ရယ်ရယုံ (၁၃)
(၁)
“သား…ကျောင်းမသွားချင်ဘူးမေမေ´´
“ဘာဖြစ်လို့လဲသားရဲ့´´
“ကျောင်းရောက်ရင် သားကို ကကြီးရေးပြပါလု်ိ့
ခိုင်းလိမ့်မယ်မေမေရဲ့´´
“ဒါများ….ဘာခက်လို့လဲ သားရယ်၊ ရေးပြလိုက်ပေါ့´´
“မေမေ ဘာသိလို့လဲ၊ ကကြီးရေးပြီးရင် သူတို့က ခခွေးပါ ဆက်ပြီးရေးခိုင်းကြဦိးမှာ…..´´
(၂)
အဲဒီဟာသထဲက ကလေးငယ်ရဲ့ စဉ်းစားပုံ စဉ်းစားနည်းဟာ
လူကြီးတွေအတွက် ရယ်စရာ ဖြစ်ကောင်းဖြစ်နေမှာပါ။
ဒါပေမယ့် တစ်ဖက်က ပြန်စဉ်းစားရင် ကလေးငယ်ဟာ(သူ့ကိုယ်သူတော့)
အင်မတန်မှ အမြော်အမြင် ကြီးမားစွာစဉ်င်္းစားဆုံးဖြတ်လိုက်တယ်လို့ အောက်မေ့မှာမလွဲပါဘူး။
မှန်ပါတယ်။ သူ့မှာလည်း ကလေး တစ်ယောက်ရဲ့ အတိုင်းအတာနဲ့ မြော်မြင်ဆင်ခြင်ကြည့်တဲ့
စဉ်းစားနည်း(Speculative Thinking) ရှိနေတာပဲမဟုတ်လား။
အမေ လုပ်တဲ့သူက “ကကြီး´´ရေးခိုင်းရင် “ကကြီး´´ရေးလိုက်၊
“ခခွေး´´ ရေးခိုင်းရင် “ခခွေး´`ရေးလိုက်၊ “ဂငယ်´´ ရေးခိုင်းတဲ့
အခါကျတော့လည်း “ဂငယ်´´ရေးလိုက်ပေါ့လို့ စဉ်းစားတယ်။
အဲဒီလို တစ်ခုချင်းစီ ဖြတ်သန်းရင်းနဲ့ သူ့သားငယ်ဟာ တဖြည်းဖြည်းနဲ့
စာတတ်မြောက်တဲ့သူ
တစ်ယောက် ဖြစ်လာမယ် ဆိုတဲ့စိတ်နဲ့ “နိဂုံး´`တစ်ခုကို ဆင်ခြင်ထားတယ်။
ကလေးငယ်ရဲ့ ဆင်ခြင်မှုကလည်း မမှာယွင်းပါဘူး။
“ကကြီး´´ ပြီးရင် “ခခွေး´´၊ “ခခွေး´` ပြီးရင် “ဂငယ်´´ စသည်ဖြင့် မဆုံးတမ်းလာတော့မယ်ဆိုတာ
သူလည်းတွေးနေမိတာပဲ။
ဒါပေမယ့် ကလေးငယ်ရဲ့ “နိဂုံး´´ကျတော့
“အဲသည်လိုဒုက္ခ (စာလုံးတွေ တစ်ခုပြီးတစ်ခု သင်နေရတာကို
ကလေးငယ်ကတော့ ဒုက္ခ လို့ထင်မှာပေါ့) အဆင့်ဆင့် ကို
ရေရှည် မခံစားရဖို့ ´´ ရည်ရွယ်ချက်ဖြစ်တယ်။ တိုတို ပြောရရင် “သက်တေင့်သက်သာနေရရေး´´
ဖြစ်တယ်။
ဒါကြောင့် ဒီဒုက္ခကို စောစောစီးစီးလမ်းစဖြတ်တဲ့အနေနဲ့ “ကျောင်းမသွားချင်ဘူး´´လို့ပြောလိုက်တာပါ။
(၃)
ကျွန်တော်တို့ လူကြီးတွေကကော ဘာထူးသလဲဟု တွေးမိပါတယ်။
ကျွန်တော်တို့တွေဟာ လူ့ဘဝကို ရပြီဆိုကတည်းက
ဒုက္ခသင်ခန်းစာရဲ့ ပထမဆုံး အက္ခရာ ဖြစ်တဲ့ “ကကြီး´`ကို စ ရေးခဲ့ရပါပြီ။ အသက်ကြီးလာတာနဲ့ အမျှ
“ခခွေး´´တွေ “ဂငယ်´´တွေကို ဆက်တိုက် တွေ့လာရဦးမှာပါ။
ဘဝဆိုတာ ဒုက္ခ ဆိုတဲ့ အက္ခရာတွေကို သင်ကြားပြဌာန်းထားတဲ့
စာအုပ်ကြီးတစ်အုပ် ဖြစ်ပါတယ်။
ဒါပေမယ့် ကျွန်တော်တို့တွေဟာ ဘယ်သူက ဒီဒုက္ခဆိုတဲ့ အက္ခရာကို
သင်ကြားချင်ကြလို့လဲ။
ဒုက္ခတစ်ခုချင်းစီနဲ့ တွေ့ကြုံရတိုင်း မပြီးသေးဘူးလား၊ အပြီးဆုံးနိုင်သေးဘူးလားလို့
ညည်းတွားကြတာချည်းပဲ မဟုတ်လား။
(၄)
တကယ်ဆိုရင် ဒုက္ခတွေကို ရင်ဆိုင်တဲ့နည်းက သိပ်
အဆန်းတကြယ်မဟုတ်ပါဘူး။ခက်ခက်ခဲခဲလည်းမဟုတ်ပါဘူး။
