ကမ်းလင့်မယ့်…..လက်များ
ဘာမှမလိုပါဘူး………
ဘာမှမလိုအပ်ဘူး…….
နွေးထွေးတဲ့ မျက်ဝန်းတစ်စုံ……
နွေးထွေးတဲ့ လက်တစ်စုံ……..
နားလည်နိုင်တဲ့ နှလုံးသား……
သင်နဲ့ သူတို့အတွက်….
လူသားချင်းစာနာမှု……….။
(ကျော်စွာအောင်)
ရှိုက်ကြီးတငင်ငိုနေတဲ့ ချာတိတ်ကို ကျွန်တော်ကြည့်ရင်း…. သက်ပြင်းတစ်ချက်မှုတ်မိ၏။ ငို..ငို… ဝအောင်သာငိုဟု ထိုချာတိတ်အား ကျွန်တော်ပြောနေမိသည်။ ကျွန်တော့်ထံသို့ရောက်လာသူအားလုံးလိုလိုပင် ဝမ်းပန်းတနည်း (သို့) ရှိုက်ကြီးတငင် ငိုကြစမြဲဖြစ်သည်။ ကျွန်တော့်ထံသို့ ရောက်လာချိန်တွင် ကျွန်တော်သည် သူတို့နှင့်တစ်သားတည်းဖြစ်သွားအောင် ပြုလုပ်ရစမြဲဖြစ်သည်။ ငိုနေသောချာတိတ်အား ကျွန်တော်သိုင်းဖက် ကာ ကျောပြင်အားပုတ်၍ နှစ်သိမ့်ပေးလိုက်သည်။
“မစိုးရိမ်ပါနဲ့ ညီလေးရာ…. ညီကောင်းကောင်းမွန်နေထိုင်သွားမယ်ဆိုရင် သက်တမ်းစေ့နေနိုင်မယ့် ရောဂါမျိုးပဲလေ…. အသည်းရောင်(ဘီ)တို့ (စီ)တို့သာ ပိုကြောက်ဖို့ကောင်းတာ…ကွ..”
ကျွန်တော်ကြည့်လိုက်တော့လည်း ဒီချာတိတ်က အသက်(20) ၊ အသားဖြူဖြူ ခပ်ဖြောင့်ဖြောင့်ဟု ပြောရမည့်ရုပ်ရည်ထဲကပင်။ ဒီရောဂါ ဘယ်လိုနည်းနဲ့ရခဲ့တယ်ဆိုတာကို သူ့ဖာသာတောင် စဉ်းစားမရနိုင် ဖြစ်နေသည်ဟုဆိုသည်…။ ဒါမှမဟုတ် ကျွန်တော့်အားရှက်၍ တစ်ခုခုလည်းသိုဝှက်ထားပုံရမည်။ ကံကောင်းသည့်အချက်မှာ သည်ကောင်လေးအသိစောနေခြင်းဖြစ်သည်။ အလွန်ကံကောင်းသည်ဟုပင် ဆိုရမည်။ ကျွန်တော်ချာတိတ်အား counselling (နှစ်သိမ့်ဆွေးနွေး) ပြောပြီးသောအခါ…. ချာတိတ်ပုံစံ လာခါစနှင့် မတူတော့ချေ။ တော်တော်လေးတည်ငြိမ်သွားလေသည်။ အားလုံးပြီးဆုံးသွားသောအခါ… ချာတိတ်ပုံစံ ပုံမှန်ပြန်လည်ဖြစ်သွားသည်။ ချာတိတ်ပြန်ခါနီးတွင်…. ချာတိတ်အားနောက်တစ်ခါ သိုင်းဖက်ကာ ကျွန်တော်နှုတ်ဆက်လိုက်သည်။
*******************************************
ဒီနေ့ ချာတိတ်သည်နောက်ဆုံးတစ်ယောက်ပင်ဖြစ်သည်…. တစ်ရက်.. တစ်ရက် counselling(နှစ်သိမ့်ဆွေးနွေး) ပေးရသော လူနာ (၁၀)ယောက်ထပ်မနည်းရှိသည်။ ကျွန်တော်၏အလုပ်မှာ NGO တစ်ခုတွင် HIV ပိုးတွေ့ရှိသူလူများ နှင့် HIV ပိုး သွေးမစစ်ခင်တွင် counselling (နှစ်သိမ့်ဆွေးနွေး) ပေးရသော အလုပ်ဖြစ်သည်။ လွယ်ကူသောအလုပ်မဟုတ်သော်လည်း ကျွန်တော့်စိတ်ထဲတွင် လူသားချင်း စာနာမှုဟူသော စိတ်တစ်ခုနှင့်ပင် လုပ်ဆောင်နေခြင်းဖြစ်သည်။
အိမ်ပြန်ချိန်လည်းရောက်ပြီမို့ အားလုံးသိမ်းဆည်းကား ရုံခန်းမှအထွက်ပင်…….
