ပန်းတစ်ပွင့်ရဲ့…. ရာဇဝင်

အောင် မိုးသူSeptember 4, 20121min2033

၂၀၁၂ခုနှစ်
အေးစိမ့်စိမ့်မြောက်ပြန်လေတစ်ချက်က ပတ်ဝန်းကျင်းတစ်ခုလုံးကို ခဏတာတိုက်ခိုက်သွားသည်။ ကျွန်တော်အိမ်ရှေ့သို့ အပြေးထွက်ကြည့်လိုက်သည်။ မွှေးပျံ့ပျံ့ခရေပန်းရနံ့က နံနက်ခင်းမှုန်ရီဝိုးတဝါးကို လတ်ဆတ်သွားသလိုခံစားလိုက်ရသည်။ အိမ်ရှေ့မှာ အမေစိုက်ထားတဲ့ (၄)နှစ်သားခရေပင်လေးနှစ်ပင်က ပွင့်တဲ့ခရေပန်းလေးတွေရဲ့ရနံ့ သိပ်မွှေးလွန်းနေ၏။ ကျွန်တော်ခါးကိုင်းကာ ကြွေနေသော ခရေပန်းလေး တစ်ပွင့်စ နှစ်ပွင့်စကို ကောက်ယူလိုက်သည်။ ကျွန်တော့်လက်ထဲရှိ ဘေးနှုတ်ခမ်းသား ပွင့်ဖတ်ကလေးများ နွမ်းရော်ရော်ကလေးများနှင့် ခရေပန်းကလေးများကို ကျွန်တော်တရှိုက်မက်မက် နမ်းရှိုက်လိုက်သည်။ ဘယ်ပန်းရနံ့နှင့်မတူသော မွှေးရနံ့နှင့်အတူ ခရေပန်းရနံ့လေးများသည် ကျွန်တော်၏ ဟိုးအရင် အတိတ် တစ်ခုဆီသို့………. ခေါ်ဆောင်သွားသည်။

****************************************

၁၉၉၆ခုနှစ်
မနက်နိုးနိုးချင်း ခြင်ထောင်မှထွက်ကာ အိပ်ချင်မူးတူးဖြစ်နေတဲ့ ကျွန်တော့်မျက်လုံးများသည် အမေ့စက်ချုပ်စက်ခုံပေါ်သို့ ဦးဆုံးရောက်သွားသည်။ မျက်နှာသစ်၊သွားတိုက်မလုပ်ရသေးခင် စက်ချုပ်ခုံဘက် သို့ အပြေးသွားလိုက်၏။ စက်ချုပ်ခုံပေါ်တွင် ငါးကျပ်တန်တစ်ရွက်နှင့်
တစ်ဆယ်တန်တစ်ရွက် တစ်ရွက်ချင်းစီ က ို ပုလင်းဖြင့်ဖိထားသည်ကို ကျွန်တော်တွေ့လိုက်သည်။ ငါကျပ်တန်တစ်ရွက်အား ယူ၍ဘောင်းဘီအိတ်ကပ် ထဲ ၏သို့ ထည့်လိုက်သည်။ ကျန်သောတစ်ဆယ်တန်တစ်ရွက်သည် အစ်မအတွက် တစ်ရွက်ဖြစ်လိမ့်မည်။ ငါးကျပ်တန်တစ်ရွက်ကတော့ အငယ်ဆုံးဖြစ်သော ကျွန်တော့်အဖို့ဖြစ်မည်ဆိုတာကို ကျွန်တော်ဘယ်သူမှ မမေးဘဲ သိနှင့်သည်။ အမေ့ကိုတော့ လိုက်ရှာရန်မလိုပါ ဒီအချိန်ဆိုရင် ဈေးသို့ရောက်နေ ပြီ ဖြစ်မည်။ မကြီးကတော့ ညကညသန်းခေါင်းထိ စာကျက်ထားတာကြောင့် မထနိုင်ပေ။ ခုဆိုရင် ကျွန်တော်က(၅)တန်း မကြီးက(၁၀)တန်း။ ကျန်တဲ့ အစ်ကိုနှစ်ယောက်နဲ့ အစ်မတစ်ယောက်ကတော့ ရန်ကုန်တွင်မရှိပေ။ အစ်ကို အလတ်တစ်ယောက်သာ မလေးရှားတွင် အလုပ်လုပ်နေ၍ အစ်ကိုအကြီးအဆုံးနှင့်အစ်မအလတ်ကတော့ ကော့သောင်းဘက်တွင် အဒေါ်နှင့်နေသည်။ မလေးရှားမှအစ်ကိုကလည်း မိန်းမနှင့်ဆိုတော့ အမေ့ဆီသို့ ငွေကလှည့်မလာတော့ပေ။ အစ်ကိုအကြီးဆုံးနှင့်အစ်မလတ်သည်လည်း လစာက မရောက်တစ်ခါ ရောက်တစ်ခါသာဖြစ်သည်။

