ဘုရင်အလောင်းမင်းတရားမှ ဘုရင်ဂျော့-၂ ထံပေးပို့သော ရာဇသံရွှေပေ – အပိုင်း(၄)

 

ဗြိတိသျှတို့စေလွှတ်သော ဘေကာသံအဖွဲ့
ဒုဗိုလ်ကလေး ဂျွန်နော့သ်နှင့်အတူ ဘေကာသည် ဇူလိုင်လ ၁ရရက်နေ့တွင် မြန်မာသံအဖွဲ့နှင့်တစ်ပါတည်း ဟိုင်းကြီးကျွန်းမှ ခွာလာခဲ့သည်။ နှစ်လအကြာတွင် ရွှေဘိုကိုရောက်ပြီး ၁၇၅၅ ခု၊စက်တင်ဘာ ၁ရရက်တွင် မင်းတရားကြီးကို ပထမဆုံးအကြိမ်ဖူးတွေ့ရသည်။ သုံးကြိမ်သုံးခါ အခစားဝင်မှုများအတွင်းမှ အလောင်းမင်းတရားကို ထူးခြားသော၊ ဟောဟောဒိုင်းဒိုင်းရှိလှသော၊ ဗြိတိသျှတို့အပေါ်သဒ္ဓါတရားရှိကြောင်း အတိုင်းအတာတစ်ခုအထိ ပြသလိုသူအဖြစ် တွေ့ခဲ့ရသည်။

ဘေကာ၏  ကနဦးရည်ရွယ်ချက်မှာ ဘရွတ်ခ်စာချုပ်ပေါ် မြန်မာရှင်ဘုရင်လက်မှတ်ထိုးရေးဖြစ်သည်။ ဘေကာ မအောင်မြင်ခဲ့။ လက်ဦးဆုံးပြောရလျှင် အလောင်းမင်းတရားသည် ထိုသို့သောစာရွက်စာတမ်းများဖြင့် ပုံစံတကျ လက်မှတ်ရေးထိုးမှုအပေါ် အာရုံသိပ်မရှိပေ။ စာချုပ်မူကြမ်းကို ဘာသာပြန်ပြပြီးသည်နှင့် အလောင်းမင်းတရားသည် ချက်ချင်းပင် ”ဟိုင်းကြီးကျွန်း၊ ပုသိမ်တင်မက ဒဂုံတွင်ပါ ကုမ္ပဏီအတွက်နေရာ” ကိုပေးသနားတော်မူလိုက်သည်။
ထိုရက်ရောမှုသည် လက်နက်အလျင်အမြန်ရလိုသော မျှော်လင့်ချက်ကြောင့်လည်း ဖြစ်ချင်ဖြစ်နိုင်သည်။ မည်သို့ဆိုစေ နောက်ရက်များတွင် ဟိုင်းကြီးကျွန်းကိစ္စကို ရှင်ဘုရင် ကတိပျက်သည်။

ဒုတိယအကြိမ် ဘေကာ အခစားဝင်သော စက်တင်ဘာ ၂၂ရက်နေ့တွင် အဘယ်ရည်ရွယ်ချက်ကြောင့် ဟိုင်းကြီး ကျွန်းပေါ် ကုမ္ပဏီရောက်လာသနည်း ဟူသောမေးခွန်းကို ဘေကာအား ရှင်ဘုရင်က နောက်တစ်ဖန်မေးတော်မူသည်။ နောက်တစ်နေ့၌ ဘေကာ့ရှေ့တွင် ဘရွတ်ခ်ထံစာတစ်စောင်ကို ရှင်ဘုရင်နှုတ်တိုက်ချပေးစဉ် ဟိုင်းကြီးကျွန်းကို ချန်လှပ်ခဲ့သည်။ ဟိုင်းကြီးကျွန်းတွင် ကုမ္ပဏီအခြေချလိုခြင်းမှာ ကုန်စည်အပြည့်ပါသောသင်္ဘောများ မြစ်ကို ဆန်မတက်နိုင်သောကြောင့်ဟု ဘေကာ စောဒကတက်ခဲ့သည်။ သို့ရာတွင် အလောင်းမင်းတရားသည် ဘေကာအား ဆက်မပြောစေဘဲ ”အဲဒီကို မောင်မင်းတို့ဘာကြောင့်ရောက်နေသလဲ၊ မဟုတ်ဘူးလား။ မောင်မင်းတို့က ပုသိမ်ကိုပဲ အားလုံးလာချင်တာလို့ ငါကိုယ်တော်ထင်ခဲ့တာ” ဟုမိန့်ခဲ့သည်။

