“ဘုရင့်နောင် ဖောင်ဖျက် စစ်ထွက်သည့်ထုံး (၁)”(EPISODE 12)

nicolus agralNovember 14, 20121min1120

ပြန်တွေးကြည့်လိုက်တော့ ဘဝမှာ နောက်ပြန်လှည့်စရာ အမှီအခိုမပါပဲ သေမြေကြီး ရှင်ရွှေထီး စွန့်စားခဲ့ရတဲ့အခါမျိုး သုံးခါကြုံခဲ့ရဖူးပါတယ်။ ဖိုးဖိုးဈာပနအတွက် ကွန်ဗင့်ကျောင်းက အိမ်ပြန်လာပြီးတဲ့နောက် မေမေလေးက “ကျောင်းပြန်သွားစရာမလိုတော့ဘူး။ အလုပ်ရှာထားပြီးပြီ” ဆိုတော့ တော်တော်ကို ဆောက်တည်ရာမရ ဖြစ်သွားတုန်းက တစ်ခါ။ မမလီဒီယာကိုလည်း ၁ရ နှစ် နဲ့ လင်ပေးစားလိုက်တာမို့ ကျောင်းထုတ်ပြီးရင် သူတို့ဘာဆက်လုပ်မယ်ဆိုတာ ဖွင့်မပြောပေမယ့် အလိုလိုကို သိနေပါပြီ။ အကိုသုံးယောက်ကို ကောလိပ်ကျောင်းပို့ပေးသော်ငြား ကိုယ်ကမိန်းကလေးဆိုတော့ ပညာရေးဟာ ကိုယ့်အတွက် အနာဂတ်အဖြစ် ရင်းနှီးမြှုတ်နှံပေးလိုက်စရာ ဘာအကြောင်းမှ မရှိပါဘူး။ အိပ်မပျော်နိုင်တဲ့ညပေါင်းများစွာကို ဟောင်ကောင်ဆိပ်ကမ်းမှာကပ်ထားတဲ့ သင်္ဘောကြီးတွေကို ကြည့်ပြီး ငါ့ဘဝဟာ ဘယ်သောင်ဘယ်ကမ်းဆိုက်ပါ့မလဲ တွေးရင်း အခါခါ သက်ပြင်းချမိပါတယ်။ တခုခုတော့ ပြတ်ပြတ်သားသား ဆုံးဖြတ်မှ ဖြစ်တော့မယ်။ အိုးစားလည်းပစ် လှေလည်းနှစ်ခဲ့ပြီ။ နောက်ပြန်မလှည့်နိုင်တော့ဘူး။ “po fu chen zhou” (Destroy the Cooking Cauldrons and Sink the Boats.)

စုဆောင်းထားတဲ့ မုန့်ဖိုးလေးတွေနဲ့ဆို ရှန်ဟိုင်းအထိတော့ ရထားလက်မှတ်ဝယ်လို့ရပါတယ်။ ဟိုကျမှ အန်တီလေးဆီ ကပ်ရပ်နေပြီး ကောလိပ်တက်နိုင်အောင် ကြိုးစားရမှာပေါ့။ တက်တွေ ရွက်တွေ ပြင်အပြီးမှာ ကံကြမ္မာဆိုတာက ချိုတလှည့် ခါးတလှည့်နဲ့ ကြုံရပါတယ်။ ဖိုးဖိုးမသေခင် ပြိုင်ထားတဲ့ ပြဇာတ်စာပေပြိုင်ပွဲမှာ ပထမရလို့ သတင်းစာတွေထဲ ပါနေတာ ကိုယ့်ဘာသာကိုယ်တောင် မသိဘူး။ ဟောင်ကောင်မြို့လယ်မှာ ဖေဖေ့မျက်နှာကို မော်နေအောင်ဂုဏ်ဆောင်နိုင်တဲ့သမီးမို့ သည်တစ်ခါတော့ မေမေလေးနဲ့ အတိုက်အခံလုပ်ပြီး အင်္ဂလန်မှာ ကျောင်းထားပေးမယ် လို့ ကတိပေးပါတယ်။ တော်သေးတာပေါ့ ရှန်ဟိုင်းလို ကွန်မြူနစ်လက်အောက်မှာဆို ကိုယ့်ဘဝကလည်း တမျိုးတမည် ဖြစ်လာဦးမှာ။

