“မနေ့ညက ကျွန်တော့်အကြောင်းနည်းနည်း ဖတ်စာ”
မနေ့ညက ကျွန်တော် သေခဲ့တယ်။ ကျောက်တောင်ကို လှိုင်းပုတ်သလိုပါပဲ။ လူဆိုတာ ရှင်သန်ခြင်းမှာ ခဏတိုင်း သေခဲ့ရ။ အတိတ်တွေက ဝိုးခနဲ ဝါးခဏနဲ့ အိပ်မက်တွေက အပိုင်းပိုင်းပြတ်ကာ ကျွန်တော် လန့်နိုးလာတယ်။ အိတ်ကပ်ထဲက ငွေစတစ်ချို့ကို ရေတွက်ကြည့်တော့ ရန်ကုန်မြို့နယ် တစ်ခုက တစ်ခု သွားစာ ဘက်စ်ကားခထက်မပိုတော့။ ခုနှစ် သက္ကရာဇ်များကို ဖြိုခွင်းရင်း ပြက္ခဒိန်များက သံချေးတက် မျှော်လင့်ချက်များကို တိုက်စားလို့။ သွားလက်စ ခရီးတွေ ခဏရပ်၊ စားလက်စ မနက်စာတွေ ခဏရပ်၊ တွေးလက်စ အတွေးတွေ ခဏရပ်လို့ ကျွန်တော် မနေ့ညက သေခဲ့တယ်။
မနေ့ညက ကျွန်တော် သေခဲ့တယ်။ ကိုယ့်ကိုယ်ကို ကွေးလိမ်ထားရတဲ့ နေ့စွဲများကို ကျွန်တော် အမှတ်ရကြည့်တယ်။ ဒိုင်ယာရီစာအုပ်ထဲက မိန်းမလှတစ်ယောက်ရဲ့ လက်ရေးသော့သော့ကို ကျွန်တော် ပြန်လွမ်းရင်း ကျွန်တော့်နှလုံးသားက ဒဏ်ရာသေးသေးလေးဟာ အမာရွတ်တစ်ခု ဖြစ်တည်လာခဲ့။ ကလေးဆန်မှုတွေပါပဲ။ ဘဝမှာ ကစားစရာ အရုပ်မရလို့ ငိုရတဲ့ ခံစားမှုနဲ့ ချစ်သူရဲ့ အမုန်းကို ရလို့ ငိုရတဲ့ ခံစားမှုဟာ တကယ်တော့ ဘာမှ မကွာခဲ့ဘူး။ သံသရာတစ်စကို စွဲထုတ်ရင်း ကျွန်တော့် အတ္တတွေက ရှင်းဖို့ မလွယ်တဲ့ ကြိုးအထုံးတွေဖြစ်လာတယ်။
မေမေကို ကျွန်တော်မေးကြည့်တော့ သူ့ဘဝမှာ ဘာမှမရှိဘဲ ကျွန်တော်တို့ချည်း ဖြစ်နေတယ်။ ဖေဖေ့ကို ကျွန်တော် လေ့လာကြည့်တော့ သူ့ဘဝမှာ ကျွန်တော်တို့နဲ့ သူ့လုပ်ဖေါ်ကိုင်ဖက်တွေ ရှိနေတယ်။ ကျွန်တော့်ကို ကျွန်တော် ပြန်ကြည့်တော့ ဘာမှ မရှိသလိုနဲ့ တိုင်းရေးပြည်ရေးနာမည်ခံ သတ္တိအတုတွေ ရှိနေတယ်။ ကျွန်တော်ရှက်ရင်း သေသွားခဲ့တယ်။
တစ်ခါတစ်လေမှာ ဘုရားသခင်ကိုယ်တိုင် ဘာသာမဲ့ဖြစ်နေမလားလို့ ကျွန်တော် အယုံအကြည် ကင်းမဲ့လာတယ်။ အလုပ်လုပ်တယ်။ သီအိုရီတွေ လေ့လာတယ်။ ဘာသာစကားကင်းမဲ့စွာ လူတွေနဲ့ ပေါင်းသင်းတယ်။ မျက်ဖြူစိုက်မှ လူလို့ ထင်မယ့် သူတွေကို မျက်ဖြူစိုက်ပြတယ်။ လေပေါ်ပျံမှ ငှက်ဖြစ်မယ်ထင်တဲ့သူတွေကို ခုန်စွခုန်စွလုပ်ပြတယ်။ တဖြည်းဖြည်း ကျွန်တော်ဟာ တစ်စတစ်စ သေဆုံးလာတယ်။ မတွေဝေမှုတွေပါပဲ။ နိုင်ငံရေးဆိုတာ ဆန္ဒပြတာလို့ ထင်ထားတဲ့ မြို့ပြကြီးကို ကျွန်တော် အစာငတ်ခံ ဆန္ဒပြကြည့်တယ်။ ကျွန်တော့်အစာအိမ်တွေသာ တဖြည်းဖြည်း ပါးလျလို့။