မည်သို့ဆိုစေကာမူ သံလျင်နှင့်ပဲခူးကို လုပ်ကြံရေးသည် အလောင်းမင်းတရားရှေ့တွင် ကြိုနှင့်နေသည်။ ၁၇၅၅ နှစ်ကုန်၌ ပဲခူးသည် အမြောက်လက်နက်ထူထပ်စွာချ၍ ခုခံထားနိုင်သောကြောင့် အလောင်းမင်းတရားသည် အပူတပြင်း လက်နက်လိုအပ်နေခဲ့သည်။ ထိုလက်နက်များကို အင်္ဂလိပ်တို့ထံမှ ဝယ်ယူလိုခြင်းဖြစ်ကြောင်း ဒုတိယရာဇသံထဲ ရေးခဲ့ပြီးဖြစ်သည်။ ဘရွတ်ခ်၏စာချုပ်ထဲတွင် ”ကုန်သွယ်ရေးလိုက်လျောမှုသုံးခု” အတွက် အပြန်အလှန်အားဖြင့် နှစ်စဉ်လက်ဆောင်ပဏ္ဏာဆက်သမည့်အကြောင်း မရေမရာကတိပေးထားသည်။  ပြန်စဉ်းစားလျှင် မင်းတရားသည် ”နှစ်စဉ်ဆက်သသော လက်ဆောင်ပဏ္ဏာထက် လက်နက်အလုံအလောက်” ကိုချက်ချင်းရလိုကြောင်း သတ်သတ်မှတ်မှတ်ပြောခဲ့သည်။ ဘေကာသည် ပြောင်းချောသေနတ်အလက် ၁ဝဝဝနှင့် အမြောက် ၂ဝလက်ကို ချက်ချင်းပံ့ပိုးပေးနိုင်မလားဟု မင်းတရားကြီး မေးမြန်းစူးစမ်းတော်မူသော် ဘေကာ မပေးနိုင်။ ထိုအစား ဟိုင်းကြီးကျွန်းသို့ပြန်ရောက်လျှင် ပြောင်းချော ၇၅လက်နှင့် အမြောက် ၆လက်ကိုပို့ပေးမည်၊ ကျန်ပြောင်းချော ၅၂၅လက်နှင့် အမြောက် ၁၄လက်ကိုနောင်မှ မဒရတ်စ်မှပို့ပေးပါမည်ဟု ကတိထားခဲ့သည်။

ဘေကာ ဘက်မှကတိပေးထားသော လက်နက်အားလုံးကို အလောင်းမင်းတရား ရမရ မရှင်းလင်းပေ။ ကုန်းဘောင်ခေတ်သမိုင်းမှတ်တမ်းအရ ကပ္ပတိန်ဒိုင်ယာသည် ပြောင်းချောသေနတ် အလက်၃ဝဝ၊ အမြောက်ကြီး ၁ဝလက်၊ ကျည်စေ့သေတ္တာ ငါးလုံး၊ ယမ်းစည် ခုနစ်လုံးတို့ကို ၁၇၅၆ ခု၊မေလဆန်းတွင် ပို့ပေးခဲ့သည်။ ထိုပမာဏသည် ဘေကာ ကတိပေးထားသော အရေအတွက်ထက်နည်း၏။ သို့သော် မှတ်တမ်းမတင်ဘဲ ထားလိုက်သည့် မနည်းလှသောအရေအတွက်ဖြစ်သည်။