ဒုတိယအကြိမ်ကတော့ ဆရာဝန်အဖြစ်နဲ့ ဟောင်ကောင် ပြန်ရောက်ပြီး အသက် ၂၆ နှစ်မှာပါ။ မေမေလေးရဲ့ ဩဇာအောက်မှာ ဘယ်လိုမှ မနေနိုင်တဲ့အတွက် လေယာဉ်စားရိတ်တောင် ထုတ်မချေးတဲ့ မိဘများကိုထားရစ်ခဲ့ပြီး အမေရိကားက လူစိမ်းတစ်ယောက်ရဲ့ အကူအညီကို ယုံယုံကြည်ကြည်နဲ့ ဆူးပုံနင်းလိုက်တာပေါ့။ နောက်ဆုံးတစ်ခေါက်ကတော့ မေမေလေးဆုံးသွားပြီး မထင်မှတ်ပဲ ကိုယ်က အမွေပြတ်စွန့်လွှတ်ခံသမီးဖြစ်မှန်း သိရတဲ့အချိန်။ အမွေတွေ မရလိုက်တာကို မနှမြောပေမယ့် မမကြီးလီဒီယာနဲ့ ကိုကိုလေးဂျိမ်းစ်ကို ဆုံးရှုံးသွားရတာကိုတော့ ပိုနှမြောတာပေါ့။ စိတ်ထဲမှာတော့ သူတို့ စိတ်ပြေသွားတဲ့တနေ့ ကိုယ့်ဆီလာပြီး အရင်လို ခင်ခင်မင်မင် နှစ်သိမ့်အားပေးလာကြဦးမလား လို့ မျှော်မိတယ်။ စာရေးတော့မယ် ဆုံးဖြတ်လို့ ရေးပြီးတာတောင်မှ ဂျိမ်းစ်က သဘောမတူမှာစိုးလို့ ဘယ်သူနဲ့မှ မထုတ်ပဲ ပစ်ထားတာ နှစ်နှစ်ကြာတယ်။ စာတိုစာရှည်တွေ မနေနိုင်သူက ရေးသော်ငြား ဟိုဘက်က နေနိုင်သူကြီးတွေကတော့ တစ်ကြောင်းတစ်ပါဒတောင် ပြန်ဖော်မရပါဘူး။ ဟောင်ကောင်က ဂျပန်ဆိုင်မှာ ပက်ပင်းကြီးတိုးတာတောင် “နေကောင်းလား။ ကလေးတွေ မပါဘူးလား။” ထက်ပိုပြီး ပြောစရာဆိုစရာစကား မရှိတော့ဘူးလား မသိ။ နောက်ဆုံးတော့ ကိုယ်ကပဲ ဖောင်ဖျက်ပြီး စကားစရပါတယ်။

“ဂျိမ်းစ်။ ငါ အလုပ်ထွက်တော့မလို့။”

“ဘာလုပ်ဖို့ ထွက်မှာလဲ။”

“စာရေးမလို့လေ။ ငါ ငယ်ငယ်ကတည်းက ရေးချင်နေတာ ကြာပြီ။ ငါ့ခေါင်းထဲမှာ ရှိနေတဲ့ မေမေလေးရဲ့ အကြောင်းတွေပေါ့။”

“ရေးလေ။ နင်ရေးတော့လည်း ငါက နင့်ကို တရားစွဲရမှာပေါ့။”

“စွဲပေါ့။ ငါက အခုမှ စရေးတော့မှာ။”

အဲဒီညက အိပ်မက်ထဲမှာ မောင်နှမနှစ်ယောက် ကလေးဘဝကို ပြန်ရောက်သွားပါတယ်။ ရှန်ဟိုင်းအိမ်ရှေ့မှာ ယင်းမာတို့ မွေးထားတဲ့ ဘဲပေါက်စလေး သေသွားလို့ အသုဘချနေကြသတဲ့။ ဂျိမ်းစ်က ဦးထုပ်အဖြူလေးနဲ့။ ယင်းမာကလည်း ခေါင်းစည်းအဖြူလေးနဲ့။ တကယ့်အသုဘ အခမ်းအနားအတိုင်း လုပ်နေကြတာလေ။

“ငါ ဒီမှာ ပန်းတွေ ခူးထားမယ်။ နင် မီးဖိုထဲမှာ နွားနို့တစ်ခွက် မြန်မြန် သွားယူချေ။ ထမင်းနည်းနည်းလည်းယူခဲ့။ ငါ တီကောင်တူးထားလိုက်မယ်။”

ရုတ်တရက် လန့်နိုးလာတဲ့ ယင်းမာဟာ ဂျိမ်းစ် နဲ့ ပြန်ခေါ်ချင်နေတဲ့စိတ်ကို တားမရပါဘူး။ ကိုယ်က စာရေးချင်ပေမယ့် ကိုယ့်အကိုကမှ မကြိုက်တာ။ ရေးလို့ကောင်းပါ့မလား။ အခုချက်ချင်းကို သူ့ဆီသွားပြီး …

“ဂျိမ်းစ်ရေ။ ငါဘယ်သူ့အကြောင်းကိုမှ မရေးတော့ပါဘူးကွယ်။ အဲသလိုဆို နင်ငါ့ကို အရင်အတိုင်း ပြန်ခေါ်မှာလား။” လို့ မေးလိုက်ချင်တယ်။ တကယ်တော့ မေးစရာမှ မလိုတာ။ ကွဲပြီးသားအိုးဆိုတာ ဘယ်လိုလုပ် ပြန်အကောင်းအတိုင်း ဖြစ်လာမှာလဲ။ ခုမှတော့ နောက်ကြောင်းပြန်လှည့်လို့ မရတော့ဘူး။ အိုးစားလည်းပစ် လှေလည်းနှစ်ခဲ့ပြီးပြီ။ ငယ်ငယ်ကလိုပါပဲ။ စိတ်ထဲမှာ ကြောက်တော့ကြောက်တာပေါ့။ ဒါပေမယ့် ပြတ်သားရမယ် မဟုတ်လား။ အံကိုတင်းတင်းကြိတ်လို့ အလုပ်ထွက်စာတင်ပြီးတဲ့နောက်မှာတော့ အသက် ၅၆ နှစ်ကျခါမှ စာပေနယ်ထဲကို ခြေစုံပစ်ပြီး ဝင်လာမိပါတော့တယ်။ ဘယ်သူမဆို သေမြေကြီး ရှင်ရွှေထီး စွန့်စားရတဲ့အဖြစ် ကြုံဖူးကြမှာ မလွဲပါဘူး။ အဲသည်ဆိုရိုးစကားကို ပထမဆုံး စပြီး မှတ်တမ်းတင် ရေးသားထားခဲ့တာကတော့ ဆရာကြီး စီမာချန်ပါ။ ရှီဂျီကျမ်းထဲမှာ အသက် ၂၅ နှစ်အရွယ် စစ်သူကြီး ရှမ်းယုကို ပုံပမာပြုပြီး အစဖော်ခဲ့တာက သည်လိုပါတဲ့။

