တိုင်းပြုပြည်ပြုများ ပြည်ထောင်”စု”သင့်၊ မ”စု”သင့်
ဒီကနေ့ဘဲ နိုင်ငံတော်သမ္မတရုံးကနေလွှတ်တော်ကိုယ်စားလှယ်များဆီ သဝဏ်လွှာတစောင်ပါးလိုက်ပါတယ်။ ကိစ္စက လွန်ခဲ့တဲ့လက လွှတ်တော်တွင်းအဖွဲ့အစည်းများကို ပြည်ထောင်စုအဆင့် ပေးသင့်မပေးသင့် ပူညံပူညံဖြစ်လာတော့၊ လွှတ်တော်တွေကတောင်းဆိုလို့၊ အစိုးရအဖွဲ့ကိုယ်စား ပြည်ထောင်စုရှေ့နေချုပ်က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကိုအဓိပ္ပါယ်ဖွင့်ပေးဘို့တင်ပါတယ်။ ပြည်သူ့လွှတ်တော်ဒု-ဥက္ကဌ ကလဲ ခုံရုံးရဲ့ ဖြတ်ထုံးကို (၁)နာရီကျော်ကြာ မတ်တပ်ရပ်နာခံရလို့၊ အမတ်မင်းများက သိက္ခာကျတယ်၊ အဲ့ ဒီခုံရုံးကို recall ပြန်လုပ်ဖို့စာစုတင်ကြပါတယ်။ ပြည်သူ့လွှတ်တော်(၂)ရပ်မှာ အမျိုးသားလွှတ်တော်ကတော့ ပူညံတယ်လို့သိပ်မကြားရပေမဲ့၊ ပြည်သူ့လွှတ်တော်ကတော့ တဖွဲ့လုံးနီးနီး ကန့်ကွက်ကြပါတယ်။
ဒီနေ့သမ္မတကပြန်ကြားတဲ့ သဝဏ်လွှာကိုလေ့လာကြည့်ရင်ရှင်းပါတယ်။
(၁) ခုံရုံးရဲ့ဖြတ်ထုံးဟာ နည်းလမ်းကျပြီး၊ အဲ့ဒီဖြတ်ထုံးဟာ အပြီးအပြတ်ဖြစ်တယ်ဆိုတဲ့ အချက်ကိုထောက်ပြတာရယ်၊
(၂) ဒီလိုဆုံးဖြတ်ချက်ကိုမလိုက်နာနိုင်ရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း (၁၂)က ပေးထားတဲ့ လုပ်ပိုင်ခွင့်ကိုသုံးနိုင်ခွင့်ရှိတယ်လို့ဆိုပါတယ်။
အဲ့ဒီအခန်းကဖွဲ့စည်းပုံအခြေခံဥပဒေပါပြဌာန်းချက်တရပ်ရပ်ကိုပြင်ဆင်၊ နှုတ်ပယ်၊ ပြောင်းလည်း၊ ဖြည့်စွက် လိုရင် ဘယ်လိုလုပ်ရမလဲလို့ဆိုထားတာပါ။ အဲ့ဒီမှာလဲ (၂)ပိုင်းရှိပါတယ်။ ပြည်ထောင်စုလွှတ်တော်ကပြင်ဆင်ခွင့်ရှိတဲ့ ပုဒ်ထီးပုဒ်မတွေနဲ့၊ ပြည်ထောင်စုလွှတ်တော်အပြင်၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလုပ်ပြီးမှပြင်လို့ရတဲ့ ပုဒ်မတွေရယ်လို့ရှိပါတယ်။ ခုဖြစ်တဲ့ ခုံရုံးကိုမကြေနပ်တဲ့ ကိစ္စက အခန်း(၆)၊ ပုဒ်မ(၃၀၂)မို့ ဒုတိယနည်းနဲ့သွားရမှာပါ။
