လူနှင့်အကျင့်များ (၂)
အကျင့် = အဆင့်
……………………
“အကျင့်”
လူတိုင်းရင်းနှီးတဲ့ စကားလုံးပါပဲ။
လူတိုင်းနဲ့ သိပ်မရင်းနှီးတာက အဲဒီ့အကျင့်ရဲ့ တစ်ဘဝတာ သက်ရောက်မှုပါ။
တိတ်တိတ်ပုန်း ခိုကပ်လိုက်ပါနေတဲ့ အဲဒီ့အကျင့်ရဲ့ မောင်းနှင်မှုအားကိုပါ။
တကယ်တော့ လူတစ်ယောက် ဘာဆိုတာကို အဆုံးဖြတ်ပေးတာ တစ်ခြားလူတွေမဟုတ်၊ သူ့မှာရှိတဲ့ အဲဒီ့အကျင့်တွေပါပဲ။
လူဖျင်းလူညံ့လား လူကောင်းလူတော်လား၊ ထုံထိုင်းသူလား ထက်မြက်သူလား၊ အလကားလူလား အရည်အချင်းရှိသူလား၊ လူ့ချဉ်ဖတ်လား လေးစားစရာလူလား၊ သုံးမရသူလား ကိုယ်ရည်ကိုယ်သွေးပြည့်သူလား၊ လူယုတ်မာလား အကြင်နာတရား ရှိသူလား။
အဲဒီအကျင့်က လူတစ်ယောက်ကို အောင်မြင်အောင်လုပ်တယ်၊ ကျရှုံးအောင်လုပ်တယ်။ ဂုဏ်သရေရှိအောင်လုပ်တယ်၊ ကျက်သရေမဲ့အောင်လုပ်တယ်၊ ဘဝခရီး ဖြောင့်ဖြူးအောင် ကူညီတယ်၊ ဘဝလမ်း ကြမ်းတမ်းအောင် ကျိန်စာတိုက်တယ်။
စီးပွားရေးမှာ၊ လူမှုရေးမှာ၊ အိမ်ထောင်ရေးမှာ၊ နေ့စဉ်ဖြတ်သန်းနေရတဲ့ လောကပတ်ဝန်းကျင်မှာ လူတစ်ယောက်မှာရှိထားတဲ့ အကျင့်တွေက အဲဒီလူရဲ့ အရည်အချင်း ပမာဏကို အမှတ်ပေးတယ်၊
ကောင်းတဲ့အကျင့်ရှိသူကို ကောင်းသလို
သင့်တဲ့အကျင့်ရှိသူကို သင့်သလို
ညံ့တဲ့အကျင့်ရှိသူကို ညံ့သလို။
တကယ်တော့ “အကျင့်”ဆိုတာ လူတစ်ယောက်ရဲ့ “အဆင့်”ပါပဲ။
ငယ်ကအကျင့် အနှစ်တစ်ရာ မပျောက်သာ
………………………………………………….
“ကလေးကို အကျင့်မလုပ်နဲ့”
“သွားမစနဲ့၊ အကျင့်ပါသွားမယ်”
ငယ်ငယ်က လူကြီးမိဘတွေ ပြောလေ့ရှိတဲ့ စကားပါ။
အကျင့်ဆိုတာ ပါမိရင် အဖျောက်ရ အတော်ကြီးခက်တာ သူတို့ သိထားကြတယ်မဟုတ်လား။
တစ်ချို့အကျင့်အသေးအမွှားတွေက ပတ်ဝန်းကျင် ပြောင်းရင် အလိုလိုပျောက်သွားတတ်ပေမယ့် တစ်ချို့အကျင့်တွေကျတော့လည်း ပါလာမိရင် ဘယ်လောက် ရေဆေးဆေး သေရာပါသွားတတ်ကြရဲ့။
“မလွယ်ပါဘူး၊ သူက အကျင့်ပျက်သွားပြီ”
“ကြည့်ပေါင်း၊ ဒီလူက အကျင့်ကောင်းတာမဟုတ်ဘူး”
“တော်ပါ၊ အကျင့်ပျက် ချစားနေတဲ့ လူကြီး”
ကျွန်တော်တို့ အရွယ်ရောက်လာတဲ့အချိန် ကျွန်တော်တို့သိတဲ့ တစ်ယောက်ယောက်ကို ရည်ညွှန်းပြောလေ့ရှိတဲ့စကား။
အဲဒီ့လူရဲ့ စိတ်နေသဘောထား၊ လုပ်ပုံကိုင်ပုံ၊ ပြုမူဆက်ဆံပုံ စတာတွေကို ကြည့်ပြီး ကျွန်တော်တို့ဘက်က မှတ်ချက်ချတဲ့စကား။
တစ်နည်းအားဖြင့် လူတစ်ယောက်ရဲ့ အကျင့်ဆိုးတွေ critical အဆင့်ရောက်သွားတဲ့ အနေအထားကို ညွှန်းတဲ့စကား။
ဆရာဝန်တွေ ခေါင်းယမ်းပြီး ပြောလေ့ရှိတဲ့ “ကျွမ်းနေပြီ၊ မရတော့ဘူး”ဆိုတဲ့ စကားအတိုင်းပါပဲ။
မမြင်ရတဲ့ အကျင့်ဆိုး
…………………………………..
