သဘာဝဓမ္မ သစ္စာပြ insight
ဒီပို့စ်ကို အမျိုးမျိုးစဉ်းစား အခါခါ ရေးလိုက်ဖျက်လိုက် လုပ်ပြီးမှ အတိုဆုံး (ဒါတောင် ၄မျက်နှာရှိတယ်) :kwi: အရိုးအရှင်းဆုံးရေးဖို့ ဆုံးဖြတ်လိုက်တယ်။ ရှင်းလေရှုပ်လေ ရေးလေရှည်လေ ဆိုတော့လည်း အခက်သားပဲ။ သန်လျင်သဘာဝရိပ်သာ ကမ္မဌာန်းပြဆရာမ ချစ်မြတ်နိုးက ပြောတယ်၊ ဖြစ်ကြောင်းသိရင် သိယုံနဲ့ပြတ်တယ်၊ လိုက်ဖြတ်စရာ မလိုဘူး။ အဲဒီစကားအရ ဒီလောက် ပေရှည်ထားတာ တကယ်မသိသေးကြောင်း ဝန်ခံပါသည်။ သို့သော်ပေါ့လေ ဂဇက်ဆိုတာ မတူသော အတွေးများနဲ့ လောကဂျီးကို ရှုပ်အောင်လုပ်ထားတဲ့ နေရာမိုလို့ နည်းနည်းတော့ ရှုပ်ခွင့်ပြုပါ။
ဆွေးနွေးချင်တာ ဒီလိုဗျ။ စိတ်သည် အရှိလား မရှိလား။ စာလိုတော့ ရုပ် နာမ် စိတ်စေတသိက်ကို နိဗ္ဗာန်နဲ့အတူ ပရမတ်တရားထဲ ထည့်တယ်။ ဒါနဲ့ လူအများ အတွက်လွဲတယ်။ စာလိုတော့ သိကြတာပေါ့လေ၊ ရှေ့သုံးခုက ဖောက်ပြန်ခြင်း သင်္ခါရနယ်၊ နိဗ္ဗာန်က မဖောက်မပြန် အသင်္ခါရ။ သို့ပေသိ လက်တွေ့ကြတော့ လွဲကုန်ရောဗျို့။ တရားခံက နားလည်မှု လွဲနေလို့ပဲ။ အဲဒီလေးခုကို အရှိပရမတ်လို့ တရားသေ ရှုမှတ်ဆင်ခြင်တော့ မူလတရား အဆီအနှစ်တွေကနေ သွေဖီကုန်တယ်။ ဘုရားဟောအကုန် အတိုချုပ်ရင် ဖြစ်ပျက်၊ အရှည်ဆို ပိဋကတ်သုံးပုံ၊ ထပ်ချဲ့လိုက်ရင် ဋီကာကျမ်း အဖုံဖုံရှိမယ်။ လိုရင်းဖြစ်ပျက်ကို ပရမတ်အတိုင်း ပြောပါဆို သဘောလေးပဲရှိလို့ ဘာသာပြန် မရနိုင်ဘူး။
စိတ်အကြောင်းကို ဝိပဿနာနဲ့ ယဉ်ပါးသူအများ လေ့လာတဲ့အခါ များသောအားဖြင့် မူလအရှိတရားအဖြစ် ချဉ်းကပ်ကြသလို နဂိုတန်ဖိုးအားဖြင့် ကိလေသာနဲ့ ညစ်နွမ်းနေလို့ ဘာဝနာပွားခြင်းဖြင့် သန့်စင်ပစ်ရမည်လို့ ယူဆလေ့ရှိတယ်။ အဲသလို သမားရိုးကျ မတွေးဘဲ စိတ်သည် သူ့အတိုင်းထားရင် ဖြစ်ပြီးပျက်သွားတယ် ကိလေသာအဖြစ် မတည်ရှိဘူး သုံးသပ်ရင် ဖြူစင်အောင် လိုက်လျှော်ဖွတ်နေစရာ မလိုဘူး၊ ညစ်နွမ်းနေတယ် အဟုတ်ထင်မှုကိုသာ ဖယ်ရှားဖို့လိုတယ်။ ပထမနည်းကိုလည်း မှားတယ်လို့ မဆိုလိုပါဘူး၊ ပညတ်တွေမိုလို့ ဘယ်လိုသုံးသုံး နားလည်မှု လွဲနိုင်စရာချည်းပါပဲ။ သို့သော် သဘာဝဓမ္မနည်းကို လေ့လာချင်ရင် သမားရိုးကျ အခြေခံ စဉ်းစားနည်းကနေ နည်းနည်းတော့ ဖောက်ထွက်ဖို့လိုမယ်။ ညဏ်နဲနဲ ရင့်သန်လာရင် ပညတ်ဘယ်လို တင်တင် အတူတူပဲဆိုတာ သိလာလိမ့်မယ်။ ဥပမာ – သဲအင်းဂူ၊ စွန်းလွန်း၊ မိုးကုတ်၊ မဟာစည် ဘယ်လိုကွဲကွဲ သဘောနာလိုက်ရင် ဆိုလိုရင်း ရိပ်စားမိတယ်။ ကိုယ့်အထုံ ဝါသနာစရိုက် လိုက်လို့သာ နီးစပ်မှု ကွာသွားတယ်။
