ထင်းခုတ်သမား၊ ပုရစ်ကြော်နှင့် တောဝက်သား
“ဖုန်း” ကနဲမြည်အောင် ထင်းစည်းကို ကိုရင်ရှူံးပြစ်ချလိုက်သည်။
ကျောင်းမှပြန်လာပြီး ဂျင်းဘောင်းဘီဝတ်၊ တောစီးဖိနပ်ကိုစီးပြီး ဓါးမတစ်ချောင်းကို ခါးကြားတွင်ထိုးကာ မနေ့က ခုတ်ထားခဲ့သည့် ထင်းများကို သယ်ယူရန် လေးအိမ်စုရွာမှတစ်ဆင့် တောင်ပျိုရွာသို့ရောက်သည့်တိုင်အောင် တောလမ်းမှတစ်ဆင့် ဘေးပါတ်ဝန်းကျင်မှ မထူးခြားသော်လည်း အမြဲဆန်းသစ်နေသည့် ရှမ်းအိမ်လေးများကိုကြည့်ပြီး ခပ်သုတ်သုတ်လျှောက်လာခဲ့ရာ ၅ မိုင်မျှခရီးကို ၁ နာရီခွဲခန့်မျှနှင့် ရောက်ခဲ့လေသည်။ သွားလာနေကျမို့ ခြေလှမ်းတွေက ခပ်သွက်သွက်ပင်။ ဟိုးယခင်ကဆိုလျင် နောင်ခမ်းကြီး၊ ကုံးကော်၊ ပန်းဦးတောင်ဘက်တစ်ကြောသည် ထင်းခုတ်ရန်ကောင်းသော်လည်း ယခုအခါ ဆင်လမ်းရေလှောင်တမံစီမံကိန်းကြောင့် လူအရောက်အပေါက်များလာပြီး တောမရှိတော့ပဲ တောင်ကတုန်းများသာ ဖြစ်နေသောကြောင့် ကိုရင်ရှူံး တောင်ပျိုရွာဘက် ခြေဦးလှည့်ခဲ့ရခြင်းဖြစ်သည်။
လေးအိမ်စုမှအကျော်တွင် ရင်ကွဲတောင်ရှိလေသည်။ ကိုရင်ရှူံးအဖေငယ်စဉ်ကမူ ထိုနေရာသည် ကျားပြစ်ထွက်ရန်နေရာဖြစ်ခဲ့သည်ဆိုခြင်းကို အဘယ်သို့မျှ ယုံနိုင်စရာမရှိတော့ပေ။ မြက်ရိုင်းပင်နှင့် တောင်ဆီး(ဇီး)ဖြူပင်များသာ ကျန်တော့သည်။ အနည်းငယ်မာသော အပင်ပင် မရှိတော့ပေ။ ဆီး(ဇီး)ဖြူပင်များမှာ အခေါက်နှင့် အသားယှဉ်လိုက်လျင် အခေါက်မှာ လွန်စွာမှထူသောကြောင့် ထင်းစိုက်ရန် မသုံးကြပေ၊ သုံးလျင်လည်း တစ်ခဏတာခံလေသည်။ သို့နှင့်ပင် ကိုရင်ရှူံးမှာ ဝေးသော်လည်း ထင်းရရန်သေချာသည့် တောင်ပျိုရွာဘက်သို့သာ ပုံမှန်သွားဖြစ်သည်။ တောင်ပျိုရွာသည်ကား လွန်စွာမှပင် တောထူထပ်ပြီး ဝါးပင်များလဲ ပေါများသည့်အတွက် ဂေါ်ရခါးသီးရာသီမစခင်တွင် ဝါးခုတ်သူ၊ မျောတိုင်ခုတ်သူများပေါများသော်လည်း ယခုကဲ့သို့မိုးရာသီတွင်ကား မြေလမ်းခရီးမှသွားရခြင်း၊ မိုးမပြတ်ရွာသွန်းခြင်းတို့ကြောင့် လူသူအရောက်အပေါက်နည်းလေသည်။ မျောတိုင်များလဲ ပေါများလှပါဘိ။
မျောတိုင်ဆိုသည်မှာ အောက်ပြည်အောက်ရွာသားများ စင်ထိုးရာတွင် သုံးလေ့သုံးထမရှိကြပဲ အိမ်ဆောက်ရာတွင် သုံးလေ့ရှိကြသည့် ဓနိတိုင်များနှင့်ဆင်တူသည်။ အလျား ၁ဝ ပေခန့်၊ လုံးပါတ် ၄ လက်မခန့်ရှိပြီး အရေးအကြီးဆုံးဖြစ်သည့် ထိပ်တွင် ခွ(ဂွ)ပါသော တစ်ဖြောင့်တည်းရှိနေသည့် သစ်မာပင်ပေါက်များကို ဆိုလိုသည်။ ထိုစဉ်က တိုင်တစ်လုံးကို ၇၅ ကျပ်မှ ၁၀ဝ ခန့်ထိရနိုင်လေသည်။ ပြင်ဦးလွင်တစ်ကြောတွင် ဂေါ်ရခါးသီးကို အိမ်တိုင်းနီးပါးစိုက်ပျိုးကြပေရာ ဂေါ်ရခါးပင် တင်လျင် တင်သလျောက် စင်ကိုလည်း ပြေးရပေသည်။ မျောတိုင်အရေအတွက်များများလဲလိုသည်။ ရန်ကုန်မှ စိုက်ပျိုးစင်များကဲ့သို့ ဝါးကိုထောက်တိုင်အနေနှင့် အသုံးပြုရန်မလွယ်ပေ၊ မိုးများသောဒေသဖြစ်သောကြောင့် ရေရှည်အသုံးခံသည့် မျောတိုင်များကိုသာ အသုံးပြုကြသည်။ သခွားစင်များအတွက်မူကား နေကြာရိုင်းပင်များကို အများစုအသုံးပြုကြသည်။ နေကြာရိုင်းပင်များမှာ မန္တလေးမှ ကိုရင်ရှူံးတို့အမျိုးများ အဖော်ခေါ်လာတိုင်း၊ နန်းမြိုင်ဟိုတယ်ကျော်လာသည်နှင့် ညာဘက်ဘေးရှိတောင်ကုန်းပေါ်တွင် ပွင့်လန်းနေကြသော ဝါဝါထိန်ထိန်ပန်းများကိုကြည့်ပြီး “ဟယ်… ပန်းမြို့တော်ဆိုတာ ဝင်လိုက်တာနဲ့ ပန်းတွေနဲ့ ဝေဆာလှပနေတာပါလား” ဆိုပြီး တစ်အံ့တစ်အားဖြစ်စေရန် အစွမ်းကုန်လှပနေစေသည့် နေကြာရိုင်းပင်များဖြစ်သည်။ နေကြာရိုင်းပင်များမှာ အောက်ပြည်အောက်ရွာတွင်မတော့ ကြိမ်ပင်များနှင့် အလားတူသည်။ တစ်ဖြောင့်တည်း တက်သွားသောအပင်များဖြစ်သည်။ ပုံမှန်အားဖြင့် ၅ ပေကျော်ခန့်ရှိသည်။ လုံးပါတ်မှာ တစ်လက်မခန့်ရှိသဖြင့် ကိုရင်ရှူံးတို့ မေမြို့သားများအတွက် လွန်စွာအသုံးဝင်သော အပင်အမျိုးအစားများဖြစ်လေသည်။ နောက်တစ်နည်း တန်ဖိုးရှိပုံမှာ နေကြာရိုင်းအပင်များသည် ထိပ်ဖျားတွင်သာ အရွက်၊ အပွင့်နှင့်ဝေဆာနေသော်လည်း အောက်ခြေတွင် ရှင်းလင်းနေတတ်သည်။ တစ်ချို့ကိုကိုကာလသားများ အကြိုက်တွေ့သည့် ဘိများလည်းဖြစ်သည်။
