ထိုးဖောက်မြင်နိုင်စွမ်းမရှိသော အလွှာ

 ကျွန်တော်တို့ကမ္ဘာကြီးမှာလည်း သာမာန်မျက်စိနဲ့ မြင်နိုင်စွမ်းမရှိတဲ့ အလွှာရှိတယ်။ ခရမ်းလွန်းရောင် ခြည်ဆိုတဲ့….. နေအလင်းရောင်မှာပါတဲ့ ရောင်ခြည်တွေနဲ့ အပူတွေကိုကာကွယ်ပေးထားတဲ့ အိုဇုန်းလွှာပေါ့..။
ကျွန်တော်တို့နေတဲ့ ပတ်ဝန်းကျင်မှာ မမြင်ရတဲ့အလွှာတွေပိုများတယ်ဆိုတာ ကိုယ်တိုင်ကြုံတွေ့မှ ကျွန်တော် သိခဲ့ရတယ်။
                             *********************************************
          ကျွန်တော့်ဘဝရဲ့ ပထမဆုံးသူများလက်အောက်ခံ အလုပ်လုပ်သောအချိန်ဖြစ်သည်။ အမေကျန်းမာရေး မကောင်းတာနဲ့ပဲ ဆယ်တန်းကိုကျွန်တော်တစ်နှစ်အောက်ခဲ့ရသည်။ နောက်တစ်နှစ်… တက္ကသိုလ်ဝင်တန်းကျူရှင်မတက်ခင်ပေါ့…..။ လူများတကာအဖေလို့ခေါ်နေချိန်တွင် ကျွန်တော့်တွင် အဖေဆိုသည့်ပုံရိပ်အား အရိပ်ငွေ့ငွေ့ဖမ်းနေရတုန်းပင်။ အဖေမိသားစုအပေါ်ခွဲခွာသွားသည့်အချိန်သည် ကျွန်တော်တို့အိမ်တွင် ပြက္ခဒိန်(၁၄)ခုလောက်ပင် ကုန်သွားပေပြီ။ မိသားစုဝင်ငွေကာမိရန် ကျွန်တော့်အား အဖေ့မိတ်ဆွေဆိုသည့် လူမျိုးခြားတစ်ယောက်ထံတွင် နေ့စားအလုပ်ဝင်လုပ်ခဲ့ရသည်။ ထိုအချိန်တွင် ကျွန်တော့်ဘဝ၏ပတ်ဝန်းကျင်သည် အုံ့မှိုင်းမှိုင်းနှင့်သာအချိန်ကုန်ခဲ့ရသည်။ အလုပ်ခန်းဆိုသော တိုက်ခန်း ကျဉ်းကျဉ်းလေးထဲတွင် အားကစားပစ္စည်းအကြမ်းထည်များအား ကော်ပတ်များဖြင့် သံချေးများအားတိုက်ကာ လုပ်ရသောအလုပ်သည် ကျွန်တော့်ဘဝတွင်

ကျွန်တော့်အတွက်ပထမဆုံးအလုပ်ဖြစ်ခဲ့ရသည်။ တစ်ရက်(၅၀၀) ဖြင့် တစ်ပတ်နေလျှင် ငွေ(၃၀၀၀)ရသော လူမျိုးခြားတစ်ယောက်၏အလုပ်တွင် ကျွန်တော်ပျော်လား မပျော်လား ဆိုတာတော့ ပျော်ဖို့မလိုတော့ပေ။