“ဆရာ….ကျော်စွာအောင်”
ခေါ်သံတစ်ခုကြောင့် ကျွန်တော်လှမ်းမိလိုက်သည်။ ရုံးခန်းထဲသို့မဝင်ဘဲ ကျွန်တော့်ရုံးခန်းအပေါက်ဝ အကွယ်တွင် ရပ်နေသောကောင်မလေးတစ်ယောက်….။
“counseling လုပ်ချင်လို့လားသမီး….”
“မဟုတ်ပါဘူး…ဆရာ…”
တည်ငြိမ်သောမျက်ဝန်း နှင့် အသက်(23)သာသာလောက်သာရှိသော ကောင်မလေးတစ်ယောက်… counseling မလုပ်ဘူးဟုဆိုသော်လည်း သူမ၏မျက်နှာပေါ်တွင် စိုးရိမ်မှုများစွာအား ကျွန်တော်တွေ့လိုက်ရ၏။
“ဒါဆို….. သမီးက”
ကျွန်တော့်အသက်အရွယ်နှင့်ဆိုလျှင် ကျွန်တော့်ညီမလေးသာသာ အရွယ်သာရှိသော်လည်း ကျွန်တော်လုပ်ကိုင်နေသောအလုပ်နှင့် သား ၊ သမီးဟုသာ တခါတရံသုုံးနှုန်းရ၏။
“တိုင်ပင်စရာရှိလို့ပါဆရာ….ဖြစ်နိုင်ရင်….”
ကျွန်တော်သဘောပေါက်လိုက်သည်။ သူမ ရုံးခန်းမှာပြောမပြချင်ပုံပေါ်သည်။
“သမီး ရုံးမှာမတိုင်ပင်ချင်ရင် တစ်နေရာရာမှာ တိုင်ပင်လို့ရပါတယ် သမီး…..”
“ဟုတ်ကဲ့ဆရာ….”
ကျွန်တော့်ရုံးနားမှ တိတ်ဆိတ်ငြိမ်သက်သော အအေးဆိုင်လေးတစ်ဆိုင်ကို ကျွန်တော်ရွေးချယ်လိုက် သည်။ ကျွန်တော် သံပုရာရည်တစ်ခွက်မှာ၍ သူမက ဘာမှမသောက်ဟုပြောသော်လည်း ကျွန်တော် သူမအတွက် လိမ္မော်ရည်တစ်ခွက်မှာလိုက်သည်။ ကောင်မလေးခဏတာ ငြိမ်သက်နေသေးသည်… အအေးများလာချပေးသောအခါ ကျွန်တော်သံပုရာရည်အား တစ်ငုံသောက်နေချိန်တွင် ထိုကောင်မလေး အအေးခွက်အားမထိသေးပါ….။
“ကျွန်မနာမည် ဝေနှင်းပါဆရာ…..”
အချိန်အတော်အတန်ကြာသောအခါ ကောင်မလေးနှုတ်ဖျားမှ ဇာတ်လမ်းသဖွယ် စကားလုံးများ ထွက်ကျ လာလေတော့သည်။
**********************************************
“ကျွန်မတို့မိသားစုက ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံးရပ်ကွက်လေးတစ်ခုမှာ နေထိုင်ပါတယ်ဆရာ။ ကျွန်မတို့ မှာ အားလုံးပေါင်းမောင်နှမလေးယောက်ရှိပါတယ်။ ကျွန်မက သုံးယောက်မြောက်ပေါ့…. အကြီးဆုံးနှစ်ယောက် ယောက်ျားလေးပါဆရာ… အငယ်ဆုံးကမိန်းကလေးပေါ့။ ဆရာ့ဆီကိုတိုင်ပင်ဖို့လာတယ်ဆိုတာ ကျွန်မအစ်ကိုကြီးအတွက်ရော ကျွန်မတို့တစ်မိသားစုလုံးအတွက်ပါဆရာ….။”
စကားပြောရင်းပင်… မသောက်ရသေးသော အအေးအား ကောင်မလေးတစ်ငုံယူသောက်လိုက်သည်။ ထို့နောက် သူမဇာတ်လမ်းအားဆက်လက်ပြောဆိုတော့သည်။
