လောကဓံတရား(၈)ပါး လူတိုင်းသတိထား

Mon LayAugust 15, 20121min1975

လောကဓံသည်

၁။လာဘ =ပစ္စည်းဥစ္စာရခြင်း။

၂။အလာဘ=ပစ္စည်းဥစ္စာမရခြင်း။

၃။ယသ =အခြွေအရံများခြင်း။

၄။အယသ =အခြွေအရံမရှိခြင်း။

၅။နိန္ဒာ =အကဲ့ရဲ့ခံရခြင်း။

၆။ပသံသာ =ချီးမွမ်းခံရခြင်း။

၇။သုခ = ကိုယ် စိတ် ချမ်းသာခြင်း။

၈။ဒုက္ခ = ကိုယ် စိတ် ဆင်းရဲခြင်း။ ဤသို့အားဖြင့် ရှစ်ပါးရှိပါတယ်။

ဤလောက၌ မကောင်း(၄)ပါး၊ကောင်း(၄)ပါးရှိ၏။ကောင်းသော လောကဓံနှင့် တွေ့ကြုံသောအခါ စိတ်အား

ကိုယ်အား ဝမ်းသာရွှင်ပျ တကြွကြွဖြစ်နေခြင်း၊မကောင်းသော လောကဓံတရားနှင့် တွေ့ကြုံသောအခါ စိတ်အားနွဲ့ ၍ တမဲ့မဲ့ဖြစ်နေခြင်းသည် လောကဓံကြောင့် တုန်လှုပ်ခြင်းတည်း။ဝမ်းသာလွယ်သူသည် ဝမ်းနည်းလွယ်၏။ ဝမ်းသာအားကြီးသူသည် ဝမ်းနည်းအားကြီး၏။ထို့ကြောင့် အမြဲ စိတ်ချမ်းသာခြင်းကို အလိုရှိလျှင် လောကဓံတရားရှစ်ပါး ဖြစ်ရိုးဖြစ်စဉ် တရားကြောင့် (ဆိုးဆိုးကောင်းကောင်း) သိသိသာသာ ကြီး စိတ်မပြောင်းဖို့ အထူးသတိထားသင့်ကြပေသည်။

လာဘ-အလာဘ

မိမိနှင့်ထိုက်တန်သော လာဘ်ကိုတရားသဖြင့် ရအောင်ကြိုးစားရမည်။ ရသည့်အခါတွင်လည်း သူတစ်ပါး အမြင်ကတ်အောင် ဝမ်းသာရွှင်ပျ တကြွကြွ မရှိစေသင့်။ တချို့ ရှာဖွေမူကား ရှာဖွေ၍ မရသည့်အပြင် “ဘူးထဲက ရေပါ၍” အရင်းပင်ရှုံးတတ်သေးသည်။ ထိုကဲ့သို့ ဆုံးရှုံးမှုကြောင့်လည်း ဝမ်းနည်းပူဆွေး၍ မနေ နှင့်။ ထိုသို့ ဆုံးရှုံးသူတွေ မရေမတွက်နိုင်အောင် ရှိကြသည့်အပြင် ထီးနန်းကိုပင် စွန့်လွှတ်၍ တစ်မျိုးလုံး သခင်ဘဝမှ ကျွန်ဘဝသို့ဆင်းကာ မောင်မောင်လို့ ခေါ်တုန်းက”ဗျာ” လို့မျှ ထူးဖော်မရဘဲ အောင်ကျော်လို့ ခေါ်ကာမှ “ဘုရား”ထူးရသူတွေ အများပင် ရှိကြပေသည်။ သို့ဖြစ်၍ ရမှု မရမှု လောကဓံနှစ်ခုကြောင့် မတုန် မလှုပ်ဖို့ရာ ခိုင်မာသောစိတ်ကိုသာ အမြဲထားသင့်ကြပေသည်။

