နိုင်ငံခြားရောက်နေသူ မြန်မာတစ်ဦးရဲ့ ရင်ဖွင့်သံ
ကျွန်မတစ်ယောက် အင်တာနက် စာမျက်နှာမှာ ဗဟုသုတတွေရှာဖွေရင်း အမှတ်မထင် အစ်ကိုကြီး တစ်ယောက်နဲ့ ခင်မင်ရင်းနှီးသွားခဲ့တာကြောင့် စကားစပ်မိရင်း အစ်ကိုကြီး(ကိုကြီး) နဲ့ အွန်လိုင်းမှာ အမေးအဖြေလေးတွေ မေးရင်းနဲ့ နိုင်ငံခြားရောက်နေသူတစ်ဦးရဲ့ အတွေ့အကြုံလေးတွေကို အများပြည်သူ သိအောင် တင်ပြပေးလိုက်ပါတယ်ရှင်။
မနောဖြူလေး။ ။ မင်္ဂလာပါ။ ကိုကြီးနဲ့ အခုလိုခင်မင်ခွင့်ရတာ အရမ်းကို ဝမ်းသာမိပါတယ်ရှင်။ ဒါနဲ့ ကိုကြီးက အခု ဘယ်နိုင်ငံမှာ အလုပ်လုပ်နေတာပါသလဲရှင်။
ကိုကြီး။ ။ ဟုတ်ကဲ့ မင်္ဂလာပါခင်ဗျာ။ ကျွန်တော် အခု လက်ရှိ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၊ အထည်စက်ရုံမှာ lab supervisor ရာထူးနဲ့ အလုပ်လုပ်နေပါတယ်ခင်ဗျာ။
မနောဖြူလေး။ ။ ကိုကြီးအနေနဲ့ပေါ့လေ ဘယ်လောက်ကြာကြာ မလေးရှားကို ရောက်နေပါသလဲရှင်။ ဘာကြောင့် နိုင်ငံခြားကို ထွက်ပြီး အလုပ်လုပ်တာပါသလဲရှင်။
ကိုကြီး။ ။ ဟုတ်ကဲ့ပါ။ ကျွန်တော်က ၁၉၉၁ခုနှစ်က နိုင်ငံခြားကို စပြီး ထွက်ခဲ့တာပါ။ ၁၉၈၈ ခုနှစ် အရေးအခင်းတွေပြီးတဲ့နောက် ကျောင်းတွေ ပိတ်ထားတဲ့အချိန်မှာ ဘာလုပ်ရမှန်း မသိဖြစ်နေခဲ့တာကြောင့် အဒေါ်တစ်ယောက်ရဲ့ တိုက်တွန်းချက်အရ မလေးရှားနိုင်ငံကို ထွက်ခွာဖို့ ဖြစ်လာခဲ့တယ်ဆိုပါတော့ဗျာ။
မနောဖြူလေး။ ။ ကိုကြီးအနေနဲ့ မြန်မာပြည်မှာတုန်းက ဘာတွေများလုပ်ခဲ့ဖူးပါသေးလဲရှင်။
ကိုကြီး ။ ။ ကျွန်တော်က ၁ဝတန်းအောင်ပြီးတဲ့နောက် ကူး/သန်းကျောင်းမှာ လက်နှိပ်စက် သင်တန်းတက်ခဲ့ပြီး၊ပြည်သူ့ပုလဲနဲ့ ငါးမှာ လက်နှိပ်စက်စာရေးဘဝ(ပုတ်ပြတ်လစာ-၁၈ဝကျပ်)နဲ့ အလုပ်လုပ်ရင်း လုပ်သားကောလိပ်၊ ရူပဗေဒ ဘာသာရပ်ကို ပညာသင်ဆည်းပူးခဲ့ပါတယ်။ နောက်တစ်ခါ ဒုတိယနှစ်အောင်ပြီးတဲ့နောက် ဂျီတီအိုင်ဝင်ခွင့်ဖြေတာ ပါသွားလို့ အလုပ်ထွက်ပြီး ဂျီတီအိုင်ကို ပြောင်းတက်ခဲ့ပါတယ်။ ဂျီတီအိုင် ဒုတိယနှစ်တက်နေစဉ်မှာ ၁၉၈၈ ခုနှစ်၊ အရေးအခင်းဖြစ်ခဲ့တာကြောင့် ကျောင်းတွေပိတ်လို့ ကူး/သန်းကျောင်းမှာ လက်နှိပ်စက်နည်းပြ ဆရာ ခေတ္တပြန်ဝင်လုပ်ရင်း