရောက်အားပေးတာ ကျေးဇူးပါ ခင်ဗျာ…
kai
August 5, 2012 at 3:12 pm
ဒီနေ့.. မြန်မာ-အမေရိကန်တယောက်နဲ့.. မန္တလေးဂေဇက်ပုံနှိပ်သတင်းစာအတွက်.. အင်တာဗျုးလုပ်ဖြစ်ပါတယ်..။
အဲဒီသူက.. (ကျုပ်သိသလောက်)မြန်မာတွေထဲ.. အလှူအတန်းအများဆုံးလုပ်နိုင်သူပါ..
ပင်စင်ယူပြီးနောက်… ဒေါ်လာ ၁၅သန်းမတည်ပြီး.. ဖောင်ဒေးရှင်းဖွဲ့လှူနေသူပါ..။
ဆိုတော့..
နောက်ထွက်မဲ့သတင်းစာမှာ.. သူ့အင်တာဗျူးနဲ့အတူူတူ.. မန္တလေးဂေဇက်ရဲ့..အလှူတွေအကြောင်းပါသွားမှာမို့.. အဲဒါတွေအကြောင်းနဲ့.. ကိုထွန်းဝင်းလတ်ရဲ့..အသင်းလေးအကြောင်း.. ကြုံရင်..ပြောပြမယ်ဖြစ်ပါကြောင်း..
kotun winlatt
August 5, 2012 at 3:52 pm
ဟုတ်ကဲ့ပါ … တဂျီးရေ…
အရာရာ အတွက်ကျေးဇူးပါ…တဂျီး ဆိုဒ်ထောင်ပေးလို့ ရင်ထဲကရှိတာတွေကို ရေးခွင့်ရတာရယ်.. သူငယ်ချင်းတွေ တိုးလာတာရယ်..ပရဟိတလေးတွေ လုပ်လာနိုင်တာရယ်….
ပြီးတော့ တဂျီးက ကျနော်တို့ အဖွဲ့လေးအကြောင်းကို ဖော်ပြပေးမယ်ဆိုတာရယ်…
အားလုံးအတွက်ပါ.. တဂျီးးဒီထက်မက စာရေးသူတွေကို ပွိုင့်တွေ တိုးပေးနိုင်ပါစေကြောင်း..ခင်ဗျာ..။
စိန်ဗိုက်ဗိုက်
August 5, 2012 at 3:48 pm
ကိုဂျက်လီရေ….ဘာလုပ်မယ်.ညာလုပ်မယ် သိပ်မပြောပဲ လက်တွေ ့အလုပ်သမားအဖြစ် သိထားပါတယ်..
ဆက်ပြီး ပရဟိတ လုပ်ငန်းတွေ ချဲ ့ထွင် လုပ်နိုင်ပါစေနော..
အကို ့လို လူတွေ များများပေါ်လာပါစေဗျား..
kotun winlatt
August 5, 2012 at 3:54 pm
ဟုတ်ကဲ့ပါ…အူးဗိုက်ရေ..
အားပေးစကားတွေလာပြောပေးတာ ကျေးဇူးပါ..
ဒီလိုစကားလေးနဲ့လည်း ပရဟိတဖြစ်တာပါပဲဗျာ…
အားလုံးရဲ့ အားပေးမှုကြောင့် လုပ်ရတဲ့ ကျနော့်မှာလည်း အားတက်ရကြောင်းပါခင်ဗျာ…။
pooch
August 5, 2012 at 4:10 pm
ဒုတိယမြောက်လက်မကို ထောင်ပေးခဲ့ပါတယ် ကိုထွန်းဝင်းလတ်။
kotun winlatt
August 5, 2012 at 4:16 pm
ဟုတ်ကဲ့ပါခင်ဗျာ…
ကျေးဇူးတင်ပါကြောင်းးးးး မန်းးလေးးလာရင်လည်းးးအလည်ခေါ်စေလိုပါကြောင်းးး
ခင်တဲ့
(T.W.L)
ဦးဦးပါလေရာ
August 5, 2012 at 5:55 pm
လေးစားတယ်ဗျာ…
အားလဲကျပါတယ်။
လူတော်တွေရဲ့ လက်တွေ့ကျတဲ့ တိုင်းပြည်အကျိုးပြုလုပ်ငန်းမျိုးပါ..။
မဟာရာဇာ အံစာတုံး
August 5, 2012 at 6:39 pm
ဦးလေးရေ ..
