ငါကံကောင်းနေသေးတယ် အပိုင်း(၁)-ဘုန်းသုခေ
`ငါကံကောင်းနေသေးတယ်´ဆိုတဲ့ စာလေးကို ရေးသူ ဘုန်းသုခေဆိုတာ စမ်းချောင်းမြို့နယ်
ဓမ္မစေတီစာသင်တိုက်က ဆရာတော် ဦးသုခေဓိတ ဖြစ်ပါတယ်။
စာသင်သား ၁၀ဝ ကျော်ကို စည်းကမ်းတကျ ပရိယတ်သင်ပေးရုံသာမက အနီးပတ်ဝန်းကျင်က ရပ်ကွက်သူားတွေကိုလည်း
ဝိပဿနာတရားဟော အဘိဓမ္မာသင်တန်းပေးဆိုတာတွေကို ဓမ္မပူဇာမပါ အပတ်စဉ် ဟောကြားသင်ပြပေးနေပါတယ်။
ဆရာတော်ရဲ့ တပည့်စာသင်သားတွေဟာ စည်းကမ်းသေဝပ်စွာနေကြရပါတယ်။
မနက် တန်းဆွမ်းခံထွက်ချိန်ကလွဲလို့ အပြင်မှာ ဦးပဉ္ဖင်းတွေကိုရင်တွေကို မမြင်တွေ့ရပါ။
စာသင်စာကျက် ဝေယျာဝစ္စတွေလုပ်နဲ့ မအားလပ်ကြရပါဘူး။လူတွေနဲ့ ရောနှောခြင်းမရှိရပါဘူး။
ဒါပေမယ့် နာဂစ်ကြောင့် ကျောင်းတိုက်ရှေ့လမ်းမကြီး သစ်ပင်တွေ လဲပြိုပြီး ပိတ်သွားတာလို
လိုအပ်တဲ့အချိန်တွေမှာ စာသင်သားတွေထွက်ပြီး သစ်ပင်တွေ ရှင်းလင်းဖယ်ရှားပေးတာမျိုး လုပ်ပေးစေပါတယ်။
သင်္ကြန်တွင်းမှာ ပဏ္ဍိတာရာမဆရာတော်ကြီးရဲ့ ဩဝါဒခံယူပြီး တရားစခန်းဖွင့်လှစ်ပေးလေ့ရှိပါတယ်။
ကျမထက်အသက်ငယ်ပေမယ့် ဆရာတော့် သင်တန်းမှာ ကျမအားလပ်တိုင်း သွားတက်လေ့ရှိတော့
ကျမရဲ့ ဆရာ ဖြစ်ပါတယ်။
တရားဟောတယ်ဆိုပြီး တဖက်သတ်နားထောင်ရတာ မဟုတ်ပဲ ကိုယ်မရှင်းလင်းတာတွေကိုလည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးခွင့်ရပါတယ်။
သူမသိတာဆိုလည်း ဒါတော့ မဖတ်ဖူးသေးဘူး၊ပြန်ရှာကြည့်ရမယ်လို့ အပြန်အလှန် ဆွေးနွေးလို့ရတဲ့နည်းနဲ့ သင်တာပါ။
ဆရာတော်က တိုတိုနဲ့ လိုရင်းကို ထိထိမိမိ တရားဟောကောင်းသလို စာရေးလည်းကောင်းပါတယ်။
တရားသက်သက်ဟောသလို ငြီးငွေ့ဖွယ် မဖြစ်ပါဘူး။
ဒီ`ငါကံကောင်းနေသေးတယ်´စာအုပ်လေးကို ကြိုက်လို့ ဓမ္မဒါန ဝေပေးတော့ ရသူတွေကလည်း ကြိုက်ကြပါတယ်။
ဒါကြောင့် ဂဇက်က မိတ်ဆွေတွေကိုလည်း စာကောင်းလေးပေးဖတ်ချင်လို့ ဆရာတော့်ထံခွင့်တောင်းပြီး တင်ပေးလိုက်ပါတယ်။
ယထာ ဒဏ္ဍေန ဂေါပါလော၊
ဂါဝေါ ပါဇေတိ ဂေါစရံ။
ဧဝံ ဇရာ စ မစ္စု စ၊
အာယုံ ပါဇေန္တိ ပါဏိနံ။
နွားကျောင်းသားသည် နှင်တံဖြင့် နွားတို့ကိုစားကျက်သို့မောင်းနှင်သကဲ့သို့
ဤအတူ အိုခြင်းသည်လည်းကောင်း၊ သေခြင်းသည်လည်းကောင်း သတ္တဝါတို့၏အသက်ကို မောင်းနှင်ကုန်၏။
(ဓမ္မပဒ)
…………………………..
`သေတယ်´ ဆိုတာ
ယနေ့ နံနက်စောစောပိုင်းမှာတော့ မိုးကလေး
များတစ်ဖွဲဖွဲကျနေလို့ ရာသီဥတုက စိုထိုင်းထိုင်း အေးစိမ့်စိမ့်လေးဖြစ်နေတယ်။
မိမိကြိုက်နှစ်သက်တဲ့စာအုပ်လေးများကို ရှာဖြွေပီး အခန်း ထဲမှာ အေးအေးဆေးဆေး စာဖတ်နေလိုက်တယ်။
မိမိ ဖတ်နေတဲ့ စာအုပ်လေးကတော့ ဝင်းနိမ္မိတာရုံ ဆရာတော် ရေးသားထားတဲ့ …
“ကြည်ကြည်လင်လင် သေပွဲဝင်ဖို့ ပြင်ထားစို့”
ဆိုတဲ့ စာအုပ်လေး။ ဒီစာအုပ်လေးထဲမှာ ဆရာတော်က
“သေတယ်”ဆိုတာကို အခုလိုအမိန့်ရှိထားတယ်။
သတ္တဝါတစ်ဦးတစ်ယောက် သေဆုံးသွားတယ်ဆိုတာ ….
အာယု = အသက်(ဝင်လေ၊ထွက်လေ)ရပ်ဆိုင်းသွားတာရယ်။
ဥသ္မာ = ကိုယ့်ငွေ့ ချုပ်ပျောက် သွားတာရယ်။
ဝိညာဏ= အသိစိတ် ချုပ်ပျောက်သွားတာရယ်။
ဆိုပြီးတော့ ဒီအချက်သုံးမျိုး ချုပ်ပျောက်
ပျက်စီးသွားတာကို “သေတယ်”လို့ အမိန့်ရှိထား
တာကို စိတ်ဝင်တစားဖတ်ရှု့နေတယ်။
…………………………….
သေရဖို့ဆိုတာ အဝေးကြီးလား?အနီးလေးလား?