နောက်ဆုံးတော့ မလေးရှားကို ထွက်လာခဲ့တယ်ဆိုပါတော့။ ဒါတွေပြန်ပြောပြနေတာကလည်း အကြောင်းအမျိုးမျိုုးကြောင့် ကျွန်တော်အပါအဝင် ပညာမစုံခင် နိုင်ငံရပ်ခြားရောက်ခဲ့ရသူတွေ အများကြီးမို့ တိုင်းပြည်အတွင်းမှာ လူသားအရင်းအမြစ်အင်အားတွေနည်းသွားတာရယ်၊ ပညာတတ်လူငယ်တွေ ပြင်ပရောက်နေတာကို တင်ပြချင်တာကြောင့်ပါ။ ကြွားဝါနေတာ မဟုတ်ပါဘူး။
မနောဖြူလေး။ ။ ဟုတ်ကဲ့ပါရှင်။ မလေးရှားကို သွားတာ အဆင်ပြေရဲ့လားရှင်။
ကိုကြီး။ ။ ဟုတ်ကဲ့ အရင်တုန်းကတော့ မလေးရှားကို တိုက်ရိုက်သွားလို့ မရဘူးလေ ၊ထိုင်းနိုင်ငံမှ တဆင့် သွားရတာပေါ့။ အားလပ်တဲ့အခါ ညီမလေးကို ထိုင်းနိုင်ငံ အတွေ့အကြုံ၊ မလေးရှား အဝင် အတွေ့အကြုံတွေကို ဆက်လက်ပြီး ဖြေကြားပေးပါဦးမယ်။
မနောဖြူလေး။ ။ ဟုတ်ကဲ့ပါရှင်။ မလေးရှားကို အခုအခါမှာ မြန်မာပြည်က သူတွေ အတော်များများ သွားကြတာ တွေ့ရပါတယ်ရှင်။ အားလုံး အဆင်ပြေကြပါသလား။
ကိုကြီး။ ။ ဘယ်လိုပြောရမလဲခင်ဗျာ။ ကံတရားပေါ့နော်။ မြန်မာပြည်မှာရှိကြတဲ့သူတွေလိုပေါ့နော် အဆင်ပြေတဲ့သူရှိသလို မပြေတဲ့သူလဲရှိကြတာပေါ့ဗျာ။အားလုံး နိုင်ငံခြားသွားတို်င်း အဆင်ပြေတယ်လို့ ပြောလို့မှ မရပဲလေ ညီမလေး။
မနောဖြူလေး။ ။ မလေးရှားကို မိန်းကလေးတွေပါ သွားတာ တွေ့ရတယ်။ ကိုကြီး အမြင်ကို ပြောပြပေးပါဦး။
ကိုကြီး။ ။ အင်း မလေးရှားကို မိန်းကလေးတွေ လာတာတော့ သိပ်ပြီး မကြိုက်လှဘူးပေါ့။ အထူးသဖြင့် အပျိုလေးတွေပေါ့နော်။ အိမ်ထောင်သည်တွေ(အမျိုးသားရှိလို့ ခေါ်တဲ့သူ)၊ဆွေမျိုးသားချင်းရှိလို့ခေါ်တဲ့သူ၊ အမှီအခိုရှိလို့လာတဲ့သူတွေကိုတော့ မပြောလိုပါဘူး ညီမလေး။ ဘာဖြစ်လို့လဲဆိုတော့ အပျိုဆိုရင် ဘယ်သူမှ အားကိုး မရှိလို့ ဒုက္ခရောက်ရတာတွေ၊ အားကိုးစရာ မရှိလို့ ယောက်ျားရသွားတာတွေ၊ ပျက်စီးသွားသူတွေ၊ အေးဂျင့်မကောင်းလို့ သောကတွေများတဲ့သူတွေ တွေ့ရလို့ ပြောတာပါ ညီမလေး။ ရယ်စရာ ပြောမယ်။ အပျိုကြီးတွေ၊ ရုပ်ဆိုးတဲ့သူတွေ မလေးရှားကို လာရင် ယောက်ျားရဖို့ ရာနှုန်းပြည့်ပဲ ညီမလေး။ဘာလို့လဲဆိုတော့ ကူညီပါရစေဆိုတဲ့ ဆောင်ပုဒ် ဆွဲကိုင်ထားတဲ့ မိန်းကလေး ငတ်နေတဲ့ မြန်မာအမျိုးသားတွေက မဗေဒါက တစ်ပင်တည်း ဘဲတွေက တစ်ထောင်မကဘူးဆိုသလိုပေ့ါလေ။ ချင်ချင်တူးတူး ချစ်မှာပဲဆိုတဲ့ အစ်ကို ကာလသားတွေက ခပ်များများ မဟုတ်လား ညီမလေး။