မျက်နှာသစ်၊သွားတိုက်၊ရေချိုး၊ကျောင်းဝတ်စုံလဲကာ ကျောင်းသို့အမြန်ထွက်ခဲ့ရသည်။ လမ်းထိပ် ရောက်မှ ကျောင်းသို့သွားသောလမ်းကြီးအားကြည့်၍ ကျွန်တော်လေတစ်ချက်မှုတ်ထုတ်မိ၏။ ညကမိုးရွာ ထားသောကြောင့် ကျောင်းသို့သွားသောလမ်းတစ်လျှောက်လုံးတွင် ဒူးဆစ်လောက်အထိမိုးရေတွေ ပြည့်နှက် နေသည်။ ကျွန်တော်ကြည့်ရင်းတစ်ချက်ပြုံးလိုက်သည် ဒါတွေက နှစ်စဉ်ကြုံနေကျပင်ဖြစ်သည်။ ဖိနပ်ချွတ်စရာ ပင်မလို အမေဝယ်ပေးထားတာ ဘီအမ်20(BM20) ဖော့ဖိနပ်ကအကြမ်းခံသည်။ မိုးတွင်းနှင့်တော့အံကိုက်ပင်။ လွယ်အိတ်ကိုတစ်ဖက်ကိုင်ကာ ကျောင်းကိုတန်းတန်းမတ်မတ်ရဖို့အရေး ရေထဲတွင်ခြေထောက်ကိုတိုးကာ တိုးကာ တဝေါဝေါဖြင့်လျှောက်နေရသည်။ ကျောင်းရှေ့ တွင် ကျောင်းလာပို့သော မိဘများနှင့် ပြည့်နေသည်။
“အောင်ပြည့်….အောင်ပြည့်…”
ခေါ်သံကြားသောကြောင့် ကျွန်တော်နောက်သို့ လှည့်ကြည့်လိုက်၏။
“ဟာ…စိုးသူအောင်….”
ကျွန်တော်နှင့်တစ်ခန်းတည်းသူငယ်ချင်း စိုးသူအောင်ဖြစ်သည်။ စိုးသူအောင်ဘေးတွင် သူ၏အမေနှင့် အစ်မပါလာသည်။ စိုးသူအောင်အား ကျောင်းလာပို့ခြင်းပင်ဖြစ်သည်။ ကျွန်တော်နှင့်စိုးသူအောင်သည် အတန်းတူသလို ထိုင်လျှင်လည်း ဘေးချင်းကပ်တူတူထိုင်သော အလွန်ခင်မင်သောသူငယ်ချင်းဖြစ်သည်။ စိုးသူအောင်အမေနှင့် အစ်မသည် ကျောင်းခန်းထဲထိလိုက်လာကာ စိုးသူအောင်စီးလာတော့ ဘွတ်ဖိနပ် (ခြေထောက်ရေမစိုသောဖိနပ်)အားချွတ်၍ အသင့်ပါလာသော ကတ္တီပါဖိနပ်ကို ထုတ်စီးပေးလေသည်။ ကျွန်တော့်ခြေထောက်မှာတော့ ဖော့ဖိနပ်ခေါ်သောဖိနပ်ဖြင့် အေးစက်ကာနေလေသည်။ ထိုအဖြစ်အပျက်ကို ကြည့်ပြီး တဖြည်းဖြည်းစိတ်အားငယ်လာမိသည်။ စိုးသူအောင်ကတော့ ကျွန်တော့်ကို ချစ်ဖို့ကောင်းတဲ့ အပြုံးလေးဖြင့် ရယ်ပြသည်။ စိုးသူအောင်ကို တစ်ချက်ငေးရင်းနဲ့ စာသင်ဖို့စာအုပ်တွေကို ကျွန်တော်အဆင်သင့် ထုတ်ထားလိုက်သည်။