မြတ်စွာဘုရားက လက်ဖျစ်တတွက်မှာ ရုပ်ကုဋေငါးထောင် နာမ်ကုဋေတသိန်း ဖြစ်ပျက်နေတယ်။ သာမန်လူ ဘယ်လိုမှ လိုက်မမှီဘူး။ တေဝိဇ္ဇရဟနာ္တ ကျော်ကြားတဲ့ သဲအင်းဂူဆရာတော်တောင် သူ့အနေနဲ့ အကြိမ်ရေ များတာပဲသိတယ်၊ လိုက်မရေတွက်နိုင်လို့ ရိုးရိုးသားသား ဝန်ခံတယ်။ ရှေးဦးပိုင်း သာသနာမှာတော့ ရကောင်း ရမှာပေါ့လေ။ စိတ်ဆိုတာ ရုပ်၊နာမ်တို့ကနေ ပေါက်ဖွားလာတာ၊ သီးခြားမဟုတ်ဘူး၊ ရုပ်တဝက် နာမ်တဝက်ပဲ။ သူကနေ ကုသိုလ်စိတ် အကုသိုလ်စိတ်ဖြစ် ကိလေသာတွေထကြလို့သာ စိတ်စေတသိက် အနေနဲ့ ပညတ်တင် ထားဟန်တူတယ်။ ဒီတော့ မရှိမဟုတ် ရှိတယ်၊ အကောင်အထည်ပေါ် ဖြစ်ပျက်တယ် ဒါပေမဲ့ သိပ်မြန်လွန်းလို့ ဘယ်လိုမှ ဆုပ်ကိုင်လို့ မရဘူး (ဝါ) ကိုင်စွဲခွင့် မရှိဘူး။ သိလိုက်တာနဲ့ ပြီးဆုံးသွားပြီ၊ မရှိတော့တာကို အရှိမှတ် အတည်ယူတော့ မနောကံ ကာယကံ ဝစီကံတွေ ဆက်တယ်။ ဒါကြောင့် သန်လျင်သဘာဝရိပ်သာ ဆရာတော် ဦးဥတ္တမသာရ “တငါငါ ဖန်တီးပြုလုပ်မှုများသာ တရပ်စပ် အသစ်သစ်ဖြစ်ကာ ပျက်စီးနေပြီး ငါသူတွေကတော့ တကယ်ဖြစ်မနေကြောင်း” ဆုံးမတယ်။ ဆရာမ ချစ်မြတ်နိုးကတော့ “ချုပ်ပျောက် ဖြစ်ပျက်သွားတဲ့ အတိတ်ကို ပုံဖော်ဆုပ်ကိုင်ထားရင်း အရှိထင်နေတဲ့ ဖောက်ပြန်ပြောင်းလဲမှုအားမြဲတယ် အယူမှားကြောင်း” ရှင်းပြတယ်။
စွဲတော့ဘာဖြစ်သလဲ၊ မြဲသွားတယ်။ စိတ်ဆိုတာ ရှိသွားတယ်။ ရုပ်သဘောသည် အခံဓာတ်၊ နာမ်သဘောသည် သိမှုသက်သက် ခံစားချက်မဲ့တယ်။ သူတို့ခြင်း ဓာတ်ပြုလို့ ဖြစ်လာတဲ့ ဆုပ်ကိုင်ထားခွင့် မရှိတဲ့ စိတ်လေးကို ခိုင်မြဲပစ်လိုက်တယ်။ အကျိုးဆက်အားဖြင့် အာရုံ၆ပါး ကိလေသာ ပွားတော့တယ်။ ဒါကြောင့်ပဲ စိတ်ကို အရှိ၊မရှိ လိုက်ခြင်းထက် အဟုတ်ထင်လို့ ရှိနေတာ၊ စွဲရင် မြဲသွားတယ်၊ ဘာကိုမှ ဆုပ်ကိုင်မထားရဘူး။ ယုတ်စွအဆုံး တရားရှုမှတ်တယ်လို့တောင် မစွဲသင့်ဘူး။ စိတ်အခံ သိထားဖို့ ပြောတာပါ။ တရားမှတ်ခြင်းဆိုတာ အစွဲဖြုတ်ဖို့ အဓိကဆိုတဲ့ အသိစိတ်လေး ရှေးရှုမှတ်ဖို့ ဖြစ်ပါတယ်။ အစွဲဖြုတ်ရင်း ဖြုတ်ရင်း တဖြည်းဖြည်း ပါးလာတဲ့အခါ အဓိကစိတ်လေးကိုတောင် မစွဲရဘူး။ လုပ်ပါများရင် အကျင့်ရပြီး အော်တိုမုတ်ဒ် ဝင်လာမယ်။ ရံဖန်ရံခါပေါ့ဗျာ။ မစွဲဘဲ နေနိုင်သွားတဲ့အခါ လမ်းဆုံးပြီပေါ့။
စွန်းလွန်းဆရာတော်ကြီး ဆုံးမစာမှာ “လိုချင်တော့ ပြုလုပ်၊ ပြုလုပ်တော့ ရရှိ၊ ရရှိတော့ ဆင်းရဲ …” (အတိအကျ မမှတ်မိပါ) ဆိုတယ်။ စွဲလန်းခြင်း တဏှာလက်သမား ပြုလုပ်ခိုင်းစေပုံပါ။ သစ္စာလေးပါ တရားတော်နဲ့ ပြန်ညှိရင် ဒုက္ခ၊သမုဒယ၊မဂ္ဂ၊နိရောဓ ဒီအတိုင်းထွက်တယ်။ လက္ခဏာသုံးပါး တရားတော်နဲ့ ချိန်ကိုက်ကြည့်တော့ “တဒင်္ဂ အချိန်သည် သိပ်မြန်လွန်းလို့မမြဲ အနိစ္စ၊ အဲဒီဖြစ်ပျက်ကို အဟုတ်ထင်တော့ သံသရာဝဋ်ဆင်းရဲကြုံတွေ့ ဒုက္ခ၊ သူ့သဘော သူဆောင်တာ ဆုပ်ကိုင်ခွင့်မရှိ အနတ္တ” ဆင်ခြင်နိုင်တယ်။ သဲအင်းဂူ ဆရာတော်ကြီးက “မဂ်သည် တထစ်ချ ယတိပြတ် ဆုံးဖြတ်ညဏ်၊ လုံးဝ ဒက်ထိ အမှန်သိတယ်။ စာပြန်လှန်စရာ သူများမေးစရာ မလိုဘူး။” သဘာဝရိပ်သာ ဆရာမ ချစ်မြတ်နိုးက “ဖြစ်တာသိယုံနဲ့ မလုံလောက် ဖြစ်ကြောင်းကို သိရမယ်။ တကယ်သိရင် သိယုံနဲ့ပြတ်၊ လိုက်ဖြတ်စရာ မလိုဘူး။” ကိလေသာနဲ့လူ ကွဲရင်ရတယ်ဆိုတဲ့ မိုးပြာဂိုဏ်းဝင်၊ သိရင်ပြီးတယ် ထင်နေတဲ့ ပစ္စုပ္ပန်ဝါဒီများ၊ စိတ်ကို စိတ်အတိုင်းထားပါဆိုတဲ့ ကျောက်သင်္ဘော အနွယ်ဝင်များ ဆန်းစစ်ဖို့ပါ။
သဘာဝဓမ္မမှာ ဖြစ်တာနောက်မလိုက်၊ ဖြစ်ကြောင်း ဆုပ်ကိုင်မှုကိုသာ စွန့်လွှတ်ခိုင်းတယ်။ ဘာကိုစွန့်ရတာလဲ၊ တခုခု အဟုတ်ထင် အမှတ်မှားကို လောကီလုပ်လုပ် လောကုတ္တရာလုပ်လုပ် စွန့်ခိုင်းတာ၊ မဆုပ်ကိုင်စေတာ၊ နှောင်ကြိုးမဲ့ လွတ်လပ်စွာ လုပ်ကိုင်ပြုမူ နေထိုင်ခိုင်းတာ။ ဆုပ်ကိုင်မိလို့ တည်သွားရှိသွားတဲ့ စိတ်စေတသိက် ကံများကို တကဲ့အရှိတရားအဖြစ် စွဲယူရှုမှတ်တဲ့အခါ သွားရာလမ်းကြောင်း လွဲတတ်တယ်။ ဘာကိုမှ မယူဘဲ ထားပါဆိုတော့ အချို့က သဘာဝဓမ္မကို ကျောက်သင်္ဘောဂိုဏ်း သမုတ်တယ်။ ဇင်ဝါဒ၊ မဟာယာနအကျင့်လို့ အထင်မှားတယ်။ အပေါ်ယံ တူသယောင်နဲ့ လုံးဝကွဲတယ်။ သူတို့အကြောင်း ထဲထဲဝင်ဝင် မသိပါ။ သို့ပေမဲ့ ဝိပဿနာအကျင့် ထွန်းကားတဲ့ မြန်မာပြည် ထေရဝါဒမှာတောင်မှ ဘုရားဟောဖြစ်ပျက်ကို မိမိသန်ရာသန်ရာ အဓိပ္ပါယ်ဖွင့်တာမို့ သူတို့လည်း မူလကျင့်စဉ်နဲ့ တူမတူ သိရန်ခက်လှတယ်။
သဘာဝဓမ္မမှာ စိတ်ကို အတည်မယူဘူး၊ သူတို့က အတည်ယူတယ်။ မိုးပြာအယူအဆမှာလည်း ကိလေသာနဲ့ အပြုအမူကွဲပါဆိုတာ အဆင့်မြင့်ပေမဲ့ စိတ်ဖြစ်မှု အတည်ယူထားတယ်။ စိတ်ကိုစိတ်အတိုင်း ထားပါဆိုတဲ့ ကျောက်သင်္ဘောလည်း ဖြစ်တာကို အရှိယူတယ်။ ဖြစ်ပေါ်လာတဲ့ ကိလေသာစိတ် တားကောင်းတားနိုင်မယ်၊ ဒါပေမဲ့ ဖြစ်ကြောင်းမဟုတ်လို့ အမြစ်မပြုတ်ဘူး။ အသိလွတ်တဲ့တချိန် ကိလေသာစိတ်ထမှာပဲ။ သမာဓိရှိလို့ ဒီဘဝငြိမ်းလည်း အရှိန်ကုန် အောက်ပြန်ကျမှာပဲ။ ဒီလိုပြောတော့ စာခံနေသူတွေက ရှိတယ်ထင်လို့ရှိတာ၊ ဖြစ်တယ်ထင်လို့ဖြစ်တာဆိုရင် အချိန်တန် မစားတော့ဘူးလား၊ မအိပ်တော့ဘူးလား ဝေဖန်တယ်။ အဲသလို ဆိုလိုတာမဟုတ်။ ကံကြောင့်ဖြစ်လာတဲ့ ဒီရုပ်နဲ့နာမ် မတားကောင်းဘူး၊ တားလို့လည်း မရဘူး။ (ဒါတောင် အချို့ရိပ်သာတွေမှာ တပတ်၊ဆယ်ရက် မစား၊မသောက်၊ မယိုမပေါက်၊ မအိပ်မနားသူတွေ ရှိတယ်ကြားတယ်)
