အိပ်မက် ကြွေတဲ့ည

အောင် မိုးသူSeptember 29, 20121min1963

အိပျမကျ ကွှတေဲ့ည

 

အိပျမကျ………………။

အိပ်မက်သည် အမှန်တကယ်မဟုတ်မှန်း အားလုံးလိုလိုသိကြသည်။ သို့သော် အိပ်မက်မက်နေစဉ်အတွင်းမှာ တော့ အိပ်မက်ကို တကယ်ဟုကျွန်မတို့ ထင်ယောင်မိကြစမြဲဖြစ်သည်။ ကျွန်မဘဝတွင် အိပ်မက်များစွာကို ပိုင်ဆိုင်ခဲ့ဖူးသည်။ အိပ်မက်များစွာကို စွန့်လွတ်ခဲ့ရဖူးသည်။ အိပ်မက်များစွာကို မက်မောစွာလိုချင်တောင့်တ ခဲ့ဖူး၏။ တစ်ခါတစ်ရံ အိပ်မက်ကြားထဲမှ မနိုးထချင်အောင် အိပ်မက်များက ကျွန်မကိုဆွဲဆောင်နိုင်လွန်းလှ သည်။ ကျွန်မသူငယ်ချင်းတစ်ယောက်က ကျွန်မကို မေးခွန်းတစ်ခုမေးဖူးပါသည်။ “အိပ်မက်ဘယ်နှမျိုးရှိသလဲ” ဟု ကျွန်မကိုမေးဖူးသည်။ အဲသည်တုန်းက ကျွန်မခံယူချက်နှင့်ကျွန်မ တိကျစွာဖြေခဲ့ဖူးပါသည်။ အိပ်မက်အမျိုး အစား (၂)မျိုးသာရှိပါသည်။ အမှန်တကယ်ဖြစ်မလာသော အိပ်မက် နှင့် အမှန်တကယ်ဖြစ်လာသော အိပ်မက် ပင်ဖြစ်သည်။ ထိုအခါ ကျွန်မသူငယ်ချင်းက သိပ်လက်မခံပေ။ နှစ်မျိုးတည်းလားဟု ပြန်စေဒကတက်ပါသည်။ ထိုအချိန်တုန်းက ကျွန်မ သူမအား ခေါင်းသာငြိတ်ပြရုံသာ ငြိတ်ပြခဲ့သည်။

 

အိပ်မက်များကို ကျွန်မမက်စက်စွာစွဲလန်းခဲ့ဖူးသည်။ ကိုယ်မက်ချင်သောအိပ်မက်များမက်ရန်လည်း ပြုလုပ် ခဲ့ဖူးသည်။ တစ်ခါတစ်ရံတိုက်ဆိုင်စွာ အိပ်မက်များဖြစ်ပေါ်လာသလို တစ်ခါတစ်ရံ မည်သို့မျှ သတိမထားမိဘဲ မိုးလင်းသွားခဲ့သော ညများလည်းရှိသည်။ အိပ်မက်ထဲမှာမှ အိပ်မက်ထပ်မက်သော အိပ်မက်များကိုလည်း ကျွန်မလွန်စွာရူးသွပ်စွဲလန်းခဲ့ဖူးသည်။ ကျွန်မယုံပါသည်။ တစ်ခါတစ်ရံမက်သော အိပ်မက်များကို အမှန်တကယ် ဖြစ်လာသောအိပ်မက်များဖြစ်မည်ဟု ကျွန်မယုံကြည်ပါသည်။ ငွေများအများအပြားရသောအိပ်မက် မက်ပြီး အိပ်ရာမှလန့်နိုးလျှင် လက်ထဲကို ကယောင်ကတမ်းကြည့်မိဖူးသည်။ လူတော်တော်များများလည်း ကြည့်မိဖူး မည်ဟု ကျွန်မထင်ပါသည်။ အမှန်တကယ်လက်ထဲတွင် မရှိသောအခါ တသသနှမျောနေမိဖူးကြမည်။ ဆိုးရွား သောအိပ်မက်များ မက်လျှင်လည်း အပြင်တွင် ဇောချွေးများပျံသည်အထိ ကြုံဖူးကြမည်။ ကျွန်မတွင် ဖြစ်မလာသေးသော အိပ်မက်များစွာရှိသည်။ ကျွန်မတွင် ဖြစ်လာတော့မည့် အိပ်မက်များစွာရှိသည်။ ကျွန်မ၏ အိပ်မက်များအကြောင်းကို ပြောပြချင်ပါသေးသည်။