ယဿ-အယဿ

ဆရာသမား လူကြီးလူကောင်းတို့၌ အထိုက်အလိုက် အခြွေအရံရှိမှ တင့်တယ်သည်။ အခြံအရံဟူသည် အိမ်ဝင်းအိမ်ခြံတို့ ကဲ့သို့ ဘေးဆီးရန်ကာ အရာရာမှာပင် စောင့်ရှောက်လုပ်ကျွေး အကူအညီပေးသူများပေ တည်း။ထိုကဲ့သို့ အခြံအရံ ပေါများအောင် မိမိ၏ ပစ္စည်းများကို ချွေတာဝေငှ မစချီးမြှောက်ရမည်။ ထို့ကြောင့် “ခြွေမှ ရံသည်”ဟု ပြောလေ့ရှိသည်။ ထိုအခြွေအရံများကိုလည်း အစေခံလိုသဘောထား၍ အားမနာ ပါးမနာ များစွာ မခိုင်းစေသင့်။မိမိကိုမှီ၍ ကြီးပွားလိုသောစိတ်သာ ရှိသင့်ပေသည်။ အခိုင်းအစေကို ခိုင်းဖို့ရာ ငှားရမ်းထားသော အစေခံများကိုပင် အခြွေအရံလို သဘောထားလျက် မိမိကို အမှီပြု၍ တစ်နေ့ထက် တစ်နေ့ ကြီးပွားအောင် စောင့်ရှောက်သင့်ပေသည်။ထိုကဲ့သို့ သဘောထားကောင်းပါလျက် အခြွေအရံ မရှိပြန်လျှင် စိတ်နှလုံး မပူပန်လေနှင့်။အခြွေအရံပေါများသည့်အတွက်လည်း မာန်မာန မတက်စေလင့်။

ကျော်စောမှု၊ဂုဏ်သတင်းပျံ့နှံ့များလည်း ယခုဘဝသာမက ဘဝတိုင်းအရေးကြီး၏။ မြင့်မြတ်သော အလုပ်ကို လုပ်မည်ကြံလျှင် ဂုဏ်ရှိမှ နာမည်ကြီးမှ အထမြောက်နိုင်သည်ကို ရှေးဦးစွာ သတိပြုသင့်ပေသည်။”ဂုဏ ဝန္တေ ပဿန္တိ ဇနာ ဂုဏ်ရှိသူမှ လူထင်ကြသောအခါ”ဖြစ်သည်။ သို့ဖြစ်၍ ရသင့်သော ကျော်ကြားမှုဂုဏ်ကို ရအောင် ဉာဏ်ဝီရိယဖြင့် ထူထောင်ရမည်။ရခဲ့ပြန်သော် ထိုဂုဏ်အတွက် မကြွားမမော်လေနှင့်။ရသင့် ပါလျက် မရပြန်လျှင်လည်း စိတ်အား မငယ်လေနှင့်။

နိန္ဒာ- ပသံသာ

မလိုမုန်းထား ဣဿာများသူ သို့မဟုတ် အလုပ်မရှိ အလုပ်ရှာ၍ ကဲ့ရဲ့စရာ ကြံစည်သူတွေ ပေါများသော ယခုကာလဝယ် အချီးအမွမ်းခံရဖို့ ခဲယဉ်းသော်လည်း အကဲ့ရဲ့ခံရဖို့မှာ သေချာပြီးဖြစ်၏။ ထို့ကြောင့် ကဲ့ရဲ့စရာ မရှိအောင် ရှေးဦးစွာ သတိထားရမည်။သို့ရာတွင် သိကြားမင်းဖန်ဆင်းအပ်သော နွားသော်မှ မစင်ပျော့သည် ဟု နော့တော့တော့ အဆိုခံရသေးသောကြောင့် “မုန်းအပြစ်၊ ချစ်အကျိုး၊ မြတ်နိုးသဒ္ဓါ”နိုင်သော ယခုကာလ ဝယ် မုန်းသူလည်း မရှားသဖြင့် အပြစ်မြင်ချင်သူတွေလည်း အများပင် ရှိပေသည်။

သို့သော် သူတစ်ပါး၏ အပြစ်ကို လွယ်ကူစွာ မြင်နိုင်သော ထိုသူများသည် အမရာ၊ကိန႖ရီ၊မဒ္ဒီ၊သမ္ဗုလာ တို့ အလား သို့မဟုတ် မဟော်သဓာ၊ဝေဿန္တရာ၊တို့တမျှ၊ သို့မဟုတ် အရှင်မဟာကဿပ ၊အရှင်သာရိပုတ္တရာ၊ အရှင်အာနန္ဒာတို့လို “ခြောက်ပြစ်ကင်း၍ စင်းလုံးချော”ဟုဆိုနိုင်ပါမည်လော။ရွာတစ်ရွာ၌ တောင်ဘက်အိမ် မှ မိန်းမကြီးတစ်ယောက် စကားထစ်ကြောင်း ပြောလာသော သားငယ်က “အ..အ..အဖေ၊ဟို…ဟို..ဟို ဘက်အိမ်က မိန်း…မိန်း…မိန်းမကြီးဟာ စ…စ..စကား ထစ်..ထစ်..ထစ်လိုက်တာ” ဟု ပြောသလို ထိုသူ ကိုယ်တိုင်မှာ အကဲ့ရဲ့ခံရပြီးဖြစ်၍ “သူခိုးသေ ဖော်ညှိများ” ဖြစ်တတ်ကြသည်။

