“ရွှေ့လို့ရွေ့…..ရွေ့တော့ရွှေ့”
“ရွှေ့လို့ရွေ့…..ရွေ့တော့ရွှေ့”
ဒီဖက်ခေတ်ထဲမှာ အရွှေ့အပြောင်းများသထက်များလာသလိုပါဘဲ။
သချိုင်းတွေရွှေ့တယ်။
ဆိုင်တွေရွှေ့တယ်။
ဈေးရွှေ့တယ်။
အိမ်တွေရွှေ့တယ်။
ရွာတွေရွှေ့တယ်။
လယ်တွေရွှေ့တယ်။
လူတွေရွှေ့တယ်။
သစ်ပင်တွေရွှေ့တယ်။
လှည်းနေလှေအောင်းမြင်းဇောင်းမကျန် တောရောမြို့ပါ။
နိုင်ငံအဝှမ်းမှာအရွှေ့ပေါင်းစုံ ကိုတွေ့နေမြင်နေကြားနေရပါတယ်။
ကျနော်တို့ငယ်စဉ်ဘဝကတော့ ရွှေ့တယ်ပြောင်းတယ်ဆိုတာမရှိသလောက်။
ကျနော်ကြီးပြင်းခဲ့တဲ့အရပ်မှာနှစ်ပေါင်းများစွာအပြောင်းအရွှေ့မရှိဘဲနေခဲ့ကြတဲ့
အိမ်နီးနားခြင်းမိသားစုအချင်းချင်းမှာ ဆွေမျိုးရင်းခြာပမာ.။
အိမ်ပိုင်ဖြစ်ဖြစ်အိမ်ငှားဖြစ်ဖြစ် တစ်နေရာထဲမှာအကြာကြီးနေခဲ့ကြတာပါ။
ပြောင်းဟယ်ရွှေ့ဟယ်ဆိုတာမှာ အစိုးရဝန်ထမ်းတွေမှာသာတစ်နေရာကတစ်နေရာ
ပြောင်းပြီး တာဝန်ထမ်းဆောင်ရတာကို တွေ့ရပါတယ်။
ဟိုအရင်ကလူဦးရေကနည်းနည်းလေး။
အခုတော့ထပ်ညွှန်းကိန်းလိုပေါက်ဖွားလာတဲ့လူဦးရေကြောင့် နေစရာထိုင်စရာက ကျပ်တည်းကျဉ်းမြောင်း။
လုပ်ကိုင်စားစရာနေရာကလဲ မရှိသလောက်။
အဲတော့ရှိတဲ့နေရာကို အထပ်အမြင့်တွေဆောက်လို့ နေစရာကိုဖြေရှင်းကြပါတယ်။
မြို့ကလူဦးရေ တိုးသထက်တိုးလာတဲ့အခါ မြို့ကို မြေလွတ်မြေရိုင်းရှိတဲ့ဘက်ကို ထပ်ချဲ့
မြိုသစ်တွေထပ်တည်လုပ်ရပါတယ်။
အဲတော့အရင်က ဆင်ခြေဖုံးဆိုတဲ့အရပ်တွေက အလိုလိုနေရင်းမြို့လည်ခေါင်လိုဖြစ်လာပါတယ်။
အဲဒီမှာ ပထမဆုံး အနှောင့်အယှက်ဖြစ်လာတာက မရှိမဖြစ်သချိုင်းတွေပါဘဲ။
အရင်ကတော့ သချိုင်းမြေနဲ့ဝေးအောင်နေကြပါတယ်။
အခုတော့သချိုင်းမြေဆိုရင်ဘာဖြစ်ညာဖြစ်ဆိုတာကိုမေ့ဖျောက်လို့ သချိုင်းမြေပါတ်ပါတ်လည်မှာလူနေအိမ်ခြေတွေ ဆောက်ပြီးနေကြပါတော့တယ်။
တစ်ချို့ကလည်း အသုံးမပြုတော့တဲ့ သချိုင်းဟောင်းတွေမှာဝင်နေကြပါတယ်။
အစကတော့သချိုင်းတွေက မြို့ဆင်ခြေဖုံးမှာ။
နောက်တော့ မြို့ဧရိယာက ကျယ်သထက်ကျယ်လာတဲ့အခါ သချိုင်းတွေကမြို့လည်ခေါင်မှာ ရောက်ကုန်ပါတယ်။
အဲဒီမှာကျန်းမာရေးနဲ့မညီညွတ်ဘူးဆိုတာကို အကြောင်းပြလို့ သချိုင်းတွေကိုအရင်ဆုံးစရွှေပါတော့တယ်။
စည်ပင်သာယာက ကြေငြာရတာပေါ့။
“သချိုင်းဖျက်သိမ်းမယ် မိဘဘိုးဘွားရဲ့ ဂူတွေကိုရွှေ့ချင်ရင်ရွှေ့လို့ရတယ်”ပေါ့။
အဲဒီအခါ ရွှေ့သူရွှေ့ မရွှေ့သူ မရွှေ့ပေါ့။
မရွှေ့သူတွေကိုတော့ စည်ပင်သာယာကဘဲတာဝန်ယူရွှေ့ပေးရတာပေါ့။
ကျနော်တို့မန်းလေးမြို့မှာ ဟိုးအရင်ကဆိုရင် မြို့အဝင်တွေမှ သချိုုင်းတွေနဲ့ပိတ်ထားတာပါ။
မြိုအနောက်ဘက်အဆုံးမှာ တံတားကျိုးသချိုင်း၊မြောက်ဘက်မှာတော့အိုးဘိုသချိိုင်း
တောင်ဘက်အဝင်ဝမှာ ဆင်ဖြူကန်သချိုင်း ၊
အရှေ့ဘက်အဝင်ဆိုရင် ဝါခင်းကုန်းနားကနေသချိုင်းတွေစလာလိုက်တာ
72လမ်းလောက်မှာမှ သချိုင်းဆုံးပါတယ်။
ဗမာသချုိုင်း တရုတ်သချိုင်းကုလားသချိုင်းခရစ်ယာန်သချိုင်းဘာသာပေါင်းစုံသချိုင်းတန်းကိုစီနေတာပါဘဲ။
အရင်ကတော့ ဒီနေရာတွေက ညဆို မဖြတ်ရဲလောက်အောင်မှောင်မှောင်မဲမဲ။
အခုတော့ ရုံးတွေအိမ်တွေဖြစ်လို့စည်စည်ကားကား။
အထင်ကရအနေနဲ့ပြောရရင် 86လမ်း22စီလမ်းမှာအရင်က ဆွေတော်မျိုုးတော်သချိုင်းတစ်ခု၊
မန်းလေးတက္ကသိုလ်နားမှာတစ်ခု အခုတော့စည်ကားတဲ့လူနေရပ်ကွက်အဖြစ်ပြောင်းသွား။
သူတို့နေတဲ့နေရာက အရင်တုံးက သချိုင်းဆိုတာ အခုခေတ်ကလေးတွေမသိတော့။
ဟိုးအရင်က မန်းလေးမှာလူဦးရေလဲမထူထပ်တော့ မြေလွတ်မြေရိုင်းတွေအများကြီး။
အဲတော့အနယ်နယ်အရပ်ရပ်ကပြောင်းလာတဲ့သူတွေအတွက် နေစရာမရှား။
နောက် ဆင်ခြေဖုံးရပ်ကွက်တွေမှာဆိုရင်လဲဘုန်းကြီးကျောင်းနံဘေးလွတ်တဲ့နေရာတဲထိုးနေပေါ့။
စိုက်တာပျိုးတာမရှိတဲ့လယ်ကွက်တွေ မြို့သစ်ဘက်က ဝယ်ထားပြီး လူမနေသေးတဲ့ အကွက်
တွေထဲမှာ ဝင်နေ အဆင်တွေပြေလို့ပါဘဲ။