နိုင်ငံတကာရဲ့ဖွဲ့စည်းပုံဆိုင်ရာဖြတ်ထုံးတွေကို တရားလွှတ်တော်ချုပ်တွေကသာ ကိုင်တွယ်လေ့ရှိပါတယ်။ တရားသူကြီးမင်းတွေ ဘယ်လိုမဲပေးလည်းကိုလည်းလူသိရှင်ကြား ထုတ်ပြန်လေ့ရှိပါတယ်။ မဲဆန္ဒရှင်တွေအားလုံးနဲ့ဆိုင်တာမို့ နိုူင်ငံသားတဦးရဲ့ ပိုင်ခွင့်အနေနဲ့သိခွင့်ရှိသမို့သိချင်တာမဆန်းပါဘး။ နိုင်ငံအနည်းငယ်သာ မြန်မာနိုင်ငံလို သီးသန့်ခုံရုံး ဖွဲ့စည်းထားတာပါ။ ပြည်ထောင်စုအဆင့်ဆိုပြီး လွှတ်တော် (၂) ကနေဖွဲ့စည်းတဲ့ ကော်မတီရှင်/ကြီး (၄) ခုဘဲရှိပါတယ်။ ဘာပဲပြောပြောမြန်မာနိုင်ငံမှာလည်းဖွဲ့စည်းပုံထဲပါပြီးမို့၊ sorry ဆိုပြီးဖျက်သိမ်းလို့မရပါဘူး။ တခုတော့ရှိပါတယ်။ ခုံရုံး (သို့) တရားရုံးတွေရဲ့ဖြတ်ထုံးတွေ၊ ဘယ်ပုဂ္ဂိုလ်တွေကဘယ်လိုမဲပေးလဲ ဆိုတဲ့အချက်ကိုတော့ အခြေခံဥပဒေထဲ ထည်းနိုင်ရင်အကောင်းဆုံးပါဘဲ။ transparent ဖြစ်သွားတာပေါ့။
သေသေခြာခြာပြန်စဉ်းစားရင်၊ လွှတ်တော်ဆိုင်ရာကော်မတီ၊ ကော်မရှင်တွေ ဟာ executive တွေမဟုတ်ပါဘူး။ Legislative ပါ။ သူတို့က ပြည်ထောင်စုအဆင့်အဖွဲ့အစည်း ဆိုတဲ့ သတ်မှတ်ခေါ်နိူုင်ရလောက်တဲ့ အလုပ်မျိုးလုပ်စရာမလိုတဲ့ အဖွဲ့အစည်းတွေဖြစ်ပါတယ်။ သူလုပ်ရမှာက ဥပဒေပြဌာန်းဘို့ရယ်၊ သူပြဌာန်းထားတဲ့ ဥပဒေ ဘယ်လောက်အကျိုးသက်ရောက်မှုရျိသလဲဆိုတာ မျက်စေ့ဒေါက်ထောက်ကြည့်ဘို့ပါ။ အဲ့ဒီအတွက်ကြောင့် ပြည်ထောင်စုအဆင့်ဝင်ဖြစ်မှ ကားတို့ တိုက်တို့၊ ဘတ်ဂျက်တို့ ရမှဖြစ်မယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ သဘာဝမကျပါဘူး။ ဘယ်သူကစထောင်တယ်တော့မသိပါဘူး။ ဥက္ကဌဗိုလ်ရွှေမန်းကိုယ်တိုင် အမတ်မင်းများသီးခံစိတ်ရှည်ကြပါခင်ဗျားလို့၊ ခနခနပြောရတဲ့ဘဝရောက်နေပါတယ်။ ဒါဘာကိုပြလဲဆိုတော့
(၁) လူများစုကထောက်ခံတယ်ဆိုတိုင်း ဒီမိုကရေစီဆိုတာမမှန်ဘူးဆိုတဲ့အချက်၊
(၂) အမတ်မင်းများအတွင်း rule of law ဆိုတာကို လူထင်ကြီးစရာ စကားလုံးအနေနဲ့သုံးနေပေမဲ့ ကိုယ်ပြောတာ၊ ဘာမှန်းမသိတဲ့ဘဝတွေရောက်နေကြပါတယ် ဆိုတဲ့အချက်၊