သဘာဝရိပ်သာဆရာတော်က ဘဝကိုသုံး၊ အချိန်ကိုသုံး၊ ရုပ်ကိုသုံး၊ စိတ်ကိုသုံးရမယ်၊ ဆုပ်ကိုင်မထားဖို့သာ မှာတယ်။ ကံပါသ၍တော့ ထုံးစံရှိတဲ့အတိုင်း ပြုမူနေထိုင်သွားရမှာပဲ။ အဲလို သဘာဝကျကျ နေတာကိုပဲ ပစ္စုပ္ပန် ဝါဒီအချို့က ဘုရားလည်း ကိလေသာ မကုန်သေးဘူးဆိုတယ်။ ဘုရား အစာစားတာ၊ ဆေးကုသခံတာတွေဟာ တဏှာကြောင့်လို့ အမြင်ရှိပုံရ သို့မဟုတ် စကားကပ်ချင်ပုံရတယ်။ အဆင်းဘီးတပ်ပေးရရင် ဘုရား ပရိနိဗ္ဗာန် ပြုခါနီးမှာ ညီတော်အာနန္ဒာကိုထင်တယ် ငါဘုရား ခန္ဓာကြီး လေးလံလှပြီလို့ဆိုကြောင်း စာမှာရှိတယ်။ အဲလိုဆို ဒင်းတို့ ဘယ်လိုတိုက်ခိုက်ကြမလဲ မသိ။ ဒါနဲ့များ ကိုယ့်ကိုယ်ကို အရိယာဝါဒ ကြွေးကျော်နေသူများ “နင်တို့ကို သနားတယ်။” တဆက်ထဲမှာ သတိပဌာန်တရား အားထုတ်နေသူများ၊ အခြားနည်းများနဲ့ ရှုမှတ်နေသူများလည်း ကိုယ့်ကိုယ်ကို အစွဲကင်းကင်း ပြန်လည်သုံးသပ်စေချင်တယ်။ ဘယ်နည်းသုံးသုံး ကိစ္စမရှိပေမဲ့ မှတ်တဲ့အခိုက် ငါပါနေသလား၊ ပညတ်ဘောင်ထဲ ရောက်နေသလား။ အစွဲနဲ့ တရားမှတ်တာ ထုံးစံပဲဆိုပေမဲ့ ညဏ်ဖြစ်တဲ့အခါ (အဆင့်ဆင့် ညဏ်ဖြစ်သူများ ကိုယ်တွေ့ကို နားထောင်ကြည့်ပါ) အဲဒီတခဏ ငါလွတ်သွားမှ ဖြစ်တာကိုတွေ့ ရလိမ့်မယ်။ လက်ရှိအတိုင်း ရှုမှတ်တဲ့အခါ အစွဲအားလုံး (တရားရှုမှတ်ခြင်း အပါအဝင်) ကြိုးစားဖြုတ်ကြည့်ပါ။
ဘာမှ မတွေးဘဲ၊ ဆုပ်ကိုင်မထားဘဲ နေကြည့်ပါ၊ ရသလားလို့။ သိပ်ခက်ပါတယ်၊ သို့သော် အကျင့်ဖြစ်လာလို့ ရံဖန်ရံခံ ရတဲ့အခါ တကယ်လုပ်လို့ရကြောင်း၊ ကိလေသာသတ်နည်း ဓမ္မအစစ်ဖြစ်ကြောင်း ယုံကြည်လက်ခံ လာမယ်။ တဆက်ထဲမှာပဲ လောကီရေးမှာလည်း အသုံးတဲ့ကြောင်း သိလာလိမ့်မယ်။ ဟိုဟာ ဒီဟာ အသိကပ် လိုက်မှတ်ခြင်းအစား ဘာမှမတွေး၊ မဆင်ခြင်ဘဲ အမှန်သိနေအောင် ကြိုးစားပါ။ ငြိမ်းအေးမှု၊ လွတ်မြောက်မှု ရသနှစ်ခုစလုံး ရှာတွေ့လိမ့်မယ်။ ဒါလည်း ပညတ်အသိစိတ်ပါနေလို့ အစစ်မဟုတ်သေးဘူး၊ ဟုတ်မှန်ကြောင်း အတည်ပြုချက်သာ ဖြစ်တယ်။ ဖြစ်တတ်တာ အတည်မဟုတ်ဘူး၊ အဟုတ်မထင်နဲ့၊ ဆုပ်ကိုင်မထားရ စသဖြင့် ဆင်ခြင်တဲ့အခါ သူ့နောက်မှာ မြဲနေတဲ့စိတ်ရှိနေတယ်။ သူ့ကို ဖြုတ်ပြန်တော့ နောက်စိတ်တခု ရှိနေပြန်တယ်။ အဲလိုနဲ့ ဖြတ်လို့မဆုံးတော့ဘူး။ ဖြတ်ရမယ် စိတ်ထားသမျှ ဖြတ်ပေအုံးတော့ မဆုံးနိုင်။ တဖက်အစွန်းမှာလည်း ဘာမှမလုပ်ဘဲ မောဟဖုံးသွားတတ်တယ်။ အဲလိုမျိုးကြတော့ အဓိပ္ပါယ်မဲ့ အလကားနေတာ ဖြစ်သွားပြန်ရော။ လွတ်မြောက်နေစိတ်နဲ့ နေတာလို့မြင်ကြည့်။ သဘာဝရိပ်သာ ဆရာတော်ကို ယောဂီတဦးက အသိစိတ်လေး လွတ်မြောက်သွားတာလားလို့ မေးလျောက်တော့ ဆရာတော်က မဟုတ်ဘူး အဲဒီလွတ်မြောက်တဲ့ စိတ်လေးနဲ့ နေတာလို့ ြပန်ဖြေတာ အသံဖိုင်တခုမှာ နာဖူးတယ်။
