ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်းခဲ့သော သာသနာ
ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်းခဲ့သော သာသနာ
ဗိုလ်ချုပ်အောင်ဆန်းသည် (၁၉၄၆)ခုနှစ်၊ ဇွန်လတွင် ရန်ကုန်မြို့၊ ခြောက်ထပ်ကြီး ဘုရားကြီး ကျောင်းတိုက်ရှိ မဟာသံဃနာယက အစည်းအဝေး အပြီး ခေတ္တ အနားယူနေ တော်မူကြသော ဆရာတော်ကြီးများနှင့် ပခုက္ကူ ဆရာတော် ဘုရားကြီး အရှင်ပညာ (အဂ္ဂမဟာပဏ္ဍိတ)တို့ထံ သွားရောက် ဖူးမြော် ဩဝါဒ ခံယူခဲ့ပါသည်။
ဆရာတော် အရှင်ပညာ၊ ပခုက္ကူ ဆရာတော်ဘုရားကြီးက ”မောင်အောင်ဆန်း၊ ဗိုလ်ချုပ်ဆိုလို့ တော်တော်ကြီးပလား အောက်မေ့တယ်။ တယ်မကြီးသေးဘဲကိုး။ ကြုံတုန်းကြုံခိုက် ဆရာတော်ဩဝါဒ နည်းနည်းပေးပါမည်။
ဗိုလ်ချုပ် လွတ်လပ်ရေးရပြီးလျှင် တို့သာသနာရေးကိစ္စလည်း ပစ်မထားပါနဲ့။ သာသနာတော်ကြီး အကြီးအကဲ ဆရာတော်ကြီးများနဲ့ တိုင်ပင်ပြီး သာသနာရေးကိစ္စတွေ လုပ်ရလိမ့်လို့ စိတ်ကူးထည့်ထားပါလေ။
ဒါ့အပြင် ‘သည်းခံ နိုးကြား သနား၊ ထကြွ နိစ္စမသွေ၊ ရှိစေရှုတတ်၊ သူမြတ်တို့ဂုဏ် ဆိုတဲ့အတိုင်း အကြီးအကဲတို့ရှိရမယ့် ဂုဏ်ခြောက်ပါး အနက် အထူးသဖြင့် နိုးနိုးကြားကြား၊ သတိဝီရိယ သတိပြုရမည်။
‘ဒါယကာ ဗိုလ်ချုပ်
မြောက်တိုင်းလည်း မမြောက်နဲ့
မမြောက်ဘဲလဲ မနေရာ
ခြောက်တိုင်းလဲ မကြောက်နဲ့
မကြောက်ဘဲလဲ မနေရာ’ ဆိုတဲ့ ဩဝါဒလေးချက်ကိုလဲ သတိပြုလေ”ဟု မိန့်ကြားတော်မူလေသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် ငယ်စဉ် ကျောင်းသားဘဝကပင် ဘာသာရေးနှင့် ထိတွေ့ရင်းနှီးခဲ့သူ ဖြစ်သည်။
နတ်မောက်မြို့၊ ဘုန်းတော်ကြီး ဦးသောဘိတကျောင်း၌ စတင်ပညာသင်ခဲ့ရာမှ ဘာသာရေးနှင့် မြန်မာ့ယဉ်ကျေးမှုကို အလေးထားခဲ့သည်။ နတ်မောက်မြို့၊ ဆရာတော် ဦးသောဘိတကျောင်း၌ (၁၂)နှစ်သားအရွယ် မြန်မာစာလေးတန်း (စတုတ္ထတန်း)အောင်မြင်သည်။ မြန်မာစာလေးတန်း အောင်မြင်ပြီးနောက် ရေနံချောင်းမြို့၊ အမျိုးသား အထက်တန်းကျောင်းသို့ ဆက်လက်ပညာသင်ကြားရာ၊ အစိုးရစစ် သတ္တမတန်း စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးရှိ ဗုဒ္ဓဘာသာကျောင်းများ၊ အမျိုးသားကျောင်းများတွင် ပထမဆင့် အောင်မြင်သဖြင့် ဦးရွှေခို၏ ဆုတံဆိပ်ကို ရရှိခဲ့သည်။
ရေနံချောင်းအမျိုးသားကျောင်းမှ အင်္ဂလိပ်-မြန်မာ(၁ဝ)တန်း စာမေးပွဲအောင်မြင်ပြီး ရန်ကုန်တက္ကသိုလ်သို့ သွားရောက် ပညာဆက်လက် ဆည်းပူးရာတွင် မြန်မာစာ ပါဠိဘာသာကို အထူးယူခဲ့သည်။ ပါဠိဘာသာကို အင်္ဂလိပ်ဘာသာဖြင့်ပင် ကျွမ်းကျင်စွာ ရေးသားနိုင်ခဲ့သည်။ တက္ကသိုလ်ကျောင်းသားဘဝ၊ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သော ပါဠိဘာသာ သင်ခန်းစာများကို (လက်ရေးမူအတိုင်း) ယခုအထိ ရေနံချောင်းမြို့၊ အမှတ်(၁)အစိုးရအထက်တန်း ကျောင်းစာကြည့်တိုက်၌ သိမ်းထားလေသည်။