ပြည်ထောစ်စုသင့်၊ မစုသင့်ဆိုတဲ့ကိစ္စ အရေးကြီးသလား၊ ပြည်သူ သန်း(၆၀)ထမင်းဗိုက်ဝရေးအရေးကြီးနေသလား။ ပြည်ထောင်”စု”မှ ဗိုက်ဝမယ်ဆိုတဲ့ဆင်ချေတော့ပေးလို့ မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘာမှမဆိုင်လို့ပါ။
ဒီပြဿနာက ဘယ်အထိသွားမယ်ဆိုတာတော့မသိရပါဘူး။ သင်ခန်းစာတခုဖြစ်သလို၊ နိုင်ငံရဲ့မျက်နှာကိုပြန်ကြည့်သင့်တဲ့ကိစ္စတွေပါ။
(၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ architects တွေဖြစ်ခဲ့တဲ့ အမျိုးသားလွှတ်တော် ဒုဥက္ကဌ ဦမြညိမ်း တို့၊ ရှေ့နေချုပ်ဒေါက်တာထွန်းရှင်၊ ဒေါက်တာတင်အောင်အေး၊ (အမှန်တော့ လက်ရှိဖွဲ့စည်းပုံဆိုင်ရာခုံအဖွဲဝင်တော်တော်များများလဲပါပါမယ်)၊ ဗိုလ်ချုပ်သိန်းစိုး တို့ က ပြီးခဲ့တဲ့ စစ်အစိုးရရဲ့ မင်းတရားကြီး ဗိုလ်သန်းရွှေရဲ့ မျက်နှာတော်ကြည့်ပြီး ရေးဆွဲခဲ့ကြတာ ဆိုတော့ က-ကြီးကအစ၊ အ-အထိ ဖွဲ့စည်းပုံရဲ့ အကြောင်းကိုနောကျေပြီးကြသူတွေလို့ယူဆရပါတယ်။
ဥက္ကဌ ဗိုလ်ချုပ်သိန်းစိုးပြောတာရှင်းပါတယ်။ recall လုပ်နိုင်တဲ့ အချက်(၅) ချက်ရှိတယ်။ ဘယ်ပုဒ်မနဲ့ လုပ်မလည်း၊ အတင်းဆွဲပြီးတော့စွပ်စွဲမယ်တော့မကြံကြဘို့ ထောက်ပြထားပါတယ်။
ဆိုတော့- လူထုအကျိုးပြုရေးလူထုကိုယ်စားပြုကြတဲ့ အမတ်မင်းများအနေနဲ့၊ မိမိဘဝ၊ မိမိမဲဆန္ဒရှင်များရဲ့ ဘဝကိုမမေ့ကြဘို့၊ နိုင်ငံအတွက်အရေးကြီးတဲ့ ကိစ ္စတွေ မျက်ခြေမပြတ်ကြဘို့၊ ပြည်သူထဲကတဥိးဖြစ်တဲ့မောင်မိုးညိုက မေတ္တာရပ်ခံလိုက်ပါတယ်။
8 comments
kai
August 21, 2012 at 1:18 pm
=
အပေါ်သတင်း၂ပုဒ်အရဆိုရင်တော့.. ပါတီချင်းတူတူတောင်.. အမတ်က… စကားမှားတဲ့အတွက်.. လွှတ်တော်ဥက္ကဌက.. အမတ်ကို.. ကော်မတီကနေ.. နှုတ်ထွက်ဖို့ဖိအားပေး.. ပါတီကလည်း.. လာမဲ့ရွေးကောက်ပွဲကနေထွက်ဖို့ဖိအားပေးတယ် မြင်ရပါတယ်..
ဘာရယ်မဟုတ်..
