လူနှင့်ဖိနပ်များ
ဒီနှစ်အတွက် ရန်ကုန်မိုးရာသီသည် ထုံးစံအတိုင်း နေ့တိုင်းလိုလို မိုးရွာသွန်းနေပါသည်။ တစ်ရက်မှ မပျက်ဘဲ နှစ်ပတ်တိတိ ရွာသောအခါ လမ်းပေါ်တွင် မိုးရေများနှင့် ရေမြောင်းများမှ လျှံတက်လာသော ရေဆိုးများ ရောက်လို့လာတော့သည်။ ၎င်းရေထဲတွင် လူများ လမ်းလျှောက်ကြရသည်။ ကားများ မောင်းနှင်ကြရသည်။ ရန်ကုန်သည် မိုးရာသီ၏ ညစ်ညမ်းမှုကို အစဉ်အလာမပြတ် ထိန်းသိမ်းနေသလားဟု တွေးဖြစ်လိုက်သေးသည်။
ခုတော့ ဘားလမ်းတစ်နေရာတွင် အရောက် ကျွန်တော့် ဖိနပ်သည် မိုးရေစိုပါများ၍ ထင်သည်။ ပြတ်သွားလေပြီ။ ဖိနပ်ပြတ်သောအခါ ထုံးစံအတိုင်း စီးလို့ ရမရ၊ ပြန်လည်၍ ကော်ကပ်ရမရ ကြည့်ဖြစ်သည်။ မဖြစ်နိုင်တော့ပါ။ ထိုအခါ ဖိနပ်နှစ်ဖက်လုံးကို လမ်းဘေး တစ်နေရာတွင် ထား၍ ခြေဗလာလျှောက်ရမည်သာ ဖြစ်သည်။ သို့သော် ကျွန်တော့်မှာ ဖိနပ်ကို သေချာကြည့်ဖြစ်နေသည်။ ပြန်လည် အသုံးပြု၍ ရဖို့နည်းနေသော်လည်း ဖိနပ်ကို လွှင့်မပစ်ချင်။ မထားခဲ့ချင်။ စီး၍လည်း မရတော့သော၊ ပြန်လည် ကော်ကပ်၍လည်း မကောင်းနိုင်တော့သော ဖိနပ်ကို ကြည့်ရင်းက ဝေခွဲမရ တွေဝေနေတော့သည်။
မနှစ်တုန်းက ရန်ကုန်သည် ခုနှစ်လိုပဲ မိုးကောင်းခဲ့ပါသည်။ အဲဒီနှစ် မိုးရာသီက ဖိနပ်စုစုပေါင်း ဘယ်လောက် ပြတ်ခဲ့ပါသလဲ။ ပြန်စဉ်းစားကြည့်တော့ ကျွန်တော် မမှတ်မိပြန်တော့။ တကယ်တော့ လူတစ်ယောက်ရဲ့ အခြေခံ လိုအပ်ချက်များတွင် ဖိနပ်သည်လည်း ပါလိမ့်မည် ထင်သည်။ ဖိနပ်မပါ၍ အမြဲလိုလို လမ်းလျှောက်သူများကို အရူးပမာ ကြည့်တတ်ကြသည်။ စိတ်ဝေဒနာ ဖြစ်စပြုသူများ၏ တွေ့လေ့ရှိသော ပုံစံတစ်ခုမှာလည်း ဖိနပ်မပါတော့ဘဲ လမ်းလျှောက်ကြခြင်းဖြစ်သည်ဟု စိတ်ပညာဘာသာရပ်များတွင် ဖတ်ဖူးသည်။ ထိုအခါ ဖိနပ်စီးခြင်းသည် ခြေထောက်ကို သက်သာ စေခြင်းမကတော့ဘဲ မိမိကိုယ်ကိုယ် လူကောင်းပကတိဖြစ်ကြောင်း သက်သေပြခြင်းလည်း ဖြစ်သည်ဟု ကျွန်တော်က ထင်နေမိခဲ့သည်။
ဒီနေ့ခေတ်တွင် ဖိနပ်သည် ပုံစံမျိုးစုံ၊ ဈေးမျိုးစုံဖြင့် ပေါများလှပါသည်။ ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ ရာဘာဖိနပ်နှင့် သားရေဖိနပ်လောက်သာ ရှိခဲ့သော်လည်း ကျွန်တော် လူပျိုပေါက်အရွယ်က စ၍ နိုင်ငံခြားဖြစ် ဖိနပ်မျိုးစုံသည် ပြည်တွင်းသို့ ခြေစုံပစ်ဝင်လာခဲ့တော့သည်။ ကွင်းထဲကို ခြေထိုး၍ စီးရသော ဖိနပ်များကို ကွင်းထိုးဖိနပ်ဟု ခေါ်ဆိုကြသလို ကြိုးဖြင့် သိုင်းပတ်ကာ စီးရသော ဖိနပ်ကိုမူ ကြိုးသိုင်းဖိနပ်၊ ကြိုးချည်ဖိနပ်ဟူ၍ အမျိုးမျိုးခေါ်ဆိုခဲ့ကြသည်။
မှတ်မှတ်ရရ ကျွန်တော် ဆယ်တန်းအထိ ရာဘာဖိနပ်နှင့် သားရေဖိနပ်ကိုသာ တစိုက်မတ်မတ် စီးခဲ့ပါသည်။ အဲဒီနောက် တက္ကသိုလ်တက်ချိန်တွင် နိုင်ငံခြားဖြစ် ဖိနပ်တစ်မျိုးကို ကျွန်တော် စတင် စီးဖူးခဲ့သည်။ ထိုဖိနပ်ကို အဖေက ဝယ်ပေးခြင်း ဖြစ်လေသည်။ ဖိနပ်နာမည်မှာ အေရိုစော့ဖ် ဟုခေါ်၍ ကွင်းထိုးဖိနပ်မျိုးဖြစ်လေသည်။ ကျွန်တော် စစီးချိန်တွင် ဖိနပ်သည် တစ်လက်မ နီးပါးမြင့်နေ၍ သိပ်တော့ အစဉ်မပြေလှ။ သို့သော် ခါတိုင်းစီးနေကျ သားရေဖိနပ်ထက်တော့ စီးလို့ကောင်း နေသလို ဒီဇိုင်းလည်း လှသည်ဟု ထင်ကာ စီးခဲ့မိသည်။