အမှန်အတိုင်းပြောရရင် ကျွန်တော်တို့က အကျင့်မကောင်းဘူးလို့ ကြားရင် ဆရာဝန်ခေါင်းယမ်းပြီး ကျွမ်းနေတဲ့ အခြေအနေမျိုးတွေကို ပြေးပြေး မြင်ယောင်လေ့ရှိကြတယ်။
လူတစ်ယောက်ရဲ့ ဆိုးတာပေတာ၊ မူးတာရူးတာ၊ ရိုင်းတာစိုင်းတာ၊ မောက်မာတာ၊ ရက်စက်တာ၊ ကြာခိုတာ၊ ကြမ်းကြုတ်တာ၊ ရန်လုပ်တတ်တာ၊ ခိုးတတ်ဝှက်တတ်တာစတဲ့ ထင်သာမြင်သာ အရှိဆုံးအရာတွေကို အကျင့်ပျက်နေတာလို့ နားလည်လေ့ရှိကြတယ်။
ဟုတ်ကဲ့၊ အဲဒါတွေဟာလည်း ပျက်နေတဲ့ အကျင့်တွေပါပဲ။
ဒါပေမယ့် ဒီ့ထက် ပိုမိုနက်နဲပြီး ပိုအနုစိပ်ကျတဲ့ လူ့အကျင့်ကလေးတွေ ရှိပါသေးတယ်။ အဲဒီ့အကျင့်ကလေးတွေဟာ သေးမွှားသယောင် ရှိပေမယ့် လူတစ်ယောက်ကို နောက်ကွယ်က ကြိုးကိုင်ပြီး အောက်ကို ဆွဲချနိုင်တဲ့အထိ စွမ်းအားပြင်းပါတယ်။
အဲဒီ့အကျင့်ကလေးတွေက လူ့လောကမှာ လုပ်လို့ကိုင်လို့၊ နေလို့ထိုင်လို့ အဆင်မပြေအောင် လုပ်တယ်၊ စလျှောက်မိခဲ့ရာက ဦးတည်ရာ လမ်းကြောင်းကနေ သွေဖယ်သွားအောင် လုပ်တယ်။
အဲဒီ့အကျင့်ကလေးတွေက အရှုံးတွေကို ဖန်တီးတယ်၊ အမုန်းတွေကို ပွားစေတယ်၊ နောင်တတရားတွေကို စိုက်ပျိုးတယ်၊ လူ့လောကရဲ့ ဟာမိုနီဖြစ်မှုကို ထုချေပစ်တယ်၊ သဘာဝပတ်ဝန်းကျင်ကို ညစ်နွမ်းစေတယ်။
လင်နဲ့ မယား၊ သားသမီးနဲ့ မိဘ၊ အလုပ်ရှင်နဲ့ အလုပ်သမား၊ သူငယ်ချင်းနဲ့ သူငယ်ချင်း အချင်းချင်းကြားမှာ အသင်းအပင်းကွဲပြားအောင် လုပ်တာလည်း အဲဒီ့အကျင့်ကလေးတွေပါပဲ။
ဒါပေမယ့် အဲဒီအကျင့်ကလေးတွေက သူ့မှာရော ကိုယ့်မှာပါ၊ ပတ်ဝန်းကျင်လောကတစ်ခုလုံးမှာ၊ လူအများအပြားဆီမှာ တွေ့နေရတော့ လူ့သဘာဝလို့တောင် ယုံကြည်လာပြီး မကောင်းတဲ့အကျင့်ရယ်လို့ လူအတော်များများက မထင်တတ်ကြတော့ဘူး။
ဘာပဲဖြစ်ဖြစ် မထင်တာက မထင်တာတစ်ပိုင်းပါ၊ မကောင်းတာကတော့ မကောင်းတာတစ်ပိုင်းပါပဲ။
အကျင့်ဆိုးကလေးများ
……………………….