နောက်တစ်နည်း၊ မေမြို့သားများခုံမင်လေ့မရှိသည့် ပုရစ်ကြော်၊ ဒီနေရာတွင် မိုးပုရစ်နှင့် ဆောင်းပုရစ်ဆိုပြီးနှစ်မျိုးရှိသည်။ မိုးပုရစ်မှာ ဈေးကောင်းမရ၊ ဆောင်းပုရစ်မှာ ဈေးကောင်းပိုရသည်။ အကြောင်းမှာ မိုးပုရစ်အများစုသည် ပုရစ်ထီးများသာဖြစ်သည်။ အမြီးနှစ်ခွနှင့်ဖြစ်သည်။ ကိုယ်တွင်း ဘာမျှမပါသောကြောင့် အပျင်းပြေဝါးရုံသာကောင်းသည်။ ဆောင်းပုရစ်များမှာကား အမြီးပြောင်ပြောင်မည်းမည်း တစ်ချောင်းတည်းနှင့်ဖြစ်သည်။ ပုရစ်အမများ ပေါများသည်။ ဆောင်းပုရစ်မှာ ဈေးကောင်းပိုရသည်။ အမများဖြစ်သောကြောင့် ဥများပါသောကြောင့် ပိုစိမ့်သည်ဟု စားကြသူများပြောသည်။ ကိုရင်ရှူံးမှာ တစ်ခါခန့်စားကြည့်ပြီးမျိုမကျသောကြောင့် ယခုတိုင်အောင်မစားဖြစ်ပေ။ ဖမ်းပြီးတော့ စီးပွားရေးလုပ်ခဲ့ဖူးပါသည်။
အလျဉ်းသင့်သဖြင့် ပုရစ်ဖမ်းနည်းကို တင်ပြပါမည်။ ပုံမှန်လူများ ဖမ်းလေ့ဖမ်းထရှိသည်မှာ တိုက်နံရံများကို ဆေးဖြူသုတ်ထားလေ့ရှိသည်။ ထိုနံရံကို မာကျူရီမီးချောင်းဖြင့် အလင်းပေးထားလေသည်။ အဝေးမှ အလွယ်တကူမြင်နိုင်ရန်ဖြစ်သည်။ ရတတ်ရာရာ သစ်ရွက်စိမ်းများကို ဘေးတွင်စုပုံထားပြီး ရေတိုင်ကီတစ်လုံးတွင် ရေအောက်ခြေခန့်မျှ ဖြည့်ပြီး စကားတစ်ပြောပြောဖြင့် ထိုင်စောင့်နေကြလေသည်။ မီးပုံဘေးတွင်ထိုင်ပြီးဖြစ်သည်။ ည(၉)နာရီခန့်တွင်မတော့ စူးစူးရှရှ ပုရစ်အော်သံကိုကြားလိုက်ရသည်နှင့် ခြေအိတ်၊ တစ်ချို့ကလဲ လက်အိတ်များကို လက်တွင်စွပ်ပြီး မီးဖိုထဲသို့ သစ်ရွက်စိမ်းများကို ထည့်ကြသည်။ မကြာမီမှာပင်မီးခိုးငွေ့ဖြူဖြူကြီးသည် ကြည်ရှင်းနေသော ကောင်းကင်သို့ထိုးတက်သွားလေသည်။ မကြာမီမှာပင် တစ်ဖုန်းဖုန်း၊ တဒိုင်းဒိုင်းအသံများကို ရွှီကနဲ အသံများဖြင့် ကြားရတော့သည်။ ကိုရွှေပုရစ်များ ကောင်းကင်မှတစ်ဆင့် အားပါးတရ ဒိုင်ဗင်ထိုးပြီး အုတ်နံရံဖြူဖြူကို ပြေးဆောင့်ကြခြင်းဖြစ်သည်။ ဝင်ဆောင့်ပြီးနောက် အသက်ပြင်းကြသဖြင့် မူးနောက်နောက်နှင့် တောင်သွားရမလို၊ မြောက်သွားရမလိုဖြစ်နေစဉ်မှာပင် ၎င်းတို့အား လက်တစ်စုံမှလာရောက်ကောက်ယူပြီးရေကူးလေ့ကျင့်ရန် ရေကန်တွင်း ထည့်ပေးကြလေသည်။ ကိုပုရစ်လဲ အရင်ရောက်နှင့်ပြီးသူများကို မေးမြန်းသော်လည်း အားလုံးမှာလည်း သူ့အား အဆိုပါမေးခွန်းကိုသာ မေးကြလေသဖြင့် ရေကန်ထဲတွင် ယက်ကန်ယက်ကန်ကူးနေရသည်မှာ မနက်မိုးလင်းသည်ထိဖြစ်သည်။
ဆက်ပါမည်။ တစ်ချို့ပုရစ်များကား ပါးနပ်လိမ်မာသဖြင့် တိုက်မိမိချင်းပင် ချက်ချင်းထပျံပြေးကြသည်။ တစ်ချို့ကား နီးစပ်ရာတွင်းများသို့ဝင်ပုန်းအောင်းလျက်သားနှင့်။ ကံကောင်းသူပုရစ်များမှာကား မြေပြင်ကျယ်သလောက် အစာရှာကြသည်။ ည တစ်နာရီခန့်တွင်မတော့ စူးစူးရှရှပုရစ်အော်သံတစ်ချက်ကြားလိုက်ရပြီးသည်နှင့် ကျွန်တော်တို့လဲ အသီးသီး မီးဖိုများမီးငြိမ်း၊ ရေတိုင်ကီများအဖုံးပိတ်ပြီး တစ်ရေးတစ်မော အိပ်ကြလေသည်။ မနက် ရ နာရီခန့်တွင်မတော့ မြို့မဈေးကြီးသို့ တိုင်ကီအတွင်းမှ ပုရစ်များကို ပလပ်စတစ်အိတ်တွင်းထုပ်ပိုးပြီး သွားသွင်းရာ တစ်ကောင်ချင်းစီရေတွက်နေသည်ဟုမမြင်ပဲ တစ်ခါတစ်ရံ ၇၅ါး၊ တစ်ခါတစ်ရံ တစ်ကျပ်ဖြင့်သာရေရင်း ပြုံးပြုံးကြီးထိုင်စောင့်နေလေသည်။ ထိုစဉ်က မန္တလေးတွင် ကြော်ပြီး၊ ခြေထောက်ညှပ်ပြီး၊ ချေးထုတ်ပြီး ၅ ကျပ်ခန့်ပေါက်သည်ဟုဆိုကြသော်လည်း ထိုမျှ ကရိကထမခံနိုင်သဖြင့် ရသမျှနှင့်ရောင်းလိုက်ရခြင်းလဲဖြစ်သည်။ ပုရစ်ရောင်းရငွေများရပြီးလျင်တော့ ကိုရင်ရှူံးတို့ အူစိုပြီဖြစ်လေသည်။
