မြင်းမထိဂူ… …ရှမ်းပြည် တောင်ပိုင်း အလည်သွားမယ် (9 )…

Ma EiAugust 31, 20123min31716

မြင်းမထိဂူ…

…ရှမ်းပြည် တောင်ပိုင်း အလည်သွားမယ် (9 )…

 

ကလောမှ မြင်းမထိဂူ သွားရာလမ်းမှာ လှပလွန်းလှတဲ့ ကျောက်တောင်ကြီးရှိပါတယ်…

ကားရပ်ပြီးဓါတ်ပုံရိုက်ချင်ပေမဲ့ အချိန်ကစကားပြောမှာမို့ အသွား အပြန် ကားပေါ်ကဘဲ ဓါတ်ပုံရိုက်ရပါတော့တယ်…

စကောထဲက ဇီးဖြူသီးဖြစ်နေပေမဲ့ လှတဲ့ဓါတ်ပုံရခဲ့တယ် ထင်မိကြောင်းပါနော်…ဒီမှာကြည့်ပါဦး…

1…ကျောက်တောင်အလှ…
2…ဂေါ်ဖီထုပ် စိုက်ခင်း…
3…တိမ်တွေနဲ့ တောင်…
4..စိုက်ခင်းနှင့် ကျောက်တောင်အလှ…
5… မြေနီနီ နှင့် ကျောက်တောင်အလှ…
6…မြင်းမထိ လှိုဏ်ဂူတော် အဝင်…

 

မြင်းမထိဂူရောက်တော့ ရွှေဥမင်ဂူဘုရားဖူးစဉ် အဝင်ဝကဘုရားမှာ ထိုင်နေခဲ့မယ် သွားဖူးကြဆိုတဲ့ အမေက

လိုက်ခဲ့မယ်တဲ့…ကျမလဲ ဘာမှမစဉ်းစားမိဘဲ အသက် 82 နှစ်အမေကို တွဲခေါ်ခဲ့မိတာ…ဂူထဲရောက်တော့ ကျမတို့ အဖွဲ့နဲ့ နှစ်ဦး၊သုံးဦးလောက်ဘဲရှိတာရယ်…

တစ်ဖြည်းဖြည်း ဝင်သွားရင်းကနေ တစ်ချို့နေရာတွေ အတော်ကျဉ်းပြီး နိမ့်တာတွေကို သတိရသွားခဲ့ပေမဲ့ ဝင်ခဲ့မိပြီးမှဘဲ မကြာပါဘူး ပြန်ထွက်မှာဘဲဆိုပြီး ဆက်သွားခဲ့တာပါ။

လမ်းကျဉ်းကျဉ်း အတက်အဆင်း လှေကားထစ်တွေ၊ ရေစက်ရေပေါက်တွေအောက်၊ ရွံ့မြေတွေနဲ့ ချောတဲ့နေရာတွေ ဖြစ်လာတော့ အမေက ဘယ်ခေါ်လာကြတာလဲ၊ ဘယ်ကိုသွားမှာလဲ မရောက်သေးဘူးလား စသည်ဖြင့် မေးပါတော့တယ်…ရောက်တော့မှာ ရှေ့တစ်ကွေ့၊ရှေ့တစ်ကွေ့

နဲ့ ပြောလာကြရတာရယ်…အတူလာကြတဲ့ ရုံးက ညီမလေးတို့ စုံတွဲမလဲ အမေ့ကို ချော့မော့၊မြှောက်ပင့်၊ရယ်စရာ ပြောလို့ စိတ်ပြောင်းကြရပါတယ်…

ရုံးက ညီမလေးတို့ စုံတွဲကိုလဲ ကျေးဇူးတင်ကြောင်း ထပ်ပြောပါရစေနော်…

တစ်ချို့နေရာတွေမှာ အတော်မှောင်နေတာပါ။ ကျမတို့အဖွဲ့မှာ လက်နှိပ်ဓါတ်မီး၊ ဖယောင်းတိုင်၊ မီးခြစ် ဘာမှ မပါတာကြောင့် မီးပျက်ခဲ့ရင် ဆိုတာတွေးလို့

လန့်လာပါတယ်။ထွက်ပေါက်ကို အမြန်ဆုံးရောက်ချင်ပါပြီ…အရင်ကဒီလောက်မသွားရပါဘူး…ခဏဆို ထွက်ပေါက်ရောက်ခဲ့တာ လို့လဲ ခဏခဏပြောမိရဲ့။