 

*****************************************************

 

နွေညတစ်ညရဲ့ အိုက်စပ်စပ်ဒဏ်ကို ဖြေသာရန်အိမ်ရှေ့ ဗန်ဒါပင်အောက်တွင် ညတိုင်းလိုလိုကျွန်မလေညင်း ခံမိသည်။ ကျွန်မလိုပင် အိမ်တိုင်းရှိ အိပ်မပျော်သေးသော မိသားစုတော်တော်များများသည်လည်း ဖျာ ၊ ထိုင်ခုံ များဖြင့် စကားများပြောကာ အိုက်စပ်စပ်ဒဏ်ကို ဖြေကြစမြဲဖြစ်သည်။ အပူဒဏ်ကြောင့် မအိပ်သေးသော ကလေးငယ်များသည်လည်း လမ်းအလယ်တွင် အုပ်စုဆော့ကစားနေကြဖြစ်သည်။ ကျွန်မရဲ့ ဖြစ်မလာတော့ သည့် အိပ်မက်များထဲတွင် ထိုအရာတစ်ခုလည်း အပါအဝင်ဖြစ်သည်။ ဆောင်းရာသီ ညဘက် လမ်းမီးများ အောက်တွင် ၊ လျှပ်စီးမလာလျှင် သဘာဝကပေးသော လရောင်၏အောက်တွင် ကျွန်မတို့သူငယ်ချင်းများ ဆော့ကစားခဲ့ဖူးသည်။ ဆောင်းရာသီကျွန်မတို့ အများဆုံး ဆော့ကစားနည်းမှာ ခိုတွန်းတမ်းနှင့်ထုပ်စီးတိုးတမ်း ဖြစ်၏။ တစ်ခါတစ်ရံ သရဲအိမ်ဆိုတာကို အဆန်းထွင်ပြီး ကစားခဲ့သေးသည်။ ကျွန်မတို့အတွက် လွန်စွာ ရင်ခုန်ဖို့ အကောင်းဆုံးကစားနည်းမှာ ခိုတွန်းတမ်းဖြစ်သည်။ ထုပ်စီးတိုးတမ်းသည်လမ်း လွန်စွာပျော်ဖို့ကောင်း သော ကစားနည်းဖြစ်ခဲ့သည်။ သရဲအိမ်ဆိုလျှင်လည်း လိုက်တဲ့သူက သရဲလုပ်ကာလိုက်ဖမ်း အုပ်စုလိုက် ကြီးပြေး ပျော်ဖို့အလွန်ကောင်းခဲ့သည်။ တစ်ခါတစ်ရံ ငယ်ဘဝအိပ်မက်များကို ကျွန်မတပ်မက်စွာမက်ချင်ပါ သေးသည်။ နောက်ရှင်သန်လာမည့် ကလေးများအတွက်လည်း ကျွန်မလိုငယ်ဘဝအိပ်မက်များ တပ်မက်စွာ မက်ခွင့်ကို ရစေချင်သေးသည်။ ထိုအရာသည် ကျွန်မ၏ အိပ်မက်များထဲက အိပ်မက်တစ်ခုပင်ဖြစ်သည်။

 