ထိုပုရစ်များမှာ အထက်ပါနေကြာရိုင်းပင်များ၏ အမြစ်များကြားတွင် ပိုမိုရှင်သန်ပွားများလေ့ရှိသောကြောင့် တော်ရုံတန်ရုံတပ်မြေများတွင် ခုတ်ထွင်ရှင်းလင်းခြင်းမပြုကြပေ။ စီးပွားရေးသောင်းကျန်းသူများမှာတော့ မိုးလင်းသည်နှင့် ပုရစ်ကျင်းများကို ရေလောင်းပြီး ရသလောက်ပုရစ်များကိုလည်း ရှာတတ်သေးသည်။
ကိုရင်ရှူံးလည်း ချော်မြနေသည့်တောင်မြေနီလမ်းများမှတစ်ဆင့် ယခင်နေ့က ခုတ်လှဲထားသည့်ထင်းများရှိရာနေရာသို့ရောက်လေပြီ။ ထိုစဉ်ကတောစည်းကမ်း ဘယ်သူမှ မထုတ်ပြန်ပါပဲ လိုက်နာကြသည်။ သူတစ်ပါးခုတ်ထားသောထင်းများကို အဘယ်သူမှ အလွယ်တကူ မကောက်ယူကြပါ။ ကိုယ်တိုင်ခုတ်လှဲကြသည်။ ကိုရင်ရှူံးလဲ နောက်တစ်ရက်စာအတွက် ခုတ်လှဲပြီး ယမန်နေ့ခုတ်လှဲထားသည်များကို စုစည်းရန်အတွက် တောရိုင်းမြက်ပင်များကို နှုတ်ပြီး လက်နှစ်ဖက်ဖြင့်လိမ်ကျစ်ပြီး အစည်း စည်းသည်။ ထင်းစည်း စည်းရာတွင်လည်း ရိုးရာလိုက်နာကြသည်များရှိသည်။ အဘယ်သောအခါမျှ ထင်းစည်းကို ကြိုးသုံးချက်မစည်းပေ။ စည်းလျင် လူသေကောင်စည်းသကဲ့သို့ဖြစ်သဖြင့် မကောင်းဆိုးဝါးများဝင်စီးတတ်သည်ဟု ယုံကြည်ကြလေသည်။ နောက်တစ်နည်းမှာ တောထဲလူပျောက်ရှာလျင် နာမည်ရင်းအော်ခေါ်ပြီးမရှာတတ်ကြပါ။ နာမည်ခေါ်လျင် တောရှိ မကောင်းဆိုးဝါးများမှ ထိုသူအယောင်ဆောင်ပြီး ပြန်ဖြေကြတတ်သည်ဟုဆိုကြသဖြင့် နာမည်ဝှက်သာ အော်ခေါ်တတ်ကြသည်။ (သိသင့်သည်ထင်သဖြင့်ဖြစ်ပါသည်)။ ထင်းစည်းများစည်းပြီးသည်နှင့် ကိုရင်ရှူံးလည်း တောင်စောင်းမှတစ်ဆင့် လူရော၊ ထင်းစည်းပါ တရွတ်တိုက်လျှောဆင်းရသည်။ ထင်းစည်းထမ်းပြီးဆင်းပါက တစ်လိမ့်ခေါက်ကွေးကျသွားလောက်အောင် မက်စောက် မြင့်မားလှသောကြောင့်ဖြစ်သည်။ တောင်ခြေရင်းရောက်သည်နှင့် ထင်းစည်းကိုထောင်၊ ရေဗူးအတွင်းသို့ စမ်းချောင်းမှရေဖြည့်ပြီး သစ်တော်သီးခြံရှိရာသို့ သွားတော့သည်။ ထိုခြံများမှာ တော/တောင်ထဲရှိ ကန်များပါတ်ပါတ်လည်တွင် စိုက်ထားပြီး အသီးသီးချိန်မှ လာရောက်ခူးဆွတ်ကြခြင်းဖြစ်သဖြင့် ကိုရင်ရှူံးတောထဲသွားလျင် ပျော်ရခြင်းတစ်ကြောင်းလဲဖြစ်သည်။ အပင်မှ လတ်လတ်ဆတ်ဆတ်ခူးဆွတ်ပြီး ကိုက်ဝါးလိုက်သည့်တစ်ခဏ ပါးစပ်တွင်း ရှတတနှင့် အရည်ရွှမ်းစွာစီးဝင်သွားသည့်အရသာကို ယခုတိုင်အောင် မခံစားရတော့ပေ။
ထိုမှတစ်ဖန် ကိုရင်ရှူံးလည်း လမ်းစပ်သို့ပြန်ဆင်းလာပြီး ထင်းစည်းကိုအသာအယာထမ်းပြီးလာလမ်းအတိုင်း ပြန်လာတော့သည်။ ထင်းစည်းမှာ စထမ်းကာစက ကြွကြွရွရွနှင့် တစ်ဖြည်းဖြည်းလမ်းတစ်ဝက်ရောက်သောအခါ မူလထမ်းခဲ့သည့်ထင်းစည်း ၅ စည်းစာမျှအလား လေးလာတော့သည်။ ဒီနေရာတွင် အကြောင်းမသိသူများက စထမ်းစဉ်က အလေးချိန်ကိုသာတွက်ကြသည်။ နောင်ဖြစ်လာမည့်အလေးချိန်ကိုမတွက်ကြသဖြင့် တစ်ခါက ကိုရင်ရှူံးညီမှ တောထဲလိုက်လိုသည်ဟုဆိုသဖြင့် ခေါ်သွားရာ အပြန်တွင် သူလဲထမ်းလိုကြောင်းပြောသဖြင့် ကိုရင်ရှူံးမှ ထင်း ၃ချောင်းထဲပေးသဖြင့် ရယ်လေသည်။ အပြန်လမ်းတစ်လျှောက်တွင်မတော့ လေးလှသည်ဆိုသဖြင့် တစ်ချောင်းချင်းစီ လွှင့်ပြစ်လာရာ အိမ်ပြန်အရောက် သူချည်းသက်သက် လျှာတန်းလန်းနှင့်ပင်တည်း။ ကိုရင်ရှူံးလည်း လမ်းတစ်ဝက်မျှအထိ မနားတမ်း