စိတ်ကို လွှတ်ချနိုင်အောင် ကြိုးစားပါ။ တီထွင်မှုလိုပဲ နည်းမျိုးစုံနဲ့ လှည့်ပတ်ကြိုးစား မရတဲ့အဆုံး ဟင်းဆိုပြီး စိတ်လျှော့လိုက်တော့မှ အကြံကောင်းပေါ်သလိုမျိုး ဖြစ်တတ်တယ်။ ပါရမီ ရှိသူများမှအပ အချိန်တို အလွယ်နဲ့ မဖြစ်နိုင်ဘူး။ ပြောလဲပြောပြောပဲ တကယ်လုပ်ကြည့် ဘယ်လိုမှ လွှတ်ချမရဘူး။ လုပ်ပါများမှ နီးစပ်လာမယ်။ အတွေ့အကြုံ ဝေမျှရရင် မှတ်စဉ်မှာ ကာယသတိလိုမျိုး ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေအပေါ် သိနေမှုကို ဥပမာ – မျက်နှာ ခေါင်း ခြေ လက်၊ နောက်တခါ ဝေဒနာ အသိလိုမျိုး ယားယံ တောင့်တင်း လေဝင်လေထွက် တို့ကို စိတ်ထားနေမှု ဖယ်ပစ်လိုက်၊ တဖြည်းဖြည်း ပါးသွားရင် လိုက်သိနေတဲ့ စိတ်ကို အဟုတ်မှတ်လို့ အရှိဖြစ်တယ် ဆင်ခြင်လိုက်။ တချိန်မှာ ရုပ်နာမ် ဘာမှမကျန်သလို သိလာလိမ့်မယ်။ (မေ့သလိုဖြစ်သွားတာ မဟုတ်ဘူးနော်) ခဏတဖြုတ် ရရင်ကို ဝိပဿနာအကျင့် ကိလေသာကနေ လွတ်မြောက်ခြင်းသဘောကို ရိပ်စားမိပြီ။ အခြားလူမှု ကိစ္စများမှာလည်း အတတ်နိုင်ဆုံး အမှန်သိပြီး လွတ်လွတ်လပ်လပ် လုပ်တတ်အောင် ကြိုးစားနေကြည့်လိုက်ပါ။ မီးအမှောင်ထဲ အပ်ပေါက်ထိုးသလိုနဲ့တူတယ်။ လက်ထဲ အပ်ရှိနေပြီ၊ အပ်ချည်ကြိုး ရှိနေပြီ၊ အပ်ပေါက်ထိုးဖို့ပဲ ကျန်တယ်၊ တနေ့တလံ ပုဂံဘယ်ရွေ့မလဲ၊ နှလုံးသွင်း မှန်ရင် ပါရမီနဲလို့ မကျွတ်ထိုက်တောင် အဲဒီစိတ်နဲ့ ဒါန၊ သီလ၊ ဘာဝနာ ပြုနေလို့ကတော့ ပါရမီထိုက်တဲ့ကုသိုလ် သေချာပေါက်ရတယ်။ (ဝန်ခံချက်။ သဘာဝဓမ္မပို့စ် ရေးသားချက်မှာ မိမိကိုယ်ပိုင် အမြင်သာဖြစ်သည်။ သန်လျင်သဘာဝ ဓမ္မရိပ်သာ၏အာဘော် လုံးဝ မဟုတ်ရပါ။ မူရင်းဓမ္မကို ပေးထားသော လင့်ခ်များတွင် သွားရောက် နာယူနိုင်ပါသည်။)
ဤစာစုဖြင့် အနနော္တအနန္တဂိုဏ်းဝင် ဘုရား၊ တရား၊ သံဃာ၊ ဆရာ၊ မိဘတို့အား ပူဇော်ကန်တော့ပါ၏။
သဲအင်းဂူဆရာတော် ဦးဥက္ကဌ တရားနာရန် ကိုယ့်စိတ်ကိုယ်စစ်ဓမ္မ
သန်လျင်သဘာဝရိပ်သာ ဆရာတော် ဦးဥတ္တမသာရ တရားနာရန် သဘာဝဓမ္မ ဆူနာမီ
သန်လျင်သဘာဝရိပ်သာ ကမ္မဌာန်းပြဆရာမ ချစ်မြတ်နိုး တရားနာရန် သဘာဝဓမ္မ ချစ်မြတ်နိုး
14 comments
jullies cezer
November 1, 2012 at 11:01 am
ဖတ်ရှုအားပေးသွားပါတယ် ဦးကြောင်ရေ တကယ်လက်တွေ့လုပ်ရင်ထင်သလောက်
မလွယ်ဘူးနော် မလွယ်ဘူးဆိုပြီးမလုပ်ရင်လဲ ပိုဆိုးမယ် လွယ်တာခက်တာဘေးချိတ်ပြီး
လုပ်နိုင်သလောက်သလေးလုပ်ကြည့်ဖို့ကြိုးစားချင်ပါကြောင်း ……..