သေရဖို့ဆိုတာ အဝေးကြီးလည်း ဖြစ်နိုင်တယ်။ အနီးလေးလည်း ဖြစ်နိုင်တယ်။
“အဝေးကြီးလည်း ဖြစ်နိုင်တယ်” ဆိုတာကတော့ သေရဖို့“ကံ”မပါသေးရင် သေခြင်းတရားနဲ့ဝေးနေနိုင်ပါသေးတယ်။
လူတိုင်းကတော့ “သေခြင်းတရား”နဲ့ “ဝေးလေ ကောင်းလေ”လို့ ပြောကြတာချည်းပါပဲ။
ဘာဖြစ်လို့လဲဆိုတော့ “သေရမှာကို” လူတိုင်းက ကြောက်နေလန့်နေကျမို့ပါ။
သေရမှာကြောက်လို့ရှိရင် “သေရမယ်ဆိုတာကို အမြဲ သတိရနေဖို့”လိုအပ်ပါတယ်။
ကိုယ့်ရဲ့ စိတ်အစဉ်မှာ သေခြင်းတရားနဲ့ ရင်းနှီးနေအောင် နေ့စဉ် မိတ်ဖွဲ့နေရပါမယ်။
အမှန်တကယ်တော ့ သေခြင်းတရားနဲ့ ဝေးလေကောင်းလေဆိုတာ သေခြင်းတရားရဲ့ ခြောက်လှန့်မှုအောက်ကနေ ကြောက်လန့်နေခြင်းမျှသာ ဖြစ်တယ်။
သေခြင်းတရားနဲ့ ဝေးနေလို့မဖြစ်ပါဘူး ။ သေရမယ့်ရက်တွေနဲ့ ဝေးနေခြင်းကသာ ကောင်းတာပါ။
သေခြင်းတရားကိုတော့ စိတ်အစဉ်မှာ စွဲထင်နေအောင် ခင်မင်ရင်းနှီးထားဖို့ အထူး လိုအပ်ပါတယ်။
အဲ့ဒီလို သေခြင်းတရားနဲ့ ခင်မင်ရင်းနှီးမှုရအောင် ပြုလုပ်နေခြင်းကို “မရဏာနုဿတိ” လို့ခေါ်တာပါပဲ။
တရားထိုင်ကြတဲ့ ပုဂိ္ဂုလ်တွေက ကိုယ်သေ
ရမယ့် နေ့ရက်အချိန်အခါတွေကို သိနေကြတယ်။ကြောက်လန့်တုန်လှုပ်နေတာမျိုးလဲ မရှိကြတော့ဘူး။
ဒါကြောင့်မို့ ဆရာတော်ဘုရားကြီးတွေက –
“တွေဝေ မရှိ၊
ချိန်နေ့သိပြန်၊
မျက်လန်ကြောဆွဲ၊
မရှိဘဲနှင့်၊
သေလဲမတောင့်တင်း၊
ပုတ်နံ့ကင်းသည်၊
ကျိုးရင်း ဝိပဿနာတန်ခိုးတည်း”
လို့ အမိန့်ရှိကြပါတယ်။
တရားထိုင်ခြင်း ရဲ့ အကျိုးတရားတွေက
အလွန်တရာမှ အံဩဘွယ် ကောင်းလှပါတယ်။
သေခါနီးအချိန်ရောက်ရင် တကယ် အားကိုးအားထားပြုရမှာက “တရားထိုင်ခြင်း၊ တရားအားထုတ်ခြင်းအလုပ်ပဲ” ဖြစ်တယ်။
သေရမှာ ကြောက်ရင် သေခြင်းတရားနဲ့
ရင်းနှီးအောင် နေကြပါ။
………………………….
နှလုံးသွင်းဆင်ခြင်စရာ
အဓုဝံ မေ ဇီဝိတံ = ငါ၏ အသက်ရှင်နေခြင်းသည် မမြဲ။
ဓုဝံ မေ မရဏံ = ငါ၏ အသက်သေခြင်းကား မြဲ၏။
အဝဿံ မယာ
မရိတဗ္ဗမေဝ = ငါသည် မလွဲဧကန် အမှန်ပင် သေရလိမ့်မည်။
ခဏခဏ သေကြည့့်ပါ
သေခြင်းတရားနဲ့ပတ်သက်ပြီး အတွေးစများ
ချဲ့ကားဆွဲထုတ် လက်တွေ့ အလုပ်လုပ်ကြည့်တယ်။
မိမိတွေ့မြင်ဖူးတဲ့ အလောင်းကောင် ခန္ဓာကိုယ်ကြီးကို ကုတင်ပေါ်မှာ ဆန့်ဆန့်တင်ထားတဲ့အတိုင်း မိမိကိုယ်ကို ပြင်ထားလိုက်တယ်။
ပြီးတော့ အပေါ်ကပြောထားသလို နှလုံးသွင်းဆင်ခြင်လိုက်တယ်။
ဒီလေ့ကျင်ခန်းလေးကို နေ့စဉ်မှန်မှန် ပြုလုပ်ပေးနိုင်ရင် သေခြင်းတရားဆိုတာကြောက်လန့်စရာ မဟုတ်တော့ဘဲ
ကိုယ့်ဘဝကို သက်တောင့်သက်သာရှိအောင် ကူညီစောင့်ရှောက် သွားမယ့် မိတ်ဆွေတစ်ယောက်လို ဖြစ်သွားမှာပါ။
သေခြင်းရဲ့ အဓိပ္ပါယ်ကိုလည်း နားလည်သဘောပေါက်သွားနိုင်တယ်။ ကြက်သေ၊ ငှက်သေ သေခြင်းမျိုးမဟုတ်တော့ဘဲ လူလိုသေတတ်သွားတာပေါ့။
……………………………..