ဖိနပ်များသည် လမ်းလျှောက်ချိန်များ၊ မတ်တပ်ရပ်ချိန်များတွင် ခြေဖဝါးကို ကာကွယ်ပေးခဲ့ကြသည်။ ကျွန်တော့်ဘဝတွင် ကလေးဘဝက စတင်၍ ယခုအချိန်ထိ ဖိနပ် မည်မျှ စီးခဲ့ဖူးသလဲ။ ကျွန်တော် မသိတော့ပါ။ သို့သော် ကျွန်တော် သိချင်ပါသည်။ ထွေထွေထူးထူး မဟုတ်လှသော်လည်း ဖိနပ်များသည် ကိုယ့်ဘဝရဲ့ မှတ်တိုင်များ၊ မိုင်တိုင်များလို သဘောထားမျိုးဖြင့် ကျွန်တော်က ဖိနပ် မည်မျှ စီးခဲ့သည်၊ သင်က ဖိနပ်မည်မျှ စီးခဲ့သည်၊ စသည်ဖြင့် အမှတ်တရ သဘောမျိုးသာ ဖြစ်ပါသည်။ သို့သော် ကျွန်တော်က မမှတ်မိတော့။ မနှစ်က မိုးရာသီတွင် ဖိနပ်မည်မျှ စီးခဲ့သည်ကိုပင် ယခု မေ့လို့ နေခဲ့ပြီ။
တက္ကသိုလ် ပထမနှစ်တက်ချိန်တွင် အေရိုစော့ဖ်ဟု ခေါ်သော ဖိနပ်ကို စီး၍ ကျောင်းသို့ ရောက်ခဲ့ရသည်။ ဘဝတွင် သားရေဖိနပ် မဟုတ်သော နိုင်ငံခြားဖြစ် ဖိနပ်ကို စီး၍ တက္ကသိုလ် လမ်းမကြီးပေါ်သို့ ကျွန်တော် စတင်ခြေချဖြစ်ခဲ့သည်။ ကျွန်တော့်အရပ်သည် ငါးပေ ငါးလက်မသာရှိသောကြောင့် တစ်လက်မအမြင့် ဖိနပ်ကို စီးခြင်းဖြင့် အတန်ငယ် အရပ်မြင့်လာသလို ခံစားရပါသည်။ ရင်ကိုအလိုလို ကော့ဖြစ်သည်။ ခါးကို အလိုလို ဆန့်ဖြစ်သည်။ လွယ်အိတ်ကို ဟန်ပါပါလွယ်၍ တက္ကသိုလ်လမ်းပေါ်သို့ ခြေအချ ..။ ဖိနပ်များ .. နောက်ထပ် ဖိနပ်များစွာကို ကျွန်တော်တွေ့ လိုက်ရပါတော့သည်။
အချို့မှာ ကျွန်တော့်ဖိနပ်နှင့် နာမည်တူ၊ ဒီဇိုင်းကွဲသော ဖိနပ်များ၊ အချို့မှာ အရောင်သာ ကွဲသော ဖိနပ်များ၊ အချို့မှာ နာမည်နှင့် ဒီဇိုင်းပါ ကွဲနေသော ဖိနပ်များကို ကျွန်တော် စတင်တွေ့ရှိလိုက်ရပါသည်။ လောကတွင် ဖိနပ်များစွာ ရှိကြောင်း ကျွန်တော် စသိခဲ့ရခြင်းလည်း ဖြစ်ပါသည်။ ဖိနပ်တွေသည် အရောင်အသွေး စုံလင်ကြသည်။ အထူအပါးမတူကြ။ ပုံစံမျိုးစုံဖြင့် တက္ကသိုလ် ကျောင်းသားများ၏ ခြေဖဝါး အောက်တွင် ကပ်လျက် သွားလာနေကြပါသည်။
ဖိနပ်သည် ခြေဖဝါးအရွယ်အစားလိုက် ဝတ်ဆင်ရမှန်း ကျွန်တော် ငယ်စဉ်ကပင် သိနှင့်နေပြီးပြီ။ ဖိနပ်သည် ခြေဖဝါးထက် ကြီးလျှင် ပြဿနာမရှိသော်လည်း ခြေဖဝါးထက် ငယ်နေလျှင်တော့ စီးမရနိုင်ကြောင်းလည်း ငယ်စဉ်ကပင် သိနှင့်နေပြီးပြီ။ သို့သော် ကျွန်တော် မသိသေးသည်က မည်သည့်ဖိနပ်သည် အကောင်းဆုံး ဖြစ်သနည်း၊ မည်သည့် ဖိနပ်သည် တန်ဖိုးအားဖြင့် အကြီးဆုံးဖြစ်သနည်း။ ထိုအချက်များကိုကား ကျွန်တော် သေချာ မသိသေးပါ။
အနည်းငယ် သိလာသည့် အချိန်မှာ ပထမနှစ်တက်လို့ နှစ်လကျော်လောက် အကြာတွင် ကျွန်တော့်ဖိနပ် ပြတ်သွားသည့်အချိန် ဖြစ်လေသည်။ ဖိနပ်ပြတ်သွားသောအခါ လူတိုင်း စိတ်အနှောင့်အယှက် ဖြစ်ရတာချည်း ဖြစ်လေသည်။ သို့သော် သူငယ်ချင်းတစ်ယောက်က သူ့ဖိနပ်ကို ငှား၍ ဖိနပ်အသစ်သွားဝယ်နိုင်ရန် ကျွန်တော့်ကို ကူညီပေးခဲ့သည်။ ဖိနပ်ဆိုင်သို့ရောက်သောအခါမှ ဖိနပ်များစွာကို ယခင်ထက် ပို၍ ကျွန်တော် မြင်တွေ့နိုင်လာခဲ့သည်။ ဖိနပ်ဆိုင်မှ အရောင်းဝန်ထမ်းသည် ကျွန်တော့်ကို စိတ်ရှည်လက်ရှည် ရှင်းပြခဲ့၍လည်း ဖြစ်သည်။
အဲဒီနောက်တွင် ကျွန်တော်သည် ဖိနပ်များနှင့် ပိုမို ရင်းနှီး ကျွမ်းဝင်လာခဲ့ပါသည်။ အရင်က ထင်ခဲ့သော အမျိုးစားတူသော ဖိနပ်များသည်ပင် အမှန်တော့ သေချာကြည့်လျှင် မတူကြကြောင်း၊ ယိုးဒယားမှ လာသော ဖိနပ်များနှင့် တရုတ်မှ လာသော ဖိနပ်များအကြောင်း၊ ကျွန်တော့်ဖိနပ်ထက်ပင် ဈေးအလွန်ကြီးသော ဖိနပ်များစွာ ရှိကြောင်း၊ အစရှိသည်တို့ကို ကျွန်တော် ကောင်းစွာ သိလာခဲ့ပါသည်။ စကောလ်ဟု အမည်တွင်သော ဖိနပ်တစ်မျိုးမှာတော့ နှစ်ရှည်လများစွာ စီးသော်လည်း မပြတ်ဘဲ ခိုင်ခံ့လှကြောင်း သူငယ်ချင်းက ပြောပြခဲ့ဖူးသည်။
