လမ်းဆုံက ဂျမ်းပုံ

လမ်းဆုံကဂျမ်းပုံဆိုတာ ဟိုးတုန်းက ရုပ်ရှင်ကား တစ်ကားရဲ့ နာမည်ထင်ပါတယ်။ ကျွန်တော်မကြည့်ဘူးလို့ အဲဒီ ရုပ်ရှင်ထဲက ဂျမ်းပုံရဲ့အကြောင်းကျွန်တော်မသိပါဘူး။ ရေဒီယို အသံလွှင့်အစီစဉ်တခုရဲ့ နာမည် ဖြစ်လို့လဲ ကြားဖူးနေမိတာပါ။ ကျွန်တော်ရဲ့ ဂျမ်းပုံကတော့ အဲဒီ့ရေဒီယိုရုပ်ရှင်ကားထဲက ဂျမ်းပုံနဲ့တော့ လားလားမှ တူမှာမဟုတ်ဘူးလို့ထင်ပါတယ်။ ဘာပဲပြောပြော ဂျမ်းပုံကတော့ ဂျမ်းပုံပါပဲ။

ကျွန်တော်တို့ရဲ့ နေ့စဉ်လူနေမှုဘဝထဲမှာ မိုးလင်း မျက်စိဖွင့်ချိန်ကနေ ညအိပ်လို့ မျက်စိမှိတ်တဲ့ အချိန်အထိ ရွေးချယ်စရာတွေနဲ့ အချိန်များကိုဖြတ်သန်းစီးဆင်းကြရပါတယ်။ ဘဝဆိုတာ လူသာမန်တွေအတွက် ကန့်သတ်ချက်တွေနည်းသကိုး။ ဆိုလိုတာက အစားကို ဘယ်အစားအစာမျိုးမှစားရမယ်။ အဝတ်အစားဆို ဘယ်အရောင် အဆင်ဒီဇိုင်းပဲ ဝတ်ရမယ်။ အဲဒီလိုမှမရှိတာ။ ရယ်စရာကတ်သတ်ပြောရရင်ဖြင့် အသက်ရှူသွင်းနေတာကိုတောင် အတိုအရှည် ဝင်ချိန်ထွက်ချိန် လူတိုင်းလွတ်လပ်စွာရွေးချယ်ပိုင်ခွင့် ရှိတယ်။ ဒီတော့ ဥပမာပြောရရင် နိုးပြီဆိုကတည်းက ချက်ခြင်းအိပ်ယာကထမလား၊ ခဏဆက်ပြီး မှိန်းမလား၊ အဲဒီတည်းက ရွေးချယ်စရာစတွေ့ပြီ။ ဒီနောက် မနက်စာစားတယ်ဆိုပါဆို့။ ကော်ဖီသောက်မလား လက္ဘက်ရည်သောက်မလား၊ မုန့်ဟင်းခါးပဲစားမလား ဆိုတာမျိုးပေါ့။ တနေကုန်ရွေးချယ်စရာတွေနဲ့၊ သိလျှက်ဖြစ်စေ၊ သတိမထားလိုက်မိပဲဖြစ်စေ အချိန်တိုင်းလိုလို နပမ်းလုံးရတော့တာပါပဲ။ လမ်းဆုံက ဂျမ်းပုံလေ၊ ကျွန်တော်တို့အားလုံး ဂျမ်းပုံတွေချည်းပါပဲ။