ထမ်းလာပြီးနောက် ဇောင်းလျားသီးပင်တစ်ပင်အောက်အရောက် ခဏနားတော့သည်။ ကိုရင်ရှူံးလို နားကြသူတစ်ယောက်စ နှစ်ယောက်စနှင့်။ ကိုရင်ရှူံးလည်း စောင်းလျားပင်မှ ဝင်းမှည့်စအသီးတစ်ခုကို ခူးပြီး တစ်ကြိုက်ကိုက်လိုက်သည့်နောက် မျက်နှာရှူံ့မဲ့သွားလေသည်။ ရေဗူးအတွင်းမှ ရေကိုတစ်ကြိုက်သောက်လိုက်ပြီးနောက် တောဆောင်းဦးထုပ်ကိုချွတ်ပြီး ယပ်ခပ်ရင်း အမောဖြေတော့သည်။ အနောက်ဘက်ကို မျှော်ကြည့်လိုက်သောအခါ နေသည် တောင်စွယ်မေးတင်နေပြီဖြစ်သဖြင့် ကိုရင်ရှူံးလည်း အလင်းရောင်ရှိတုန်းလေး အိမ်ရှိရာသို့ ထင်းတစ်စည်းဖြင့် သုတ်ချေတင် လှမ်းခဲ့တော့သည်။ မိုးကြောင့် ပြောင်ချောနေသည့် တောလမ်းမှာ ကိုရင်ရှူံးစီးလာသည့် တောစီးဖိနပ်ကြောင့်လည်းကောင်း၊ ကိုရင်ရှူံး၏ အလေ့အကျင့်ကြောင့်လည်းကောင်း အခက်အခဲမရှိပဲ ကိုရင်ရှူံးအိမ်သိုု့ပြန်ရောက်သည့်အခါ အနောက်တောင်တွင်လည်း နေလုံးကြီးစုံးစုံးမြုပ်လေပြီဖြစ်သည်။
ကိုရင်ရှူံးလည်း “ဖုန်း” ကနဲမြည်အောင် ထင်းစည်းကို ပြစ်ချလိုက်သည်။
ရေမိုးချိုးပြီးနောက် ဗိုက်ဆာဆာနှင့် ထမင်းအုပ်ဆောင်းကို လှန်လိုက်ရာ အမေမှရောက်လာပြီး
“ဒီနေ့ ငါ့သားကြီးအတွက် အမေ တောဝက်သားဟင်းချက်ထားတယ်” ဟုဆိုသဖြင့် ကိုရင်ရှူံးလည်းဟင်းခွက်ကို ရုတ်ချည်းကြည့်လိုက်ရာ…
ဟုတ်ပါလေ့..
တောဝက်များ သန်မာထွားကြိုင်းလိုက်လိုက်တာ
ကြွက်သားတွေအမြောင်းလိုက် အမြောင်းလိုက်နှင့်၊ အတုံးကြီးများတုံးထားပြီး ဆီပြန်ချက်ထားသည်မှာ အားရစရာ။ ကိုရင်ရှူံး ထမင်းအိုး လေးလုံးချက်ကို တစ်ဝက်ခန့်မျှ တောဝက်သားဟင်းနှင့် စားထည့်လိုက်ရာ အမေမှ စားပါဦး၊ စားပါဦးလားနှင့် ဟင်းများတစ်ခွက်ပြီးတစ်ခွက် ထည့်ပေးနေသည်မှာ စားပြီးမှ သတိရတော့သည်။
ထိုဝက်သားမှာ အရိုးတစ်စက်မှမပါပေ။
နောင်များတွင်မှ သိရသည်မှာ……………
ရှူံးနိမ့်မှုများနဲ့.. လူ
(ခေတ္တလူ့ပြည်)
28 comments
သီဟသူရ ပရော်ဖက်ဆာဒေါက်တာကြီးမိုက်
October 19, 2012 at 9:18 am
အောင်ဆန်းသူရိယ သီဟသူရ သူရ ဗိုလ်ချုပ်တကာ့ဗိုလ်ချုပ်မှူးကြီး ရှူံးနိမ့်မှုများနဲ့.. လူ ..ခင်ဗျား
ခင်ဗျားပို့စ်ကို ဖတ်လိုက်ရတော့ ကျုပ်ငယ်ကဘဝနဲ့ထပ်တူနီးပါးဖြစ်နေတာပဲဗျ…..
ကျနော်လည်း ၄တန်းကနေ ရ တန်းထိ မေမြို့မှာနေခဲဖူးတယ်..ထုံးစံအတိုင်းတပ်ထဲမှာပေါ့ဗျာ…
အိမ်ရဲ့ မြေနေရာလွတ်မှန်သမျှ သီးပင်စားပင်စိုက်ကြတာ တစ်တပ်လုံးလိုလိုပါပဲ..
အထူးသဖြင့်တော့ ဂေါ်ရခါးသီးကအဓိကပေါ့…အဲဒီအတွက်တောသွား ဂွတိုင်ရှာခုတ်၊
မျောတိုင်ခုတ်၊ ထင်းခုတ် နဲ့ ခုတ်လာလိုက်ကြတာ…အဲတုံးကတော့ တပ်နောက်ဖက်
တစ်ဖာလုံလောက်သွားလိုက်ရင် တောရောက်တာပဲ…ခုတော့ဖြင့်..တောင်ကတုံးများနဲ့သာ…
တစ်ခုရှိသေးသဗျ…ထင်းခွေသွားရင်းမှိုရှာနှုတ်ကြတာ…ကြိမ်သီးကောက်ကြတာအမှတ်ရမိပါသေးဗျာ…
ဒါနဲ့ ဇကားအတင်းစပ်…ကိုရှုံးလည်း ဘွဲ့ထူးဂုဏ်ထူးတွေနဲ့ ခေတ်မီရွာသားဖြစ်မေပြီပဲ..ဟဲဟဲ :kwi:
အောင်ဆန်းသူရိယ သီဟသူရ သူရ ဗိုလ်ချုပ်တကာ့ဗိုလ်ချုပ်မှူးကြီး ရှူံးနိမ့်မှုများနဲ့.. လူ
October 19, 2012 at 9:29 am
သီဟသူရ ပရော်ဖက်ဆာဒေါက်တာကြီးမိုက် ခင်ဗျား…
ခုလိုအဖြစ်တူသူတွေတွေ့ရတော့ ဝမ်းမြောက်ဝမ်းသာဖြစ်မိပါကြောင်း ကျွန်တော် အောင်ဆန်းသူရိယ သီဟသူရ သူရ ဗိုလ်ချုပ်တကာ့ဗိုလ်ချုပ်မှူးကြီး ရှူံးနိမ့်မှုများနဲ့.. လူ မှ ဝမ်းမြောက်ဝမ်းသာဂုဏ်ယူမိကြောင်းပြောပါရစေ။
ကျွန်တော်ဒီတစ်ပုဒ်ကို အနည်းငယ်အားထည့်ရေးထားပါတယ်… စာဖတ်သူတွေလဲ တစ်ခုခုပေးနိုင်အောင်၊ ကိုယ်ပိုင်ဟန်လေးတွေလဲပါအောင် အတန်ငယ် အလေးထားရေးထားပါကြောင်း..