ထို့နောက်တွင် ကျွန်တော် တက္ကသိုလ်တက်၍ ဘွဲ့ရသည်အထိ ဖိနပ်များစွာကို စီးခဲ့သော်လည်း မည်မျှ စီးခဲ့သည်ကို ကျွန်တော် မမှတ်မိတော့။ အများစုကတော့ အေရိုစော့ဖ် ဖိနပ်ပင်ဖြစ်ခဲ့ပါသည်။ ဈေးလည်း အတန်ငယ်သက်သာ၍ ဒီဇိုင်းများလည်း မဆိုးဘူးဟု ထင်၍ ကျွန်တော် ရွေးချယ်ခဲ့ခြင်း ဖြစ်ပါသည်။
မမျှော်လင့်ဘဲ ဖိနပ်ပြတ်သွားချိန်များကို မကြုံတော့ရန် မိမိဖိနပ်ကို မိမိ သေသေချာချာ စစ်ဆေးတတ်ဖို့ လိုလာပါသည်။ ပြတ်ခါနီးဖိနပ်များကို ကျွန်တော်က မစီးတော့။ အသစ်တစ်ရံဝယ်၍ ပြတ်ခါနီးဖိနပ်များကို အိမ်တွင်သာ စီးခြင်းဖြင့် အဆင်ပြေခဲ့ပါသည်။ အိမ်တွင် စီး၍ ပြတ်သွားသော ဖိနပ်များမှ အချို့ကို လွှင့်ပစ်၍ အချို့ကို ပြန်လည် ကော်ကပ်၍ စီးချင်သော ကလေးသူငယ်များကို ကျွန်တော် ပေးကမ်းဖြစ်ခဲ့သေးသည်။
ဘွဲ့ရ၍ လုပ်ငန်းခွင်ဝင်ချိန်တွင်တော့ ကျွန်တော်သည် မိမိရှာသော ပိုက်ဆံဖြင့် ဖိနပ်တစ်ရံကို စိတ်ကြိုက် ဝယ်ယူဖြစ်ခဲ့သည်။ ထိုဖိနပ်မှာ ရိဖ် ဟု အမည်တွင်သော ကြိုးသိုင်းဖိနပ်တစ်မျိုးဖြစ်သည်။ သို့သော် ထိုဖိနပ်သည် ဒီဇိုင်းလှသော်လည်း သိပ်မခိုင်ခံလှ။ နှစ်လလောက်တွင်ထင်သည်။ ပြတ်လို့သွားခဲ့သည်။ ထိုမှ စ၍ ဖိနပ်ဝယ်ယူရာတွင် ကျွန်တော်သည် ရွေးချယ်မှုသေချာ ပြုလုပ်ဖြစ်ခဲ့သည်။ ဖိနပ်တစ်ရံသည် ဒီဇိုင်းအားဖြင့် လှရမည်။ ခိုင်ခံရမည်။ ခြေထောက်အတွက် သက်တောင့်သက်သာ ရှိရမည်။ ထိုအချက် သုံးချက်ဖြင့် ညီလျှင် ဈေးကို တတ်နိုင်ပါက ကျွန်တော် ဝယ်ယူဖြစ်ခဲ့သည်။
ကျွန်တော်သည် ဖိနပ်မျိုးစုံကို စီး၍ လမ်းလျှောက်ခဲ့သော်လည်း တခါတလေ သားရေဖိနပ်များကို ပြန်လွမ်းဖြစ်ခဲ့ပါသည်။ သားရေဖိနပ်များတွင်မှ နီညိုရောင် ဖိနပ်များကို ကျွန်တော် ငယ်စဉ်က နှစ်သက်ခဲ့ဖူးသည်။ သို့သော် အရွယ်ရောက် လာသောအခါ သားရေဖိနပ်များနှင့် ကျွန်တော် ဝေးကွာလာခဲ့သည်။ အဖေစီးသော သားရေဖိနပ်များ အိမ်တွင် ရှိသော် လည်း ကျွန်တော် မစီးဖြစ်တော့။
ဖိနပ်များစွာ စီး၍ အသက်ရှင်ခဲ့သော ကျွန်တော်သည် အိမ်ထောင်ကျ၍ သမီးတစ်ယောက် မွေးဖွားခဲ့ချိန်တွင် သမီးအတွက် ဖိနပ်များကို ကျွန်တော်နှင့် ဇနီးဖြစ်သူတို့ စတင်ဝယ်ယူဖြစ်ခဲ့ကြပါသည်။ ကလေးစီး ဖိနပ်များသည်လည်း အလွန်စုံလင်စွာ ရှိလှကြောင်း ကျွန်တော် ထပ်မံသိခဲ့ရပြန်သည်။ သမီး မတ်တပ်ရပ်ချိန်များကို လွန်၍ လမ်းစလျှောက် တတ်ချိန်တွင် “ပိ..ပိ” ဟု အသံမြည်သော ကလေးစီး ဖိနပ်တစ်မျိုးကို ဆင်ပေးခဲ့သည်။ ကလေးများသည် ထိုအသံကို ကြားလို၍ ထင်သည်။ လမ်းကို ပို၍ ကြိုးစားပမ်းစား လျှောက်လာကြသည်။ ဖိနပ်များသည် လူကို လမ်းလျှောက်တတ် အောင်လည်း တစ်နည်းတစ်ဖုံ သင်ပေးနေကြပြန်ပါသည်။
အလုပ်အကိုင်တွေ ပြောင်းရင်းဖြင့် နောက်ဆုံး ရန်ကုန်မြို့တွင် အလုပ်ရကာ ကျွန်တော် ရန်ကုန်သို့ ပြောင်းရွှေ့နေ ထိုင်ခဲ့သောအခါ မိုးအလွန်ရွာတတ်သော ရန်ကုန်၏ မိုးရာသီများသည် ကျွန်တော့်ဖိနပ်များကို လွယ်လွယ်လေး ပျက်ဆီး စေခဲ့ပါသည်။ လမ်းအလွန် လျှောက်ရ၍လည်း ဖြစ်နိုင်ပါသည်။ ဖိနပ်များသည် အရင်ထက် ပို၍ မြန်ဆန်စွာ ပြတ်တတ်လာသည်။ ဖိနပ်များသည် လွယ်လွယ်နှင့် ကျွန်တော့်ကို စွန့်ခွာသွားကြသည်။ ကျွန်တော်ကလည်း စွန့်ခွာသွားသော ဖိနပ်များကို တွေဝေမနေတော့ဘဲ လွယ်လွယ်လေး လွှင့်ပစ်၍ အသစ်တစ်ရံ ဝယ်ဖြစ်ခဲ့ပါသည်။