ရှမ်းယုဟာ ချူနိုင်ငံက မူးမတ်မျိုးနွယ်ထဲက ဆင်းသက်လာပါတယ်။ သူတို့မိသားစုဝင် တော်တော်များများဟာ နံမည်ကြီး စစ်သူကြီးတွေ၊ အစဉ်အလာကောင်းခဲ့၊ ဂုဏ်သတင်း ကျော်ဇောခဲ့တဲ့သူတွေပါ။ သူ့အဖိုးဆိုရင် ဝူကွမ်းတို့တောင်မှ ကောလာဟလလွှင့်ပြီး နံမည်ခံတဲ့ ဖူဆူးမင်းသားနဲ့ မဟာတံတိုင်းမှာ အသက်စွန့်သွားသူ စစ်သူကြီး ရှန်းယန်ဖြစ်ပါတယ်။ သတ္တိ ဗျတ္တိကြောင့်ရော၊ သူမတူအောင် သစ္စာစောင့်သိတဲ့အတွက်ပါ အာဂယောင်္ကျား သူရဲကောင်းဇာနည်အဖြစ် ကလေးတွေကို ပုံပြောသလို ပြောပြလေ့ရှိတဲ့ ဒဏ္ဍာရီလူစွမ်းကောင်းတစ်ယောက်ပေါ့။ ရှန်းယန်မတိုင်ခင်ကတည်းက သူတို့မိသားစုရဲ့ အရှိန်အဝါဟာ တော်ရုံတန်ရုံ မဟုတ်ပါဘူး။ ချူဘုရင်မင်းမြတ်ကိုယ်တိုင်က ယုံကြည်စွာ ရှန်းမြို့ဘုရင်ခံအဖြစ် ချီးမြှောက်ခဲ့လို့ တဆွေလုံးတမျိုးလုံး ရှန်းဘွဲ့ကို ခံကြတာပေါ့။ ရှမ်းယုငယ်ငယ်ကတည်းက သူ့အဖေသေသွားတဲ့အခါ ဦးလေးတော်သူ ရှမ်းလျံက စောင့်ရှောက်မွေးစားလာခဲ့ပါသတဲ့။ ကျောင်းစာကို စိတ်မဝင်စားသလို ကိုယ်ခံပညာကိုလည်း အချိန်ကုန်တယ်လို့ထင်တဲ့ ရှန်းယုဟာ သူ့ကို စစ်ရေးစစ်ရာ သေနင်္ဂဗျူဟာတွေကိုသာ သင်ပေးစမ်းပါ။ သူက သူများနံမယ်တွေကို လိုက်မှတ်နေရမယ့်သူလည်း မဟုတ်ဘူး။ လူတစ်ယောက်ချင်း နပမ်းသတ်နေရမယ့်သူလည်း မဟုတ်ဘူး။ ဗိုလ်ခြေတစ်သောင်းကို ဘယ်လိုစီမံကွပ်ကဲရမလဲဆိုတာကပဲ စသင်ပေးပါ လို့ ဆိုသတဲ့။ ပထမမြောက် ဧကရာဇ်ကြီး တိုင်းခန်းလှည့်လည်လို့ သူတို့နယ်ရောက်တဲ့အခါ မင်းခမ်းမင်းနားနဲ့ ထွက်တော်မူကြတော့ သူတို့တူဝရီးနှစ်ယောက်က ဘုရင်မင်းမြတ်ရဲ့ တော်ဝင်ရထားနောက်ကလိုက်ရပါသတဲ့။ မြင်းရည်တက်တပ်ဖွဲ့ ရှစ်ကျိပ်တစ်ဖွဲ့ ခြံရံလို့ ထွက်တော်မူလာတဲ့ မင်းတရားကြီး နောက်က လိုက်ပါလာသူ ရှမ်းယုဟာ ခမ်းနားလှတဲ့ အဆောင်အယောင်များကို မြင်မိတော့ သူ့ဦးရီးတော်ဘက်လှည့်ပြီး “လောလောဆယ်တော့ ဘုရင်မင်းမြတ်ခြေရာကို ထပ်ခြပ်မကွာ လိုက်နင်းလိုက်ဦးမယ်။ တနေ့ကျရင်တော့ သူ့နေရာ အစားဝင်ရမှာပဲ။” လို့ ဆိုသတဲ့။ ပြောရဲလွန်းတဲ့ သူ့ပါးစပ်ကို ဦးရီးတော်က စကားတောင် အဆုံးမခံပဲ အတင်းပိတ်ရပါတယ်။ ကြားသွားလို့ကတော့ သူတို့တဆွေလုံး တစ်မျိုးလုံး မျိုးကန်းသွားမှာ မဟုတ်လား။ အဲဒီအချိန်ကတည်းက ဒီကောင် လွယ်တဲ့အကောင်မဟုတ်ဘူးလို့တော့ သဘောပေါက်သွားတာပေါ့။

