“ကျားကျားမီးယပ် (၁)”(EPISODE 9)
ကလေးဘဝတလျှောက်လုံးမှာ ယင်းမာနဲ့ လက်ပွန်းတတီးအနေဖြစ်ဆုံးကတော့ ကိုကိုလေး ဂျိမ်းစ် ပဲ ဖြစ်ပါတယ်။ သူနဲ့ကစားရင် တခြားမောင်နှမတွေလို ရွံ့တွန့်တွန့်ကြီးမနေပဲ စိတ်လွတ်ကိုယ်လွတ် ပြောမနာဆိုမနာရှိတယ်။ အသက်ကြီးလာတော့ ဟောင်ကောင်မှာ ဖေဖေနဲ့ မေမေလေးကို စောင့်ရှောက်ဖို့ မိသားစုလက်ငုတ်ကလေးကို အရှိန်မပျက် ဆက်လုပ်ဖို့ သူတစ်ယောက်ပဲ ကျန်ခဲ့ရှာတယ်။ ဒါကြောင့်လည်း ဖေဖေတို့ကသူ့ကို လက်ကတုံးတောင်ဝှေးကလေး လို့ ခေါ်ကြတာ။ မမကြီး လီဒီယာကတော့ အသက် ၁ရ နှစ်မှာ မေမေလေးတို့ စပ်ဟပ်ချိန်းတွေ့ပေးတဲ့ အမေရိကားက အင်ဂျင်နီယာကြီးနဲ့ ဒိတ်လုပ်ပြီး ပြန်လာတော့ စိတ်နဲ့လူနဲ့တောင် ကပ်တယ် မထင်ရဘူး။ ယင်းမာရယ်၊ အန်တီလေးရယ်။ ဖိုးဖိုးရယ် ဖဲကစားနေတာကို မျက်စောင်းတောင်ထိုးမကြည့်ဘူး။ သီချင်းလေး တအေးအေးနဲ့။ ဆိုတဲ့သီချင်းကလည်း အပ်ကြောင်းတွေထပ်နေတာ အခါတစ်ရာလောက် ရှိမယ်။ အမြင်ကပ်လို့ မသိချင်ယောင်ဆောင်ပြီး ဘယ်သူမှ မမေးပဲနေနေတာတောင် မရဘူး။ အခုလေးမှတွေ့တဲ့ အဲဒီလူကြီးကို သူယူတော့မယ်တဲ့။ သူကသာ ဘာမှမဖြစ်သလို အေးအေးဆေးဆေးပြောနေတာ။ ယင်းမာဖြင့် ခေါင်းနပန်းကိုကြီးသွားတာပဲ။ သူ မိဘစကားနားထောင်တာ အရေးမကြီးဘူး။ နောက်နှစ်တွေကျတော့ ကိုယ့်အလှည့်ရောက်လာရင် ဘယ့်နှယ်လုပ်ရမတုန်း။ မေမေလေး ဒေါသူပုန်ထမယ်မှန်းသိလျက်နဲ့ ပါးစပ်က ဘယ်လိုမှ ထိန်းမရဘူး။
“မဟုတ်ကဟုတ်က ဟယ်။ မယူစမ်းပါနဲ့ဦး။”
“အမယ် ဘာလို့ မယူရမှာလဲ။”
“နင် ယောင်္ကျားယူလိုက်ရင် ကျောင်းဘယ်လိုလုပ်တက်မတုန်း။ ကျောင်းမတက်ရရင် သူငယ်ချင်းမရှိ ဘာမရှိ။ ပျင်းစရာကြီး။ ခုမှ အလယ်တန်းပဲ ရှိသေးတာဟယ်။ အထက်တန်းတွေ ကောလိပ်တွေ တက်ပါဦးလား။ ခက်ထှာ။”
“နင့်ကျောင်းက ဘာလုပ်ရမှာလဲ ဟဲ့။ နောက်ဆို ပထဝီ၊ သင်္ချာ၊ အယ်ဂျီဘရာတွေ သင်စရာမလိုတော့ဘူး။ နက်ဖြန်ကစလို့ တီချယ်ပန့် မျက်နှာကို စေ့စေ့ကြည့်ပြီး သမီးကို နောက် အိမ်စာမပေးပါနဲ့တော့ တီချယ်။ သာမီး အဲ့ဒါတွေ လုပ်စရာ မလိုတော့ဘူး လို့ကို ပြောပစ်ဦးမယ်။ သချင်္ာဆို မုန်းတယ် မုန်းတယ် မုန်းတယ်။ ဒါပဲ။”
“ဟင် သချင်္ာမတွက်ချင်တာနဲ့ ယောကျင်္ားယူရမယ် လို့ နင့်ဟာကြီးက မဟုတ်သေးပါဘူး။”
“ဟုတ်လွန်လွန်းလို့ ဟိုဘက်တောင် လွန်သေး။ ဖေဖေကပြောတယ် လက်ဖွဲ့တွေ အများကြီးပေးမှာတဲ့ ဆရာ။ အမေရိကန်ဒေါ်လာ နှစ်သောင်းခွဲကြီးတောင်မှ။ ဘာမှလုပ်စရာမလိုတော့ဘူး။ ဒူးနှန့်ပြီးနေရုံပဲ။”
နောက်အနှစ် ၃ဝ ကြာလို့ ပီကင်းမှာ ပြန်တွေ့ကြတဲ့အခါ သူ့အိပ်မက်တွေ မမှန်မှန်း သူ့ဟာသူ သိနေပါပြီ။ အချစ်မပါတဲ့ အိမ်ထောင်ရေးနွံထဲမှာ နစ်ပြီး ဆင်းဆင်းရဲရဲနဲ့ ဖေဖေ့ဘက်က အမွေရတဲ့အိမ်ကလေးမှာ သူများတွေနဲ့ ကပ်ကပ်သပ်သပ် နေရရှာတယ်။ စကားတောင် မစရဲပါဘူး။ သူ့ဆီက စက်သေနတ်ပစ်သံတွေ ထွက်ထွက်လာလို့။
“ဒီမောင်နှမတွေထဲမှာ ငါဟာ ကံဆိုးမပဲ။ ကြည့်ပါဦး။ ယောကျင်္ားလေးတွေ မပြောနဲ့ နင့်တောင်မှ အင်္ဂလန်ပို့ပြီး ကျောင်းထားပေးတယ်။ ငါ့မှာတော့ ကိုယ့်ဝမ်းကိုယ်ကျောင်းဖို့ရာတောင် ဘာပညာမှ မတတ်တဲ့အဖြစ်။ အေးလေ။ ၁ရ နှစ်ဆိုတော့ သူများနှပ်ချတိုင်းခံရတာပေါ့လေ။ ငါ့ကိုက နုံလွန်းပါတယ်။ ဖေဖေတို့က ဘယ်တုန်းကတည်းက သည်အကောင်မကို ပ ထုတ်ချင်နေသလဲမှ မသိတာ။ ….။
ငါ့မှာတော့ တစ်နှစ် တစ်နှစ် ကိုယ့်မိဘဆီကို စာတိုစာရှည်တွေ ရေးလိုက်ရတာ။ ဒုက္ခပင်လယ်ဝေနေတဲ့ သမီးကလေးတစ်ယောက်တည်း ပစ်မထားကြပါနဲ့လို့။ အလကားပဲ။ တစ်စောင်မှ စာပြန်ဖော်မရဘူး။ ဒါ မေမေလေး စနက်ပဲ။ ငါအစကတည်းက သိပါတယ်။ ဒီမိန်းမကြီးက ငါ့ကို မုန်းနေတာ။ မသာမကြီး။ တော်တော်ပျော်နေရော့မယ်။ သူများတကာ ဒုက္ခရောက်ရင် သူသိပ်ပျော်တာလေ။ …။
နင်ကတော့ တော်တော်သတ္တိကောင်းပါတယ်။ ယင်းမာရယ်။ အဲဒီမိန်းမကြီးကို ကလန်ကဆန်လုပ်ရဲတာ နင်တစ်ယောက်ပဲ ရှိတယ်။ ငါလည်း နင့်ဆီ အပူကပ်ရတာတွေ များနေပါပြီ။ အဲ့ဟာမကြီး သိရင် အလကား နင့်ပါ မုန်းနေပါဦးမယ်။ ငါ့အတွက်သာဆိုရင်ဖြင့် ဘယ်သူ့ဆီမှ အောက်ကျခံစရာ မရှိပါဘူးအေ။ ခုဟာက ကလေးနှစ်ယောက်က ရှိသေးလို့။ နင့်တူကလေးက နင်နဲ့တူလို့ ဉာဏ်ကောင်းတယ် သိလား။ နင်တို့ အမေရိကားမှာ ကျောင်းလေးဘာလေး ထားပေးရင် ဘယ်လိုနေမလဲ။ …။”
ကယ်လီဖိုးနီးယား ပြန်ရောက်တော့ ဘော့ပ်နဲ့ နှစ်ယောက်သား တိုင်ပင်ပြီး လီဒီယာတို့မိသားစုကို ဟိုခေါ်ဖြစ်သွားပါတယ်။ စေတနာက ဝေဒနာဖြစ်ရတယ်ဆိုတာ သိပ်မှန်တာပဲ။ (No good deed will ever go unpunished.) တဲ့။ လီဒီယာက စိတ်ထဲက ကျိတ်ပြီး မကျေနိုင် မချမ်းနိုင်နဲ့။ ရှေ့တင်တော့ ပြုံးပြုံးပြုံးပြုံး ကွယ်တာနဲ့ အတင်းတွေ တုပ်တော့တာပဲ။ သူအမြင်ကပ်ပါတယ်ဆိုတဲ့ မေမေလေးဆီကို လှမ်းလှမ်း အတင်းတုပ်တာတင် သိုင်းဝတ္ထု တစ်တွဲစာလောက် ရှိမယ်။ မေမေလေးအသုဘမှာ သူ့စာတွေသွားတွေ့တော့မှ သိရတာ။ မုန်းစရာ။ လေဆိပ်မှာ လာကြိုကတည်းက ဂျိမ်းစ် မျက်နှာကြည့်ရတာ အကဲမရပါဘူး။ တစ်ခုခုတော့ ဖြစ်နေတယ် ထင်တာ။ ယင်းမာကို မေမေလေး အမွေဖြတ်ခဲ့တာကိုရော လီဒီယာ့ဆီက မေမေလေးကို ရေးတဲ့စာတွေကို သူလည်း ဖတ်ပြီးသားဖြစ်လို့နေမှာပေါ့။ ကိုယ့်မှာသာ အကြောင်းမသိခင်အထိ သူ့မျက်နှာမကောင်းတာ နှစ်သိမ့်ဖို့ကြိုးစားလေ၊ သူ့ဘာသူ မလုံမလဲနဲ့ အမ်းတမ်းတမ်းကြီးဖြစ်လေပဲ။ စာတွေဖတ်ပြီး နောက်တနေ့မှာ ဂျိမ်းစ်ကိုပေးဖတ်တော့ သူက “သူများကိုယ်ရေးကိုယ်တာတွေ မဖတ်ချင်ပါဘူး။ မီးသာရှို့ပစ်လိုက်တော့” လို့ ပြောတယ်။ “ဟဲ့ သူက မဟုတ်ကဟုတ်ကတွေချည့်ပဲ ရေးထားတာလေ။ သူ့သမီးမင်္ဂလာဆောင်မှာ ငါကအရက်မူးလို့ ဆွဲတောင်ထုတ်ရတယ် ဆိုတာတော့ လွန်လွန်းပါတယ်။” ဆိုတော့ “အဲဒါတွေ လီဒီယာပြောလို့ သိပြီးပြီ။” တဲ့။ ဒါဆိုသူက ဟိုးအစကတည်းက မမကြီး ကိုယ့်အတင်းတွေတုပ်နေတာကို သိထားပြီးသားပေါ့။ အဲဒီကောင်စုတ်က သတိလေးဘာလေးတောင် ပေးဖော်မရဘူး။ “မေမေလေးက သူပြောတာတွေကို ယုံသလား ဟဲ့။” ဆိုတော့ “ယုံတာမယုံတာ အခုမှတော့ ဘာထူးဦးတော့မှာလဲ။ သူသေပြီဆို သူ့သေတမ်းစာအတိုင်း ဆက်လုပ်ရုံပဲပေါ့။” “ဟင် ဒါဆို နင်ကရော လီဒီယာပြောတာတွေ အမှန်လို့ထင်တယ်ပေါ့။” “အမှန်ဆိုတာ နင်တို့နှစ်ယောက်စလုံးရဲ့အကြား တနေရာရာ မှာ ရှိပါလိမ့်မယ်။” “ဂျိမ်းစ် … နင်ဟာလေ။ ကျားကျားမီးယပ်ဆိုတာမျိုးလိုပဲ။ သမင်ကိုမြင်ပါလျက် မြင်းလို့ချည်း ခေါ်နေတယ်။ “ Zhi lu wei ma.” (Pointing into a deer and calling it a horse.) နောက်ဆို နင်ကိုယ့်မျက်နှာတောင်ကိုယ် အမှန်အတိုင်း မြင်မှာ မဟုတ်တော့ဘူး။”
ဒီနေရာမှာ ကျားကျားမီးယပ်ဆိုတဲ့ ဗမာစကားကို နားမလည်မှာစိုးလို့ နည်းနည်း ဘာသာပြန်ပေးလိုက်ပါရစေ။ တခါက ဗိန္ဓောဆရာတစ်ယောက်ဟာ မီးယပ်ရောဂါကုတဲ့နေရာမှာ အင်မတန်တော်တယ် လို့ နံမယ်ကြီးလွန်းတော့ လူနောက်တစ်ယောက်ဟာ မိန်းမလိုဝတ်ဆင်ပြီးတော့ အဲသည်ဆရာနဲ့သွားပြပါသတဲ့။ ဆရာက မီးယပ်မှ မီးယပ်ချည့်ပဲ ခေါင်းစဉ်တပ်ကုနေတော့ ပညာပေးချင်တာလည်း ပါမလား မသိပါဘူး။ ဆရာ့ရှေ့ရောက်တော့ ခေါင်းကိုက်တယ်။ ဗိုက်နာတယ်ဆိုလည်း ဟိုက “အေး အဲဒါ မီးယပ်ရောဂါ ခေါ်တယ်။” လို့ ပြောပြီးဆေးပေးသတဲ့။ ဆီးချုပ်တယ် ဝမ်းချုပ်တယ်ဆိုလည်း “ဒါလည်းမီးယပ်ရောဂါပေါ့။” အစာမကျေ ရင်ပြည့်ရင်ကယ် “အဲဒါလည်း မီးယပ်ပဲ။” ဘာလာလာ မီးယပ်နေတာနောက်ဆုံး လူနာက ထမီခါးထောင်းကျိုက်ပြီး “ကျွန်တော်က ယောကျင်္ားကြီးပါ ဆရာရယ်။” ဆိုတာတောင် ဆရာက မလျှော့ဘူး။ “ကျားကျား။ မီးယပ်လဟ။” လို့ဆိုသတဲ့။ ဒါကြောင့်သည်တခါ တရုတ်စကားပုံကို မြန်မာလို မပြန်ပဲ မြန်မာစကားပုံထဲက အဓိပ္ပါယ်တူတာနဲ့ ဖလှယ်ထည့်လိုက်တယ်နော်။ နို့မို့ တရုတ်ယဉ်ကျေးမှုသင်တန်းဖြစ်သွားမစိုးလို့။ ဒါပေမယ့်လည်း တရုတ်စကားပုံမှာ နောက်ခံဇာတ်လမ်းလေးနဲ့ ဆက်ကြည့်လိုက်ရင် ကျားကျားမီးယပ်လို့ မျက်စိမှိတ်ငြင်းတာထက်ပိုတဲ့ နောက်ထပ် ပြောချင်တဲ့ အဆွယ်အပွား ခိုင်းနှိုင်းတဲ့ ဥပမာ၊ ဥပမေယျလေးတွေ စာဆုံးတဲ့အခါ သဘောပေါက်လာပါလိမ့်ဦးမယ်။
သမိုင်းဘက်ကို ပြန်ကောက်ရအောင်ကွယ်။ ဝှူဟဲမင်းသားက သေတမ်းစာအတုကြီးနဲ့ ဂရိတ်ဝေါကြီးရှိရာကို အပြင်းနှင်လာပြီး ဖူဆူမင်းသား၊ စစ်သူကြီး မုန်းရှန်နဲ့ ဒုဗိုလ်ချုပ်ဝမ်လီကို အမိန့်နာခံစေဖို့ ရာဇသံပေးသတဲ့။ သူ့ဆီမှာ ဧကရာဇ်မင်းမြတ်ဆီက du hu fu လို့ခေါ်တဲ့ ကျားတံဆိပ်တော် တခြမ်းပေးလိုက်သတဲ့။ မုန်းရှန်ဆီမှာရှိတဲ့ နောက်တခြမ်းနဲ့ ကိုက်ကြည့်လို့ တစ်ခုတည်းဖြစ်မှ မင်းသုံးပါး မင်းတရားကြီး အမိန့်တော်ကို အတူတကွ နာယူကြတယ်။ အမိန့်နာယူရင်း အားလုံး အံ့အားသင့်လွန်းလို့ ကြက်သေသေနေတဲ့အချိန်မှာ မင်းသားဖူဆူဟာ မျက်ရည်မဆည်နိုင်ပဲ အတွင်းဆောင်ထဲ ဝင်သွားသတဲ့။ သူဟာ သူ့ခမည်းတော် အပေါ်မှာ မြူမှုန်တစ်မှုန်စာမျှတောင် သံသယမဖြစ်ခဲ့ဖူးပဲ အခုတော့ ပုန်စားသူအဖြစ် သေစေရမတဲ့။ စစ်သူကြီး မုန်းရှန်က အတင်းဝင်လိုက်သွားပြီး မရအရတားရှာတယ်။
“အရှင့်သား။ အလျင်စလို မဆုံးဖြတ်ပါနဲ့။ တစ်ခုခုတော့ မှားယွင်းနေပါပြီ။ ဘဝရှင်မင်းတရားကြီးဟာ ကျွန်တော်မျိုးကြီးတို့ နှစ်ယောက်ကိုသာ အယုံကြည်ဆုံးမို့ အခုလို ကြီးလေးတဲ့တာဝန်ကြီးတွေမှာ ရွှေမျက်နှာလွှဲတော် မူခဲ့တာပါ။ ကျွန်တော်မျိုးကြီး လက်အောက်မှာလည်း စစ်သည်အင်အား သုံးသိန်းကျော် အမိန့်နာခံလျက် ရှိပါတယ်။ မင်းတရားကြီးရွှေနန်းတော်က တိုင်းခန်းလှည့်လည်နေတာလည်း ကိုးလကျော်ရှိနေပါပြီ။ ခုခါမှ စာလေးတစ်စောင်နဲ့ ကျွန်တော်မျိုးကြီးတို့ကို သေမိန့်စီရင်တာဟာ မင်းတရားကြီးရဲ့ အလိုတော် အစစ်အမှန် ဟုတ်မဟုတ် ယုံကြည်ရခက်လှပါတယ်။ စုံစမ်းထောက်လှမ်းခွင့်ပြုတော်မူပါ။ အကယ်၍ ဟုတ်မှန်ငြားက အဲသည်အချိန်ရောက်မှ အဆုံးစီရင်လို့လည်း နောက်မကျသေးပါဘူး။”
“မနေ့ကလေးတင် သင်နဲ့ငါ တိုင်းရေးပြည်ရေး တာဝန်များအကြောင်းဆွေးနွေးမပျက် ရှိနေပေသေးတယ်။ သင်ဟာ ငါ့လက်အောက်က စစ်သူကြီးမှန်ပေမယ့် တကယ်တမ်းတော့ ညီအကိုလို ရဲဘော်ရဲဘက်လိုပါပဲ။ ခွဲခွာရတော့မှာမို့ စိတ်တော့ မကောင်းပါဘူး။ သို့ပေမယ့် ကျားတံဆိပ်တော်ချင်း အံကျကိုက်နေမှတော့ ခမည်းတော်ရဲ့အမိန့်ကို ဖီဆန်ဖို့ မရှိတော့ပါဘူး။”
အခွင့်ကောင်းစောင့်နေတဲ့ ဆက်သားရဲမက်ဟာ အတွင်းတော်ထဲအထိဝင်လိုက်လာပြီး မင်းတရားကြီးရဲ့ ရတနာကျောက်စီဓါးမြတ်ကို ဓါးအိမ်ကချွတ်လို့ ဆက်ပါတယ်။
“အရှင့်သား အမိန့်တော်တို့မည်သည် မဆိုင်းမတွ ဆောင်ရွက်ရပါ၏။ တာဝန်ကျေသော သားကောင်းသားမြတ်အဖြစ် ခမည်းတော်ကို ဂုဏ်ယူစေပါလော့။” တဲ့။
“သားသမီးဆိုတာ အဖေက သေဆိုသေရမှာပလေ။ တကယ်ပြောတာလား။ အဟုတ်ပြောတာလား။ မေးမနေပါနဲ့တော့။ အမိန့်တော် ဖီဆန်ဖို့ထက် သေရတာက မြတ်ပါတယ်။” လို့ပြောပြီး ကိုယ်တိုင်စီရင်သွားတော့ မုန်းရှန်တောင် ဆွဲလို့ မမီလိုက်ဘူးတဲ့။
စစ်သူကြီးနှစ်ဦး မင်းသားအလောင်းဘေးမှာ အားရအောင် ငိုပြီးတဲ့အခါ ဝမ်လီက သူဟာခုချိန်ထိ စစ်သူကြီးအမိန့်အာဏာကိုသာ နာခံလျက်ရှိကြောင်း။ မုန်းရှန်က အလိုရှိရာ သူနဲ့ နောက်ပါတပ်သားအားလုံး အသင့်ရှိနေကြောင်း လျှောက်တင်သတဲ့။ မုန်းရှန်ကတော့ မျက်ရည်စက်လက်နဲ့ အံကြိတ်ပြီး
“ဘုရင်မင်းမြတ်ရဲ့ အမိန့်တော်ဟာ ကျိုးကြောင်းဆီလျော်မှု မရှိဘူး။ ငါနဲ့ ဖူဆူကိုယ်တော်လေးနဲ့ အတူလက်တွဲလာတာ နှစ်ပေါင်း မနည်းတော့ဘူး။ ကိုယ်တော်ကြီးဘုရား ယုံကြည်တော် မမူရင် သည်လို အရေးပါတဲ့ စစ်မျက်နှာမှာ များစွာသော စစ်သည်ဗိုလ်ခြေတွေနဲ့ မျက်နှာလွှဲထားမယ် မဟုတ်ဘူး။ သက်စွန့်ဆံဖျားအမှုတော်ထမ်းတဲ့အတွက် ချီးမြှင့်မြှောက်စားဖို့အရာဟာ သေဒဏ်တော့ မဟုတ်လောက်ဘူး။ မကြာသေးခင်က ငါ့ညီ မုန်ယိဆီက လာတဲ့စာထဲမှာလည်း မင်းတရားကြီး ရွှေစိတ်တော်ကြည်ကြည်လင်လင်နဲ့ ငါတို့နှစ်ဦးအပေါ် အားကိုးယုံကြည်လျှက်ရှိတယ်။ တကယ်လို့သာ အကြောင်းထူးတစုံတရာ ရှိခဲ့ရင်လည်း မုန်ယိက ငါ့ကို အကြောင်းကြားမှာ မုချ။
သတင်းပေးဆက်သားကို ဖမ်းဆီးမေးမြန်း စစ်ဆေးလိုက်ရင် ဖြစ်ကြောင်းကုန်စင်ကို သိရမည် အမှန်ပင်။ နောက်လိုက်ဗိုလ်ပါ တပ်သားများအနေနှင့်လည်း ငါအရှင်ရှေ့မှ ဦးဆောင်လျှင် သေရွာအထိ လိုက်ပါကြမည် ဧကန်။ သို့ရာတွင် ပုန်စားရာတော့ ရောက်ချေမည်။ မပြုအပ်။
တပ်မှူးဝမ်လီ။ သင်သည် ငါ၏ ညာလက်ရုံးသဖွယ် နှစ်ပေါင်းများစွာ လက်တွဲလာသူဖြစ်၏။ ငါ၏အရှင်အား သစ္စာစောင့်ထိန်းသောအားဖြင့် ငါ့ကို ထောင်သွင်း အကျဉ်းထားပါလော့။ သတင်းပို့ဆက်သားကို ဘုရင်မင်းမြတ်ထံလွှတ်၍ မုန်းရှန်စစ်သူကြီးသည် မည်သည့်ပြစ်မှုတစုံတရာကိုမျှ ကျူးလွန်ခဲ့ခြင်း မရှိသဖြင့် အယူခံဝင်လျှောက်ထားအပ်ပါကြောင်း သံတော်ဦးတင်ပါစေ။ သို့တမူ ဖူဆူမင်းသားကား ကံတော်ကုန်ရှာပြီ ဖြစ်ကြောင်း တင်လျှောက်ပါလော့။”
ဆက်သားတမာန်က မုန်းရှန်စစ်သူကြီးကို သူ့တပ်မနဲ့ဝေးရာ ယန်ဆူးမြို့ကို ချက်ချင်းပို့ပြီး အကျဉ်းချထားစေပါတယ်။ နောက်တော့ လီဆီ့အမိန့်ထဲမှာ ပါတဲ့အတိုင်း ဒုဗိုလ်ချုပ်ဝမ်လီကို အာဏာလွှဲပြောင်းစေပြီး ဘုရင်မင်းမြတ် တိုင်းခန်းလှည့်လည်နေဆဲ ဟန်ဆောင်ထားတဲ့ လုပ်ကြံသူများထံ ပြန်လည်သတင်းပို့ပါတယ်။ ဖူဆူ မှ မရှိတော့တာ မုန်းရှန်ကို လွှတ်ပေးလိုက်ပါလို့ပြောပေမယ့် အညှိုးကြီးတဲ့ ဂျောင်ကောက လက်မခံပါဘူး။ မုန်ယိက အခုလောလောလတ်လတ် နန်းတော်မှာပဲ ရှိနေသေးတာ။ သူတို့ညီအကိုနှစ်ယောက်ဟာ ဘုရင်မင်းတရားကြီး နတ်ရွာလားတာ သိသွားတာနဲ့တပြိုင်နက် အကြံအစည်အားလုံး သဲထဲရေသွန်ဖြစ်သွားမှာ။ သူတို့အသက်ရှင်နေသရွေ့ အရှင်မင်းမြတ် အသက်စည်းစိမ် စိတ်ချရဖွယ် မရှိ။ ရန်ကြွင်းရန်စဆိုတာ မထားကောင်းပါ လို့ လျှောက်တင်သတဲ့။
ဒီလိုနဲ့ မုန်ယိကိုလည်း ဖမ်းဆီးပြီး သူ့အကိုနဲ့ဝေးရာ ဒိုင်းမြို့က ထောင်မှာ ချုပ်နှောင်ထားလိုက်သတဲ့။ အဲဒီနောက်တော့ မင်းတရားကြီးက ကိုယ်လက် မအီမသာဖြစ်တော်မူလို့ ရထားတွင်းမှာသာ စံနေတော်မူလိုတယ် လို့ ပြောပြီး ဂရိတ်ဝေါကြီးရဲ့ အနောက်မြောက်ဘက်ထိအောင် သွားလိုက်ကြသေးသတဲ့။ နေကပြင်း၊ ရက်ကကြာဆိုတော့ မသာတော်ကြီးက အနံ့တွေ တထောင်းထောင်းထွက်နေလိုက်တာ မခံနိုင်အောင်ပါပဲတဲ့။ တတ်လည်းတတ်နိုင်တဲ့သူတွေကတော့ ဘုရင်မင်းတရားက ငါးပုပ်ခြောက်တွေကို ခံတွင်းလိုက်တော်မူတယ်ဆိုပြီး တော်ဝင်ရထားကြီးနောက်မှာ ငါးအပုပ်အသိုးတွေ လှည်းနဲ့ညွှတ်ကျနေအောင် တင်လာပါသတဲ့။ လမ်းတလျှောက်မှာ ဝမ်းစွေ့ ဝမ်းစွေ့ ဝမ်းဝမ်းစွေ့ လုပ်ကြတဲ့ တိုင်းသူပြည်သားတွေကတော့ လှည်းပေါ်မှာ အပုပ်ကောင်ကြီး ပါလာမှန်း ဘယ်သိကြမလဲ။ ကလေးတွေက နံလိုက်တာ နံလိုက်တာ ပြောမိရင်တောင် လူကြီးတွေက အတင်းပါးစပ်လိုက်လိုက်ပိတ်ကြတာ။ ရှန်းယန်ရောက်တော့မှ လီဆီက ဘုရင်မင်းတရားကြီး နတ်ရွာစံကြောင်းနဲ့ ဝှူဟဲမင်းသားကို အာရှိဘွဲ့တော်နဲ့ နန်းတက်ကြောင်း အမိန့်ပြန်ပါတယ်။ ဒီလိုနဲ့ သူ ၁၃ နှစ်အရွယ်ကတည်းက ဆောက်လုပ်ခဲ့တဲ့ သချင်္ိုင်းတော်ကြီးထဲမှာ ပထမမြောက် ဧကရာဇ်မင်းမြတ်ကြီးဟာ တင်းကျပ်လှစွာသော လုံခြုံရေးအစောင့်တွေနဲ့ ပုပ်ပုပ်ပွပွ ဖူးဖူးယောင်တော့မှ မြေကျတော်မူပါလေတော့တယ်။ အားရှိဘုရင်ဟာ သားသမီးမမွေးနိုင်တဲ့ သူ့ခမည်းတော်ရဲ့ မိဖုရားငယ်နဲ့ မောင်းမမိဿံအားလုံးကို မသာတော်နဲ့အတူ အရှင်လတ်လတ် မြေမြှုပ်စေပါတယ်။ သူ အဓိက တစ်ယောက်မကျန် ပါသွားစေချင်သူတွေကတော့ နတ်ရွာစံတဲ့အချိန်တုန်းက အပါးမှာ ရှိခဲ့ကြတဲ့ ကိုယ်လုပ်တော်တွေအကုန်လုံးပေါ့။ သင်္ချိုင်းတော် တည်ဆောက်ခဲ့တဲ့ အလုပ်သမားတွေ လက်မှုပညာရှင်တွေ၊ ဓါးစက်လှံစက် တပ်ဆင်သူတွေကိုလည်း အုတ်ဂူတော် အတွင်းပိုင်း လျှို့ဝှက်ချက်တွေ ပေါက်ကြားမှာစိုးလို့ စတေးလေသတည်း။
credit to Dr Soe Min and it’s original owner Dr Yin Mar
2 comments
မောင်ပေ
November 7, 2012 at 7:30 pm
ကျားကျားမီးယပ်
အားအားဖီးတက်
စားသွားငပီးချက်
ဖားထားတီးတစ်ခွက်
နားကားခရီးဆက်
pooch
November 9, 2012 at 8:58 pm
ကမာ္ဘ့ သမိုင်းအဆက်ဆက် ဘယ်တိုင်းပြည် ဘယ်မင်းကိုပဲ ကြည့်ကြည့် အာဏာတွေ ရာထူးတွေ ဂုဏ်သိန်တွေအတွက် မတော်မတရားတာတွေကို နည်းမျိုးစုံ အကြောင်းမျိုးစုံနဲ့ ကျုးလွန်ခဲ့ကြတယ်။
ခေတ်တွေပြောင်းလို့ ပုံစံတွေသာ ပြောင်းသွားတယ်။ အကြောင်းရာကတော့ တူနေတုန်းပဲ။ လောဘတွေ အတ္တမီးတွေရဲ့ သားကောင်တွေပဲ။ ကြားထဲက လူကောင်းတွေ စတေးခံခဲ့ရတာတွေလည်း မနည်းမနော။