စတီဗင်ကိုဗေးရဲ့သား ရှောင်ကိုဗေးရဲ့ “7 Habits of Highly Effective Teens” (ထက်မြက်သူ ဆယ်ကျော်သက်ဖြစ်ကြောင်း အကျင့် (၇)ပါး) စာအုပ်ထဲမှာ လူငယ်တွေမှာ ဖြစ်လေ့ရှိတဲ့ အကျင့်ဆိုးလေးတွေကို အခုလိုမျိုး စာရင်းလုပ်ပြပါတယ်။
၁။ တစ်ခြားကို အပြစ်ပုံချခြင်းအကျင့်။
ဒါတွေ အကုန်လုံး မင်းကြောင့် ဖြစ်ရတာ။ လောကကြီးက မတရားဘူး။ သူတို့လည်း မကောင်းဘူး။ ရာသီဥတုက ငါ့ကိုရွေးပြီး တမင်သက်သက် တိုက်ရိုက်ထိုးနှက်နေတာ သိလား။ ပတ်ဝန်းကျင်မကောင်းတော့ ငါလည်း အခုလို အခြေအနေ ရောက်နေရတော့တာပါပဲ။ ငါ့ဘဝ၊ ငါ့မိဘ၊ ငါ့မိန်းမ၊ ဒါတွေကြောင့် ငါ့မှာ ဘာမှ လုပ်လို့မရ၊ အမှန်ဆို ငါ့မှာ ဘာအပြစ်မှ မရှိဘူး။
၂။ ပန်းတိုင်မဲ့ ပျော်သလိုနေအကျင့်။
နေတတ်သလို ဒူးနှံ့နေ၊ အဆင်ပြေသလို သက်တောင့်သက်သာနေ၊ လေချွန်နေ၊ မနေ့ကဆိုတာ ပြီးသွားပြီ၊ မနက်ဖြန်ဆိုတာ ရောက်မလာသေးဘူး။ ဒါကြောင့် ဒီနေ့ ပျော်ပျော်ပါးပါး လှေလှော်သွားကြစို့။ ရည်မှန်းချက်တွေ ပန်းတိုင်တွေ ဘေးချိတ်၊ စိတ်ကို အိတ်ထဲ ထည့်၊ ထမ်းမထားနဲ့ လေးတယ်၊ အရာရာ နောင်ခါလာ နောင်ခါဈေး၊ ဒီကွေ့ ဒီတက်နဲ့ လှော်၊ ဟိုကွေ့ရောက် ဟိုတက်နဲ့ ပြောင်း၊ ဖြစ်သမျှအကြောင်း အကောင်းချည်းပဲ၊ ဘယ်လောက်ပဲ ရည်မှန်းချက် ကြီးမားကြီးမား၊ လူဆိုတာ နောက်ဆုံးတော့ သေမင်းဆီ ဦးတည်သွားမှာပဲ မဟုတ်လား။
၃။ ဟိုစစ ဒီစစ လုပ်ချင်တဲ့အကျင့်။
ရည်းမှန်းချက်ရော စိတ်ပါ ကြီးတယ်၊ ဒါပေမယ့် ပန်းတိုင်ကို ချီတက်မယ်လည်း လုပ်ရော ဟိုဟာလုပ်မယ် ဒီဟာလုပ်မယ် ဖြစ်တယ်၊ လမ်းမှာ ခွေးချင်း ပူးတာလည်း ဝင်ကြည့်လိုက်တယ်၊ အဖော်ကောင်းလို့ ခြင်းလုံးလည်း ဝင်ခတ်လိုက်တယ်၊ သူများ အသုဘမှာလည်း ထမင်း အလကား စားရမလားဆိုပြီး ဝင်ငိုလိုက်ပြန်တာပဲ၊ ကောင်မလေး ချောချောတစ်ယောက်က တစ်ဆိက်လောက် အိမ်ပြန်လိုက်ပို့ပါဦး ဆိုလာပြန်တော့လည်း ဖင်က အပေါ့သား၊ ဒီနေ့ မအားသေးပြန်ဘူး၊ မနက်ဖြန်တော့ ခွင့်ယူရဦးမယ်၊ စိတ်ကူးငါးပွက်ရာ ငါးစာလိုက်ချဖို့ အလုပ်ရှိသေးတယ်လေ။
၄။ ဘယ်သူသေသေ ငတေမာပြီးရောအကျင့်။