နှင်းဆီပန်းအလှူရှင်
တဒေါက်ဒေါက် နဲ့ အခန်းတံခါးကိုလူတစ်ယောက် လာ ခေါက်နေတယ်။
သေတတ်ဖို့ ပြင်ဆင်ကြည့်နေတုန်းမှာ အခန်းတံခါးခေါက်သံ ကြားလိုက်ရတော့ လန့်သွားတယ်။
သေမင်းများရောက်လာတာလားလို့။အခန်းတံခါး ဖွင့်ကြည့်လိုက်တော့ တပည့်ကိုရင်လေးတစ်ပါးက တယ်လီဖုန်းလာတဲ့အကြောင်း လာပြောတာပါ။
ဖုန်းလက်ကိုင်လေးကို ကောက်ကိုင်လိုက်ပြီး …
“ဟဲလို…ဟဲလို ပြောပါ ပြောပါ”
တစ်ဘက်ကအသံက တော်တော်နဲ့ မကြားရသေးပါ။
“ဟဲလို ပြောပါ ကြားရပါပြီ”
“ဘယ်သူပါလိမ့်”
“တပည့်တော်မ ဒေါ်ရီပါဘုရား”
“ဪ ဒေါ်ရီလား၊အသံကလည်း ဝမ်းနည်းနေတဲ့အသံနဲ့ပါလား”
“မှန်ပါ၊ တပည့်တော်မ ခင်ပွန်း အလုပ်လုပ်နေရင်းနဲ့ လေဖြတ်သွားလို့မို့ အခု အာရှတော်ဝင်ဆေးရုံမှာ တင်ထားရတယ်။
စကားလည်းမပြောနိုင်တော့ဘူး၊ ဆိုးဆိုးဝါးဝါး ဖြစ်သွားတာပါဘုရား။အရှင်ဘုရားတို့ကို အသိပေး အကြောင်းကြားတာပါ”
“အဲ့ဒါဆိုလည်း ဆေးရုံကို လာကြည့်ဦးမယ်လေ”လို့ ပြောပြီးဖုန်းချလိုက်တယ်။
ညနေ ခြောက်နာရီလောက်မှာ အာရှတော်ဝင်ဆေးရုံက လေဖြတ်လူနာ ဦးထွန်းကို သွားကြည့်လိုက်တယ်။
စိတ်မကောင်းစရာ၊ စိတ်မသက်သာစရာ မြင်ကွင်းပါပဲ။ လူနာအခြေနေကတော့ သတိမေ့နေပုံရတယ်။ နှာခေါင်းမှာလည်း ပိုက်တန်းလန်းနဲ့။
ဦးနှောက် သွေးကြောပေါက်သွားတာလို့ ပြောတယ်။ပြန်ကောင်းလာမယ့် ရာခိုင်နှုန်းက မရှိသလောက်ပါပဲတဲ့။
လေးနှစ်အရွယ် သမီးလေးတစ်ယောက်နဲ့ ဇနီးဖြစ်သူတို့ကတော့ အားကိုးရာမဲ့သလိုဖြစ်နေလို့ ဝမ်းနည်းပူဆွေးငိုကြွေးနေကြတယ်။
“သမီးလေး ပညာတတ်ကြီးဖြစ်ရမယ်”ဆိုတဲ့ မျှော်လင့်ချက်နဲ့ နေပူမရှောင် မိုးရွာမရှောင် လုပ်ကိုင် ရှာဖွေ ကျွေးမွေးနေရင်း ….
“အဖြစ်ဆိုးက ရင်ကျိုးစရာ၊လမ်းလျှောက်ရင်းလမ်းပျောက်သလို ”ခံစားကြရတယ်။
သမီးလေးနဲ့ ဇနီးကို အရင်တုန်းက အားတွေပေးခဲ့နိုင်ပေမယ့် အခုတော့ မျက်ရည်ပူတွေ ဝေကျစေခဲ့ပြီပေါ့။
သူတို့သားမိနှစ်ယောက်ကိုကြည့်ပြီးတော့မီးလောင်ရာလေပင့်မနေတော့ပဲ၊ မီးလောင်ရာရေပက်ပေးတဲ့အနေနဲ
့“သေခြင်းတရား ဆိုတာ ကိုယ့်မိသားစုတစ်စုထဲမှာပဲ ကွက်ပြီးတော့ ဖြစ်တာမဟုတ်ဘူး။
ရပ်ကွက်တစ်ခုထဲမှာလည်း ကွက်ပြီးတော့ ဖြစ်တာမျိုးမဟုတ်ဘူး။
မြို့ရွာ တစ်ခုခုမှာလည်း ကွက်ပြီးတော့ဖြစ်တာမျိုးမဟုတ်ဘူး။
နေရာမရွေး ဒေသမရွေးပုဂိ္ဂုလ်မရွေး သေမင်းရဲ့ဝါးမျိုခြင်းကို ခံရတဲ့သူတွေ၊ခံရမယ့်သူတွေချည်းပါပဲ”။
“မြေနဲ့ ပြုလုပ်ထားတဲ့ မြေအိုးလေးတွေဟာကွဲခြင်းပဲ့ခြင်းနဲ့ပဲ အဆုံးသတ်သွားကြသလို
လူတို့ရဲ့ခန္ဓာကိုယ်ကြီးဟာလဲ အိုခြင်း နာခြင်း သေခြင်းနဲ့ပဲအဆုံးသတ်သွားကြမှာပါ”။
ဒါကြောင့်မို့ “သောကမီးတွေအလောင်မခံပါနဲ့”လို့ ဒေါ်ရီတို့ သားအမိကိုနှစ်သိမ့်စကား ပြောကြားခဲ့ပြီးတော့ ကျောင်းကိုပြန်လာခဲ့ပါတယ်။
နောက်တစ်နေ့ နံနက်(၃)နာရီလောက်မှာ
ဦးထွန်းဆုံးသွားပြီ။ အသက်က(၄၅)နှစ်တဲ့။ ဪအရွယ်ကောင်း ရှိပါသေးလား။
ဗုဒ္ဓမြတ်စွာဘုရားက …. “ကွေးသောလက် မဆန့်မီ၊ဆန့်သောလက် မကွေးမီ အချိန်တိုအတွင်းမှာပဲသေမင်းနောက်ကို လိုက်သွားရနိုင်တယ်”
ဆိုတဲ့ အဆုံးအမကို နားမလည်ခဲ့တာအမှန်ပါ။
အကောင်းပကတိကနေ သေသွားကြတာတွေ တွေ့ဖန်များလာတော့“ဒါကြောင့် ဘုရားကပြောတာကိုး”ဆိုပြီးနားလည်လာတယ်။
ဦးထွန်းဆုံးသွားပြီဆိုတဲ့ သတင်းကြားလိုက်ရတော့ သူနဲ့ပတ်သက်တဲ့ အတိတ်က အရိပ်တွေကပိုပြီး သက်ဝင် လှုပ်ရှားလာတယ်။
လေမဖြတ်ခင်နာရီပိုင်းလောက်က ဦးထွန်းနဲ့ စကားတွေကောင်းကောင်းပြောလိုက်ရသေးတယ်။
သူ လေဖြတ်သွားတာက မနက်(၁၀)နာရီ ဝန်းကျင်လောက်။သူနဲ့ စကားပြောလိုက်ရတာက မနက်(၆)နာရီကျော်ကျော်လောက်ကပါ။
သူ့သမီးလေးရဲ့ လက်ကို ဆွဲပြီးတော့ မိမိနေတဲ့ ကျောင်းအောက်ကို ရောက်လာကြတယ်။
“ဟာ ဦးထွန်း ဒီနေ့ အစောကြီး ရောက်လာတာပါလား”
“မှန်ပါ ဒီနေ့ မိုးကလဲ တဖွဲဖွဲ ကျနေတာဆိုတော့ စောစောလေးထွက်လာခဲ့တာပါဘုရား”
“ခင်ဗျားတို့ ရွှေပြည်သာမှာရော မိုးရွာနေတာပဲလား”
“ဒီလို အုံ့ဆိုင်းဆိုင်းပါပဲ”
“ဒီနေ့ ကြည့်မြင်တိုင် ကန္နားဈေးမှာ အလုပ်တစ်ခု လက်ခံထားလို့ တပည့်တော် စောစောလေးထွက်လာခဲ့တာပါဘုရား”
“အလုပ်မသွားခင် အရှင်ဘုရားဆီ အရင်ဝင်လာတာပါဘုရား”
“ခင်ဗျား ကျန်းမာရေးက ကောင်းတယ်မို့လား”
“ကောင်းပါတယ်ဘုရား၊ သွေးတော့နည်းနည်းတိုးချင်တယ်”
“သွေးတိုးရှိရင်တော့ ဝက်သားနဲ့ အရက်ကိုတော့လျှော့ပေါ့ဗျား”
ဦးထွန်းနဲ့ ကျန်းမာရေးအကြောင်း ပြောနေရင်းနဲ့ အဆက်စပ်မရှိတဲ့ စကားတစ်လုံး ဦးထွန်းကိုပြောလိုက်မိတယ်။
“ဦးဇင်း ကျောင်းရှေ့ စိုက်ထားတဲ့ နှင်းဆီပန်းပင်တွေက ပွင့်နေလိုက်တာ သိပ်ကိုလှတာပဲဗျာ၊အဲ့ဒါ ခူးပြီးတော့ ဘုရားကို လှူပေးပါလား”
“ရပါတယ်၊ လှူပေးပါ့မယ်၊ ဘာနဲ့ခူးရမှာလဲ”
“ဟိုမှာ ကတ်ကြေးရှိတယ်”
ကတ်ကြေး ယူပြီးတော့ ပန်းနုရောင် နှင်းဆီပွင့်လေး သုံးပွင့် ခူးယူလာပါတယ်။
“ဟို ဘုရားရှေ့မှာ ဖန်ခွက်ရှိတယ် အဲ့ဒီထဲထည့်ပြီးတော့ ဘုရားလှူလိုက်”
“ဦးဇင်းလဲ ကုသိုလ်ရတာပေါ့”
ဦးထွန်းကို ဘုရားပန်းကပ်လှူဖို့ တကူးတက ခိုင်းလိုက်သလိုဖြစ်နေတယ်။
သူကလည်း လိုလိုလားလား စေတနာပါပါနဲ့ ကပ်လှူပေးပါတယ်။
မြတ်စွာဘုရားအား နှင်းဆီပန်းသုံးပွင့်နဲ့ ကပ်လှူပူဇော်ကန်တော့ပြီးတော့ မိမိကိုလည်းကန်တော့ပါတယ်။
ပြီးတော့ တပည့်တော် “အလုပ်သွားရဦးမယ်”ဆိုကာ သူ့သမီးလေးရဲ့ လက်ကိုဆွဲပြီး နှုတ်ဆက်ထွက်ခွါသွားပါတယ်။
“မသိနိုင်တဲ့ အကြောင်းတရားတွေကြောင့် မသိနိုင်တဲ့အကျိုးတရားတွေလည်း ရရှိကြဦးမှာပါ”။
ဦးထွန်းကလည်း မိမိကို “နောက်ဆုံးနှုတ်ဆက်တာပါ”လို့ မသိနိုင်သလို
မိမိကလည်း“သူနောက်ဆုံး နှုတ်ဆက်သွားတာပါလား”လို့ မသိလိုက်ပါဘူး။
ဦးထွန်း ကွယ်လွန်သွားတာ စိတ်မကောင်းဖြစ်ရပေမယ့် သူ့ကို ဘုရားပန်း ကပ်လှူခိုင်းလိုက်ရတဲ့အတွက် စိတ်သက်သာရာ ရသွားပါတယ်။
နှင်းဆီပန်းသုံးပွင့်က ထူးဆန်းနေသလိုပါပဲ။
လေးငါးရက်လောက်အထိ မညှိုးမနွမ်းပဲ လန်းလန်းဆန်းဆန်း ဘုရားရှေ့မှာ ရှိနေလျက်ပါ။
ဘုရားရှေ့က နှင်းဆီပွင့်လေး သုံးပွင့်ကသေသွားသူကို သတိရစေသလိုတရား သံဝေဂရစရာ တွေကိုလည်း ပေးနေသလိုပါပဲ။
“ဪ ဒို့ရဲ့ အသက်ဝိညာဉ်ဆိုတာ နူးညံ့ပျော့ပျောင်းပါးလွှာတဲ့ နှင်းဆီပွင့်ချပ်လေးတွေလောက်တောင် မခိုင်မမြဲ မတည်တံ့နိုင်ပါလား”လို့စဉ်းစားမိပါတယ်။
မြတ်စွာဘုရား အား လျှောက်ထားပါတယ် …
မြတ်စွာဘုရားရှေ့က ဖန်ခွက်ထဲမှာ နှင်းဆီပန်း သုံးပွင့် ဆက်ကပ်လှူဒါန်းထားပါတယ်။
နှင်းဆီပန်းအလှူရှင် ဘယ်သူဆိုတာ မြတ်စွာဘုရားလည်း သိတော်မူပါတယ်။ ဘုရားတပည့်တော်လည်း သိပါတယ်ဘုရား။
မနေ့မနက်ပိုင်းက ပန်းလှူသွားတဲ့ အလှူရှင်ကတော့ ယနေ့မနက်ကပဲ ကွယ်လွန်အနိစ္စရောက်သွားပါပြီဘုရား။
“ကွေးသောလက် မဆန့်မီ၊ ဆန့်သောလက်မကွေးမီ သေဆုံးတတ်တယ်”ဆိုတာ ဦးထွန်းကသက်သေပြသွားပါပြီဘုရား”။
အခုလို မှန်ကန်စွာလျှောက်ထား တင်ပြရတဲ့ သစ္စာစကားကြောင့် ပန်းအလှူရှင်ဦးထွန်း ကောင်းရာသုဂတိဘုံဘဝသို့ ရောက်ပါစေလို့ ဆုတောင်း အမျှဝေလိုက်ပါတယ်ဘုရား။
……………………………..
စပ်ကူး
“ယနေ့နဲ့ မနက်ဖြန်
သက်ရှင်ရန် မလွယ်ဘူး
စပ်ကူး မတ်ကူး
နေ့မကူးခင်
နောက်ဘဝ ကူးသွားနိုင်တယ်”
24 comments
ဦးဦးပါလေရာ
September 18, 2012 at 11:32 pm
မပဒုမ္မာရေ
အဖိုးတန်တဲ့စာလေးဖတ်ရလို့ ကျေးဇူးပါဗျာ….။
ကျွန်တော်ငယ်စဉ်က မရဏာနုဿတိ ကို နဲနဲလောက် မြီးစမ်းဘူးသေးတယ်။
အံ့ဩလောက်စရာ မထင်မှတ်ထားတဲ့ အကျိုးတွေထဲကတခုကတော့
ကိုယ့်ရဲ့စိတ်က လောဘ ဒေါသ နည်းသွားပြီး ကောင်းတဲ့ဘက်ကိုရောက်သွားတာ လက်တွေ့ပါပဲ……။
ဒါတောင် ကိုယ်က ဝီရိယနည်းတော့ တတို့လောက်ပဲ မြီးဖြစ်ခဲ့တာ…..။
ကိုရင်မောင်
September 19, 2012 at 12:43 am
မပဒုမ္မာရေ ကျနော်တို့အသက်တွေလဲ၅ဝကျော်နေပြီဆိုတော့
ဘာဘဲပြောပြောနီးနေပြီမို့လား….