၁၇၅၅ ခု၊စက်တင်ဘာလကုန်တွင် ရွှေဘိုမှ ဘေကာထွက်ခွာလာသောအခါ သူသည် စာချုပ်လက်မှတ်ထိုး ရေးအမှုကို ပြီးပြတ်အောင်မလုပ်နိုင်ခဲ့။ ဘေကာနှင့်တွေ့ဆုံခြင်းကို ရင်းနှီးသော၊ အကျိုးကျေးဇူးဖြစ်ထွန်းသော ဆက်ဆံရေးဆီ မျှော်လင့်ချက်ရှိသည့် ပွဲဦးထွက်ခြေလှမ်းဟု အလောင်းမင်းတရားဘက်မှ အဓိပ္ပါယ်ကောက် ယူနေချိန်တွင် ကုမ္ပဏီ၏မျက်စိထဲ၌ ဘေကာသံစေလွှတ်မှုသည် ရလဒ်လက်ဆုပ်လက်ကိုင် မပြနိုင်ဟုမြင်လေသည်။

ဒုတိယမြောက်ဂျော့ဘုရင်မင်းမြတ်နှင့် ကုမ္ပဏီဒါရိုက်တာအဖွဲ့ထံပေးပို့တော်မူသော
အလောင်းမင်းတရား၏ရာဇသံစာများ
ရွှေဘိုမှ ဘေကာပြန်ရောက်လာပြီးနောက် ပုသိမ်၌မြေနေရာ ရွေးချယ်ရေးနှင့်ပတ်သက်သော ပြဿနာပေါ်ပေါက်ခဲ့ သည်။ ဗြိတိသျှတို့သည် ‘ဘုရားကုန်းတော်’ မြေမြင့်နေရာကို ခံတပ်တည်ရန် နေရာကောင်းတစ်ခုဟု မြင်သော ကြောင့်ဖြစ်၏။     ဤသို့ဖြင့် အင်္ဂလိပ်တို့သည် ထိုနေရာကို မြန်မာဘုရင်ပေးသနားရန် နည်းမျိုးစုံ တောင်းခံကြ တော့သည်။ သို့သော် မင်းတရားကြီး ပွင့်လင်းစွာမိန့်တော်မူခဲ့သည်။

“’ငါကိုယ်တော်ကိုယ်တိုင် ထီးနန်းရိုက်ရာ မခိုင်မြဲသေးဘဲနှင့် အထွဋ်အမြတ်နေရာ ဘုရားကုန်းတော်ကို မောင်မင်းတို့အား ပေးသနားတော်မူလိုက်လျှင် ဘာသာသာသနာကိုမခန့်လေးစားလုပ်သူဟု အထင်ခံရပေတော့မည်။ တိုင်းသူပြည်သားများ၏စိတ်ကို လွှမ်းမိုးနိုင်သော ဘုန်းတော်ကြီးများလည်း ဆန့်ကျင်ကြပေတော့မည်။ ထိုအခါ ထီးနန်းရိုက်ရာကို အပြည့်အဝ မရသေးသော ငါကိုယ်တော်သည်လည်း ထီးနန်းကိုလက်လွှတ်ဆုံးရှုံးရပေတော့မည်”

အလောင်းမင်းတရားသည် ဘရွတ်ခ်အား ခံတပ်ဆောက်ရန် မြစ်တစ်ဖက်ကမ်းမှမြေကွက်ကို အကြံပြုခဲ့သည်။သို့သော် အလောင်းမင်းတရား ရန်ကုန်သို့ပြန်ရောက်သော ဧပြီလတွင် ဘရွတ်ခ်သည် ဟိုင်းကြီးကျွန်းမှ ခွာတော့ မည်ဖြစ်သည်။ ဘရွတ်ခ်သည် မိမိဆန္ဒအတိုင်းထွက်ခွာခဲ့၏။ နှစ်ရှည်လများစွာ ကျန်းမာရေးချို့တဲ့လာပြီးနောက် အိန္ဒိယသို့ပြန်လိုကြောင်း မဒရတ်စ်ဘုတ်အဖွဲ့ထံခွင့်ပန်ခဲ့သည်။ ဘရွတ်ခ်နေရာအတွက် ကပ္ပတိန်ဟိုး ကိုရွေးချယ် ကြသည်။

