“ခင်ဗျားတို့ကျုပ်တို့နဲ့ အမြန်ယာဉ်ပေါ်က တန်းတွေကွင်းတွေ”
ရှေ့တည့်တည့်မှာတွေ့နေရတာ ထမီတန်းပဲဖြစ်ဖြစ်၊ သားရေကွင်းပဲဖြစ်ဖြစ်
လက်လှမ်းမှီရာ တန်းတွေ၊ ကွင်းတွေကိုသာ အလောသုံးဆယ် ဆုပ်ကိုင်ထားလိုက်
ဝူးခနဲထွက်ပြီ
စပယ်ယာ – အတွယ်အတာပါတယ်၊ ဘယ်ညာပါတယ်ဆရာ
ပြန်အမ်းခါနီးမှ အတိတ်မေ့နေတဲ့အကြွေနဲ့ လက်ထဲချိုးထားတဲ့ငွေအထပ်လိုက်
နောက်ပြီး အကုသိုလ်အထပ်လိုက်
အတန်ကြီးတွေမလိုဘူး၊ တိုင်ကြီးတွေလွတ်တော့မယ်
ကားကွက်အစိပ်အကျဲ .. မနက်ကတည်းက လွဲနေပါတယ်ဆိုမှ
တိုင်စေ့၊ လူစေ့၊ ခရီးသည်များလည်း ဒုက္ခတွေနေ့စေ့လစေ့နဲ့
ဘယ်လိုဖြစ်ဖြစ် ဒီမှာပဲထိုင်မယ်ဆရာ ဒီမှာပဲသောင်မယ်ဆရာ
အခုထွက်မယ် တော်ကြာထွက်မယ် .. ဒီလိုနဲ့ နေ့ရွှေ့ညရွှေ့
ဒါတောင် အုံနာကြေးမပြည့်သေးတာခက်တယ်
“ဘဝမှာအိမ်ပြန်ချိန်တွေနောက်ကျမှာစိုး” နဲ့ ဟိုနားဒီနား နှစ်ရာတန် လူခေါ်သံနဲ့
တည့်တည့်ကြီးတိုးတော့ ဒါ .. “အထူး” ပဲလို့ အသိအမှတ်ပြုရ
စပယ်ယာ – သောကပဲ … L ဆိုင်းဇီရော၊ LCD ရော ပိတ်ထားလိုက်
နဂါးနီရော ဘရဏီရော ပိတ်ထားလိုက်
ဆိုတော့ …
ဒါ “အထူး” ပဲလို့ အသိအမှတ်ပြုရ
ငါးပူးက ပူးပူးကပ်ကပ်ပါလာပြီ အီကြာကွေးလည်း တဖြည်းဖြည်းနီးလာပြီ
ထုတ် .. ဆရာ၊ ကားလေးကျော်ပြီးရင် ဆိုင်းဘုတ်နောက်က လိုက်ထုတ်
ခပ်သွက်သွက် “သုတ်” မယ်
နားထင်နားကို ကျည်ဆန်တွေ ဖြတ်ပြေးလာသလိုသဘောထားပြီး
ခေါင်းလေးတွေ ခဏငုံ့ထားပေးပါ လှည့်ကင်းရှိတယ်၊ ဂိတ်မှူးရှိတယ်
ဒါလည်း နေ့ဖို့ညစာပဲ၊ သမုဒ္ဒရာဝမ်းတစ်ထွာပဲ
ညာဖက်ခြမ်းမှာ သုံးယောက်ပြည့်အောင်ထိုင်မှ၊
နောက်ဆုံးလေးယောက်တန်းမှာ ခြောက်ယောက်ပြည့်အောင်ထိုင်မှ၊
လိုအပ်ရင် ဘရိတ်သုံးပေးမှ၊ လိုအပ်ရင် မှတ်တိုင်ကျော်ရပ်မှ၊
စပယ်ယာ ကားသမား တစ်ဝမ်းတစ်ခါးလှတာ
ဒီလိုနဲ့ ခင်ဗျားတို့ ကျုပ်တို့ တွေ့သမျှ မှီသမျှ တန်းတွေ၊ ကွင်းတွေမှာ
ရေနစ်တုန်းက ကောက်ရိုးမျှင်လေးလို တွဲလွဲခိုထားရတာတွေ၊
ပုဆိုးမနိုင် ပုဝါမနိုင် အလှချင်းပြိုင်ရတာတွေ၊
ဓါတ်ငွေ့လောင်စာကားကို တိုက်လေယာဉ်အဖြစ်မွေးစားပြီး စီးနေရတာတွေ၊
အန္တရာယ်ကင်းဂါထာကို သက်စေ့ပေါင်းများစွာ ရေရွတ်နေရတာတွေ၊
ဒီလိုနဲ့ ….