နောက်တော့ ဘုန်းကြီးကျောင်းနားမှာ လူမနေရဘူးဆိုတော့ ရွှေ့။
မစိုက်မပျိုးတဲ့လယ်ကွက်တွေပေါ်မှာ တိုက်ခန်းဆောက်မယ်ဆိုတော့ရွှေ့။
မြေလွတ်မြေရိုင်းတွေက စီမံကိန်း ဝင်မြေတွေဖြစ်လာတော့ ရွှေ့။
အရင်က လူမနေပေမယ့် ပိုင်ရှင်ပြောင်းလိုက်တော့ ရွှေ့။
ရွှေ့ရင်းရွှေ့ရင်းကနေ မြန်မာဂျစ်ပဆီတွေက မြို့နဲ့ဝေးသထက်ဝေးရာကိုရောက်သွားပါတယ်။
ခက်တာက သူတို့ကို နေစရာအိမ်ခန်းပေးပြန်ရင်လဲရောင်းစား။
နောက်ထပ်လွတ်တဲ့နေရာထပ်ရှာပြန်နေ။
တစ်ခါ စည်ပင်သာယာက ဖယ်ခိုင်းပြီး ရွှေ့ခိုင်း။
အဲတော့ အရွေ့သံသရာပြန်လည်တာပါဘဲ။
မန္တလေးမြု့ိရဲ့အရွှေ့အကြီးဆုံးကတော့ 1981 ဆိုင်းတန်းမီးနဲ့1984ဦးကျားကြီးဝင်းမီးတို့ဘဲဖြစ်ပါတယ်။
ဒီမီးနှစ်မီးရဲ့အရွှေ့က ဘယ်လောက်ကြီးသလဲဆိုရင် အရင်တောခေါင်ခေါင် ပဲဖြူကုန်းကနေ မြို့သစ်တစ်ခု
တည်သွားနိုင်လောက်အောင်ကိုကြီးမားပါတယ်။
နောက်တော့ တစစ စည်ကားလာတဲ့မြို့သစ် ကို မြို့လည်ခေါင်မှာရပ်တည်ဘို့မစွမ်းတော့တဲ့မူရင်းမန္တလေးသား
တွေ ရွေ့လာပါတော့တယ်။
1988 နောက်ပိုင်းမှာတော့ ရွေ့တာကနေ ရွှေ့တယ်ဆုိုတဲ့အနေအထားတစ်ခုထိရောက်လာပါတော့တယ်။
မြို့ဟောင်းမှာလူသစ်တွေရွေ့လာပြီး မြို့သစ်မှာတော့ လူဟောင်းတွေရွှေ့ပေးလိုက်ရပါတယ်။
သက်ရှိလူတွေရွေ့တော့ သက်မဲ့ဈေးတွေလဲရွှေ့ရပြန်ပါတယ်။
ဟိုအရင်ခေတ်က စက်ပစ္စည်းဆိုတာအသစ်မဝင်ပါဘူး။
အဲတော့ကားပျက်တယ်ပြုတယ်ဆိုရင် ကားပစ္စည်းအဟောင်းတွေရောင်းကြဝယ်ကြတဲ့
27လမ်း 82လမ်းက ကြက်တန်းကိုဘဲအားကိုးရပါတယ်။
အဲဒီကြက်တန်းကိုလဲ ဦးကျားကြီးမီးအပြီးမှာ စစချင်း တရုပ်တန်းဈေးတောင်ဘက် 79လမ်းပေါ်ရွေ့
နောက်တစ်ခါအဲဒီကမှ မရမ်းခြံဆိပ် ဧရာဝတီမြစ်ကမ်းနားလမ်းကို တစ်ခါထပ်ရွှေ့လိုက်ရပြန်ပါတယ်။
မန္တလေးမြို့မှာအလှုပ်အခတ်ဆုံးအရွေ့တော့ဈေးချိုတော် ၁၂ရုံကိုဖျက်ပြီး အသစ်ဆောက်တဲ့အရွေ့ပါဘဲ။