ခုလိုနံနက်စောစော ပဒုမ္မာရဲ့ပို့စ်လေးဖတ်ပြီး
တရားလက်လွတ်နေခဲ့တဲ့အချိန်တွေ ပြန်သတိထားမိခဲ့ရပါတယ်…
ခုလိုတန်ဘိုးရှိတဲ့ပို့စ်လေးတင်ပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်ဗျာ…………
TTNU
September 19, 2012 at 12:51 am
ပဒုမ္မာရေ…
တီချာဖတ်နေတုန်း ကိုပါက ဦးသွားပြီ။
ကောင်းလိုက်တဲ့ တရားလေးပါ။
တီချာ ညဦးပိုင်းက တရားထိုင်ပြီး ခဏမအိပ်ချင်သေးတာနဲ့ ပဒုမ္မာလက်ဆောင်
ပေးလိုက်တဲ့ (လေးအိမ်စု အရှင်ဝိစိတ္တသာရ)ဆရာတော်စာအုပ်ကလေးဖတ်နေတာ။
သိပ်ထိမိတဲ့ ဆုံးမစကားတွေနော်။
တီချာတို့လူသား တွေ ဒီခန္ဓာကြီး မြဲတယ်ထင်နေလိုက်ကြတာ။ သေစကားလာပြောရင်ပဲ
ဖွဟဲ့ တွေဘာတွေနဲ့လေ။
တရားမျှပေးတဲ့ ပဒုမ္မာလည်း ကြီးသော အထောက်အပံ့ရပါစေကွယ်။
မောင်ပေ
September 19, 2012 at 3:14 am
အန်တီရေ
စာဖတ်အပြီးမှာ ကြောချမ်းမိတယ်ဗျာ
သေခြင်းနဲ့ပတ်သက်ပြီး နေရာ အချိန်မရွေးကြောင်းကို ဖိုင်နယ်ဒက်စတီနေးရှင်း ၅ အခွေကြည့်အပြီး သံဝေဂရမိတယ်
အန်တီမကြည့်ရသေးဘူး ဆိုရင် ကြည့်ကြည့်စေလိုပါတယ်
kai
September 19, 2012 at 3:35 am
“ဘုန်းသုခေ” ဆိုတာဖတ်ပြီး..” ဘေသုခုန်း”လို့..စာလုံးလှန်.. ပြန်တွေးဖတ်မိတယ်..
“ဘုန်းသုခေ” ဖတ်ပြီး … အဲလိုတွေးမိ တဲ့သူလက်ညိုးထောင်… :harr:
( စိတ်တွေလေးနေကြမှာမို့.. ပျော်စေအောင်ပါ..။ ဖြစ်လာမယ့်ကိစ္စကို.. တွေးတွေးပြီး ပြင်ဆင်နေရရင်ကိုက.. ရခဲတဲ့..လူ့ဘဝ.. တပန်းရှုံး( တပုန်းရှန်း)နေတယ် ထင်မိတာပဲ.. ) :kwi:
အရီးခင်လတ်
September 19, 2012 at 3:37 am
တွေးမိသူ လက်ညိုးထောင် ရမှာလား။ ထောင်ပါတယ်။ :bar:
သူကြီးကတော့ သူကြီးဘဲ။ လုပ်ပြီ။
Plan သူကြီး ရဲ့။ အဲဒါ Plan ။
နေရာတိုင်းမှာ Plan လုပ်ပြီး သေမှာ ကို Plan မလုပ်တာမှ လူဖြစ်ရှုံးတာ။ 😀
အရီးခင်လတ်
September 19, 2012 at 3:41 am
အစ်မ ရေ မျှဝေတဲ့ စာလေး အတွက် အထူး ကျေးဇူးတင်ပါတယ်။
{ သေခြင်းတရားကိုတော့ စိတ်အစဉ်မှာ စွဲထင်နေအောင် ခင်မင်ရင်းနှီးထားဖို့ အထူး လိုအပ်ပါတယ်။}
ဆိုတဲ့ ဆုံးမစကား ကိုလဲ အမြဲနှလုံးသွင်း ထားပါမယ်။
MaMa
September 19, 2012 at 8:48 am
လုပ်ငန်းလုပ်တဲ့အခါမှာ plan B ထားရမယ်လို့ ဆိုတယ်မဟုတ်လား။
အသက်ရှင်နေချိန်မှာ သေဖို့အတွက် ပြင်ဆင်ထားတာကလည်း plan B ပြင်ဆင်ထားတယ်လို့ ဆိုရင် ရနိုင်မလား။
ကိုခင်ခ
September 19, 2012 at 9:10 am
စပယ်ယာမပါတဲ့အသက်
ဘယ်အချိန်ထွက်မယ်မှန်း မသိပေမယ့်၊
ထွက်ခါနီးစဲစဲ ရိတ်ခနဲသိအောင်
ထွက်ပေါက်တံခါးကို အမြဲမပြတ်၊
သတိချပ်၍သာ နေကြရပြီ၊
ကျွန်တော့်အသက်လည်း မငယ်ပြီလေ၊
မပဒုမ္မာရေ။
MaMa
September 19, 2012 at 2:03 pm
ကိုခင်ခရဲ့စာတွေကို ဖတ်ဖြစ်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် သိပ်မမန့်ဖြစ်ဘူး။
အခုတော့……..
(စပယ်ယာမပါတဲ့အသက်
ဘယ်အချိန်ထွက်မယ်မှန်း မသိ ) ဆိုတဲ့
စကားလုံးလေးကို အတော်သဘောကျမိလို့ ကိုခင်ခရဲ့ကွန်မန့်ကျမှပဲ မနေနိုင်မထိုင်နိုင် မန့်ဖြစ်တော့တယ်။ :harr:
Novy
September 19, 2012 at 9:48 am
မမပဒုမ္မာရေ..
သေခြင်းတရားဆိုတာ ကြီးသည်/ငယ်သည်
မခွဲခြားတာမို့ မနိုလည်း ပူလောင်တဲ့ဒေါသတွေကို
တက်နိုင်သလောက်လျော့ချပြီးနေပါတယ်
တရားလေးအတွက်လည်း ကျေးဇူးတင်မိပါတယ်.