ခင်ဗျားတို့ ကျုပ်တို့ ရုံးအသွား အိမ်အပြန်လမ်း အမြန်ယာဉ်ကြီးတွေပေါ်မှာ
နေ့စဉ်နဲ့အမျှ လူ့အခွင့်အရေး ဆုံးရှုံးပေးနေရတာတွေ ….. ။ ။
သူရဿဝါ
ဇူလိုင် ၉ ရက် ၊ ၂၀၁ဝ ခုနှစ်
6 comments
cobra
July 9, 2010 at 11:02 am
မှန်လိုက်တာဗျာ….။သူတို့ကားပေါ်ရောက်ရင်သူတို့ကဘုရင်ပဲလေ။သူတို့ကိုဘဲကြောက်နေရတယ်။ပိုက်ဆံပြန်အမ်းခိုင်းရင်တောင်ပြုံးပြပြီးပြောမှရတယ်။နို့မို့ဆိုအအော်ခံရသေးတယ်။
kopauk mandalay
July 10, 2010 at 2:14 am
ရန်ကုန်ကလူတွေကတော့ ဘတ်စကား လို်င်းကား နဲ့ပေါ့။
ကျနော်တို့မန်းလေးမှာကတော့ ဆိုင်ကယ်နဲ့ကားတွေကြောင့်နှလုံးတုန်ရင်ခုန် ကြုံနေရပါတယ်။
စည်းကမ်းမဲ့စွာ လမ်းပြောင်းပြန် အမြန်စီး အတိုက်မခံချင်ရင် ကိုယ့်ဘာသာကိုယ်ကြည့်ရှောင်။
လမ်းစည်းကမ်းလာမပြောနဲ့ အဆင်ပြေသလိုမတိုက်အောင်မောင်း။
လမ်းကြားထဲက ကိုကိုကလည်းဝေါကနဲထွက်။
လိုင်းက ကလဲ အမြန်ကျော်တက်ပြီး လမ်းလယ်ခေါင်မှာ ရှေ့က ဝုန်းကနဲပိတ်ရပ်။
မသေသေးဘူးဆိုရင်ကံကောင်းလို့သာမှတ်။
အဲဒါလက်ရှိမန်းတလေးပါ။
http://kopaukmdy.myanmarsarpay.info/
winne
July 12, 2010 at 7:42 am
မန်းလေးတော့ မသွားရဲဘူး ရန်ကုန်မြို့ကြီးမှာနေပြီး မန်းမှာတော့ ကားလမ်းမကူးရဲလို့ လမ်းလယ်မှာ အကြာကြီး ရပ်နေရတာမျိုးလည်း ကြုံဘူးပါရဲ့.. ရန်ကုန် ဘစ်တွေ စီးလို့ အတိုးအကြိတ်နဲ့ ဟိုဟို ဒီဒီ အတင်းတိုးလို့ တုန်လှုပ်ကြောက်မိတာလည်း ကြုံဘူးပါရဲ့.. အဲဒီတုန်းကတော်တော် ငယ်သေးတာ ကျားမြင်တာနဲ့ အလိုလို ကြောက်မိတာ စိတ်ထဲမှာ တော်တော်ကြာကြာ အထိဖြစ်လို့ မနဲ ဖျောက်ပစ်ခဲ့ရဘူးတယ်။ နောက်ပိုင်းတော့ ဖိနပ်ဆို အထူကြီးနဲ့ ဒေါက်ပါတာဘဲ စီးတယ် အသံမထွက် ခုခံနည်းဘဲလေ။ လူဘဝဆိုတာ ရုန်းကန်ရတော့လည်း မတတ်နိုင်ဘူး
search123
September 26, 2010 at 11:02 am
အခုဆို အထူးကားစီးလည်း ကျပ်တာပါပဲ။ဘာဖြစ်လို့လည်း ဆိုတော့ အားလုံး အထူး တွေချည်း ဖြစ်ကုန်လို့ ။ လမ်းတို တစ်မှတ်တိုင် လောက်စီးဖို့ ရိုးရိုးကားစောင့်ရင် တော်တော် စောင့်ရတယ်။
intro
September 26, 2010 at 12:38 pm
ရန်ရန်ချမ်း ဆိုထားတဲ့သီချင်းထဲကလိုပေ့ါ…
ရန်ကုန်…. အမြဲကားတွေကျပ် ကားတွေကျပ် ရန်ကုန်၊
intro
September 26, 2010 at 12:38 pm
ရန်ရန်ချမ်း ဆိုထားတဲ့သီချင်းထဲကလိုပေ့ါ…
ရန်ကုန်…. အမြဲကားတွေကျပ် ကားတွေကျပ် ရန်ကုန်၊
😛