ယူအက်စ်.. ကွန်ဂရက်က… လုပ်ပုံလေးတွေ.. လေ့လာကြည့်နိုင်အောင်ပါ…။
pooch
August 22, 2012 at 12:24 am
လူအများက ထောက်ခံတိုင်း ဒီမိုကရေစီဆိုတာ မဟုတ်တဲ့ အပြင်
ဒီမိုကရေစီ ဆိုတာကလည်း နောက်ဆုံးပန်းတိုင် မဟုတ်ဖူး ဆိုတဲ့ စကားလေးလည်း အမှတ်ရမိပါတယ်။
ပစ်ပစ်ချန်
August 22, 2012 at 11:54 am
အနော်လည်း ဒီမိုကရေစီနဲ့ပတ်သက်ပီး မသိတာတွေသိရအောင် စာအုပ်လေးတစ်အုပ်ဝယ်ဖတ်မိပါတယ်
လူထုစိန်ဝင်းရေးတဲ့ “ဒီမိုကရေစီသည် နောက်ဆုံးပန်းတိုင်မဟုတ်”ဆိုတဲ့ စာအုပ်လေး
ကလေးက လူကြီးစာတွေဖတ်သလိုဖြစ်နေလားမသိ
အနော်လည်း ဆောင်းပါးလေးတစ်ပုဒ်စ နှစ်ပုဒ်စပဲ ဖတ်ပီးသေးတယ်
ခုထိဆက်မဖတ်ဖြစ်သေးဘူး
အဲ့လို အဲ့လို….တော်ချက်က
pooch
August 22, 2012 at 6:39 pm
ဆရာကြီးစာတွေ ဆောင်းပါးတွေ ကအလင်းပြတဲ့စာတွေပါ။ စကားလုံးတိုင်းက အားတွေ အများကြီး စေတနာတွေ အများကြီး ။ ဆုံးသွားတာကို နှမြောလို့ မဆုံးဘူး။
ဒီမိုုကရေစီဆိုတာ နောက်ဆုံးပန်းတိုင်မဟုတ်ဆိုတဲ့ အကြောင်းကို ပြောသွားတဲ့ ဆရာကြီးရဲ့ အတွေးအခေါ်လိုမျိုး ခုနောက်ပိုင်း ရေးနိုင်တဲ့သူတွေ တွေးနိုင်တဲ့သူတွေ များများ ပေါ်လာပါစေ ဆုတောင်းမိတယ်။
ကြောင်ကြီး
August 22, 2012 at 8:01 am
ပြည်ထောင်စုအဆင့် တောင်းနေတာကို ငွေကြေး၊ ခံစားခွင့်နဲ့ ရောမချစေလိုပါဘူး။ လုပ်ပိုင်ခွင့် အာဏာတောင်းဆိုနေတာလို့ မြင်ပါတယ်။ ခုံရုံးဖက်ကနေ လွှတ်တော်ကော်မတီများရဲ့ တောင်းဆိုမှုကို တမင်ရှုပ်ထွေးအောင် နိုင်ငံရေးကစားကွက် ဆင်ခြေပေးထားပုံရတယ်။ လောလောလတ်လတ် ဖွဲ့ထားတဲ့ ရခိုင်အရေးကော်မရှင်ဆိုလည်း ပြည်ထောင်စုအဆင့်ဖြစ်ကြောင်း ဝံကျီးဦးသိန်းဌေးကနေ ကော်မရှင်လူဂျီးများကို ရှင်းလင်းတင်ပြတဲ့အထဲမှာ ပြောပါတယ်။ သူတို့ကို ပြည်ထောင်စုဝံကျီးအဆင့် အဆောင်အယောင်များ ပေးတယ်လို့ မကြားမိပါ။ လိုအပ်တဲ့ လုံခြုံရေး၊ ခရီးသွားလာခွင့်၊ ခေါ်ယူမေးမြန်းခွင့်များသာ ရကြတယ်လို့ ထင်ပါတယ်။ ပြသနာမကြီးထွားစေလိုလျင် လွှတ်တော်ကော်မတီများကို လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝ အပ်နှင်းရပါမယ်။ စေတနာရှိလျင် လွှတ်တော်၊ အစိုးရနဲ့ ခုံရုံးတို့အကြား အပေးအယူလုပ်လို့ မရနိုင်စရာ မရှိပါ။
maungmoenyo
August 22, 2012 at 10:14 am
လမ်းစဉ်ပါတီခေတ်(၂၆)နှစ် နဲ့ စစိအစိုးရခေတ် (၂၂)နှစ်တာကာလမှာ ပြည်သူတွေကိုမျက်စေ့ပိတ်နားပိတ်ပြီး၊ ဒီမိုကရေစီဆိုတာ မင်းတို့နဲ့ဘာမှမဆိုင်ဘူးဆိုပြီး လုပ်လာကြတဲ့သူတွေက၊ ခုချိန်မှာ ဒီမိုကရေစီစာကြီးပေကြီးစကားကြီးတွေပြောမဆုံးအောင်ဖြစ်နေကြတဲ့ခေတ်ရောက်နေပါပြီ။ လူထုနဲ့ အတိုက်အခံတွေကတောင်၊ ကိုယ်နားကိုယ်မယုံလောက်နိုင်စရာ ဘဝတွေရောက်နေကြရတယ်။
“ပြည်ထောင်စု” ဆိုတဲ့ စကားဟာ တကယ်တော့ စည်းလုံးညီညွတ်မှုအနှစ်သာရကိုထင်ပေါ်အောင်လုပ်ပေးထားတဲ့ unity ကိုပြတဲ့စကား။ ခုလိုချင်တာက ငွေကြေးခံစားခွင့်၊ အာဏာဆိုတာမဟုတ်ဘူးလို့ဆိုရင်ဘာကိုလိုချင်ကြသလဲဆိုတဲ့အချက်ကို စပ်စုချင်ပါတယ်။ ဒါပေမဲ့ အထင်အရှားတွေ့နေရတဲ့ကိစ္စက “အာဏာ” ဆိုတဲ့အခွင့်ထူးကြီးကို မက်မောကြသူတွေ၊ ခေတ်အဆက်ဆက်မှာ ရှိကြရာမှာ၊ ခုခေတ်နောက်ပိုင်းတွေမှာ ပိုလို့ဆိုးလာပါတယ်။
ပြည်သူ့အရေးအရာတွေကို ပုံစံဖေါ်ပေးတဲ့နေရာမှာရှိသူတွေက ဘာအာဏာရှိဘို့လိုလို့လဲ လို့မေးချင်ပါတယ်။
အတိသဉ္ဖာ နာဂရချစ်သူ
August 22, 2012 at 11:34 am
တရားဥပဒေနဲ ့ပတ်သက်လို ့အားမရနိုင်စရာအများကြီးပါ။စိတမလဲကုန်ပါတယ်ဗျာ။
nozomi
August 23, 2012 at 9:34 am
ဆရာမောင်ဝံသရဲ့ ပြည်သူ့ခေတ် ဖေ့ဘွတ်မှာ တင်ထားတာလေး ပြန်ကူးပေးလိုက်ပါတယ်