“ကံကြမ္မာက တစ်ခါတစ်လေ မတရားဘူးလို့ထင်မိတယ်ဆရာ….. ကျွန်မတို့မိသားစုအပေါ်မှာပေါ့…။”
ပြောရင်းနှင့်ပင် သူမမျက်ဝန်းမှာ အရည်တစ်ခုလဲ့သွားသည်ကို ကျွန်တော်တွေ့လိုက်ရသည်။
“သမီးအစ်ကိုအကြီးဆုံးနာမည်က ကိုရဲဇော်လို့ခေါ်ပါတယ်ဆရာ…… သူ့မှာလည်းမိသားစုရှိပါတယ်….. သမီးလေးတစ်ယောက်လည်းရှိပါတယ်ဆရာ….. အရင်ကမလေးရှားမှာ အလုပ်သွားလုပ်ဖူးပါတယ်.. လွန်ခဲ့တဲ့ သုံးလက အသည်းရောင်(ဘီ)ပိုးတွေ့တယ်ဆိုပြီး ပြန်လာရပါတယ်ဆရာ… ခုလည်းသူ့အမျိုးသမီးရဲ့ အလုပ်နဲ့ နေပြည်တော်မှာနေပါတယ်….။ လွန်ခဲ့တဲ့တစ်ပတ်က ရန်ကုန်အိမ်ကိုရောက်လာတယ်… သူ့ကြည့်ရတာ သမီးတော့ သိပ်မသင်္ကာသလိုပဲ…. တော်တော်လေးလည်ပိန်သွားတယ် အသားအရေတွေလည်းခြောက်သွား တယ် (ဘီ)ပိုးမှ ဟုတ်ရဲ့လားလို့လည်းထင်မိတယ်…. မျက်နှာလည်းမကောင်းဘူးဆရာ…။ ဒါနဲ့ကျွန်မလည်း သွေးတွေဘာတွေစစ်ကြည့်ဦးလို့ ပြောလိုက်သေးတယ်..။ သူက စစ်ပြီးပြီတဲ့….. ဒီလိုနဲ့ သူအခု နေပြည်တော် ပြန်သွားပြီဆရာ….။ သမီးတော့သူ့ကို သွေးထပ်စစ်ခိုင်းချင်တယ်…… သေချာအောင်ပေါ့…….ဆရာ….။ နောက်တစ်ခုကတော့ သမီးကိစ္စပါဆရာ…….။”
ကျွန်တော်မျက်ခုံးတစ်ချက်ပင့်ကာ သူမအားကြည့်လိုက်မိသည်။ ကောင်မလေးကတော့ မောသွားဟန် တူသည်။ အအေးခွက်ကိုယူ၍ ထပ်မံသောက်လိုက်၏။ သူမပြောသောစကားအား…. ကျွန်တော်သိချင်နေသော ကြောင့် စကားအားထပ်မံဆက်လိုက်၏။
“သမီးကိစ္စဆိုတာက………”
“ဒီလိုပါဆရာ….. သမီးမှာလွန်ခဲ့တဲ့ (၁)နှစ်ခွဲလောက်က ချစ်သူရှိခဲ့ဖူးပါတယ်…….။ သမီးမရှက်တော့ပါဘူးဆရာ ဒီအချိန်မှာရှက်နေလို့လည်း… ဘာမှမထူးဘူးဆိုတာ သမီးသိနေပြီဆရာ…….”
ကောင်မလေးမျက်နှာတွင် ခိုင်မာတဲ့ဆုံးဖြတ်ချက်တစ်ခုအားရှိသည်ဟု ကျွန်တော်မြင်နေရသည်။ ပြောနေရင်းပင်….. ကောင်မလေးမျက်ဝန်းမှ မျက်ရည်များ….တစ်စက်ချင်းကျလာလေသည်။ ကျွန်တော်မြင်နေ ကျ…… ရှိုက်ကြီးတငင်မဟုတ်ဘဲ….တင်းခံထားရင်းပင်ကျလာသော မျက်ရည်စက်များနှင့် တူလှသည်။ ကျလာသော မျက်ရည်များကိုထိန်းရင် ကောင်မလေးသည် စကားကိုထပ်မံဆက်ပြောလေသည်။
“အဲသည်ချစ်သူနဲ့ သမီးအချစ်နယ်ကျွံခဲ့ပါတယ်ဆရာ…..”
“အလို…….ဘုရားရေ….”