သူကတော့အဝေးကြီးမရွှေဘဲ ပုံစံပြောင်းသွားတာပါ။
ဒါပေမယ့်လဲဈေးချိုတော်ကိုမှီပြီးအလုပ်လုပ်နေသူအားလုံးအခက်အခဲတော့တွေ့သွားပါတယ်။
ပျက်စီးပြောင်းလဲသွားတဲ့အရွေ့ကို ပြန်လည်တည့်မတ်နို်င်အောင်ဈေးချိုသူဈေးချိုသားများ
အတော်လေးကို ကြိုးစားယူခဲ့ရပါတယ်။
ဒီအရွှေ့မှာတော့ ဘဝပျက်သွားသူတွေလဲရှိကြသလိုဘဝပြောင်းသွားသူတွေလဲအများအပြား။
အဲဒီမှာပြောင်းလဲမူ့အကြီးဆုံးသောအရွေ့ကတော့ ဈေးချိုတော်ထဲက ဆိုင်များက ကိုယ့်အိမ်မှာ
ကို်ယ် ဆိုင်ဖွင့်ကြတော့တဲ့အရွေ့ပါဘဲ။
အဲတော့ဈေးရုံတွေမှာဆိုင်ခန်းအလွတ်တွေဖြစ်ကုန်ပါတော့တယ်။
နောက်ထပ်ရွှေ့ပေးလိုက်ရတာကတော့ 79-80ကြားကတရုပ်တန်းဈေးပါ။
ဘူတာကြီးအနောက်ဘက်ကနေ ဘူတာကြီးအရှေ့ဘက်78လမ်း34လမ်းဒေါင့်ကို ပြောင်းသွားတာပါ။
တရုပ်တန်းဈေးပြောင်းတော့ ဈေးကြီးတစ်ခုလုံးပါသွားပါတယ်။
ဒီတရုပ်တန်းဈေးရွှေ့သွားတော့ သူနဲ့ပါတ်သက်နေတဲ့အထည်သည်တွေ ကုန်စိမ်းသည်တွေပါ
လိုက်သွားတော့တာပေါ့။
ပြောင်းခါစမှာတော့ ရောင်းသူရောဝယ်သူပါ ဟိုယောင်ယောင် ဒီယောင်ယောင်။
နောက်တော့ အထာကျသွားပါတယ်။
တရုပ်တန်းဈေးကနေ ရတနာပုံဈေးကြီးဖြစ်သွားပါတယ်။
အဲဒီနောက်အကြီးဆုံးအရွေ့ကတော့ ကုန်စိမ်းလက်က္ကားဈေးကွက်ကလည်းအဲဒီကို
လိုက်ရွှေ့သွားပါတယ်။
အဲဒီနောက်မှာတော့ 34×76ဒေါင့်မှာညဈေးတန်းတစ်ခုပေါ်လာပါတော့တယ်။
ဒါကလဲကြီးမားတဲ့အရွေ့လို့ဆိုနိုင်ပါတယ်။
နောက်စကိုင်းဝပ်နဲ့အတူရတနာပုံဈေးကြီးမီးထဲပါသွားတာတောင်မှ ဒီညဈေးတန်းလေးက
ဆက်လက်ရှင်သန်နေခဲ့တာအခုထက်ထိပါဘဲ။
နောက်ထပ်ဈေးအရွှေ့တစ်ခုကတော့ အရင်က 85လမ်း 31လမ်း မဟာသကျသီဟဘုရားအနား
မှာဖွင့် တဲ့ ပန်းတန်းပါဘဲ။
အဲလိုဖောက်သည်ပေးတဲ့ဈေးတန်းလေးများပေါ်လာရင်အရင်ဆုံးဒုက္ခရောက်သူတွေကအဲဒီနားမှာနေတဲ့
အိမ်တွေပါဘဲ။
မနက်လေးနာရီလောက်မှဖောက်သည်ပေးရမယ့် ပန်းအတွက် ညသန်းခေါင်လောက်ကတည်းက