Wow
November 1, 2012 at 11:34 am
တရားကတော့မဆွေးနွေးတော့ဘူး…
ခင်ပွန်း၁ဝပါးကန်တော့နေတဲ့ကြောင်ကတော့ အတော်ချစ်ဖို့ကောင်းတယ် :528:
weiwei
November 1, 2012 at 1:41 pm
သေသေချာချာ ဖတ်သွားပါတယ် ….. ဖတ်လေ လည်လေပါပဲ …
myanmarcitizen
November 1, 2012 at 4:52 pm
ဖတ်သွားပါတယ်။ သေချာလေ့လာထားတာမရှိတော့ မြင့်လှတဲ့တရားသဘောကိုဆွေးနွေးဖို့မစွမ်းနိုင်ပါဘူး။ ဆရာမ ချစ်မြတ်နိုး ဆိုလို့ အသက်တော့နဲနဲကြီးလောက်မယ်ထင်ထားတာ ခပ်ငယ်ငယ်လေးပဲရှိပါသေးတာပဲ အတုယူဖွယ် ကောင်းလှပါတယ်။
အလင်းဆက်
November 1, 2012 at 10:02 pm
ဪ…ကြောင်..ကန်တော့နေပုံများ….
အံ့ခနဲတောင်ဩောသွား ဒယ် ။
လက်လက်ကို ထ ..နေတာပဲ ။
နော်
:buu;
အလင်းဆက်
November 1, 2012 at 10:03 pm
ဪ…ကြောင်..ကန်တော့နေပုံများ….
အံ့ခနဲတောင်ဩောသွား ဒယ် ။
လက်လက်ကို ထ ..နေတာပဲ ။
နော်
:buu:
kai
November 2, 2012 at 12:23 am
လက်လက်ကိုထလို့.. ဆိုတာ.. မိန်းကလေးငယ်တွေကို ပြောတာလို့.. သတိထားမိဖူးတယ်..။
အဖွားတွေက.. ကလက်တက်တက်.. မြူဆွယ်ဟန်ရှိတဲ့.. မြေးမ.. မိန်းကလေးငယ်တွေကို ပြောတတ်တာလို့ပါ..။
နန့်လွန်းတော့.. အရည်တဝင်းဝင်း.. တလက်လက်ထနေတယ်..ပြောလိုဟန်ရှိပါတယ်..
ကျန်တာဆက်တွေးကြည့်ပေါ့/ကြစို့.. :kwi:
မိုးသောက်ချိန်
November 1, 2012 at 10:38 pm
တရားအကြောင်းတော့ မဆွေးနွေးတတ်သေးလို့ ဝင်မဆွေးနွေးတော့ပါဘူး
ဒါပေမယ့်
ဆရာမ ချစ်မြတ်နိုး ဆံပင်ကေက
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်ဖြစ်တဲ့ အကြမ်းဖက်အဖွဲ့ရဲ့ ရဲမေ (သမ္မတကြီးဦးသိန်းစိန်၏ အခမ်းအနားအချို့တွင် လုံခြုံရေးယူထားသည့် ရဲမေ) များ၏ ဆံပင်ကေနှင့် ဆင်တူသည်ဟု ထင်မိကြောင်းပါ … 😆
surmi
November 2, 2012 at 12:15 am
ပထမဆုံးပြောချင်တာကတော့ …လေးစားပါတယ် ဦးကြောင် ..။
အထူးအငြင်းပွားစရာမရှိပါဘူး ….ဦးကြောင်ပြောသလို စိတ်ကိုတမင်လွှတ်ချဖို့တော့မလွယ်သလို
အကျင် ့အားဖြင် ့လည်း အထပ်ထပ်ကျင့်ဖူးမှ ရနိုင်တာအမှန်ပါ ။ စဉ်ဆက်မပြတ် လေ့ကျင် ့မှုကောင်းရင်
သမာဓိအားအထူးကောင်းလာပြီး ရှုမှတ်နေတဲ့ သိစရာအာရုံနဲ့ သိနေတာဟာ သီးခြားစီဖြစ်နေတတ်တာ
တွေ့ကြမယ်ထင်တယ် ….။အဲဒီကမှတဆင် ့ ကြောင်းကျိုးဆက်စပ် ဖြစ်ပေါ်မှုတွေကို ကိုယ့်နည်း ကိုယ့်
ဟန်နဲ့ သိသွားပြီး ဆရာမချစ်မြတ်နိုးပြောသလို ဖြစ်ကြောင်းကိုသိပြီး တမင်ဖြတ်စရာမလို ပဲ အလိုလိုပြတ်ဖို့
အဲဒီကစမယ်ထင်တယ်…။
အဲသလောက်နဲ့တော့ သံသရာအဆက်ဆက်ကကိလေသာတွေမပြတ်နိုင်သမို့ အစနင်းမိပြီး အဆုံးအထိ
ရောက်အောင်ဆက်လိုက်ရမှာပေါ ့ ..ဟုတ်လားဦးကြောင်ရေ ….