မနောဖြူလေး။ ။ လူငယ်တွေအနေနဲ့ မလေးရှားမှာ ကိုကြီး တွေ့မြင်ရမှုအပေါ် ထင်မြင်ချက်လေး ပေးပါဦး။
ကိုကြီး။ ။ မြန်မာလူငယ်အများစုက မြန်မာပြည်မှာ ဝိသမ စီးပွားရေးကြောင့် အရက်စွဲလာတဲ့ လူငယ်အတော်များများ မလေးရှားကို ရောက်လာတာ တွေ့ရတယ်လေ။ ကွမ်းယာ၊ဆေးလိပ်၊အရက်၊ဘီယာ အကုန်(မြန်မာပြည်က ပစ္စည်း)တွေကို မြန်မာဆိုင်တွေက အလွယ်တကူ ဝယ်ယူစားသုံးလို့ရနေတော့ ကွာလာလမ်ပူမြို့လယ်မှာ ကွမ်းတွံတွေးတွေ နေရာ အတော်များများတွေ့ရတာကြောင့် မြန်မာပြည်အလား ထင်မှတ်မှားမိပါတယ် ညီမလေး။ ကွာလာလမ်ပူမြို့လယ်ခေါင်က မြန်မာပြည် ရန်ကုန်မြို့ သေးသေးလေးသဖွယ် မြန်မာစာတမ်းထိုး မြန်မာဆိုင်တွေက နေရာယူနေကြတယ်။ အရင်တုန်းက မြန်မာဆိုတာ မြင်ဖို့ မလွယ်တဲ့အချိန်ကနေ အခုလို ခလုတ်တိုက်ရင် မကြည့်နဲ့ မြန်မာတွေပဲ။ တစ်ခုပြောချင်တာက မြန်မာပြည်မှာ ပုဆိုးဝတ်တာ၊ မန္တလေး ဖိနပ်စီးတာ မပြောလိုပေမယ့် မလေးရှားမှာ တစ်ချို့က မြန်မာပြည်အလား ပုဆိုးဝတ်၊ မန္တလေး ဖိနပ်စီးတာတွေဟာ မလေးရှားနိုင်ငံမှာ သူတို့နိုင်ငံကို လာပြီး အလုပ်လုပ်တာ မကြိုက်တဲ့သူတွေအတွက် မျက်စိ ဆံပင်မွှေး စူးချင်စရာ ဆင်ခြင်သင့်ပါတယ်။
မနောဖြူလေး။ ။အစားအသောက် အနေအထိုင်ကကောရှင်။
ကိုကြီး။ ။ အင်း အရှေ့တောင်အာရှ နိုင်ငံသားဖြစ်တဲ့ မလေးရှားနိုင်ငံသားတွေဟာ မြန်မာတွေနဲ့ အတော် နည်းစပ်တူတာမို့ အချက်အပြုတ်က အစပ်တွေ၊ ငပိတွေ သုံးကြတာကြောင့် မြန်မာနိုင်ငံသားတွေနဲ့ သဟဇာတဖြစ်ပါတယ်။ တရုတ်အစားအသောက်တွေကလည်း မြန်မာပြည်သားတွေအတွက် မစိမ်းဘူးလေ။ အဆင်ပြေကြပါတယ်။ နေထိုင်တာကလည်း စက်ရုံက ပေးတဲ့ အိမ်ဆိုတော့ စင်္ကာပူလို အိမ်ငှားနေရတဲ့ အခက်အခဲ မရှိဘူးပေါ့။
မနောဖြူလေး။ ။ မလေးရှားနိုင်ငံနဲ့ မြန်မာပြည် ကွာဟမှုလေးတွေ ပြောပေးပါဦး။