ဘာကြောင့်မှန်းမသိ ကျွန်တော်သည် ငယ်စဉ်တုန်းကထက် ကြိုတင်ပြင်ဆင်မှုအား မကောင်းလှတော့။ အလုပ်များစွာ လုပ်နေရသော ခေတ်၏ လူသားတစ်ယောက်အဖြစ် မည်သည့်အရာလုပ်လုပ် သွားလည်း ခပ်မြန်မြန်၊ လုပ်လည်း ခပ်မြန်မြန်၊ ပြန်လည်း ခပ်မြန်မြန်ဖြင့် ကျွန်တော်သည် အလောတကြီးလူသားတစ်ဦး ဖြစ်လို့လာခဲ့သည်။ အရင်ကလို ကိုယ်စီးနေသော ဖိနပ်သည် မည်မျှ ခိုင်ခံသည်၊ ကိုယ်နှင့် မည်မျှ လိုက်ဖက်သည်၊ နောက်ထပ် အသစ်တစ်ရံဝယ်သင့်ပြီ၊ စသည်တို့ကို မတွေးဖြစ်တော့။ ဖိနပ်သည် ခြေဖဝါးနှင့်ကပ်လျက် ပါလာလျှင် အဆင်ပြေပြီဟု တွေးဖြစ်ခဲ့သူ တစ်ယောက် ဖြစ်လို့လာခဲ့သည်။
ပြတ်သွားသော ဖိနပ်ကို ကိုင်လျက် ဘားလမ်းတစ်နေရာတွင် ကျွန်တော် တွေဝေနေမိခဲ့သည်။ ဖိနပ်များ၊ ဖိနပ်များ..။ ကျွန်တော်တို့ရဲ့ဖိနပ်များ၊ စီးလျက်ရှိသော ဖိနပ်များ၊ ပြတ်တောက်သွားသော ဖိနပ်များ၊ လွှင့်ပစ်ခဲ့သော ဖိနပ်များ၊ ကော်ကပ်၍ ပြန်စီးခဲ့သော ဖိနပ်များ၊ ဖိနပ်ဆိုင်ပေါ်မှ အသစ်အသစ်သော ဖိနပ်များ …။ လူနှင့် ဖိနပ်များသည် မတ်တပ် စတင် ရပ်တတ်ချိန်ကစ၍ ဘယ်အချိန်ထိ အတူတကွရှိနိုင်ကြသလဲ။ သေဆုံးချိန်ထိလား။ လမ်းမလျှောက်နိုင်တော့သော အချို့ ဝေဒနာသည်တွေကို ဖိနပ်များက စောလျင်စွာ စွန့်ခွာသွားကြပါသလား။ လမ်းလျှောက်တတ်အောင် တွန်းအား ပေးခဲ့သော ဖိနပ်များ၊ ခြေတစ်ဖဝါးစာသော်လည်း ဘဝနီးပါး လူနှင့်အတူ ရှိခဲ့ကြသော ဖိနပ်များ။ ကျွန်တော်တို့ဘဝတွင် ဖိနပ်တွေ ဘယ်လောက် စီးခဲ့ကြပြီလဲ။ ပြတ်နေသော ဖိနပ်ကို ကိုင်ရင်း ကျွန်တော်ဟာ အတွေးပင်လယ်မျှောလို့ နေပါတော့တယ်။
ရင်နင့်အောင်
24 comments
pooch
September 15, 2012 at 3:42 pm
ဒီပိုစ့်ကို ဖတ်မိတော့ ဖိနပ်ဆိုတာ မသိမသာနဲ့ သတိမထားလိုက်မိပဲ လူတွေရဲ့ အရေးပါတဲ့ တစိတ်တဒေသဖြစ်နေဆိုတာလေး သတိပြုမိတယ်။
ကျမရဲ့ ဖိနပ်တွေကတော့ နေရာဒေသ အခြေနေ ရာသီဥတုကို လိုက်လို့ ပုံစုံပြောင်းအမျိုးအစားပြောင်းခဲ့တာတွေ အတော်များတာမို့ မမှတ်မိတော့ဘူး။
လောလောဆယ် ဝါးနဲ့ရက်တဲ့ ဖိနပ်လေးဟာ ကျန်းမာရေးအတွက်လည်း ကောင်းတာမို့ စွဲစွဲမြဲမြဲစီးနေမိတယ်။
kotun winlatt
September 15, 2012 at 3:48 pm
ဖိနပ်ဘယ်လောက်စီးခဲ့ပီးပီလဲဆိုတော့…
တွေးမရတော့ဘူးဗျ….
ကြားဘူးတာတော့ မိန်းမမှာ နားကပ်
ယောက်ျားမှာ ဖိနပ်တဲ့…
နားကပ်မပါတဲ့ မိန်းကလေးတွေဟာ ကြည့်ရမြင်ရတာ မတင့်တယ်သလို
ဖိနပ်မပါတဲ့ ယောက်ျားလေးတွေဟာလည်း ကြည့်ရမြင်တာ မတင့်တယ်ဘူးလို့ ဆိုချင်လေသလားးးးး။
linnlinnn
September 15, 2012 at 4:20 pm
ကျမ မနက်ဖက်ကားစီးလာတိုင်း လှည်းတန်းမှာမီးပွိုင့်အမြဲမိလေ့ရှိပါတယ်။ လှည်းတန်းပွိုင့်မိရင် အကြာကြီးပဲမို့ နေရာ ရရင်ကားမှန်ပြတင်းပေါက်ကနေ အမြဲပဲ ဖိနပ်တွေကိုလိုက်ကြည့်မိလေ့ရှိတယ်။ လူအမျိုးမျိုးလိုက်ပြိး ဖိနပ်တွေလဲ ကွာသွားကြတယ်။ အချို့ကျတော့လည်း ဖိနပ်အကောင်းစားလေးတွေနဲ့.အချို့ကျတော့လည်း..အသင့်အတင့်ဖိနပ်လေးတွေနဲ့ပေါ့.တစ်ချို့ကျပြန်တော့ အောက်ခြေခုံက တစ်ခြမ်းပဲရှိတဲ့ဖိနပ်ပါးနဲ့ပုံစံအမျိုးမျိုး၊ လူအထွေထွေစီးကြတဲ့ ဖိနပ်တွေကို လိုက်ကြည့်ရတာ စိတ်ဝင်စားစရာပါပဲ..