***************************************

“ကလောင်….ကလောင်….”
ကျောင်းတက်ခေါင်းလောင်းထိုးပြီ။ ကျွန်တော်အပါအဝင် ကျောင်းသား၊ကျောင်းသူအားလုံး ဟေးခနဲ အော်ကာ ကျောင်းပေါက်ဝသို့ ပြေးထွက်ကြတော့သည်။ ကျွန်တော်တက်နေသော မူလတန်းကျောင်းလေး၏ အပေါက်ဝတွင် ကျောင်းသားမိဘများစွာ စောင့်ကြိုနေကြ၏။ ထိုအထဲတွင် ကျွန်တော့်အမေမပါပေ။ အမေအခုချိန်ဆိုလျှင် ဈေးထဲတွင်ပဲ ရှိဦးမည်။ အမေပြန်မလာခင် အဆင်သင့်ဖြစ်အောင် ကျောင်းမှအိမ်သို့ မိုးရေတောထဲတွင် ခြေထောက်အား ခပ်သွက်သွက် ကျွန်တော်လျှောက်မိသည်။

“အောင်လေး ပြန်လာပြီလား…”

“ဟုတ်ကဲ့….မဘူဂျီ….”

အိမ်ဘေးက အစ်မကြီးနှုတ်ဆက်သံကိုပင် ကျွန်တော်ကောင်းကောင်းမဖြေနိုင်ချေ။ ကျွန်တော့်ဗိုက်ထဲမှ ဆန္ဒပြနေကြပြီ။ နှုတ်မှ အသံတောင်မထွက်ချင်တော့။ အိမ်ပေါ်အမြန်ပြေးတတ်ကာ စားစရာရှာမိသည်။ ထမင်းရှာသည် ကုန်ပြီ။ တစ်ခုခုစားဖို့ရှာသည် မရှိတော့။ အမေများ မုန့်ဖိုးလေးများ တစ်နေရာရာထားခဲ့ သလားရှာသည် မတွေ့ပေ။ ရှာရင်းပင် အမေအိပ်သော ကုတင်အောက်တွင် တစ်ကျပ်တန်တစ်ရွက် သွားတွေ့ သည်။ တစ်ကျပ်တန်အားယူကာ စာလေးခွေအကြွေတစ်ထုပ်ပြေးဝယ်လိုက်သည်။ ထိုစဉ်တုန်းက စာလေးခွေ အကြေတစ်သေးသေးလေးတစ်ထုပ်ကို ငွေတစ်ကျပ်ဖြင့်ရသေးသည်။ စာလေးခွေအားအဆာပြေစား ရေသောက်ကာ အမေပြန်အလာ အဆင့်သင့်ဖြစ်ရန် ထမင်းအိုးကို ကျွန်တော်တည်ထားလိုက်သည်။

နေဝင်ဆည်းဆာသည် လိမ္မော်ရောင်ခပ်ရင့်ရင့်မှ အမှောင်ဘက်သို့သန်းလာသည်။ ဆွဲခြင်းတစ်လုံးဖြင့် ဈေးမှ ပြန်လာသော အမေ့အား ကျွန်တော်ဝမ်းသာအားရ ပြေးကြိုလိုက်သည်။

“သား….အရမ်းဗိုက်ဆာနေပြီ…”

“မြန်မြန်ချက်ပေးပါ့မယ်…သားရယ်..”

“အမေ့ မနက်ဖြန်ကျောင်းပိတ်တယ်… သားဆိုင်လိုက်ခဲ့မယ်နော်….”

“အေးလိုက်ခဲ့…..ဂျီမကျနဲ့နော်…. ”