အရွယ်ရောက်လာတဲ့အခါ အရပ်အမောင်းကလည်း ခြောက်ပေကျော်ကျော် နဲ့ ခြေမြန်လက်မြန်ရှိသလို သန်မာလိုက်တာလည်း လွန်ပါရောတဲ့။ ဘုံကျောင်းရှေ့မှာ အမွှေးတိုင်ထွန်းတဲ့ သုံးချောင်းထောက် ကြေးအိုးခုံကြီးကို စွေ့ကနဲမြောက်သွားအောင် မ ယူနိုင်သတဲ့။ သူတို့မြို့ကလူငယ်တွေအားလုံး နံမယ်ကြားရုံနဲ့ ဖိန့်ဖိန့်တုန်ရတဲ့ အထိ မီးသေတယ်။ အဲဒီအချိန်မှာ နယ်စပ်က ပုန်ကန်ထကြွမှုတွေက တောမီးပမာ ပြန့်နှံ့လာလို့ ဝူဆောင်းမြို့ဝန်က ဦးရီးတော်ကို ခေါ်တိုင်ပင်ပါတယ်။ မငြိမ်မသက်မှုတွေကလည်း တားမရဆီးမရဖြစ်လာပြီ။ အတိတ်တဘောင်များအရလည်း ချင်မင်းဆက်ပြတ်ကိန်းကြုံနေပြီလို့ အထင်အရှားပြနေတယ်။ လက်ဦးသူသာ အောင်နိုင်ရာ လို့ ဆိုရိုးစကားရှိတော့ သူတို့လည်း သူပုန်တပ်ဖွဲ့နဲ့ ပူးပေါင်းပြီး ဦးရီးတော် နဲ့ သူပုန်ခေါင်းဆောင် ဟွမ်ချူးကို စစ်သေနာပတိအဖြစ်ထားဖို့ စိတ်ကူးရှိကြောင်း ဖွင့်ပြောတယ်။ သည်ကိစ္စ သူ့တူ ရှမ်းယုနဲ့ ဆွေးနွေးပါ။ အပြင်မှာ သူသွားခေါ်ပေးပါ့မယ် ဆိုထွက်သွားပြီး တူဝရီးနှစ်ယောက် စည်းဝါးရိုက်ကြပါသတဲ့။ မြို့ဝန်မင်းကို ထွက်ပြေးတိမ်းရှောင်နေတဲ့ သူပုန်ခေါင်းဆောင်ဟွမ်ချူးကို အခေါ်လွှတ်ဖို့ သူ့တူ ရှမ်းယုနဲ့ နှစ်ကိုယ်ကြားတိုင်ပင်ခိုင်းပြီး အခွင့်သာတာနဲ့ မြို့ဝန်ကို ဓါးနဲ့ခုတ်လိုက်တာ နှစ်ချက်တောင် ခုတ်စရာ မလိုဘူးတဲ့။ မြို့ဝန်ခေါင်းကို ညာလက်နဲ့ကိုင်ထားပြီး အမိန့်ပေးတံဆိပ်တော်ကို ခါးကြားမှာကောက်ထိုးလိုက်တော့ မင်းမှုထမ်းရဲမက်တွေအားလုံး ရုတ်ရုတ်သည်းသည်းဖြစ်သွားတဲ့နောက် ရှမ်းယုရဲ့ ဓါးချက်အောက်မှာ နောက်ထပ် စစ်သည်တစ်ရာကျော်လောက် အသက်ပျောက်သွားသေးသတဲ့။ နောက်ဆုံး ဘယ်သူမှ မော်တောင် မကြည့်ရဲတော့တဲ့အထိ ပွဲသိမ်းပလိုက်ပါတယ်။

ဦးရီးတော်ဟာ နန်းတော်ထဲက သူနဲ့ အကျွမ်းတဝင်ရှိသူ မူးမတ်ဗိုလ်ပါအားလုံးထံ ဆက်သားစေလွှတ်ပြီး ဒုတိယမြောက် ဧကရာဇ်မင်းကို ပုန်စားတော့မှာမို့ သူနဲ့ပူးပေါင်းလိုသူအားလုံးကို တံခါးဖွင့် ကြိုဆိုတဲ့အကြောင်း သိစေပါတယ်။ အဲဒီနောက် အသက် ၂၄ နှစ်သာရှိသေးတဲ့ တူတော်မောင်အားကိုးနဲ့ အင်အား ၈၀၀ဝ ကျော် သူပုန်တပ်ကို ဦးဆောင်တဲ့အခါ ရှန်းမိသားစုရဲ့ အရှိန်အဝါကြောင့် အနယ်နယ် အရပ်ရပ်က သူပုန်တပ်များ ပူးပေါင်းခိုဝင်လာကြတဲ့အထဲမှာ စစ်သူကြီးလျူဘန်ရဲ့ တပ်ကြီးတောင် ပါပါသတဲ့။