ဒါနဲ့ ကျမက စီးရလွယ်ကူတဲ့ ပေါ့ပေါ့ပါးပါးညှပ်ဖိနပ်တွေကို ပိုကြိုက်တယ်ရှင့်… 🙂
မဟာရာဇာ အံစာတုံး
September 15, 2012 at 6:58 pm
အရင်တုန်းကတော့ ..
ကျုပ်လည်း အဲရိုဆော့တို့ ဘာတို့ ညာတို့ စီးခဲ့သဗျ ..
ကောင်မလေးဒွေ အများစုက ဖိနပ်ကို အရင်ကြည့်တယ် ဆိုလို့ ..
ဖိနပ်ကို အမြဲသထားခဲ့တာပေါ့ဂျာ ..
ခုနောက်ပိုင်းတော့ ဝိုင်းဝိုင်းလည်နေလို့မို့ ..
ထောင့်ငါးရာတန် ရိုးရိုး ဖိနပ်ပဲ စီးဖြစ်တော့တယ် …
(ဒါတောင် လျှော့မသွားတဲ့အပြင် ပိုတောင် တိုးလာသေး)
အိမ်နေရင်းလည်း စီးတယ်၊ ရုံးသွားရင်လည်း စီးတယ် ..
အကြာကြီး ခံတယ်ဗျ …
Shwe Ei
September 17, 2012 at 12:16 pm
ဝိုင်းဝိ်ုင်းလည်နေတာ အကြွေးတွေမို့လား မောင်အံ။ ဂလောက်လဲ မကြွားဘာနဲ့ကွယ် 😀
မဟာရာဇာ အံစာတုံး
September 17, 2012 at 7:43 pm
ဟာဂျာ ဂျီးဒေါ်ဂလည်း …
အကြွေးဟုတ်ဖူးဂျ ..
တောင်မလေးဒွေကို ကြောဒါ …
တောင်မလေးဒွေ .. အဟိ .. 😀
TTNU
September 15, 2012 at 9:47 pm
Comment ပေးပြီးသားတော့။ ပြန်ဝင်ကြည့်တော့ မရှိတော့လို့
ထပ်မန့်လိုက်တယ်နော်။
တီချာ့ သားလေးငယ်ငယ်တုန်းက တီချာတို့ ရန်ကုန်သွားကြတော့
သူ့ဘကြီးကမေးတယ်။ မင်းတို့မန ္တလေးကဘာစီးလာကြတာလဲတဲ့။
(ရထားလား၊ ကားလားမေးတာလေ)
သားလေးက ” ကတ္တီပါဖိနပ်စီးလာတာ” လို့ ပြန်ဖြေလိုက်တာလေ။ 🙂
kai
September 16, 2012 at 1:27 am
ယူအက်စ်လာတော့.. (ဟိုအရင်နှစ်တွေက(.. မြို့ခံတွေ..ရောက်နှင့်ပြီးသူတွေ… မေးလေ့ရှိတာ.. ဘာနဲ့လာသလည်း(ဘာဗီဇာနဲ့လာသလည်း) လို့ပါ.
အဲဒါ…
မှတ်မှတ်ရရ..
“လေယာဉ်ပျံနဲ့လာတာပါ”လို့.. ကြောင်တောင်တောင်ကြည့်ပြီး.. အတည်ဖြေတာ.. မှတ်မှတ်ရရကြားဖူးတယ်..။
တီချယ်ရေ..
အဲဒါမျိုးတွေတကယ်ရှိကြောင်း.. အားဖြည့်ပြောပြတာပါနော..
ရင် နင့် အောင်
September 17, 2012 at 12:01 pm
း))
nozomi
September 15, 2012 at 10:23 pm
တစ်ရက် FM ကလွှင့်တဲ့ အစီအစဉ်လေး နားထောင်ရတယ်
စာရေး ဆရာတွေရဲ့ ဝတ္ထုတိုလေး တွေကို စာရေးဆရာ ကိုယ်တိုင် ဖတ်ပြတာ
မဖတ်ခင် စာရေးဆရာက ဝတ္ထု အကြောင်းလေး ရှင်းပြတယ်
အရင်က လက်ခံထားတာ ဝတ္ထုတွေမှာ ဇာတ်လမ်း ရှိရမယ် ဇာတ်ကောင်ရှိရမယ်
အဲ သူ့ဝတ္ထုမှာ တော့ ဇာတ်လမ်းလဲ မရှိ ဇာတ်ကောင်လဲ မရှိ ဒါပေမဲ့ ဝတ္ထုပါပဲ တဲ့
အောက်ခံဘောင်းဘီ အကြောင်းလေးကို ရေးထားတာကို ဖတ်ပြတာ နားထောင်လို့ကောင်းတယ်
အခုလဲ ကိုရင်နင့်အောင် က ဖိနပ်လေး အကြောင်း ရေးထားတာ ဖတ်လို့ကောင်းတယ်
ကျွန်တော်လဲ ဒီ ပုံစံမျိုးလေး ရေးတတ်ချင်တယ် တချိန်တော့ ကြိုးစားပြီး ရေးကြည့်ဦးမယ်
” စိတ်ဝေဒနာ ဖြစ်စပြုသူများ၏ တွေ့လေ့ရှိသော ပုံစံတစ်ခုမှာလည်း ဖိနပ်မပါတော့ဘဲ လမ်းလျှောက်ကြခြင်းဖြစ်သည်ဟု စိတ်ပညာဘာသာရပ်များတွင် ဖတ်ဖူးသည်” ဆိုလို့
ကျွန်တော်လဲ စိတ်ဝေဒနာဖြစ်စပြုသူရဲ့ အပြုအမူလေး မနက်ကတင် လုပ်လိုက်မိရဲ့
ဘန်ကောက်မှာ အတွေ့အကြုံရအောင် ဆိုပြီ သဘောင်္လေး စီးလိုက်မိပါတယ်