အမေ့ကိုသာ ပြုံးစိစိဖြင့် ကျွန်တော်ကြည့်၍ ခေါင်းငြိတ်ပြလိုက်သည်။

*****************************************

အမေသည် ကျွန်တော်တို့ရပ်ကွက်နားက မြင်သာဈေးဆိုသည့်ဈေးတွင် ဘော်လီအကျီ င်္ချုပ်သည့် အပ်ချုပ်ဆိုင်တစ်ဆိုင်ဖွင့်ထားသည်။ အမေ့ဆိုင်လေး၏ သက်တမ်းမှာ (၃-၄)နှစ်လောက်ပင်ရှိသေးသည်။ အပ်ချုပ်ဆိုင်လေးဖွင့်ခါစမှာ အဖေကအမေ့ဘေးနားတွင်ရှိသေးသည်။ ဆိုင်ဖွင့်ပြီးတစ်နှစ်လောက်အကြာတွင် အဖေလည်းဆုံးပါးသွားသည်။ ထိုအခါအမေသည် ထိုအပ်ချုပ်ဆိုင်လေးနှင့်သာ ကျွန်တော်တို့အား ရှာဖွေကျွေးမွေးခဲ့သည်။
နံနက်(၆)နာရီကျော်ကျော်မို့ ဈေးထဲတွင်လူရှင်းနေသည်။ အမေဆိုင်ဖွင့်ရန် ဆိုင်ထဲမှ စက်ပစ္စည်းများ ကျွန်တော်နိုင်သလောက် သယ်ထုတ်ပေးနေရသည်။

“အန်တီ…ခရေပန်းဝယ်ဦးမလား….”

ဗန်းလေးထဲတွင် ခရေပန်းလေးများအား နှီးကြိုးဖြင့် အကုံးလေးများသီကာ လာရောင်းသော ကျွန်တော့် အရွယ် ကလေးနှစ်ယောက်ဖြစ်သည်။ ဗန်းပေါ်မှခရေကုံးမှာဆီမှ ရနံ့ကမွှေးကြိုင်နေသည်။

“တစ်ကုံးဘယ်လောက်လဲ ကလေး..”

“ငါးကျပ်ပါ အန်တီ…”

ပိုက်ဆံအိတ်ထဲမှ ငါးကျပ်တန်တစ်ရွက်ကို အမေ့ထုတ်ကာ ခရေပန်တစ်ကုံးဝယ်ကား ဆံထုံးတွင် အမေပန်လိုက်သည်။ အဖိုးနည်းပေမယ့် ကျက်သရေရှိပြီး မွှေးလိုက်တဲ့ခရေပန်းဟု ကျွန်တော်စိတ်ထဲတွင် သတ်မှတ်မိသည်။ ကျွန်တော်စဉ်းစားမိလိုက်သည် ကျွန်တော့်တို့နေသော လမ်းထိပ်တွင် ခရေပင်သုံးပင် ရှိသည် အဲသည်ကခရေပန်းတွေ ကျွန်တော်ကောက်ပြီးရောင်းရင် ကောင်းမလား။ တစ်ကုံးကို(၅)ကျပ် အကုံး(၂၀)ကို (၁၀၀)ရမည်။ ပိုက်ဆံတွက်ရင်း ပျော်လာသည်။

“အမေ့…သားလည်း လမ်းထိပ်ကခရေပင်က ခရေပန်းတွေကောက်ပြီးရောင်းရင်ကောင်းမယ်…”

“နင်က ခုမှ ဘာစိတ်ကူးပေါက်တာလဲ…”

“ဟုတ်ပါဘူး…..သားလည်းပိုက်ဆံလိုချင်တာပေါ့….”

ထိုနေ့က ဆိုင်ပိတ်ခါနီးတွင် အမေကျွန်တော့်အား ပစ္စည်းတစ်ခုလာပေးသည်။ အိမ်မိုးသည့် နှီးမဟုတ်ဘဲ ကုန်စိမ်းတောင်းများတွင်ချည်သော နှီးကြိုးအပျော့ဖြစ်သည်။

“အိမ်မိုးတဲ့နှီးတွေနဲ့ သီရင် မာလို့ကျိုးလိမ့်မယ်…။ ဒီနှီးတွေက ပျော့တဲ့အတွက် ကြိုးလိုပဲ မကျိုးဘူး…”