ပြင်ကြဆင်ကြရောင်းကြဝယ်ကြ ဆူကြညံကြ ရန်ဖြစ်ကြ နဲ့ ဆိုတော့ အဲဒီနားနေသူတွေမှာအိပ်ရေးပျက်ပါတယ်။
နောက် အိမ်ရှေ့မှာပိတ်ပြီး ဆိုင်တွေခင်းကြတော့ ကိုယ့်မှာအဝင်အထွက်ခက်။
မနက်မိုးလင်းတာတောင်ရောင်းမကုန်ရင်ဆိုင်ဆက်ခင်းလို့ရောင်း။
ခက်တာက ဖယ်ခိုင်းပြန်ရင်လဲ “စည်ပင်ကိုဈေးကောက်ပေးထွက်တာ”လို့ခပ်တင်တင်းနဲ့တုန့်ပြန်သူများ
လဲရှိသလို
“အမရေ ရောင်းမကောင်းလို့ ဒီအချိန်ထိနေရတာနော်”ဆိုပြီးသနားစရာတိုးလျှိုးသူလဲရှိ။
ဘာဘဲပြောပြော တစ်ညလုံးဈေးဖွင့်သူတွေပစ်ချထားခဲ့တဲ့ အမိူက်သရိုက်တွေ ရှင်းလင်းရေးလုပ်ရတာကတော့ ကျန်နေခဲ့တဲ့အိမ်ရှင်များပါဘဲ။
ပိုဆိုးတာကတော့ လမ်းဘေးမှာဖြစ်သလိုခင်းရောင်းကြရတော့ အိမ်သာမရှိ။
အဲတော့ကြုံသလိုနေရာမှာ ကြုံသလို စွန့်ပစ်ခဲ့ကြတဲ့ အညစ်အကြေးတွေကလဲ စိတ်အနှောင့်အယှက်ဖြစ်စရာ။
အဲတော့ တရားမဝင်ဘူးဝင်တယ်တိုင်ကြတောကြရင်းနဲ့ ပြောင်းရမယ် ဆိုပြန်တော့အားလုံးအခြေအနေပျက်။
အဲဒီပန်းတန်းကလည်း ဧရာဝတီကမ်းနံဘေးက မရမ်းခြံဆိပ်ကိုရောက်သွားပြန်ပါတယ်။
အခုတော့လဲနေသားတကျ။
ဒီမှာတော့အပြောင်းရွေ့တစ်ခုခုဖြစ်ပြီဆိုရင် အတော်လေးပြဿနာတက်တတ်ပါတယ်။
အခုလဲကိုင်းတန်းဈေးက ညပိုင်းထွက်နဲ့ပျံကျဈေးကို ၄၁လမ်းကမ်းနားကိုရွှေ့မယ်ဆိုတော့
ပြဿနာတွေတက်လို့ ဆန္ဒတွေပြကြပြုကြနဲ့ လှုပ်လှုပ်ခတ်ခတ်။
အနီးအနားပါတ်ဝန်းကျင်ကအိမ်တွေက တိုင်လို့ရွှေ့ရတယ်လို့အသံထွက်လာပါတယ်။
ဈေးသည်တွေဘက်ကလဲ သူတို့အခက်အခဲတွေတင်ပြ။
တိုင်တယ်ဆိုတဲ့အိမ်ရှင်တွေဘက်ကလဲ သူတို့ရဲ့နေ့စဉ်ကြုံတွေ့နေရတဲ့ဒုက္ခတွေကိုတင်ပြ။
နှစ်ပေါင်းများစွာ သန္ဓေတည်လို့ရောင်းဝယ်ဖောက်ကားပြီးအခြေကျနေတဲ့နေရာလေးကို
ရက်ပိုင်းလေးအတွင်းမှာချက်ခြင်းပြောင်းခိုင်းမယ်ဆိုရင်တော့ မလိုလားအပ်တဲ့ပြဿနာတွေ
အခြေအတင်ငြင်းရပြောရတာတွေဖြစ်လာမှာအမှန်ပါဘဲ။