ဦးလေးရဲ့ စိတ်ဓါတ်ကိုတော့ လေးစားမိတယ်ဗျာ ..
ဒီပို့စ်အတွက် လက်မ တစ်ချောင်းထောင်ပြီး
အားပေးသွားပါတယ် ခင်ဗျာ …
htoosan
August 5, 2012 at 6:44 pm
လက်မထောင်သွားပါတယ် ကိုထွန်းဝင်းလတ်ရေ ။ လေးစား အားကျဖွယ်ရာဖြစ်သလို
အင်တာနက် ဟာ သုံးတတ်ရင်ဆေး မသုံးတတ်ရင်ဘေးတော့ ဖြစ်နေသေးတော့ အင်တာနက်တက်တိုင်းဖွန်ကြောင်တာ မဟုတ်ဘူး ဆိုတာပါ သိအောင်လုပ်ကြရဦးမှာပါ ။
kotun winlatt
August 8, 2012 at 6:45 am
ဦးဦးပါလေရာ၊ ကိုအံစာနဲ့ ကိုထူးဆန်းရေ
လာရောက်ဖတ်ရှု့ပေးပီး ကွန်မန့်လေးတွေ ချီးမြင့်ပေးကြတာ ကျေးဇူးပါခင်ဗျာ..
အွန်လိုင်းဆိုတာ ဖွန်လိုင်းမဟုတ်ပါ….
မရှိဘူးတော့ မပြောလိုပါ..
သို့သော်…ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုတ်ဆိုသလို
တစ်ယောက်မကောင်းတာနဲ့ ချီးသုတ်ထားတဲ့ ဝါးလုံးရှည်နဲ့ ပတ်ရမ်းတာမျိုးတော့ မကောင်းဘူးလို့ ထင်လို့ ဒီစာလေးကို ရေးမိတာပါ..ကိုထူးဆန်းရေ…။
အတိသဌ္ဇနာဂရ
August 5, 2012 at 8:17 pm
တကယ်ပါ ကိုထွန်းဝင်းလတ်ရေ။အထူးသဖြင့် ကြားရခဲတဲ့ အလှုူတွေထဲက
အလှုူစစ်တွေမို ့အားရဝမ်းသာဖြစ်ရပါတယ်ဗျာ။
htet way
August 5, 2012 at 9:10 pm
အေးဗျာ..
ဆရာကို ထွန်း ဝင်း လတ်ရဲ့ ဦးဆောင်မူ ဂေဇက်အလှူအကြောင်း ဂျာနယ်မှာ သတင်းရေးထားပါတယ်
မူလတန်းကျောင်း အတွက် အလှူပစ္စည်းများ ပေးအပ်ပွဲကို
(၃၀.၇.၂၀၁၂)နေ့တွင်မော်လူးဒေသ ကူးဆိပ်ဘုန်းတော်ကြီးကျောင်းဝင်း
အတွင်းကျင်းပပြုလုပ်ခဲ့ရာ ဆောက်လုပ်ဆဲ စာသင်ဆောင်လေးအတွက်
မန္တလေးဂေဇက်(mandalay gazette) အွန်လိုင်းသုံးစွဲသူ
အဖွဲဝင်များမှလှူဒါန်းသော သွပ်(၂၆၅) ချပ် ၊ ပြောင်သွပ်(၁၀)ချပ်၊……………………..