ကျန်တာတော့ စာဖတ်သူများအမြင်သက်သက်သာဖြစ်ပါကြောင်း..
ဘွဲ့ကတော့ ရွာသားပီပီ ကိုယ်တိုင် ပေးထားလိုက်ပါကြောင်း..
ခင်မင်စွာဖြင့်
အောင်ဆန်းသူရိယ သီဟသူရ သူရ ဗိုလ်ချုပ်တကာ့ဗိုလ်ချုပ်မှူးကြီး ရှူံးနိမ့်မှုများနဲ့.. လူ
ကြည်ဆောင်း
October 19, 2012 at 9:33 am
တောဝက်သားဘာဖြစ်မလဲသိချင်လိုက်တာ..
ကျန်တဲ့အကြောင်းအရာတွေကတော့ ဗဟုသုတရတာဘဲ
ပင်ပန်းပေမဲ့နယ်ဖက်ကလူတွေကပျော်စရာတွေများတယ်နော်..
ဆူး
October 19, 2012 at 9:40 am
တောဝက်သား က အဆီနည်းတယ် ကောင်းမှကောင်း… တခါပဲ စားဖူးတယ်..
တောဝက်က အရမ်းသွက်လွန်းလို့ ဖမ်းရခက်တဲ့ အပြင် အခန့် မသင့်ရင် ဖမ်းတဲ့ လူအောင် အူပေါက် သေနိုင်တယ် ကြားဖူးတယ်။
ဆူး
October 19, 2012 at 10:02 am
တောဝက်သား က အဆီနည်းတယ် ကောင်းမှကောင်း… တခါပဲ စားဖူးတယ်..
တောဝက်က အရမ်းသွက်လွန်းလို့ ဖမ်းရခက်တဲ့ အပြင် အခန့် မသင့်ရင် ဖမ်းတဲ့ လူအောင် အူပေါက် သေနိုင်တယ် ကြားဖူးတယ်။
ရွှေအိမ်စည်
October 19, 2012 at 10:14 am
တောဝက်များ သန်မာထွားကြိုင်းလိုက်လိုက်တာ
ကြွက်သားတွေအမြောင်းလိုက် အမြောင်းလိုက်နှင့်၊ အတုံးကြီးများတုံးထားပြီး ဆီပြန်ချက်ထားသည်မှာ အားရစရာ။ ကိုရင်ရှူံး ထမင်းအိုး လေးလုံးချက်ကို တစ်ဝက်ခန့်မျှ တောဝက်သားဟင်းနှင့် စားထည့်လိုက်ရာ အမေမှ စားပါဦး၊ စားပါဦးလားနှင့် ဟင်းများတစ်ခွက်ပြီးတစ်ခွက် ထည့်ပေးနေသည်မှာ စားပြီးမှ သတိရတော့သည်။
ထိုဝက်သားမှာ အရိုးတစ်စက်မှမပါပေ။
——————————
ပြသာနာဘဲ အိမ်မှာစားစရာငပိကြော်ဘဲရှိတယ်……
မဖတ်မိရင်ကောင်းသား
အောင်ဆန်းသူရိယ သီဟသူရ သူရ ဗိုလ်ချုပ်တကာ့ဗိုလ်ချုပ်မှူးကြီး ရှူံးနိမ့်မှုများနဲ့.. လူ
October 19, 2012 at 10:19 am
အဲဒီငပိကြော်လေးက ပိုကောင်းတယ်ဆိုတာ နောက်တစ်ခုမှာ သိလာပါမယ်လေ..
ခင်မင်စွာဖြင့်
အောင်ဆန်းသူရိယ သီဟသူရ သူရ ဗိုလ်ချုပ်တကာ့ဗိုလ်ချုပ်မှူးကြီး ရှူံးနိမ့်မှုများနဲ့.. လူ
အသည်းအသက် အကြင်နာ နှလုံး မူပိုင်ရှင် ရင်နှစ်သည်းခြာ မကြည်ပြာ
October 19, 2012 at 10:25 am
ကိုရင်ရှုံးစာတေဖတ်ပီး အဖေတို့ရွာက နေကြာခင်း ပဲခင်းတေ ဝါးရုံတောမြင့်မြင့်ကြီးတေကို သတိရသွားတယ်။ ခလေးတုန်းက ကျမတို့အကြိုက် ဆော့စရာ ပုန်းစရာ နေရတေပေါ့။
အောင်ဆန်းသူရိယ သီဟသူရ သူရ ဗိုလ်ချုပ်တကာ့ဗိုလ်ချုပ်မှူးကြီး ရှူံးနိမ့်မှုများနဲ့.. လူ
October 19, 2012 at 10:31 am
ကျွန်တော်လဲ ငယ်ငယ်ကတောင်တန်းတွေကို သတိတရအနေနဲ့ ပြန်တွေးရေးလိုက်ခြင်းပါ
ခုဆို ၁၅ နှစ်ကျော်၊ နှစ် ၂ဝ လောက်ရှိပြီဆိုတော့ အတော်လေး ပြောင်းလဲသွားပြီထင်ပါရဲ့ မကြည်ပြာ..
ခင်မင်စွာဖြင့်
အောင်ဆန်းသူရိယ သီဟသူရ သူရ ဗိုလ်ချုပ်တကာ့ဗိုလ်ချုပ်မှူးကြီး ရှူံးနိမ့်မှုများနဲ့.. လူ
ကထူးဆန်း
October 19, 2012 at 11:14 am
ကလေး တုံးကဟုတ်ရဲ့လား .. ကိုရှုံး ရေးထားတာတော့ … ခွိ … :harr:
မျက်စိမှုန်ပါတယ်ဆိုမှ ဘွဲ့တွေ နဲ့ ဒုက္ခ တွေ ပေးနေပါရောလား .. ဟိုး တလောက လှုပ်စိတွေနဲ့ မှုးအောင်လုပ်ကြတယ် .. အခု ဘွဲ့ ရှည်ကြီးတွေနဲ့ ပြာအောင် လုပ်ကြတယ်.. ဒုက္ခ … ဒုက္ခ :hee:
ပစ်ပစ်ချန်
October 19, 2012 at 11:49 am
ဗို်က်ဆာနေတယ်နော်
တောဝက်သားတဲ့
ဟင့်
ဗိုလ်တကာတို့ရဲ့ အချုပ်အမှူးဂျီးရဲ့
အီးဟီးဟီး
သများ ဗိုက်ဆာနေတယ်
ဒါနဲ့ ခုပုရစ်တွေစပေါ်ပြီ ကိုရှုံးရေ
သွားရည်ကျစရာပေ့ါ 😀
နှင်းဆီ ငုံ
October 19, 2012 at 12:33 pm
ဝက်သားက ဘာလိ်ု့ အရိုးမပါတာလဲဟင် …. တထုထုပဲနော် ..