ကိုကြီး။ ။ မလေးရှားနိုင်ငံဟာ မြန်မာပြည်ထက် (၁၀) နှစ်နီးပါး နောက်ကျပြီး ဦးသန့်(ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ၁၉၆၁ မှ ၁၉၇၁ အထိ) တာဝန်ထမ်းဆောင်ခဲ့သူ မြန်မာ့အထင်ကရ ပုဂ္ဂိုလ်ကြီးကြောင့် လွတ်လပ်ရေးကို ၁၉၅ရ မှာ ရခဲ့ပါတယ်။ ဦးသန့်ကို ဂုဏ်ပြုတဲ့အနေနဲ့ မြန်မာ သံရုံး အခု တည်ရှိနေတဲ့နေရာမှာ jalan U Thant (ဂျလန်ယူသန့်) လို့ခေါ်ပါတယ်။ သူတို့က ယူကို ဦးလို့ မြန်မာတွေလို မဖတ်ပါဘူး။ အဲဒါကြောင့်ပါ။
မနောဖြူလေး။ ။ခရီးသွားလာမှုကကော အဆင်ပြေပါရဲ့လားရှင်။
ကိုကြီး။ ။သူတို့ဆီက လမ်းပန်းဆက်သွယ်ရေးကို ဦးစားပေးပါတယ်။ ကားတွေ၊ ရထားတွေကို သေချာ ကောင်းကောင်း စီစဉ်မှုတွေ ပေးပါတယ်။ ကျွန်တော်နေတဲ့နေရာကနေ ရထားနဲ့ မြို့လယ်ကိုသွားရင် ၁ဝ မိနစ်ပဲကြာတယ်လေ။ ဈေးသက်သာတယ်။ မြန်တယ်ပေါ့။ ကျွန်တော်အကြိုက်ဆုံးက သူတို့ဆီက မြို့ပတ်ရထားတွေဟာ မြန်မာပြည်က မန္တလေး၊ ရန်ကုန်ရထားတွေထက်တောင် သာလွန်ကောင်းမွန်နေတာတွေ့ရပါတယ်။ တရုတ်နိုင်ငံက အစီးရေ (၃၈) စင်း မှာယူထားပြီး အခုပြေးနေတဲ့ ခြောက်စီးတွဲ ရထားဟာ တော်တော်လေး ကောင်းမွန်တာ တွေ့ရပါတယ်။ မြန်မာပြည်မှာလည်း စင်္ကာပူနိုင်ငံက ကူညီပြီး လုပ်ပေးမယ်လို့ သိရတဲ့အတွက် ဝမ်းသာမိပါတယ်။ မြန်မာပြည်ကြီး အလျင်အမြန်တိုးတက်တာ တွေ့ချင်ပါတယ်ခင်ဗျာ။ စေတနာပါ။ မြန်မာလူမျိုး မြန်မာပြည်ကို ချစ်ပါတယ်ဗျာ။
ယ္ခုဆိုရင် ထိုင်း၊ စင်္ကာပူ၊ မလေးရှား သုံးနိုင်ငံဟာ တော်တော်လေး တိုးတက်နေတာကို ကျွန်တော် ကိုယ်တိုင် ရောက်ခဲ့ဖူးလို့ သိပါတယ်ခင်ဗျာ။
မနောဖြူလေး။ ။ကိုကြီးအနေနဲ့ ဘာလို့ နှစ်အကြာကြီးနေတာလဲ၊ ဘာကြောင့် ပြန်လာချင်စိတ် မရှိသေးတာလဲ သိခွင့်ရှိရင် ဖြေကြားပေးပါလား။
ကိုကြီး။ ။ကျွန်တော့် အနေနဲ့ မြန်မာပြည်ကို အပြီးပြန်လာချင်ပါတယ်။ မြန်မာပြည်ကြီး တိုးတက်ပြီး မြန်မာပြည်သားတွေ မြန်မာပြည်မှာ စည်းစည်းလုံးလုံး အေးအတူပူအမျှ နေထိုင်တာကို မြင်ချင်ပါတယ်။ ပထမ အချက်က ပြန်မလာဖြစ်သေးတာပေါ့နော်။ စီးပွားရေး အခြေအနေပါ။ ကျွန်တော်တစ်ယောက် ဒီမှာရှိနေတာ ကျွန်တော့် မိဘ မောင်နှမတွေ၊ မိန်းမနဲ့ သားအတွက် ထောက်ပံ့ပေးနိုင်တာက အဓိကပါ။ မြန်မာပြည်မှာ ဘယ်လို ထောက်ပံ့နိုင်မလဲ။ ဒုတိယအချက်က မြန်မာပြည်ပြန်ရင် ဘာလုပ်မလဲ ဆိုတဲ့အချက်ပါ။ မြန်မာပြည် ပြန်သွားတဲ့ သူငယ်ချင်းတွေ မလုပ်တတ် မကိုင်တတ်နဲ့ မလေးရှားလောက် ဝင်ငွေမရလို့၊ ပြန်ပြီး မလေးရှားကို လာပြန်အလုပ်လုပ်နေတာတွေ့ရတော့ ငါ ဘာလုပ်ရမလဲဆိုတဲ့ အတွေးကြောင့် မပြန်ဖြစ်သေးတာပါ။ တတိယအချက်ကတော့ မြန်မာပြည်မှာ အလုပ်အကိုင်ကောင်းတွေ ပွင့်လာတဲ့အချိန်ကို စောင့်နေတာပါခင်ဗျာ။ မြန်မာပြည်အခြေအနေ ကောင်းလာရင် အားလုံးနီးပါး ပြန်လာကြမယ်လို့ ကျွန်တော် အာမခံရဲပါတယ်။ အဲဒါကြောင့် မြန်မာပြည်မှာ တာဝန်ထမ်းဆောင်နေတဲ့ အစိုးရကို ပြောချင်တာကတော့ မြန်မာနိုင်ငံသားတွေဟာ မြန်မာပြည်ကို ချစ်ပါတယ်။ မြန်မာပြည်ကြီးကို ပြန်လာချင်နေပြီမို့ ကိုယ်ကျိုးမဖက်ပဲ တိုင်းပြည်အတွက် ကြိုးစား အကောင်အထည်ဖော်ပေးကြပါလို့ တိုက်တွန်းချင်ပါတယ်ခင်ဗျာ။
မနောဖြူလေး။ ။ကိုကြီးအနေနဲ့ မြန်မာပြည်နဲ့ပတ်သက်ပြီး ဘယ်လို အကြံဉာဏ်တွေ ပေးချင်ပါသလဲရှင်။
ကိုကြီး။ ။ ကျွန်တော်ပြောချင်တာကတော့ တိုင်းပြည်တိုးတက်အောင်လုပ်တာကို အားပေးပါတယ်။ စီးပွားရေးဈေးကွက် ဖွင့်ပေးတာကို အကောင်းမြင်ပါတယ်။ ဒါပေမဲ့ ကိုယ့်နိုင်ငံသားတွေကိုဖိနှိပ်ပြီး လုပ်ခ အရမ်းနှိမ်တာမျိုးတွေကို အလုပ်သမား ဥပဒေတွေ ပြဌာန်းပြီး လစာကို တစ်ခြားနိုင်ငံတွေနဲ့ တန်းတူနီးပါးရအောင် လုပ်ပေးစေချင်ပါတယ်။ ထိုင်းနိုင်ငံလို ငွေအတွက်နဲ့ ကိုယ့်နိုင်ငံကြီး ဗိုလ်ချုပ်အောင်ဆန်းပြောသလို ဖာနိုင်ငံကြီး မဖြစ်အောင်တော့ အမျိူးသမီးလေးတွေကို ညီမလေးတို့ စာရေးဆရာမလေးတွေက အသိပညာတွေပေးဖို့ တိုက်တွန်းချင်ပါတယ်။ ကိုကြီးပြောချင်တာက အများကြီးပါ။ နောက်တစ်ခါ ထပ်ပြီး မေးတဲ့အခါ ဖြေကြားပေးဖို့ အသင့်ပါခင်ဗျာ။ မြန်မာပြည်သူ/ပြည်သား အပေါင်း ကျန်းမာ၊ချမ်းသာပြီး လိုအင်ဆန္ဒတွေ ပြည့်ဝနိုင်ကြပါစေခင်ဗျာ။ ကျေးဇူးတင်ရင်း ထပ်ပြီး ပြောချင်တာကတော့ ပြန်လာချင်ပြီဆိုတာပါပဲခင်ဗျာ။
မနောဖြူလေး။ ။ ဟုတ်ကဲ့ ခုလို သေချာရှင်းပြပေးတဲ့အတွက် မြန်မာပြည်သူပြည်သားအားလုံးကိုယ်စား မနောကလည်း ကျေးဇူးတင်ပါတယ်ရှင်။
11 comments
YE YINT HLAING
August 24, 2012 at 8:24 pm
ဖတ်သွားပါတယ် မမနောရေ !