ဟိုးသည် ခေါင်းမာသူတစ်ဦး။ တစ်ခွန်းတည်းဆိုရလျှင် ဟိုးသည် ဘရွတ်ခ်နှင့် လုံးလုံးကွဲပြားသူဖြစ်၏။ ပုသိမ်မြေနေရာရွေးချယ်ရေး၌ ဘရွတ်ခ်သည် ခေတ်စကားနှင့်ပြောရလျှင် ယဉ်ကျေးမှုဆိုင်ရာ အကင်းပါးသူ ဖြစ်သည်။ အထွဋ်အမြတ်ထားသော ဗုဒ္ဓဘာသာစေတီတော်ကို ခံတပ်ဆောက်လုပ်ရေးအတွက် ဖျက်ဆီးမပေးနိုင် ဟူသော ရှင်ဘုရင်၏အမိန့်ကိုလက်ခံရန် အသင့်ဖြစ်နေခဲ့သည်။ ဟိုးကမူ အကွက်အကွင်းကောင်းသော မြေတစ်ကွက် သည် အကျိုးဆက်ကြီးမားကြောင်း၊ ရှင်ဘုရင်အပေါ် သူ့အရှိန်အဝါလွှမ်းမိုးဖို့ ကြိုးစားကြည့်မည့်အကြောင်း ပြောခဲ့သည်။ ဟိုး၏အပြောကို ဘရွတ်ခ်ကန့်ကွက်သည်။ အားလုံးသည်  အတည်ဖြစ်နေပြီမို့ ရှင်ဘုရင် အမျက်တော် ရှမည့်ဘေးမှ ဝေးကာ အလုံးစုံပြီးစီးအောင်မြင်နိုင်သည်ဟု ဘရွတ်ခ်အကြံပေးခဲ့သည်။

ဘရွတ်ခ် ထွက်ခွာသွားသည်နှင့် ပြဿနာများ ဘွားခနဲပေါ်ပေါက်လာကြတော့၏။ နန်းတော်တွင် ဟိုးသည် ဘုရားကုန်းတော်ကိစ္စ ထပ်မံလျှောက်ထားပြန်ရာ ယတိပြတ်ငြင်းဆိုခြင်းကို ကြုံရသည်။ ထိုအခါ ဟိုင်းကြီးကျွန်း ဦးစီးမှူးဟိုးသည် အင်အားသုံးပြီး ပုသိမ်မှ ဘုရားကုန်းတော်ကို ရအောင်ယူကာ ကုန်းတော်ပေါ် အဆောက်အဦ အချို့ဆောက်သည်။ သို့သော် အင်မတန်သဘောမတွေ့နိုင်သော ရှင်ဘုရင်က အင်္ဂလိပ်တို့ကို ဘုရားကုန်းတော်ပေါ်မှ မရမကနှင်ထုတ်ခဲ့သည်။

အလောင်းမင်းတရားသည် ကုန်သွယ်ရေးတိုးမြှင့်ရန်၊ အရှေ့အိန္ဒိယကုမ္ပဏီနှင့် ရင်းနှီးသောဆက်ဆံရေး ထားရှိရန် ဆုံးဖြတ်ခဲ့ခြင်းမှာ သူ၏နိုင်ငံရေး၊ မဟာဗျူဟာအရေးတို့ကို ကာကွယ်ထားရန်ဖြစ်သည်။ ကုန်သွယ်အထူးအခွင့်အရေး၊ ပုသိမ်တွင်မြေတစ်ကွက် စသော အင်္ဂလိပ်တို့ လျှောက်ထားတောင်းဆိုသမျှ အများစုကို မင်းတရားကြီးက ပေးသနားရန်အသင့်ဖြစ်နေခဲ့သည်။ သို့ရာတွင် မြန်မာပြည်ရှိ အရှေ့အိနိ္ဒယကုမ္ပဏီမှ လူအချို့သည် ယုံကြည်စိတ်ချ၍ မရကြောင်း အသေအချာသက်သေပြခဲ့ကြသည်။