မထင်မှတ်ထားသောစကားတစ်ခုကို ကြားလိုက်ရသည့်ကျွန်တော်….. ကျွန်တော်နှစ်သက်သော ဆရာမ(ဂျူး)၏ဇာတ်ကောင် သုံးသည့်အတိုင်း စကားတစ်ခွန်းသည် အမှုမဲ့အမှတ်မဲ့ ယောင်ယမ်းကာ နှုတ်မှ ‘လွှတ်ခနဲ’ ထွက်သွားမိသည်။
“ဟုတ်ပါတယ်…ဆရာ…. အဲသည်ကတည်းက သူသမီးကို အဆက်ဖြတ်ထားပါတယ်….။ ဒါပေမယ့် လွန်ခဲ့တဲ့တစ်ပတ်ကျော်ကျော်က သမီးသူ့ကိုမထင်မှတ်ဘဲ တွေ့ခဲ့တယ်….။ သူအရင်ကနဲ့မတူတော့ဘူး ဆရာ.. တော်တော်လေးပိန်သွားတယ်… နောက်ပြီး…… နောက်မကျစေနဲ့ သမီးကို သွေးစစ်ကြည့်ဦးလို့ ပြောသွားတယ်… ”
“အို………”
အံ့ဩတကြီးဖြစ်ရမိသူက ကျွန်တော်……. ကောင်မလေးကြည့်ရတာ.. မျက်ရည်တွေရစ်ဝိုင်းနေပေမယ့် မကျအောင်ထိန်းထားနိုင်တာ သိပ်တည်ငြိမ်လွန်းနေတယ်…။ ဒီခေတ်လူငယ်တွေ အရမ်းပွင့်လန်းလာတာကို ကျွန်တော်အံဩနေမိသည်။
“အခု သမီးဖြစ်စေချင်တာက…. ”
“သမီးအစ်ကို…. ဒီမှာပဲလာပြီး… သွေးစစ်စေချင်တယ်..ပြီးတော့ ဆရာ..သမီးကိုကူညီပေးပါ… သမီးလည်းစစ်မယ်… သမီး counselling မလုပ်တော့ဘူးဆရာ… သမီးခံနိုင်ရည်ရှိပါတယ်..”
“သမီးရယ်…..”
ကျွန်တော်နှုတ်ဖျားမှ စကားတစ်ခွန်းသာထွက်ကျသွားသည်။ အတိတ်က ပုံရိပ်များသည် မစဉ်းစားဘဲ ကျွန်တော့်အာရုံတွင် တရိပ်ရိပ်ပေါ်လာတော့သည်။
*****************************************
“ရဲထွန်းသာ ငါ့အနားမှာရှိရင် အဲလိုဖြစ်လာမှာမဟုတ်ဘူး…. သူမန္တလေးမှာ ဂရုမစိုက်လို့အဲသည်လိုဖြစ် သွားတာ”
သတိရတိုင်းတဖွဖွပြောနေတဲ့ စကားတစ်ခွန်းကြားတိုင်း ကျွန်တော်နှင့်မကြီးနောက်ကျောမလုံသလိုလို ခံစားရသလို… ရင်ဘတ်ထဲတွင်လည်း ဆို့နစ်နစ်ကြီးခံစားရစမြဲဖြစ်သည်။
“အမေရယ်… ကိုကြီးအဆုတ်က ကျွမ်းနေလို့ဖြစ်မှာပေါ့ ရောဂါက ချက်ချင်းထပြီး ဆုံးသွားတာကို..”
နှုတ်ကသာဖွင့်ပြောလိုက်သော်လည်း အစ်ကိုဆုံးသွားတာ ဟိုရောဂါဆိုးနဲ့ဆိုတာ ကျွန်တော် ၊ မကြီး နှင့်…. အစ်ကိုမိန်းမသာသိသည်။ မန္တလေးသို့ရောက်သွားပြီ အစ်ကို့မိန်းမ ချုံးပွချငိုမှပဲ အဲသည်ရောဂါဆိုတာ သိခဲ့ရသည်။ ကံကောင်းသည့်အချက်က ကိုကြီးသားလေးဆီမှာ ရောဂါမရှိတာပဲ…..။ ဆေးထိုးအပ်သုံးသုံးတတ် တဲ့….ကိုကြီးရဲ့အဖြစ်တွေကိုလည်းသိထားသည်ဆိုတော့…. အဖြစ်ကရှင်းနေ၏။ ကျွန်တော်နားမလည်နိုင်တာ ကိုကြီး…ဘယ်အချိန်ကစပြီး ဒီရောဂါရသည်ကိုမသိ… အစ်ကို့မိန်းမခမြာ ဘာမှမသိဘဲရောဂါကြီးကူးစက် ခံလိုက်ရတာကို စိတ်မကောင်း…။ ကိုကြီး ဒီရောဂါကြီးနှင့်ဆုံးပါးသွားခဲ့သည်ကို ကျွန်တော်ကိုယ်တိုင် ရှက်လွန်း အားကြီးရျ် မည်သူ့ကိုမျှ မပြောမိခဲ့ချေ။ ဒီလိုနှင့်ပင် Counseller (နှစ်သိမ်းဆွေးနွေးသူ) တစ်ယောက် ကျွန်တော် ဖြစ်ခဲ့၏။ တခါတရံ စိတ်ထဲလိပ်ပြာမလုံဖြစ်သေး၏။ ဒီရောဂါကြီးနှင့်ဆုံးပါးသွားရသည်ကို ယခုထိပြောမထွက်ခဲ့ ပေ။ အမေရွတ်ရွတ်နေသော ထိုစကားကြားတိုင်း စိတ်မကောင်းဖြစ်ခဲ့ရသည်။ အမေကိုယ်တိုင် သူ့သား ဘာရောဂါနှင့်ဆုံးပါးသွားသည်ကို အမှန်အကန်မသိရပေ။ စဉ်းစားရင်းပင်… မျက်ဝန်းထောင့်မှ မျက်ရည်တချို့ စိုစွတ်လာ၏။
“ဆရာ…. ကျွန်မပြောတာသဘောတူရဲ့လား…”
“အော်… ဆော်ရီးသမီးရယ် အတွေးလွန်သွားလို့… တူတာပေါ့.. နက်ဖန်… သမီးသွေးလာစစ်လိုက်ပါ… သမီးအစ်ကိုကိုတော့ ရန်ကုန်ကနေ လှမ်းခေါ်လိုက်ပေါ့…”
“ဟုတ်ကဲ့…ကျေးဇူးတင်ပါတယ်ဆရာ… သမီးမနက်ဖြန်လာခဲ့ပါမယ်…”
ကောင်မလေးထွက်သွားသည်ကို ကြည့်ရင်း ကျွန်တော်သက်ပြင်းကြီးတစ်ချက် မှုတ်ထုတ်မိသည်။ အသက်နှင့်မလိုက်အောင် တည်ငြိမ်သည့်ကောင်မလေးပင်။
*****************************************
ရုံးရောက်သည်နှင့်နံနက်စောစောပင် ကောင်မလေးရောက်လာသည်….။ သူမသွေးအားယူပြီးသည်နှင့် .. အဖြေကို နောက်တစ်ပတ်မှ သူမအစ်ကိုအားခေါ်လာရင်းလာယူမည်ဖြစ်ကြောင်း ကျွန်တော့်ကိုပြောသွားရှာ သည်။ သူမသည် ကျွန်တော့်အား သင်ခန်းစာတစ်ခုပေးခဲ့သည်…. Counseller (နှစ်သိမ့်ဆွေးနွေးသူ) တစ်ယောက် ဖြစ်ပြီး မိမိအစ်ကို ထိုရောဂါနှင့်ဆုံးပါးသွားသည်ကို မပြောရဲခြင်းပင်…။ ဒီနေ့အိမ်သို့ပြန်ရောက် သည်နှင့် အမေ့အားဖွင့်ပြောမည်ဟု ကျွန်တော်ဆုံးဖြတ်လိုက်၏။
ညဘက်အိမ်ပြန်ရောက်သည်နှင့် အမေ့ကို တွေ့နေကျနေရာမှာပင်တွေ့ရစမြဲဖြစ်သည်။ အမေဘုရားခန်းထဲမှ ပုတီးစိပ်ပြီးပြန်ထွက်အလာ……..
“အမေ…………………..****************************”
ကျွန်တော်ပြောလိုက်သော စကားအပြီးတွင် အမေ့မျက်နှာတွင် ခံစားမှုအရောင်တစ်ခုဖြတ်ပြေးသွား သည်။ ကျွန်တော့်ဘက်သို့လှည့်ရျ် အမေပြောလိုက်သောစကားတစ်ခွန်းကြောင့်…… ကျွန်တော့်ရင်ဘတ်တစ်ခုလုံး ‘ဝုန်းကနဲ’ ဖြစ်သွားစေသည်။
“ဒီစကားကြားရပေမယ့် အမေခံနိုင်ပါတယ်သားရယ်… အမေလည်းတရားနဲ့ဖြေတတ်ပြီပဲ နောက်ပြီး အမေ့သားက Counseller (နှစ်သိမ့်ဆွေးနွေးသူ) တစ်ယောက်ပဲလေ..”
ကျွန်တော်အမေ့အား….နွေးထွေးစွာသိုင်းဖက်လိုက်သည်။ ကျွန်တော့်မျက်ဝန်းမှ ထိန်းမရတဲ့ မျက်ရည်တစ်ပေါက် (သို့) ကျွန်တော့်ရင်တွင်းခံစားချက်တစ်ခု အမေ့ပုခုံးပေါ်သို့ ခုန်ထွက်သွားသည်။
************************************
“ဆရာ……..”
နံနက်စောစောပင် ရုံးခန်းအဝမှ ကြားလိုက်ရသောအသံကြောင့် ကျွန်တော်အခန်းဝကို မကြည့်ဘဲ ထိုအသံရှင်ကိုသိလိုက်၏။
“ဪ ……သမီး…အစ်ကိုရော….”