တောဝက်သားက အရမ်းစားကောင်းတာ
တစ်နှစ်တစ်ခါ သင်္ကြန်အိမ်ပြန်ရင် အဖေက တောဝက်သားခြောက်ချန်ချန်ထားတယ်
သမီးလေးစားဖို့ပေါ့ …
သင်္ဘောသီးဆိုလည်း အပင်မှည့်ကို အိမ်ကလူတွေမစားရဘူး
မြို့မှာနေတဲ့သမီးလေးက သဘာဝမှည့်တဲ့အသီးတွေ မစားရလို့ အိမ်ပြန်တုန်းလေး စားရအောင်ဆိုပြီးတော့လေ …
မောင်ပေ
October 19, 2012 at 12:52 pm
ဟိုက်ရော … ဆရာသော်တာဆွေလိုအရေးအသားနဲ့ စဆုံးဆွဲဆောင်သွားတာပါကလား
ကိုရင်ရှုံးအမေက တောဝက်ကို ဆီပြန်ချက်တာဆိုရင် ကျုပ်လိုသွားမကောင်းတဲ့လူတွေ ငတ်ရောပဲ
တောဝက်သားက တော်တော်မာတာဆိုတော့
သီဟသူရ ပရော်ဖက်ဆာဒေါက်တာကြီးမိုက်
October 19, 2012 at 1:19 pm
ထိုဝက်သားမှာ အရိုးတစ်စက်မှမပါပေ။
နောင်များတွင်မှ သိရသည်မှာ…………
စတ်ဝင်စားစရာချန်ခဲ့တာပေါ့လေ…ဆိုတော့..စောင့်ဖတ်ပါအုံးမယ်…
ကိုရင် အောင်ဆန်းသူရိယ သီဟသူရ သူရ ဗိုလ်ချုပ်တကာ့ဗိုလ်ချုပ်မှူးကြီး ရှူံးနိမ့်မှုများနဲ့.. လူ..ရေ..မောထှာ
:buu:
Abcdefghijklm nozomi
October 19, 2012 at 1:55 pm
နေကြာရိုင်းပင်တွေကြားထဲ အိမ်ခဲ့ရတဲ့ ဘဝ လေး သတိတောင် ရမိသေး
ဗိုလ်ချုပ်ရှုံးအမေက သားကို ချစ်ပါတယ်လို့ တွေးမလို့ရှိသေး
နောင်များတွင်မှ သိရသည်မှာ………… ဆိုတော့
pooch
October 19, 2012 at 2:39 pm
ဒီရက်ပိုင်း မန်းလေးမှာလည်း ပုရစ်ပေါ်နေပြီ။
တောင်တက်ခရီးတောလမ်းကြမ်းမှာ ပစ္စည်းထမ်းတာနဲ့ ပတ်သတ်လို့ ကျိုက်ထီးရိုး အတွေ့အကြုံရှိဖူးတယ်။
ရှုံးလူပြောသလိုပါပဲ နောက်ဆုံး သယ်လာတဲ့ ရေဘူး တို့ အိတ်တို့ကိုတောင် လွှင့်ပစ်ချင်စိတ်ပေါက်လာအောင်ပါပဲ ။ ဖိနပ်လည်း ဘွတ်ဖိနပ်ကနေ ညှပ်ဖိနပ်ပါး ပြောင်းစီးလိုုက်ရတယ်။ မှတ်မှတ်ရရ။ အကိုတွေ ပါတာမို့ ကိုယ်မသယ်နိုင်သမျှ သူတို့ ဆီပဲ ပစ်လိုက်ရတော့တာ။
တောင်ပေါ်ရောက်ဖို့ ကိုယ့်ကိုယ်ကိုယ်တောင် အနိုင်နိုင် ပြန်သယ်နေရတယ်။ ကားကလည်း မစီးရဲတော့ ဒုက္ခခံလိုုက်ရတယ်။ အသွားရော အပြန်ရော။
kai
October 19, 2012 at 2:55 pm
ကြည့်ရတာ.. ဘာအသားမိသွားသလည်းမသိ…
=
တောဝက်က.. ယူအက်စ်မှာအရမ်းအများလွန်ပြီး.. မုဆိုးတွေ.. လူတွေလိုက်သတ်ရတဲ့. ခေတ်ရှိဘူးတယ်..
အကြီးဆုံးတောဝက်က.. ပေါင်၁၀၀ဝ ..တတန်ကျော်သေးတာမို့.. မြန်မာပြည်မှာဆို.. ဟင်းချက်စားရင်.. တမြို့လုံးတောဝက်သားဟင်းနဲ့.. တွေ့မှာ.. :kwi:
surmi
October 19, 2012 at 11:47 pm
သဂျီးတောဝက်က ဆင်လောက်ရှိတာပဲ :harr:
ဒီမှာက ပိဿာ ၂၀ဝ လောက်ပဲရှိတတ်တာ ။အများဆုံးပေါ ့
တချို ့ သိပ်ပိုင်တဲ့ သူတွေက လှံနဲ့တောင်ထိုးကြသေးတယ် ။ တောင်ခြေရွာတွေမှာ ပဲခင်းထဲဝင်ဖျက်
တတ်လို့ ပဲပေါ်တဲ့ရာသီဆို လူစုပြီး တောဝက်ထိုးကြတာ ။
ကိုရင်ရှုံးရေ
သိပ်မိုက်တယ်ဗျာ ။ အဲဒီတောအတွေ ့အကြုံလေးဖတ်ရတော ့ ကျနော်ခတ်ငယ်ငယ်က ပဲခူးရိုးမမှာ
ဂျိုးအမဒေဥ (အမြုတေဥ) ရှာခဲ့ဘူးတာ သတိရသဗျာ ။ ရေးလည်းရေချင်တယ် ပျင်းလည်း ပျင်လို့ဗျ ။
ခက်တာက အဲဒီအကြောင်း ရေးရင် ကျနော် ့အရေးအသားနဲ့က သိပ်မလိုက်ဘူး ။ ကိုရှုံးတို့ အံဇာတို့
နဲ့မှ လိုက်ဖက်တာဗျ ….။။
ကျနော့ အကြောင်းမှာလည်း အဲဒီတောဝက်က ဖတ်လိုက်ပဲဗျို ့ …….။
ဆူး
October 20, 2012 at 9:31 am
တခါမြင်ဖူးတယ် အဲဒါမျိုးကြီး အဲဒါ အင်ကြီး မဟုတ်လား.. မနောက်နဲ့နော်..
Hnin Hnin
October 20, 2012 at 3:27 pm
အဲ့ ဆင်ဝက်သိုးကြီးက gayဝက်သိုးကြီးလား မသိဘူး… 😛 ….မယုံချင်စရာ ကြောက်ချာကြီး…
အကောင်ကြီး ထွားကျိုင်းသလောက် တောဝက်ရဲ့ အစွယ်တွေလည်း တွေ့ဘူးတော့..