garuda
August 24, 2012 at 10:20 pm
မေးခွန်းတွေကတော့ မြဝတီ အသံလွှင့်ဌာနက reporter မလေး မေးထားတာလားအောက်မေ့ရတယ် း) ။နောက်တာပါ။ ကျေးှဇူးပါ။
Foreign Resident
August 25, 2012 at 2:27 am
” အပျိုကြီးတွေ မလေးရှားကို လာရင် ယောက်ျားရဖို့ ရာနှုန်းပြည့်ပဲ ညီမလေး ၊
မဗေဒါက တစ်ပင်တည်း ဘဲတွေက တစ်ထောင်မကဘူး ဆိုသလိုပေ့ါလေ ”
ဟဲ ဟဲ ၊ အပျိုကြီးတွေ အားမငယ်နှင့် မလေးရှား ရှိသေးတယ် ။
ရွာသူတွေရေ ၊ သွားကြဦးမလား ၊ မလေးရှား ကိုလေ ။
ဟီ ဟိ ၊ ဝိုင်း ဆဲတာ ခံရတော့မှာပဲ ။
လစ်ပြီ ၊ ဒက်ဂလောက် ၊ ဒက်ဂလောက် ။
manawphyulay
August 25, 2012 at 9:55 am
အမယ်လေး အဘဖောရယ်… မလေးရှားသွားမှ ယောက်ျားရမယ်ဆိုတဲ့ပုံစံလာပြောနေတယ်။ အပျိုကြီးတွေက မလိုချင်လို့ မယူကြတာဆိုတာ အဘဖောတစ်ယောက်မသိဘူးထင်တယ်။ မလေးရှားသွားမှမဟုတ်ဘူး။ မလိုချင်လို့ကို မယူကြတာ အဲဒါသဘောပေါက် ဟွန်း..(အပျိုကြီးတွေဘက်မှ မကျေနပ်သည့်လေသံဖြင့်) 😛
Foreign Resident
August 25, 2012 at 2:30 pm
ဟဲ ဟဲ ။
မခံနိုင်သူ တစ်ယောက်တော့ ပေါ်လာပြီ ။
မနောလေးက အပျိုကြီး လားကွယ့် ။
နို့ ၊ အဘမှ မသိရတာကွယ် ၊ ဆောဒီးနော် ။
အဘက မနောလေးကို ရုပ်ရည်ကို ခန့်မှန်းပြီး ၊
အပျိုပေါက်လေးလို့ပဲ ထင်နေတာကွယ့် ။
ဟဲ ဟဲ ။ 😛
ကြောင်ကြီး
August 25, 2012 at 10:23 am
မလေးရှား
အသွေးသား
သူဌေးကုလား
ပလေးသွား
ဟရေးအဘား
ခလေးဖွား
သလေးစပါး
ဆွေးတအား..။
nigimi77
August 25, 2012 at 4:08 pm
ကျုပ်မှာ အဒေါ် အပျိုကြီး ၂ ယောက်ရှိတယ်
၁ ယောက်ကတော့ သေသွားပြီ
၁ ယောက်ကတော့ အိမ်မှာပဲ သက်သတ်လွတ် ကြက်ဥ စားပြီး
ရာသက်ပန် သီလရှင် ဝတ်နေတယ် ။
အရင်က လူမှု ့ဝန်ထမ်း ဦးစီးဋ္ဌာနက ခပ်ကြီးကြီးပေါ့ ။
သေသွားတဲ့ တယောက်က အိနိ္ဒယမှာ ၁ဝ နှစ်ကျော် တိုင်းရင်းဆေးပညာ