တစ်ကွေ့ဆိုရောက်ပြီ ထင်ပေမဲ့..တစ်ကွေ့ တစ်ကွေ့နဲ့ မရောက်နိုင် ၊ သမီးနဲ့ ကောင်မလေးကို ရှေ့နားမြန်မြန်သွားကြည့် ထွက်ပေါက် ရောက်ရင်ပြောဆို

ရှေ့ကိုသွားခိုင်းလိုက်ပါတယ်…ခဏကြာ သမီးတို့ အသံ မကြားရတော့လို့ စိတ်ပူရပြန်ပါတယ်…လှမ်းမေးတော့လဲ..တွေ့သေးဘူး၊ မရောက်သေးဘူး

ဆိုတာမို့ မမေးရဲတော့ပါဘူး…

ကြောက်ကြောက် လန့်လန့် စိတ်ပူစွာနဲ့ဘဲ ဂူထဲမယ် အရင်ရောက်ခဲ့တုံးက မှတ်မိသလောက်  နတ်သမီးကျောက်ပျဉ်၊ နတ်သမီး ဘရက်စ်၊ ဆင်မိသားစု၊

ဘီလူးခေါင်း၊ ကျောက်ကန့်လန့်ကာ၊ ကျောက်ခရုသင်း နှင့် ထီးတော်သုံးဆင့် စေတီတော်တို့ ရှိကြောင်းလဲ သတိရမိပါတယ်။

တွေ့ပြီ မေမေရေ…ထွက်ပေါက်ရောက်ပြီ ဆိုတဲ့ သမီးလေး အသံကြောင့် စိုးရိမ်စိတ်တွေ ပျောက်ခဲ့ရပါတယ်…အပြင်ဘက်ရောက်လို့ အုတ်ခုံလေးတွေမှာ

အမောဖြေပြီးမှဘဲ ဓါတ်ပုံရိုက်ရပါတော့တယ်…

 

7… မြင်းမထိ လှိုဏ်ဂူတော် အထွက်…
8…ကျောက်ကမာ္ဘးယံနှင့် လှေကားထစ်များ…
9…နာဂဒေဝီ ဆုတောင်းပြည့်စေတီ…
10…စေတီစုစု…

 

ကျောက်ကမာ္ဘးယံကြီးဘေးက စေတီလေးတွေနဲ့ သစ်ပင်ကြီးများရဲ့ အေးချမ်းသော အရိပ်ကြောင့်

စိတ်ပင်ပန်း၊လူပင်ပန်းသမျှ ပြေပျောက်လို့ အေးချမ်းခဲ့ရပါပြီ…

အမောပြေကြရင် ကလောမြို့ နှီးဘုရားဖူးဘို့ သွားကြရအောင်နော်…

ခင်တဲ့

မအိ

 

16 comments

  • မောင်ပေ

    August 31, 2012 at 5:34 pm

    မအိရေ
    နာဂဒေဝီဆုတောင်းပြည့်စေတီကို ဖူးမျှော်ကြည်ညိုပြီး
    ဆုတောင်းသွားပါတယ်

    • Ma Ei

      September 4, 2012 at 12:59 pm

      နာဂဒေဝီဆုတောင်းပြည့်စေတီလေးရှေ့မှာ
      နဂါးနှစ်ကောင်ပုံ ရှိတယ်…
      သမီးနဲ့ ကောင်မလေးတို့က သူတို့လဲ နဂါးဆိုပြီး
      အဲ့ရှေ့မှာ ဝင်ရပ်ကြလို့ ဓါတ်ပုံရိုက်ပေးခဲ့ရသေးတယ်…

  • ဖွတ်ဥ

    August 31, 2012 at 7:45 pm

    အီး သူပြောနေပုံက သများတောင်မှ လန့်တယ် ၊ ဂူပေါက်ကျဉ်းကျဥ်းဆို မဝင်ရဲပေါင် ၊

    • zarlay

      September 2, 2012 at 2:57 pm

      ဒီလို ပုံလေးတွေကိုတင်ပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်။ ကိုယ်မရောက်ဖူးပေမယ့် မြင်ဖူးအောင်တင်ပေးလို့ပါ။