ဧကန္တ သူကြီး ကချင်မနောပွဲတက်ဖို့ အစွယ်နှစ်ချောင်း နှုတ်ယူထားလိုက်တာပဲ ဖြစ်ရမယ် :kwi:
အဂ္ဂမဟာ ဂန္ဓ ဝါစက္က ပဏ္ဍိတ ဘိဝံသ အဘိဓဇ အဂ္ဂမဟာဂုရု ဘဒ္ဒန ္တအူးဘဇင်းဗိုက် { B.E }
October 19, 2012 at 3:08 pm
ဗိုက်တောင် ဆာလာပြီ
ဂွီ..ဂွီ..ဂေ့
တောဝက် မဟုတ်တန်ဘူးဆိုတော့ ဘာဝက်လဲမသိဘူးနော..
သကြီးပြတဲ့ဝက်ကြီးဆိုရင်တော့ အသားကို ခြေကန်ပြီးဖဲ့စားမှရမယ်ထင်တယ်..
ရှဲတွေတော့ ကျွတ်တော့မှာပဲ..ကျွတ်စ်..ကျွတ်စ်.
myanmarcitizen
October 19, 2012 at 4:05 pm
“အိမ်ဆောက်ရာတွင် သုံးလေ့ရှိကြသည့် ဓနိတိုင်များနှင့်ဆင်တူသည်။”
ကျွန်တော်သိရသလောက်ကတော့ ဓနိ ပင်က အသားကအိမ်ဆောက်လို့ရအောင်မမာပါဘူး။ နောက်ပြီးဖော့ လိုမျိုးပဲသူ့အသားက။ ငယ်ငယ်တုန်းကချောင်းထဲမှာရေကူးရင်တောင် ဓနိပေါင်နဲ့ ကူးခဲ့ဘူးတယ်။ သူ့ကိုသစ်သားစာရင်းထဲကိုတောင်မထဲ့သင့်ဘူးထင်ပါတယ်။ အမိုး(ဓနိအမိုး) အတွက်ပဲ သူ့အရွက်ကိုသုံး ကြပါတယ်။ နဲနဲတော့ ဇယားရှုတ်တယ် အလက် ကိုခုတ် ပြီး ဖျင် နောက်ပြီး ဓနိပင်ကိုကြိုးလုပ်ဖို့အတွက်ခွာ ပြီး ဖျင်ထားတဲ့အရွက်တွေကိုစည်း (ဓနိပေါ) ခေါ်တယ်။ အဲ့ဒီ (ဓနိပေါ) ကို ချောင်းထဲမှာ(ရေငန် ကျွန်တော်တို့ဆီမှာ) စိမ်ထားရတယ် ရက် ၂ဝ လောက်ကြာအောင်။(အခုတော့ဘယ်သူမှမစိမ်ကြတော့ဘူးတဲ့ မေးကြည့်တဲ့အခါ) အဲ့ဒါပြီး (ဓနိပေါ) ကိုဖော်ယူပြီး အမိုး ထိုးရတယ် (အမိုးထိုးတာက မိန်းမတွေအလုပ်ဖြစ်သွားပြီ) အဲ့ဒီစိမ်ထားတာတွေကို ၆ ပေအရှည်ရှိတဲ့ ဝါးခြမ်းပြားတွေမှာထိုးရတယ် (အမိုးထိုးတယ်ပြောကြတယ်)။ နောက်ပြီး နေပူလှမ်းရတယ် နောက်ဆုံးမှာတော့ စုပုံပြီး ကျောက်တုန်းတွေနဲ့ဖိထားကြတယ်။ ကြုံတုန်းလေး လျှာရှည်လိုက်တာ 🙂 ခွင့်လွှတ်
အဲ အရေးကြီးတာမေ့နေတယ် အဲ့ဓနိပင်က အသီးသီးတယ် စားလို့မဆိုးဘူး အသီးထက်ကောင်းတာက အရည်ဗျ အရည်။ (ဓနိရည်)ခေါ်သပေါ့ ဓနိသီးက အတံကသီးတာ အဲ့အတံကို ခုတ်ပြီး ဝါးကြည်တောက် နဲ့ခံထားကြတယ် စစထွက်တော့ အချိုရည်(သကြားချက်လို့ရတယ်)။ နောက်ထွက်တာတာက ကျွန်တော်သိပ်ကြိုက်တဲ့ ဓနိရည်ပေါ့ ထန်းရည်လိုပဲ မှုးတယ် ကျွန်တော်တော့ သိပ်ကြိုက်တယ်။ (ရေးရင်းနဲ့သောက်ချင်လာပြီ)
အလယ်တန်းလောက်ကပဲ အဲ့အရည်ကိုသောက်လာတာ။ အမျိုးမျိုးလုပ်သောက်တယ် sprite ဘူးထဲကို ထဲ့ပြီးအလုံပိတ် (ဖော့ပိတ်ဆိုပဲ အခေါ်က ဟဲဟဲ) အိမ်ကလူတွေမမြင်တဲ့ စပါးကျီထဲသေချာထဲ့ထားပြီး ၃-၄ ရက်နေမှသွားယူပြီး အိမ်မှာ ကင်ထားတဲ့ ငါးခြောက်ကင် (အမေကင်ထားတာ) ကိုဘတ်ပြီး လွတ်ရာကျွတ်ရာသွားသောက်ခဲ့တာ။ အဲ့လို (ဖော့ပိတ်)လုပ်ထားတာကို ဖွင့်ရင်သေချာစိတ်ရှည်ရှည်နဲ့ ဖွင့်ရတယ် မဟုတ်ရင် ဘီယာကိုခွက်ထဲလောင်းထဲ့လိုက်တာထက်ဆိုးတယ်။ အဖုံးကို တစ်ရစ်ချင်းဖွင့်ရတယ်။ ဒီအတိုင်းဖွင့်လိုက်လို့ကတော့ ရူး ဆိုပြီး gas တွေထွက်ပြီး အထဲကအရည်က ထက်ဝက်လောက်ပါသွားပြီ။
ဖော့ပိတ် လုပ်ထားတာက ဆာတာ ဆာတာလေးနဲ့ဗျာ တော်တော်သောက်လို့ကောင်းတယ်။
အင်းဒါနဲ့ စခဲ့တာကိုပြန်ပြောရရင်တော့ “ဓနိတိုင်” တော့မဟုတ်လောက်ဘူး။ ဖြစ်ရင် “သင်ပေါင်းတိုင်” ပဲဖြစ်မယ်ထင်တယ်
မှားသွားရင်ခွင့်လွတ်ပါဗျာ
အားလုံးကိုခင်တဲ့
အောင်ဆန်းသူရိယ သီဟသူရ သူရ ဗိုလ်ချုပ်တကာ့ဗိုလ်ချုပ်မှူးကြီး ရှူံးနိမ့်မှုများနဲ့.. လူ
October 19, 2012 at 4:16 pm
ဖြစ်နိုင်ပါတယ်… မြန်မာလိုအခေါ်အဝေါ်ကိုတော့ သေချာမမှတ်မိတော့လို့ပါ၊ မြစ်ဝကျွန်းပေါ်ဒေသတွေကနေ လှေတွေနဲ့ဝင်ပါတယ်… အစွန်အဖျားမြို့နယ်တွေမှာ..အများစုသုံးကြတာပါ.. နေဖူးကြရင်သိမယ်ထင်ပါတယ်… ခုလိုထောက်ပြပေးတာ ကျေးဇူးတင်ပါကြောင်း
ခင်မင်စွာဖြင့်
အောင်ဆန်းသူရိယ သီဟသူရ သူရ ဗိုလ်ချုပ်တကာ့ဗိုလ်ချုပ်မှူးကြီး ရှူံးနိမ့်မှုများနဲ့.. လူ
Ma Ei
October 19, 2012 at 4:36 pm
ထင်းသုံးချောင်းပေးထမ်းလို့ ရယ်တဲ့ညီ…
အပြန်လမ်းတစ်လျှောက်တွင်မတော့
တစ်ချောင်းချင်းစီ လွှင့်ပြစ်လာရာ
အိမ်ပြန်အရောက် သူချည်းသက်သက် လျှာတန်းလန်းနှင့်ပင်တည်း။ …
သူ့ ထမ်းမလာရ တော်သေးနော်…
ဆက်ပါဦး….