“အမေ…သားကျူရှင်တက်တော့မယ်လေ…အလုပ်ကို ဘယ်လိုပြောရမလဲ”
“ကျူရှင်တက်တဲ့ရက်မလုပ်ဘဲ ကျူရှင်မတက်ရတဲ့ရက် အလုပ်ဆင်းမယ်လို့ပြောကြည့်လေ…..”
          မိသားစုအဆင်ပြေဖို့အရေး… အလုပ်ရှင်ရဲ့သားဖြစ်သူအား ကျွန်တော်ထိုအဖြစ်ကိုပြောပြမိသည်။
“လှိုင်ထွန်းမင်းက ဆယ်တန်းစာမေးပွဲ ဖြေဦးမလို့လား….”
“ဟုတ်ကဲ့…..”
“မဖြေပါနဲ့ကွာ….. မင်းအောင်မှာလည်း မဟုတ်ပါဘူး….”
          ကျွန်တော့်နားထဲရောက်လာသော ထိုစကားလုံးသည် ကန့်လန့်ဝင်တာထက် ဆိုးသောစကားလုံး ဖြစ်ခဲ့သည်။ ကျွန်တော်နှင့်အလုပ်တူတူလုပ်သော နောက်လူနှစ်ယောက်က သူ့အပြောကိုကြည့်ရျ် ရီကြသည်။ အလုပ်ခန်းထဲတွင် လူမျိုးခြားကြားတွင် ကျွန်တော်တစ်ယောက်တည်း။ ထိုနေ့က သူဌေးသားဆိုသူအား ကျွန်တော်ဘာမှမပြောတော့ပေ။ လုပ်ခအားလုံးရှင်းရျ် နောက်တစ်နေ့အလုပ်မသွားတော့ဘူးဟု အမေ့ကို သာ ပြောပြလိုက်တော့မည်။ ကျွန်တော် ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်သည်။ ကျွန်တော်သည်းခံခြင်းတရားကို လက်ကိုင်ထားလိုက်သည်။ တစ်နေ့ကျွန်တော့်အားခေါင်းမော့အောင် လုပ်ဆောင်ပေးသောအရာသည် ပညာသည်သာဖြစ်ရမည်။
          ထိုလူမျိုးခြားပေါ်တွင် ကျွန်တော်မမြင်ရသောအလွှာတစ်ခုမြင်လိုက်ရသည်။ ထိုအလွှာသည် ဘယ်လို အရာလဲ…..။ နိုင်ငံတစ်နိုင်ငံတည်းတွင်နေပေမယ့် လူမျိုးခြားတစ်ခုအပေါ်တွင် အခွင့်သာလျှင် အနိုင်ကျင့်ချင် သော…. သာမာန်မမြင်နိုင်သော အလွှာဖြစ်သည်။
                             *****************************************
          ကျွန်တော်တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည်…။ ကျွန်တော်တက်ရောက်ချင်သော စီးပွားရေးတက္ကသိုလ်တက်ချင်ပေမယ့်လည်း မိသားစုအခြေအနေကြောင့် အဝေးသင်စီးပွားရေးကိုသာ ကျွန်တော်တက်ရောက်ခဲ့သည်။ အဝေးသင်တက်နေရင်းပင် ပညာဒါနဆိုသည့် ကွန်ပျူတာသင်တန်းကျောင်း တွင် ကွန်ပျူတာသင်ကြားခဲ့သည်။ “ကွန်ပျူတာသင်တန်းဆင်းပြီးသူတိုင်း Volunteer လျှောက်ထားနိုင်သည်။ ” ဆိုသည့် ကြော်ငြာစာတန်းသည် ကျွန်တော့်အားစိတ်ပါဝင်စားစေသည်။ အမှန်တော့ကြော်ငြာစာသည် ကွန်ပျူတာသင်တန်း(၃)ခု တက်ပြီးသူတိုင်း နည်းပြလျှောက်ထားခွင့်ရှိသည်ဆိုသည်ပင်။ မိမိလိုပင် ခက်ခဲနေသူ များအား ပညာဒါနလုပ်ပေးရန် စိတ်အားထက်သန်စွာဖြင့် ကြိုးကြိုးစားစား ကျွန်တော်ထို Volunteer အလုပ်အား လျှောက်ခဲ့သည်။ အင်တာဗျူးများ အထပ်ထပ်အခါအခါဖြေပြီးသည့်နောက်တွင် ကျွန်တော့်အိမ်သို့ အလုပ်ခန့်စာဟူသော စာအိတ်လေးရောက်လာခဲ့သည်။