ကျောပိုးအိတ်တစ်လုံးထဲမှာ ကွန်ပျူတာ တစ်လုံးပါမယ်။ အဲဒီ ကွန်ပျူတာထဲမှာ ကျွန်တော် စိတ်ထဲက လျှံကြလာတဲ့ အဆိပ်အိတ်တွေပါတယ်။ အဲဒီအဆိပ်အိတ်ထဲမှာတော့ ကျွန်တော် မသိခြင်းများနဲ့ ကျွန်တော့် အမှားအယွင်း တံဆိပ်ခေါင်းတွေပါတယ်။ ခင်ဗျားတို့ သင့်တော်သလိုသာ ဒီဝါကျကို ပြန်စီဖတ်ပါ။ ကျွန်တော့်မှာ သွေးနဲ့ ကိုယ် သားနဲ့ကိုယ် လွဲမှားမှုတွေများနေတယ်။ မိဘနဲ့ သားသမီး အထင်လွဲမှု၊ တာဝန်မယူမှု နည်းနည်း ရှိတယ်။ လူမျိုးခြား၊ ဘာသာခြားတွေနဲ့ အခြေအနေ ပြန်ပျော့ပြောင်းချင်တဲ့ ငြိမ်းချမ်းရေး စိတ်ထား မဆိုသလောက်ရှိတယ်။ အဲဒီထက်ပိုတဲ့ အဲဒီထက်လျော့တဲ့ အလျှော့အတင်းရှန်တိန် ကိုယ့်ကိုယ်ကို အကာအကွယ်ယူမှု နည်းနည်း ရှိတယ်။ မိသားစုနဲ့ ကင်းကွာမှု အလွမ်း၊ ညီအစ်ကို မောင်နှမ သံယောဇဉ်များနဲ့ ခပ်ရှုပ်ရှုပ် ရူးသွပ်မှုလည်း ရှိနေလိမ့်မယ်။
ဒီရက်ပိုင်း ကျွန်တော် အသက်ရှင်ဖြစ်ခဲ့ပေမယ့် မနေ့ညက ကျွန်တော် သေခဲ့တယ်။ သေပြီးတဲ့ နောက်မှာ ရှင်သန်ခြင်း ထပ်မဖြစ်ချင်တဲ့ စိတ်မျိုးမဖြစ်သေးဘဲ တရားဟော ဆရာများရဲ့ မေးခွန်းကို ကြားကောင်းရုံမျိုး နိဗ္ဗာန်ကို အကြောင်းပြု ကောင်းမှုလုပ်ပါတယ်ဆိုတဲ့ အဖြေအတုမျိုး ကျွန်တော့်မှာ ရှိတယ်။ တစ်ပတ်တစ်ခါ ဘုရားမရောက်ဖြစ်တဲ့ ဘာသာတရားနဲ့ ဘာသာခြားတွေကို မေတ္တာထားပါတယ်ဆိုတဲ့ ယဉ်ကျေးမှုမျိုးလည်း ကျွန်တော့်မှာ ရှိနေပြန်တယ်။ အဲလိုနဲ့ပဲ ကျွန်တော် မနေ့ညက သေခဲ့တယ်။
ရထားဥဩသံတွေ ကြားနေရတယ်။ ဒါဘာသံတွေလဲ။ ဂျုန်းဂျုန်းဂျက်ဂျက် မဟုတ်လို့ ရထားသံ မဟုတ်ဘူးပြောမယ့် သူငယ်တန်းကလေးတစ်ယောက်ကို ကျွန်တော် ပြုံးကြည့်ဖြစ်ခဲ့တယ်။ ဆန်ပြုတ်သောက်ပြီး ကျွန်တော်တို့ကို မွေးခဲ့တဲ့ ကျွန်တော့်မေမေရော ခုဘာတွေလုပ်နေမလဲ။ ကျွန်တော့် အိတ်ကပ်ထဲက ငွေစအနည်းကို ဖိညစ်ရင်း ကျွန်တော့်ကျောပိုးအိတ်ထဲကို မျက်ရည်တစ်စ ထည့်သိမ်းလိုက်တယ်။ မနေ့ညကပါပဲ။ ကျွန်တော် သေခဲ့တယ်ပေါ့။