လျူဘန်ဆိုတာကတော့ ရှမ်းယုတို့ ဝူဆောင်းမြို့နဲ့ မိုင်ပေါင်းများစွာဝေးကွာတဲ့ ပေနိုင်ငံက သာမာန်လယ်သမားလူငယ်ကလေးဘဝက လာပါတယ်။ ရှမ်းယုထက်တော့ အသက် နှစ်ပြန်လောက် ကြီးတာပေါ့။ နှာတံပေါ်ပေါ်၊ နဖူးကျယ်ကျယ်၊ မုတ်ဆိတ်ဖားဖားနဲ့ ခန့်ခန့်ငြားငြားမို့လို့ ယောက္ခမဖြစ်သူတောင် သူ့ကို မြင်မြင်ချင်း သမီးနဲ့ အတင်းကောက်ပေးစားတယ်လို့ ဆိုကြပါတယ်။ စိတ်ကောင်းသဘောကောင်းနဲ့ အမြင်ကျယ်တဲ့ လျူဘန်ဟာ သွားလေရာ အပေါင်းအသင်းကလည်း မရှားလှပါဘူးတဲ့။ သို့သော်လည်း အဖေတွေ အကိုတွေလို သမားရိုးကျ လယ်သမား လက်သမားဘဝနဲ့ လက်ကြောတင်းအောင် လုပ်ကိုင်ချင်စိတ်တော့ မရှိဘူး လို့ ဆိုတယ်။ ဟိုစပ်စပ် သည်စပ်စပ်နဲ့ စိတ်ဝင်စားတာတွေကလည်း များလွန်းတော့ ဘယ်ဟာမှ ဖြစ်ဖြစ်မြောက်မြောက်မရှိပဲ အရက်နဲ့ မိန်းမကိုသာ စွဲစွဲလန်းလန်း လိုက်စားရင်း ကြွေးလည်ပင်းခိုက်နေသူ အဖေ့ရဲ့ဒုက္ခအိုးလေးအဖြစ်နဲ့ သူ့ငယ်ဘဝကို ကုန်ဆုံးခဲ့သတဲ့။ ဘုန်းကြီးမယ့်သူငယ်ဆိုတာ သည်လိုနဲ့တော့ ဘယ်ဇာတ်သိမ်းနိုင်ပါ့မလဲ။ အသက် ၃ဝ ကျော်မှ အစိုးရစာမေးပွဲအောင်ပြီး သူကြီးဖြစ်တဲ့အခါ အိမ်ထောင်စုပေါင်း ၅၀ဝ ရဲ့ အကြီးအကဲဖြစ်လာပါသတဲ့။ သို့သော်လည်း ခေတ်ပျက်ကြီးမှာ သူကြီးဖြစ်ရတော့ ရွာဆူတိုင်း ခေါင်းကျိန်းရတော့တယ်။ သူကြီးလုပ်ရင်း မဟာတံတိုင်းကြီးဆောက်ဖို့၊ သင်္ချိုင်းတော် တည်ဆောက်ဖို့၊ နန်းတော်ကြီး တည်ဆောက်ဖို့ စသည်စသည်ဖြင့် လူလိုတိုင်း ခေါ်ခေါ်ဆင့်တဲ့အခါ မင်းနေပြည်ကြီးရဲ့ ခမ်းနားထည်ဝါမှုတွေကို သွားရည်တမြားမြားကျလို့ “သည်လိုဘဝမျိုးကမှ လူဖြစ်ကျိုးနပ်ပေသကိုး။” လို့ ရင်သပ်ရှုမော တအံတဩတဲ့။