          လုပ်အားခမရပေမယ့် နောင်အခါတွင် ထိုက်တန်သောလစာပေးမည်ဖြစ်သည်…။ လုပ်အားခ မမျှော်မှန်း ပေမယ့် Volunteer အလုပ်ကိုပင် ကျွန်တော်မက်မောခဲ့သည်။ နည်းပြဆိုသည့် အလုပ်သည်ပင် ယခင်အလုပ်နှင့် အလွန်ပင်ကွာခြားသွားသည်။ ပညာဒါနဆိုသည့်ကျောင်းသည် ကျွန်တော်ပထမရောက်ခါစ ထက်ပင် သာယာနေသလိုပင်။ နေရာအနှံ့တွင် အလှူရှင်များ လှူဒါန်းထားသော စာသားများ။ ပညာဒါနဆိုသည့် ဝမ်းသာလှိုက်လှဲစွာခံစားရသော အရသာသည် ရင်ထဲတွင်လှိုင်းခတ်သလိုပင်….။ အလွှာ…. အလွှာဆိုတဲ့အရာ လူတစ်ယောက်ဆီမှာတင် ဖုံးအုပ်ထားသလိုပင်၊ အဖွဲ့အစည်းများတွင်လည်း ဖုံးအုပ်တတ် သည်ကို ကျွန်တော်သိခဲ့ရသည်။
          ကျွန်တော့်ထက်က စီနီယာတစ်ယောက်နှင့် ထိုစီနီယာ၏အထက်က လူကြီးတစ်ယောက်…. ပညာဒါန ဆိုသည့် သူတို့၏နောက်တွင် နေရာလုပွဲကျင်းပနေသည်ကို ကျွန်တော်သိလိုက်ရသောအချိန်ဖြစ်သည်။ ပညာဒါနဆိုသည့် လှပစွာဖုံးအုပ်နေတဲ့အလွှာလေး ကြည်နူးဖို့ကောင်းသည်။ ထိုအလွှာ၏အောက်တွင် မမြင်ရသောအလွှာသည် မည်မျှပင်အရုပ်ဆိုးအကျည်းတန်နေသနည်း….။ သင်တန်းအပတ်စဉ်တစ်ခုမျှသာ ကျွန်တော်တာဝန်ထမ်းဆောင်ကာ ထိုနေရာမှကျွန်တော်ထွက်ခွာခဲ့တော့သည်။ လှပသောအလွှာလေးအောက် တွင် အကျည်းတန်သော နေရာလုပွဲအလွှာထဲတွင် ကျွန်တော်မပါဝင်လိုပါ…..။
                             ******************************************
          မတတ်သာတဲ့ဘဝမှာ ကုသိုလ်ကြီးကြီးပြုဖို့ရာ သူများအသက်ရှင်ဖို့အတွက် ကိုယ့်ရဲ့သန့်စင်တဲ့ သွေးကိုလှူဒါန်းတစ်ခုလည်း ပါသည်ဟုကျွန်တော်ထင်သည်။ “မရှိလို့…မလှူ၊ မလှူလို့…မရှိ” တဲ့ သည်စကား ဘယ်ကထွက်ပေါ်လာမှန်းတော့ ကျွန်တော်မသိရိုးအမှန်။ မရှိတဲ့သူတွေ မလှူတော့… ၊ မလှူလို့….မရှိတာတဲ့.. မရှိဆင်းရဲသားတွေမှာ ကြီးကြီးကျယ်ကျယ်ခမ်းခမ်းနားနားမဟုတ်ပေမယ့် ညီမျှတဲ့ကုသိုလ်ရတဲ့ လှူဒါန်းခြင်း တွေရှိနေသည်ကို ကျွန်တော်သိခဲ့ရသည်။ ကျွန်တော်တို့ မရှိပါဘူး… ဒါပေမယ့် မလှူလို့မရှိတာမဟုတ်ဘူး။ ရှေးဘဝက ဒါနကုသိုလ်နည်းခဲ့လို့သာဖြစ်မည်။ ဒီဘဝတွင်မရှိတဲ့ကြားထဲက လှူဖြစ်ခဲ့သည်။ သွေးသည်… အသက်ဆိုတဲ့အတိုင်း ကိုယ့်သွေးကိုဖောက်ထုတ်လှူဒါန်းခြင်းဟာ မကြီးကျယ်မခမ်းနားတော့ဘူးလား…….။