အခမ်းအနားတွင် မန်းဂေဇက်မန်ဘာလည်း ဖြစ်သူ one candle စေတနာရှင်လူငယ်များအဖွဲ့မှ ကိုထွန်းဝင်းလတ်က
အလှူဖြစ်ပေါ်လာပုံအကြောင်းကိုရှင်း လင်း တင်ပြ ခဲ့သည်ဟု………………………..
ဆရာ ကျွန်တော် ဖုန်း ဆက်ခွင့်တောင်း တယ်နော်
ခင်မင်စွာဖြင့်
မောင်ပေ
August 5, 2012 at 9:44 pm
ကျောင်းဆရာရေ
ကျွန်တော်တော့ အရှည်ကြီးမပြောတတ်လို ့
ဆရာ့လို လူမျိုးတွေ ကျွန်တော်တို ့နိုင်ငံမှာ အများကြီးလိုအပ်ပါတယ်
ကျောင်းဆရာကို လေးစားစွာဖြင့် အားပေးပါတယ်
ဒီတစ်ခါ ထပ်ဆုံဖြစ်ခဲ့ရင် အရင်တစ်ခါတွေ ့ခဲ့တုန်းကထက် ပိုလှူနိုင်အောင် ကြိုးစားနေပါတယ်ဗျား
kotun winlatt
August 8, 2012 at 6:48 am
အတိသဌ္ဇနာဂရ၊ ကိုထက်ဝေးနဲ့ ကိုပေရေ…
နိုင်ငံအတွက် တိုင်းပြည်အတွင် အုတ်တစ်ချပ် သဲတစ်ပွင့်လောက်ပါဝင်ခွင့်ရနိုင်အောင် ကြိုးစားကြရအောင်…
ဒါမှသာ ကျနော်တို့ တိုင်းပြည်ဟာ ကမ္ဘာ အလယ်မှာ ဝင့်ဝင့်ထည်ထည်ရပ်တည်နိုင်လာမှာ မဟုတ်လားခင်ဗျာ..
လေးစားစွာဖြင့်….
the best
August 5, 2012 at 10:34 pm
မှန်ကန်တဲ့ ဦးဆောင်မှု ကြောင့် ယုံကြည်တဲ့ထောက်ခံမှုတွေ ရလာပြီလေ။
ဒီအတွက်ကြောင့် ထိုက်တန်တဲ့ ဂုဏ်ပြုခြင်း နဲ ့ လေးစားမှုကို ရလာတဲ့
ဆရာကို ထွန်း ဝင်း လတ်ကို ထာဝရ လေးစားလျှက်။
ရဲစည်
August 6, 2012 at 9:56 am
အားပေးတယ်ဗျို့
ပါးစပ်နဲ့ မဟုတ်ပါ
ပရိုက်ဗိတ်မှာ အကြောင်းပြန်ဖို့ စောင့်နေတာ
မနေ့က လုံးဝမအားလို့
ကျနော့် ကတိအတိုင်း
မန်းလေးကို စာရေးကိရိယာတွေ ရောက်ပီဖြစ်ကြောင်း
တယောက်ယောက် အကူအညီတောင်းပီး ပို့လိုက်မယ်ဗျို့
ဒါနဲ့ စကားမစပ်
ဒါမျိုးပို့စ်က ကြော်ငြာသဘောမျိုးဖြစ်နေလားမသိ
ဘယ်ဆြာ ဆြာမမှ ဟုတ်တိပတ်တိ မဆွေးနွေးကြဘူးရယ်
အော်
လူဒွေ…..လူဒွေ
ရဲစည်
August 6, 2012 at 9:58 am
ပြောသာ ပြောတာ
ကျနော်ကိုယ်တိုင်လဲ ဘာမှ ဟုတ်တိပတ်တိ မဆွေးနွေးနိူင်ဘူးရယ်
အော် ကျနော် … ကျနော်
ဃိန်… ဂိန် ….. ကိန်
kotun winlatt
August 8, 2012 at 6:53 am
the bestနဲ့ ကိုရဲစည်ရေ
ကွန်မန့်လေးတွေ အတွက် ကျေးဇူးပါ..