ဘုန်းသုခေဆိုတာကို နားမလည်လို့ သူကြီးလုပ်သလို “ဘေသုခုန်း”
လို့ပြောင်းပြန်လှန်မိတယ် ဒီတော့လဲ အဓိပ္ပါယ် မရှိတာမို့
ပိုစ်လေးကို ၃ခါလောက်ဖတ်လိုက်တော့မှ ဆရာတော်ဦးသုခေဓိတ ကို
အဖျားစွတ်ပြီး “ဘုန်းသုခေ” လိုခေါ်တယ်လို့ထင်မိပါကြောင်း
surmi
September 19, 2012 at 10:05 am
စောစောစီးစီးမင်္ဂလာရှိလိုက်တာဗျာ
ခုတလော နေထိုင်မကောင်းလို ့ရွာထဲမဝင်ဖြစ်ဘူး ။ နေမကောင်းရင်တော ့
သေခြင်းတရားကိုတွေးမိပါရဲ ့ အဲ နေကောင်းကျန်းမာနေပြန်တော ့လည်း
မေ ့မေ့လျော ့လျော ့ ဖြစ်နေပြန်ရော ။
မနက်အိပ်ရာထချိန်မှာ ငါမသေသေးပါလားဆိုပြီးတွေးမိတဲ ့နေ ့တွေမှာ သံဝေဂ
သတိလေးဝင်တတ်ပါတယ် ဒီလိုပဲ အိပ်မပျော်မှီလေးမှာ နောက်ဆုံးအိပ်စက်ခြင်းများ
ဖြစ်လေမလားလို ့တွေးရင်း ဝိပဿနာဘာဝနာလေး ရှုမှတ်ရင်း အိပ်ပျော်ခဲ ့နိုင်ခဲ ့ရင်လည်း တကယ်ကောင်းတာပါပဲ ။
ဒါပေမဲ ့ အဲဒီလိုသတိဖြစ်ခဲပါတယ် ။ ဒီလိုပို ့စ်လေးတွေဖတ်မိတဲ ့အခါမှသာ
မေ ့လျော ့ပေါ ့ဆခဲ ့တာတွေသတိထားမိပါတယ် ။
သေခြင်းတရားကို အိမ်လာလည်တဲ ့ဧည် ့သည်တစ်ယောက်လို ကြိုဆိုဖို ့ဆိုတာမှာ
ကိုယ်ကို တိုင်က သူ ငါ မစွဲ ရုပ်နမ်ပဲလို ့ အမှန်အတိုင်းသိဖို ့လိုပါတယ် ။
ဒီလိုသိဖို ့ဆိုရင် ဆင်ခြင်ရုံနဲ ့တော ့ဖြင် ့အသိစွဲပြီးသံသရာအထိပါဖို ့တော ့မလွယ်ပါဘူး
သတိပဌန်ကမ္မဌန်း အားထုတ်ပွားများပြီး ဘဝအဆက်ဆက်ကစွဲလာတဲ ့
ဘဝတံဏှာအညစ်အကြေးတွေကို ခွါချရမှာပါ ။ ခက်တာက အိမ်နေရင်းတရား
အားထုတ်ဖို ့မလွယ်တာပါပဲ ။သားရေး သမီးရေး ဟိုအရေးဒီအရေးတွေနဲ ့ဆိုတော ့
အာရုံရဖို ့မလွယ်ဘူးဖြစ်နေပါတယ် ။ တရားရိပ်သာတခုခုမှာ အချိုးကျကျအား
ထုတ်ပြီးမှ အိမ်မှာဆက်လုပ်နိုင်ရင်ပိုကောင်းတာပေါ ့ ။ အဲဒီလိုကျပြန်တော့လည်း
သွားဖို ့နှောင် ့နှေးနေတတ်ပြန်ရော ။ ဒီလိုနဲ ့ပဲ အစ်မရေ သေဆိုတဲ ့အသံကြောက်မိပြန်တာပါပဲ ။
တကယ်တော ့ ဘယ်ရိပ်သာသွားသွား ကုသိုလ်ဖြစ်အောင်တော ့အားထုတ်နိုင်မှာပါပဲ
ကိုယ်တိုင်လဲ အားထုတ်ဖြစ်အောင်ကြိုးစားမှာဖြစ်သလို အားလုံးကိုလည်းတိုက်တွန်း
ချင်ပါတယ် ။ အထူးသဖြင် ့ထေရဝါဒဗုဒ္ဓဘာသာဝင်တွေကိုပြောတာပါ ။
ဒီလိုသတိသံဝေဂရစေတဲ ့ ပို ့စ်လေးတွေလည်း နောက်ထပ်ရေးစေချင်ပါသေးတယ်
သဂျီးမင်းပြောသလို လူဖြစ်မရှုံးဖို ့ဆိုပြီး ဘဝအဆက်ဆက် သံသရာဆိုတဲ ့စူပါမတ်မှာ
အကြွေးဝယ်ကဒ်မှားသုံးမိလို ့ဆပ်နေရဆဲမို ့ သိပ်တော ့အကြွေးမတင်ချင်တော ့ဘူး
လက်ရှိအကြွေးတွေကိုတောင် တော်တော်ဆပ်ရဦးမှာမို ့
weiwei
September 19, 2012 at 10:29 am
ဒီပို့စ်ဖတ်ပြီး ခဏလောက် သေကြည့်မိတယ် … ငါသေသွားသော် ဆိုပြီး နောက်ဆက်တွဲစဉ်းစားကြည့်တယ် … အခုသေရင် သေလို့ရတဲ့အနေအထားမှာရှိနေတယ် … ကျွန်မရှိမယ့်ဖြစ်မယ့်ကိစ္စတွေ ဘာမှမရှိဘူးလေ … သံယောဇဉ်တွေလဲ မရှိဘူး …
ဒါပေမယ့် အဖေ နဲ့ အမေ … သူတို့ သေသွားရင် ဆိုတာကို ဆက်ပြီးမစဉ်းစားနိုင်လောက်အောင်ပဲ ….
နောက်ဆုံးတော့ …. ကျွန်မလဲ တရားရဖို့ အများကြီးလိုသေးပါလားလို့ ကောက်ချက်ချမိရင်း ဆက်လက်ဆည်းပူးရပါအုန်းမယ်လို့ အသိတစ်ချက်ဝင်မိတဲ့အတွက် အကျိုးရှိတဲ့ပို့စ်လေးတစ်ခုပါ ….