ငယ်စဉ်ကပင် ဘာသာတရားကို သက်ဝင်ယုံကြည်ရင်းစွဲ ရှိခဲ့သော ဗိုလ်ချုပ်အောင်ဆန်းသည် ဆရာတော်၊ သံဃာတော်များအား အခါအခွင့်သင့်တိုင်း အချိန်ရသလောက် ဖူးမြော်ကန်တော့လေ့ရှိသည်။ ဘာသာရေးအပေါ် အလေးအနက်ခံယူချက်နှင့် ရိုသေကိုင်းရှိုင်းခြင်းတို့ကို ဖော်ပြသည်ဟု ဆိုနိုင်ပါသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် (၁၃ဝ၈)ခုနှစ်၊ တပေါင်း လဆန်း(၄) ရက်၊ (၁၉၄၇)ခု၊ ဖေဖော်ဝါရီလ (၂၇)ရက်နေ့က ရန်ကုန်မြို့၊ မြို့တော်ဝန်ခန်းမ၌ ကျင်းပသော ပထမပြန်ဘွဲ့နှင်းသဘင်တွင် မြန်မာနိုင်ငံတော် အမှုဆောင်ဝန်ကြီးများအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ အနေဖြင့် သာသနာရေးနှင့်ပတ်သက်၍ သူ့အမြင်ကို ပွင့်ပွင့်လင်းလင်း တင်ပြလျှောက်ထားခဲ့သည်။
”ဒီနေ့ ဆုနှင်းသဘင်ကြီးမှာ လာရောက် စကားပြောရတာဟာ အစိုးရအဖွဲ့ဝင် ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့အတိုင်း ဝတ္တရားနှင့် လာရောက်ပြောရခြင်း ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့လူမှန်သမျှ ဘုရား၊တရားကို အမြဲတမ်း ရိုသေကိုင်းရှိုင်းကြပါတယ်။ ယုံကြည်ကြတယ်လို့လည်း ယူဆမိပါတယ်။
တပည့်တော်လဲ ငါးပါးသီလကို အမြဲဆိုသလို စောင့်ထိန်းခဲ့ပါတယ်။ ဒါပေမယ့် စစ်သားဖြစ်လို့ စစ်တိုက်တဲ့ အခါမှာတော့ ငါးပါးသီလကို မစောင့်ထိန်းနိုင်ခဲ့ပါဘူး။ များသောအားဖြင့် လူတွေဟာ ဘုရားတရားကို ဆည်းကပ်ခြင်းမရှိဘဲ၊ ဒုက္ခတွေ့ချိန်ကျမှ ဘုရားတရားကို ပိုပြီး သတိရကြပါတယ်။ ဒီလိုပါပဲ၊ နိုင်ငံရေးသမားများကလည်း ရွေးကောက်ပွဲ နီးလာပြီဆိုရင် ဘာသာတရားကို ဆည်းကပ်ကြတယ်။ သတိရကြတယ်။ တပည့်တော်ကိုလည်း ရွေးကောက်ပွဲနီးလာလို့ လာပြီး ကပ်တယ်ထင်မှာ စိုးတဲ့အတွက် ခုမှပဲလာရခြင်း ဖြစ်ပါတယ်။
ပထမပြန်စာမေးပွဲဟာ ရှေးမြန်မာမင်း လက်ထက်ကစပြီး ဗုဒ္ဓဘာသာသနာတော်မှာ အကြီးဆုံ းစာမေးပွဲ ဖြစ်တယ်။ အင်္ဂလိပ်အစိုးရ လက်ထက် ရောက်တဲ့ အခါမှာလည်း ပထမပြန်စာမေးပွဲကို ကျင်းပပြုလုပ်တယ်။ ကျင်းပရခြင် းအကြောင်းက မင်းတို့ရဲ့ ပရိယာယ်အရ ကျင်းပပေးခြင်း ဖြစ်ပါတယ်။ အုပ်ချုပ်တဲ့အခါမှာ ဘာသာရေးနဲ့ ပတ်သက်ပြီး အယူစွဲနေတာကို သိလို့ကျင်းပတာပဲ။
ဥရောပတိုက်မှာ နှစ်ပေါင်း သုံးဆယ်ကျော်လောက်က ဘာသာရေးနှင့် ပတ်သက်ပြီး စစ်ပွဲကြီးဖြစ်ခဲ့တယ်။ ဘာသာမတူတဲ့အတွက် တိုင်းပြည်တစ်ပြည်နဲ့ တစ်ပြည် တိုက်ခိုက်ကြတယ်။ နောက်ဆုံးကျတော့ သင်ခန်းစာတစ်ခုရသွားပြီး၊ ဘာသာရေးနဲ့ ပတ်သက်လို့ လွတ်လွတ်လပ်လပ် ကိုယ့်ဆန္ဒအတိုင်း ကိုယ်ယုံကြည်ရာ ဘာသာကိုယူနိုင်တဲ့ ထုံးတမ်းတစ်ရပ် ဖြစ်လာတယ်။
ဗုဒ္ဓဘာသာထဲမှာ လူတစ်ပိုင်း ဖြစ်နေတာကို တပည့်တော်တို့ မကြိုက်မနှစ်သက်ပါဘူး။ တပည့်တော် ဘုန်းကြီးလုပ်ဖို့ နှစ်ခါတောင် စိတ်ကူး ခဲ့ပါသေးတယ်။ မအောင်မြင်ဘူး။ မအောင်မြင်တာဘဲ ခပ်ကောင်းကောင်း။ မြန်မာပြည် မလွတ်လပ်သမျှ ကျွန်လူမျိုးဘဝနဲ့ ရှိတဲ့အခါမှာ ကျွန်သာသနာဘဲ ဖြစ်နေတယ်။ ကျွန်နိုင်ငံဖြစ်နေသမျှ ကာလပတ်လုံး သာသနာတော်ဟာ မကြီးပွားနိုင်ဘူး။
ခေတ်ပြောင်းတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး လျှောက်ထားပါရစေ။ ခေတ်ပြောင်းလာတဲ့ အတွက် ဗုဒ္ဓဘာသာဝင်များပိုမို နားလည် လွယ်အောင် ပါဠိဘာသာနဲ့ ထုတ်ဝေထားတဲ့ အဖိုးတန်ကျမ်းဂန်များကို မြန်မာစာနဲ့ ပြန်ဆိုရေးသား ပြောင်းလဲရရင် ဗုဒ္ဓဘာသာဝင်တို့ဟာ ဘုရား၊ တရား၊ သံဃာ အကြောင်းတွေ ပိုပိုနားလည်လာလိမ့်မယ်။
ဥပမာ-ဩကာသဆိုတဲ့ပုဒ်ရဲ့အနက်အဓိပ္ပာယ်ကို တချို့မသိကြပါဘူး။
မြတ်စွာဘုရားသခင် ကျင့်ထုံးများကိုလည်း သာသနာတော်ကြီး ထွန်းကားလာအောင် သွယ်ဝိုက်တဲ့နည်းနဲ့ တိုက်ပွဲတစ်ခုလို့ ယူဆမိပါတယ်။ နောက်ဆုံး တင်ပြလျှောက်ထား လိုတာကတော့ ယခုအခါ ရွေးကောက်ပွဲတွေ နီးလာပြီ။ သာသနာတော်ကြီး ကြီးပွားတိုးတက်အောင် လုပ်မယ်ဆိုတဲ့ စကားနဲ့ ဆွယ်တရားဟောပြောကြတဲ့ လူပုဂိ္ဂုလ်များကို သတိထားကြပါ။ တကယ်တမ်း လွတ်လပ်ရေးကို ဆောင်ရွက်တဲ့ လူပုဂိ္ဂုလ်များကိုတော့ အားပေး ချီးမြှောက်ကြပါ”
ဗိုလ်ချုပ်အောင်ဆန်းသည် နိုင်ငံ့လွတ်လပ်ရေးကို မရမနေ၊ မရမခြင်း နည်းအမျိုးမျိုးဖြင့် တိုက်ပွဲဝင်နေချိန် ကာလမှာပင် အနာဂတ် သာသနာအတွက် ရည်မှန်းချက်ရှိခဲ့သည်။ ဗိုလ်ချုပ်ကိုယ်တိုင် သာသနာ့ဘောင်ဝင်ရန်ပင် စိတ်ကူးရှိခဲ့သော်လည်း မလွတ်လပ်မီစပ်ကြား သာသနာရေးထက် နိုင်ငံအရေး အလေးပေးရဦးမည်ဟု သဘောပေါက်ပြီး ကျွန်သာသနာမှ လွတ်လပ်သော ကိုယ့်မင်းကိုယ့်ချင်း ထူထောင်နိုင်မည့် သာသနာရေးအား မျှော်မှန်းခဲ့သည်။ တစ်ချိန်က ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်းခဲ့သော သာသနာတော်ကြီးကား လွတ်လပ်သော ယနေ့နိုင်ငံတော်၏ ယနေ့ အချိန်ကာလနှင့်အတူ လွတ်လပ်ရေး သာသနာတော်ကြီး အဖြစ် နေရောင်လရောင်ပမာ ထွန်းလင်းပြောင်လျက် ရှိနေပါချေပြီ။
ရေနံမြေဘဖေရဲ့ (၁၉၈ဝ)ခုနှစ်၊ ဇူလိုင်လထုတ် ရတနာမွန်မ တနာမွန်မဂ္ဂဇင်းမှ ကူးယူတင်ပြလိုက်ရပါသည်။
လျှပ်တစ်ပြက် ဂျာနယ်မှ ပြန်လည် ဖော်ပြသည်။