မင်း ဘာကောင်လဲ၊ ငါ ဘာကောင်လဲ၊ ဘယ်သူ ဘာကောင်လဲ၊ ဒီကမ္ဘာမှာ အရာရာထက် ငါ အရေးအကြီးဆုံး၊ ငါမစားရတဲ့အမဲကို ကျွဲသားလို့ ညာပြောမယ်၊ ငါ မသွင်းရတဲ့ ဘောလုံးဆို အုံးခနဲ ဘေးကန်ထုတ်မယ်၊ ငါ မရလိုက်တဲ့အချစ်ကို မစစ်ဘူးလို့ လျှောက်ပြောပစ်မယ်၊ နှစ်ယောက်လုံး အဆင်ပြေတာကို ငါ မလိုချင်၊ ငါ ပျော်ရွင်ဖို့အတွက် မင်း စိတ်ညစ်မှ ဖြစ်မယ်၊ ငါရ၊ ငါမြတ်၊ ငါနိုင်၊ ငါဦး၊ အားလုံးထဲမှာ အထူးခြားဆုံးဟာ ငါ။
၅။ ငါပြောတာ နားထောင်အကျင့်။
မင်း ဘာသိလို့လဲ၊ ငါက ငါ့အတွေ့အကြုံ၊ ငါ့ဗဟုသုတ၊ ငါ့ပညာအရည်အချင်း၊ ဆုံးအောင် နားထောင်၊ ငါက ကိုယ်ကျင့်တရားအရလည်း ပြောစရာ မရှိဘူး၊ ဝင်ဝင် မပြောနဲ့လို့ ပြောနေတယ်၊ ငါက အရာရာကို နားလည်တယ်၊ မင်းလို ငထူငအ မဟုတ်ဘူး၊ နားထောင်၊ ငါ သိတယ်၊ ငါပြောတာ နားထောင်၊ ငါက ဟိုတုန်းတည်းက ဆရာကြီး၊ အခုလည်း ဆရာကြီး၊ အကုန်သိ အကုန်တတ်၊ ဆုံးအောင် နားထောင်၊ မင်း ဒါတွေ နားလည်မှာ မဟုတ်ပါဘူး၊ ငါ ပြောချင်တာက မင်း ဝင်မပြောနဲ့။
၆။ တစ်ကိုယ်တော် ရွက်လွှင့်အကျင့်။
ငါ မဟုတ်တဲ့ သူများတွေနဲ့ ပေါင်းလုပ်လို့ ဒီလူတွေက ငါ့ထက်သာနေရင် ဒုက္ဒ၊ ဒါမှမဟုတ် ငါ့လောက်မှ သောက်သုံးမကျတဲ့သူတွေဆိုရင်လည်း ငါပဲ အရှုံး၊ ငါနဲ့ တန်းတူရည်တူဆိုရင်လည်း စကားများရပြန်ဦးမယ်၊ ငါ တစ်ယောက်တည်း ဒီအတိုင်းနေမယ်၊ ပြိုင်တူတွန်းရင် ရွေ့နိုင်သတဲ့လား၊ သွား စိတ်ရှုပ်တယ်၊ လူတွေနဲ့ ရောလို့ မောရမယ့်အစား ဝင်မတွန်းဘဲ ထားလိုက်တာပဲ ကောင်းမယ်၊ ရွေ့ရွေ့ မရွေ့ရွေ့၊ တစ်ယောက်တည်းနေ တစ်စိတ်ကြီးဝင်အဖြစ်က ငါ့ကိုယ်ငါ အဖိတ်အစင်မခံနိုင်ဘူး။
၇။ ကိုယ့်ကိုယ်ကို မှိုတက်အောင်ထားတဲ့အကျင့်။
ငါက မွေးရာပါ ပြည့်စုံပြီးသား၊ ထူးထူးခြားခြား ပြုစရာ ပြင်စရာ၊ သင်စရာ ကြားစရာ၊ ကျင့်စရာ ကြံစရာ ဘာမှ မလိုတော့ဘူး၊ ရဟန္တာတောင် ငါ့လောက် ပြည့်စုံမှာ မဟုတ်ဘူး၊ လူတွေ အသစ်အဆန်းလုပ် ပြောသမျှ ဆိုသမျှ၊ လုပ်သမျှကိုင်သမျှ၊ တွေးသမျှကြံသမျှ ငါ့အတွက်က မူလတန်းအဆင့်ပဲ၊ ငါဟာ အရာရာ ပြည့်စုံပြီးသား မဟာလူသား၊ နောက်ထပ် ဘာမှ လေ့ကျင့်နေစရာ မလိုတော့ဘူး။
ဟုတ်ကဲ့၊