ကျွန်တော်တို့ဆီက လိုင်းကားတွေလိုပဲ မှတ်တိုင်လို နေရာမျိုးမှာ သဘောင်္လေး ကပ်ရင် လူတွေဆင်းလိုက် တက်လိုက်နဲပေါ့ ကျွန်တော် ဆင်းရမဲ့ နေရာကြ ကမ်းပေါ်အတက်မှာ ဖိနပ်တစ်ဘက်က ရေထဲ ကျွတ်ကြ သွားရော ပြန်ဆယ်ဘို့ ကြည့်တော့ အဆင်မပြေဘူး ကံရံ မသင့်ရင် လူပါ ရေထဲကြသွားနိုင်တယ် ရေကလဲ နံစော်လို့ အဲဒါနဲ့ မထူးပါဘူး ဆိုပြီး ကျန်တဲ့ ဖိနပ်တစ်ရံကို ဆက်စီး ပြီး အနီးဆုံး မောလ် တစ်ခုကို ၁ဝ မိနစ်လောက် လမ်းလျှောက်သွားပြီး ဖိနပ်ထပ်ဝယ်လိုက်ရတယ် အခုပြန်စဉ်းစားကြည့်တော့မှ ရန်ကုန်မှာသာဆို အဲဒီလို လျှောက်သွားရင် လူတွေကလဲ ဝိုင်းကြည့် ( စိတ်ဝေဒနာ ဖြစ်စပြုသူ လို့ထင်ကြမှာ) ကိုယ်တိုင်လဲ ရှက်သလိုလို ခံစားနေရမှာ အခုတော့ ဒီမှာ ဘယ်သူမှလဲ မကြည့်
လုံးဝလဲ မရှက်မိ ခပ်တည်တည်နဲ့ အတွေ့အကြုံသစ် ပဲ လို့ တွေးမိပြီး ပျော်သလိုလို တောင် ဖြစ်မိသေး ပိုက်ဆံအပိုထွက်သွားတာတော့ နှမြောစရာပေါ့
DEPARKO DEPARKO
September 16, 2012 at 2:55 pm
ဦးထုတ်နဲ့ဖိနပ် ကျွန်တော်တော့ ခေါင်းပေါ်ဆောင်းတဲ့ဦးထုတ်ကို ၃၀၀ဝ ပေးရမှာ နှမြှောပေမဲ့ ဖိနပ်ကိုဈေးကြီးပေးဝယ်စီးဖြစ်တာများတယ် ဦးထုတ်မရှိလို့ဘာမှမဖြစ်ပေမည့် ဖိနပ်ပြတ်လို့ ဒုက္ခရောက်ရတာကိုမခံစားနိုင်လို့ပါ ဒါပေမည့် တိုက်ဆွေးတွေနဲ့တွေ့လို့ တစ်လလောက်နဲ့ ဖိနပ်ပြတ်သွားတဲ့အခါ တော်တော်စိတ်မကောင်းဖြစ်ရတယ်
မောင်ပေ
September 16, 2012 at 7:56 pm
ဒီစာဖတ်ပြီးမှ ကျုပ် ဖိနပ် ဟောင်းနေပြီ ဆိုတာ သတိထားမိတယ်
အသစ်ဝယ်ရဦးမယ်
ရင် နင့် အောင်
September 17, 2012 at 11:59 am
ဒါလေးရေးပြီး ဖိနပ်ဆိုင်ဖွင့်ရင်ကောင်းမယ်။ း))) ဖိနပ်ဝယ်မယ့်သူတွေ များနေတယ်။ း))
kyeemite
September 17, 2012 at 11:10 am
အင်း..ဖိနပ် ဖိနပ်..
ငယ်ငယ်ကတော့ ဂျပန်ဖိနပ်လို့ခေါ်တဲ့ ရာဘာဖိနပ်တွေနဲ့
စခန်းသွားခဲ့ရတာပဲ…ဖိနပ်ကဟောင်းလာရင် သဲကြိုးပေါက်ကချောင်ပြီး
ခဏခဏ ပြုတ်ထွက်လို့ ခဏခဏငုံ့ပီးသဲကြိုးပြန်တတ်ရတာအမှတ်ရမိတယ်..
ရာဘာဖိနပ်ကိုခုံပါး ပြီးပေါက်တဲ့အထိ သဲကြိုးအကြိမ်ကြိမ်လဲပီးစီးခဲ့ဖူးတယ်..
အမေဈေးကနေပြန်ရင် အိမ်ကလူဆိုဒ်စုံအတွက် သဲကြိုးစပါယ်ယာ အမြဲဝယ်လာတတ်တာမှတ်မိသေးတယ်….
သဲကြိုးရုပ်တရက်ပြတ်ရင် ကြေးနန်းကြိုးနဲ့တုတ်ပီးယာယီ စီးနိုင်အောင်
ကျောင်းလွယ်အိပ်ထဲ ကြေးနန်းကြိုးဆောင်ထားခဲ့ဖူးတယ်…
ပိုခိုင်အောင်နဲ့ သက်သာအောင်ဆိုပီး အမေဝယ်ပေးတဲ့
တာယာဖိနပ်စီးခဲ့ဖူးသေးတယ်…
ဈေးကြီးလို့ ဝယ်မစီးနိုင်ခဲ့တဲ့ ဆင်ကြယ်တံဆိပ် ယိုးဒယားဖိနပ်ကို
သူများတွေစီးတာကြည့်ပီး တောင့်တနေခဲ့ဖူးတယ်…
အော်..ဖိနပ် ဖိနပ်…
Shwe Tike Soe
September 17, 2012 at 11:22 am
အော် ဖိနပ်ဆိုတာ လူဘဝ ရဲ. တစိတ်တဒေသ ပါလားနော်… ကိုရင်နင့်အောင် ပြောသလိုလဲ ဟုတ်တာပဲ.. ငယ်ငယ် ထဲက လမ်းလျှောက်စထဲက စီးလာလိုက်တဲ့ ဖိနပ် သေတဲ့အချိန်ကျမှပဲ ချွတ်ရတာပဲနော်… အင်း တွေးမထားတာကို တွေးနိုင်အောင် ရေးထားတဲ့ ဒီပို.လေး ကောင်းသဗျာ..
ကျွန်တော် လဲ လမ်းဘေးနားက ခင်းရောင်းတဲ့ ဖိနပ်ဆိုင်က ပုံလောင်းထားတဲ့ ဂွင်းထိုးဖိနပ်လေး ၃၀၀ဝ ကျပ်နဲ. ဝယ်ဖူးတယ် ၂၀၀၉ တုန်းက အခုထိကို မပြတ်သေးဘူးဗျာ.. တယ်လဲ သစ္စာရှိတဲ့ဖိနပ် ကျွန်တော်ကို ခွဲမသွားဘူး ဟေဟေဟေ… အခုတော့ အဲဒီဖိနပ်လေးကို အိမ်နေနေရင်း စီးလုပ်ထားတယ်… အခုအချိန်ထိ အပြုံးမပျက် အစီးခံနေတုန်းဗျာ……….