ဖြစ်သင့်တာတစ်ခုက ဒီလို ပျံကျထွက်တဲ့ဈေးဆိုင်လေးတွေကို တရားမဝင်ဘူးလို့သတ်မှတ်ရင်
သူတို့ဆီက ဈေးကောက်မယူသင့်ပါဘူး။
လိုအပ်ချက်အရရွှေ့မယ်ပြောင်းမယ်ဆိုရင်လဲ အသစ်ဖွင့်ရမယ့်နေရာမှာ ခိုင်မာတဲ့အဆောက်အဦး
တွေကြိုတင်ဆောက်လုပ်လို့ အသစ်နေရာကို သွားချင်စိတ်ရှိအောင်ဖန်တီးထားသင့်ပါတယ။်
အခုယာယီရွှေ့ခိုင်းတဲ့ ဈေးလေးက အရိပ်မရှိဘာမရှိမြေကွက်လွတ်ပေါ်မှာ စည်းရိုးလေးကာထားတဲ့
နေရာလေးကို ယာယီဈေးလို့သတ်မှတ်ပေးထားတာပါ။
အဲတော့လဲ ပြောင်းလို်က်တယ်ဆိုတာနဲ့အခက်အခဲတွေကြုံမှာသိနေတော့မပြောင်းချင်တာလဲအပြစ်မဆိုသာ။
တစ်ရက်တော့ဈေးချိုထဲမှနှစ်ပေါင်းများစွာကျင်လည်ခဲ့တဲ့အကိုကြီးတစ်ယောက်ဆီအရောက်
စကားစမြည်ပြောကြပါတယ်။
သူကပြောင်းတာ ရွှေတာနဲ့ပါတ်သက်လို့ပြောပြပါတယ်။
ဟိုးရှေးရှေးက ဘုရင်တစ်ပါးက တိုင်းပြည်အသစ်တည်ပါသတဲ့။
သူမြို့ကို စည်ကားအောင်အိမ်နီးနားချင်းတိုင်းပြည်က ဘုရင်ဆီက အကူအညီတောင်းပါတယ်။
ဒါနဲ့ဘဲ သူနိုင်ငံက သူကြွယ်လင်မယားနှစ်ဦးနဲ့တိုင်ပင်ပြီးတော့ တိုင်းပြည်အသစ်မှာသွားနေခိုင်းပါသတဲ့။
သူကြွယ်လင်မယား ပြောင်းတော့ သူ့ရဲ့ခြွေရံသင်းပင်းတွေ ဝန်ထမ်းတွေပါသွားပါသတဲ့။
ခြွေရံသင်းပင်းပါတော့ သူတိုနဲ့ပါတ်သက်တဲ့မိသားစုတွေပါသွားပါသတဲ့။
သူတို့မိသားစုတွေပါတော့ သူတို့နဲ့ဆက်စပ်ပါတ်သက်နေသူတွေကလဲလိုက်သွားပါသတဲ့။
အဲလို့ဘဲတစ်ဆင့်နဲ့တစ်ဆင့်ဆက်စပ်ပါတ်သက်ပြီးလိုက်သွားလိုက်တာ လူထောင်ပေါင်းများစွာ
ရွှေ့သွားတော့ တိုင်းပြည်အသစ်က အတော်လေးစည်ကားသွားပါသတဲ့။
အဲတော့ တိုင်းပြည် မြို့ ရွာ ရပ်ကွက်ရဲ့လိုအပ်ချက်အရ ရွေ့နေ ရွှေ့နေရအုံးမှာပါဘဲ။
တကယ်တော့အကြီးရွေ့ရင်အငယ်ကလိုက်ရွှေ့ပေးရတာ ထုံးစံပါဘဲ။
တကယ်လို့များလိုအပ်ချက်တွေကြောင့် ရွှေ့ခိုင်းမယ်ဆိုရင်
ဒါလေးကို နမူနာယူပြီး အသေးလေးတွေအရင်ရွှေ့မယ့်အစား
…………………………………………………………………………….
