ရယ်ရယုံ (၁၄)

etoneJuly 12, 20101min1160

(၁)

အိမ်သို့ပြန်ရောက်လာသော ကလေးငယ်က
မိခင်ကို သူ့အတွေ့အကြုံပြန်ပြောပြသည်။

“မေမေ…ဒီနေ့ ဘတ်စ်ကားပေါ်မှာ
အန်တီကြီးတစ်ယောက်ရဲ့ ခြေထောက်ကို သား
တက်နင်းမိလိုက်တယ်။ သားက တောင်းပန်လိုက်တယ်။
ဒါနဲ့ အန်တီကြီးက သားကို
ချောကလက်တစ်ခု ထုတ်ကျွေးတယ်။ ”

“သားက ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်ရောလား”

“ဟင့်အင်း….သူ့ရဲ့ နောက်ထပ် ခြေထောက်တစ်ဖက်ကို
တက်နင်းလိုက်တယ်”

……………

(၂)

ကျွန်တော်တို့ လူမှုဆက်ဆံရေး နယ်ပယ်ထဲမှာ
Handicapပေးထားရတဲ့သူတွေ ရှိပါတယ်။

Handicapဆိုတာက ပစားပေးထားတဲ့ သဘောကို ဆိုတာပါ။
ကစားပွဲတွေမှာဆိုရင် အမှတ်ကြောပေးထားတာပေါ့။
ကိုယ်နဲ့ စစ်တုရင်ထိုးမယ့်သူဟာ ကိုယ့်အောက်
နိမ့်ကျတဲ့ စွမ်းရညရှိသူဖြစ်နေရင် သူ့ရဲ့ အားနည်းချက်ကို

သက်ညှာတဲ့အနေနဲ့ ကိုယ့်ဘက်က ဘစ်ရှော့အရုပ်တစ်ရုပ်၊
ဒါမှမဟုတ်………မြင်းရုပ်တစ်ရုပ် ပွဲမစခင်ကတည်းက အကျဆုံးခံပြီး
လျှော့ကစားတာပါ။

ဒါမှ တရားမျှတမှုရှိမယ်လို့ ယုံကြည်တာကိုး ။

လူ့အသိုင်းအဝိုင်းထဲမှာလည်း ဒီလိုပဲ။ တချို့ လူတွေကို
အကြောင်းကြောင်းကြောင့် (သနားလို့၊ အားနာလို့) ပစားပေးသက်ညှာထားတာတွေရှိပါတယ်။

ဒါပေမယ့် ခက်တာက သူတို့ထဲက တချို့လူတွေမှာ
တမင်သက်ညှာမှန်းမသိကြဘူး။ ရောင့်တက်လာကြတယ်။

ကလေးဆိုးကြီးတွေလိုပဲ။

ကိုယ့်ခြေထောက်ကိုတက်နင်းပြီး တောင်းပန်လို့
ကိုယ်ကသနားအားနာတာနဲ့
ချောကလက်တစ်ခု ထုတ်ကြွေးလိုက်မိပါတယ်။ သူတို့က နောက်ထပ်ခြေထောက်တစ်ဖက်ကို
ထပ်ပြီးနင်းကြပြန်ရော။

ကဲ…မခက်ဘူးလား။

တချို့ အိမ်တွေ၊ တချို့ဆိုင်တွေမှာ …..

(အားနာလို့ လိုက်လျောတာ အတယ်လို့ မထင်နဲ့)ဆိုတဲ့ ဆိုင်းဘုတ်ကို
တွေ့တွေ့နေရတော့ “ဪ…သူတို့လည်း ခဏခဏ ခြေထောက်နင်းခံရရှာတယ်ထင်ပါရဲ့”

လို့ တွေးပြီး ပြုံးမိတယ်။

ဟုတ်တယ်လေ…။မကောင်းတတ်လို့ အလျော့ပေးနေရတာမှန်ပေမယ့် ခဏခဏဖြစ်လာတော့လည်း ဘယ်သူသည်းခံနိုင်မှာလည်း။
အားလုံးက ပုတုဇဉ်တွေပဲ မဟုတ်လား။

…………….
(၃)

ကျွန်တော့် မိတ်ဆွေ တစ်ယောက်ကတော့
အဲဒီဆိုင်းဘုတ်ကို တစ်မျိုးဖတ်မိရှာတယ်။

(အားနာလို့လိုက်လျောတာ “အတယ်” လို့ မထင်နဲ့တဲ့။)

သူကအဲဒီလိုဖတ်ပြီးတော့ ကျွန်တော့်ကို လာမေးနေတယ်။
“ဟေ့ကောင်…အတယ်ဆိုတာ တရုတ်လို အဖေကိုပြောတာ မဟုတ်လား…တဲ့။

သူဖတ်သလိုမျိုးဆိုရင် သူ့အဓိပါယ်နဲ့ သူတော့မဆိုးပါဘူးလို့ တွေးမိသား။

ဟုတ်တယ်လေ………။

နောက်ထပ် ချောကလက် တစ်ခု ထပ်လိုချင်လို့
အားမနာ၊ပါးမနာ သူများခြေထောက်
ထပ်နပ်နင်းတဲ့ သူရဲ့ အတွေးဟာ “ကလေးအတွေးပါ” ။
ကျွန်တော် ပြောခဲ့ပြီးသားပဲ။
အဲဒီလူတွေဟာ ကလေးတွေ၊ ကလေးဆန်တဲ့ လူတွေပါ ဆိုတာ။

သူတို့ကို ဘယ်သူက ရေရှည်မှာ သည်းခံနိုင်မှာလဲ။ အလွန်ဆုံး သူ့
အဖေ၊အမေပဲပေါ့။ ကျန်တဲ့သူတွေကတော့ ကြာလာတာနဲ့အမျှ စိတ်ပျက်လာမှာသေချာပါတယ်။

ဒါပေမယ့် ကလေးအတွေးဆိုတာ ခက်သားလား။

ကိုယ့် အဖေ၊အမေအပေါ် ဆိုးချင်တိုင်း ဆိုးလို့ရရုံနဲ့
ကျန်တဲ့လူတွေအားလုံးအပေါ်မှာလည်း အဲသည်လို ဆိုးဖို့
“အခွင့်အရေး” ရမယ်လို့ ထင်နေတတ်တာမျိုး။

………………….
(၄)

အဲသည် ကလေးစိတ်၊ကလေးဉာဉ်မျိုးတွေ့ရင်
အားလုံးဝိုင်းပြီးပြုပြင်ပေးကြဖို့လိုပါတယ်။

အဲသည် အပြုပြင်ခံ သူကိုယ်တိုင်ကလည်း
အမှန်တကယ် လိုလိုလားလား ပြုပြင်ချင်တဲ့ ဆန္ဒရှိဖို့လိုပါလိမ့်မယ်။

လောကမှာ အရေးကြီးဆုံးက ကိုယ့်ကိုယ်ကိုယ်
အရှိ…..အရှိအတိုင်းတည့်တည့်မတ်မတ် မှန်မှန်ကန်ကန် မြင်တတ်တဲ့
“သတိ”
ရှိဖို့ပါပဲ……….။ ။

မင်းခိုက်စိုးစန်