Novy
September 17, 2012 at 12:05 pm
ရင်နင့်အောင်ရဲ့ လူနှင့်ဖိနပ်များ ပိုစ်ကိုဖတ်လိုက်တော့
ရင်ထဲမှာ အလင်းရောင် အသိတရားလေးပေါ်လာတယ်
အဓိက ဆိုလိုတာ ဖိနပ်မဟုတ်ပဲ
လူ့ နဲ့ ဘဝ နှစ်ခုဒွန်တွဲထားတယ်လို့ မြင်နေမိတယ်
Shwe Ei
September 17, 2012 at 12:29 pm
ကိုယ့်ခြေထောက်စွပ်ဖို့ ဖိနပ်ကို ဘယ်လောက်ဈေးကြီးတာဝယ်ဝယ် ဘယ်လောက်ကောင်းတာဝယ်ဝယ် အချိန်တန်ရင်ပြတ်မှာဘဲ(အချိန်မတန်ခင်လဲပြတ်တာဘဲ)။
ဘဝဆိုတဲ့ဖိနပ်ကြီးကိုတော့တသက်လုံးစီးရမှာဗျ။ ဆူးညှောင့်ခလုတ်ဒဏ်ခံနိုင်အောင်တော့ ကိုယ်ဘယ်အချက်ကိုအခြေခံပီးရွေးသလဲပေါ်မူတည်တယ်။
manawphyulay
September 17, 2012 at 3:00 pm
ဖိနပ်ဇာတ်လမ်းကတော့ မနောဖြူတို့က နေ့တိုင်း လတိုင်း ကြုံနေရတယ်။ ဆိုဒ်မတော်တာနဲ့ ရှာလို့မတွေ့တာနဲ့ တစ်ခါတလေ လမ်းမှာပျက်သွားရင်တောင် ဖိနပ်မပါပဲ အိမ်တောင်ပြန်ခဲ့ဖူးတယ်။
ထီးနဲ့ဖိနပ်မပါ ဘယ်ခါမှသိလို့ အလှူခံတွေမှာအော်သလိုပါပဲ။ လူနဲ့ဖိနပ်ဆိုတာ တွဲလျက်ပါပဲ။ စီးပွားရေးလုပ်ရင်တောင် ဖိနပ်လုပ်ရင်ကောင်းမလားစဉ်းစားမိတယ်။ 😛
ရင် နင့် အောင်
September 17, 2012 at 5:39 pm
အကြံတွေ တူနေပြီ း)))
MaMa
September 18, 2012 at 7:45 am
လူတစ်ကိုယ်အကြိုက်တမျိုးဆိုသလို ဖိနပ်ကြိုက်တဲ့သူ တွေ့ဖူးတယ်။
ကျန်တဲ့ပစ္စည်းထက် ဖိနပ်တွေ့တိုင်းဝယ်ချင်တာမို့ သူ့မှာတစ်ယောက်တည်းနဲ့ ဖိနပ်ပုံစံစုံ၊ အရောင်စုံ အများကြီးပဲတွေ့ခဲ့ဖူးတယ်။
စီးတဲ့ဖိနပ်ကိုကြည့်ပြီး လူရဲ့စိတ်သဘောထားကို တိုင်းတာကြတယ်။
မန္တလေးခြေညှပ်ဖိနပ်လေး စီးရင် ယဉ်ယဉ်ကျေးကျေးရှိကြတယ်လို့ မြင်တတ်တယ်။
အဲ-ဘွတ်တွေ ရှုးတွေ စီးတဲ့လူကျတော့လည်း အမြင်တမျိုးပေ့ါ။
ကိုယ်တိုင်တော့ သူ့နေရာနဲ့ သူ့ရာသီဥတုနဲ့လိုက်ပြီး ဖိနပ်အမျိုးမျိုးထားပြီး စီးရတာကို ကြိုက်တယ်။
မှတ်မှတ်ရရ ဖိနပ်လို့ ပြောတိုင်း ဟိုးးးးးးးအရင်က မဂ္ဂဇင်းတစ်ခုမှာ တွေ့ခဲ့ဖူးတဲ့ ဖိလစ်ပိုင်သမ္မတကတော်ဟောင်း အီမယ်ဒါမားကိုစ့်ရဲ့ ဖိနပ်စင်ကြီးကို သိပ်သဘောကျခဲ့ဖူးတယ်။ 😀
weiwei
September 18, 2012 at 9:45 am
ကျွန်မအလုပ်လုပ်တဲ့ရုံးဘေးကပ်လျက်မှာ ဘုန်းတော်ကြီးသင်စာသင်ကျောင်းတစ်ကျောင်းရှိတယ်။ ရုံးဆင်းချိန်နဲ့ ကျောင်းလွှတ်ချိန်တူနေတော့ ကလေးတွေကို အမြဲတမ်းတွေ့နေရတယ်။ မိုးတွင်းကြီးမှာ ကလေးတွေ ထီးလဲ မပါ ဖိနပ်လဲ မပါကြဘူး။ မြင်မိတိုင်း စိတ်ထဲမကောင်းဖြစ်မိတယ်။ ဖိနပ်လေးတွေ လှူချင်စိတ်ဖြစ်နေတာတော့ကြာပြီ … ရွာထဲမှာ ကလေးဖိနပ်ရောင်းတဲ့သူများ ရှိပါသလား??????
weiwei
September 18, 2012 at 9:49 am
ကျောင်းဖွင့်ခါစတုန်းက အလှူရှင်တစ်ဦးက ထီး (ချာလီထီး) အရောင်တူလေးတွေ လာလှူသွားတာကို သတိထားမိသေးတယ်။ အဲဒီနေ့က ကျောင်းလွွှတ်တော့ ကလေးတွေ ထီးဆင်တူတွေနဲ့ သိသိသာသာ အရောင်ထွက်နေကြတယ်။ ဒါပေမယ့် ရက်အနည်းငယ်အတွင်းမှာ အဲဒီထီးတွေ မရှိတော့ဘူး …. 🙁
mayjuly
September 18, 2012 at 1:05 pm
အော် ဖိနပ်..ဖိနပ် ..