အခြေခံဥပဒေခုံရုံးကို စွပ်စွဲ ပြစ်တင်မယ့်ကိစ္စစဉ်းစဉ်းစဉ်းစားစားလုပ်ကြရင်ကောင်းမယ်ထင်ပါတယ်။ အမေရိကန်နိုင်ငံမှာ ၂၀၀ဝ ပြည့်နှစ်နောက်ပိုင်းမှာ တရားလွှတ်တော်ချုပ်က လွှတ်တော်ဥပဒေတွေကို အခြေခံဥပဒေနဲ့ မညီဘူးလို့ ဆုံးဖြတ်ခဲ့တဲ့အမှု တစ်ဒါဇင်ကျော်ရှိတဲ့အကြောင်း မိတ်ဆွေတစ်ယောက်က လှမ်းပြောတယ်။ တရားလွှတ်တော်ချုပ်က လွှတ်တော်ဥပဒေတွေကို အခြေခံဥပဒေနဲ့ မညီဘူးလို့ ဆုံးဖြတ်လိုက်ရင် လွှတ်တော်က နာခံခဲ့ပါတယ်။ အခုလို ကိစ္စက နိုင်ငံရဲ့ institution များအတွက် အတော်အန္တရာယ်ကြီးတယ်လို့ ထင်ပါတယ်လို့ မိတ်ဆွေက ပြောတော့ အစစ်ပေါ့ဗျာလို့ ပြောမိတယ်။ အခုတော့ စိတ်ပူမိလို့ သတင်းစာဆရာတစ်ယောက်အနေနဲ့ သဘောထားအမြင်ကို တင်ပြရင်း တားလို့ရရင် တားနိုင်ဖို့ ကြိုးစားတာပါ။ ဆန္ဒမစောကြပါနဲ့လို့ လွှတ်တော်ကိုယ်စားလှယ်ကြီးများကို ပန်ကြားချင်ပါတယ်။ ကျွန်တော့်မိတ်ဆွေက ဝန်ထမ်းကြီးတစ်ယောက်ဆိုတော့ ကျွန်တော့်လိုတော့ မိမိထင်မြင်ချက်ကို ပွင့်ပွင့်လင်းလင်း မပြောနိုင်ရှာဘူး။ သူပြောပုံလေးက စိတ်မကောင်းစရာ။ အင်္ဂလိပ်စကားမှာ Train Wreck symptom ဆိုတာရှိပါတယ်။ ရထားစီးခရီးသည်တွေ ရထားတိုက်တော့မှာ မြင်နေပေမယ့် ဘာမှလုပ်လို့မရတဲ့အဖြစ်ပေါ့ဗျာတဲ့။ ကျွန်တော်ကတော့ တိုက်မိတော့မယ့် ရထားနှစ်စင်းရှေ့ ခုန်ဝင်ပြီး မီးနီပြဖို့ ကြိုးစားကြည့်တာပေါ့ခင်ဗျာ။ သို့မဟုတ် ရှန်တိန်လုပ် ဖို့ ကြိုးစားကြည့်တာပေါ့ခင်ဗျာ။ ဒီကိစ္စမျိုးမှာ အသင့်တော်ဆုံးကတော့ အခြေခံဥပဒေကို ပြင်ဆင်ဖို့ပဲလို့ ထင်ပါတယ်။ စွပ်စွဲပြစ်တင်တယ်ဆိုတာ တိုင်းပြည်ကြီး ချောက်ထဲကျအောင်လုပ်တဲ့အမှုမျိုးအတွက်သာ ဖြစ်သင့်ပါတယ်။ အဖွဲ့တစ်ခုကို အဖွဲ့တစ်ခုက စွပ်စွဲပြစ်တင်၊ အရေးယူဖယ်ရှားတာမျိုးထက် ပြေပြေလည်လည် ညှိနှိုင်းဖြေရှင်းတဲ့ နည်းလမ်းကို ရွေးတာက တိုင်းပြည်အတွက် အစဉ်အလာကောင်းဖြစ်ပါလိမ့်မယ်။
ရထားတိုက်တော့မှာ မြင်နေပေမယ့် ဘာမှလုပ်လို့မရတဲ့အဖြစ်မျိုး တဲ့
ဖြစ်သွားပြီးရင်တော့ ဆုံးရှုံးမှုက ကြီးနိုင်ပါတယ် မတိုက်အောင် ရှောင်လွှဲလို့ ရတဲ့နည်းတွေရတာမို့ မတိုက်ကြပါနဲ့ ခင်ဗျာ