အိပ်မက်မက်နေရင်းပင် အိပ်မက်ထဲတွင် ကိုယ်မျှော်လင့်ထားသလို ဖြစ်ချင်နေသေးသည့် အိပ်မက်ရှိသေးသည်။ မည်သို့ပင်ဖြစ်စေ ဘယ်တော့မှမျှော်လင့်ထားသလိုဖြစ်မလာချေ။ ကျွန်မအင်မတန်မြတ်နိုးမိသော အိပ်မက် ဖြစ်သည်။ အိပ်မက်ထဲတွင် ကျွန်မခြံအကျယ်ကြီးပိုင်ဆိုင်သည်။ ခြံကြီး၏တစ်ဖက်တွင် အလယ်အလတ် အိမ်ကလေးတစ်လုံးကို ကျွန်မဆောက်ထားသည်။ တစ်ဖက်တွင် ကလေးများစာသင်ဖို့နှင့် ဗဟုသုတရရန် စာသင်ခန်းတစ်ခုရှိသည်။ ခြံဘေးပတ်လည်တွင် အရိပ်ရသော သစ်ပင်များကျွန်မစိုက်ကာထားသည်။ ခြံအရှေ့ဘက်ကို မြေပြန့်အလွတ်ထားထားသည် မည်သည့်အင်္ဂမှကျွန်မမလောင်း နွေရာသီနေ့လည်ခင်းဖြစ် စေ၊ ဆောင်းရာသီညဘက်ဖြစ်စေ ကလေးများကို ကျွန်မတို့ငယ်ငယ်ငယ်တုန်းက ဆော့ကစားနည်းများ မြေကြီး ပေါ်မှာတင် ကျွန်မဆော့ကစားခိုင်းမည်။ ကျွန်မအင်မတန်မြတ်နိုးမိသော အိပ်မက်တစ်ခုပင်ဖြစ်သည်။ သို့သော် ယခုထိတော့ဖြစ်မလာသေးပေ။ မြို့အစွန်မဟုတ်ပေမယ့် မြို့လယ်နှင့်နီးသော ရပ်ကွက်တစ်ခုအ၏ ဆယ်ပေလုံးချင်း ပျဉ်ထောင်အိမ်ကလေး အတွင်းတွင်သာ ကျွန်မမိသားစုနှင့်နေရဆဲဖြစ်သည်။ တစ်နေ့တွင် ထိုအိပ်မက် တကယ်ဖြစ်လာရမည်ဟု ကျွန်မအိပ်မက်မက်နေတုန်းပင်။

 

**************************************************

 

စိတ်ကူးယဉ်ထက်ကို စိတ်ကူးယဉ်ပိုဆန်သော အိပ်မက်များစွာလည်း ကျွန်မပိုင်ဆိုင်ထားသည်။ ဖြစ်မလာသည့် အိပ်မက်များကို ကျွန်မမြတ်နိုးစွာသိမ်းထားဆဲဖြစ်သည်။ မိုးမျှော်တိုက်ကြီးများရှိသော မြို့အလယ်တွင် ပေ(၄၀) ဆယ်ပတ်လည်မြေကြီးပေါ်တွင် အိမ်ဆောက်ပြီးနေသည့်အိပ်မက်ဖြစ်သည်။ ထိုအိပ်မက်အား ကျွန်မယခုထိ အမြတ်တနိုးသိမ်းထားဆဲဖြစ်သည်။ ကိုယ့်မြန်မာနိုင်ငံအနှံ့အား ကျောပိုးအိတ်တစ်လုံးဖြင့် ခရီးဆန့်သည့် အိပ်မက်။ အမှန်တကယ်ဆိုလျှင် မန္တလေးလောက်သာ ကျွန်မရောက်ဖူးသေးပါသည်။ လမ်းစရိတ် စားစရိတ်များ ကြီးမားနေသောကာလအတွင်း မိန်းကလေးတစ်ယောက်တည်း ခရီးတစ်ခုတည်းသွားဖို့ဆိုတာ ထင်သလောက် မလွယ်ကူမှန်းကျွန်မသိသည်။ တစ်ခါတစ်ရံ နိုင်ငံခြားအလည်ထွက်သောသူများကို ကျွန်မမေးချင်မိသည်။ ကိုယ့်မြန်မာနိုင်ငံတောင် အနှံ့ရောက်ဖူးသလားဟုပင်။ သို့သော်အခြေအနေနှင့် အချိန်အခါ အိပ်မက်တွေပေါ် မူတည်၍ ခံယူချက်တွေ ကွာခြားခြင်းမျိုးဖြစ်ပေလိမ့်မည်။