ဖိနပ် စီးမယ်ဆို အကောင်းစားဖိနပ်ပဲ စီးဗျ … 😀
အရီးခင်လတ်
October 9, 2012 at 7:21 pm
“ဖတ်ရွေး အဖွဲ့ ကိုယ်စား”
အကြောင်းအရာက ဘာမှမဟုတ်လှဟုထင်ရသော်လည်း ထိုအသေးအမွှားဇတ်ကောင် `ဖိနပ်´
ကိုပင်အခြေပြု၍ အရေးအဖွဲ့လှလှပပဖြင့် စာဖတ်သူအားဆွဲဆောင်သွားသည်မှာ..ဇတ်လမ်းဆုံးအောင်ပင်..
ရေးဖွဲ့တတ်ပုံကိုကြည့်ပါ..အတုယူစရာ…
ဖိနပ်မပါ၍ အမြဲလိုလို လမ်းလျှောက်သူများကို အရူးပမာ ကြည့်တတ်ကြသည်။ စိတ်ဝေဒနာ ဖြစ်စပြုသူများ၏ တွေ့လေ့ရှိသော ပုံစံတစ်ခုမှာလည်း ဖိနပ်မပါတော့ဘဲ လမ်းလျှောက်ကြခြင်းဖြစ်သည်ဟု စိတ်ပညာဘာသာရပ်များတွင် ဖတ်ဖူးသည်။ ထိုအခါ ဖိနပ်စီးခြင်းသည် ခြေထောက်ကို သက်သာ စေခြင်းမကတော့ဘဲ မိမိကိုယ်ကိုယ် လူကောင်းပကတိဖြစ်ကြောင်း သက်သေပြခြင်းလည်း ဖြစ်သည်ဟု ကျွန်တော်က ထင်နေမိခဲ့ တကယ်တော့ လူတစ်ယောက်ရဲ့ အခြေခံ လိုအပ်ချက်များတွင် ဖိနပ်သည်လည်း ပါလိမ့်မည် သည်။
စာဖတ်သူတစ်ဦးကပင်ဤသို့ ချီးကြူးအားကျမိသည်ကို ကိုးကားပြလိုပါသည်….
nozomi says:
တစ်ရက် FM ကလွှင့်တဲ့ အစီအစဉ်လေး နားထောင်ရတယ် စာရေး ဆရာတွေရဲ့ ဝတ္ထုတိုလေး တွေကို စာရေးဆရာ ကိုယ်တိုင် ဖတ်ပြတာ မဖတ်ခင် စာရေးဆရာက ဝတ္ထု အကြောင်းလေး ရှင်းပြတယ်
အရင်က လက်ခံထားတာ ဝတ္ထုတွေမှာ ဇာတ်လမ်း ရှိရမယ် ဇာတ်ကောင်ရှိရမယ် အဲ သူ့ဝတ္ထုမှာ တော့ ဇာတ်လမ်းလဲ မရှိ ဇာတ်ကောင်လဲ မရှိ ဒါပေမဲ့ ဝတ္ထုပါပဲ တဲ့ အောက်ခံဘောင်းဘီ အကြောင်းလေးကို ရေးထားတာကို ဖတ်ပြတာ နားထောင်လို့ကောင်းတယ် အခုလဲ ကိုရင်နင့်အောင် က ဖိနပ်လေး အကြောင်း ရေးထားတာ ဖတ်လို့ကောင်းတယ် ကျွန်တော်လဲ ဒီ ပုံစံမျိုးလေး ရေးတတ်ချင်တယ် တချိန်တော့ ကြိုးစားပြီး ရေးကြည့်ဦးမယ်
ပြီးတော့ ရေးဖွဲ့ပုံလေးကိုလှလှပပတွေ့ရပြန်ပုံမှာ…..
သမီး မတ်တပ်ရပ်ချိန်များကို လွန်၍ လမ်းစလျှောက် တတ်ချိန်တွင် “ပိ..ပိ” ဟု အသံမြည်သော ကလေးစီး ဖိနပ်တစ်မျိုးကို ဆင်ပေးခဲ့သည်။ ကလေးများသည် ထိုအသံကို ကြားလို၍ ထင်သည်။ လမ်းကို ပို၍ ကြိုးစားပမ်းစား လျှောက်လာကြသည်။ ဖိနပ်များသည် လူကို လမ်းလျှောက်တတ် အောင်လည်း တစ်နည်းတစ်ဖုံ သင်ပေးနေကြပြန်ပါသည်။
နိဂုံး ချုပ်ပုံလေးမှာလည်းပိရိသေသပ်သော သုံးသပ်ချက်အတွေးကလေးနှင့်…စ၊လယ်၊ဆုံး၊
သုံးပါးလုံးကောင်းမွန်သောပို့စ်ကောင်းတစ်ခုဖြစ်ပါဂျောင်း။
စွန့်ခွာသွားကြပါသလား။ လမ်းလျှောက်တတ်အောင် တွန်းအား ပေးခဲ့သော ဖိနပ်များ၊ ခြေတစ်ဖဝါးစာသော်လည်း တဘဝနီးပါး လူနှင့်အတူ ရှိခဲ့ကြသော ဖိနပ်များ။ ကျွန်တော်တို့ဘဝတွင် ဖိနပ်တွေ ဘယ်လောက် စီးခဲ့ကြပြီလဲ။ ပြတ်နေသော ဖိနပ်ကို ကိုင်ရင်း ကျွန်တော်ဟာ အတွေးပင်လယ်မျှောလို့ နေပါတော့တယ်။
~~~~~~~~~~~~~
ကျနော်တို့တွင်မရှိမဖြစ် အသုံးပြုနေသောပစ္စည်းဖြစ်သော်လည်း တန်ဖိုးမထားမေ့လျော့
ခံထားရသော ဖိနပ်ကလေး မှ အတွေးတွေပွားထွက်လာအောင်ရေးထားနိုင်ပါသည်.။
သူပြောမှ ဘဝခရီးရှည်ကြီးတွင် ခေတ်အလိုက်စီးမိခဲ့သောဖိနပ်များကို ပြန်စဉ်းစားကြည့်မိပါသည်.။
ဖိနပ်များ၏အပြောင်းအလဲသည်လည်းခေတ်တစ်ခု၏သမိုင်းကိုပြဆိုနိုင်ပြန်ပါသည်။
ရိုးရိုးလေးနဲ့လှသော အတွေးဆောင်းပါးတပုဒ်ဟုခံစားရသောကြောင့် နှစ်သက်မိပါသည်။
စက်တင်ဘာလတွက်တတိယအကြိုက်ဆုံးအဖြစ်ရွေးချယ်လို်က်ပါသည်.။
~~~~~~~~~~~~~~
နေ့စဉ်အသုံးပြုနေကြသော ဖိနပ်လေးများအား ရသမြောက်အောင်ရေးဖွဲ့ထားသောကြောင့်