ကျွန်တော့်အိမ်ကလေး ကျွန်တော့်ဆီက ပြေးသွားကတည်းက
“ကျွန်တော့်အိမ်ကလေး ကျွန်တော့်ဆီက ပြေးသွားကတည်းက”
ကျွန်တော့်အိမ်အစစ်မဟုတ်တော့
ကျွန်တော်က မချစ်ဘူး
အဖေရယ် ၊ အမေရယ် ၊ ညီလေးရယ် ၊ ကျွန်တော်ရယ်
နောက်ပြီး …… ကျွန်တော်တို့အိမ်ကလေးရယ်
ဟင့်အင်း ကျွန်တော်မရယ်နိုင်ဘူး
ကျွန်တော့်အိမ်ခေါင်မိုးပေါ်ကကြယ်နဲ့
အခုမြင်နေရတဲ့ကြယ် ….. ဘာလို့မတုူတာလဲ
အဖေ . . အမေ . . . ကျွန်တော် . . . . ညီလေး
တစ်ယောက်နဲ့တစ်ယောက် ဝေးနေသလိုပဲ
ကျွန်တော့်အိမ်ကလေးရေ …..
ကျွန်တော်အခု အိမ်ပြေးဖြစ်နေတယ်
အိပ်မက်ဆိုးတွေမက်တိုင်း
ကျွန်တော် တရေးလန့်နိုးတိုင်း
ကျွန်တော့်ကိုယ်ပေါ်က ဇောချွေးတွေဟာ
ကျွန်တော့်အိမ်ကလေးရဲ့မျက်ရည်ပဲ …. သေချာတယ်
အလွမ်းဟာ နာ ကျင် စေး ကပ်
စိတ္တဇစွဲလမ်းခြင်းက ကျွန်တော့်ကိုသတ်တယ်
အိမ်ကလေးရေ …..
ကျွန်တော့်အရိပ်ကို
စိတ်ရောင်စုံနဲ့လာလာပိတ်ကြတဲ့အိမ်ကြီးထဲကနေ
ကျွန်တော်တို့မိသားစုအိမ်ကလေးကို သတိရ
ကျွန်တော် မျက်ရည်ကျတယ်
အိမ်ကလေးမရှိတဲ့အရပ်က
သက်တန့်တွေကိုတောင် ကျွန်တော်မချစ်ဘူး
ကျွန်တော့်မှာ ကိုယ်ပိုင်ဧည့်ခန်းမရှိတော့ဘူး
ကိုယ်ပိုင်အိပ်ခန်းမရှိတော့ဘူး
လက်ညှိုးထိုးပြစရာနေရာလေးတစ်ခုပျောက်ဆုံး
ကျွန်တော့်ကိုယ်ကျွန်တော်လည်းမုန်းတယ်
အခု …
ကျွန်တော့်အိမ်ကလေးရဲ့ ဝရန်တာကနေ
ကျွန်တော်ဘယ်ကိုမှ မခွာတော့ဘူး
ကျွန်တော့်အိမ်ကလေး
ကျွန်တော့်ဆီက …. ထွက်ပြေးသွားကတည်းက ။
သူရဿဝါ
ဇူလိုင် ၈ ရက် ၊ ၂၀၁ဝ ခုနှစ်