သီ ဂရမ်း ဂျူ့ & ကွန်မန်ဒါ အင် ချိဖ် အော့ဖ် မန်းဒလေး ဂဇက် အရီး
October 20, 2012 at 2:29 am
ဟေ့
ဗိုလ်ချုပ်တကာ့ဗိုလ်ချုပ်မှူးကြီး ရှူံး
မင်းရဲ့ ကွန်မန်ဒါ အမိန့်ပေးသည်။
“နောင်များတွင်မှ သိရသည်မှာ……………” ဆိုတာ ကို အမြန် ဇာတ်သိမ်းပါ။
ကြားလား။
ဒါဗြဲ။ 😆
ပုံ
ဗိုလ်ချုပ်တကာ့ဗိုလ်ချုပ်မှူးကြီး ၏ ကွန်မန်ဒါ အင် ချိဖ်
နောက်ပြီးလို့ အတည်ပြောရရင်တော့ ဒီလို အများဗဟုတ ရနိုင်စရာ ပြည်တွင်းဖြစ် အကြောင်းလေးတွေ ကိုရော၊ ပြည်ပ အကြောင်း တွေကိုပါ စိတ်ဝင်စားအောင် ဖွဲ့ ပြခဲ့တာ ပါဘဲလား။
အရီးတို့ မသိတဲ့ အကြောင်းလေးတွေ သိရလို့ ကျေးဇူးပါ။
တစ်ဆက်တည်း ကွန်မန့်တွေ က ဆက်ပြောတဲ့ အကြောင်းလေးတွေကလဲ ဗဟုသုတရဖွယ်များမို့ ကျေးဇူးတင်စွာ မှတ်သားသွားပါတယ်။
ပရစ်ကြော် အကြောင်းကြားတိုင်း အရီးမှာ ကြောင်တောင်တောင်တွေးမိတဲ့ အကြောင်းရှိတယ်။
ပိုးဟပ်တွေ သာ ပရစ် လို အရသာရှိခဲ့မယ်ဆိုရင် ဆိုတာပါဘဲ။
တိရိစ္ဆာန်ဘဝ မှာတောင် လူ တွေ က စားဖို့ မျက်စိကျတဲ့ အကောင် ဖြစ်ရတဲ့ ဘဝ ဟာလဲ မလွယ်ပါလားလို့။ 🙄
အောင်ဆန်းသူရိယ သီဟသူရ သူရ ဗိုလ်ချုပ်တကာ့ဗိုလ်ချုပ်မှူးကြီး ရှူံးနိမ့်မှုများနဲ့.. လူ
October 20, 2012 at 5:35 am
အရီးရေ… နောက်တစ်ပုဒ်ကတော့ ရက်အနည်းငယ်ခြားဦးမယ်ထင်ပါတယ်.. ကျွန်တော်လဲ မအားမလပ်နိုင်တဲ့အလုပ်ချိန်တွေကြားကနေ ရသလောက်လေး အနည်းငယ်စီရေးနေရခြင်းမို့လို့ပါ… ရေးမယ်ဆိုတော့လည်း ရေးစရာအကြောင်းအရာကောင်းကောင်းက ရှာရသေးတယ်.. အကြောင်းအရာရပြန်တော့လည်း ဘယ်လိုတင်ဆက်ရမလဲဆိုတာ စဉ်းစားရသေးတယ်… စဉ်းစားရပြန်တော့လည်း အပျော်အပျက်စာအနေနဲ့မဟုတ်ပဲ ကောင်းကောင်းမွန်မွန်လေး ကျန်နေချင်တာနဲ့ ကျွန်တော်လဲ စာရေးအတော်ကျဲလာပါကြောင်း…
အားလုံးတော်တန်တိတ်... သဂျီးသမက် ကိုရင်ကြောင်ကြီး
October 20, 2012 at 8:57 am
တောဝက်
ပေါချက်
စောထွက်
ဘောနက်
ပြောရက်
ဒေါသွက်
မောလှပ်
ကျောသပ်။
Hnin Hnin
October 20, 2012 at 3:20 pm
နောင်များတွင်မှ သိရသည်မှာ……..တောဝက်သား မဟုတ်တော့ဘဲ တစ်ခြားအသား သေချာ
သလောက်ပဲနော်…
ငယ်ငယ်လေးတုန်းက ပြင်ဦးလွင်မှာ ဖေဖေတို့ ကိုယ်တွေနို့မှုန့်ဖိုးအတွက် တစ်ဖက်တစ်လမ်းက
ကြက်ခြံမွေး၊ဂေါ်ရခါးပင်တွေစိုက်တယ်ပြောတာ သွားသတိရမိတယ်..ပြင်ဦးလွင်မှာ…ဂေါ်ရခါးပင်
က သိပ်ဂရုစိုက်စရာမလိုဘဲ အသီးတွေပေါပြီးဖြစ်ထွန်းလွယ်တယ်တဲ့….
ပစ် = သေနတ်နှင့် ပစ်သည်။ ပစ်ပေါက်သည်။ ပစ်ချသည်။ လွှဲပစ်သည်။
‘ ကျားပစ် ထွက်ရန်နေရာဖြစ်ခဲ့သည် ‘
ပြစ် = အပြစ်ရှိသည်။ အပြစ် ဖြစ်သည်။ အပြစ်လုပ်သည်။
အားထည့်ရေးထားတယ် ဖတ်လိုက်ရလို့ သိသလောက်လေး ပြောပြပေးတာပါ…