ဟိုး၏လက်သင့်ခံနိုင်ဖွယ်မရှိသော လုပ်ရပ်များဖြင့် အလောင်းမင်းတရား၏ စိတ်ရှည်သီးခံနိုင်စွမ်း အစမ်းသပ်မခံရခင် လပေါင်းများစွာအလိုကတည်းက အလောင်းမင်းတရားသည် ဂျော့ဘုရင်-၂ နှင့်ကုမ္ပဏီဒါရိုက်တာများထံ တိုက်ရိုက်ရာဇသံစာပေးပို့ရန် ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်။ စစ်မှန်သောတိုးတက်မှုကို လုပ်ဆောင်ရန်မှာ သူ့လိုပင် ဆုံးဖြတ်ရသူ၊ တန်းတူရည်တူများနှင့် စကားပြောဖို့လိုအပ်သည်ဟု မင်းတရားကြီးတွေးခဲ့မိပါလိမ့်မည်။

မင်းတရား ရန်ကုန်ကိုပြန်ချီလာသော ၁၇၅၆ ခု၊မတ်လတွင် မင်းတရားသည် ဂျော့ဘေကာနှင့်တွေ့ဆုံရန် မျှော်လင့်စောင့်စားနေကာ မင်းတရား၏အမတ်က ရာဇသံစာ လေးစောင်ကို အသင့်ရေးထားပြီးဖြစ်၏။ အင်္ဂလိပ် ဘုရင်ထံတစ်စောင်(ရာဇသံရွှေပေ)၊ ကုမ္ပဏီဒါရိုက်တာအဖွဲ့ထံတစ်စောင်၊ မဒရတ်စ်ဘုရင်ခံထံတစ်စောင်နှင့် ဟိုင်းကြီးကျွန်းဦးစီးမှူးထံတစ်စောင်၊ စုစုပေါင်းလေးစောင်ဖြစ်သည်။

ရှင်ဘုရင်အချင်းချင်းဆက်ဆံရာတွင် လေသံနှင့်ရေးဟန် သင့်တော်ကိုက်ညီစေရန် အလောင်းမင်းတရားသည် ထိုခေတ်ပညာရည်အပြည့်ဝဆုံး စာဆိုတော်များထဲမှတစ်ဦးဖြစ်သော လက်ဝဲနော်ရထာကိုရေးသားစေခဲ့သည်။ အလောင်းမင်းတရား၏ ရိုးရင်းဘက်တစ်ဦးဖြစ်သလို ဝန်ကြီးတစ်ဦးလည်းဖြစ်သော လက်ဝဲနော်ရထာသည် ရာဇသံ ရွှေပေ၏စာသားများကို စီကုံးခဲ့သူတည်း။

ထိုရာဇသံကို အထူးခြားဆုံး အရှားပါးဆုံးဖြစ်အောင် အစွမ်းကုန်ဂရုတစိုက်စီမံခဲ့သည်။ စာသားများကို ရွှေပေထက်တွင်ရေးသွင်းထားပြီး ပတ္တမြားနှစ်ဆယ့်လေးလုံး နှစ်ရစ်စီထားသည်။ လိပ်ထားသောရွှေပေကို ဆင်စွယ် ကြုတ်သွတ်ကာ ထူးထွေဆန်းပြားစွာ ထုတ်ပိုးထား၏။ မြန်မာ့သမိုင်းကြောင်းတွင် ပထမဦးဆုံးအကြိမ်အဖြစ် မြန်မာဘုရင်သည် အနောက်တိုင်းဧကရာဇ်တစ်ပါးနှင့် တိုက်ရိုက်ဆက်သွယ်ရန်ဆုံးဖြတ်ခဲ့ခြင်းပင်။