    • Ma Ei

      September 4, 2012 at 1:05 pm

      ဖွတ်ဥ says:
      မလန့်ပါနဲ့ သများရယ်…
      လူငယ်လူရွယ်တွေအတွက် ပျော်စရာကောင်းပါတယ်…
      အန်တီအိမှာက အမေ 82 နှစ်ရယ်၊ သမီး 8 နှစ်ခွဲ ရယ်ပါနေတာကြောင့်
      စိတ်ပူစရာတွေများသွားလို့ပါ…
      စစချင်းရောက်တဲ့ အခေါက်ကဆို ဘာပြီးရင်၊
      ဘာတွေ့မလဲ စိတ်ဝင်တစားနဲ့ ပျော်ခဲ့တာ…

      zarlay says:
      ကျေးဇူးတင်ကြောင်းပြောပေးလို့ ဝမ်းသာမိပါတယ်…

  • မအိရေ
    ဂူအရှည်က ပေ1200ကျော်တယ်ဗျ။
    သူက စက်ဝိုင်းကြီးလိုပတ်သွားတာ။
    ကျနော်သွားတော့ ဘုရားဖူးလာတဲ့သူက ကျနော်နဲ့ ကျနော်သူငယ်ချင်း နှစ်ယောက်ထဲ။
    ကျနာ်က ဓါတ်ပုံတွေရိုက်ရင်းလူကွဲသွားတာ။
    ခဏနေတော့ ကျောထဲစိမ့်လာတာ။
    ဖုန်းဆက်လဲမရ မီးပျက်ရင်ဒုက္ခဆိုပြီး
    ဒါပေမယ် ထပ်သွားချင်သေးတယ်။
    ကျနာ်က အောင်ပန်းကနေဆိုင်ကယ်ငှားသွားတာဆိုတော့ လမ်းမှာရပ်ချင်တဲ့နေရာ
    ဆင်းပြီး ဓါတ်ပုံရို်က်ခဲ့တာက တော့ တန်တယ်။

    • Ma Ei

      September 4, 2012 at 12:53 pm

      ကျောက်တောင်နေရာမှာ ကားရပ်ပြီး ဓါတ်ပုံဆင်းရိုက်ချင်တာ
      ကြာနေမှာစိုးလို့ မရိုက်ခဲ့ရတာ..တသသဘဲ
      လမ်းလဲကြမ်းတော့ ကားထဲမှာလူကို
      စကောထဲက ဇီးဖြူသီးဖြစ်နေရော…

  • Hnin Hnin

    September 1, 2012 at 2:38 am

    နာဂဒေဝီ ဆုတောင်းပြည့်စေတီကို မဖူးခဲ့ရဘူးထင်လို့ သေချာဖူးလိုက်ပါတယ်။ နှင်းနှင်းတို့တုန်းက ဘုရားဖူးကားနဲ့ မေမေ့ဘက်ကအမျိုးတွေစုသွားကြတာ လူတွေအများကြီးပဲ။ ညဘက်ကားပေါ်မှာအိပ်ရ
    ရင် ဇက်ခေါက်ပြီးလုံးဝမအိပ်တတ်လို့မျက်တွင်းဟောက်ပက်ဖြစ်ရတာကလွဲလို့ ပျော်ဖို့အရမ်းကောင်း..း)
    ရုတ်ရုတ်၊ရှုပ်ရှုပ်နဲ့။ ။အခု မမအိ သွားခဲ့တဲ့နေရာတွေကို တစ်ဆက်တည်းရောက်ခဲ့တယ်(ဒါပြီးရင် ကလော
    ဆိုလို့ပါ)။ ဂူထဲမှာကြာတာတော့ သိတယ်။ အဲဒီတုန်းကလည်း(၂၀၀၅)ဂူထဲရောက်တော့ အေးစိမ့်စိမ့်နဲ့ မွန်းသလိုလည်း ခံစားရ(ဂူထဲဝင်ရမှာကြောက်တဲ့လူတွေက အသက်ရှုမဝကြလို့ မဝင်ကြတာထင်ရဲ့နော်)
    ဘေးဘီ၊အပေါ်လည်း ကြည့်စရာရှိတာကြည့်၊မှတ်စရာတွေမှတ်ရနဲ့ဂူခြေကျတော့လည်း ရွှံ့ရေစိုစွတ်စွတ်၊
    ချောပြောင်ပြောင်နဲ့ ဖြည်းဖြည်းသတိထားလှမ်းခဲ့ရတယ်။ ဂူအဆုံးမှာ ဘုန်းကြီးက(အဲဒီကဘုန်းကြီးပဲလား
    မသိဘူး) အလှူခံလို့ ပိုက်ဆံစုပြီးတော့ လှူကြတယ်။ ရွှံ့ပေပေနဲ့ တရားဟောတာ ခဏနာ၊ဘုရားစာ၊
    အမျှဝေတာ တိုင်ပေးတာလိုက်ဆိုပြီးအပြင်လူတွေရော၊ နှင်းနှင်းတို့ဘုရားဖူးကား(၄၊၅စီးလား)ကဝင်လိုက်
    တဲ့လူတွေရောစုထိုင်ပြီး အဲဒီဂူက အစောင့်အရှောက်တွေရော၊ မိဘဆွေမျိုး၊ ကမ္ဘာသူကမ္ဘာသားတွေပါ
    အကုန်အမျှဝေခဲ့ရတယ်။ ဘုန်းဘုန်းက ဒီလူတွေအကုန်လုံး မိသားစုဖြစ်သွားပြီလို့လည်း မိန့်ခဲ့တယ်။
    ခုရော အဲလိုအစဉ်အလာလေးရှိသေးလားတော့ မသိဘူး။ ဂူအထွက်မှာ လုပ်ခဲ့တာ အဲဒါကတော့ မှတ်မှတ်
    ထင်ထင်ပါပဲ။