တကယ်ကတိပေးပြီး တကယ်လှူပေးတဲ့ ကိုရဲစည်ရေ..
ပစ္စည်းတွေရောက်လာရင် ကျနော် မေလ်းပို့ပီး သတင်းပြန်ပါ့မယ်ခင်ဗျာ…။
linnlinnn
August 6, 2012 at 11:07 am
ကိုရဲစည်ရေ..ဒါဟာကြော်ငြာသဘောဆိုလည်း ကြောငြာသင့် ကြောငြာထိုက်.. ရေးသင့် ရေးထိုက်တယ်လို့ ယူဆပါတယ်။ ဘာလို့လဲဆိုတော့ ဒီလို ကိုယ်မသိနိုင်တဲ့နေရာ၊ ကိုယ်မရောက်နိုင်တဲ့နေရာ၊ တကယ်လိုအပ်နေတဲ့ နေရာတွေကို သိရပြိးလှူတန်းနိုင်လို့ပါပဲ။ ကိုယ်ကပညာရေးနဲ့ပါတ်သတ်လို့လှူချင်တယ်။ ဒါပေမဲ့ ဘယ်နေရာတွေလိုအပ်နေလဲ ဆိုတာ ကိုယ်မသိဘူးလေ။ ကိုယ်မျက်စိရှေ့မြင်တဲ့ဟာသာ လှူလိုက်မိမှာပါပဲ။ ဒီပိုစ့်လေးကို အလွန်သဘောကျပြီး.. မှတ်သားသွားပါကြောင်း…
ကြောင်ဝတုတ်
August 6, 2012 at 2:08 pm
ကိုထွန်းဝင်လတ်ရေ…
အစ်ကိုလှုပ်ရှားနေတဲ့ ပရဟိတလုပ်ငန်းဟာ တကယ်အကျိုးရှိတဲ့လုပ်ငန်းပါ…
လေးစားပါတယ်… အားကျပါတယ်… ဂုဏ်ယူပါတယ်…
ကျွန်တော်လဲ တပ်နိုင်သမျှ တကယ်အကျိုးရှိတဲ့ပရဟိတအလုပ်မျိုးလုပ်နိုင်အောင် ကြိုးစားပါ့မယ်လို့ကတိပေးပါတယ်ဗျာ…
ခင်မင်လျက်-
ကြောင်ဝတုတ်
kotun winlatt
August 8, 2012 at 6:56 am
linnlinnn , ကိုဖက်ရေ
ကွန်မန့်လေးတွေချီးမြင့်ပေးတာ ကျေးဇူးပါခင်ဗျာ..
ဟုတ်ပါ့ ကိုဖက်ရေ..လက်တွဲညီညီနဲ့ တတ်နိုင်တဲ့ ဘက်ကနေပီး တတ်နိုင်သလောက် ဆောင်ရွက်ကြရအောင်ဗျာ….။
manawphyulay
August 6, 2012 at 2:46 pm
အွန်လိုင်း… ဖွန်လိုင်း ပြောတဲ့သူက ဖွန်ပဲကြောင်တတ်တာသိလို့နေမှာပေါ့ရှင်။ ဘယ်သူတွေဘာပြောပြော ကိုယ်လျှောက်နေတဲ့လမ်း ကိုယ်ဆက်လျှောက်ဖို့ပါပဲ။ အွန်လိုင်းကနေ မိတ်ဆွေအပေါင်းအသင်းတွေရတယ်နောက် ပရဟိတလေးတွေ တစ်နိုင်တစ်ပိုင် လှူနိုင်တယ်ဆိုတဲ့အသိလေးတွေနဲ့ ရှေ့ကို ဆက်လျှောက်သွားမယ်လို့ မနောတော့ ယူဆထားပါတယ်။ အင်တာနက်ဆိုတာနဲ့ ရည်းစားရှာနေတဲ့ဆိုတဲ့အတွေးအခေါ်တွေ ရှိနေသေးတဲ့အသိုင်းအဝိုင်းကတော့ သူတို့ဝန်းကျင်က သူတွေကြောင့်လို့ပဲမြင်မိပါတယ်ရှင်။ လေးစားပါတယ်ရှင်။
etone
August 6, 2012 at 3:17 pm
ကိုထွန်းဝင်းလတ်ရေ …..