သို့သော် အလောင်းမင်းတရား၏ သံတမန်ရေးရာအဖွင့်နိဒါန်း ကြမ္မာငင်ခဲ့သည်။ ရာဇသံစာများ မဒရတ်စ်သို့ ပို့ဆောင်ရေးကို ဟိုးသည် တမင်သက်သက် ဖွင့်နွှဲအောင်လုပ်ခဲ့နိုင်သည်။ ရာဇသံရွှေပေနှင့် ဒါရိုက်တာအဖွဲ့ ထံပေးပို့သော ရာဇသံစာကို ‘ဟိုး’နေရာဆက်ခံသူ သောမတ်စ်နျူတန်က ပထမဦးစွာ ဘင်္ဂလားမှ ဖို့ဒ်ဝီလျံခံတပ်သို့ အလျင်ပေးပို့ခဲ့သည်။ စာများ ကာလကတ္တားမှ မဒရတ်စ်သို့ရောက်ရှိချိန်သည် ၁၇၅ရ ခု၊မတ်လကုန်ဖြစ်သည်။ ဇွန်လဆန်းရောက်မှ ဂျော့ပီးဂေါ့က လန်ဒန်သို့ပို့ပေးသည်။      စာရေးပြီး နှစ်နှစ်နီးပါးအကြာ ၁၇၅၈ ခု၊မတ်လ ရောက်မှ ရာဇသံစာ၏ဘာသာပြန်စာများ လိပ်စာရှင်ထံ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ခဲ့သည်။

ဟိုး၏လျစ်လျူရှုမှု၊ နျူတန်၏ မြန်မာတို့အပေါ်မယုံကြည်မှုတို့အပြင် သိသာသောဥပေက္ခာပြုမှုနှင့် မသိသား ဆိုးဝါးနိုင်ခြင်းများသည် အလောင်းမင်းတရား၏ ဆန်းသစ်သောပဏာမခြေလှမ်းကို လုံးလုံးအကျိုးကျေးဇူးမဲ့အောင် ပုံစံပြောင်းပေးလိုက်သည့် အဆုံးအဖြတ်ပေးသော အကြောင်းခံများဖြစ်ခဲ့သည်။ အလေးထားမှုမရှိခြင်း ကိုလည်း ကုမ္ပဏီ၏ကျဉ်းမြောင်းသော ချဉ်းကပ်မှုဟုခေါ်ရမည်။ မြန်မာပြည်ကို မျက်မြင်ထင်ရှားရပ်တည်နေသောတိုင်းပြည်ဟု မြင်ရမည့်အစား ဈေးကွက်တစ်ခုဟု အထင်သေးစွာမြင်ခဲ့ကြသည်။ မြန်မာဘုရင်အသစ်ကိုလည်း တန်းတူရည်တူ မြင်ရမည့်အစား အလားအလာရှိသော ဖောက်သည်တစ်ဦးအဖြစ် မြင်ခဲ့ကြသည်။

လန်ဒန်တွင် စာနှစ်စောင်ကိုင်တွယ်ပုံနှင့်ပတ်သက်ပြီး ကျွန်ုပ်တို့သိရသည်မှာ ရာဇသံစာများထဲမှ အလောင်း မင်းတရား၏  သံတမန်ရေးရာချဉ်းကပ်မှု၊ စာများ၏သိမ်မွေ့သောဖွဲ့စည်းဟန်၊ ယဉ်ကျေးမှုသတ်မှတ်ချက်စံများ အပါအဝင် အမှန်အကန်သတင်းပို့ချက်များကို ဂျော့ဘုရင်-၂ တင်မက ကုမ္ပဏီဒါရိုက်တာများပင် နားလည်ပုံမရပေ။
မှန်ပါသည်။ ဤစာများရေးရခြင်း၏ အခြေအနေများကို စာလက်ခံသူများအား လုံလုံလောက်လောက် တင်ပြမှုမရှိဘူး ဆိုလျှင် ၎င်းတို့အနေဖြင့် ထိုစာကိုထူးခြားပစ္စည်းအဖြစ်ထက် များများစားစားပိုပြီး မှတ်ယူမည်မဟုတ်ချေ။