တိုင်းပြည်မငြိမ်မသက်ဖြစ်နေတဲ့အချိန်မှာ နေရာတကာ သူပုန်သူကန်တွေ ထောင်ထားခြားနားကြတော့ သူတို့ပေနိုင်ငံမှာလည်း ချူဘက်က သူပုန်တပ်တွေပြန့်နှံ့လာတာ မြင်ကြားသိတွေ့ လာရတာပေါ့။ တာဝန်အရ ချွေးတပ်သားတွေ လိုက်ပို့ရတဲ့ လျူဘန်ဟာ တနေ့ထက်တနေ့ သူ့လက်အောက်ကထွက်ပြေးပြီး သူပုန်တပ်ထဲ ပြေးပြေးဝင်ကြတဲ့ အကျဉ်းသားတွေမြင်တဲ့အခါ နေပြည်တော်ရောက်ရင်ဖြင့် ခေါင်းနဲ့ကိုယ် အိုးစားကွဲတော့မှာကို သဘောပေါက်လာသတဲ့။ ဖြစ်ချင်ရာဖြစ် တစ်ခုခုတော့ ပြတ်ပြတ်သားသား ဆုံးဖြတ်ရတော့မယ်ဆိုပြီး လျူဘန်က စခန်းမှာရှိသမျှ လက်ကျန်ရိက္ခာတွေနဲ့ စားပွဲသောက်ပွဲကြီး ကျင်းပလိုက်ကာ ကိုယ်တိုင်လည်း ဒေါင်ချာစိုင်းနေအောင် သောက်ပလိုက်ပါသတဲ့။ ညဉ့်အတော်နက်တော့မှ “မိတ်ဆွေများခင်ဗျား။ ခင်ဗျားတို့အားလုံးကို လွတ်လပ်ခွင့် ပေးလိုက်ပါပြီ။ ဒီအခြေအနေမျိုးနဲ့ အိမ်လည်းပြန်လို့မရ၊ နန်းတော်ထဲလည်း ဝင်လို့မရတဲ့အတူတူ ကျွန်တော်ကိုယ်တိုင်လည်း ခင်ဗျားတို့နဲ့အတူတူ ဝါးရမ်းပြေးတစ်ယောက် လုပ်ဖို့ပဲ ရှိတော့တာပေါ့။” လို့ ပြောပါတယ်။ ပြေးတဲ့သူတွေ ဝမ်းသာအားရထွက်ပြေးသွားပေမယ့် သူနဲ့အတူ မခွဲမခွာ အတူသေမယ်ဆိုတဲ့ မိတ်ရင်းဆွေရင်းတွေလည်း ရှိသေးတာပေါ့။ ဟိုခြုံတိုး သည်ခြုံတိုးနဲ့ လှည့်ပတ်ရှောင်တိမ်းရင်း လျူဘန့်မှာ အဖော်ရဲမက် ရာပေါင်းများစွာ စုမိလာသတဲ့။ အဲသည်အချိန်တုန်းက တရုတ်ပြည်အနှံ့အပြားမှာ ချင်အုပ်ချုပ်သူတွေကို လုပ်ကြံပြီး မြို့စားနယ်စားအဖြစ် တထီးတနန်းထူထောင်ကြတဲ့သူတွေ တော်တော်များလှပြီတဲ့။ ဒီတော့ သူတို့ ပေနယ်စားကလည်း သူပုန်ထပြီး သီးခြားပြည်နယ်ထူထောင်ဖို့ ကြံတာကြောင့် လျူဘန့်ယောက်ဖ ဖန်ကွေ့ကို အခေါ်လွှတ်လိုက်သတဲ့။ ပြီးကျမှ စိတ်ပြောင်းသွားပြီး ကြောက်ကြောက်နဲ့ မြို့တံခါးဖွင့်မပေးပဲ နေပြန်သတဲ့။ လျူဘန်တို့တပ်ကြီးကို မြို့တံခါးဖွင့်မပေးတော့ ပိုးစာလွှာပါတဲ့ မြားသဝဏ်စေပြီး မြို့မိမြို့ဖများကို စည်းရုံးတဲ့အခါ မြို့တွင်းနေလူထုက မြို့ဝန်ကိုသတ်ပြီး လျူဘန့်ကို မြို့ဝန်တင်ကြပါတယ်။ ခေတ်ပျက်ကြီးထဲ သူကြီးလုပ်မိလို့ ဝါးရမ်းပြေးဖြစ်နေပါတယ်ဆိုမှ မြို့ဝန်သာဖြစ်လို့ကတော့ မျိုးပါပြုတ်မှာမို့ တခြားတယောက်ယောက်ကိုသာ ရွေးပါလို့ အတန်တန် တောင်းပန်သော်လည်းပဲ ဘယ်လိုမှငြင်းမရတာနဲ့ အသက် ၄၈ နှစ်မှာ ပေမြို့ဝန်ဖြစ်လာပါတယ်။