အွန်လိုင်း ဖြစ်သလား ၊ ဖွန်လိုင်းဖြစ်သလားဆိုတာတော့ သုံးတဲ့သူတွေရဲ့ ခံယူချက်နဲ့ အသုံးပြုပုံအလျောက်ကွာခြားကြမယ် ထင်ပါတယ်နော် …… ။ ဂျာနယ်ဆိုတော့လည်း … ဂျာနယ်အတွက် ဖောင်ပိတ်ရက်အမှီ စာမူပြည့်ဖို့က အရေးကြီးတယ်မို့လား … ဒီတော့ လိုရာဆွဲရေးတာတွေရှိမှာပါ ။ တချို့ဆိုလည်း လေသံကြား ဖမ်းတရားနာပြီး … လာစမ်းဟဲ့ .. တပုဒ်ဆိုပြီး ရေးနေကြတာ … ရှိပါတယ် … ။ ဂျာနယ်တွေမှာ ပါတိုင်းလည်း … သတင်းတိုင်းဟာ 100% အမှန်လို ့ယုံလို့ မရတာမို့ ချင့်ယုံလိုက်ပါနော် … ။
အွန်လိုင်းမှာ ပရဟိတ္တလုပ်တာ တကယ့်ကို မလွယ်တာပါ …..အစ်ကိုရေ … ။
မလွယ်ဘူးဆိုတာကလည်း …. risk ယူပြီး လုပ်ရတဲ့ အလုပ်တွေရှိတယ် ၊ အတိုက်ခံတွေရှိမယ် ၊ အင်ကွာရီတွေရှိမယ် ၊ ဘေးထိုင် ဘုပြောတာတွေရှိမယ်၊ ကန့်ကွက်တာတွေရှိမယ် ၊ ပျက်ဆီးရာ ပျက်ဆီးကြောင်းတွေရှိမယ် … … ဒါတွေကို ကျော်လွှားရင်း … ယုံကြည်မှုနဲ့ တည်ဆောက်ပြီး ၊ သဒါ္ဓတရားအလျှောက် လုပ်ကိုင်ကြရတာမို့ … မလွယ်ဘူးလို့ပြောတာပါ … ။
တယောက်နဲ့ တယောက် မမြင်ဖူးကြပေမယ့် ….အွန်လိုင်းပေါ်က ..နာမည်တစ်ခုကိုမှီပြီး … ယုံကြည်မှုတွေ ၊ သဒါ္ဓတရားတွေ ပုံအောပြီး လုပ်ကြတာဆိုတော့ …….. ကိုယ်တိုင်က ဘာမှမလုပ်နိုင်ပေမယ့် …ကိုထွန်းဝင်းလတ်တို့လို … ဦးဆောင်လုပ်ပေးသူတွေကို အားကျ ချီးကျူးမိပါတယ် ။
ပရဟိတ္တလုပ်မယ့် အဖွဲ့တွေ များစွာ ပေါ်ထွက်လာပါစေလို့လည်း ဆုတောင်းပါတယ် ။ 🙄
kotun winlatt
August 8, 2012 at 6:59 am
မအိတုံရေ…
အဲ့လိုဆိုရင် ဂျာနယ်တွေက ပြည်သူတွေ အတွက် မဟုတ်ပဲ..
သူတို့ စီးပွားရေးအတွက်ပဲကြည့်နေကြတာလားဗျာ…