သို့သော်ငြား အကယ်၍သာ ဗြိတိန်မှလိပ်စာရှင်သည် နိုင်ငံရေးအရ အရေးကြီးသော ယဉ်ကျေးမှုထုံးတမ်း များကို လေးစားသမှုပြခဲ့လျှင် စောစောကပြောသောကိစ္စများလည်း နောက်ဆုံး၌ ဒုတိယအဆင့်တွင်ကျန်ခဲ့မည်။ အလောင်းမင်းတရားသည် လန်ဒန်မှပြန်ကြားလွှာတစ်စောင်တစ်လေမှ မရခဲ့သလို ပို့လိုက်သောရာဇသံစာ လက်ခံ ရရှိကြောင်းကိုပင် အသိအမှတ်ပြုမှုတစ်စုံတရာ မရခဲ့ပေ။ နောက်ပိုင်းတွင် သက်သေများကပြသခဲ့သည်မှာ ထိုအဖြစ်ကို အလောင်းမင်းတရားနာခဲ့သည်။

11 comments

  • ကိုရင်မောင်

    October 2, 2012 at 5:59 am

    ဆက်လက်ဖတ်ရှု့နေပါတယ် ဆရာမခင်ဗျာ..
    နောက်အပိုင်းများလဲစောင့်မျှော်နေပါတယ်…..

  • ကြည်ဆောင်း

    October 2, 2012 at 8:48 am

    တန်းတူရည်တူဆက်ဆံရေးမရခဲ့တာလဲ သမိုင်းကြောင်းပြောင်းဖို့ အကြောင်းရင်းတစ်ချက်ဖြစ်ခဲ့တာပဲနော်..
    ရာဇသံရွှေပေသာအချိန်မီရောက်ခဲ့ပြီး အင်္ဂလန်ဘုရင်ဖက်ကတစ်ခုခုများအကြောင်းပြန်ခဲ့ရင်
    သမိုင်းကြောင်းဘယ်လိုများပြောင်းသွားနိုင်မလဲလို့လဲတွေးမိတယ်…

  • Fall Guy

    October 2, 2012 at 9:32 am

    ဘရွတ်ခ် မရှိတော့တာလဲတော်တော်အခြေနေဆိုး သွားစေတယ်ထင်ပါတယ်။

  • amatmin

    October 2, 2012 at 9:38 am

    မျှော်မြင်တွေးခေါ်နိုင်တဲ့ ဘုရင်တပါးအဖြစ်
    အလောင်းမင်းတရားကို ပုံဖော်ထားတာကို သဘောကျရင်း
    ဘုရင်တပါးက ပို့လိုက်တဲ့ စာလွှာကို မတူမတန်သလို
    ဆက်ဆံခံခဲ့ရတဲ့ အဖြစ်ကတော့ ရင်နာဖို့အတော်ကောင်းခဲ့သကိုး..
    ရန်ကုန်ဘဆွေရဲ့ သေသော်မှတည့် ဪကောင်း၏..မှာ
    ကွန်မန်ဒိုလင်းဘတ်အမြင်လေးကိုတောင်
    သတိရမိသေးတော့တယ် 🙂

    “အံမယ်..ဒီအရိုင်းကောင်တွေက ဒါလောက်လှတဲ့ လှေကိုများစီးပီး ငါတို့စကားကိုများ ပီပီသသပြောလို့…”

    ဆရာမရေ..ဖတ်ရတာကျေးဇူးအထူးပါ ခင်ဗျာ့..

  • ရွှေ ကြည်

    October 2, 2012 at 10:52 am

    အစ်မပြုံးရေ မအားလို့ မဖတ်ဖြစ်သေးတာသေသေချာချာအချိန်ပေးဖတ်မှဖြစ်မှာဆိုတော့…။
    အခုတော့လိုက်မမှီတော့ဘူးအခုမှအပိုင်း(2)ပဲဖတ်ရသေးတယ် ဘယ်လိုလိုက်ရပါ့ သိမ်းတော့သိမ်းထားတယ်သေချာဖတ်ရမယ်..။
    ကျေးဇူးပါအစ်မပြုံးရေ…။

  • နှင်းဆီ ငုံ

    October 2, 2012 at 4:52 pm

    အမရေ ရုံးမှာဆိုတော့ အကုန်ဖတ်မရဘူးဖြစ်နေလို့ Print ထုတ်ထားတယ်
    အိမ်ရောက်မှ အေးဆေးဖတ်ရမယ်
    ရေးသားပြီးတင်ပေးတဲ့အမပြုံးကို အရမ်းကျေးဇူးတင်ပါတယ်ရှင့်

  • ကြောင်ကြီး

    October 4, 2012 at 10:10 am

    သဂျီးက ဖြစ်နိုင်ဘူးတဲ့… အလောင်းဘုရားဆိုတာ လံကြုတ်ကြီးတဲ့…။ မြန်မာပြည်ကို မူစလင်ဘာသာနဲ့ အဲဒီအချိန်က အုပ်ချုပ်နေပြီတဲ့…။ တော်တော်ဆိုးတဲ့ သဂျီးလိပ်ကြီး…

  • kai

    October 4, 2012 at 12:50 pm

    တိုင်းသူပြည်သားများ၏စိတ်ကို လွှမ်းမိုးနိုင်သော ဘုန်းတော်ကြီးများလည်း ဆန့်ကျင်ကြပေတော့မည်။

    :kwi:

    • amatmin

      October 4, 2012 at 1:04 pm

      အဲ့သဟာလေး ဖတ်လိုက်မိပီး..
      သဂျီးမှ ဝင်ပြောပါ့မလားလို့.. အဟိ

    • pooch

      October 4, 2012 at 1:46 pm

      ကံမကောင်းအကြောင်းမလှစွာနဲ့ သူကြီးနဲ့မှ တည့်တည့်တွေ့ရတယ်လို့ ။ ထင်တယ် ထင်တယ်။ 😀

      အရင်ကြောင်းတွေ ပြန်ဖတ်ရတိုင်း စိတ်ထဲ မချင့်မရဲ ဖြစ်မိတယ် အမပြုံးရေ။

  • ဝင့်ပြုံးမြင့်

    October 5, 2012 at 1:41 am

    ကွန်မင့်ပေးသူအပေါင်းကို ကျေးဇူးတင်ပါတယ်ရှင်။
    အလောင်းမင်းတရား တော်ချက်ကတော့ သူ့လိုဘုရင် မြန်မာပြည်မှာ နှစ်ယောက်မရှိနိုင်တော့သလိုပါပဲ။ သူက မင်းမျိုးမင်းနွယ် မဟုတ်၊ အရပ်သားဆိုတော့ သူများထက် ဉာဏ်ပိုသုံးရတယ်။ လူတွေရဲ့စိတ်ကို နားလည်တယ်။ လူတွေဟာ အတိတ်၊ နိမိတ်၊ တဘောင် စတာတွေကို ယုံတယ်ဆိုတာ သူကသိတော့ သူ့ကိုလူတွေ ဘုရင်အဖြစ် လက်ခံလာအောင် သူသာလျှင် ရှေးဘုန်းရှေးကံပါလာပြီးသား မင်းရိုးပေါက်ပြီးသူဖြစ်ကြောင်း တဘောင်တွေ ကောလာဟလတွေ အများကြီးသုံးပြီး လုပ်ခဲ့တယ်။ (လက်ရုံးမီးတောက်တာတို့ ဘာတို့ပေါ့) သူသာလျှင် တကယ်ဘုန်းကံကြီးရင် ယိုးဒယားကိုသွားအတိုက်မှာ ငှက်ဖျားဖြစ်ပြီး သေမလား။ တကယ်တော့ သူ့ကိုယ်သူ အမွှမ်းတင်တဲ့ဘုန်းကံ ဆိုတာထက် လူထဲကလူဖြစ်နေတဲ့ သူကိုယ်တိုင်က ပိုပြီးတော်တာပါ။

Leave a Reply