တံတားတွေခင်းနေကြတယ်။ တစ်ဖက်ကမ်းက ချစ်သူတွေ တစ်ဖက်ကမ်းကို ကူးသန်းသွားလာနိုင်ကြပါစေ။ တံခါးတွေ ဖွင့်နေကြတယ်။ သာသောကျီးတိုင်း ရွှေဧည့်သည်တွေ လာနိုင်ကြပါစေ။ တရားသော ရှေ့နေ၊ မသေသော ဆေးသမားဆိုသည်မှာ မတွဲသင့်တဲ့ စကားပုံဖြစ်ကြောင်း အတိအလင်း ကြေငြာချက် ထုတ်ချင်တယ်။ မြေနီလမ်းလေးကို သတိတရ၊ ချင်းပြည်နယ်ကို အမှတ်တရ၊ မိုးကုတ်မြို့ကို အမှတ်တရ၊ လားရှိုးမြို့ကို အမှတ်တရနဲ့ ရန်ကုန်မှာ ကျွန်တော် အလုပ်များရင်း သေခဲ့တယ်။
ဘာမှတော့ မထူးခဲ့ပါဘူး။ အတွေးများကို ပြန်သတ်နေတဲ့ အတွေးအခေါ်သမားများနဲ့ စကားပြောကြည့်တယ်။ ဆိုခရေးတီးရဲ့ ဒိုင်ယာလက်တစ်၊ ဖူဇီလော့ဂျစ်ရဲ့ အမှားများ အမှန်များ၊ အမှုန်ဖြစ်စဉ်ရဲ့ အာကာသအချိန်များနဲ့ ကျွန်တော့်ကိုယ် ကျွန်တော် ဘာမှမဟုတ်သေးတဲ့ လူသိမ် လူမွှားလေးအဖြစ် မြင်လာတယ်။ ကျွန်တော် တကယ် သေခဲ့ပါတယ်။
သီချင်းတွေကို မျက်လုံးနဲ့ သေချာကြည့်ဖြစ်တော့ ကျွန်တော့်နားထဲမှာ ဘယ်လို မှ မလှလာတော့ဘူး။ ခန္ဓာငါးပါးတိုင်း ကျွန်တော် မကျန်းမာတော့ဘူး။ ဆေးကုသတယ်။ ကာကွယ်ယူမှုများ ပြင်ဆင်တယ်။ ကျန်းမာရေးရှုထောင့်တွေက ကြည့်တယ်။ ကိုယ်လက်လှုပ်ရှား အားကစားလုပ်တယ်။ ပြီးတော့လည်း ဘာမှ မဟုတ်ဘူး။ မနေ့ညက ကျွန်တော် သေသွားခဲ့တာပဲ။
ဖန်ခွက်တွေ တစ်ခွက်ပြီးတစ်ခွက်နဲ့ ကျွန်တော်အသုံးပြုမိတဲ့ ညအတွက် သေချာပေါက် မိုးလင်းချိန်မှာ ခေါင်းကိုက်ရမှာပဲ။ ဘာမှ မဆန်းတဲ့ စကားလုံးတွေနဲ့ ကျွန်တော် မရိုးရှင်းတော့တာ ကျွန်တော့်အတွက် လွဲချော်မှုတွေလား။ စက္ကန့်သံတွေမကြားရတော့ဘူး။ နာရီတွေ မလည်ပတ်တော့ဘူး။ အရှိန်အဟုန်နဲ့ ကျွန်တော် မှားလာခဲ့တယ်။ ကျွန်တော်ရပ်တန့်ပစ်လိုက်ဖို့ မရခဲ့ဘူး။ ဘဝဆိုတာ အရှိန်များလေလေ ရပ်ဖို့ခက်လေလေပဲ။ အချိန်ယူမှုတစ်ခုကို တည်ဆောက်တယ်။ မပြီးခင်မှာ ကျွန်တော် သေသွားခဲ့တယ်။
ဖြစ်နိုင်ရင် သံယောဇဉ်အဟောင်းတွေဆီက ငွေရေးကြေးရေး ခေါင်းပုံဖြတ်မှုပြုလုပ်ချင်တယ်။ မာနတွေချည်း သီးသန့်ထားပြီး လိုအပ်သလောက် ထုတ်သုံးတတ်တဲ့ အရည်အချင်းမျိုးရချင်တယ်။ ယောနသံ ဇင်ယော်တွေလိုမျိုး ကမ်းနဲ့ ဝေးရာမှာ အပျံသင်ချင်လာတယ်။ ဘုရင့်နောင် ဖေါင်ဖြတ် ပြတ်သားမှုမျိုးနဲ့ ကိစ္စတစ်ချို့ကို ကျွန်တော် မေ့ပစ်ချင်တယ်။ စတီဗင်ဟော့ကင်းလို ဘီးတပ်ကုလားထိုင်ပေါ်ကနေ အာကာသအကြောင်း ပြောချင်လာတယ်။ အဲဒီဆန္ဒတွေ မပြီးမြောက်ခင်မှာ မနေ့ညကလို ကျွန်တော် သေသွားမယ်လို့ မထင်ထားခဲ့မိဘူး။
ကမာ္ဘသမိုင်းမှာ နှစ်ရှည်လများ စစ်ပွဲတစ်ခုအတွက် ဘာမှ မလိုခဲ့ဘူး။ နယ်နိမိတ် တစ်ပေစာလောက်ပဲ ကျူးကျော်ဖို့ လိုတယ်။ ကျွန်တော့် စိတ်မှာတော့ လူများစွာ အဖြစ်အပျက်များစွာက အလင်းနှစ်ပေါင်းများစွာ ဝင်ရောက်ကျူးကျော်ခဲ့ကြ။ ကျွန်တော့်စစ်အတွက် ကျွန်တော့်ကိုယ် ကျွန်တော်ကြေငြာချက် ထုတ်ရင်း ကိုယ်မိတဲ့ငါး ကိုယ်မစားရတဲ့ တံငါသည်လို ကျွန်တော် ပူလောင်လာတယ်။ ခပ်ဝါးဝါးပါပဲ။ မနေ့ညက ကျွန်တော် သေခဲ့တယ်။ အနုနဲ့ အတုကို ရောထွေးမိတဲ့ ပညာရပ်တစ်ခုကို ကျွန်တော် တတ်မြောက်နေသလား။ ကျွန်တော် မသေချာတော့ဘူး။
ကျောက်တောင်ကို လှိုင်းပုတ်တယ်။ ကျောက်တောင်က ရွှဲနစ်လို့။ ပြီးတော့လည်း အဲဒီလှိုင်းက ပြန်သွားတယ်။ ခဏနေတော့ ကျောက်တောင်ကို လှိုင်းပြန်ပုတ်တယ်။ ကျောက်တောင်ဟာ ပြန်ရွှဲနစ်သွား…။ ပြီးတော့လည်း အဲဒီလှိုင်းက ပြန်သွားရတာပဲ။ ဖြစ်စဉ်တစ်ခုကို ခဏတိုင်းလုပ်နေရတဲ့ ဖြစ်ရပ်တွေကို ကျွန်တော် ရိုးအီလာတယ်။ မနေ့ကဆိုတဲ့ ရက်စွဲတိုင်း ကျွန်တော် သေသေနေခဲ့ရတာ…။ ကျောက်တောင်ကို လှိုင်းပုတ်နေသလိုပါပဲ။ ကျွန်တော် ရွှဲနစ်သွားခဲ့ရ။ ပြီးတော့လည်း ရက်စွဲတွေက ကျွန်တော့်ကို ထားသွားကြတာပါပဲ။
2 comments
may flowers
November 6, 2012 at 10:57 pm
အရေးအသားကောင်းလွန်းတော့ ခဏဆိုပြီး ဝင်ကြည့်လိုက်ပေမဲ့ ဆုံးခန်းတိုင်အောင်ဆွဲခေါ် ဖမ်းစား
ထားနိုင်တဲ့ ပိုစ့်လေးပါလားလို့ မှက်ချက်ပြုရင်း စဆုံး အားပေးဖတ်ရှုသွားပါတယ်ရှင့်။
မောင်ပေ
November 7, 2012 at 9:41 pm
ဆန္ဒတွေပြင်းပြီး မပြည့်ဝရင် ပူလောင်လွန်းတတ်တာကလား