နှီးပြားအပျော့ကို သွားလေးနှင့်ကိုက်ပြီး နှီးကြိုးတစ်ကြိုးကို (၅)ခု (၆)ခုလောက် ရအောင်ခွဲနည်းကို အမေက ကျွန်တော့်အား သင်ပေးသည်။ ညဘက်အိမ်ပြန်ရောက်သောအခါ ထမင်းစားပြီးသည်နှင့် လမ်းထိပ်သို့ ကျွန်တော်အပြေးအလွှားသွားလိုက်သည်။ လမ်းထပ်ရောက်ရောက်ချင်းပင် ကျွန်တော့် ခြေလှမ်းများ အနည်းငယ်တုံ့ဆိုင်းသွားသည်။ လမ်းထိပ်ရှိ ခရေပင်သုံးပင်အောက်တွင် ကျွန်တော့်အရွယ် ကလေးသုံးယောက်လောက် အရင်ရောက်နှင့်နေသည်။ ကျွန်တော်လည်းသူတို့နှင့်ရောပြီး နှစ်နာရီကျော်ကျော် လောက် ခရေပန်းကောက်လိုက်သည်။ လက်ထဲတွင် လက်နှစ်ဆုပ်စာလောက်ရလာလေသည်။ ကျွန်တော်အိမ် သို့ ပြန်ပြေးလာသည်။ အိမ်တွင် အမေကတော့ စက်ချုပ်ရင်းကျွန်တော့်ကိုစောင့်နေသည်။ အမေသည် ကျွန်တော်ရောက်ရောက်ချင်း ရေတစ်ခွက်ခပ်ကာ ကျွန်တော်ကောက်လာသော ခရေပန်းများကိုယူ၍ ရေဆေးလိုက်သည်။ ရေဆေးထားသော ခရေပန်းများအား ပြန်ဆယ်ကာ ဗန်းတစ်ပန်းထဲတွင် ဖြန့်ထားလိုက် သည်။

“ရေမစိမ်ရင်နွမ်းသွားမှာပေါ့ အမေရ…”

“ရေစိမ်လိုက်မှ မနက်ရောက်ရင် ရေတွေနူးသွားမှာ သားရဲ့ …. ဒီလိုရေလေးဆေးပြီး ဗန်းထဲဖြန့်ထားမှ ပန်းလေးတွေက မနက်ရောက်ရင် လန်းပြီးကော့တက်နေလိမ့်မယ်….”

ကောက်ပြီးသော ခရေပန်းများကို ရေဆေးကာဖြန့်ထားပြီး နောက်တစ်ခေါက်အတွက် အိမ်မှ ထပ်ထွက်လာခဲ့သည်။ ဒီတစ်ခေါက်တော့ ည(၁၁)နာရီကျော်နေပြီ။ မှောင်မှောင်မည်းမည်းထဲတွင်သာ ကောက်ကာ အိမ်သို့စောစောပြန်လာခဲ့သည်။

***************************************************

နောက်တစ်နေ့ နံနက်စောစောထ၍ ကျွန်တော်ကောက်ထားသော ခရေပန်းလေးများကို သီသောအခါ (၁၂)ကုံးရလေသည်။ ကျောင်းမတက်ခင် အမေနှင့်ဈေးသို့သွားသောလမ်းမှာပင် (၆)ကုံးကုန်သွားသည်။ ခရေပန်းသည် အကြွေပန်းဖြစ်သောလည်း လူအများချစ်ခင်သော ပန်းတစ်မျိုးဖြစ်သည်ကို ကျွန်တော်သိခွင့်ရခဲ့သည်။ ကျန်ရှိသော ခရေကုံးလေးများကို ဆိုင်သို့ရောက်သည်နှင့် ဗန်းပေါ်ဖြန့်ခင်းကား ဆိုင်ပေါ်မှာပင် တင်ထားလိုက်သည်။

“ခရေပန်းလေးတွေမွှေးလိုက်တာ…. တစ်ကုံးဘယ်လောက်လဲ”

ဆိုင်ရှေ့မှ ဖြတ်လျှောက်သွားသော အဒေါ်ကြီးတစ်ယောက်ကမေးလေသည်။

“ငါးကျပ်အန်တီ…”

“အန်တီက ခရေပန်းဆိုသိပ်ကြိုက်တာ.. ပန်ပြီးလို့ခြောက်သွားရင်တောင် သနပ်ခါးနဲ့သွေးလိမ်းရင် မိတ်ပျောက်တယ်လေ… အကုန်လုံးဝယ်လိုက်မယ်..”