သင်ကြားပြီး သိမ်ဖြူ ဆေးရုံမှာ ဆေးရုံအုပ် လုပ်ခဲ့တယ် ။
နောက်တော့ Unicef မှာ အကြံပေးအရာရှိလုပ်တယ် ။
သေချာတာ တခုက သူတို ့ ၂ ယောက်လုံး လင်လိုချင်လိုက်တာမှ တပိုင်းကိုသေရော ။
ပညာကလည်း တတ် အသပြာကလည်းရှိ ညဏ်ရည်လည်း ထက်မြက်တော့
တော်ရုံ ယောကျာ်းနဲ ့ အစပ်အဟပ်မတဲ့ ရွေးရင်း ရွေးရင်းနဲ ့ပဲ
အရွယ်လွန် သွေးဆုံးပြီး နိဋ္ဌိတံ ကုန်ကြတာ ။
ကျုပ်က သူတို ့တွေနဲ ့ ငယ်ငယ်လေးထဲက အတူနေတော့ အပျိုကြီးတွေ အကြောင်း
ကောင်းကောင်းသိတယ် ။ သူတို ့တွေက သိက္ခာထိမ်းပြီးတော့ ဘေးပါတ်ဝန်းကျင်
ဆွေမျိုးအသိုင်းအဝိုင်း ဖိအားကြောင့် လင်မယူကြပေမဲ့ အပျိုကြီးများ လင်လိုချင်ချက်က
နသိုးကြိုးပြတ်ပါ ။
Liquid_Sn@ke
August 25, 2012 at 5:53 pm
ဗရာကြော်
မိုးတိမ်
August 26, 2012 at 12:21 am
ဂေါ်ရခါးသီးကြော်
kai
August 26, 2012 at 2:24 am
ဒီလိုအဖြစ်.. ဖြစ်သူတွေက.. အင်မတန်သနားစရာကောင်းပါတယ်..
လူဦးရေတိုးတက်မှုနည်း.. ပညာတတ်မျိုးဆက်ပြတ်နဲ့.. တိုင်းပြည်အတွက်လည်း နစ်နာတယ်..
မြန်မာတွေရဲ့.. ရှေးစွန်းစွဲအတွေးအခေါ်..ယဉ်ကျေးမှုက.. အဲဒီလိုဘဝတွေ.. သောင်းသိန်းသန်းချီဖြစ်စေခဲ့တာပါ..
အစွန်းလွတ်ကြစေသတည်း….
( အစွန်းလွတ်ဆိုလို့.. လစ်ဘရယ်ဘယ်စွန်းရောက်ပြီး.. ရှိသမျှယောက်ျား.. ငါ့လင်ဟေ့.. ဆိုပြီး လိုက်လုပ်ခိုင်းနေတာမဟုတ်.. အဖြူနဲ့အမဲကြား.. အရောင်မျိုးစုံ ထည့်လို့ရတယ်လို့… သိစေချင်ပါကြောင်း..)
ကိုသင်း
August 25, 2012 at 11:51 pm
တစ်ခါက တက်ကသိုလ်မှာ စာချိ ုးတစ်ခုရှိတယ်
ဂေါ်မစွံတွေအတွက်တဲ့ ဘာလဲဆိုတော့
“မစွံ တောင်တက်၊
မတက် လှေလှော်၊
မရနောက်ဆုံး အ သုံးလုံး”. တဲ့
အခုတော့…..ပြင်လိုက်မယ် မနောရေ
“မရ ရင်သွား မလေးရှား” လို ့၊ OK ရဲ့လား