အိမ်ပြန်မရောက်….ပက်လက်မျောတဲ့…အာရုဏ်ချိန်
တစ်ချက်….နှစ်ချက်…..သုံးချက်…..
အချက်ပေးသံမပြဘဲ ပေါက်ကွဲတဲ့အသံ မကြားနိုင်တဲ့ ငါတို့ရဲ့အနီးဆုံးတစ်နေရာက…..
တစ်ဖြည်းဖြည်းတုံးလာတဲ့ ငါတို့ဦးနှောက်တွေနဲ့….
ညနေစောင်းရင်အိမ်ကိုပြန်တဲ့ခြေလှမ်းတွေက ယိုင်နဲ့နဲ့ဖြစ်နေတုန်း…
အိမ်အပြန်ကို မေမေစောင့်နေရောပေါ့ ညတွေတိုင်း.(ညတိုင်းညတိုင်း)မှာ
မလင်းတဲ့ငါတို့နေရာကနေ မှောင်နေတဲ့မြို့ပြကိုငေးမောကြည့်နေမိပါရဲ့
ဟိုးအဝေးမှာတရွေ့ရွှေ့နဲ့ လာနေတဲ့ခြေလှမ်းတွေ သူတို့တွေအခုထိ(ခုချိန်ထိ)အိမ်ပြန်မရောက်သေးဘူး။
တွေးရင်း(ငေးရင်း)….တွေးရင်း(ငေးရင်း) သက်ပြင်းအကြိမ်ကြိမ်ချမိတယ် မေမေ….
လောကမှာဘာအရေးကြီးဆုံးလဲ မမေးနဲ့…………..
တစ်……….ပိုက်ဆံ
နှစ်………..ငွေ
သုံး………..လိုနေတာဒိုးပြားတွေပဲ(ရက်ပါလိုလိုက်မဆိုပါနဲ့)
ဘဝတစ်ခုနဲ့တစ်ခုအရင်းတည်ခဲ့တဲ့နေ့တွေ…ရက်တွေ…ညတွေ
အိုကွယ်….မျက်ရည်နွံထဲဖြစ်ဖြစ်…တံတွေးခွက်ထဲဖြစ်ဖြစ် ပက်လက်မျောစရာရှိတာသာမျော
မေမေ……ကျန်းမာပါစေ အမြဲတမ်းဆုတောင်းအသံ ကောင်းကင်ထက်မှာလွင့်ပျံလို့
ဒါပေမယ့် မြေပြင်ကခြေလှမ်းတွေက
ကလေးတွေကစားတဲ့စက်ဘီးတာယာလိုပါပဲ(ဦးတည်ရာပျောက်နေတယ်)
ကလေးတွေကစားတဲ့စက်ဘီးတာယာလိုပါပဲ(ဦးတည်ရာပျောက်နေတယ်)
ယိုင်နဲ့နဲ့ ထိမ်းရင်းကျောင်းရင်း မြို့ပျက်ထဲမှာဖက်တွယ်နေတဲ့ သူဖုန်းစားတစ်ယောက်လို
အမှောင်ကြားက အလင်းစက်ကိုရှာဆဲပဲ မေမေ……..။
မေမေ….ပြောခဲ့တယ် လောကမှာဘာအရေးကြီးဆုံးလဲ….
တစ်……စာနာမှု…
နှစ်…….စာနာမှု…
သုံး…….စာနာမှု…
အို….မေမေရယ်…. အားလုံးဟာ…သားတို့ငယ်ငယ်တုန်းက ရှာခဲ့တဲ့ မြောင်းထဲကဖန်ဂေါ်လီလိုပါပဲ
ရှိမလားလို့ မြောင်းထဲကိုဟိုစမ်းဒီစမ်းပေါ့ နောက်ဆုံးတော့ မြောင်းပုပ်နံ့က လက်ထဲကိုပဲစွဲကပ်လာတယ်
ဒီလိုနဲ့ ……… ဒီလိုနဲ့ (ဒီလိုနဲ့…………….ပဲ)
သားးးးးးးးးးးးးးလမ်းလျှောက်ရင်း…….လမ်းလျှောက်ရင်း………….
နေမထွက်လာတဲ့ အရုဏ်တက်ချိန်မှာ…..အမှောင်ထဲကနေ အမှောင်ကိုလှမ်းကြည့်လိုက်တယ် မေမေ……။
xxxxxxxxxxxxxxxxxxxxxxxxxxxxxx
အောင်မိုးသူ (စူးရှ)
ဂျူလိုင်လ ၁ဝရက် ၂၀၁၂ခုနှစ်
ည ၆းဝဝ နာရီ
One comment
လေပြေ ရိုင်း
August 22, 2012 at 10:00 am
အိမ်ကိုပြန်ခဲ့တော့… ဟိုမှာမပျော်တဲ့ခဏ (လိုက်မဆိုရဘူးနော်)
အခြေခံလိုအပ်ချက်၅ ချက်ထဲက ၂ ချက်ပြည့်စုံရင်…
အမေ့အိမ်ကို ပြန်လာလိုက်ပေါ့ ကိုအောင်မိုးသူရေ…