    • Ma Ei

      September 4, 2012 at 12:46 pm

      နှင်းနှင်းရေ…
      အရင်အခေါက်တွေကတော့ အဲ့ဒီက
      လူကြီးတစ်ဦး ဂိုက်လုပ်ပေးခဲ့တာ…
      အမျှဝေတဲ့ အစီအစဉ်လဲပါတယ်…
      ခုတစ်ခေါက်မှာ တစ်ခြား ဘုရားဖူးတွေ လဲမတွေ့
      ဘုရားဂေါပကတွေလဲ မတွေ့ လူနည်းနေတယ်…
      သတိမထားမိဘဲ ဒီတိုင်း ဝင်သွားလိုက်မိတာရယ်…

  • may flowers

    September 1, 2012 at 11:42 pm

    တောတောင်ရှုခင်းလေးနဲ့ စိုက်ခင်းပုံလေးတွေကို ကြည့်ရတာ စိတ်ကြည်နူးလိုက်တာ မအိရေ။

    အော်…ဘုရားလည်းဖူးသွားတယ်နော် ( မအိပုံလေးတွေကြည့်ပြီး သွားချင်လိုက်တာ သွားချင်လိုက်တာ)

    • Ma Ei

      September 4, 2012 at 12:49 pm

      မေလေးလည်း ခရီးသွား ဝါသနာပါသူထင်ရဲ့နော်…
      တောတောင်ရှုခင်းလေးတွေ၊ စိုက်ခင်းလေးတွေမြင်ရရင်
      စိတ်ကြည်နူးမှုခံစားရသူချင်းတူနေလို့ပါ…

  • Mon Kit

    September 4, 2012 at 1:53 pm

    မမအိရေ….. အဟောင်းက အသစ်လိုဘဲ ပြန်လည်ခံစားမိပါတယ်….
    အဲတုန်းက မအိ မေမေအတွက် စိတ်လဲပူ… စိတ်ပြောင်းသွားအောင် ရယ်စရာတွေလဲပြော…
    အမှတ်တရပါဘဲ… အဘွားမှာ အပြင်ရောက်တော့မှ မျက်နှာလေးလန်းလာပီး ပြုံးပျော်လာတော့တယ်…
    စိုးရိမ်စိတ်များနဲ့ ပျော်ခဲ့ရတဲ့မြင်းမထိဂူလေ…… 🙂

  • Ma Ei

    September 4, 2012 at 2:38 pm

    အပြန်လမ်းမှာ အားလုံးပျော်ရွှင်ရယ်မောနေကြတဲ့ပုံလေး
    တင်လိုက်ရင်ကောင်းမလားနော်…

    • Mon Kit

      September 4, 2012 at 2:50 pm

      ကောင်းတယ်… ကောင်းတယ်… ဒါမှ ပြည့်စုံသွားမှာ……. 😛

    • Mobile

      December 13, 2012 at 9:15 pm

      အပေါ်ပိုင်းက ရှု့ခင်းပုံလေးတွေကိုသာ သဘောတွေ့မိပါကြောင်း

  • Novy

    September 4, 2012 at 2:46 pm

    နိုဗွီတို့ သွားတုံးက နတ်သမီးကျောက်ပျဉ် မှာ သနပ်ခါးတွေသွေးပြီး
    ဝိုင်းပြီးလုလိမ်းကြတာ ဂူပြင်ရောက်တော့
    တစ်ယောက်မျက်နာှ တစ်ယောက်ကြည့်ပြီး
    ရီလိုက်ရတာ ပြန်တောင် သတိရသွားပြီ

Leave a Reply