Ma Ei
September 19, 2012 at 11:15 am
အမပဒုမ္မာရေ…
ရှင်သေမင်းက ငယ်တယ်ကြီးတယ် အရွယ် မရွေးခေါ်တတ်တာမို့
ကိုယ့်အလှဲ့ကျ မတွေဝေရအောင် သီလအားကိုးကြရပါလိမ့်မယ်…
မမေ့ကြရအောင် သတိပေးစာလေးအတွက် ကျေးဇူးတင်ပါတယ်…
-ပစ္စည်းရလွယ်
-ဂုဏ်ကောင်းကြွယ်၍
-မငယ်မျက်နှာ
-မတွေကာသေ
-ရောက်လေနတ်ရွာ
ဤငါးဖြာ၊မှန်စွာသီလ အကျိုးတည်း …
nozomi
September 19, 2012 at 11:41 am
ဖတ်ရှုပြီး တရားနှလုံးသွင်းလိုက်မိပါတယ်
ဒီလိုအချိန်မှာတော့
ဆောင်ရမှာတွေ ရှောင်ရမှာတွေ
လုပ်ရမှာတွေ မလုပ်ရမှာတွေ
ခေါင်းထဲ အစီအရီပေါ်လာတယ်
ကြာရှည် ခေါင်းထဲ မရှိတာပဲ ဆိုးတယ်
ဒါမျိုးလေး တွေ ဖတ်ရတော့ ခေါင်းထဲ ခဏခဏ ရောက်တာပေ့ါ
သေရမှာကြောက်တယ် ဆိုတာ
ငါ သေပြီးရင် ကျန်ခဲ့တဲ့သူတွေ ဘယ်လို နေထိုင်ကြမှာလဲ လို့ စိတ်ပူလို့
အဲဒါဆို ကိုယ့်ထက် သူများကို ပိုချစ်လို့ပဲ
ကိုယ်တိုင်တောင် သေမှ တော့ တခြားအရာတွေအတွက် တွေးပူမနေပါနဲ့
this too, shall pass away ဆိုတာကို တွေးလိုက်ရင်တော့
နဲနဲသက်သာသွားတယ်
အခု တရားတွေရဲ့ ရည်ရွယ်ချက်က
သေခြင်းတရားအတွက် ကြိုတင်ပြင်ဆင်နိုင်ဘို့
ကြိုတင်ပူဆွေးဘို့ မဟုတ်ဘူးဆိုတာတော့ သိဘို့လိုမယ်
Shwe Tike Soe
September 19, 2012 at 1:02 pm
အန်တီ ရေ လေးလေးနက်နက်တွေးပြီး ဖတ်သွားပါတယ်ခင်ဗျာ….ကျွန်တော်တို.လူငယ်တွေလဲ ဒါလေးတွေ သိထားတတ်ထား လိုက်စားထားရမယ်ဆိုတာ ပြောပြနေသလိုပါပဲ……
ဦးဦးပါလေရာ
September 19, 2012 at 1:15 pm
ထပ်ဝင်လာပြန်ပြီ-
ကျုပ်က အဖိုးကြီးဆိုတော့ အဖိုးကြီးလိုင်းမှာ ပွားလို့အားမရလို့ပါ..။ သည်းခံကြပါ…။ 🙂
မရဏာ နုဿတိ ဆိုတာ –
သေခြင်း သို့မဟုတ် မိမိ၏ တနေ့တွင် သေရမည့်အဖြစ်ကို နှလုံးသွင်းခြင်းဆိုတာ မှန်ပါတယ်..။
သို့သော်…….
အဲဒါဟာ သေဖို့ကြိုတွေးပြင်ဆင်ရုံပဲမဟုတ်ပါဘူး/မက ပါဘူး။
မသေမီစပ်ကြား ရတဲ့အချိန်မှာ (တနေ့တွင်သေရမည်ဆိုသည့်အခြေအနေနှင့်ဆီလျှော်အောင်) အကျိုးရှိရှိ တန်ဘိုးရှိရှိ နေတတ်သွားစေပါတယ်….။
ဥပမာအားဖြင့်
ကိုယ်သုံးစရာပိုက်ဆံတွေ ဘယ်တော့ကုန်မယ်မကုန်ဘူးဆိုတာကို သတိမထားတဲ့
ကလေးအတွေးအမြင်မျိုးနဲ့နေရာက
ကြီးကောင်ဝင်လာလို့ ကိုယ်သုံးစရာပိုက်ဆံတွေ တနေ့ကုန်မယ် ဆိုတာ သေသေချာချာသိတဲ့ ရင့်ကျက်တဲ့အတွေးအမြင်မျိုး ပြောင်းသွားတဲ့အခါ
ပိုက်ဆံသုံးတာခြင်းအတူတူ တန်အောင် ကြိုးစားသုံးသလိုပါပဲ
ဘဝကို တန်အောင်သုံးဖြစ်သွားစေတယ်။
ဘယ်လို တန်အောင်သုံးသလဲဆိုတာတော့ တဦးချင်းစီရဲ့ အတွေး အမြင် အယူအဆ အလျှောက်ပေါ့…။
ပြီးတော့ အနုဿတိရဲ့သဘောက အဖန်ဖန်ပွားများခြင်းဖြင့် အထုံအလေ့ဖြစ်စေတာဆိုတော့
(အာသေဝန ပစ္စယသတ္တိ)
အတွေးအမြင် အိုင်ဒီယာသက်သက်သာမကပဲ
မိမိရဲ့ နေ့စဉ် နေထိုင် ပြုမူ လုပ်ကိုင် စားသောက် တာတွေမှာပါ
လွှမ်းမိုးနေတတ်တာကြောင့်
ဘဝကို တန်အောင်သုံးဖို့ဦးတည်မှု့ဟာ ကောက်ရိုးမီးလို ခဏနဲ့ပျောက်မသွားဘူး…။
အားရှိသလောက်ကိုယ့်ကို ရှေ့ဆောင် ဆွဲခေါ်သွားတယ်…။
အဲဒါဟာ ဖတ်လို့ ကြားလို့သိတဲ့အပေါ်ယံအသိမျိုး နဲ့မတူတဲ့
ကျင့်လို့ဖြစ်တဲ့ စိတ်ရောကိုယ်ပါတသားထဲလက်ခံလိုက်တဲ့အသိမျိုးက အကျိုးပြုပုံပါပဲ…….။
kyeemite
September 19, 2012 at 2:07 pm
ကျုပ်လည်းဖတ်မိတယ်သဂျီးရေ… ထောင်ပါတယ်။ :bar:…လက်ညှိုး..
မပဒုမ္မာရေ…အင်မတန်ကောင်းတဲ့ ပို့စ်လေးအတွက် လေးစားစွာကျေးဇူးတင်ပါတယ်ဗျာ..
ကိုနိုပြောသလိုပဲ…များသောအားဖြင့်တော့ လူတွေက..