ကျန်ရှိသောခြောက်ကုံးလုံးဝယ်သွားသဖြင့် ကျွန်တော်ဝမ်းသာအားရ ရောင်းလိုက်ရသည်။ ဒီနေ့အဖို့ ခရေပန်းရောင်းခ(၆၀)ကျပ်ရသည်။ အမေ့အား(၆၀)လုံး ကျွန်တော်ပေးလိုက်သည်။ အမေကတော့ ခပ်ပြုံးပြုံးပင်။ ဒီနေ့ညတော့ ည(၇)နာရီ ခပ်စောစောပင် အိမ်မှထွက်ခဲ့သည်။ လမ်းထိပ်သို့ရောက်သောအခါ ကျွန်တော်ပိုရျ်အားငယ်သွားရသည်။ ခရေပင်သုံးပင်၏အောက်တွင် ဖယောင်းတိုင်ကိုယ်စီဖြင့် ခရေပန်းကောက် နေခြင်းဖြစ်သည်[K1] ။ အနည်းငယ်စောသေးတော့ကျွန်တော်လည်း သူတို့မီးအကူနှင့်လိုက်ကောက်လိုက်သည်။ ဒါတောင် တူတူကောက်နေသူတွေ မကျေနပ်ကြပေ။ ဒုတိယတစ်ခေါက် ပန်းကောက်ဖို့ထွက်သောအခါ ကျွန်တော်အိမ်မှ ဖယောင်းတိုင်ယူကာထွက်ခဲ့တော့သည်။ သည်လိုနှင့် ခရေပန်းလေးများသည် ကျွန်တော့် ဘဝ၏အစိတ်အပိုင်းများစွာကို စိုးမိုးမင်းမူခဲ့သည်။

အဆင်မပြေသော ကျွန်တော့်ဘဝ၏အစိတ်အပိုင်းတစ်ခုကို ဖြည့်စွက်ပေးခဲ့သည်။ ခရေပန်းလေးတွေ နှင့်ပတ်သက်၍ စာတစ်ကြောင်းမှတ်မိဖူးသည်။ အကြွေပန်းပေမယ့်…ရွှေနန်းတော့ထိုင်ချင်တယ် ဆိုသည့် စာကြောင်းပင်။ အမှန်တကယ်ထိုက်သင့်ပါသည်။ သို့သော်ထိုစကားသည် ကျွန်တော်လို လူတန်းစားတစ်ရပ် ပြောသောစကားဖြစ်ကောင်းဖြစ်နေလိမ့်မည်။ ခရေပန်းလေးများနှင့်ပတ်သက်ရ၍ ကျွန်တော့်ဘဝတွင် မမေ့နိုင်သော ဖြစ်ရပ်တစ်ခုပေါ်ပေါက်ခဲ့သည်။

****************************************

အိမ်ကိုတစ်နှစ်တစ်ခါလောက်ပြောင်းနေရသော ကျွန်တော်တို့လိုမိသားစုအဖို့ နေရာတစ်နေရာ ရောက်တိုင်း ခရေပင်ရှိသည့်နေရာကို ကျွန်တော်ရှာကြည့်စမြဲဖြစ်သည်။ ကျွန်တော်ပြောင်းလာသည့်ရပ်ကွက် ထဲတွင် ခရေပင်ရှိသည့်နေရာကို ကျွန်တော်သိရှိသည်နှင့် မရောက်အရောက်သွားကောက်စမြဲဖြစ်သည်။ ခရေပန်းလေးများကောက်၍ရောင်းရသော ငွေပမာဏသည် ကျွန်တော့်ဘဝအတွက် လိုအပ်နေသော အစိတ်အပိုင်းများတွင် ဖြည့်စွက်မှုတစ်ခုဖြစ်လာတော့သည်။

“အောင်ပြည့်ရေ…..ဒီမှာကြည့်စမ်း…”

ခေါ်သံကြောင့်ကျွန်တော်လှည့်ကြည့်မိလိုက်သည်။ အမေဆိုင်ဖွင့်သောဈေးထဲမှ ဆီဆိုင်က ညီအစ်ကို နှစ်ယောက် သူတို့နှစ်ယောက်တွင် ကွန်ပါဘူးအသစ်စက်စက်လေး…။ ကွန်ပါဘူးလေးပေါ်တွင် တီးလို့ရသော အော်ဂင်လေးပါသည်။

“ငါတို့အမေ…ဝယ်ပေးတာလေ…”

“ဘယ်လောက်ပေးရလဲကွ….”

“၁၆၀ဝ တဲ့”

ကျွန်တော့်ထံတွင် ခရေပန်းရောင်း၍ စုထားသော (၁၂၀၀)ကျပ်ရှိသည်။ အော်ဂင်ကွန်ပါဘူးလေး ဝယ်ရန် (၄၀၀)ကျပ်သာလိုသည်။

“အောင်ပြည့်..ငါတို့နက်ဖန် ရွှေတိဂုံဘုရားညသွားအိပ်မှာ… ငါတို့အမေက ဝတ်အဖွဲ့ဝင်လေ…ညလိုက်အိပ်ပါလား….”