ဦးကြောင်ကိုလေးစားပါတယ် ….ဝိပဿနာညဏ်ရဲ ့သဘောတွေမို့လို့ ဒီလောက်ပဲ ဆွေးနွေးတော့မယ်
အဲဒီရိပ်သာကိုလည်း စိတ်ဝင်စားပါတယ် ။ရွာသားကြီး ထရူးအမ်းဆား လည်းရှိမယ်ထင်တယ်
တနေ ့တော့ရောက်အောင်သွားပါဦးမယ် …။ကျေးကျေး …။
ရိပ်သာတွေမှာ မစားမသောက် မပေါက်မယို တရားထိုင်ကြရာမှာ …ကိုယ်တိုင်မလုပ်ဖူးပေမဲ့ တွေ ့ဖူးတာ
ရှိပါတယ.် …။အတ္တကိလမထ လို့ မစွပ်စွဲရဲပေမဲ့ တမင်ကျိုးစားပြီး လုပ်ကြတာတွေကိုတော့ မနှစ်သက်တာ
အမှန်ပဲ …။ ဒီလို အချိန်အကြာကြီးထိုင်နိုင်ကြရာမှာ – သမာဓိအားကောင်းလွန်းရင်လည်း လေးငါးနာရီ
မပြင်မလှုပ်ပဲ အားထုပ်နိုင်ပါတယ် ..။ သို့ပေမဲ ့ နှစ်ရက် သုံးရက် ခုနှစ်ရက်စသည်ဖြင် ့ မစားမသောက်ပဲ
လုပ်ဖို့ဆိုရင် သမာပါတ်တစ်ခုခုများ ဝင်စားနေသလားပေါ့..ဒါပေမဲ့ အပြင်ကလေ့လာကြည် ့တော့လည်း
သမာပါတ် ရလောက်တဲ့ အခြေအနေ နဲ့ အိန္ဒြေမပြည် ့စုံလောက်ဘူးလို့ မှန်းရပြန်တယ် ။။။
ဒီတော့ ကိုယ် ့ညဏ်အဆင် ့ ကိုယ်တိုင်ချင် ့ ဆိုသလိုပဲ သူများကို သိပ်လည်းမဝေဖန်ရဲဘူး ။ ဒီနေရာမှာ
ဒီလောက်ပြောတာတောင်လွန်လှပြီဆိုတော့ …။
ကျနော် ့သဘောကိုပြောရရင်တာ့ တတ်နိုင်သမျှ စဉ်ဆက်မပြတ် ရှုမှတ်နိုင်တာကိုပဲ သဘောကျတယ် ။
ဘယ်နှစ်နာရီတော့ဖြင် ့ ဆက်တိုက် ထိုင်ပစ်လိုက်တယ်ဆိုတာထက် …..ဘယ်လောက်စူးစူး စိုက်စိုက်
ရှုမှတ်တယ်ဆိုတာကို ပိုပြီးလုပ်စေချင်တာပဲ ။
အခုဦးကြောင်ပြောသလို စိတ်ကိုလွှတ်ချတယ်ပဲဆိုဆို …ဆုပ်ကိုင်မထားဘူးပဲဆိုဆို …အဲသလိုအခြေအနေ
ရောက်နိုင်ဖို့ကို အတားအဆီးပေါင်းများစွာကို ကျော်ဖြတ်ရလိ်မ့်မယ် ….ပီတိတို့ ပဿတိတို့ အပါအဝင်
လို့ ထင်ပါတယ် …။ခန် ့မှန်းရသလောက် တင်္ခါနုပက္ခာညဏ် ဝန်းကျင်လောက်ဖြစ်မယ်ထင်တယ် …။
အဲသလောက်မှာတော့ အပူအအေး အကောင်းအဆိုးကို ဥပေက္ခာပြုနိုင်ပြီး စိတ်ကိုလည်း သိရုံသိ မစွဲငြိ
လောက်ဘူးထင်ပါရဲ ့ …..။
MaMa
November 2, 2012 at 8:31 am
ဉာဏ်မမှီလို့လား မသိဘူး။
အဲဒီဆရာတော်တရားတွေ နာဖူးပေမယ့် နားမလည်ဘူး။
မတူသော အတွေးများနဲ့ လောကဂျီးကို ရှုပ်အောင်လုပ်ထားတဲ့ နေရာမိုလို့ နည်းနည်းတော့ ရှုပ်ခွင့်ပြုပါဆိုပြီးပြောတော့ ပိုရှုပ်သွားတယ်။ :harr:
ကဲ- စိတ်ရွှင်လန်းသွားအောင်…..
အောက်ဆုံးက ကြောင်လို ကိုယ်လက်လှုပ်ရှားအားကစားလေးလုပ်အုံးမှပါပဲ။
:kwi:
San Hla Gyi
November 2, 2012 at 6:39 pm
ကိုကြောင်ကြီးရေ
မရေးစဖူး ဟာသနဲ့ ခနဲ့တာတွေ အရေးများသူက ဒါမျိုးရေးတော့ အမြင်ဆန်းတာပဲ။ သိပ်တော့လည်း မဆန်းပါဘူးလေ။ ကျုပ်တောင် မရေးစဖူး ခနဲ့ဟာသကို စမ်းကြည့်သေးတာပဲ။ ဖတ်တော့ ဖတ်သွားပါတယ်။
အမှန်တော့ ဥပမာလေးတွေ ထည့်ပြရင် ပိုပြီး မြိုင်ဆိုင်မယ်ထင်တယ်။ ဒါလည်း ကျနော့်အထင်ပါ။ အားပေးပါကြောင်း။
မောင်ပေ
November 2, 2012 at 9:31 pm
ဆရာကြောင်ရေးသမျှ အားလုံး အားပေးပါသည်
ပုံ
တပည့်ကျော်
မောင်ပေ
ဦးကြောင်ကြီး
November 3, 2012 at 9:20 am
အန်တီဝေ..