သူ့အရင်က ပုန်ကန်ခဲ့ကြတဲ့ ချန်ရှီနဲ့ ဝူကွမ်းတို့ ကျဆုံးသွားတဲ့အခါ ဟိုဘက်က ရှန်းတူဝရီးကလည်း အရေးပေါ် အစည်းအဝေး ကျင်းပကြပါသတဲ့။ နန်းတော်ထဲက အလုပ်သမား ရ သိန်းကျော်ကို ဦးဆောင်ထားတဲ့ ဘဏ္ဍာစိုးဆန်းဟန်ရဲ့ ချင်တပ်မဟာကို ကြံ့ကြံ့ခံနိုင်ဖို့ဆိုတာ ထိရောက်တဲ့ ပရိယာယ် သေနင်္ဂဗျူဟာမပါရင် ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။ သူတို့ထဲက အသက် ၇ဝ ကျော် ဘိုးဘိုးဖန်က သည်လို အကြံဉာဏ်ပေးပါတယ်။

“ချန်ရှီတို့ကျရှုံးတဲ့အထဲက သင်္ခန်းစာယူသင့်တယ်။ သူက သူ့ကိုယ်သူ တော်လှန်ရေးဖခင်ကြီးအဖြစ်နဲ့ပဲ စည်းရုံးသွားတာ မှားတယ်။ တကယ်လို့သာ သူ့ကိုယ်သူ ချူဘုရင်မင်းမြတ်အဖြစ် ဘိက်သိက်ခံလိုက်ရင် ချူတစ်နိုင်ငံလုံး သူ့ခေါင်းဆောင်မှုအောက်မှာ အလွယ်တကူ ပါလာမှာ မလွဲဘူး။ ဘာဖြစ်လို့ဆိုတော့ ချင်နိုင်ငံက သိမ်းပိုက်ခံလိုက်ရပြီးတဲ့နောက် ချူမင်းဆက်ပြတ်သွားတာကို ချူပြည်သူတွေအားလုံးက မခံမရပ်နိုင်ဖြစ်နေကြတယ်။ သူကသာ သူ့ကိုယ်သူ ချူမင်းဆက် ပြန်လည်ထူထောင်မယ် လို့ သတင်းလွှင့်လိုက်ရင် အဲဒါ သူပုန်ထတာ မဟုတ်ပဲ တိုင်းပြည်လွတ်လပ်ရေး တိုက်ပွဲဝင်တာ လို့ လူတွေက နားလည်သွားမယ်။ တဘောင်ပေါ်နေတာကလည်း ချူတစ်နိုင်ငံလုံး သုံးအိမ်ထောင်ပဲ ကျန်ရင်တောင် ချင်အင်ပါယာဟာ ချူမျိုးဆက်နဲ့သာ ပျက်ရစေ့မယ်တဲ့။ ခုချိန်မှာ တပ်မှူးတပ်သား တော်တော်များများက မင်းတို့ရှန်းအိမ်လက်အောက်ကို ခိုဝင်လာကြတဲ့အကြောင်းက ရှန်းအိမ်ဆိုတာ ချူမင်းဆက်ရဲ့ သစ္စာရှိ စစ်သူကြီးမျိုးရိုးမို့လို့ပဲ။ အဲဒီတပ်တွေအားလုံး မင်းတို့လက်အောက်မှာ တစည်းတလုံးတည်း ရှိနေစေချင် လွယ်လွယ်ကလေး။ ချူမင်းဆက် တစ်ယောက်ယောက်ကို နန်းတင်ပေးလိုက်။” လို့ အကြံပေးပါတယ်။ “တစ်နိုင်ငံလုံး သုံးအိမ်ထောင်ပဲကျန်တောင် အစေ့က အပင်ပေါက်ရင် တို့ဘုရင်ပြန်နန်းတက်မှာ မလွဲ” ဆိုတဲ့ စကားဟာ တရုတ်ပြည်ကို ဂျပန်တွေကျူးကျော်လာတုန်းက တော်တော်လေး ခေတ်စားလာခဲ့ပါတယ်။ ဗီယက်နမ်စစ်ပွဲမှာ ဟိုချီမင်းကြီးက တရုတ်ကနေ စစ်ကူတောင်းတဲ့အခါ အဲဒါကလေးကို တရုတ်လိုညွှန်းညွှန်းပြီးပြောတော့ တရုတ်တွေက သဘောကျပြီး သူလိုချင်တဲ့ စစ်ရေးအကူအညီတွေလည်း ရခဲ့သတဲ့။ (အရေးဆို တရုတ်ပြေးပြေးကပ်ကြတဲ့ တို့ဘိုးတို့ဘများလည်း အဲသလို ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောတတ်ကြမလားမသိ)။

credit to Dr Soe Min and it’s original owner Dr Yin Mar