ငယ်ငယ်ကကျောင်းသင်္ချာမှာ ဆခွဲကိန်းခွဲခဲ့ကြတယ်။ အဲဒီအတိုင်းဘဲ မျက်စိဖွင့်ခြင်းဆိုတဲ့ မူလကိန်းကနေ စပြီး နှစ်လမ်းခွဲထွက်၊ ပြီးရင်ဆက်သွားချင်တဲ့ဘက် သို့မဟုတ် ထပ်ခွဲလို့ရနိုင်မဲ့ဘက်ကို ဆက်ဆက်ပြီးခွဲ။ ကျွန်တော်ဆိုလို့ချင်တာက ကျွန်တော်တို့ရဲ့ တနေ့တာမှာ လမ်းဆုံလေးတွေ၊ တနည်းအားဖြင့် လမ်းနှစ်ခွလေးတွေ၊ လမ်းခွဲလို့ပဲ ခေါ်ခေါ်ပေါ့နော်၊ ရာကျော်ထောင်ကျော်မက ရှိနေမည်ဆိုတာကိုပါ။ ဒီနေ့ခေတ်ရဲ့နည်းပညာ ဆက်သွယ်ပြန်ကြားရေး ကွန်ယက် (Technology, Communication, Networking) တွေအရတော့ ကျွန်တော်တို့ရဲ့ ဂျမ်းပုံခမျာ ကမာ္ဘရွာဆိုတဲ့အဆိုအတိုင်း ရွာလည်ရတော့တာပါပဲ။ ဘာကြောင့်ပါလိမ့်။ ကျွန်တော်တို့ရဲ့ လမ်းဆုံဟာ လမ်းခွဲနှစ်ခွဲတည်း အမြဲကြုံနေတတ်တာမဟုတ်လို့ပါပဲ။

ရည်းစားငါးယောက်လောက်ထားတဲ့သူတွေတောင် မြင်ဖူးပါတယ်။ သူရဲ့ဂျမ်းပုံကတော့ ကွက်ကျော်ရိုက်တဲ့နေရာမှာ တော်တော်လေ့ကျင့်ထားပုံရတယ်။ မီးပွိုင့်ပျက်သလိုလို ကားတွေပိတ်သလိုလိုနဲ့ ကိုယ်စိမ်းချင်တဲ့ဘက်ကို တနည်းပြောရရင် လမ်းသာမယ် သို့မဟုတ် အဆင်သင့်မယ်ဆိုတဲ့ဘက်ကို ကိုယ်တိုင်မီးစိမ်းပြလို့ ကျွမ်းကျင်စွာ ခြေဦးချမှာပေါ့နော်။ သူကစူပါဂျမ်းပုံဖြစ်နေလို့လေ။  ရွေးချယ်စရာတွေက အဲဒီလို ကွန်ယက်ပုံစံလည်း အထုံးဖွဲ့ချိတ်ဆက်သေးတယ်။ ဆုံပွိုင့် ဆုံပွိုင့်တွေ တခါတရံမှာ များလွန်းတယ်လို့ပြောချင်တာပါ။ လမ်းခွဲတွေလဲ များမှများပေါ့။ လမ်းဆုံမှာမဆုံးဖြတ်နိုင်ပဲ ရပ်နေမိပြန်ရင်လဲ ခရီးကမရောက်ဘူး။ ရွေးချယ်ရမှာကလဲ တဖက်တည်းကို၊ တစ်လမ်းတည်းကိုပဲရွေးရမယ်လေ။ လမ်းမှားရင်တော့သိတဲ့အတိုင်းဘဲ။ ရွာလည်မလား ရွာပတ်မလား တစ်ခုခုတော့ တစ်ခုခုပဲ။

ရှုပ်ထွေးတဲ့ ကွန်ယက်ချိတ်ဆက်တွေကိုခဏမေ့ပြီး အခြေခံအကျဆုံးပြောရရင်တော့ လောကရဲ့ နိယာမသဘောအတိုင်းခွဲခြမ်းလိုက်ရင် ရွေးချယ်စရာက နေရာတိုင်းမှာ နှစ်မျိုးထဲရှိတယ်လို့သာ ကျွန်တော်တို့ ဒီနေရာမှာ သတ်မှတ်ကျပါစို့လား။ လူကြီးတွေပြောကြတယ်လေ။ ပြဒါး တစ်လမ်း သံတစ်လမ်း၊ Do or die. ပေါ့။ အဖြူလား၊ အမဲလား။ အကောင်းဘက်လား၊ အဆိုးဘက်လား။ဘာသာရေးမှာဆိုရင် လောကီကြီးပွားရေးတွေကိုပဲလုပ်မလား၊ သံသရာဖြတ်ဖို့ကြံမလား။ အိမ်ထောင်ပြုမှာလား၊ မပြုဘူးလား။ ကြိုက်တာတစ်ခုရွေး။ များလှတဲ့လမ်းဆုံတွေလေ။ ဘယ်လိုလုပ်ပြောလို့ကုန်မှာလဲ။

လမ်းဆုံကဂျမ်းပုံဆိုတဲ့အတိုင်းပဲ ဂျမ်းပုံလေးကို မြင်ယောင်ကြည့်ပါအုံး။ ဂျမ်းပုံလေးက လမ်းဆုံတွေ့တိုင်း ရပ်လိုက်၊ ခြေတုံချတုံလုပ်လိုက်။ စဉ်းစားလိုက်နဲ့ ဘယ်လောက်ခေါင်းခြောက်စရာကောင်းလဲ။  မနက်စာစားဖို့စဉ်းစားတဲ့ လမ်းဆုံကလွယ်သလောက်၊ အလုပ်ကိစ္စနဲ့ပတ်သက်တဲ့လမ်းဆုံတွေကတော့ ခက်ခဲကြံ့ကြာမှုတွေနဲ့ ဂျမ်းပုံလေး ခေါင်းမီးတောက်ရတာများပါတယ်။ အချစ်ကိစ္စဆိုရင် ဂျမ်းပုံလေးခေါင်းက ပြာတွေတောင်တဖွဲဖွဲ ထွက်ကျလာမယ်ထင်ပါတယ်။

လမ်းဆုံဆိုတာ တနည်းအားဖြင့် ပြဿနာကိစ္စလေး လုပ်ရန်တာဝန်လေးတစ်ခုပါပဲ။ ဒီပြဿနာကိစ္စကို ဖြေရှင်းဖို့အတွက် ဂျမ်းပုံက လမ်းဆုံမှာ အလုပ်များနေရရှာတာပါ။ ကျွန်တော်တို့ အချိန်နဲ့အမျှလုပ်ဆောင်နေရတဲ့ လုပ်ငန်းကိစ္စအဝဝ၊ အသေးအကြီးပေါ်မူတည်ပြီးတော့၊ ကျွန်တော့်တို့ရဲ့ ဇာတ်လိုက်မ၊ ဂျမ်းပုံမလေး သူ့စွမ်းအားရှိသလောက် သူဆုံးဖြတ်ရွေးချယ်သွားတဲ့ လမ်းခွဲလေးက ကျွန်တော်တို့အတွက် အကျိုးရလာဒ်တုံပြန်မှု အမျိုးမျိုး တွက်ချက်ထုတ်ဖော်ပေးတော့တာပါပဲ။ ရလာဒ် အကောင်းဆိုးပေးမယ်။ ထိပ်ဆုံးရောက်အောင်ပို့မယ်။ ဒါမှမဟုတ် ကျရူံးမှုနဲ့ ရာသက်ပန် ချိတ်ဆက်ပေးလိုက်မယ်ဆိုတဲ့ အထိတောင်ပေါ့။

အောင်မြင်ရေးလမ်းကြောင်းပေါ်ဆုံးဖြတ်လျှောက်လှမ်းလာခဲ့မိတဲ့ ဂျမ်းပုံလေးဟာ စွန့်စားခြင်းနဲ့ လက်လျှော့ခြင်းလမ်းဆုံမှာ ရပ်နေမိပြီဆိုပါစို့။ ဂျမ်းပုံလေးရေ ရှေ့မှာရှိနေတဲ့ အောင်မြင်မှု ရလာဒ်ကောင်းတွေကို မှန်းမျှော်ကြည့်ရင်း စွန့်စားခြင်းဆိုတဲ့လမ်းကိုဘဲရွေးချယ်ပါလို့ ဂျမ်းပုံကို ကျွန်တော်လှန်းပြီး တိုက်တွန်းပါတယ်။ လူဆိုတာ အခက်လမ်းကိုရှောင်ရှားကြတယ်မဟုတ်လား။ ဒါပေမဲ့ ကောင်းကျိုးရလာဒ်အများစုဟာ အခက်အခဲတွေကြားမှာပဲရှိနေတာများနေတတ်တယ်လေ။ တွေဝေနေရင်တော့ နောက်ကျမှုတွေက ရွှေယုန် ရွှေကျား   ပုံပြင်ထဲကအတိုင်း  နောက်ချေးခဲနဲ့ သလဲကို ဆုအဖြစ်ပေးအုံးမယ်။ ချောက်ကမ်းပါးကို မမြင်ပဲ အမှားလမ်းရွေးမိပြန်ရင်လဲ ချောက်နန်းစံကိုယ်တော်ရှင် ကိုယ်တော်မ၊ အဖြစ်နဲ့ နန်းစိုက်ရအုံးမယ်။ ဒီတော့ ကျွန်တော်တို့ရဲ့ လျှင်မြန် မှန်ကန် တိကျစွာ ဆုံးဖြတ်နိုင်တဲ့စွမ်းရည်မြင့်မားရင် မြင့်မားသလောက် ကျွန်တော်တို့ဘဝတွေလဲ တောက်ပြောင်နိုင်စွမ်းအားတွေ အရောင်လက်ခွင့်ရကြတော့တာပါဘဲ။ ဆုံးဖြတ်နိုင်စွမ်း ဆိုတာ ဘယ်လောက်အရေးကြီးသလဲဆိုရင် စီမံခန့်ခွဲမှု ပညာရှင်တွေက ဆုံးဖြတ်ချက်ချခြင်း စွမ်းရည် (Decision Making skill) ဆိုတာကို မစွန့်ပယ်ထားနိုင်ပဲ သူတို့ရဲ့ စီမံခန့်ခွဲရေးစွမ်းရည် (Management skill) ထဲမှာ ဖော်ထုတ် ချပြ ထည့်သွင်းခဲ့ကြတာပါ။ Problem Solving and Decision Making ဆိုတာ လမ်းဆုံကဂျမ်းပုံလေးရဲ့ ဘဝရပ်တည်မှု ပါပဲ။

မကြာသေးမီက ကျွန်တော့်မှာ ဂျမ်းပုံလေး တစ်ယောက်ရှိခဲ့ပါတယ်။ သူက ရတနာပုံဂျမ်းပုံလေးပါ။ အိမ်နာမည်ဆိုရင် ပုံပုံလို့ခေါ်ရမယ်။ ပုံပုံလေးက ရွာထိပ်ကလမ်းဆုံလေးထက်မှာ ရပ်လို့ပေါ့။ အဲဒီလမ်းဆုံလေးနာမည်ကိုတော့ စာဖတ်သူဘယ်လိုခေါ်တယ်ဆိုတာ သိလောက်ပါပြီ။ တစ်လမ်းက ရွာထဲဝင်ကြည့်ရမယ်။ နောက်တစ်လမ်းက ရွာဘေးလမ်းကဘဲ မဝင်ပဲ ရှေ့ဆက်သွားမယ်။ အံဩစရာကောင်းတာက တုံ့ဆိုင်းခြင်းမရှိပဲ ပုံပုံက ရွာထဲကို စူးစမ်းစိတ်နဲ့ ရွေးချယ်ဝင်ရောက်ခဲ့တယ်။ ရွာလေးကတော့ ပုံပုံအတွက် ခပ်စိမ်းစိမ်းပါပဲ။ မရဲတရဲနဲ့ပေါ့။ ရွာထဲက ဆိုင်းဘုတ်တွေရဲ့အလယ်မှာ တွေဝေငေးမော မှင်သက်စွာနဲ့ ရပ်ကြည့်နေမိတဲ့ ပုံပုံလေး၊ (ရွာထဲမှာလဲ အငြိမ့်ပွဲလေးက ရှိနေသကိုး ) နော်ချေးခဲနဲ့သလဲ၊ ချောက်ကမ်းပါးမှောင်မဲမဲတွေအကြောင်း စဉ်းစားနေတာဖြစ်နိုင်သလို၊ မျှော်လင့်ချက်အပြည့်နဲ့ တောက်ပတဲ့မျက်လုံးလေးတွေ အရောင်လက်နေတာလဲဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒါလဲ လမ်းဆုံရှေ့မှာပါပဲ။ ရွာထဲမှာဆိုင်းဘုတ်တင်ခဲ့နိုင်ခြင်းနဲ့ ဆက်လက်ထွက်ခွာခြင်းဆိုတာကို သူအကြိတ်အနှယ်စဉ်းစားနေတာပါ။ အခု ဒီစာလေးကိုစာဖတ်သူဖတ်မိပြီဆိုရင် ဂျမ်းပုံလေးဘာကိုရွေးချယ်လိုက်ပြီဆိုတာ ပေါ်ပြီပေါ့။ ဒီစာလေးဟာ ပုံပုံရဲ့ ရွာလယ်မှတ္တိုင်ကျင်းလေးတူးနေခြင်းပဲလား။ ဘယ်သူပြောနိုင်မလဲ။ ကျွန်တော်စဉ်းစားတာတော့ တစ်ခုရှိတယ်၊ ပုံပုံလေး ဘာကြောင့် ရွာထဲကိုဝင်ပြီး လှည့်ထွက်မသွားရတာလဲ။ အဖြေရှာနေဆဲပါ။