သေရမှာကြောက်တယ် ဆိုတာ
ငါ သေပြီးရင် ကျန်ခဲ့တဲ့သူတွေ ဘယ်လို နေထိုင်ကြမှာလဲ လို့ စိတ်ပူလို့
မှန်ပါတယ်…ဒါပေမဲ့ ကိုပါလေရာတင်ပြတာလေးတော်တော်သဘောတွေ့ပါတယ်…
သူများတွေပြောတာကိုးကားရင်းနဲ့ ရှည်ရှည်မန့်သွားပါဂျောင်းးးးး 🙂
pooch
September 19, 2012 at 3:42 pm
ဒေါ်ဒေါ်ရေ ကိုယ်လည်း တနေ့ ဒီလမ်းသွားရမှာပဲ ဆိုတာ သိပေမဲ့ မေ့လျော့နေမိတယ်။ ခုတလောတော့ တော်တော်ပြင်းပြင်းထန်ထန် ခံစားခဲ့ရတာဆိုတော့ သေခြင်းတရားအကြောင်းကို ပိုတွေးလာမိတယ်။ ငါဘယ်လိုပုံစံမျိုးနဲ့များ လောကကို စွန့်ခွာရမလဲ ဆိုတာမျိုးပါ။
ရောဂါဘယတွေနဲ့ ခံစားပြီး သေရရင်တောင် အသေကောင်းအောင် စိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားဖို့ နေတတ်သေတတ်ဖို့ အတော်လေး ကြိုးစားရအုန်းမှာပါ။ ကြီးကြီးငယ်ငယ်
မအားတဲ့ကြားက သေမင်းခေါ်ရင် လိုက်ရမှာမို့ အနည်းဆုံး ဉာဏ်လေးဦးရင် ခံသာသေးတာပေါ့။
နောက်နှစ် ဝင်နေကျ ရိပ်သာကို ပုံမှန် အမြဲဝင်ဖြစ်အောင် ကြိုးစားပါ့မယ်။
အလင်းဆက်
September 19, 2012 at 7:47 pm
တန်ဖို းရှိလိုက်တာဗျာ.။
အန်တီ ရေ…
ကျေးဇူးပါပဲ.။ ဒီလို အရေးကနေ..ရတဲံ ့ အတွေးဟာ..လည်း.
အင်မတန်မှ အဖိုးတန်မှာပဲ ။
လူတစ်ယောက်လို…ပီပီသသ သေတတ်ဖိ ု့…ကြိုးစားဥိးမယ်
အန်တီ ့ကို… ချစ်ခင်လေးစားတဲ ့
အလက်ဆင်း
nature
September 19, 2012 at 10:28 pm
ယခုပင်လျှင်မနာခင်က ကြိုတင်ကောင်းမှုကြိုးစားပြုလော့။ ယခုပင်လျှင်မသေခင်က ကြိုတင်ကောင်းမှုကြိုးစားပြုလော့။
Hnin Hnin
September 20, 2012 at 1:51 am
ဘုန်းသုခေ က ဘာပါလိမ့်ဆိုပြီး ထူးဆန်းလို့ လှည့်ပြန်နေတာနဲ့ ခုမှဖတ်ဖြစ်တာ..t don ရေ..
ဖတ်ပြီး သိပ်ဉာဏ်မမီတော့ မဝေဖန်တတ်ပါဘူး…ဉာဏ်မမီတာဆိုရင် ဖတ်ပြီးတာနဲ့ပြေးတော့
တာပဲ.. း)…နားလည်သလောက်တော့ မှတ်သွားပါတယ်….
…တရားစခန်းလည်း ၁၅ မိနစ်ထက်ပိုထိုင်ရင် ဒူးနာ၊ဒူးကိုက်တတ်လို့ ပတ်ပြေးနေတာနဲ့
တစ်ခါမှ မဝင်ဖူးပါဘူး.. နေ့စဉ် ပုတီးစိပ်တာတောင် လမ်းလျှောက်ပြီးပဲ စိပ်တာ…ဒီစာဖတ်ပြီး
တရားမှတ်ကြည့်ချင်စိတ်ပေါက်သွားပေမယ့် ခုထိပတ်ပြေးချင်စိတ်က ပိုနေသလားလို့… း)…
…အဲ့လို နိုင်သလောက်လေး မြတ်ဘုရားအာရုံပြု ပုတီးစိပ်ရတာလည်း အေးချမ်းမှုပါပဲ..
….ဒါနဲ့ သူကြီးက ဘာ..ဘာသာဝင်ပါလိမ့်…
တခါတခါကျရင် သူကြီးမန့်ထားတာ (ဘာသာရေးနဲ့ပတ်သက်ရင်) တစ်မျိုးကြီးပဲ…
တခါတခါကျ မန့်တာတွေက အစွန်းရောက်သွားသလိုနဲ့လည်း ဖြေလျော့တတ်ပြန်တယ်
(သွားဖြဲပြ၊လေပြေထိုးခြင်း)….တစ်ကယ့် သူကြီးပညာ၊ သူကြီးပါဝါဆိုတာ အဲဒါလားလို့လည်း
တွေးမိပါတယ်(မန့်တွေက ပညာလည်းရတာ အမှန်ပါ)
ဒါကြောင့် ဟိုစနေနံနဲ့စတဲ့ စာရေးဆရာ မန့်မှာ သူကြီးကို အနီလေးထပ်ကွမ်းနဲ့ မြင်ခဲ့ရတာ
ဖြစ်မှာ…….စိတ်ထဲရှိတာလေး တင်ပြခြင်းသာ…သူကြီးစိတ်ဆိုးစေဖို့ မရည်ရွယ်ပါ……
….တစ်ကယ်တော့ လူတိုင်း ကိုယ့်ကိုယ်ကို ကောင်းတဲ့အလုပ်လုပ်နေမယ်ဆိုရင် လူဖြစ်
မရှုံးပါဘူး……
Kyaw Myo Thet
September 20, 2012 at 2:42 am
တစ်နေကွယ် သေနယ်သို့တစ်ခါကူး
မေ့လျော့ကာမသေဘူးရယ်လို့ မထင်ပါနဲ့
နေကွယ်တာအကြိမ်အခါများရင်ဖြင့်
သေနယ်ရွာတစ်ခါသွားရလိမ့် တားမရဘူး . . .
စာအုပ်တစ်အုပ်အတွင်းမှ . . .
ကြောင်ကြီး
September 20, 2012 at 7:35 am
ငါရှိထင်သ၍ တရားမရ
ငါစွဲပြုတ်မှ မြတ်ပုည
ငါဖြုတ်ရင်းနဲ့ ငါထပ်ဖွ
စာနောက်လိုက်ကြ ငါအတ္တ၊
ဟုတ်နေသမျှ တဏှာပွ
မဟုတ်ပြန်လဲ အစွန်းခွ
သိနေရုံနဲ့ ပြီးဘူးဗျ
ဖြစ်ကြောင်းသိမှ ပြတ်ကြောင်းလှ၊
မရှိတဲ့ငါ ရှာမနေရ
ငါအထင်သာ သိအောင်ချ
အဝိဇ္ဇာအစ အဲဒီက
ဘယ်အရာမှ တည်မနေကြ..။