အထက်ကအကျင့်တွေနဲ့ ကျွန်တော်တို့နဲ့ သိပ်စိမ်းလှမယ်တော့ မထင်ပါဘူး။ မစိမ်းရုံအပြင် တော်တော်လေး ရင်းရင်းနှီးနှီး ရှိကြမယ်လို့တောင် ထင်ပါတယ်၊ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်လောကမှာ၊ ကျွန်တော်တို့သိတဲ့ လူတစ်ချို့မှာ၊ ပြီးတော့ ကျွန်တော်တို့ မသိချင်ယောင်ဆောင်ထားတဲ့ ကျွန်တော်တို့ကိုယ်တိုင်ရဲ့ အတွင်းထဲမှာ။
ဒီအကျင့်တွေ ကိုယ့်မှာ ရှိနေရင်သာ ကိုယ့်အနားကလူတွေ ဘယ်လိုနေမယ်မှန်း မပြောတတ်မယ်၊ သူများမှာ ဒါတွေ ရှိနေတာဆိုရင်တော့ ဒီလိုလူမျိုးနဲ့ ပေါင်းရသင်းရမှာ အတော်လေး စိတ်ညစ်စရာ ကောင်းမှာပါပဲ။
ရှောင်ကိုဗေးပြောတာကတော့ ခင်ဗျားမှာ အထက်ကအကျင့်တွေ စွဲကပ်မှီခိုနေပြီဆိုရင်တော့ ဒါဟာ ခင်ဗျားအတွက် ရှုံးနိမ့်မှုတွေဆီ အရောက်သွားဖို့ ဗွီအိုင်ပီလက်မှတ် အဖြတ်ပြီးသား ဖြစ်နေပါပြီတဲ့။ ခင်ဗျားကိုယ်ပိုင် ဘဝတစ်ခုအတွက်၊ ခင်ဗျားမိသားစုအတွက်၊ ခင်ဗျားကုမ္ပဏီ၊ ခင်ဗျားအဖွဲ့အစည်းအတွက် ပန်းတိုင်နဲ့ လွဲချော်ပြီး ဒုက္ခမြောင်းကြီးထဲ ထိုးကျတော့ဖို့ လမ်းကြောင်းသင့်လျှက်သား ဖြစ်သွားပြီလို့ ဆိုချင်ပုံပါပဲ။
ဪ.. အကျင့်တွေ အကျင့်တွေ။
ဝန်ခံချက်။ ။
Stephen R Covey ရဲ့ 7 Habits of Highly Effective People စာအုပ်ကို အနှစ်ချုပ်ကို
ကျွန်တော်နားလည်သလို ပြန်လည် ဖွင့်ဆိုတင်ပြနေတာ ဖြစ်ပါတယ်။
9 comments
Khaing Zar Win
November 6, 2012 at 11:22 am
ဟုတ်ပါ့။ ဟုတ်ပါ့။ အဲဒိ အကျင့်ဆိုး(ဆိုတာလေး) ၈ ခုက ကျနော်ဆီမှာတော့အကုန်ရှိတယ်။
မနည်း ဖျောက်ဖျောက်ထားရတာ။
ကျော်ထင်နော်
November 6, 2012 at 11:37 am
ကျွန်တော့်စာထဲမှာက ရ ခုပါဗျ။ မခိုင်ဇာဝင်းမှာက တစ်ခုတောင် ထပ်ပိုနေသေးတယ်။
အဆင်ပြေတယ်ဆိုရင် အဲဒီ့တစ်ခုက ဘာလဲ ပြောပြလေ။ ထပ်ဖြည့်ရေးလိုက်မယ်.. ဟား ဟား။
Khaing Zar Win
November 6, 2012 at 11:53 am
အန်။ မှားပြီ။
ဟဲဟဲ။ ဆောဒီး။
ကျနော် ရေလိုက်ပါသေးတယ်ဗျ။
ကယ်ကူလေတာမနှိပ်လိုက်မိရင် မရေတတ်တော့လို့ထင်ပါတယ်။
နောက်အကျင့်ဆိုးကတော့ ကိုယ့်မှာရှိတဲ့ အကျင့်ဆိုးတွေကို သူများဆီမှာ ရှိ/မရှိလိုက်ကြည့်ပြီး ပြင်ဖို့မစဉ်းစားပဲ၊ သူခိုးသေဖော်ညှိတတ်ပါတယ်ဗျ။ :kwi:
ရွာသူ jujuma .