ပုံပုံလေးရဲ့ ဒီဆုံးဖြတ် လုပ်ဆောင်ချက်လေးဟာ ဥက္ကာခဲလေးကမာ္ဘလေထုထဲဖြတ်သန်းရောက်ရှိလာသလို အငွေ့ပျံပျောက်ကွယ်သွားမည်လား။ သို့မဟုတ် အာကာသထဲကို လွင့်စင် ပွတ်တိုက်မှုတွေနဲ့အတူ ဖရိုဖရဲဖြစ်သွားမည်လား။ သို့မဟုတ် အေးချမ်းတဲ့လမင်းလေးလို့ ရွာတန်းလေးပေါ်က နေ  အေးမြအလင်းတန်းလေးတွေကို အပြုံးနဲ့အတူ လက်ဆောင်ပေးနိုင်မည်လား။ သို့မဟုတ် သန်းပေါင်းများစွာသော ကြယ်စုများထဲက သန်းခေါင်ယံလမ်းပျောက်သူတို့အတွက် ကြယ်တာယာ လမ်းပြကြယ်လေးတစ်လုံးအဖြစ် အရောင်လက်ရာရောက်ဖို့ မွေးဖွားခြင်းပေပဲလား။  ပုံပုံလေးရေ… မင်းလျှောက်သောလမ်း ဖြောင့်တန်းသာယာပါစေကွယ်လို့သာ ကျွန်တော် အထပ်ထပ်ဆုတောင်းနေမိပါတော့တယ်။

8 comments

  • shwe kyi

    August 13, 2012 at 10:05 am

    ကဲပုံပုံရေ ရွာထဲမှာတော့ ရုတ်ရုတ် ရုတ်ရုတ်တော့ မလုပ်နဲ့နော်။ 🙂
    ရွှေကြည်ရဲ့ဂျမ်းပုံကတော့ တော်တော်လေးကိုဆုံးဖြတ်ချက်မပြတ်သားတာပါပဲ။
    သူအလုပ်လုပ်တာတော်တော်ကြာတယ်။ ရွာထဲမှာပျော်ရွှင်ပါစေ။

  • လေပြေ ရှိုင်း

    August 13, 2012 at 11:53 am

    ရွှေကြည်တို့ လို့ မြန်မာမှုန့်တွေက လမ်းဆုံမှာ ကြာကြာမရပ်သင့်ပါဘူး။ စည်ပင်သာယာ အခွန်ကောက်မှာပေါ့။ နောက်တာပါ သယ်ရင်း။ ရွေးချယ်စရာတွေ့တိုင်း ချိန်ခွင်ပေါ်တင်ပြီး (Digital weight scale သုံးနော် တိကျတယ်) အလေးသာတဲ့ဘက်ကို အရင်မြန်မြန်သွားပေါ့။ ရွှေကြည်ရဲ့ ဂျမ်းပုံလေးကို စိတ်ရှုပ်လောက်အောင် အရမ်းမလုပ်ရဘူးနော်။ ရွှေကြည်ကနေ စိတ်ညစ်ပြီး ငချိတ်ပေါင်းဘဝကို ပြောင်းသွားအုံးမယ်…

  • htoosan

    August 13, 2012 at 12:45 pm

    ပုံံ့ပုံ့လေးရဲ့ လျှောက်လှမ်းမှု့ သာယာမှု့ ရှိမရှိအတွက် ပုံ့ပုံ့ လေးအပေါ်မှာ ဘဲ မူတည်အောင် ခင်းထားတဲ့ လမ်းစလေးပါကွယ် ..
    ကြိုဆိုပါတယ် လေပြေ ရှိုင်း ရေ..

  • လေပြေ ရှိုင်း

    August 13, 2012 at 4:41 pm

    ကြိုဆိုတဲ့ ကိုထူးဆန်းကို ကျေးဇူးတင်ပါတယ်။ ပထမဆုံး post အနေနဲ့ ဒီဆိုဒ်လေးမှာ ရေးခွင့်ရအောင် လမ်းခင်းပေးကြသူအားလုံးအားလုံးကိုလဲ အထူးကျေးဇူးတင်ပါတယ်။ အားလုံးဟာ ကိုယ့်အပေါ်ကိုပဲ မှီနေတာလေးကို သဘောကျပါတယ်။ အခုမှ ရောက်လာတဲ့ လေပြေ ရှိုင်းလေးကိုလဲ လေပြေညှင်းလေးဖြစ်အောင် လမ်းဆုံလေးကနေ လမ်းလွဲနေတာများရှိရင် ညွှန်ပြ ဆုံးမကြပါရယ်လို့….

  • အကိုရိုင်းရေ ပုံ ့ပုံ ့တော့မဟုတ်ပါဗျာ။ကျနော်က ဒေါ်ခင်ထားဆွေဖတ်နေတာလေး
    လှည်းတန်းဈေးသူ မသည်းအူလားလို ့

  • မောင်ပေ

    August 14, 2012 at 1:07 pm

    ဘာပဲဖြစ်ဖြစ် မင်္ဂလာပါ ကိုမောင်ရှိုင်းရေ

  • နွေဦး

    August 14, 2012 at 1:15 pm

    လမ်းဆုံ ကနေပြီး လမ်းမှန်တွေ့ပြီး လမ်းဆုံးအထိ ရောက်နိုင်ပါစေ..။

  • လေပြေ ရှိုင်း

    August 14, 2012 at 4:55 pm

    နုတ်ဆက်လာသူ မသည်းအူ… အဲလေ… နာဂရချစ်သူ (ဒီတပတ်ရုံးပိတ်ရင်တော့ ပါဋ္ဌိ ဒက်ရှင်နရီဝယ်အုံးမယ် အဓိပါယ်ပြန်ကြည့်ချင်လို့) ကျွန်တော်က လှည်းတန်းနားမှာပဲ နေတော့ လှည်းတန်းဈေးကို ခဏခဏရောက်တယ်။ ဈေးသူ မသဲအူတော့ မတွေ့မိသေးပေါင်။

    ဘာပဲဖြစ်ဖြစ်မင်္ဂလာပါလို့ နုတ်ဆက်ပေးတဲ့ ကိုမောင်ပေကို
    ကဗျာလေးပဲဖြစ်ဖြစ် ပြန်လို့ရေးဖွဲ နုတ်ဆက်ချင်ပါရဲ့….
    မင်္ဂလာပါ အကိုမောင်၊
    ဧဝရတ်တောင်လို အမြင့်ပေ၊
    စပ်မိစပ်ရာ ဒီစာပေကျမ်း၊
    အံ့မခန်းကျောက်ဆောင်လိုမာ၊
    ဖြောင့်တန်းသာယာ ဝေဖြာပါစေ။…
    (ကို မေ့ကျန်ခဲ့တယ်ဗျာ… နောက်ဆုံးစာလုံးလေးတွေကို စီပေးပါနော်)

    ဆုတောင်းပေးတဲ့နွေဦးကိုလဲ အထူးထူး ကျေးဇူးတင်ပါရဲ့။ လမ်းဆုံးရောက်ရင်လဲကောင်းသား။
    ဒါပေမဲ့ ကမာ္ဘကမှ မပြားတာ။ (ဆရာကျော်ဝင်း မသိစေနဲ့ သုကိုကန့်ကွက်တယ်ထင်သွားအုံးမယ်)။
    လမ်းက ဆုံးတယ်ဆိုတာမရှိဖြစ်နေတယ်။ အလုံးကြီးပေါ်မှာ အားလုံးကလဲ ဂျာလည်လည်နေတယ်။
    လမ်းဆုံးရောက်လို့ ဆက်သွားစရာမရှိရင်လဲ ပျင်းစရာကြီးနေမှာ…

Leave a Reply