သို့မဟုတ် မိမိကဲ့ရဲ့ဖွယ်ကို အစွမ်းကုန် ဖုံးကွယ်ထားသော “ကြောင်သူတော်”ဖြစ်တတ်ကြသည်။ ဘာကြောင့်နည်း။ “ခိုးတတ်လျှင် ရိုးတတ်”သောကြောင့်တည်း။တချို့အချက်များကား “ကိုယ့်ထက်သာ၍ မနာလို”လို့ကဲ့သို့သော်လည်း ထိုအကဲ့ရဲ့မျိုးကို သူကိုယ်တိုင်ပင် ခံချင်ကောင်း ခံချင်ပါလိမ့်မည်။ ဘာကြောင့် နည်း။မိန်းကလေးတစ်ယောက်အိမ်သို့ ဂုဏ်သရေရှိ ယောကျင်္ားကလေး ထွက်ဝင်နေရာဝယ် တစ်နယ်လုံး ကဲ့ရဲ့ကြရာ၌ အမှန်စင်စစ်မှာ မိမိတို့ဆီ မလာသောကြောင့်သာ ဖြစ်သကဲ့သို့တည်း။ဤသို့လျှင် အကဲ့ရဲ့ခံရမှု သည် မကင်းနိုင်သော လောကဓံ ဖြစ်သည့်အပြင် အမှန်အားဖြင့် ကဲ့ရဲ့သလောက် အပြစ်ရှိချင်မှ ရှိမည်။ အပြစ်ရှိသည်ပင်ထားဦးတော့။ကြောက်သင့် ရှက်သင့်သလောထက် မိမိစိတ်ကို မိမိခြောက်နေခြင်းက ပိုကောင်းပိုပါလိမ့်မည်။

တစ္ဆေကြောက်တတ်သူသည် ညဥ့်အမှောင်မိုက်ထဲတွင် ထန်းပင် ငုတ်တို့ကိုမြင်ရာ၌ ထန်းပင်ငုတ်တိုက လုံးဝ သရဲမခြောက်သော်လည်း သူစိတ်ထဲက “တစ္ဆေ တစ္ဆေ”ပဲဟု အသေအလဲစွဲလမ်း၍ တစ္ဆေကမ္မဋ္ဌာန်း စီးဖြန်းသောကြောင့် ကမ္မဋ္ဌာန်းပေါက်ပြီးလျှင် သူ့နောက်သို့ လိုက်နေသည်ထင်ကာ မစင်ပါအောင် ပြေးရှာ သကဲ့သို့တည်း။ထို့အတူ အချို့ကိစ္စ၌ မိမိစိတ်မှ မိမိခြောက်ကာ အလွန့်အလွန်ကြောက်စရာဟု ထင်လာ တတ်ပေသည်။ ထို့ကြောင့် သံယုတ်ပါဠိတော်၌ “တောထဲမှာ ချွတ်ချွတ်သံကြားတိုင်း မောကြီးပန်းကြီး ပြေးရှာသော သမင်ပျိုကဲ့သို့ အကဲ့ရဲ့ခံရမည်ကို ကြောက်နေသူကိုလည်း စိတ်မတည်သူ၊ စိတ်မခိုင်သူ ပေါ့ဆစိတ်ရှိသူ”ဟု မိန့်တော်မူသည်။ချွတ်ချွတ်သံကြားတိုင်း ပြေးရသဖြင့် သမင်ပျိုမှာ အစာရေစာ မဝ သကဲ့သို့ ထိုကြောက်တတ်သူမှလည်း မည်သည့်အကျိုးကိုမျှ မရချေ။နဂိုကပင် အရှက်ရစေတော့ဟု သဘောထား၍ ကဲ့ရဲ့ရကား ထိုကဲ့သို့ ရှက်မှန်းကြောက်မှန်းသိလျှင် ကဲ့ရဲ့သူတို့အတွက် “မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ”ဖြစ်ပေလတ္တံ့။

တစ်နည်းတစ်ဖုံ စဉ်းစားပြန်လျှင် အကဲ့ရဲ့ခံနေရသည်မှာ တစ်မျိုးအားတက်စရာဖြစ်၏။ အဘယ့်ကြောင့်နည်း ခွေးလှေးကြမ်းပိုး အုတ်ကြားမြက်ပေါက် အစားမျိုးကို အရေးလုပ်၍ မပြောလိုကြ။အတော်ထင်ရှားသူကိုမှ ကဲ့ရဲ့ကြသောကြောင့်တည်း။ထို့ကြောင့် သစ်ပင်အများရှိရာတွင် အမြင့်ဆုံးသစ်ပင်သည် လေတိုက်အခံရဆုံး ဖြစ်သကဲ့သို့ ထို့အတူ အထက်တန်းကျလေ လောကဓံလေမုန်တိုင်း အတိုက်ခံရလေ ဖြစ်ရကား အကဲ့ရဲ့ခံရ မှုကို ဂရုစိုက်၍ ဝမ်းမနည်းထိုက်လှသည့်အပြင် တချို့ ကဲ့ရဲ့ခြင်းမှာ မိမိအထက်တန်းရောက်နေခြင်း၏ အမှတ်လက္ခဏာဖြစ်၍ ဝမ်းသာဖွယ် ကောင်းပေသည်။

ထို့ကြောင့် မည်သူမဆို ကဲ့ရဲ့မှုများကို အရေးစိုက်ကာ အရာရာ မတုန်လှုပ်အောင် “ခွေးဟောင်တိုင်း ထ၍ မကြည့်မိရန်”မြဲမြံသော စိတ်ထား၊ ခိုင်မာသော သမာဓိ တရားရှိအောင် ကြိုးစား၍ လေ့လာကြရမည်။ အကဲ့ရဲ့ခံရသည့်အခါတိုင်း “ငါ၏စိတ်များ ဘယ်အခြေရောက်အောင် ခိုင်မာနေပါလိမ့်မည်နည်း” ဟု စဉ်းစဉ်း စားစား သတိထားကာ အကဲ့ရဲ့ဒဏ်ကို အရသာခံကြည့်ပါလေ။သို့ရာတွင် ကဲ့ရဲ့ဖွယ် မရှိအောင်ကား သတိ ဆောင်ရပေလိမ့်မည်။

ကဲ့ရဲ့ရာ၌ မတုန်လှုပ်သကဲ့သို့ ချီးမွန်းသည့်အခါ၌လည်း သိသိသာသာကြီး မပြုံးမိစေဘဲ “အလုပ်ကောင်း၍ အကျိုးရသည်မှာ ဓမ္မတာပဲ”ဟု နှလုံးသွင်းလျက် သန့်ရှင်းသော စိတ်ထားဖြင့် “အခြားသူများလည်း ငါကဲ့သို့ ဂုဏ်ရှိကာ အချီးမွမ်းခံရပါစေ”ဟု အမျှဝေသဘောဖြင့် စိတ်မနော ကောင်းသင့်ကြပေသည်။

သုခ-ဒုက္ခ

ကိုယ်စိတ်နှစ်ပါးတို့ရဲ့ ချမ်းသာခြင်းသည်သုခဖြစ်ပြီး၊ကိုယ်စိတ်နှစ်ပါးတို့၏ ဆင်းရဲခြင်းကား ဒုက္ခဖြစ်သည်။ သုခ(ချမ်းသာခြင်း)ကြောင့်လည်း မာန်မာန မတက်ကြွပဲ တရားလက်ကိုင်ကျင့်သုံးပြီး ဒုက္ခ(ဆင်းရဲခြင်း) ကြောင့်လည်း စိတ်သောက မဖြစ်မူ၍ တရားလက်ကိုင်ကျင့်သုံးသင့်သည်။

အချုပ်အားဖြင့် လောကဓံ (၈)ပါးတွင် အကောင်း(၄)ပါးကို “ဣဋ္ဌာရုံ(အလိုရှိအပ်သောအာရုံ)”ဟုခေါ်သည်။ မကောင်း(၄)ပါးကို “အနိဋ္ဌာရုံ(အလိုမရှိအပ်သောအာရုံ)”ဟုခေါ်သည်။ ရှေးရှေး ဘဝများစွာ သံသရာက ကံကောင်း ကံဆိုး(ကုသိုလ် အကုသိုလ်) (၂)မျိုးကို ပြုလာခဲ့သော ငါတို့မှာ ထိုဣဋ္ဌာရုံ အနိဋ္ဌာရုံ အမျိုးစုံနှင့် အမှန်တွေ့ကြုံကြရတော့မည်။ ထိုကဲ့သို့ တွေ့ကြုံရာ၌ ထိုဣဋ္ဌာရုံ အနိဋ္ဌာရုံ လောကဓံ လေမုန်တိုင်းကို မိမိ၏ လုံ့လစွမ်း ဉာဏ်စွမ်းတို့ဖြင့် နည်းမှန်လမ်းမှန် နည်းလမ်းမှန်သမျှ ခုခံကာကွယ်ကြပြီးလျှင် အကြင်သို့သော နိဗ္ဗာန်ဆိပ်ကမ်းသို့ မျှော်မှန်းကူးခပ်ရမည်။