 

ရပ်ကွက်ထဲရှိ လမ်းတိုင်းသည် ဖယောင်းတိုင်မီးများဖြင့် ဝါဝါထိန်ကာလှပေနေသည်။ လမ်းတိုင်း၏ဘေးတစ် ဖက်တစ်ချက်စီတွင် ဖယောင်းတိုင်များ စီကာရီကာထွန်းကာ ဖယောင်းတိုင်၏ပတ်လည်တွင် မြောင်းဘေးက ရွှံ့ဖြင့်ဗန်ဒါရွက်သုံးရွက် စိုက်လိုက်သည်။ ထိုအခါ ဖယောင်းတိုင်တစ်တိုင် ဗန်ဒါရွက်သုံးရွက်ဖြင့် ငွေမကုန် သဘာဝ မီးပုံးလေးများ စီကာရီကာထွန်းထားသလိုပင်။ ကျွန်မတို့ ရပ်ကွက်ကလေးထဲတွင် သီတင်းကျွတ် တန်ဆောင်တိုင်ဆိုလျှင် ထိုဓလေ့လေးများ သည် ယခုထိပင်ရှိသေးသည်ကို ကျွန်တွေ့ရသည်။ နောက်ဆိုလျှင် ထိုဓလေ့လေးများ အိပ်မက်များဖြစ်မသွား ပါစေနှင့်ဟုပင် ကျွန်မဆုတောင်းနေမိသည်။ အိမ်အပြင်မထွက်ရ မနေနိုင်အောင်ကိုပင် မီးရှူးမီးပန်များ၏ အသံနှင့်ရပ်ကွက်နားရှိ မြို့ဦးစေတီမှ ဝတ်ရွတ်သံများဖြင့် ဝေစီလို့နေသည်။ ကျွန်မအိမ်အပြင်ထွက်ထွက်ချင်းပင် ဗျောက်အိုးဖောက်နေသော ကလေးတစ်ယောက်ကို တွေ့သည်။ ထို့နောက် ကလေးတစ်ယောက်ထပ်ကာ ရောက်လာပြီး “ဗျောက်အိုးဖောက်ရင် ဖမ်းလိမ့်မယ်” ဟုပြောလေသည်။ ထိုအခါ ဗျောက်အိုးဖောက်သော ကလေးက ဆရာကြီးလေသံဖြင့် “ခုမဖမ်းတော့ဘူးကွ လွတ်လွတ်လပ်လပ်သာဖောက်” ဟု ပြန်ပြောလေသည်။ ကလေးနှစ်ယောက်အားကြည့်ကာ ကျွန်မပြုံးမိသည်။

 

ကောင်းကင်ပေါ်တွင် မီးပုံးပျံများနှင့်ကြယ်များအပြိုင် ထွန်းလင်းတောက်ပနေသည်။ အချိန်တန်လျှင် မီးပုံးပျံ များ မီးစာကုန်ကာ အောက်သို့ထိုးကျလာမည်။ ကြယ်လေးတွေကတော့ လင်းမြဲလင်းဆဲပင်ရှိဦးမည်။ ငယ်ငယ်တုန်း က ကြယ်ကြွေတာကိုမြင်လျှင် ထိုကြယ်အားပြေး၍ ကောက်ချင်မိသည်။ ရင့်ကျက်တဲ့အရွယ် ရောက်လည်းပဲ ကြယ်ကြွေခြင်းကို ကျွန်မတရှိုက်မက်မက်ကြည့်ဆဲပင်ဖြစ်သည်။ ပြေး၍ကောက်ဖို့တော့ မစဉ်းစားမိတော့ချေ။

 

ကျွန်မ၏အိမ်ကလေးသည် မြန်မာနိုင်ငံ မြို့တစ်မြို့၏ ရပ်ကွက်တစ်ခုတွင် တည်ရှိသည်။ ကျွန်မတွင် မြန်မာဆန် သော၊ လူသားဆန်သော အိပ်မက်များစွာပိုင်ဆိုင်သည်။ သို့သော်ထိုအိပ်မက်များသည် ကျွန်မရှေ့သို့ လှပစွာ မကြွေကျဖူးသေးချေ။ ကျွန်မပိုင်ဆိုင်သော အိပ်မက်များ ကျွန်မရှေ့သို့ကြွေကျလာမည်ဆိုလျှင် ကျွန်မကောက် ယူကာ ပတ်ဝန်းကျင်ရှိ လူအများကို မျှဝေလိုက်ချင်သည်။

 

ကျွန်မတွင် အိပ်မက်များစွာပိုင်ဆိုင်သည်။

ကျွန်မတွင် မျှော်လင့်ချက်အိပ်မက်များစွာရှိသည်။

ကျွန်မတွင် တောင်းဆိုချင်သောအိပ်မက်များစွာရှိသည်။

ကျွန်မတွင် အဖြူရောင်အိပ်မက်များစွာရှိသည်။

 

ထိုအိပ်မက်များကျွန်မရှေ့သို့ ကြွေကျလာသောအချိန် အိပ်မက်ကြွေသောညတစ်ညကို ကျွန်မရပ်စောင့်နေ၏။ အိပ်မက်တွေတွဲလဲခိုကာ အစီအရီကျလာသောအချိန်တွင် ရောင်နီများလင်းလက်လာလိမ့်ဦးမည်ဟု ကျွန်မထင် သည်။ ထိုအချိန်တွင် ကျွန်မသည်ကြယ်ကြွေခြင်းကို အိပ်မက်မက်ကာ ကျွန်မအိပ်မက်များကို ရောင်နီများ အောက်တွင် ကောက်ယူကာဖြန့်ကျဲနိုင်မည်ဟု အိပ်မက်မက်ကာ ရပ်စောင့်နေတုန်းပင်။

 

*******************************************

 

ရင်နှင့်ရင်း၍

အောင်မိုးသူ

စက်တင်ဘာ ၂၈ရက် ၂၀၁၂

သောကြာနေ့

ည ၁၁နာရီ ၅၃မိနစ်

3 comments

  • မောင်ပေ

    September 29, 2012 at 12:28 pm

    ကျုပ်လဲ အိပ်မက်တစ်ခုရဖို ့၊ ပြန်အိပ်ပါတော့မည် ။ ညကြ ဘောလုံးပွဲများကြည့်ရမည်ဖြစ်သည် ။
    စနေနေ ့.. နေ ့လည် ၁၂.၃၀

  • manawphyulay

    September 29, 2012 at 5:03 pm

    ကျွန်မတွင် အိပ်မက်များစွာပိုင်ဆိုင်သည်။

    ကျွန်မတွင် မျှော်လင့်ချက်အိပ်မက်များစွာရှိသည်။

    ကျွန်မတွင် တောင်းဆိုချင်သောအိပ်မက်များစွာရှိသည်။

    ကျွန်မတွင် အဖြူရောင်အိပ်မက်များစွာရှိသည်။

    လူတိုင်းပိုင်ဆိုင်ခွင့်ရသော အိပ်မက်များထဲတွင် နေကြသည်။

Leave a Reply