တစ်ခါမှမသွားဖူးသောကြောင့် ကျွန်တော်လိုက်ချင်သွားသည်။ အမေ့ကိုပူဆာတော့သည် အမေကလည်း တစ်ခါတစ်လေဆိုတော့ခွင့်ပြုလိုက်သည်။ ဝတ်အဖွဲ့လူကြီးတွေပါသည်ပဲ။ ဟိုညီအစ်ကို နှစ်ယောက်ကတော့ ရွှေတိဂုံဘုရားဘေးက ဟက်ပီးဝါးလ် ဆိုသည့် ကစားကွင်းအကြောင်း စုံနေအောင် ပြောပြသည်။ ညအိပ်တော့ အိပ်မက်ထဲမှာ ကစားကွင်းထဲရောက်သွားသည် ဆော့ကြသည်။ ပျော်ကြသည်။
ကျွန်တော့်မှာပျော်လိုက်သည်ဖြစ်ခြင်း။

ရွှေတိဂုံလိုက်မယ့်နေ့။ ကျွန်တော်စိတ်တွေ လှုပ်ရှားနေသည်။ ညီအစ်ကိုနှစ်ယောက်၊ သူတို့၏အဖေနှင့် ကျွန်တော်တို့ ရွှေတိဂုံဘုရားသို့ ညနေဘက်ရောက်လာကြသည်။ ဝတ်အဖွဲ့များဖြစ်သည့်အတွက် ပူစရာမလို။ ညဘက်အိပ်ဖို့လည်းနေရာရှိသည်။ ရွှေတိဂုံဘုရားရင်ပြင်ပေါ်ရောက်ရောက်ချင်း ကျွန်တော့်မျက်လုံးတွေ အရောင်လက်သွားသည်။ ရင်ပြင်ပေါ်တွင် ခရေပင်ကြီးတစ်ပင်တွေ့လိုက်ရခြင်းဖြစ်သည်။ ကျွန်တော် ခရေပင်ကြီးအောက် အပြေးအလွှားသွားလိုက်သည်။ ကျွန်တော်တွေ့နေကျ ခရေပင်များထက် လေးဆလောက်ပင်ကြီးသည်။ ကျွန်တော်မျက်လုံးများသည် ခရေပန်းများကိုသာ ရှာမိတော့သည်။ ရင်ပြင်ပေါ်ရှိ တစ်ညလုံးမအိပ်ဘဲ ခရေပင်ကြီးအောက်တွင်သာရှိနေတော့သည်။ နံနက်မိုးလင်းသောအခါ ကျွန်တော် သီထားသော ခရေပန်းကုံးပေါင်း(၅၆)ကုံးရသည်။ ကျွန်တော်တွက်ကြည့်မိလိုက်သည် အော်ဂင်ကွန်ပါဘူး လေးရတော့မည်ဟုပင်။

“အောင်ပြည့်ရေ….ပြန်ရအောင်..ကွာ”

ညီအစ်ကိုနှစ်ယောက်ခေါ်သံကြောင့် ကျွန်တော်အပြေးအလွှားလိုက်သွားလိုက်သွားသည်။ ရင်ပြင်ပေါ်မှ ဆင်းခါနီးတွင် ကျွန်တော့်လက်နှစ်ဖက်ပေါ်တွင် ခရေပန်းကုံးအများအပြားပင်။ ပန်းကုံးလေးများ၏ မွှေးရနံ့များ သည် ကျွန်တော်နှင့်ကျွန်တော့်ပတ်ဝန်းကျင်တွင် မွှေးပျံနေလေတော့သည်။ ထိုစဉ်……..

“ဒေါင်……ဒေါင်………”

ကျွန်တော်ဆင်းသောစောင်းတန်းအတွင်းရှိ ထိုင်တော်မူရုပ်ဖွားတော်နားရှိ ခေါင်းလောင်းအား ထုကာ ဆုတောင်းနေခြင်းဖြစ်သည်။ ကျွန်တော်ရုပ်ဖွားတော်၏ ရွှေရောင်သန်းသော လက်ဖမိုးပေါ်ကို ကြည့်မိလိုက် သည်။ ထို့နောက် ကျွန်တော်ကိုင်ထားသော ခရေပန်းလေးများကိုကြည့်မိသည်။ ထို့နောက် ကျွန်တော့်အတွေး တွင်ပေါ်လာသော အော်ဂင်ကွန်ပါဘူးကလေး…။ ကျွန်တော်တစ်ချက်တွေဝေသွားသည်။ ကျွန်တော့်ပတ်ဝန်းကျင် တစ်ခုလုံး ဝေဝါးသွားသလိုခံစားလိုက်ရသည်။ ကျွန်တော်ခံစားလို့ရသော ခံစားမှုတစ်ခု ထဲတွင် ခရေပန်းရနံ့များသာ ကြီးစိုးနေတော့သည်။