“ကကြီး´´ဒုက္ခနဲ့ ကြုံရင် “ကကြီးကို´´ရေးချလိုက်၊ “ခခွေး´´ ဒုက္ခနဲ့ကြုံအခါ
`ခခွေး´` ကို ရေးချလိုက်ရုံပါပဲ။
ဒီလိုပဲ ပေါ့ပေါ့ပါးပါး ဖြတ်သန်းသွားကြရအောင်။
ဒါမှ တကယ်လူကြီး အတွေးဖြစ်ပါတယ်။
(၅)
ဒါပေမယ့် ကျွန်တော်တို့အားလုံးက ညည်းတွားနေကြတယ်။
စိတ်ပျက်နေကြတယ်။ လောကဆိုတဲ့ ကျောင်းကို မတက်ချင်ဘူးဆိုပြီး ကျောင်းပြေးချင်နေကြတယ်။
ကျွန်တော်တို့ ဆင်ခြင်မှုရဲ့ “နိဂုံး´´က
ဘဝကို နားလည်တတ်မြောက်ဖို့မဟုတ်ပဲ “သက်တောင့်သက်သာ
နေထိုင်ဖို့´` ရည်ရွယ်ထားကြတာကု်ိး။
တကယ်တော့ ကျွန်တော်တို့ တတွေဟာ ……
အသက်ကြီးနေတဲ့ ကလေးငယ်တွေပါပဲ။
မင်းခိုက်စိုးစန်
==========================
ကလေးနှစ်ယောက် ဆရာဝန်ထံရောက်လာသည်။
ဆရာဝန်က “ဘာဖြစ်လို့လဲ သားတို့”ဟုမေးသောအခါ
ကလေးငယ်တစ်ယောက်က…
“ကျွန်တော် ဆယ်ပြားစေ့ကို မျိုချလိုက်မိတယ် ခင်ဗျ”
ထိုအခါ ဆရာဝန်က ဘေးမှပါလာသော အခြားကလေးငယ်ကို ကြည့်လိုက်သည်။ ထိုကလေးက အော်ဟစ်ငိုရှိုက်နေသည်။
“နေစမ်းပါဦီး၊မင်းကရော …ဘာဖြစ်လို့ငိုနေတာလဲ”
ကျန်ကလေးငယ်က ရှိုက်သံကြားမှ ဖြေသည်။
“သူမျိုချလိုက်တဲ့ ပိုက်ဆံက ကျွန်တော့်ပိုက်ဆံ ခင်ဗျ”
………………..
ကျွန်တော်တို့ လူကြီးတွေရော ဘာထူးလို့လဲဟု
ကျွန်တော်တွေးမိသည်။
သူတပါး၏ဒုက္ခကို စာနာဖို့ထက်
“ကိုယ့်ပိုင်ဆိုင်မှု ဆုံးရှုံးနစ်နာခြင်း” ကိုသာ ပိုပြီး အဓိကကျသည်ဟု အောက်မေ့တတ်ကြသည် မဟုတ်လား။
“တိုက်တန်းနစ် သင်္ဘောကြီးမြုပ်ပြီး
လူပေါင်းများစွာ သေဆုံးသွားရသည်ဟူသည့်
သတင်းကိုကြားရသည့်အခါ ကျွန်တော် ထွေထွေထူးထူး မခံစားရပါ။
ဝမ်းမနည်းမိပါ။
အဘယ်ကြောင့်ဆိုသော် ထိုအချိန်တွင် ကျွန်တော်
ခေါင်းကိုက်နေသောကြောင့်ဖြစ်သည်။”
……ဟူသော စားသားတစ်ပိုင်းတစ်စကို ကျွန်တော် ဖတ်ရဖူးပါသည်။
သည့် အတွက် ထူးခြားပြီး မအံ့ဩမိတော့ပါ။
လူဆိုသည်မှာ “ကိုယ့်ဒုက္ခသာလျှင် အကြီးကျယ်ဆုံး”ဟု သဘောထားတတ်ကြသူများဖြစ်သည်။
အရေးကြီးသော လူနာတစ်ယောက်ကို
မြောက်ဥက္ကလာဆေးရုံ ကြီးသို့ပို့ရန်
တက္ကစီတစ်စီး လက်ပြပြီး တားခဲ့သည်။ တက္ကစီ ဒရိုင်ဘာက
ညဥ့်နက်နေပြီဟုပြောကာ
၂၅၀ဝိ/ -တောင်းသည်။
“လျှော့ပါဦးဗျာ၊ လူနာက…….”
ကျွန်တော် စကားကို ဆုံးအောင်ပြောခွင့်မရလိုက်ပါ။
ကားဆရာက ဒေါသ တကြီးမောင်းထွက်သွးသည်။
“သူ့ဆယ်ပြားစေ့ကို ကျွန်တော် မျိုချခဲ့မိပါသလား”
သူ့အတွက်တော့ လူတစ်ယောက်၏အသက်ထက် ငွေ၂၅၀ဝိ/က ပိုအရေးကြီးနေပေလိမ့်မည်။
ကျွန်တော် သူ့ကိုစိတ်မဆိုးမိပါ။
ရဂယ်သာ ရယ်မောနေချင်ပါတော့သည်။
ကျွန်တော်တို့သည် (အကယ်စင်စစ်) ကလေးများသာ ဖြစ်ကြပါသည်။
——
written by မင်းခိုက်စိုးစန်