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
ကိုပေါက်(မန္တလေး)
25-8-2012
7 comments
P chogyi
August 28, 2012 at 11:17 am
ရွှေ့နေပြီလေ။
အသေးလေးတွေမဟုတ်ဘူးလေ။
အဲဒါအသေးဆိုရင်…..
ဘာရွှေ့စေချင်တာလဲ၊
ပွင့်ပွင့်လင်းလင်းပြောလိုက်လေ။
(မြှောက်ပေးတာ)
ကို ခင်ခ
August 28, 2012 at 2:53 pm
အရွှေ့လွန်ပြီး မြန်မာပြည်ကြီးပါ ရွှေ့သွားမှဖြင့်—-။
စကားမစပ်ကိုပေါက်ရေ ရှေးတုံးကရှိခဲ့တာ “ဘယ်သူကပေါင်တို´´ဆိုလား၊“ဘီလူးမပေါင်တို´´ဆိုလား၊
( စပ်စပ်လို့သာတွေးတော့ဗျာ ဘယ်ရွေ့မလဲကို )
kotun winlatt
August 28, 2012 at 3:08 pm
ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်ဆိုတဲ့ စကားလေးကို ကာတွန်းဆွဲထားတာလေးကို သွားသတိရမိတယ်….
လေးပေါက်ရေ….။
အတိသဉ္ဖာ နာဂရချစ်သူ
August 28, 2012 at 4:44 pm
ကိုပေါက်ရေ ဒီနယ်ဖက်မှာတော့ သချင်္ိင်းကို ဟိုတယ်တွေရောင်းလို ့
ပြသနာတွေ အများသားလားးး
ကြောင်ကြီး
August 29, 2012 at 10:35 am
တသက်လုံးတည်လာတဲ့ သင်းချိုင်းဆို အမင်္ဂလာဆိုတဲ့အယူ ခေတ်လိုအပ်ချက်နဲ့တွေ့တော့ ပျက်ပါတယ်။ လူတွေအယူသည်းနေတာ လက်ခံထားကြလို့ပါ၊ အယူသည်းတာထက် အားကြီးတဲ့မက်လုံး သို့မဟုတ် ခြောက်လုံးနဲ့လည်းတွေ့ရော အားလုံးပြောင်းပါတယ်။ ဒါကြောင့်လည်း လူကြမ်းရင် နတ်ကြမ်းမခံနိုင်လို့ စကားရှိထားရတာ။ မမြင်ရတဲ့ ပရလောက၊ နာမ်လောက ရှိတယ်လို့ယုံတယ် သို့ပေမဲ့ သူတို့မှာလည်း တည်ရာမှီရာ လိုသဗျ။ တောဘယ်လောက်ကြမ်းတယ်ပြောပြော နောက်လူက သူတို့ထက် ပိုကြမ်းရင် တောလည်းပြောင်ပါတယ်။ သူ့ခေတ်နဲ့သူအခါ အမျိုးမျိုးပေါ့နော်။ အနိစ္စ အမြဲမရှိ…
မောင်ပေ
August 30, 2012 at 1:38 pm
ရန်ကုန် နဲ ့မန်းတလေး ကြားမှာ မြို ့သစ်တွေ အများကြီး ထပ်ဖော်ဦးမယ်တဲ့ဗျ
ဂုဏ်ရှိရှိနဲ ့ပြောင်းရမယ့် သူဌေးမိသားစုမျိုးဖြစ်အောင် ကြိုးစားရပါဦးမည်
Foreign Resident
August 30, 2012 at 3:26 pm
ဗဟုသုတ ရပါတယ် ၊ ကောင်းပါတယ် ကိုပေါက်ရေ ။