ကျွန်တော့်အမေးကို သူမမဖြေသေးဘဲ… ထိုင်ခုံတွင်ဝင်ထိုင်ကား…. သူမထံမှ ကျွန်တော်မမြင်ဘူးသည့် မျက်ရည်တစ်ပေါက်….မဟုတ်ဘူး… တစ်ပေါက်ပြီးတစ်ပေါက်ပဲ.ကျလာတော့သည်။
“သမီး…..ဆရာ့ကိုပြောပါဦး….”
“အစ်ကို…ဆုံးပြီးဆရာ…မနေ့ကပဲ… သူ့မိန်းဖုန်းဆက်ပြောတယ်…. ဆရာ.. AIDS နဲ့တဲ့……”
ပြောလည်းပြော ငိုလည်းငို သည်ကောင်မလေးအဖြစ်ကို ကျွန်တော်ကြည့်ရင်း… ကျွန်တော့်ရင်ဘတ်ထဲ က တစ်ခါမှမဖြစ်သေးဖူးတဲ့ ခံစားချက်က တဒိန်းဒိန်းဖြစ်နေတယ်…။
“အမေ့ကိုတော့….အဲသည်ရောဂါဆိုတာ မပြောလိုက်ဘူးဆရာ…. သူ့မိန်းမကတော့ ိငိုနေတာတအားပဲ..”
“အို……..”
“ဆရာသမီးရဲ့အဖြေလွှာ……”
သူမပြောမှပင် ကျွန်တော်သတိရမိသည်… သူမဆေးစစ်ချက်အဖြေလွှာ ကျွန်တော့်စားပွဲပေါ်တွင် ရောက်နေပြီပဲ…. စာအိတ်ကလေးနှင့်ပင်….။ ကျွန်တော်သူမအားကြည့်ရင်း………….
“သမီး…. Counselling လုပ်ဦးမလား….”
“ရတယ်ဆရာ… သမီးခံနိုင်ရည်ရှိပါတယ်…. သမီးဘာကိုမှလည်းမမှုတော့ဘူး.နောက်ပြီးသမီးလည်း ပညာတတ် တစ်ယောက်ပဲ….”
ထိုစကားတစ်ခွန်းကြောင့်ပင် သူမသတ္တိကို ကျွန်တော်ချီးကျူးမိသည်။ ကျွန်တော့်လက်ထဲက သူမဆေး စစ်ချက်အဖြေလွှာကို သူမအားကမ်းပေးလိုက်သည်။ စာအိတ်ကို သူမယူကာ ဖောက်ကြည့်ဖို့ပြင်စဉ်…
“သမီး…မဖောက်နဲ့ သမီးတစ်ယောက်တည်းသာသိပါစေ သမီး…. အပြင်ရောက်မှ တစ်ယောက်တည်းကြည့် လည်းရပါတယ်…”
“ရပါတယ်ဆရာ… သမီးမှာ.. ရှိခဲ့ရင် ဆရာတစ်ယောက်လုံးရှိတာပဲ…သမီးဘဝကိုရင်ဆိုင်ပြီး ဆေးသောက်ဖို့ ဆရာပဲ အကူအညီပေးပါ…”
ကျွန်တော်ရှေ့မှာပင် သူမစာအိတ်အား ဖွင့်ဖောက်လိုက်သည်။ သူမလက်ဖျားကလေးများ အနည်းငယ် တုန်ယင်နေသည်ကို ကျွန်တော်တွေ့လိုက်ရသည်။ သူမ မဆိုထားနှင့် ကျွန်တော်ကိုယ်တိုင်ပင်… လက်ဖျားများ အေးစက်လာ၏။ သူမစာအိတ်အားဖွင့်ရျ် အထဲမှအဖြေလွှာခေါက်ကလေးအား လှန်ကြည့်လိုက်သည်။ သူမမျက်နှာ မည်သို့ပြောင်းလဲသွားသနည်း……. ကျွန်တော်အသေအချာ သူမမျက်နှာအား အကဲခတ်ကြည့်နေ မိသည်။
“ဆရာ……….. ”
သူမမျက်ဝန်းထဲမှာ မိုးများသည်းထန်စွာရွာနေသည်ကို ကျွန်တော်မြင်လိုက်ရသည်…။ သူမပါးပြင်ပေါ် တွင် ရေစီးချောင်းအကြီးစားတစ်ခုဖြစ်ပေါ်သွားသည်…. သူမမျက်ဝန်းထဲမိုးမှာသည် ကျွန်တော်ရင်ဘတ်ထဲသို့ လာရောက်ရိုက်ခတ်လေသည်။ သို့ပေမယ့်…… သူမ၏နှုတ်ခမ်းထောင့်စွန်းလေးများသည် အပေါ်သို့ ကွေးညွှတ်တက်လျှက်…….
“ဆရာ….ဆရာ…… Negative (နဂ္ဂတစ်) တဲ့…..”
ထိုအပြုံးအား ကျွန်တော်ယခင်ကမမြင်ဖူးပါ.. ထိုကောင်မလေးမျိုးအား ကျွန်တော်မတွေ့ဖူးပါ…။ သို့ပေမယ့်…… ထိုသို့ရင်ဆိုင်ရဲသောသူမကို ကျွန်တော်လေးစားမိသည်။ သူမအပြုံး သူမကျွန်တော့်ဆီရောက်လာကတည်းက ယခုမြင်ဖူးသည့်သူမအပြုံး…………………………။ သူမအပြုံးသည် ဘဝတစ်ခုလုံးသူမပိုင်ဆိုင်သွားသည့်အပြုံးဖြစ်သည်။
(၁)နှစ်ခန့်ကြာသောအခါ……….
“စိတ်ဓာတ်မကျပါနဲ့ မောင်လေးရယ်…. မောင်လေးဘေးမှာ မမတို့ရှိတယ် မောင်လေးဘဝကို သက်တမ်းစေ့အောင်နေထိုင်နိုင်စေရမယ်…”
Counselling လုပ်နေသော ကောင်မလေးအား ကျွန်တော်တစ်ချက်လှမ်းကြည့်မိလိုက်သည်……….။ ကျွန်တော့်ရင်ထဲတွင် လှိုင်းတစ်ခု ရိုက်ခတ်သွားသည်………အဲသည်လှိုင်းသည်……………………..။
ဘာမှမလိုပါဘူး………
ဘာမှမလိုအပ်ဘူး…….
နွေးထွေးတဲ့ မျက်ဝန်းတစ်စုံ……
နွေးထွေးတဲ့ လက်တစ်စုံ……..
နားလည်နိုင်တဲ့ နှလုံးသား……
သင်နဲ့ သူတို့အတွက်….
လူသားချင်းစာနာမှု……….။
(ကျော်စွာအောင်)
……………………..
ကျေးဇူးတင်ပါသည်။
အောင်မိုးသူ
13 comments
ကထူးဆန်း
August 30, 2012 at 3:58 pm
မျက်စိနဲနဲ လည်သွားလို့ပါ ။
ကိုကျော်စွာအောင် ဆို တာ က ကဗျာရေးသူ ကို ညွှန်းတာလားဗျ ။ ဒါမှ မဟုတ် တပုဒ်လုံးရေးတာလား ။
aung moethu
August 30, 2012 at 4:02 pm
လည်သွားတာ တောင်းပန်ပါတယ် ကျော်စွာအောင်ဆိုတာ အဲသည်ထဲက ဇာတ်ကောင် Counselling လုပ်တဲ့ Counseller ပါ..။
ကထူးဆန်း
August 30, 2012 at 9:32 pm
ဆောရီးပါ။ ကျွန်တော်လည်း ပြန်ဖတ်ကြည့်ပေမဲ့ ဆရာ ကျော်စွာအောင် ဆိုတာကို မတွေ့မိလိုက်လို့ပါ ။
Mon Kit
August 30, 2012 at 4:18 pm
အင်းးးးးးးးးးးး… ဘဝတွေ… ဘဝတွေ…. ဘဝတွေ…. 🙁
Khaing Khaing
August 30, 2012 at 4:30 pm
ဒါဆို အောင်မိုးသူက ဒီပို့စ်ကိုရေးတာပေ့ါနော် ….. ကောင်လေး ငယ်ပေမယ့် ဇာတ်လမ်းတွေတင်တာ စွဲဆောင်မှုရှိတယ် …….. အားပေးနေပါတယ် ……… အသက်လုပွဲပို့စ်မှာ လက်မထောင်အားပေးသွားသလို ဒီပို့စ်မှာလည်း အားပေးသွားပါတယ်နော် ……….
aung moethu
August 30, 2012 at 4:39 pm
ကျေးဇူးတင်ပါတယ် ခင်ဗျာ။ း)
nozomi
August 30, 2012 at 4:43 pm
ကျွန်တော်လဲ အားပေးနေပါတယ်
ဖတ်မိသမျှတော့ အကုန်ကြိုက်နေတာပဲ
ကိုကျော်စွာအောင် နဲ့ ကိုအောင်မိုးသူ ကတစ်ယောက်ထဲ လားဗျ
အပြင်လောကမှာရော
Counseller တစ်ယောက်ဖြစ်ဘို့
နွေးထွေးတဲ့ မျက်ဝန်းတစ်စုံ……
နွေးထွေးတဲ့ လက်တစ်စုံ……..
နားလည်နိုင်တဲ့ နှလုံးသား……
သင်နဲ့ သူတို့အတွက်….
လူသားချင်းစာနာမှု……တို့ အပြင်
ဘာအရည်အချင်းတွေလိုမလဲ ( ဥပမာ ဆရာဝန်ဆိုတာမျိုးပေါ့)
aung moethu
August 30, 2012 at 4:54 pm
ဆရာဝန်မဟုတ်ဘဲ Counseller တစ်ယောက်ဖြစ်လို့ရပါတယ်။ အရည်အချင်းပြည့်မီဖို့ သင်တန်းတွေတက်ဖို့ လိုတာပေါ့ဗျာ။
မောင်ပေ
August 30, 2012 at 7:59 pm
ကျွန်တော်လဲ သွေးစစ်ရမယ်ဟေ့ ဆိုရင် အရမ်းလန် ့တာပဲ…။ ယောက်ျားတစ်ယောက်ဆိုတော့ သိတဲ့အတိုင်းပဲပေါ့ဗျာ ။ ဟိုးတစ်လောက အသေးစားခွဲစိတ်မှုလုပ်ရတော့မယ်ဆိုတော့ ၊ သွေးစစ်ရပြီပေါ့ ။ ဓါတ်ခွဲခန်းထဲမှာ ရှပ်ပြာကိုလူးနေတာပဲ ။ နောက်ပြီး ဓါတ်ခွဲခန်းကအပြန် သူရို ့ဖုန်းနံပါတ်ကိုလည်း တောင်းယူလာခဲ့တယ် ။ အဖြေဘယ်အချိန် သိရမလဲ ဆိုတာမေးရင်းနဲ ့ပေါ့
ဒါနဲ ့.. အပြန်လမ်းတစ်လျှောက်ကော ၊ သွေးစစ်ဖို ့သွေးဖောက်ထုတ်ခဲ့ပြီးချိန်တစ်လျှောက်လုံး စိုးရိမ်ခြင်းကြီးစွာနဲ ့ပေါ့ ။ အဖြေသိရလောက်တဲ့အချိန် ၊ ဓါတ်ခွဲခန်းကို ဖုန်းလှမ်းဆက်မေးပြီး ၊ ဘာမှ မရှိပါဘူး ဆိုတဲ့ အဖြေချိုချိုလေး ( ဟုတ်တယ်… အဲဒီအဖြေထက် ချိုတဲ့အဖြေ မရှိနိုင်တော့ဘူး ၊ ဘဝမှာ ချစ်ရဆုံး မိန်းကလေးတစ်ယောက်ဆီကနေ ချစ်ပါတယ်ဆိုတဲ့ အဖြေရတဲ့အတိုင်းပဲ ) ကြားရတော့မှ သက်ပြင်းတွေ အများကြီးချ ၊ ငါနောက်ကို မဟုတ်တာ ဘာမှ မလုပ်တော့ပါဘူး လို ့၊ ကိုယ့်ကိုကိုယ် ပြန်ဆုံးဖြတ်ချက်ချရင်း အားရပါးရ ပြုံးပျော်မိတာပေါ့ဗျား
ချာလီဂဇက်ဒလဝမ်
August 31, 2012 at 2:21 pm
We are the WORLD .
ခပ်မိုက်မိုက် ကောင်မလေး
August 31, 2012 at 2:47 pm
ဘာမှမလိုပါဘူး………
ဘာမှမလိုအပ်ဘူး…….
နွေးထွေးတဲ့ မျက်ဝန်းတစ်စုံ……
နွေးထွေးတဲ့ လက်တစ်စုံ……..
နားလည်နိုင်တဲ့ နှလုံးသား……
သင်နဲ့ သူတို့အတွက်….
လူသားချင်းစာနာမှု……….။ တဲ့
———————
အရမ်းကောင်းပါတယ်…
အသိပညာလေးတစ်ခုပေါ့နော်…။
ကျေးဇူးပါ…..။
အားပေးနေပါတယ်….။
Mobile
December 13, 2012 at 11:04 pm
စာသားများကိုရော ကဗျာလေးကိုရော အားပေးသွားပါတယ်ခင်ဗျ။
uncle gyi
December 14, 2012 at 10:03 am
ကိုအောင်ရေ
နှစ်သိမ့်ပညာပေးကလိုအပ်သလို
အခုထိနယ်တွေမှာကျမ္မာရေးအသိနည်းနေသေးတာ
ပညာပေးတဲ့သူတွေလိုနေသေးတာ
ကလည်းအရေးကြီးကိစ္စလို့ထင်ပါတယ်ဗျာ
နယ်တွေမှာပညာပေးမဲ့သူတွေမွေးထုတ်ပေးနိုင်ဖို့ပိုအရေးကြီးသလားလို့