ဥပမာ-ပင်လယ်ကို ကျော်ဖြတ်နေသော မာလိန်မှူးတို့၌ အခါခပ်သိမ်း ငြိမ်သက် အေးချမ်းစွာ ကျော်လွန်ရ လိမ့်မည်ဟု မမျှော်လင့်နိုင်။မကြာမကြာပင် သာမန်လှိုင်းလေ၊ပြင်းထန်သော လှိုင်းလေ၊သဘောင်္ကိုပင် အန္တရာယ် ဖြစ်စေနိုင်သော လှိုင်းလေများကို တွေ့ကြုံရပေသည်။ ထိုသို့ တွေ့ကြုံရာဝယ် ကျွမ်းကျင်သော မာလိန်မှူးတို့မှာ မိမိတို့ လုံ့လစွမ်း၊ဉာဏ်စွမ်းတို့ဖြင့် ထိုလှိုင်းလေများကို ခုခံ၍ မိမိလိုရာ ဆိပ်ကမ်းသို့ ရောက်နိုင်ကြသကဲ့သို့တည်း။

ဤသို့လျှင် လောကဓံတရား(၈)ပါးကြောင့် စိတ်လှုပ်ရှားခြင်း မရှိ။အရှည်ကို မြော်မြင်၍ ကြိုတင်စီမံလေ့ လည်းရှိ။မိမိစီမံသည့်အတိုင်း အကျိုးရှိအောင် ဒေါမနဿတို့မှ ကင်းကွာ၍ ချမ်းချမ်းသာသာနှင့် ပါရမီ ကုသိုလ်များကို ကြိုးစားဖြည့်ကျင့်ကာ လူဖြစ်ရကျိုးနပ်သူ ဖြစ်ပါလိမ့်သတည်း။

“လောကဓံတွေ့ရိုးမို့၊ အမျိုးမျိုးတွေ့ ရမယ်၊ စိတ်အနေ မတုန်လှုပ်အောင် ၊ ထိန်းချုပ်ပါ့ကွယ်”

ကိုးကား၊ ။ အရှင်ဇနကာဘိဝံသ(ကိုယ်ကျင့်အဘိဓမ္မာ)စာအုပ်

5 comments

  • Khaing Khaing

    August 15, 2012 at 4:31 pm

    လောကဓံကြုံ မဖြုန်တမ်းပေ့ါ …. မတုန်စမ်းနဲ့ စိတ်ခိုင်စေ ………..
    စိတ်ဓာတ်ကျ စိတ်ညစ်နေချိန်တွေမှာ တရားစာတွေ ဆုံးမစကားတွေနားထောင်ဖတ်ရှုလိုက်ရရင် စိတ်အေးချမ်း သက်သာရာရသွားပါတယ် ……..

  • မမ အညာသူ

    August 16, 2012 at 9:45 am

    ၁။လာဘ =ပစ္စည်းဥစ္စာရခြင်း။

    ၂။အလာဘ=ပစ္စည်းဥစ္စာမရခြင်း။

    ၃။ယသ =အခြွေအရံများခြင်း။

    ၄။အယသ =အခြွေအရံမရှိခြင်း။

    ၅။နိန္ဒာ =အကဲ့ရဲ့ခံရခြင်း။

    ၆။ပသံသာ =ချီးမွမ်းခံရခြင်း။

    ၇။သုခ = ကိုယ် စိတ် ချမ်းသာခြင်း။

    ၈။ဒုက္ခ = ကိုယ် စိတ် ဆင်းရဲခြင်း။
    လောကဓံရဲ့ရိုက်ပုတ်ခြင်းတွေခံရတဲ့အခါ အရှုံးမပေးပဲ ဘဝကိုကောင်းစွာကျော်ဖြတ်ကြရအောင်လား

  • nature

    August 17, 2012 at 7:44 am

    လူတွေက အကောင်းလောကဓံနဲ့တွေ့ရင် လောကဓံလို့မထင်ကြဘူး။ အဆိုးက လောကဓံနဲ့တွေ့မှ လောကဓံခံရတယ် လို့ပြောတတ်ကြတယ်။

  • Shar Thet Man

    August 17, 2012 at 10:52 am

    ဟုတ်တယ်မမအညာသူရေ

Leave a Reply