ဆိုင်းသံ ဗုံသံတွေ ခြိမ့်ခြိမ့်မသဲ။ မော်ကွန်ကဗ္မည်းတွင် မတင်ခဲ့ပေ။ မကြီးကျယ်မခမ်းနားဘူးဆိုတဲ့ အလွှာလေး အောက်မှာ ကြီးကျယ်မြင့်မြတ်တဲ့အလွှာရှိတယ်ဆိုနေတာကို ကျွန်တော်တို့ပတ်ဝန်းကျင်ကလူတွေ မြင်မှမြင် တတ်ပါစ။
          အလုပ်မှပြန်ရောက်ရောက်ချင်းပင် အိမ်တွင်ရောက်ရှိနေသော ဖိတ်စာတစ်စောင်အား အမေက ကျွန်တော့်ကိုပြသည်။ လှပခမ်းနားစွာ ရိုက်နှိပ်ထားသောဖိတ်စာဖြစ်သည်။ ရှင်ပြုအလှူမင်္ဂလာပွဲဖိတ်စာ ဖြစ်သည်။ ထိုဖိတ်စာကျွန်တော်ကြည့်ပြီးသောအခါ နောက်ဖိတ်စာတစ်ခုအား ကျွန်တော့်ကို အမေပြသည်။ ကတ်ပြားတစ်ခုတည်းဖြစ်သာ ရိုက်နှိပ်ထားသော ဖိတ်စာတစ်စောင်ဖြစ်သည်။ အလှူအမျိုးအစားကား အတူတူပင်။
“ဒုန်း…..ချပ်… ဒုန်း…..ချပ်….. ဟေးးးးးးးးးးးးးးးး”
          နံနက်ကိုးနာရီ ဆယ်နာရီပင်ရှိသေးသည်။ ရှင်ပြုအလှူမင်္ဂလာပွဲ၏ ရှင်လောင်းလှည့်သံဖြစ်သည်။ ရှည်လျားသော ရှင်းလောင်းလှည့်ယာဉ်များနှင့် ထိပ်ဆုံးတွင် အလှူ့ရှင်ကျောင်းအစ်မကြီးရဲ့ ငွေဖလားထဲမှ ငွေစက္ကူများက ဖွားခနဲ…ဖွားခနဲ… ဘေးဘယ်ယာသို့ ဖွဲကျသွားသည်။ ငွေစက္ကူများအား အပွန်းအပဲ့ခံကောက် ယူနေသော ရပ်ကွက်အနီးနားက သူဆင်းရဲကလေးတွေ။ ကျွန်တော်မြင်လိုက်ရသည်။ ကျွန်တော်မြင်လိုက်ရသည်မှာ…. ကလေးတစ်ယောက်ချင်းဆီရသွားသော ငွေစက္ကူတန်ဖိုးမှာ ထိုရှင်ပြုအလှူမင်္ဂလာပွဲ၏ဖိတ်စာတစ်စောင် တန်ဖိုးလောက်ပင်မရှိချေ…။ မင်္ဂလာရှိသောအလှူအတန်းကြီးဆို သည့် အလွှာအောက်တွင်………… ပကာသနဆိုသော အလွှာတစ်ခုကိုကျွန်တော်မြင်လိုက်ရသည်။
                             *********************************************
          ကမ္ဘာပေါ်ကြီးရှိ အလွှာများစွာထဲတွင်… အလွှာများစွာဖုံးအုပ်လျှက်ရှိကြသည်။ အချို့ကို မြင်နိုင်စွမ်းရှိ သော်လည်း… အချို့အားမြင်နိုင်စွမ်းမရှိချေ။ ဆိုးသောအလွှာ ၊ ကောင်းသောအလွှာ အလွှာအမျိုးမျိုးဖြင့် တည်ရှိနေကြသည်။ လူတစ်ယောက်ချင်းစီတွင် ဖုံးအုပ်ထားသော အလွှာများစွာရှိနေသည်။ ကျွန်တော်တွင် လည်း လူများမမြင်နိုင်အောင် ဖုံးအုပ်ထားသော…. ဆိုးသွမ်းသောအလွှာတစ်ခုရှိသည်။ မြင်နိုင်စွမ်းရှိသူမှ မြင်လိမ့်မည်။ လူတိုင်း…လူတိုင်း.. နေရာတိုင်း…နေရာတိုင်း… အဖွဲ့အစည်းတိုင်း…. တွင်လည်း…… အလွှာများစွာရှိပေလိမ့်မည်။ ထိုမြင်နိုင်စွမ်းမရှိသောအလွှာသည်…………………………။
အောင်မိုးသူ
18.12.2011
Sunday,11:20PM

8 comments

  • YE YINT HLAING

    August 29, 2012 at 5:20 pm

    အလွှာလေးတွေ တချပ်ခြင်း နွှာပြသွားတယ် ။ စာအရေး အသားကောင်းတဲ့ ကိုအောင်မိုးသူ ရဲ့ စာတွေ ကို စောင့်မျှော်ဖတ်ရှု အားပေးနေပါတယ် ။

  • နေဠု ဝင်း

    August 29, 2012 at 6:26 pm

    ကောင်းတယ်ဗျာ။ကိုအောင်မိုးသူ စာကောင်းတွေဆက်ရေးနိုင်ပါစေ။

  • မောင်ပေ

    August 29, 2012 at 10:14 pm

    အလွှာများစွာ
    တစ်ခါစားပါ
    ရွာသားလာ
    ငါသွားမှာ
    ယာထားတစ်ယာ

    • aung moethu

      August 30, 2012 at 9:43 am

      ကျတော့် စာလေးတွေကို ကောမန့်ပေးချင်ရင်တော့ နည်းနည်းတော့ ဂရုစိုက်အလေးထားပေးချင်ပါတယ်။ ကျတော်ရေးတဲ့ စာလေးတွေထဲမှာ message လေးတွေ ပါပါနေလို့ပါ။ တခါတရံ အောက်ကမန့်လိုက်တဲ့ ကောမန့်တစ်ခုကြောင့် ရေးထားတဲ့ စာရဲ့အနှစ်သာရတွေ ပျောက်သွားတတ်ပါတယ်။ လာဖတ်ပေးတာ ကျေးဇူးးပါဗျာ

  • မောင်ပေ

    August 30, 2012 at 1:12 pm

    ကိုအောင်မိုးသူ ကို ဂေဇက်က ပို ့စ်တော်တော်များများ မှာ အပြုသဘောနဲ ့လမ်းညွှန်ချက်တွေ လိုက်မန် ့ပေးနေတာကို သတိပြုမိပါတယ်
    အခု ကိုအောင်မိုးသူက သေချာ မန် ့ပေးရမယ်လို ့ဆိုလာတော့ မန် ့ပေးရတော့မှာပေါ့ဗျာ
    ဒီလိုဗျာ
    *** အခုလက်ရှိ မြန်မာနိုင်ငံမှာ အားလုံး ညီညွတ်ရေးရအောင် လုပ်နေတဲ့အချိန်မှာ လူမျိုးခြား ဘာသားခြားဆိုတဲ့ စကားလုံးကို ကိုအောင်မိုးသူ သုံးထားတယ်နော်…
    ““ ကျွန်တော့်အတွက်ပထမဆုံးအလုပ်ဖြစ်ခဲ့ရသည်။ တစ်ရက်(၅၀၀) ဖြင့် တစ်ပတ်နေလျှင် ငွေ(၃၀၀၀)ရသော လူမျိုးခြားတစ်ယောက်၏အလုပ်တွင် ကျွန်တော်ပျော်လား မပျော်လား ဆိုတာတော့ ပျော်ဖို့မလိုတော့ပေ။ ””
    *** နောက်ပြီး ကျွန်တော်တို ့မြန်မာနိုင်ငံတော်ဟာ အခုချိန်မှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ဖိတ်ခေါ်နေတဲ့အချိန်မှာ ၊ ကိုအောင်မိုးသူရေးထားတာက…
    ““ ထိုလူမျိုးခြားပေါ်တွင် ကျွန်တော်မမြင်ရသောအလွှာတစ်ခုမြင်လိုက်ရသည်။ ထိုအလွှာသည် ဘယ်လို အရာလဲ…..။ နိုင်ငံတစ်နိုင်ငံတည်းတွင်နေပေမယ့် လူမျိုးခြားတစ်ခုအပေါ်တွင် အခွင့်သာလျှင် အနိုင်ကျင့်ချင် သော…. သာမာန်မမြင်နိုင်သော အလွှာဖြစ်သည်။ ””
    အခုလို သေချာပြန်ဖတ်ကြည့်လိုက်တော့ ၊ တစ်ဦးနှင့်တစ်ဦးပိုမိုဝေးကွာသွားစေသော သဘောကိုဆောင်အောင် ရည်စူး ပြီးရေးထားသလိုဖြစ်နေပါတယ်ဗျား ။

    • aung moethu

      August 30, 2012 at 3:41 pm

      အဲလိုလေးမန့်လည်းကော်ငးပါတယ်…..။ ကျတော်ပြောတဲ့ တစ်ရက် ငါးရာဆိုတဲ့အလုပ်ဟာ ဒီခေတ်မဟုတ်မှန်း ကိုမောင်ပေတွေးမိရင် သိနိုင်ပါတယ်။ အလွှာတစ်ခုကိုပဲ ပြောချင်တာပါ ကျန်တာမပြောချင်ပါဘူး ကိုမောင်ပေ။ း)

  • Shwe Ei

    August 30, 2012 at 5:20 pm

    လူတွေရဲ့အတွင်းစိတ်မှာကိန်းအောင်းနေတဲ့ အကောင်းအဆိုးတွေက မြင်ဖို့ခက်ပါတယ်။ အဆိုးကိုမြင်လိုက်ရတဲ့ အခိုက်အတန့်နဲ့ အကောင်းကို မြင်လိုက်ရတဲ့ အခို်က်အတန့်မှာ အဲဒီလူပေါ်ထားတဲ့ သဘောထားက ဆန့်ကျင်ဘက်ပြောင်းသွားတတ်တာမျိုးလဲရှိတယ်။ ဆိုတော့ နားလည်မှုနဲ့ အကောင်းမြင်နို်င်အာင်ကြိုးစားပါဗျာ။

  • manawphyulay

    August 30, 2012 at 5:27 pm

    အလွှာတွေ ပိုင်းခြားထားလို့လည်း ခုမြန်မာနိုင်ငံက မတိုးတက်သေးတာတွေ ပါတယ်။ အလွှာဆိုတာနဲ့ အမြင်တစ်မျိုးဆီမြင်ကြသလို လူပေါင်းကိုစုံနေတာပဲနော်။

Leave a Reply