“အောင်ပြည့်လာလေကွာ…”

ညီအစ်ကိုနှစ်ယောက်ခေါ်သံကြောင့် ကျွန်တော်ပြန်သတိထားမိသွားသည်။

“ခဏလေးနေဦးကွာ….”

ကျွန်တော်တစ်ချက်ပြောကာ စောင်းတန်းထဲသို့ပြေးဝင်သွားလိုက်သည်။ ကျွန်တော့်လက်ထဲရှိ ခရေပန်း(၅၆)ကုံးအား ရုပ်ဖွားတော်၏ ရွှေရောင်သန်းသော လက်ဖမိုပေါ်သို့ ဆပ်ကပ်လိုက်သည်။ ထို့နောက် ကျွန်တော်ဒူးထောက်ကာ လက်အုပ်မိုး၍ ကန်တော့လိုက်တော့သည်။

**************************************************

၂၀၁၂ခုနှစ်

ကျွန်တော့်အိမ်ရှေ့တွင်ခရေပင်လေးနှစ်ပင်စိုက်ပျိုးထားသည်။ အခုဆိုရင် ပန်းတွေကြွေနေပြီ။ နေ့တိုင်းကြွေသမျှပန်းလေးများကို ကျွန်တော့်အိမ်ရှိ ဘုရားကိုလှူဖြစ်သည်။ ကျွန်တော်နှင့် ခရေပန်းလေးများသည်…………….။

ခရေပန်းလေးတွေရေ မင်းတို့ဟာ အကြွေပန်းပါ။ အကြွေပန်းဆိုပေမယ့် မင်းတို့မှာ ရွှေနန်းထိုက်တဲ့ အရည်အချင်းတွေရှိနေတယ်လေ။ ခုလည်း ငါ့ဘဝရဲ့တစ်စိတ်တစ်ဒေသကို မင်းတို့ဖြည့်စွက်ပေးခဲ့တဲ့အတွက် ကျေးဇူးပါကွာ။ ရွှေနန်းထိုက်သင့်တဲ့ မင်းတို့ရဲ့ဂုဏ်ရည်ကို အသိအမှတ်ပြုတဲ့အနေနဲ့ ငါတစ်ညလုံးမအိပ်ဘဲ မင်းတို့ကို ဘုရားမှာဆပ်ကပ်ခဲ့ပြီ။ မင်းတို့လည်း နောက်နောက်ဘဝတွေမှာ သည့်ထက်အရည်အချင်း အရည်အသွေးရှိတဲ့ ပန်းလေးတွေ ဖြစ်စေဖို့ငါဆုတောင်းပါတယ်။ မင်းတို့လိုပဲ ငါတို့လူ့ဘဝတွေမှာလည်း မင်းတို့ဘဝနဲ့တူတဲ့ ကလေးငယ်တွေရှိတယ်ဆိုတာ။ လူကုံထံတွေသိမှသိပါလေစ။ ဘဝဆိုတာဒီလိုပဲလို့ ပြောလည်း အခက်သားကွာ….။ ခရေပန်းလေးတစ်ပွင့်ရဲ့ရာဇဝင်လိုပဲ…. ရုန်းကန်နေတဲ့ ငါတို့နိုင်ငံက ကလေးငယ်လေးတစ်ယောက်ရဲ့ ရာဇဝင်ကို ပြန်ကြည့်မယ်ဆိုရင်………………………………………….။

******************************************

ကြိုးစားပါဦးမည်
အောင်မိုးသူ(စူးရှ)
ဖေဖော်ဝါရီ ၁၄ရက် အင်္ဂါနေ့။
ညနေ ၅နာရီ။

3 comments

  • si tone

    September 4, 2012 at 8:15 pm

    အားပေးသွားပါတယ်……..

  • နှင်းဆီ ငုံ

    September 6, 2012 at 12:29 pm

    အောင်မိုးသူရေ

    ကြိုးစားထားသိလား အားပေးနေတယ်နော် …

Leave a Reply