ကြောင်းကျိုးစပ်ဆက်မှု ရှုဒေါင့်ကနေ မြင်ကြည့်ပါ။ ပိုရှင်းလိမ့်မယ်။ စွန်းလွန်းဆရာတော် ပြောတဲ့ မသိလို့လိုချင် လိုချင်တော့ပြုလုပ် ပြုလုပ်တော့ရရှိ ရရှိတော့စွဲလန်း၊ ပါဠိလိုတော့ အဝိဇ္ဇာ တဏှာ ဥပါဒါန် ဘဝ ဇာတိ သင်္ခါရလို ဆိုလေ့ရှိကြတယ်မဟုတ်လား။ အဲလိုပဲ မရှိတော့တဲ့စိတ်ကို အတည်ယူ (အဝိဇ္ဇာ)တော့ အာရုံခြောက်ပါးဖြစ် (တဏှာ)၊ ကိလေသာထ (ဥပါဒါန်)၊ ကံဖြစ် (ဘဝ၊ဇာတိ၊ သင်္ခါရ) စက်ဝန်းလည်ပုံ ဖြစ်ပါတယ်။ စကားအကျအနတော့ မယူနဲ့ဗျာ၊ ပညတ်ဆိုတာ မှားနိုင်တယ်။ အရေးကြီးတာ ဖြစ်ကြောင်းနဲ့ ဖြစ်တာ ကွဲပြားသိဖို့၊ ဖြစ်ကြောင်းကို ဖြတ်နိုင်ဖို့ လိုရင်းဖြစ်ပါတယ်။ အကြောင်းအကျိုးမှာ တခုနဲ့တခု ဖင်နဲ့ခေါင်းဆက်နေတာမို့ အကြောင်းလည်းအကျိုး အကျိုးလည်းအကြောင်း ဖြစ်နေတတ်တယ်၊ အဲဒါကို မျက်စေ့ မမှောက်စေဖို့ ရည်ရွယ်ချက် ဖြစ်ပါကြောင်း…
ကိုဆာမိရေ..
သင်္ခါရူပေက္ခောညဏ်ကို ပြောတာနဲ့ တူတယ်နော်။ အဲဒီညဏ်က သိပ်မြင့်ပါတယ်၊ တတိယအဆင့်ကို ပြောတာ၊ ရုပ်ကို လက်လွတ်ရှုတယ်လို့ မှတ်သားဖူးတယ်။ ကျနော်အခု ပြောတာကို ကြောင်းကျိုးသင်္ခါရသဘော မြင်ကြည့်တာ ပိုသင့်တော်မယ်။ အဝိဇ္ဇာ တဏှာ သင်္ခါရ ဖြစ်ရပုံပါ။ ဝိပဿနာမှာ ရုပ်ကမ္မဌာန်း၊ နာမ်ကမ္မဌာန်းဆိုပြီး အကြမ်းအားဖြင့် နှစ်မျိုးရှိတယ်။ ရုပ်ကမ္မဌာန်းက သမထအခြေခံလို့ ပီတိလိုမျိုး စူးစိုက်ရှုမှတ်ခြင်း သမာဓိမှဖြစ်လာတဲ့ အတွေ့အကြုံ ပိုများလိမ့်မယ်။ (အထင်ပါ)။ သဘာဝဓမ္မလို နာမ်ကမ္မဌာန်းမှာကြတော့ အရာရာကို အတတ်နိုင်ဆုံး စွန့်နေတာမို့ သမာဓိထက် သတိဦးစီးတယ် ပြောနိုင်မယ်ထင်တယ်။
ကိုစံလှကြီးခင်ဗျား..
အရင်ကလည်း ဓမ္မပို့စ်အတော်များများ ရေးပါတယ်၊ သို့သော် အားမပေးကြတာကြောင့် စိတ်သိပ်ပါမှ ရေးဖြစ်ပါတော့တယ်။
ကျန်ဖတ်ရှု၊ မှတ်ချက်ပေးသူများ အားလုံးကိုလည်း ကျေးဇူးအထူး တင်ရှိပါသည်။
November 3, 2012 at 10:42 am
ဖတ်ဖူးတာလေး တရားပြန်ဟောပါရစေ..
သားတော်မောင်က သူ ့အဖေကွမ်းယာသည် အဖိုးကြီးကို ရိပ်သာပို ့ပေးတယ်..
ရိပ်သာက ပြန်ထွက်လာတဲ့ ကွမ်းယာသည်အဖေက အိမ်ရောက်တော့ သူ ့သားကို ကျနော်ကျနော်နဲ ့ပြောတယ်..
အဖေ ထမင်းစာပလားဆိုရင် ကျနော် မစာသေးဘူးလို ့ဆိုတယ်
မနက်ဆို ကျနော် ကွမ်းယာဆိုင် ဖွင့်လိုက်ဦးမယ်..အဲလိုပေါ့..
ရိပ်သာထွက် သူ ့အဖေကိုကြည့်ပြီး သားတော်မောင်လဲ နားမလည်နိုင်ဖြစ်နေတယ်ပေါ့..
နောက် မေးကြည့်တော့မှ ငါဆိုတာ မရှိ ငါစွဲကိုဖြုတ်ရမယ် လို ့ရိပ်သာမှာ ဆိုလို ့ ဘိုးတော်လဲ သူ ့သားကို ငါလို ့မပြောပဲနဲ ့
ကျနော် ကျနော် လို ့ပြောတာပါတဲ့..
အခု လာမန် ့တာ လဲ ငါမဟုတ်
ငါဆိုတာ မစိတော့ဘူး
ခင်ဗျားတို ့လဲ ဘေးက ပုံမကြည့်ဖြစ်ရင် ငါ့ကိုမမြင်နိုင်ဘူးမလား..
ကောင်းဒယ်..ကျုပ်ကတော့ လုံးဝကို လောကထဲက ပျောက်ထွက်သွားပြီ
လောကမှာ ငါမစိ..
ရွာထဲမှာ ငါမစိ.
ငါဘသူလဲ မသိချင်ကြနဲ ့တော့
အူးဘဇင်းကျောင်ရီး
နောက်ခါ တရားကို တိုတိုပြတ်ပြတ်ဟောဗျာ
ကြုတ်က အိပ်ငိုက်တတ်တယ်..
ဒါဗျဲ..
ပုံ
အမြည်မသိ အူးဗိုက်