November 6, 2012 at 12:44 pm
ဒီ (၇) ချက်ထဲက (၃) မှာ တော့တော်တော် များများရှိတယ်ဗျ…
ကျန်တာကတော့ တတ်နိုင်သမျှ မရှိအောင်နေတယ် … :kwi:
candle .
November 6, 2012 at 8:06 pm
(၇) ချက်လုံးကောင်းတာမရှိပေမဲ့….
တစ်ချက်မှလည်း လွတ်လွတ်ကျွတ်ကျွတ် မဟုတ်….ခက်ပါ့ကွယ်….အတော်ကိုပြင်ယူရအုံးမယ်….
ခင်မင်အားပေးလျှက်….
aye.kk
November 7, 2012 at 9:38 am
လူနှင့်အကျင့်များပယ်သတ်နိုင်ရအောင်ပြောပြလိုက်ပါရစေ။
်ချမ်းမြေ ့ဆရာတော်ဘုရားကိုယ်တိုင်(၂၁.၈.၁၉၉၆)ရက်နေ ့မှစ၍ဟောကြားတော်မူတဲ့
တရားတော်ပင်မဆောင်ပုဒ်များထဲမှစိတ်မဲများကိုဖြူစင်စေသည့်နည်း(၆)မျိုးအားအားကြုံတုံးမျှဝေလိုက်ပါတယ်။
စိတ်မဲများကိုဖြူစင်စေသည့်နည်း၆မျိုး
မဲသည့်စိတ်ကို ဖြူစေလိုသော်
ိထိုထိုအာရုံ ညစ်မျိုးစုံနှင့်
မကြုံတွေ ့စေ မမွေ ့စေဘဲ
ပြောင်းလေဖုံဖုံ ကောင်းအာရုံတည့်
နုလုံပဋိ ဉာဏ်ချိန်ညှိလော့
ပို ့ဘိမေတ္တာ သမထာနှင့်
ပွားရာဝိပသ် နည်းခြောက်ရပ်တွင်
သင့်မြတ်ရာသုံး ဖြူစိတ်ဖုံးသည်
သက်လုံးချမ်းသာလိမ့်မည်တည်း။။
Shwe Ei
November 7, 2012 at 10:36 am
ရ ချက်လုံးကောင်းဘာဒယ်။ သဘောလဲကျဒယ်။
လိုက်နာကျင့်ကျံစရာမလိုအောင်လဲ ပြည့်စုံနေပီးသားမို့ အားပေးသွားဘာဂျောင်း။
နောက်ထှာ
aye.kk
November 7, 2012 at 3:46 pm
ဆရာတော်ဟောကြားတဲ့ရက်အမှန်က(၂၁.၈.၁၉၆၉)ပါ။ပြင်ဖတ်ပေးပါနော်။
၂၀၁၂ ရဲဝင်း
November 8, 2012 at 7:48 am
FRI: ပါဗျာ…
အဲ့ဆြာပဲ ဗျ 8th Habit
ဆိုပီး ထပ်ရေးထားသေးတယ်ဗျို့….
http://www.amazon.com/The-8th-Habit-Effectiveness-Greatness/dp/0743287932/ref=sr_1_1?ie=UTF8&qid=1352337410&sr=8-1&keywords=8th+habit
အုံးနှောက်ပျက်မှာစိုးလို့ ..ကျုပ်တော့ မဖတ်ဝူးရယ်…
ဟိ..
:kwi: